အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
Chapter 35
ဒါပေမဲ့ စာမျက်နှာအဆုံးက နက္ခတ္တဗေဒကိန်းဂဏန်းတွေလို များပြားလှတဲ့ စျေးနှုန်းကို မြင်လိုက်ရတဲ့အခါမှာတော့ စုကျိုရဲ့နှလုံးခုန်သံတွေမြန်လာပြီး သွေးတွေ ဆူပွက်လာရတော့သည်။
ဒါဟာ စိတ်လှုပ်ရှားမှုပင်။
သူမဟာ ဘာမှမရှိတော့တဲ့ ကမ္ဘာပျက်ကပ်ဆိုးကြီးထဲကနေ လာခဲ့သူဖြစ်တာကြောင့် အာဟာရဖြည့်ရည်တစ်ပုလင်း ခိုးရတာတောင် ရတနာတစ်ပါးလိုတန်ဖိုးထားခဲ့ရသူပါ။ အခု ၉၉,၉၉၉,၉၉၉ ဆိုတဲ့ စျေးနှုန်းကြီးကို မြင်လိုက်ရတော့... သူ တစ်ခါမှမမြင်ဖူးခဲ့တဲ့ အရာမို့ မမက်မောဘဲမနေနိုင်တော့ချေ!
အထူးသဖြင့် ခန်းမထဲဝင်လာစဉ် သူမ ထိတွေ့ခဲ့တဲ့ ရွှေတိုင်ကြီးတွေ၊ ကျောက်စိမ်းအုတ်ချပ်တွေ၊ ပန်းပုတံခါးများနှင့် ကျောက်စိမ်းလှေကားတွေ... အဲဒါတွေကိုကူးယူပြီး သိုလှောင်ရုံထဲမှာ ပြန်ထုတ်ဖို့ရာ ခန့်မှန်းခြေစျေးနှုန်းမှာ ၁၀၀,၀၀၀ ဝန်းကျင်သာရှိသည်။
ကူးယူထားသည့် အတုများ၏တန်ဖိုးကပင် ၁,၀၀၀ ကျော်လောက်ပဲရှိမည်သာ။
ယခု ထိုကြယ်ငါးပွင့်အဆင့် သားရဲကြီး၏ကိုးလုံးပါသည့် စျေးနှုန်းအားကြည့်လိုက်ရာ သူမကို လက်ယပ်ခေါ်နေသည့် ရွှေတောင်ကြီးတစ်တောင်အား မြင်လိုက်ရသလိုပင်။
သူ အောင့်အည်းနိုင်ပါ့မလား?
ဘာကို ကြောက်နေရမှာလဲ?
သူ တစ်ခါ သေဖူးပြီးသားပဲဥစ္စာ!
အခုထပ်သေဖို့ကတော့... ဟုတ်ပါပြီ၊ အဆင်မပြေဘူးပေါ့၊ ဒါပေမဲ့ ကံစမ်းကြည့်ရင်တော့ သူ သူဌေးမကြီး ဖြစ်သွားနိုင် တာပဲ!
စုကျိုရဲ့ မျက်နှာအမူအရာဟာ အမျိုးမျိုးပြောင်းလဲနေပြီး အသက်ရှူသံတွေမြန်ဆန်လာသည်။ သူ့ စိတ်ထဲအပြင်းအထန် တိုက်ပွဲဖြစ်နေ၏။
ဒီအခွင့်အရေးကိုသာ လက်လွှတ်လိုက်ရင် လမ်းဘေးမှာ ဒီလိုရွှေတောင်ကြီးမျိုး နောက်တစ်ခါထပ်တွေ့နိုင်ပါဦးမလား? ဒါ ကိုးလုံးပါတဲ့ ဂဏန်းကြီးလေ!
သို့သော် စုကျို သွားကိုတင်းတင်းကြိတ်ပြီး စိတ်အလိုကို အမြန်ထိန်းချုပ်လိုက်ရသည်။ ဒီမိစ္ဆာကျွန်က အရမ်းကြမ်း ကြုတ်တယ်၊ သူနဲ့ ငြိမ်းချမ်းစွာ အတူနေနိုင်ပါ့မလားဆိုတာက မေးခွန်းထုတ်စရာပဲ။ ရတနာတွေ အများကြီး ရှိနိုင်ပေမဲ့ သူမမှာ ဒုတိယအကြိမ်အသက်ရှင်ဖို့ အခွင့်အရေး ရှိချင်မှ ရှိတော့မှာပါ။ အဲဒီ စုတ်ပြတ်သတ်နေတဲ့ ပထမထပ်မှာ ဆရာဝန်တောင်ရှိတာမဟုတ်ဘူး!
တကယ်လို့ သူသာ ဒုက္ခိတဖြစ်သွားရင်တော့ သွားပြီပဲ။
စုကျို သူ့ ရင်ဘတ်ကိုဖိထားပြီး အသည်းအသန်ခံစားနေရတဲ့ နှမြောစိတ်ကို အံကြိတ်အောင့်အည်းရင်း စကားလေးလုံး ကို ခက်ခဲစွာပြောလိုက်တော့သည် - “ဒါ... မဖြစ်ဘူး”
“ဟုတ်တယ်၊ ဒါ အရမ်းအန္တရာယ်များလွန်းတယ်”ဟု စုရှင်းချန်လည်း မျက်မှောင်ကြုတ်ပြီးပြောလာသည်။
ကြောင်နားရွက်မလေးကလည်း ငုံ့ကြည့်လိုက်ရင်း ထိတ်လန့်သွားပုံရသည်။ ဒီ ကြမ်းကြုတ်တဲ့သားရဲ ဟာ ဝါးပုရပိုက် စာရင်းထဲကို အခုလေးတင် အသစ်ထည့်လိုက်တာဆိုတာ ထင်ရှားနေသည်။ သူမရဲ့ မျက်နှာမှာ အမှားတစ်ခုခု လုပ်မိသွားသလိုမျိုး ပျာယာခတ်သွားတဲ့ အမူအရာပေါ်လာပြီး -“တောင်းပန်ပါတယ် ဧည့်သည်တော်၊ ဒါ ကျွန်မရဲ့ အမှားပါ”
“ဒီကြမ်းကြုတ်တဲ့ မိစ္ဆာကို အထပ် ၃၀ အောက်က သာမန်ကျင့်ကြံသူတွေအတွက် မညွှန်းပါဘူး၊ ဒါဟာ ရှင့်ရဲ့ ရွေးချယ်မှုအချိန်ကို ဖြုန်းတီးရာ ရောက်ပါတယ်၊ သူဟာ လွန်ခဲ့တဲ့ နှစ်ရက်ကမှ ဒီကို ရောက်လာတာပါ၊ ရာအိမ်မှူး ဒါမှမဟုတ် ထောင်အိမ်မှူးအဆင့်ရှိတဲ့ အဆင့်မြင့်ကျင့်ကြံသူတွေအတွက် ပြင်ဆင်ထားတဲ့ မိစ္ဆာကျွန်ဖြစ်ပါလိမ့်မယ်”
“ဒါပေမဲ့ သူတို့တွေက သေချာမရေးဘဲ ဒီထဲကို ရောထည့်လိုက်ပုံရတယ်ရှင်”
ကြောင်နားရွက်မလေးက ပြောပြောဆိုဆိုနဲ့ ဝါးပုရပိုက်ကို ပြန်သိမ်းဖို့ လုပ်လိုက်သည်။
စုကျိုက လက်လျှော့ဖို့ ပြင်ပြီးသားပါ။ ဒါပေမဲ့ ဒါကိုကြားလိုက်တဲ့အခါမှာတော့ သူ့ရဲ့ မွေးရာပါ လောဘစိတ်နဲ့ တန်တာကို အရယူချင်တဲ့စိတ်က ချက်ချင်းပြန်နိုးကြားလာတော့သည်။
သူမ ဦးနှောက်က မစဉ်းစားရသေးခင်မှာတင် သူ့လက်က ဝါးပုရပိုက်အားဖြန်းခနဲ ရိုက်ပြီး ဖိထားလိုက်မိပြီဖြစ်သည်။
“ရာအိမ်မှူးတွေအတွက် ဟုတ်လား? အဲ့ဒါဆို ငါ ဒီတစ်ယောက်ပဲ ယူမယ်”
စုကျီကျီနှင့် စုရှင်းချန်တို့ မှင်သက်သွားကြသည်။ ကြောင်နားရွက်မလေးလည်း အံ့ဩသွားရ၏။
“အပြစ်ရှိရင် ငါပဲ အကုန်ခံမယ်!” စုကျို ပြတ်ပြတ်သားသား ကြေညာလိုက်သည်။
စျေးပေါပေါနဲ့ တန်တာလေးတွေ တွေ့လိုက်ရတဲ့ အရသာကို ဘယ်သူ နားလည်နိုင်မှာလဲ! ကောင်းကင်ကြီးက သူ့ကို ဒါကို ယူခိုင်းနေတာပဲ!
ကြောင်နားရွက်မလေးရဲ့မျက်နှာအမူအရာ ပြောင်းသွားသည် - “... အင်း၊ ကျွန်မအတွက်ကတော့ ပြဿနာမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်မက လုပ်ထုံးလုပ်နည်းအတိုင်း လုပ်တာပဲလေ၊ ဒါက အဆင့်လတ် မိစ္ဆာကျွန် ကြီးကြပ်ရေးမှူးက အလုပ်လွှဲတာ သေချာမလုပ်လို့ မှားပါသွားတာဆိုတော့ တစ်ခုခုဖြစ်ရင် သူတို့ပဲ တာဝန်ယူရမှာပါ”
“ဒါပေမဲ့ သေချာစဉ်းစားပါဦးရှင်၊ တကယ်လို့ ဒုက္ခိတဖြစ်သွားရင်တော့ ကျွန်မတို့ဘက်က ဝိညာဉ်ကျောက်တုံး တစ်ပြားမှ လျော်ကြေးပေးမှာ မဟုတ်ပါဘူး”
“ရတယ်!”
စုကျို ထပ်ပြီးတွန့်ဆုတ်မနေချင်တော့ဘူး။ သူ့ စိတ်ထဲမှာ ကြိုတင်သိမြင်နေတယ်၊ တကယ်လို့ ဒီနေ့ ဒီ တန်လွန်းတဲ့ အရာကို လက်လွှတ်လိုက်ရင် သူ အနည်းဆုံး ဆယ်ရက်လောက်အိပ်ပျော်မှာ မဟုတ်တော့ဘူး။ ကိုးလုံးပါတဲ့ စျေးနှုန်း ရှိတဲ့ အရာကိုလက်လွှတ်လိုက်ရတဲ့ နောင်တက သူ့ကို ထမင်းမေ့ ဟင်းမေ့ဖြစ်သွားစေမှာ သေချာသည်။ အဲဒါက သူ့ ကျန်းမာရေးအတွက်လည်း မကောင်းဘူးလေ။
စုကျီကျီနှင့် စုရှင်းချန်တို့ စုကျိုအင်္ကျီလက်အား အသည်းအသန် ဆွဲနေကြသည် - “ကျဲ... အရမ်းအန္တရာယ်များတယ်၊ ဒုက္ခိတဖြစ်သွားရင် ဘယ်လိုလုပ်မလဲ...”
ကြောင်နားရွက်မလေးသည် မိစ္ဆာကျွန်လက်ခံခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအတွက် တာဝန်မယူ ကြောင်း သဘောတူညီချက်နှင့် မိစ္ဆာကျွန်ထံမှ အန္တရာယ်ပြုခံရနိုင်ခြေကို သိရှိကြောင်း ဝန်ခံချက်ပါတဲ့ ဝိညာဉ်စာချုပ်အား ခပ်မြန်မြန်ထုတ်ပေးလိုက်သည်။
“သေချာစဉ်းစားပြီးမှ လက်မှတ်ထိုးပါရှင်”
“စည်းကမ်းချက်တွေကို သေသေချာချာဖတ်ကြည့်ပါ၊ အဲဒီထဲမှာ ဒီကြယ်ငါးပွင့် မိစ္ဆာကြောင့် ဒုက္ခိတဖြစ်ခဲ့ရတဲ့ မှတ်တမ်းတွေလည်း ပါပါတယ်...”
စုကျိုနှင့် ကလေးနှစ်ယောက်တို့ စာချုပ်ကို ငုံ့ကြည့်လိုက်ကြသည်။
ဖတ်ပြီးသွားတဲ့အခါ ကလေးနှစ်ယောက်လုံးရဲ့မျက်နှာတွေဟာ ပိုပြီး ဖြူဖျော့သွားကြသည်။
ဝန်ခံကတိပြုလွှာထဲမှာ ကျင့်ကြံသူတွေရဲ့လက်ခြေတွေ ပြတ်တောက်နေတာ၊ ပုခုံးရိုးတွေ ကြေမွနေတာ စတဲ့ ကြောက်စရာကောင်းတဲ့ ပုံရိပ်တွေတောင် ပါနေသည်ကိုး။ ဒီကြမ်းကြုတ်တဲ့ သားရဲဟာ လူတွေရဲ့ လက်နဲ့ ခြေထောက်တွေကိုပဲ သီးသန့်ပစ်မှတ်ထားပြီး တိုက်ခိုက်တာလား ? တကယ် ယုတ်မာလိုက်တာ!
“ကျဲ... ဒါတော့ မဖြစ်ဘူးနော်”
ဒါပေမဲ့ အလောင်းကောင်တွေကြားမှာ ကျင်လည်ခဲ့ဖူးတဲ့ စုကျိုကတော့ အဲဒီဒဏ်ရာတွေကို မြင်လိုက်ရတဲ့အခါမှာတော့ သက်ပြင်းချနိုင်သွားသည်။ လက်ခြေတွေမှာရတဲ့ ဒဏ်ရာအများစုဟာ အသက်အန္တရာယ် မစိုးရိမ်ရတာကြောင့် ဒီသားရဲဟာ တကယ်တမ်းသတ်ဖြတ်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာကို သူမ ရိပ်မိလိုက်သည်။
သူက တကယ် ရက်စက်ကြမ်းကြုတ်တဲ့ သတ္တဝါမျိုးမဟုတ်ဘူးပေါ့။
သူ နောက်ပြန်လှည့်ပြီး သူ့ကို ဆွဲထားတဲ့ ကလေးနှစ်ယောက်ကို လေသံတိုးတိုးနဲ့ နှစ်သိမ့်လိုက်သည် - “မကြောက်ကြနဲ့၊ အဆိုးဆုံးဖြစ်လာရင်တောင် ကျဲ ကိုယ့်ကိုကိုယ် အရင် ကူးထားလိုက်မယ်လေ၊ နောက်မှ ခြေတုလက်တုတွေ ပြန်တပ်လို့ရတာပဲ၊ လွယ်လွယ်လေးပါ”
စုရှင်းချန်နဲ့ စုကျီကျီ : “?”
စုကျိုကတော့ အန္တရာယ်ဟာ ရုတ်တရက် လျော့နည်းသွားသလို ခံစားလိုက်ရသည် - “တကယ်လို့ အဲဒါက အလုပ် မဖြစ်ရင်လည်း ချန်ကျိုးရဲ့ခြေထောက်တွေကိုပဲ ယူတပ်လိုက်မယ်၊ ရုပ်တော့ နည်းနည်းဆိုးမယ်၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ နောက်မှ တခြားကောင်တွေနဲ့တွေ့ရင် သူတို့ရဲ့ခြေလက်တွေကို အစားထိုးသုံးတာပေါ့”
သူမ ချက်ချင်းဆိုသလိုကြောက်စိတ်တွေ ပျောက်ကွယ်သွားသည်။ ကျင့်ကြံခြင်းလောကမှာ ရင်ဘတ်၊ ဝမ်းဗိုက်၊ ဒန်တျန်နဲ့ အခြေခံအုတ်မြစ်တွေ ထိခိုက်တာကမှ တကယ့်ခေါင်းခဲစရာပင်။ ခြေလက် ဒဏ်ရာရတာကမူ ကိစ္စသေးသေးလေးပင်!
ကျူးပိုင်ယွီရဲ့မြေစေးရုပ်တုတစ်ဝက်မှာတောင် လက်မောင်း ၁၈ ချောင်း ရှိတာပဲ။ အဲဒါတွေကို ပြုပြင်ပြီး သုံးလို့ရတာပဲလေ။
“ငါတို့မှာ တခြားဟာတွေ မရှိပေမဲ့ ခြေလက်တွေကတော့ အပေါကြီးပါ!”
“လုပ်ခိုင်းလိုက်စမ်း၊ သူ့ကို တိုက်ခိုက်ခိုင်းလိုက်စမ်း!”
“!”
စုကျို လက်ယမ်းပြလိုက်ပြီး ဝန်ခံကတိပြုလွှာပေါ်မှာ သူ့နာမည်ကို အားရပါးရလက်မှတ်ထိုးလိုက်ပါတော့သည်။
“ခဏစောင့်ပါဦးရှင်”
ထို့နောက် ကြောင်နားရွက်မလေးက လှည့်ထွက်သွားပြီး စုကျိုရဲ့ သိုလှောင်အိတ်ထက် သုံးဆလောက် ပိုကြီးသည်ဘ ရွှေချည်ထိုး မုန်ညင်းစေ့အိတ်တစ်လုံးထုတ်ပေးလာသည် - “ဒါကတော့ တစ်နှစ်စာ မိစ္ဆာယဉ်ပါးဆေးတွေ၊ ထုံဆေးမှုန့်တွေနဲ့ မိစ္ဆာယဉ်ပါးနှင်တံ အပါအဝင် အပြစ်ပေးတဲ့ ဝိညာဉ်လက်နက် ၁၂ မျိုးပါ၊ ဒါတွေက ကြယ်ငါးပွင့် မိစ္ဆာကျွန်ကို ဝယ်ယူတဲ့အတွက် လက်ဆောင်အနေနဲ့ ပေးတာပါရှင်”
စုကျို တတိယအဆင့်ရှိသည့် မုန်ညင်းစေ့အိတ်ကို လှမ်းယူပြီး အတွင်းထဲတစ်ချက်ကြည့်လိုက်ချိန် သစ်သားအိမ်တစ် လုံးစာလောက် ကျယ်ဝန်းသည့်အခန်းထဲ ဝိညာဉ်ရတနာတွေ ဆေးလုံးနှင့်အပြည့်ရှိနေသည်ကိုတွေ့လိုက်ရသည်။ ဒီလက်ဆောင်တွေရဲ့တန်ဖိုးက သူ ဝတ်ထားတဲ့ အဝတ်အ စားတစ်စုံလုံးထက်ပင် ပိုတန်ဖိုးကြီးနေသေးသည်။
တောက်... တကယ့် အမြတ်ကြီးပဲ။
မိစ္ဆာကျွန်ဂေဟာ၏ မြေအောက်ခန်းတွင်
ကိုယ့်ကိုကိုယ် ကူးယူထားပေမဲ့ စာခြောက်ရုပ် ၉ ရုပ်သာရထားသည့် စုကျိုသည် သူ့ရဲ့မောင်နှမနှစ်ယောက်အား ဦးဆောင်ပြီး ကြောင်မိစ္ဆာမလေးနောက်ကနေ မြေအောက်ထောင်၏ အနက်ရှိုင်းဆုံးနေရာသို့ လိုက်လာခဲ့သည်။
“သူက အောက်ဆုံးထပ်မှာ ရှိတာ၊ ကျွန်မ အထဲအထိတော့ မလိုက်လာတော့ဘူးနော်”
“တံခါးကိုကိုယ်တိုင်ဖွင့်ပြီး သူ့ကို ခေါ်ထုတ်သွားပါ၊ ပြီးရင် မိစ္ဆာကျွန်မွေးမြူခွင့် လက်မှတ်ထုတ်ပေးတဲ့ အဆောင်ကို တိုက်ရိုက်တယ်လီပို့လုပ်ပြီး သွားလိုက်ပါ၊ လက်မှတ်ရပြီဆိုရင်တော့ ထွက်သွားလို့ရပါပြီရှင်”
လမ်းပြပေးတဲ့ ကြောင်နားရွက်မလေးဟာ မှောင်မည်းစိုထိုင်းပြီး သွေးညှီနံ့တွေနံစော်နေသည့် ကျောက်လှေကားထိပ်မှာတင် ရပ်လိုက်ပြီး ထိတ်လန့်နေသည့် အမူအရာနှင့် ဆက်မသွားရဲတော့ချေ။ စုကျို အနောက်ရှိ စုကျီကျီလည်း သူ့ ဒုတိယအစ်ကို စုရှင်းချန်အားတုန်တုန်ရင်ရင်နှင့် တွယ် ကပ်နေသည်။
“ဘာကို ကြောက်နေကြတာလဲ ?”
စုကျို လှည့်ကြည့်လိုက်ချိန်မှာ ငုံးလေးတွေလို တုန်နေသည့်ကလေးနှစ်ယောက်ကိုမြင်ပြီး အတော်လေး စိတ်ပျက်သွားသည်။ သူမ အရင်ဘဝက ဇမ်ဘီမြို့ထဲ ဝင်တုန်းကလည်း... ကြောက်တော့ ကြောက်ခဲ့တာပေါ့၊ ဒါပေမဲ့ အထဲရောက်သွားရင်တော့ ဘာမှ ကြောက်မနေတော့ဘူး! သေရင် သူသေ ဒါမှမဟုတ် ကိုယ်သေပဲလေ! ဘာကို ကြောက်နေရဦးမှာလဲ ?
“ဟိုးအရင်တုန်းက ကျဲရဲ့အခြေအနေက တကယ်ဆိုးရွားခဲ့တာ၊ အကာအကွယ်ပစ္စည်းတွေလည်း ဘာတစ်ခုမှ မရှိဘဲနဲ့ အဲဒီကောင်ကြီးတွေကို ရင်ဆိုင်ရတုန်းကတကယ်ကို ကြောက်ခဲ့ရတာ”
စုကျို အတိတ်ကို ပြန်တွေးရင်း တုန်လှုပ်နေတဲ့ ကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် သူ လက်တစ်ဝါးစာလောက်ရှိသည့် ရွှေအုတ်ခဲ ဝိညာဉ်ရတနာ ၁၈ ခုကို ထုတ်လိုက်ပါတော့သည်!
“အခု... နင်တို့ရဲ့ အခြေအနေကို ကြည့်ဦး၊ တစ်ယောက်ကို အကာအကွယ်အင်္ကျီ ၆ ချပ်စီတောင် ရှိနေတာပဲ၊ ဘာကို ကြောက်နေရဦးမှာလဲ!”
စုကျီကျီ : “!”
စုရှင်းချန် : “?"
ငါတို့မိသားစုမှာ ဘယ်တုန်းက အကာအကွယ်အင်္ကျီတွေ ထပ်ရှိသွားတာလဲ !
သူတို့တွေ သူမလက်ထဲကြည့်လိုက်တဲ့အခါ ရွှေရောင်နှင့် ကျောက်စိမ်းရောင်တွေ တောက်ပနေပြီး ပထမအဆင့် ဝိညာဉ်လက်နက်၏ အလင်းတန်းတွေ ထွက်ပေါ်နေသည့် ထူထဲသော အကာအကွယ်ပြားများအား တွေ့လိုက်ရသည်။
ဒါကို မြင်ဖူးသလိုလိုပဲ!
မိစ္ဆာကျွန်ဂေဟာ၏ ခန်းမဆောင်ထဲဝင်ချိန်တုန်းက နင်းခဲ့သည့် ကျောက်စိမ်းအုတ်ချပ်များနှင့် အတော်လေး တူနေခြင်းပင်။
“ဟုတ်တယ်လေ၊ အဲဒါတွေပေါ့”
“...”
“ရော့၊ တစ်ယောက်ကို ၆ ချပ်စီ၊ နင်တို့ရဲ့အသက်အန္တရာယ်ရှိနိုင်တဲ့ နေရာတွေမှာ သေချာပတ်ထားကြ”
စုကျိုက ၎င်းတို့ကို [ မိစ္ဆာကျွန်ဂေဟာ အကာအကွယ် ကျောက်စိမ်းအုတ် ကူးယူထားသောအရာ (ပထမအဆင့်) ] ၆ ချပ်စီ ဝေပေးလိုက်သည်။
စုကျီကျီနှင့် စုရှင်းချန်တို့မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီးမှ ပြန်ပိတ်လိုက်ကြသည်။ စုကျို ပစ္စည်းများကို သူတို့ထံလှမ်းပစ်ပေးကာ သူကိုယ်တိုင်လည်း သေသေချာချာ ပတ်ထားလိုက်သည်။
"သွားကြစို့!"
မိစ္ဆာကျွန်ဂေဟာ၊ မြေအောက်ထောင်၏အနက်ရှိုင်းဆုံးနေရာတွင်
ချန်ယွမ်သည် သူ့အား အစာကျွေးရန် ထောင်ထဲသို့လာရဲသည့် မိစ္ဆာကျွန်နန်းတော် အစောင့်နှစ်ယောက်ထံ အေးစက်စွာစိုက်ကြည့်နေသည်။ အစောင့်များမှာ သုံးလံခန့်ရှည်သော ဝါးလုံးထိပ်တွင် မိုးကြိုးအဆောင် ၉ ခုကိုချိတ်ဆွဲထားကြသည်။ သူ့ မျက်နှာမှာ မည်သည့်ခံစားချက်မှမရှိပေ။
မိုးကြိုးအဆောင် ၉ ခုမှာ ပူပြင်းလောင်မြိုက်နေပြီး သူ၏ စုတ်ပြတ်သတ်ကာ သွေးစွန်းနေသောခန္ဓာကိုယ်အားလောင်ကျွမ်းစေသည်။ 'တဖြန်းဖြန်း' မြည်သံနှင့်အတူ လျှပ်စီးများ လက်ခနဲဖြစ်သွားပြီး မြွေငယ်လေး ၉ ကောင်ပမာ သူ့လက်မောင်း၊ ခြေထောက်နှင့် ကလီစာများထဲသို့ တိုးဝင်ကာ အရေပြားကိုဖောက်ထွက်၊ အရိုးကိုမြင်ရသည်အထိ ဒဏ်ရာရစေပြီးမှ အတွင်းထဲသို့ ထပ်မံထိုးဖောက်ဝင်ရောက်သွားကြသည်။ သူ့ ခန္ဓာကိုယ်အတွင်း၌ ပူလောင်စူးရှသော နာကျင်မှုတို့ကိုခံစားနေရသည်။
သို့သော် ချန်ယွမ်သည် နံရံကိုမှီပြီးကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်စွာထိုင်နေဆဲပင်။ ထိုမိုးကြိုးအဆောင်များမှာ တခြားတစ်ယောက်အား အပြစ်ပေးနေသလိုမျိုး သူကမူ တည်ငြိမ်နေ၏။
"သူ မေ့သွားပြီထင်တယ်၊ ဟုတ်တယ်မလား ? ဒီတစ်ခါ မိုးကြိုးအရှိန်က လွန်ခဲ့တဲ့ သုံးရက်ကထက်တောင် ပိုပြင်းသေးတယ်"
"သူ အစာငတ်နေတာသုံးရက်ရှိပြီဆိုတော့ တော်တော်လေး အားနည်းနေလောက်ပြီ"
"ငါတို့ အထဲဝင်မလား ?"
"မင်း အရင်ဝင်လေ"
"မဟုတ်ဘူး... မင်း အရင်ဝင်"
အစောင့်နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် တွန်း ထိုးနေကြပြီးမှ နောက်ဆုံးတွင် အတူတူဝင်သွားကြသည်။ တစ်ယောက်သည် ဒိုင်းအားကိုင်ထားပြီး ကျန်တစ်ယောက်က သံခွကိုကိုင်ထားသည်။
ဝိညာဉ်အဆောင်များကပ်ထားသော သံလှောင်အိမ်နက်ကြီးကိုဖြတ်ပြီး ၎င်းတို့သည် သံခွရှိ ဆူးချွန်များဖြင့် လှောင်အိမ်၏အရိပ်ထဲတွင် ငြိမ်သက်နေသော ချန်ယွမ့ ခန္ဓာကိုယ်အားထိုးစိုက်လိုက်ကြသည်။ ၎င်းတို့ သံခွကိုပြန်ဆွဲထုတ်လိုက်သည့်အခါ သွေးစများနှင့် အသားစများ ပါလာတော့သည်။
"သူ တကယ်ကြီး မေ့လဲသွားတာပဲ!"
"ကောင်းလိုက်တာ!"
"အစာတွေကို ဒီအတိုင်းပဲ ပစ်ထည့်လိုက်တော့၊ မနက်ဖြန်ကျရင် 'ယဉ်ပါးဆေး' သုံးလုံး တိုက်ရမယ်!"
အစောင့်နှစ်ယောက်မှာ သွေးစွန်းနေသောသံခွအား ဘေးချလိုက်ပြီး လက်ကွက်ဖော်ကာ လှောင်အိမ်တံခါးကိုဖွင့်လိုက်ကြသည်။ သို့သော် ၎င်းတို့ လှည့်ထွက်မည်အပြုတွင် မြေအောက်ထောင်တစ်ခုလုံး ဟိန်းထွက်သွားစေမည့် စူးရှလှသော အော်ဟစ်သံနှစ်ခုထွက်ပေါ်လာတော့သည်။
"အားးးး!"
လှေကားထစ်များအတိုင်းဆင်းလာသော စုကျိုတို့ မောင် နှမမှာ ရုတ်တရက်ထွက်ပေါ်လာသော အော်သံကြောင့် ခြေလှမ်းများ တန့်သွားကြရသည်။ စုကျို မျက်နှာအမူအ ရာ ချက်ချင်းပြောင်းလဲသွား၏။ သူမ အရှိန်မြှင့်ကာလှေ ကားထစ်များအတိုင်းပြေးဆင်းသွားပြီး ထောင်ခန်း၏ အောက်ဆုံးအထိ အပြေးအလွှားသွားလိုက်တော့သည်!
သူ မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ အမှန်ပင်တုန်လှုပ်စရာကောင်းလှသည်။
အဆုံးရှိရွှေရောင်လှောင်အိမ်ကြီးထဲတွင် သူ ရိပ်မိလိုက်သော အရိပ်တစ်ခုသည် နံရံကိုမှီကာထိုင်နေသည်။ သူ့ ခန္ဓာကိုယ်တွင် သံခြေကျင်း၊ သံလက်ထိပ် ၁၂ ခု ခတ်ထားပြီး နံရံထဲအထိ ထိုးဖောက်ချိတ်ဆက်ထားသည်။ သူ့ တစ်ကိုယ်လုံးတွင် လျှပ်စီးမြွေများလက်နေသော ဝါကျင့်ကျင့် မိုးကြိုးအဆောင် ၉ ခု ကပ်ထား၏။ လက်မောင်းနှစ်ဖက်စလုံးအား သံခွနှစ်ခုဖြင့်ထိုးစိုက်ခံထားရသည်။
သို့သော် ထိုအရိပ်မှာ မည်သည့်အသံမှမထွက်ပေ။ စူးစူးရှရှအော်ဟစ်နေကြသူများမှာ သူ့ လက်ချောင်းများကြား တွင် ပုခုံးများညပ်နေသော အစောင့်နှစ်ယောက်ပင်။
စုကျို မျက်ခုံးများ လှုပ်ခတ်သွားသည်။ ထို့နောက် သူ အရိပ်ထဲကလူ မော့ကြည့်လိုက်သော မျက်နှာနှင့် ဆုံလိုက်ရသည်— ၎င်းမှာ ကြောက်မက်ဖွယ် အစွယ်များပါသော ကြေးဝါမျက်နှာဖုံးနောက်က မျက်နှာပင်။ အကွာအဝေးက ဝေးလွန်းသဖြင့် သေချာမမြင်ရသော်လည်း၊ မီတာတစ်ဆယ်ခန့်အကွာမှပင် ထိုကြမ်းကြုတ်သော သားရဲ၏ အကြည့်တို့မှာ သူမအား ထိုးဖောက်ဝင်ရောက်လုမတတ်ပြင်းထန်လှသည်။
ဇွန်ဘီများအားတိုက်ခိုက်ခဲ့သော သူ့အသိစိတ်က ဤသတ္တဝါသည် သူမအား အနားမကပ်ရန် သတိပေးနေခြင်းဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။ စုကျို မျက်မှောင် ကြုတ်လိုက်မိသည်။ အခြေအနေကမူ သူ ထင်ထားသည်ထက်ပိုရှုပ်ထွေးနေသည်။
ခေတ္တမျှ စုကျိုစိတ်ထဲ မေးခွန်းများစွာ ရှိနေသော်လည်း၊ ရင်းမြစ်များနှင့် ရတနာများကိုလုယူလေ့ရှိသော သူ့ လက်သီးများကမူ ဦးနှောက်ထက်ပိုမြန်နေသည်!
"တောက်!"
"ငါ့ရဲ့ ရတနာတွေကိုထိဖို့ ဘယ်သူက ခွင့်ပြုလိုက်လို့လဲ!"
စုကျို အပြေးအလွှားသွားလိုက်ပြီး သူ့ လက်ချောင်းများကြားတွင် ပုခုံးများညပ်နေသော အစောင့်နှစ်ယောက်ကို ဘုန်းခနဲ ဆွဲထုတ်လိုက်သည်။ သူတို့ ခန္ဓာကိုယ်မှ မိုးကြိုးအဆောင်၊ ထုံဆေးအဆောင်၊ ရင်ကွဲအပ်နှင့် လက်ညှစ် အစရှိသည့် အပြစ်ပေးသည့် ကိရိယာများစွာပြုတ်ကျလာသည်ကို သူမ တွေ့လိုက်ရသည်။ သွေးစွန်းနေသော သံခွနှစ်ခုပေါ်ရှိသွေးများသည် ၎င်းတို့ကိုယ်ပေါ်မှ သွေးများထက်ပင် ပိုပြီးခဲနေပြီဖြစ်သည်။
အလောင်းကောင်တွေကြား ကျင်လည်ခဲ့ဖူးသူပီပီ ဘယ်သူအရင်စတိုက်ခိုက်ခဲ့တာလဲဆိုသည်အား သူ တစ်ချက်ကြည့်ရုံနှင့် တန်းသိလိုက်သည်။
သူ ဝိညာဉ်ကျောက်တုံး သန်းတစ်ရာနီးပါးပေးရမည့် တန်ဖိုးမဖြတ်နိုင်သောမိစ္ဆာအား သူ အလကားရယူဖို့လုပ်နေချိန်မှာ... သူ့ လက်ထဲ မရောက်ခင်မှာတင် အနာအဆာတွေ ဖြစ်ကုန်ပြီတဲ့လား ?
"သူက ငါ့လူ ဖြစ်သွားပြီ" ဟု စုကျိုက အေးစက်စွာပြောလိုက်သည်။
"တကယ်လို့ အပြစ်ပေးရမယ်ဆိုရင် ငါပဲ ပေးရမယ်”
"နင်တို့ ဒီနေ့ရတဲ့ ဒဏ်ရာတွေအတွက် ဆေးဖိုးကို ငါပေးမယ်”
"ဒါပေမဲ့ နင်တို့လည်း သူ့ကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့အတွက် သူ့ကို ဆေးဖိုးပြန်ပေးရမယ်!"
စုကျို သွေးတိတ်စေရန် အစောင့်နှစ်ယောက်ထံသို့ ချီဝိညာဉ်စွမ်းအားမြှင့်ဆေးနှစ်လုံး လှမ်းပစ်ပေးလိုက်သည်။
အရိပ်ထဲမှာရှိနေသည့် သားရဲတစ်ကောင်လို အန္တရာယ်ရှိတဲ့ပုံရိပ်အား သူ လှည့်ကြည့်လိုက်သည်။ ပြန်မရုပ်သိမ်းရသေးသော သူ့ရှည်လျားပြီး တောက်ပြောင်နေသည့် လက် သည်းဖျားတွေကိုလည်း သူမ မြင်လိုက်ရသည်။
သူမ တစ်စက္ကန့်လောက် တုံ့ဆိုင်းသွား၏။
ထို့နောက် သူ ချန်ကျိုး၏သစ်သားခြေထောက်အပိုင်းအစတစ်ခုအားထုတ်လိုက်ပြီး သူ့ရဲ့ထက်မြသည့်လက်သည်း တွေကြားထဲကို အံဝင်ခွင်ကျ ထိုးထည့်ပေးလိုက်သည်။
“ဒါလေးကိုပဲ ကစားနေစမ်းပါ၊ လူတွေကို လျှောက်မကုတ်နဲ့...”
ဖျောက်!
နောက်တစ်စက္ကန့်မှာပင် ချန်ကျိုး၏သစ်သားခြေထောက်ဟာ ငါးပိုင်းလောက် တိတိပပကျိုးကြေသွားတော့သည်။
သစ်သားစတွေ မြေပြင်ပေါ် ပြုတ်ကျသွားသည်နှင့် အမျှ သူမ စကားတွေလည်း ရပ်တန့်သွားရသည်။
အရိပ်ထဲမှ ထွက်ပေါ်လာသည့် စူးရှသောအကြည့်များထဲ ရန်လိုမှုများဖြင့်ပြည့်နှက်နေပြီး သူမ ခန္ဓာကိုယ်အား ထိုးဖောက်ဝင်ရောက်မတတ် ခြိမ်းခြောက်နေတော့သည်။
သို့တိုင်စုကျိုကမူ သွားတွေ တကျိကျိဖြစ်လာသလိုခံစားလိုက်ရသည်!
ဒီသစ်သားခြေထောက်က ဝိညာဉ်ကျောက်တုံး ၆၉၉ တုံး တန်တာလေ! တစ်စက္ကန့်အတွင်းမှာပဲ မရှိတော့ဘူး! ပြန်ကပ်လို့တောင် မရတော့အောင်ကို ကြေမွသွားတာ!
ချန်ယွမ်သည် သူ့ရှေ့မှာရှိနေသည့် လက်မောင်းကပင် သစ်သားခြေထောက်လောက်မတုတ်သည့် ပိန်ပါးပါး မိန်းမထံ မထီမဲ့မြင်အကြည့်ထြင့် မော့ကြည့်လိုက်သည်။
ထွက်သွားစမ်း~ !
၎င်း၏မြစိမ်းရောင်မျက်လုံးများသည် တိတ်ဆိတ်ပြီး ထက်ရှသော တိုက်ခိုက်မှုများအားပြုလုပ်နေသည်။
သို့သော် ထိုအချိန်မှာပဲ 'ဖြန်း'ခနဲ အသံနှင့်အတူ သူ့ခေါင်းသည် နွေးထွေးသော လက်တစ်ဖက်ထံမှ ဖိနှိပ်ခြင်းအား အခိုင်အမာ ခံလိုက်ရပါတော့သည်!
ချန်ယွမ်၏ဖရိုဖရဲဖြစ်နေသော အနက်ရောင်ဆံပင်များပင်ထောင်ထသွားရသည်။
နွေးထွေးသောလက်မှာ ဖယ်ခွာမသွားဘဲ သူ့ခေါင်းအား အသာအယာ ပွတ်သပ်ပေးနေသည်။ ထို့ပြင် အားနှင့် တစ်ချက်ထပ်ပုတ်လိုက်ပြန်တယ်!
ချန်ယွမ်၏စူးရှသည့် အကြည့်များမှာ ခေတ္တမျှဝေဝါးသွားရတော့သည်။
စုကျိုသည် ယားယံနေသော အံသွားများကိုတင်းတင်းကြိတ်ထားပြီး လက်သီးမှာလည်း တယားယားဖြစ်နေ သည်။ သို့သော် ဝိညာဉ်ကျောက်တုံး ၉၉,၉၉၉,၉၉၉ ကို သတိရသွားသောကြောင့် သူ့ခေါင်းအား ထိုးမည့်လက်ကို အတင်းအဓမ္မထိန်းချုပ်ကာ ဆုပ်ကိုင်လိုက်ရုံသာပြုလုပ်လိုက်တော့သည်။ သူမ သွားများကို တကျိကျိကြိတ်လိုက်ရင်း ကိုယ်ကိုကိုင်းကာ သူ့နားရွက်နား သူ့နားနားသို့ကပ်လိုက်ပါတော့သည်။
“... အိမ်ကို ရောက်ရင်တော့...”
“နင် တစ်နေ့ကို ခြေထောက်တစ်ဖက်ထက် ပိုမချိုးမိစေနဲ့”
“နင် အဲ့ဒါကို သိတယ်ဟုတ် ?”
Chapter 36
[စစ်ဆေးတွေ့ရှိချက် - မဟာမိစ္ဆာ ချန်ယွမ် (ကျင့်ကြံမှုအဆင့် ??? ခန္ဓာကိုယ်ကြံ့ခိုင်မှု ???)]
[ခန့်မှန်းတန်ဖိုး - ???]
[ချန်ယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ရေးစူးစမ်းမှုကို ပိတ်ပင်ထားသော ‘နတ်ဘုရားချုပ်နှောင်စူး’ မိစ္ဆာလက်နက်ကို စစ်ဆေးတွေ့ရှိသည်၊ ခန့်မှန်းတန်ဖိုး ???]
[လောလောဆယ်တွင် ထိုလက်နက်ကို ကူးယူရန် မစွမ်းသာသေးပါ။]
[လောလောဆယ်တွင် လက်နက်နှင့် တစ်သားတည်းဖြစ်နေသော မဟာမိစ္ဆာ၏ခန္ဓာကိုယ်ကို ကူးယူရန် မစွမ်းသာသေး ပါ။]
[ချန်ယွမ် ဝတ်ဆင်ထားသော ‘မဟာမိစ္ဆာ သွေးဝတ်ရုံ’ ကို စစ်ဆေးတွေ့ရှိသည်၊ ခန့်မှန်းတန်ဖိုး ၉၉၉၉ ဝိညာဉ်ကျောက်တုံး။]
[ချန်ယွမ်၏ ခန္ဓာကိုယ်ပေါ်ရှိ ‘တတိယအဆင့် ရင်ကွဲသော့ ခတ်ခြင်း’ ကို စစ်ဆေးတွေ့ရှိသည်၊ ခန့်မှန်းတန်ဖိုး ၈၈၈၈၈ ဝိညာဉ်ကျောက်တုံး။]
...
မိစ္ဆာကျွန်မွေးမြူခွင့် လက်မှတ်ထုတ်ပေးရေးရုံး
စုကျိုသည် သိုလှောင်ရုံကတ်တလောက်ကို လှန်လှောကြည့်ရင်း မဟာမိစ္ဆာ၏တန်ဖိုးကို အံ့ဩနေစဉ်၊ သားရဲနားရွက်နှင့် စာရေးမလေးထံမှ ‘မိစ္ဆာထိန်းချုပ်ခြင်း’ ဟု ရေးထိုးထားသော သားရဲခေါင်းပုံသဏ္ဍာန် သံတံဆိပ်ပြားကိုလှမ်းယူလိုက်သည်။
သူမသည် အစောင့်နှစ်ယောက်ကို ကုသစရိတ်အဖြစ် ဝိညာဉ်ကျောက်တုံး ၅၀၀ ပေးခဲ့ရသော်လည်း၊ အကျိုးအ ကြောင်းပြပြောဆိုကာ မိစ္ဆာကျွန်ဂေဟာထံမှ ချန်ယွမ်၏ ဒဏ်ရာများအတွက် ဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံး ၃၀၀ ကို ပြန်လည်တောင်းခံနိုင်ခဲ့သည်။
အပြန်အလှန် တွက်ချက်ကြည့်လိုက်လျှင် အရှုံးအမြတ် သိပ်မရှိလှပေ။ စုကျို စိတ်သက်သာရာရသွားပြီး တံဆိပ်ပြားကို ခါးတွင်ချိတ်ထားသော တတိယအဆင့်မုန်ညင်း စေ့အိတ်ထဲသို့ ထည့်လိုက်သည်။
“ကျေးဇူးပဲ”
သူမသည် အငြင်းပွားမှုကို ဖြေရှင်းပေးခဲ့သော ကြောင်နားရွက်နှင့် ကောင်လေးကို နှုတ်ဆက်ကာ အနောက်သို့ လှည့်ကြည့်လိုက်သည်။ လူဆယ်ယောက်စာ ဆံ့သော ကျယ်ဝန်းလှသည့် ကျောက်စိမ်းခန်းမထဲတွင် စုကျီကျီနှင့် စုရှင်းချန်တို့ကမူ သူမ အနားကပ်နေကြသည်။
သို့သော် သူမ မွေးစားလိုက်သော ကြမ်းကြုတ်သည့် မိစ္ဆာကိုမူ မည်သည့်နေရာတွင်မှမတွေ့ရပေ။ စုကျို မွေးစားခွင့်တံဆိပ်ကို ငုံ့ကြည့်လိုက်ရာ ချန်ယွမ်ရှိနေကြောင်းပြသသည့် အနီရောင်အစက်ကလေးမှာလည်း ဤအခန်းထဲမှာပင် ရှိနေသည်။ သူ အိမ်ခေါင်မိုးတန်းပေါ်က အမှောင်ရိပ်ကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် လျစ်လျူရှုလိုက်သည်။
ကမ္ဘာပျက်ကပ်ဆိုးကြီးထဲတွင် ဇွန်ဘီအများစုသည် အသိ စိတ်ပျောက်ဆုံးနေသော်လည်း သူတို့ သက်ရှိထင်ရှားရှိစဉ်က နှစ်သက်သော၊ သက်သောင့်သက်သာအရှိဆုံးနေရာများတွင် ခိုအောင်းနေတတ်ကြသည်။ လူတိုင်းမှာ ကိုယ်ပိုင် အဆင်ပြေရာ နေရာရှိကြသည်မဟုတ်ပါလား ? သူ့လမ်းကို လာမပိတ်သရွေ့ သူ ဂုဏ်မစိုက်ပါ။
“ကျင့်ကြံသူ စုကျို... သစ္စာရှိမှုကို အာမခံပေးမယ့် ဝိညာဉ်ကျောက်တုံး ၁၉၉၉ တန် အထူးပက်ကေ့ချ်ကို တကယ်ပဲ ဝယ်မထားဘူးလားရှင် ?”
“တစ်နှစ်အတွင်းမှာ သစ္စာပျက်တာ ဒါမှမဟုတ် နာခံမှုမရှိတာမျိုး ဖြစ်ခဲ့ရင် မိစ္ဆာကျွန်ဂေဟာကို ပြန်ပို့ပြီး လေ့ကျင့်ပေးလို့ရပါတယ်ရှင်”
“နှင်တံနဲ့ရိုက်တာ၊ မိုးကြိုးနဲ့ အပြစ်ပေးတာတွေကို ကျွန်မတို့ဘက်က တာဝန်ယူပေးမှာပါ”
“ဒါတင်မကသေးဘူး၊ အပြစ်ပေးနေတဲ့အချိန်မှာ ရှင့်ရဲ့ မိစ္ဆာကျွန် ဒဏ်ရာရသွားရင်လည်း ကျွန်မတို့ပဲ ဆေးကုပေးမှာပါ”
“ဒီလောက် ဝန်ဆောင်မှုအများကြီးကို ဝိညာဉ်ကျောက်တုံး ၁၀၀၀ တည်းနဲ့ ရမှာနော်”
“တကယ်လို့ ၄၉၉၉ ပေးရင်တော့ အာမခံသက်တမ်းကို သုံးနှစ်အထိ တိုးပေးပါမယ်”
Screen အာမခံလိုမျိုးပါလား... စျေးကြီးလိုက်တာ
စုကျို ချက်ချင်းငြင်းဆန်လိုက်သည် - “မလိုပါဘူး”
အိမ်ခေါင်မိုးတန်းပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသော ချန်ယွမ်က ရှုပ်ထွေးသော ခံစားချက်များဖြင့် သူမကို အေးစက်စွာ ငုံ့ကြည့်နေသည်။
‘ငါ နင့်ကို ရွေးချယ်ခွင့်ပေးမယ် - ငါနဲ့ လိုက်ခဲ့ပြီး ခေတ္တလွတ်လပ်ခွင့် ယူမလား၊ ဒါမှမဟုတ် ဒီမှာပဲနေပြီး တစ်နေ့ကျရင် အသိစိတ်တွေရော အသက်ပါ ဆုံးရှုံးခံလား’
‘ငါနဲ့ လိုက်မယ်ဆိုရင် ငါ့မှာ သတ်မှတ်ချက် သုံးခုရှိတယ်။’
‘ပထမအချက် - ဘယ်သူ့ကိုမှ အရင် ရန်မစနဲ့၊ ဒါပေမဲ့ တစ်ယောက်ယောက်က နင့်ကို ထိခိုက်အောင်လုပ်ရင်၊ နှိပ်စက်ရင် ဒါမှမဟုတ် မတရားလုပ်ရင်တော့ နင် ကြိုက်သလိုပြန်လုပ်နိုင်တယ်၊ လျော်ကြေးအများကြီး ပေးရမယ့် အခြေအနေမျိုး မဟုတ်ရင် ငါ ဝင်မတားဘူး’
‘ဒုတိယအချက် - ပြစ်မှုတွေ မကျူးလွန်ပါနဲ့၊ လောကရဲ့ စည်းမျဉ်းတွေကို လိုက်နာပါ၊ ငါက ငါ့ကိုယ် ငါ ဒုက္ခရှာဖို့ နင့်ကို ခေါ်လာတာ မဟုတ်ဘူး’
'တတိယအချက် - အိမ်ရဲ့စည်းကမ်းကို လိုက်နာပါ၊ အခု ငါတို့ အိမ်ရောက်ပြီဆိုရင် နင့် စိတ်အလိုကျ ပစ္စည်းတွေကို လိုက်မဖျက်ဆီးရဘူး၊ ငါ့အိမ်မှာ နင် ဖျက်ဆီးဖို့အတွက် ရွှေတောင်ငွေတောင်တွေ မရှိသေးဘူး၊ နင် တစ်နေ့ကို ပစ္စည်းတစ်မျိုးပဲ ဖျက်ဆီးခွင့်ရှိတယ်'
‘တကယ်လို့ အဲ့ဒီထက် ကျော်သွားရင်တော့ နင် ပြန်ရှာပေးရလိမ့်မယ်၊ နားလည်လား ?'
ငါ နင့်ကို ခေါ်လာတာက အိမ်မှာ လုပ်အားရှိတဲ့ ယောင်္ကျားတစ်ယောက်လိုအပ်လို့ပဲ၊ နင် လာနားနေဖို့ မဟုတ်ဘူး၊ ငါက လူကောင်းတစ်ယောက် မဟုတ်သလို၊ ဒီနေ့ အလှူလုပ်နေတာလည်း မဟုတ်ဘူး၊ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ နင်သာ ပူးပေါင်းဆောင်ရွက်ပေးရင် နင့် ပြစ်ဒဏ်သက် တမ်းကုန်တဲ့အခါ ငါ နင့်ကို လွှတ်ပေးမယ်၊ ပြီးတော့ နင့်ရဲ့ လုပ်ဆောင်ချက်အပေါ် မူတည်ပြီး ဆုလာဘ်တွေလည်း ပေးမယ်။’
‘လောလောဆယ်တော့ ဒီလောက်ပဲ’
‘နင် စကားပြောတတ်လား... စာရေးတတ်လား...?’
‘တကယ်လို့ နင် ဘာမှ ပြန်မပြောဘူး၊ ဘာမှလည်း ရေးမပြဘူးဆိုရင်တော့ ဒါကို နင် သဘောတူတယ်လို့ ငါ မှတ်ယူလိုက်မယ်’
သူမသည် ထောင်ခန်းထဲတွင် သူ့ရှေ့မှာ ထိုင်ပြီး အများကြီး ပြောခဲ့သည်များကို ပြန်အမှတ်ရနေမိသည်။
စုကျိုသည် သစ်သားခြေထောက်ထက်ပင် ပိုသွယ်လျသော သူ့ လက်ကလေးများဖြင့် ချန်ယွမ် ရင်ဘတ်ကိုဖိကာ နံရံတွင် တွယ်ကပ်ထားသည့် အရိုးချိတ်ကွင်း ၉ ခုကို ဖြုတ်ပေးခဲ့ခြင်းဖြစ်သည်။
ယခုမူ ချန်ယွမ်က အိမ်ခေါင်မိုးတန်းပေါ်တွင် ဆောင့် ကြောင့်ထိုင်လျက် အေးစက်စွာငုံ့ကြည့်နေသည်။ သူမအနောက်မှ ကလေးနှစ်ယောက်မှာမူ ထောင်ထဲရှိအစောင့်များကဲ့သို့ပင် သူ့အားကြောက်ရွံ့သဖြင့် ဂဏာမငြိမ်ဖြစ်နေကြသည်။
“သွားကြစို့၊ ချန်ယွမ်”
စုကျိုသည် မိစ္ဆာကျွန်များ၏ လက်သည်း၊ စွမ်းရည်နှင့် သားရဲဗီဇများအတွက် ငွေထပ်တောင်းနေသည့် ဝန်ဆောင် မှုအမျိုးမျိုးကို ထပ်မံငြင်းပယ်လိုက်သည်။ သူ အမိုးပေါ်မှအရိပ်ကို အချက်ပြလိုက်သော်လည်း ဘာတုံ့ပြန်မှုမှမရှိသဖြင့် ဂရုမစိုက်တော့ဘဲ အပြင်သို့သာ ဦးဆောင်ထွက်လာခဲ့သည်။
မကြာမီ သူ့အနောက်မှ နူးညံ့သောဖျာပေါ်သို့ ခုန်ဆင်းလိုက်သကဲ့သို့ ‘ဗုန်း’ ခနဲ အသံသဲ့သဲ့ ထွက်ပေါ်လာသည်။ သူ့ ပြင်းထန်သောဒဏ်ရာများမှာ အလိုအလျောက်ပျောက် ကင်းသွားသလိုပင်။ 'ဒီမဟာမိစ္ဆာက တကယ်ကို စွမ်းအားကြီးတာပဲ' ဟု စုကျိုကျေနပ်သွားမိရသည်။ သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဉ်လက်နက်နှင့်ဆိုလျှင် ဤသည်မှာ ‘တစ်ခုဝယ် တစ်ခုလက်ဆောင်’ ရသကဲ့သို့ပင်။ တကယ်၍ သူသာ အသာတကြည် ကူးယူခွင့်ပေးမည်ဆိုပါက အကျိုးအမြတ်မှာ ယခုထက်မက ပိုမိုများပြားဦးမည်ဖြစ်သည်။ စုကျို သည် တောက်ပသော အနာဂတ်ကြီးအား စိတ်ကူးယဉ်နေမိတော့သည်။
မိစ္ဆာကျွန်ဂေဟာအပြင်ဘက်သို့ ရောက်သောအခါ သူမအား သယ်ဆောင်ရန် သစ်သားခြေထောက် ၄ ချောင်းကို ပြန်ထုတ်လိုက်သည်။ ဝှီးချဲပေါ်ထိုင်ရင်း သူ့အိတ်ဟောင်းထဲမှ ပစ္စည်းများကို ဂေဟာမှပေးသည့် ကျယ်ဝန်းသော တတိယအဆင့် မုန်ညင်းစေ့အိတ်ထဲသို့ ပြောင်းထည့်နေသည်။
မိစ္ဆာဝိညာဉ်များအတွက် သီးသန့်ဆေးဝါးများ၊ မိစ္ဆာအာ ဟာရဆေးလုံးများ၊ ယခုလေးတင် မဟာမိစ္ဆာအတွက် ကူးယူပေးထားသည့် သွေးစွန်းနေသော အဝတ်အစား ၉ စုံနှင့် ချန်ကျိုး၏ညာဘက်ခြေထောက် အပိုင်းအစတစ်ခု... အစရှိသည်တို့ကိုမူ အိတ်ဟောင်းထဲသို့သာထည့်ပြီး အနောက်သို့ လှမ်းပစ်ပေးလိုက်သည်။
“ချန်ယွမ်၊ နင့်ပစ္စည်းတွေကို နင်ဘာသာ နင်ပဲ စီမံတော့”
အနောက်မှ သံခြေကျင်းပျက်နှစ်ခုကို တရွတ်တိုက်ဆွဲကာ အသံတိတ်လိုက်ပါလာသည့် ချန်ယွမ်က အိတ်ကိုလက်တစ်ဖက်ဖြင့် ဖမ်းဖမ်းချင်းမှာပင် သူ့အကြည့်များမှာ ရှုပ်ထွေးသွားသည်။ စုကျိုကမူ သူကိုင်ထားသည့် ဟောင်း နွမ်းနွမ်း အိတ်စုတ်လေးကိုကြည့်ကာ နှာခေါင်းလေးကို ပွတ်လိုက်မိသည်။
“ငါ နင့်ကို ပစ္စည်းကောင်းတွေ မပေးချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီမုန်ညင်းစေ့အိတ်အသစ်က ပိုင်ရှင်ကလွဲရင် ဖွင့်လို့မရအောင် ဂေဟာက စည်းချထားတာဆိုတော့ နင်ပေးလည်း သုံးနိုင်မှာမဟုတ်ဘူး”
“လိမ္မာပါတယ်၊ ဒါလေးပဲ အရင်သုံးထားနှင့်ဦးပေါ့”
သူဌေးမလေးစုကျိုမှာ တရားသဖြင့် လုပ်ပေးနေသကဲ့သို့ လေသံဖြင့် ပြောလိုက်သည်။ သူမသည် ပထမထပ်သို့ ချက်ချင်းမပြန်သေးဘဲ မိစ္ဆာကျွန်ဂေဟာ ပတ်ပတ်လည်တွင် ကူးယူစရာ ပစ္စည်းကောင်းလေးများကျန်ရှိလေမလားဟု လိုက်ကြည့်ချင်သေးသည်။
သို့သော် ခဏကြာ လျှောက်ကြည့်ပြီးသည့်နောက် သူ တစ်ပတ်ပြန်လည်နေကြောင်း သတိထားမိလိုက်သည်။ သူမနှင့် ကလေးနှစ်ယောက်မှာ မိစ္ဆာကျွန်ဂေဟာကို ဗဟိုပြု၍ မီတာ ၁၀၀ ပတ်လည်အတွင်း၌သာ တဝဲလည်လည်ဖြစ်နေခြင်းဖြစ်သည်။ တိမ်ပင်လယ်ထက်မှ နန်းတော်များ သို့ တောင်တန်းများဆီသို့ သွားရန်ကြိုးစားတိုင်း တစ်ခုခုက ပိတ်ဆို့ထားသကဲ့သို့ ရှေ့ဆက်တိုး၍မရပေ။ သူတို့ခါးတွင် ချိတ်ထားသည့် ပထမထပ်သားများဖြစ်ကြောင်းပြသသည့် တံဆိပ်ပြားများကလည်း တစ်လက်လက်တောက်ပလို့နေသည်။
‘တောက်...’
ကောင်းပြီလေ... အဆင့်တက်သည့် လှေကားထစ်များအတိုင်းသာ စနစ်တကျ တက်လှမ်းရတော့မည်ထင်သည်။ စုကျို လျှောက်ကြည့်ခြင်းကို လက်လျှော့၍ ရေတွင်းဆီသို့ ပြန်လာခဲ့သည်။ သို့သော် တယ်လီပို့ရေတွင်းတံခါး ပွင့်သွားသည်နှင့် သွေးရောင်လွှမ်းနေသော ပုံရိပ်တစ်ခုက ရေတွင်းဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
စုကျို မျက်ခုံးပင့်လိုက်မိသကဲ့သို့ စုကျီကျီနှင့် စုရှင်းချန်တို့လည်း အလွန်အံ့ဩသွားကြသည်။ မော့ကြည့်လိုက်သော အခါ မျက်နှာဖုံးစွပ်ထားသည့် ချန်ယွမ်သည် ရေတွင်းထဲရှိ ဝိညာဉ်ကျောက်တုံးထည့်ရသည့် တိုင်ပေါ်တွင် ရပ်နေခြင်းဖြစ်သည်။ ဘာမှ ရှင်းပြမနေဘဲ— “လူလေးယောက်၊ ဝိညာဉ်ကျောက်တုံး လေးရာ ထည့်ပါ...” ဟူသော အသံကြီး ထွက်ပေါ်လာသည်။
စုကျိုတို့ မောင်နှမသုံးယောက်၏အံ့ဩမှုများမှာ ချက်ချင်းပင် ‘နှမြောတသမှု’ အဖြစ်ပြောင်းလဲသွားသည်။ ကပ်စေးနှဲသည့်နေရာတွင်မူ သူတို့မောင်နှမမှာ တကယ့်ကိုမိသားစုများပီသလှသည်။
သူတို့ ဝိညာဉ်ကျောက်တုံးများကို မတတ်သာဘဲ ထုတ်ပေးရန် ပြင်နေစဉ် ‘ပလုံ’ ဟူသော အသံသဲ့သဲ့ကို ကြားလိုက်ရသည်။
မျက်နှာဖုံးနောက်မှ ချန်ယွမ်၏မြစိမ်းရောင်မျက်လုံးများမှာ တည်ငြိမ်နေဆဲပင်။ သွေးစိုနေဆဲဖြစ်သည့် သူ့ညာလက်ကမူ ဝှေ့ယမ်းလိုက်ပြီး ကျောက်တုံးထည့်သည့် တိုင်ထဲသို့ ထိုးစိုက်လိုက်သည်။
ဒုန်း—!
ထိုတိုင်ထဲတွင် ဘယ်နှစ်နှစ်လောက် ညပ်နေမှန်းမသိသည့် ဝိညာဉ်ကျောက်တုံး ၄ တုံးမှာ အပြင်သို့ပြုတ်ကျလာပါတော့သည်။
“ငွေပေးချေမှု လက်ခံရရှိပါပြီ၊ တယ်လီပို့ခြင်း စတင်နေပါပြီ”
စုကျီကျီ နှင့် စုရှင်းချန် : “!”
စုကျိုမျက်လုံးများမှာ တဖြည်းဖြည်းတောက်ပလာပြီး ချန်ယွမ်ကိုကြည့်ကာ သဘောကျစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းတယ်၊ တော်တယ်”
စုရှင်းချန်နှင့် စုကျီကျီတို့ မျက်နှာပေါ်ရှိ တင်းမာမှုများမှာလည်း ချက်ချင်းပင် လွင့်ပျယ်သွားတော့သည်။ သူတို့ခေါ်လာသည့် မိစ္ဆာဝိညာဉ်က ဝိညာဉ်ကျောက်တုံး ၄၀၀ တောင် သက်သာအောင် လုပ်ပေးလိုက်သည် မဟုတ်ပါလား! အမြတ်ကြီးပဲပေါ့။
“ဟေး... ကျဲ၊ ဟိုမှာကြည့်၊ အစ်ကိုကြီးကျူးရဲ့ စိမ်းစိုနေတဲ့ နွယ်ပင်လေးနဲ့ မတူဘူးလား?”
စုကျီကျီ မြေပြင်ပေါ်ရှိ အစိမ်းရောင်ကွန်ယက်တစ်ခုကို စိတ်လှုပ်ရှားစွာ ညွှန်ပြလိုက်သည်။
ကျူပိုင်ယွီသည် သူတို့အပြန်ခရီးတွင် အခက်အခဲရှိခဲ့ပါက အကူအညီဖြစ်စေရန် စိမ်းစိုသောနွယ်ပင်တစ်ခုကို အမှန်ပင် ချန်ထားပေးခဲ့ခြင်းဖြစ်သည်။ စုကျို ငုံ့ယူလိုက်ပြီး ပြုံးလျက် စုရှင်းချန်ထံသို့ လှမ်းပစ်ပေးလိုက်သည်။
စုရှင်းချန်လည်း အဆင်သင့်ပင် အချက်ပေးခေါင်းလောင်းကိုနားစွင့်ကာ၊ နှစ်ရှည်လများ ပျက်စီးနေသော ရေတွင်း၏ ချို့ယွင်းချက်များကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်ကို ကိုင်တွယ်ရန် သူ့မှော်အစွမ်းကို အသုံးပြုဖို့ပြင်ဆင်ထားလိုက်သည်။ သို့သော် ချန်ယွမ်၏ ‘သင်ခန်းစာပေးမှု’ ကြောင့်လားတော့မသိ၊ ဤတစ်ကြိမ်မူ ကျောက်ခဲပြုတ်ကျခြင်း သို့မဟုတ် စက်ရပ်တန့်ခြင်းမျိုး မရှိခဲ့ပေ။
ရေတွင်း၏တယ်လီပို့စနစ်သည် ပထမထပ်သို့ အောင်မြင်စွာရောက်ရှိသွားသည်။ ကျောက်နံရံတံခါးပွင့်သွားသည် နှင့် ငွေကောက်ခံသည့်တိုင်ပေါ်တွင် ရပ်နေသော ချန်ယွမ်သည် ရိပ်ခနဲဖြစ်ကာ မျက်စိတစ်မှိတ်အတွင်းပျောက်ကွယ် သွားတော့သည်။
စုကျီကျီနှင့် စုရှင်းချန်တို့မှာ မယုံနိုင်ဘဲ ကြောင်ကြည့်နေကြသည်။
မြန်လိုက်တာ...
တကယ်လို့ သူသာ သူတို့အားရန်ပြုချင်ခဲ့ရင် အစောပိုင်းကတင် သူတို့ အသက်ပျောက်နိုင်သည်အထိ မြန်လှသည်။ သူတို့မျက်လုံးများပင် မလိုက်နိုင်လောက်သည့် အရှိန်မျိုးဖြစ်သည်။
“အိမ်ပြန်ကြစို့” စုကျို ပေါ့ပေါ့ပါးပါးပြောရင်း အကြောဆန့်လိုက်သည်။
ထိုစကားတစ်ခွန်းကြောင့်ပင် စုကျီကျီနှင့် စုရှင်းချန်တို့လည်း ပင်ပန်းနေကြောင်း၊ အိပ်ချင်ကာ ဗိုက်ဆာနေကြောင်း သတိပြုမိသွားကြသည်။ ယနေ့တွင် အဖြစ်အ ပျက်များစွာ ကြုံခဲ့ရသည်မဟုတ်ပါလား— ဝိညာဉ်သစ်ရွက် အဆင့်သတ်မှတ်ခြင်း၊ မိစ္ဆာကျွန်ဆုလာဘ် လက်ခံရရှိခြင်းနှင့် ပထမထပ်တွင်မရှိသော မိစ္ဆာကျွန်နန်းတော်သို့ ခရီးလှည့်လည်ခြင်း။
ထို့အပြင် ကြမ်းကြုတ်သော မိစ္ဆာကြီးတစ်ကောင်ကိုလည်း အိမ်သို့ ခေါ်လာခဲ့ရသေးသည်။ စိတ်လှုပ်ရှားစရာ၊ ပျော်ရွှင်စရာနှင့် မျှော်လင့်ချက်များစွာဖြင့် ပြည့်နှက်နေခဲ့သည့် နေ့တစ်နေ့ပင်။
ကလေးနှစ်ယောက်မှာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်ငြား ချန်ယွမ်ကိုမူမတွေ့ရတော့ပေ။ သူ ကြမ်းကြုတ် ပေမယ့် ပိုက်ဆံတော့ သက်သာအောင်လုပ်ပေးသားပဲ!
“ကျဲ... ကျဲ ရွေးချယ်တာတွေက အမြဲတမ်းမှန်နေတာပဲနော်” ဟု စုကျီကျီ မျက်လုံးလေးတွေ မှေးသွားသည်အထိ ပြုံးကာ ပြောလိုက်သည်။
စုရှင်းချန်ကမူ နောက်လှည့်ကာ ရေတွင်းကိုတစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ မြည်းလှည်းကိုအမြန်မောင်းကာ ညီမလေးကိုတင်လျက်၊ သစ်သားခြေလေးချောင်းဖြင့် အရှိန်ပြင်းပြင်း သွားနေသော စုကျိုနောက်သို့ လိုက်လာခဲ့သည်။
“ဒါ ဘာကြီးလဲဟ ?”
“ပထမအဆင့် ဝိညာဉ်ရတနာ လေးခုပါလား!”
“ဒီသစ်သားပညာရှင်ကတော့ ဘယ်လိုဟာသမျိုး လုပ်တာလဲမသိဘူး ? ခြေထောက်ပုံစံ လုပ်ရသလား ? လှလှပပ ခြေထောက်မျိုး မလုပ်ဘဲနဲ့!”
“ဒါလည်း မဆိုးပါဘူး၊ ဟိုဘက်အိမ်က ဝမ်ဝူးရဲ့ခြေ ထောက်တွေဆို လွန်ခဲ့တဲ့ သုံးနှစ်က မိစ္ဆာသားရဲကိုက်တာ ခံထားရတာ၊ သူသာ ဒီပထမအဆင့် ရတနာကို မြင်ရင် သေချာပေါက် လိုချင်မှာပဲ!”
စုကျို ဖြတ်သွားရင်း ထိုပြောဆိုသံများကို ကြားလိုက်ရသည့်အခါ မျက်လုံးများတောက်ပသွားသည်။
သစ်သားအိမ်သို့ ပြန်ရောက်သောအခါ ချန်ယွမ် လက် သည်းဖြင့် ကုတ်ဖဲ့သဖြင့် ငါးပိုင်းကွဲနေသော သစ်သားခြေထောက်ပျက်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့ နောက် ဝိညာဉ်စစ်ဆေးရေး လက်ပတ်မှတစ်ဆင့် ‘ခြေတုလက်တု အပိုင်းအစများ ပြန်လည်တပ်ဆင်ရန်လိုအပ်သည်’ ဟူသော ရောင်းချသူ အချက်အလက်ကိုတင်လိုက်သည်။ သူမ သုံးရက်တိုင်တိုင် စောင့်ဆိုင်းနေသော ဝိညာဉ်ရတနာပြုပြင်သူ၏ဆိုင်ခန်းမှာလည်း ယခုထိ ပွင့်မလာသေးပေ။
အခြားတစ်ဖက်တွင်မူ သူမ ပြုပြင်ရမည့် မြေစေးရုပ်တု၊ ဝတ်ရုံစများနှင့် ကျောက်စိမ်းကုတင်တို့ အလှည့်ကျစောင့်နေဆဲပင်။
ယုံကြည်ချက်အပြည့်ရှိပြီး 'ကျင့်ကြံမှု မြန်မှာကြောက်နေသည့်' ကျစ်ဆံမြီးလေးနှင့် ဝယ်သူမှာလည်း လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကတည်းက ပျောက်ချက်သားကောင်းနေခဲ့သည်။
ဟူး... လုပ်စရာမရှိပါလား ~
ယနေ့ညတွင် စုကျိုသည် သစ်သားအိမ်လေးကို အလှဆင်ရင်းသာ အချိန်ဖြုန်းနေလိုက်သည်။ ကမ္ဘာပျက်ကပ်ဘဝတုန်းကလည်း သူ အကြိုက်ဆုံးအလုပ်မှာ ဇွန်ဘီအုပ်စုကြားမှ ရှာဖွေရရှိလာသောရတနာများဖြင့် သူမ၏ ယာယီခိုလှုံရာနေရာအား အလှဆင်ခြင်းပင်။
သူမသည် သီချင်းတညည်းညည်းနှင့် မိစ္ဆာကျွန်ဂေဟာမှ ကူးယူလာသော ပစ္စည်းများကိုထုတ်လိုက်သည်။
မိစ္ဆာကျွန်ဂေဟာ၏ နံရံများတွင် အကာအကွယ်အလင်း တန်းများ ပေးနေသော ကျောက်စိမ်းအုတ် ၉ ချပ်ကို ကြမ်းပြင်တွင် ခင်းလိုက်သည်။
ဂေဟာအတွင်းမှ ရွှေတိုင် ၉ တိုင်ကိုမူ အရွယ်အစားချုံ့ကာ သစ်သားထမင်းစားပွဲ၏ခြေထောက်များအဖြစ် အစားထိုးလိုက်သည်။
ခန်းမဆောင်ထဲတွင် သွေးလေလည်ပတ်မှု ကောင်းစေရန် အသုံးပြုသော နူးညံ့ထူထဲသည့် အနီရောင်ပိုးကူရှင်ပါ လက်မှီကုလားထိုင် ၉ လုံးကိုလည်း အိမ်ထဲတွင် နေရာချလိုက်သည်။
ဂေဟာအဝင်ဝတွင်ရှိသော ရွှေရောင်မုခ်ဦးကိုမူ သူမ၏ သစ်သားတံခါးအဖြစ် ပြောင်းလဲတပ်ဆင်လိုက်တော့ သည်!