အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
Chapter 37
ချက်ချင်းဆိုသလို ကျဉ်းမြောင်းလှသော သစ်သားအိမ်လေးအတွင်း၌ စူးရှတောက်ပသော အလင်းတန်းများဖြင့် ပြည့်နှက်သွားတော့သည်။
“ဘယ်လိုလဲ”
စုကျို သူမ၏ အလှအပဆိုင်ရာ အာရုံခံစားမှုအပေါ် အပြည့်အဝ ယုံကြည်မှုရှိစွာမေးလိုက်သည်။
စုကျီကျီနှင့် စုရှင်းချန်တို့မှာ ကြောင်အမ်းကာငေးကြည့်နေကြသည်။
သူတို့ ဘယ်ရောက်နေတာလဲ ?
သူတို့က ဘယ်သူတွေလဲ ? သူတို့ ပထမထပ်က သစ်သားအိမ်လေးထဲမှာ ရှိနေသေးတာ ဟုတ်ပါတယ်နော် ??
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းအား သစ်သားအိမ်ဟု အသိအမှတ်ပြုရန်ပင် ခက်ခဲသွားရတော့သည်။
ခေါင်းအား အသာအယာ လှည့်ကြည့်လိုက်ရုံနှင့်ပင် ကျဉ်း မြောင်းသော ထိုသစ်သားအိမ်လေးအတွင်းရှိ ဝိညာဉ်ရတနာများ၏အလင်းကြောင့် မျက်စိကျိန်းမတတ်ဖြစ်နေရသည်။
ပထမအဆင့်
ပထမအဆင့်
ပထမအဆင့်
အားလုံးမှာ ပထမအဆင့် ဝိညာဉ်ရတနာများချည်းသာ
၎င်းတို့ကို အကုန်ချရန်နေရာမရှိသဖြင့် စားပွဲခြေထောက်များအဖြစ် အသုံးပြုနေရသည်။
စုရှင်းချန် ခေါင်းလှည့်ကြည့်လိုက်သောအခါ စုကျိုသည် သူတို့အားပေးထားသော အကာအကွယ်ချပ်ဝတ်သုံးခုကို ယူ၍ နံရံဖြူဖြူပေါ်တွင် လိုက်ကပ်ရန်ကြိုးစားနေသည်ကို မြင်လိုက်ရသည်။
...အာ !!!
နံရံတွေကကော အလှဆင်ဖို့လိုအပ်လို့လား ??
“ဟူး... ဒီအခန်းက ကျဉ်းလွန်းတော့ ငါ့ရဲ့ပလ္လင်ကိုးလုံးကိုတောင် ဆံ့အောင် မထားနိုင်ဘူး...”
စုကျို စိတ်ပျက်လက်ပျက်နှင့် နောက်ဆုတ်လိုက်ရာတွင် ကျောက်စိမ်းကုတင်အစွန်းနှင့် ကပ်လျက်သားဖြစ်သွားပြီး သွားစရာနေရာမရှိတော့ပေ။
ကုလားထိုင်လေးလုံးသာချနိုင်ပြီး ကျန်သည့် ငါးလုံးအတွက်မူ နေရာလုံးဝမကျန်ရှိတော့ပေ။
စုကျီကျီနှင့် စုရှင်းချန်တို့ အသက်ပင် ရှူမှားသွားကြသည်။
“ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ”
သူတို့ စဉ်းစားလိုက်ကြပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။ သူတို့၏ရတနာအားလုံးအတွက် နေရာမလောက်ငှပေ။
ကယ်ကြပါဦး
သူတို့ ဘာလုပ်နိုင်မှာလဲ ? နေရာက ကျဉ်းလွန်းနေသည်မဟုတ်ပါလား ?
စုကျိုလည်း ဘာလုပ်ရမှန်းမသိဖြစ်နေသည်။
ရတနာများရှိနေသော်ငြား အသုံးမချနိုင်လျှင် ၎င်းမှာ အမှိုက်ပုံကြီးနှင့်သာ တူပေမည်။
ပစ္စည်းများကိုစုဆောင်းထားပြီး အသုံးမပြုဘဲ ထားတတ်သည့် လူမိုက်မျိုး သူ မဖြစ်ချင်ပေ။
ချက်ချင်းဆိုသလို သူမ အလယ်ရှိဝိညာဉ်စွမ်းအားဖြည့် ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ပြီး ကျန်သည့် ကုလား ထိုင်နှစ်လုံးပေါ်သို့ သူ့ခြေထောက်များကိုတင်လိုက်သည်။
အပေါ်သို့ လက်ညှိုးထိုးပြရင်း သူ ပြောလိုက်သည်။
“ကျန်တဲ့ ငါးလုံးကို အမိုးတန်းပေါ်မှာ ဆင့်ထားလိုက်၊ ချန်ယွမ် အဲ့ဒီပေါ်မှာ ထိုင်လို့ရတာပေါ့”
“!”
စုကျီကျီနှင့် စုရှင်းချန်တို့ ပြိုင်တူမော့ကြည့်လိုက်ကြသည်။
အမိုးတန်းပေါ်မှ အနီရောင်ဝတ်စုံနှင့် မဟာမိစ္ဆာကြီးမှာ ခဏမျှ တုန်ရင်သွားပုံရသည်။
“ငါတို့ အဆင်ပြေပါတယ်၊ အမိုးပေါ်မှာ တစ်လှည့်စီတက်ထိုင်ပြီး ရှုခင်းကြည့်ကြတာပေါ့~”
စုကျို သူ့ကိုယ် သူ ကုလားထိုင်ကိုးလုံးအောက်လျော့၍ ထိုင်ရန် ခွင့်မပြုနိုင်ပေ။
မဖြစ်နိုင်ဘူး !!
သူ နေ့တိုင်း ထိုကိုးလုံးပေါ်တွင် ထိုင်ရမည်သာ။
“အာ...”
တစ်ခန်းတည်းနေ အဘိုးကြီးမှာ အနားယူရန် အိမ်ထဲအဝင်တွင် ကြောင်အသွားပြီး အခန်းထဲသို့ စိုက်ကြည့်ကာထိတ် လန့်တကြားဖြင့် နောက်သို့ပြန်ဆုတ်သွားသည်။
“ဟေး အဘိုး၊ နေရာမှားတာ မဟုတ်ပါဘူး၊ ဒါ သမီးတို့အိမ်ပါ” ဟု စုကျီကျီက မျက်စိလျင်စွာလှမ်းမြင်လိုက်ပြီး သစ်သားအိမ်၏ရွှေရောင်မုခ်ဦးမှ ထွက်ကာလှမ်းခေါ်လိုက်သည်။
“သမီးတို့ ဒီနေ့ အိမ်ကို အသစ်ပြန်ပြင်လိုက်တာ”
“ပြင်တာ... ပြင်တာ...”
ထိုအဘိုးကြီးမှာ ဆွံ့အသွားရသည်။
သူ့မျက်နှာအိုကြီးမှာ အခန်းထဲမှ ပထမအဆင့် ရတနာအလင်းတန်းများကြောင့် ဝင်းလက်သွားပြီး နှစ်အနည်း ငယ်ပင် နုပျိုသွားသလိုထင်ရသည်။
စုကျို လက်မြှောက်၍ အဘိုးကြီးကို နှုတ်ဆက်လိုက်သည်။
“အားမနာဘဲ ကြိုက်တဲ့နေရာမှာ ထိုင်ပါ အဘိုး၊ အပေါ်ထပ်မှာလည်း သီးသန့်နေရာ ငါးနေရာရှိသေးတယ်နော်”
စုကျီကျီနှင့် စုရှင်းချန် : “...ဟုတ်တယ်”
အဘိုးကြီးသည် ထူးဆန်းသော မျက်နှာပေးနှင့် ထိုင်ချလိုက်တော့သည်။
“ကဲ တံခါးပိတ်ပြီး အနားယူကြစို့”
စုကျိုသည် အိမ်အသစ်၏အပြင်အဆင်ကို ခဏမျှကျေနပ် အားရစွာ ကြည့်ပြီးနောက် အိပ်ချင်စိတ်တို့လွှမ်းမိုးလာသည်။
ကျူပိုင်ယွီ ပေးထားသည့် လောင်းကစားနိုင်သောငွေ ၆၀၀ ကိုကြည့်၍ သူ ပြောလိုက်သည်။
“ဒီညတော့ အိပ်ရာပေါ်မှာပဲ အိပ်ကြမယ်”
စုကျီကျီနှင့် စုရှင်းချန်တို့ ချက်ချင်းမော့ကြည့်လိုက်ကြသည်။
သစ်သားအိမ်ထဲမှ ကျောက်စိမ်းကုတင်မှာ အများသုံးကုတင်ကြီးဖြစ်ပြီး [တစ်ညလျှင် ဝိညာဉ်ကျောက်တုံး ၁၅၀]၊ အိပ်ရာခင်း အစုံလိုက်မှာ [၃၀] ပေးရသည်။
တစ်ယောက်လျှင် ဝိညာဉ်ကျောက်တုံး ၁၈၀ ကျသင့်မည်ဖြစ်သည်။
စုကျို နှမြောသလိုခံစားလိုက်ရသော်လည်း ပထမအဆင့် ကုလားထိုင်လေးလုံးနှင့် ပြည့်နှက်နေသော အခန်းထဲသို့ ကြည့်လိုက်သောအခါ လှုပ်ရှားရန်နေရာမရှိသည်ကို တွေ့လိုက်ရသည်။
“အိပ်ရာခင်းဖို့ နေရာမှမရှိတာ”
“!”
“...!”
စုကျိုသည် ပုံမှန်ထက် ပိုရက်ရက်ရောရောဝိညာဉ်ကျောက်တုံး သုံးတုံးထည့်၍ ကျောက်စိမ်းကုတင်ကို အသက်သွင်းလိုက်သည်။ ထို့နောက် အခန်း၏မှောင်ရိပ်ကျနေသော အမိုးတန်းကို လှမ်းကြည့်လိုက်သည်။
“ချန်ယွမ်၊ နင် အောက်ဆင်းမလာဘူးလား”
ဘာတုံ့ပြန်မှုမှ မရှိပေ။
စုကျို ဂရုမစိုက်တော့ဘဲ ကုတင်ပေါ်သို့ သူ ကိုယ်တိုင် တက်လိုက်သည်။
စုကျီကျီ ကုတင်ပေါ်မှ ငွေပေးချေသည့်တိုင်ကိုကြည့်လိုက်၊ အမိုးတန်းကိုကြည့်လိုက်နှင့် လုပ်နေသည်။ တစ် ဖက်လူက အောက်ဆင်းလာပြီး ငွေမပေးရအောင် တိုင်အား ထုပေးလေဦးမလားဟု မျှော်လင့်နေပုံရသော်လည်း ဘာမှဖြစ်မလာသဖြင့် နှမြောတသစွာဖြင့်ပြန်လှည့်လာခဲ့ရသည်။
ကုတင်ကြီးပေါ်သို့ မတက်မီ သူမ ခဏမျှတန့်သွားသည်။
“ကျွန်မ ခြေထောက်သွားဆေးပြီးမှ တက်လာခဲ့မယ်!”
ခဏချင်းမှာပင် သူမ ငှက်ကလေးတစ်ကောင်ကဲ့သို့ပျော်ရွှင်စွာပြေးထွက်သွားပြီး အခန်းထဲရှိ ပထမအဆင့်ဝိညာဉ်ရတနာများကြားမှ လွတ်ရာနေရာများကိုတိုးဝှေ့ကျော်ဖြတ်သွားတော့သည်။
စုရှင်းချန် ထိုစကားကိုကြားသောအခါ ကြောင်အသွားပြီးနောက် ဘာမှမပြောဘဲ ပထမအဆင့်လက်မှီကုလားထိုင်များကြားမှ တိုးဝှေ့ကာ ချက်ချင်းအနောက်က လိုက်သွားလေသည်။
စုကျို နှာခေါင်းရှုံ့လိုက်သည်။ ဘယ်လောက်တောင် အလုပ်ရှုပ်လိုက်သလဲ ? ဒီကုတင်ပေါ်မှာ လူဘယ်နှစ်ယောက်တောင် အိပ်ခဲ့ပြီးပြီလဲ ဘယ်သူသိမှာလဲ ??
ညမှောင်လာသည်နှင့်အမျှ မီးတောက်ဆီမီးခွက်များကို ချက်ချင်းထွန်းညှိလိုက်ကြသည်။
အခန်းထဲတွင် အိပ်လေ့ရှိသော အဘိုးကြီးမှာ တရှုပ်ရှုပ်နှင့် ထိုင်လာပြီး သူ့ အိပ်ရာလိပ်ကို သိမ်းဆည်းလိုက်သည်။
“စု... စုအဆင့်မြင့်သခင်မလေး၊ ကျွန်တော် ဘေးအခန်းမှာပဲ သွားအိပ်တာ ကောင်းပါလိမ့်မယ်”
“ဒီအခန်းထဲက ပထမအဆင့်ရတနာတွေရဲ့ အလင်းက ကျွန်တော့်အတွက်တော့ တကယ်စူးရှလွန်းနေလို့ပါ”
စုကျို : “...”
စုကျီကျီ : “...”
စုရှင်းချန် : “...”
တကယ်တော့ သူတို့လည်း အတော်လေးမျက်စိကျိန်းနေကြရသည်။ သို့သော် အောင့်အည်းသည်းခံနေကြခြင်းသာ။
သုံးယောက်သားမှာ စူးရှသောအလင်းကြောင့် မျက်ရည်ဝဲနေသော မျက်လုံးများကိုဖွင့်လိုက်ကြပြီး အခန်းဖော်အဘိုး ကြီးကို နှမြောတသဖြစ်စွာဖြင့် လက်ပြနှုတ်ဆက်လိုက်ကြသည်။
“အဘိုး... ကုလားထိုင်တစ်လုံးယူသွားပြီး ထိုင်အိပ်ပါလား၊ မနက်ကျမှ ပြန်ပေးပေါ့~” ဟု စုကျိုက ရက်ရက်ရောရော ပြောလိုက်သည်။
အဘိုးကြီးမှာမူ ပိုလို့ပင်အမြန်ပြေးထွက်သွားတော့သည်။
စုကျိုသည် နှမြောတသစွာဖြင့် သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။
သူ့ ကုလားထိုင်များကို လူတိုင်းဝိုင်းထိုင်ကြသဖြင့် နွမ်းဖတ်သွားသည်အထိ ဖြစ်စေချင်မိသည်။
မဟုတ်လျှင် မှောင်မည်းနေသောညတွင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသကဲ့သို့ မည်သူကမှ အသိအမှတ်ပြုမည်မဟုတ်ပေ။ ဟူး... တစ်ကိုယ်တည်းဖြစ်ရခြင်းပါလား ??
“ဒီအခန်းက အစကတော့ အဆင့်သတ်မှတ်ချက်အောက်ဆုံးရောက်နေပြီး ကျင့်ကြံဖို့ စိတ်ဓာတ်ကျနေတဲ့သူတွေ တစ်လှည့်စီ လာအိပ်ကြတဲ့နေရာပါ” ဟု တိတ်ဆိတ်နေစဉ် စုကျီကျီ၏တိုးညှင်းသောအသံ ထွက်ပေါ်လာသည်။
“သူတို့ပြောတာက... အိပ်ခါနီးမှာ ကျဲနဲ့ ညီမတို့ကိုမြင်ရတာက နောက်နေ့မှာ သူတို့စိတ်ကို ပိုပြီးကြည်လင်စေတယ်တဲ့”
“သူတို့က ကျွန်မတို့ထက် ပိုအဆင်ပြေနေကြတာဆိုတော့... ဒါက သူတို့ကို ဒီဂေဟာမှာဆက်ပြီး ကျင့်ကြံဖို့ သတ္တိတွေ ပေးတယ်လို့ပြောကြတယ်” စုကျီကျီ ကိုယ်ကိုတစ်ဖက်သို့ လှည့်လိုက်သည်။
“ဒုတိယအစ်ကို... အဘိုးက နောက်ဆို ပြန်မလာတော့ဘူးလားဟင် ?”
စုကျို မျက်ခုံးပင့်လိုက်သည်။
စုရှင်းချန်မှာမူ ဘာမှမပြောဘဲ သန့်ရှင်းမွှေးကြိုင်ပြီး နွေးထွေးသောအိပ်ရာထဲတွင် လဲလျောင်းကာ စားပွဲပေါ်ရှိ မီးတောက်ဆီမီးခွက်၏အဆောင်လက်ဖွဲ့ကို ရှုပ်ထွေးသော အမူအရာဖြင့် စိုက်ကြည့်နေသည်။
အတိတ်တုန်းက လူတိုင်းသည် သူ့နှင့် သူ့ညီမလေးအား မြင်လျှင် သနားသောအကြည့်များဖြင့်သာ ကြည့်လာခဲ့ကြသည်။
သို့သော် ယခုအခါမူ သူတို့အပေါ် ကြည့်သည့်အကြည့်များမှာ တဖြည်းဖြည်းနှင့်မနာလိုခြင်း၊ မျက်နှာချိုသွေးခြင်းနှင့် ကြောက်ရွံ့ခြင်းများပင် ပါဝင်လာသည်။
စုကျိုသည် အဆင့်မြင့်ပါရမီကို နိုးထစေခဲ့ပြီးကတည်းက သူတို့၏သာမန်သစ်သားအိမ်လေးမှာ တစတစနှင့် သူတို့အတွက် သီးသန့်နယ်မြေဖြစ်လာခဲ့သည်။ အခန်းထဲတွင် အမြဲအတူနေလေ့ရှိသော အဘိုးကြီးမှလွဲ၍ ကျန်သူများမှာ သူတို့နှင့်အတူ တိုးဝှေ့အိပ်ရန်မဝံ့ရဲကြတော့ပေ။
ယနေ့တွင် သူတို့၏သစ်သားအိမ်မှာ ဤကဲ့သို့ ပြောင်းလဲသွားပြန်ပြီ... အလွန်ထင်ရှားလွန်းလှသည်။
ဒါက အဆင့်မြင့် ကျင့်ကြံသူတွေရရှိတဲ့ အဆင့်အတန်းနဲ့ ဆက်ဆံမှုမျိုးလား ? ပိုတောက်ပလာပြီး သာမန်လူတွေမလေးစားဘဲ မနေနိုင်တဲ့ အခြေအနေမျိုး ?
သူ တစ်ခါမှ မအိပ်ဖူးသော နူးညံ့သည့် ပိုးစောင်ထဲတွင် လဲလျောင်းရင်း၊ စိမ်းဖန့်ဖန့် ကျောက်စိမ်းကုတင်ကြီးထက် စုရှင်းချန်သည် သူ့ကြွက်သားများ အားပြန်ပြည့်လာသည်ကိုခံစားနေရသည်။ ပင်ပန်းနွမ်းနယ်မှုများ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး လေထဲလွင့်မျောနေသကဲ့သို့ သက် သောင့်သက်သာဖြစ်နေတော့သည်။
သူ ဤအတိုင်း ထာဝရနေချင်မိသည်။
သို့သော်... စုရှင်းချန်သည် သွားကိုတင်းတင်းကြိတ်ကာ အိပ်ရာထဲမှ လူးလဲထလိုက်သည်။
သူလည်း ပိုသန်မာချင်တယ်
အခုလို တောက်ပလာချင်တယ်
စုရှင်းချန် စောင်ကို ဆုပ်ကိုင်ရင်း ရုတ်တရက် ထထိုင်လိုက်သည်။
သူ အဝတ်အစားများကို အမြန်ဝတ်ကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။
စောင်ထဲတွင် ကွေးကွေးလေးနေကာ သူ့မိခင်ဖြစ်သူအ တွက် မီးရှို့ရန်စာရေးနေသည့် စုကျီကျီမှာထိတ်လန့်သွားရသည်။
“ဒုတိယအစ်ကို ?”
“ငါ ကျင့်ကြံမလို့၊ နင် အရင်အိပ်နှင့်တော့”
စုရှင်းချန် ကုတင်ပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ကိုယ်လုံး တုန်သွားသည်။ အေးသောကြောင့်မဟုတ်ဘဲ သူ့ခြေဖဝါးအောက်ရှိ ပထမအဆင့်အကာအကွယ်အုတ်ချပ်မှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင်များကြောင့် သူ့ခြေထောက်များ နေရခက်သွားသောကြောင့်ပင်။
စုကျီကျီ ခေါင်းပြူ၍ ချောင်းကြည့်လိုက်သည်။
မျက်လုံးမှေးကာ သူ့ ရင်းမြစ်များကို စာရင်းတွက်နေသော စုကျိုမှာလည်း ကုတင်ခေါင်းရင်းတွင် မတ်တပ်ရပ်နေသော စုရှင်းချန်ကြောင့် ရုတ်တရက် လန့်သွားရသည်။
“ဘာလုပ်တာလဲ ? ဇွန်ဘီတစ်ကောင်ကျလို့ စကားပြောဦးမှပေါ့”
“...”
စုရှင်းချန် မျက်နှာနီမြန်းသွားပြီး ခေါင်းလွှဲလိုက်သော် လည်း သူ့အသံမှာ ခိုင်မာပြတ်သားလို့နေသည်။
“ကျွန်တော် ကျူးပိုင်ယွီလိုမျိုး သန်မာချင်တယ်”
ထိုစကားတစ်ခွန်းကပင် စောင်ခြုံထားသော စုကျီကျီကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။
“ပြီးခဲ့တဲ့ အကြိမ်အနည်းငယ်တုန်းက သူ့ရဲ့နွယ်ပင်ပါရမီနဲ့ ကြုံခဲ့ရတော့... သူ့ရဲ့ပါရမီနဲ့ ကျွန်တော့်မြှင့်တင်ရေးနည်းလမ်းတွေက တစ်ခုခုဆင်တူနေသလို ခံစားရတယ်၊ ဘာလို့ ကျွန်တော် မလုပ်နိုင်ရတာလဲဆိုတာ ကျွန်တော် သိချင်တယ်”
စုရှင်းချန်က ရင်ထဲရှိသည်များကို ရင်တထိတ်ထိတ်ဖြင့် ပြောပြလိုက်ရာမှ စိတ်သက်သာရာရမှုတစ်ခုကို ခံစားလိုက်ရသည်။
ဒါက သူ့အခက်အခဲများနှင့် ပြဿနာများကို စုကျိုအား ပထမဆုံးအကြိမ် ဖွင့်ဟပြောဆိုခြင်းပင်။
ယခင်က သူမသည် သူ့ကိုရော ညီမလေးကိုပါ လျစ်လျူရှုထားလေ့ရှိသည်။ ထို့ကြောင့် သူသည်လည်း သူ့အခက် အခဲများ၊ ပြဿနာများနှင့် အတွေးစများကို တစ်ခါမျှဖွင့်ဟပြောပြခဲ့ဖူးခြင်းမရှိပေ။
သို့သော် လွန်ခဲ့သောရက်အနည်းငယ်အတွင်းမှာပင် သူသည် သူမအား မသိမသာ ဝံ့ဝံ့စားစားပြောရဲလာခဲ့သည်။
စကားများထုတ်ပြောလိုက်ပြီးသည့်နောက် သူ့ပြဿနာများကို အစ်မဖြစ်သူအားပြောပြရခြင်းမှာ မည်မျှလွယ်ကူပြီး စိတ်သက်သာရာရစေကြောင်း သူ သတိပြုမိသွားသည်။
သူ့ရင်ထဲမှ ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုလုံး ကျသွားသလို ခံစားလိုက်ရသည်။
သူ့အနေဖြင့် ကျင့်ကြံခြင်းဆိုင်ရာပြဿနာများကို ဖြေရှင်းပေးရန် သူမ အကူအညီကိုမလိုအပ်ပါ။
အစ်မဖြစ်သူ နားထောင်ပေးလိုစိတ်ရှိရန်နှင့် သူ့ဒုက္ခများကို မျှဝေခံစားပေးရန် ဆန္ဒရှိနေလျှင်ပင်... ၎င်းမှာ လုံလောက်လှပါပြီ။
စုရှင်းချန် မျက်လုံးများမှာ ရတနာအလင်းများကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်ကာနီရဲနေပြီး အမြင်အာရုံများလည်း ဝေဝါးနေသည်။ သူ ရုတ်တရက် လွှတ်ခနဲပြောလိုက်သည်။
“ကျွန်တော့်ရဲ့ သစ်သားဓာတ်ပါရမီကို သူ့လိုမျိုးအဆင့်မြင့်ပါရမီအထိ မြှင့်တင်လို့ရမလားဆိုတာ စမ်းကြည့်ချင်တယ်”
“တကယ်လို့ ကျွန်တော် လုပ်နိုင်ခဲ့ရင် ညီမလေးရဲ့ပါရမီကိုလည်း မြှင့်တင်ပေးနိုင်မှာပဲ!”
စုကျီကျီမှာ ငြိမ်မနေနိုင်တော့ဘဲ အိပ်ရာပေါ်တွင် ရုတ်တ ရက်ထထိုင်လိုက်သည်။ သူလေး မျက်လုံးများမှာလည်း တောက်ပလို့နေသည်။
သူ့အစ်ကိုတွင် ထိုကဲ့သို့သော ရည်မှန်းချက်မျိုးရှိနေသည်ကို သူမ ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။
“ဝါး... ဒုတိတအစ်ကို! ကျီကျီကတော့ ကျီကျီရဲ့ပါရမီကို မြှင့်တင်ဖို့ တစ်ခါမှမတွေးဖူးဘူး၊ ပါရမီက တကယ်ပဲ မြှင့်တင်လို့ရတာလားဟင် ? အရင်တစ်ခါကတော့ အကောင်းဆုံးဆေးလုံးတွေတောင် အလုပ်မဖြစ်ဘူးလို့ အစ်ကိုပြောဖူးတယ်လေ”
စုကျီကျီမှာ ချက်ချင်း အိပ်ချင်စိတ်များပျောက်သွားရတော့သည်။
စုရှင်းချန်မှာ တိတ်ဆိတ်သွားပြီးမှ “ဒီအဆင့်မှာ ဘယ်သူမှ အောင်မြင်ခဲ့ဖူးတယ်လို့ ငါ မကြားဖူးဘူး”
စုကျီကျီက “အာ...” ဟု တိုးတိုးလေးညည်းလိုက်ပြီး သူ့ မျက်နှာမှာ စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွားသည်။
စုကျိုကမူ သိုလှောင်ရုံကတ်တလောက်ထဲရှိ ‘ဖူရှင်းပါရမီ’ အပိုင်းအစကိုးခုအားကြည့်ရင်း အမူအရာမှာတစ်မျိုးဖြစ်နေသည်။
တကယ်လို့ နောက်ထပ် အပိုင်းအစ ၇၂ ခုသာ စုမိခဲ့လျှင် စုကျီကျီ၏ပါရမီအား အနိမ့်စားပါရမီမှသည် ဒဏ္ဍာရီလာ ‘ဆေးဆရာကြီး’ ကဲ့သို့သော ထိပ်တန်းကုသရေးပါရမီအဖြစ် လုံးဝအဆင့်မြှင့်တင်ပေးနိုင်သည်။
စုကျီကျီ၏စရိုက်မှာလည်း ကုသရေးနှင့် အကူအညီပေးသည့် အခန်းကဏ္ဍနှင့် အတော်လေးသင့်တော်လှသည်။
သို့သော် စုရှင်းချန်ကမူ...
စုကျိုသည် သူ့လက်များကို ကြည့်လိုက်ရင်း၊ တောက်ရန် ၏အိမ်ပြင်ပတွင် သစ်ကိုင်းများဖြင့် သူတို့ခေါင်းများကို ‘သန်မာသော သစ်သားပါရမီ’ဖြင့် ဝန်းရံခဲ့သည့်နေ့ကို ပြန်လည်အမှတ်ရမိသည်။
အတော်လေး စိတ်ဝင်စားစရာကောင်းပေသည်။
စုကျိုအသံမှာ စောင်ထဲမှ လျင်မြန်စွာထွက်ပေါ်လာသည် -“နင် မြှင့်တင်ချင်တယ်ဆိုရင် စမ်းကြည့်ပေါ့၊ တကယ်လို့ အလုပ်မဖြစ်ရင် ဒီပါရမီကိုပဲ ပြောင်းလိုက်”
စုရှင်းချန်မှာ ထိတ်လန့်သွားသည်။ ပါရမီကို ပြောင်းရမယ်ဟုတ်လား ? ဒါက ဘာကို ဆိုလိုတာလဲ ?
သို့သော် မကြာမီမှာပင် သစ်သားခြေလေးချောင်းမှာ သူ့ရင်ခွင်ထဲသို့ ဝှေ့ယမ်းဝင်ရောက်လာသည်။
စုရှင်းချန် ပထမအဆင့် ရတနာကုလားထိုင်ပေါ်သို့ ချက် ချင်းကန်ထုတ်ခံလိုက်ရတော့သည်။
စုကျို၏နူးညံ့သောအသံမှာ နောက်ဆုံး ကုတင်ပေါ်မှထွက် ပေါ်လာသည် -“ရှင်ခြင်းနဲ့ သေခြင်းက အကောင်းဆုံး ဆရာတွေပဲ၊ ဖိအားမရှိဘဲနဲ့ နင် ဘယ်လိုလုပ်အောင်မြင်မှု ရနိုင်မှာလဲ ?”
သစ်သားခြေလေးချောင်းမှာ စုရှင်းချန်ရင်ဘတ်အား ချက်ချင်း ဆောင့်ကန်လိုက်တော့သည်!
ညှာတာမှု လုံးဝမရှိပေ!
“တကယ်လို့ နင် ကျူးပိုင်ယွီကို လိုက်မီချင်တယ်ဆိုရင် ချန်ကျိုးကို အရင်ဆုံးလဲကျအောင် လုပ်နိုင်ဖို့လိုလိမ့်မယ်”
စုရှင်းချန် မျက်လုံးများမှာ ချက်ချင်းတောက်ပလာသည်။
ထိုခဏမှာပင် သူ့ ပါးစပ်မှသွေးတစ်လုပ်ထွက်လာတော့ သည်။
စုကျီကျီ အိပ်ရာပေါ်တွင် စိုးရိမ်တကြီး ဒူးထောက်နေပြီး ပြန်မထိုင်နိုင်တော့ပေ။
“စုရှင်းချန်... ငါပြောတာ နားထောင်ဦး! အိမ်မှာရှိတဲ့ ပိုက်ဆံတွေအကုန်လုံးက ကျောက်စိမ်းကုတင်ကိုအသက်သွင်းဖို့ သုံးလိုက်ရတာ၊ တကယ်လို့ နင် ဒဏ်ရာရသွားရင် နင့်အ တွက် ဆေးဝယ်ဖို့ ပိုက်ဆံမရှိတော့ဘူးနော်”
‘ဗုန်း’ ခနဲ အသံနှင့်အတူ စုရှင်းချန်မှာ နံရံနှင့်ဆောင့်မိသွားသည်။ သို့သော် သူ့လက်များမှ ပါးလွှာသော သစ်ကိုင်းများ ထွက်ပေါ်လာပြီး သစ်သားခြေထောက်တစ်ဖက်ကိုဖမ်းဆွဲထားနိုင်ခဲ့သည်!
မီးတောက်အဆောင်လက်ဖွဲ့မှာ တဖျပ်ဖျပ် တောက်ပနေပြီး အိပ်ရာထဲနွေးထွေးနေသည်။
စုကျီကျီမှာ တုန်လှုပ်စွာဖြင့် -“ကျီကျီကသာ ပါရမီကို အသည်းအသန် မြှင့်တင်ရမှာပါ...”
“အရိုက်ခံရမှာလည်း ကျီကျီပဲ ဖြစ်သင့်တာ...”
စုကျီကျီ ခဏမျှ ခေါင်းငုံ့သွားပြီး စာရေးသည့်အရှိန်ကို မြှင့်လိုက်သည်။
“ဒီနေ့ ငါအရမ်း ပျော်တယ်! အခုဆို ငါတို့မိသားစုမှာ စတုတ္ထမြောက် အဖွဲ့ဝင်တစ်ယောက်ရှိနေပြီ၊ အို... လူတော့ မဟုတ်ဘူး၊ မိစ္ဆာတစ်ကောင်! အံ့ဩစရာပဲ! ငါတို့ ဝိညာဉ်ကျောက်တုံး ၄၀၀ တောင်သက်သာခဲ့တယ်! အခုဆို ကျီကျီလည်း အပြင်းအထန်တိုက်ပွဲဝင်တော့မယ်!”
သူမ စောင်ကိုဆွဲကိုင်ကာ ကုတင်ပေါ်မှ ခုန်ဆင်းလိုက်သော်လည်း ခြေတစ်ဖက်မှာကုတင်ပေါ်တွင် ကျန်နေဆဲဖြစ်သည်။ အကြောင်းမှာ ပထမဆုံးအကြိမ်အိပ်ဖူးသည့် ကျောက်စိမ်းကုတင်နှင့် ပိုးစောင်ကို သူ မခွဲနိုင်သော ကြောင့်ပင်။
“ဒုတိယအစ်ကို... သစ်သားခြေထောက် တစ်ဖက်လောက် ပေးပါ!”
“နှစ်ဖက်... နှစ်ဖက်လောက် ပေး!”
စုကျို : “...”
တကယ်ကို မနိုင်တော့ဘူးပဲ။
ဝိညာဉ်ကျောက်တုံး ၃၀၀ ပေးထားရတဲ့ ကုတင်ကြီးပေါ်မှာတောင် သူတို့က အေးအေးဆေးဆေးမအိပ်နိုင်ကြတော့ဘူး။
Chapter 38
သူမသည် သ့ မုန်ညင်းစေ့အိတ်ထဲမှ နောက်ထပ်သစ်သားခြေထောက်နှစ်ဖက်ကို စုကျီကျီထံ လှမ်းပစ်ပေးလိုက်သည်။
“ရော့...အဲ့တာတွေနဲ့သာ ရိုက်တော့”
“ခြေထောက်တွေ ကျိုးသွားရင်တောင်မှ ဟိုဘက်အိမ်က ဝမ်ဆန်းလို ခြေတုလက်တုမရှိဘဲ မဖြစ်သွားစေရဘူး၊ စိတ်မပူနဲ့”
စုကျီကျီ : “!”
စုရှင်းချန် : “!”
ထိုကလေးနှစ်ယောက်မှာ အထူးသတိထားလိုက်ကြပြီး အခန်းထဲတွင် ‘ဒုန်း... ဒိုင်း...’ နှင့် တိုက်ခိုက်သံများ ဆူညံသွားတော့သည်။
ကံကောင်းသည်မှာ ယခုအခါ အိမ်ထဲတွင် ပထမအဆင့် ဝိညာဉ်ရတနာများ ပြည့်နှက်နေသဖြင့် ၎င်းတို့ ပျက်စီးသွားမည်ကို စိုးရိမ်စရာမလိုတော့ပေ။
“အာ... ဆောရီး... ကျီကျီကြောင့်၊ အစ်ကို အနှောင့်အယှက် ဖြစ်သွားရပြီ!”
စုကျီကျီသည် သစ်သားခြေထောက်ဖြင့် ကန်ထုတ်ခံလိုက်ရကာ အမိုးတန်းပေါ်သို့ရောက်သွားပြီး၊ နံရံကိုမှီ၍ မျက်စိမှိတ်ထိုင်နေသော ချန်ယွမ် ရှေ့သို့ ဦးခေါင်းနှင့်စိုက်လျက် ပြုတ်ကျသွားသည်။
ချန်ယွမ်သည် သူ့အေးစက်သော မြစိမ်းရောင်မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
“ဗုန်း!”
“ကျီကျီ ဒီကို ထပ်ရောက်လာပြန်ပြီ...”
ချန်ယွမ် : “...”
နောက်တစ်နေ့တွင် စုကျိုသည် ပထမအဆင့် ရတနာအလင်းတန်းများကြား၌ ချိုမြိန်စွာနိုးထလာခဲ့သည်။
သူ့ဘေးရှိ ကျောက်စိမ်းကုတင်ပေါ်တွင် စုကျီကျီနှင့် စုရှင်းချန်တို့မှာ နာကျင်လွန်းသဖြင့် တရှူးရှူးတရှဲရှဲ ညည်းတွဲလျက် လဲလျောင်းနေကြသည်။
ထိုကလေးနှစ်ယောက်မှာ အိပ်ရာမှထထိုင်လိုက်ကြပြီး ကြောင်တောင်တောင်ဖြစ်နေကြသည်။
“ဟင်... ငါတို့ ကုတင်ပေါ်ကို ဘယ်လိုရောက်နေတာလဲ ?”
ကလေးနှစ်ယောက်မှာ မနေ့ညက အပြင်းအထန်လေ့ကျင့်ထားသဖြင့် အလွန်ပင်ပန်းနေကြသည်။
“ကျဲ ငါတို့ကို ကုတင်ပေါ် မလာတာလား ?”
အသက်မဲ့နေသော သစ်သားခြေထောက် ခြောက်ဖက်မှာ ကြမ်းပြင်ပေါ်ပြန့်ကျဲလျက်ရှိသည်။
စုကျို အမိုးတန်းပေါ်သို့ တစ်ချက်မော့ကြည့်လိုက်ပြီး -“ဘယ်သူ သိမှာလဲ ?”
“ဟင် ?”
စုကျို အကြောဆန့်လိုက်ပြီး မိစ္ဆာကျွန်ဂေဟာရှိတံခါးနှင့် တစ်ပုံစံတည်းတူသော ရွှေနီရောင်မုခ်ဦးတံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။
“စုကျို... ကျေးဇူးပြုပြီး—”
“ငါ့ကို လွှတ်ပေးပါဦး!”
ချန်ကျိုးသည် သစ်သားအိမ်၏အဝေးတစ်နေရာမှ တုန်တုန်ရင်ရင်နှင့် ပြေးလာသည်။
“ပိုက်ဆံပေးပါ့မယ်၊ ဆေးလုံးတွေလည်း ပေးပါ့မယ်၊ ငါ့ကို လွှတ်ပေးပါတော့... အရမ်းနာလို့ပါ... အား...”
ချန်ကျိုး၏အော်ဟစ်သံမှာ သူ့ရှေ့မှ ရွှေနီရောင် မုခ်ဦးတံခါးမှ ထွက်ပေါ်လာသော စူးရှသည့်အလင်းတန်းများကြောင့် ခဏမျှရပ်တန့်သွားသည်။
သူသည် စုကျိုကိုကြည့်လိုက်ပြီးနောက် သူ့အနောက်ရှိ ‘သစ်သားအိမ်’ မှာ ယခုအခါ ရွှေရောင်အလင်းတန်းများ ပြည့်နှက်နေကာ၊ ကျောက်စိမ်းပလ္လင်လေးလုံးနှင့်... ရိုးရှင်းသော စားပွဲဝိုင်းအောက်မှ ထောက်တိုင်လေးခုမှာပင် ရွှေရောင်ပန်းနွယ်များ ထွင်းထုထားသည့် ကျောက်စိမ်းတိုင်များဖြစ်နေသည်ကို မြင်လိုက်ရသည်။
“...!”
ချန်ကျိုး မျက်လုံးအပြူးသား ဖြစ်သွားရသည်။
သူ ဘယ်ရောက်နေတာလဲ ?
ခဏမျှ သူ့အမြင်အာရုံများ ဝေဝါးသွားသလိုခံစားလိုက်ရသည်။
“ပြောစရာရှိတာ မြန်မြန်ပြော” စုကျို စိတ်မရှည်စွာ ဆိုလိုက်သည်။
ချန်ကျိုးသည် လှည့်ပတ်ကြည့်လိုက်သည်။ သေချာပါ သည်၊ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရိုးရှင်းသော သစ်သားတဲအိုများသာဖြစ်သော်လည်း စုကျိုအနောက်ရှိအိမ်မှာမူ ခမ်းနားထည်ဝါလှသည်။ တံခါးကြီးမှာလည်း မိစ္ဆာကျွန်ဂေဟာရှိရွှေရောင်မုခ်ဦးအား ဖြုတ်ယူလာသကဲ့သို့ပင်။
စုကျိုသည် အမှန်ပင်ကျင့်ကြံသူမိသားစုမှ ဆင်းသက်လာသော သခင်မလေးတစ်ဦးပေလော ? ကျင့်ကြံခြင်း မပြုနိုင်သလိုမျိုး ဆင်းရဲဟန်ဆောင်နေခဲ့ခြင်းလော ??
ချန်ကျိုး နောင်တများဖြင့် ပြည့်နှက်သွားသည်။
ထိုခဏ၌ သူ မိမိကိုယ်ကိုယ် သတ်သေချင်စိတ်ပင် ပေါက် သွားတော့သည်။
ဤခမ်းနားသော အိမ်ကြီအား တစ်ချိန်က သူပိုင်ခဲ့သည်မဟုတ်ပါလား ?
သူသည် စုကျိုအပေါ် မည်သို့များ ဤမျှဆိုးဆိုးရွားရွား ဆက်ဆံခဲ့မိသနည်း။
သူသည် သေထိုက်သူသာ။
“ငါ့မှာ... အာ...”
ချန်ကျိုးသည် သူပြောမည့်စကားကိုပင် မေ့လုနီးပါး ဖြစ်သွားပြီးမှ တစ်ကိုယ်လုံး တုန်ယင်လျက် ပြန်သတိရလာသည်။
“မဟုတ်ဘူး စုကျို! ငါ တော်တော်နာနေလို့ပါ! နာလွန်လွန်းလို့ ညက ကျင့်ကြံလို့တောင် မရဘူး!”
“မနေ့ညက မင်းရဲ့ပါရမီနဲ့လုပ်ထားတဲ့ ခြေထောက်ပုံစံ ရုပ်သေးရုပ်ကို ဘာလုပ်လိုက်တာလဲ ?”
ချန်ကျိုးသည် စကားပြောနေစဉ် သူ့ခြေထောက်များမှာ တုန်နေသည်။
မနေ့ညက သူ့ခြေထောက်များမှာ ကျိုးသွားသကဲ့သို့ တဆစ်ဆစ်နာကျင်နေခဲ့သည်။ သူ့ အခန်းဖော်ဖြစ်သူမှ သူ့ အားနည်းချက်ကို သိသွားမည်စိုးသဖြင့် အသံမထွက်ရဲဘဲ လက်ကိုင်ပဝါကိုသာ ကိုက်ထားခဲ့ရသည်။
ဤအဆင့်တွင် တစ်စုံတစ်ယောက်သာ မင်းအားနည်းချက်ကို သိသွားလျှင် မင်းအတွက် ပြီးဆုံးသွားပြီဖြစ်သည်။
ကျော်တက်ခံရမည်၊ ရင်းမြစ်များ အလုခံရမည်၊ ဖယ်ရှားခံရမည်။
သူသည် ညည်းသံတစ်ချက်လေးပင် မထွက်ရဲခဲ့ပေ။
တစ်ညလုံး လက်ကိုင်ပဝါကိုသာ အားကိုးတကြီးကိုက်ထားခဲ့ရသည်။
မျက်နှာဖျော့တော့နေသော ချန်ကျိုးသည် ဖောင်းကားနေသော အဝတ်ပိုက်ဆံအိတ်ကို စုကျိုထံသို့ကမ်းပေးလိုက်သည်။
“ဒါ နင့်ဆီကယူထားတဲ့ ဝိညာဉ်ကျောက်တုံး တစ်ထောင်!”
“ငါ ‘ရိုးတွင်းခြည်သန့်ဆေးလုံး’ အချို့ ဝယ်လိုက်လို့ အခုဒါပဲ ကျန်တော့တယ်၊ အကုန်သာ ယူလိုက်ပါ!”
စုကျို ၎င်းကို ယူလိုက်သည်။
ချန်ကျိုးသည် နောက်ဆုံးတွင် စိတ်သက်သာရာရစွာပြုံးလိုက်နိုင်သည်။
စုကျိုက ပြုံးပြလိုက်ပြီးနောက် အခန်းထဲတွင် အိပ်ရာမှ အခုမှထလာသော စုကျီကျီနှင့် စုရှင်းချန်တို့ဘက်သို့ လှည့်ကာ “ဆက်ပြီး လေ့ကျင့်ကြဦး”
ချန်ကျိုး : “?”
စုကျို နှာခေါင်းရှုံ့လိုက်ရင်း -“အခုတော့ သွားတော့၊ နောက် ခြောက်ရက်လောက်နေမှ ပြန်လာခဲ့”
“စုကျို... နင် ငါ့ကို ဒီလိုမျိုး မလုပ်သင့်ဘူး... အု...”
ချန်ကျိုး မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားပြီးနောက်၊ စုကျီကျီနှင့် စုရှင်းချန်တို့ သစ်သားခြေထောက်အား ကန်လိုက်သည်နှင့် တစ်ပြိုင်နက် သူ အဖြူရောင်လက်ကိုင်ပဝါအား ပါးစပ်ထဲသို့ ကျွမ်းကျင်စွာထိုးထည့်လိုက်တော့သည်။
စုကျို တံခါးဝတွင် ပိတ်ရပ်နေသော သူ့ကိုယ်အား ဘေးသို့ တွန်းဖယ်လိုက်သည်။
သူမ၏ ဝိညာဉ်စစ်ဆေးရေးလက်ပတ်မှာ လင်းလက်လာသည်။
[ သင်တင်ထားသော ‘အမျိုးသမီးကျင့်ကြံသူ၏ ဆံပင် ၉’ ကို ဝယ်ယူမည့်သူ ‘ကျင့်ကြံမှု မြန်မှာကြောက်နေသူ’ သည် သင့်ထံသို့ လာနေပါသည်။ ]
【 အရောင်းအဝယ်ပြုလုပ်ရန် ပစ္စည်းကို အသင့်ပြင်ထားပေးပါ။ 】
【 သုံးလီ အကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ 】
【တစ်လီ... လီဝက် အကွာအဝေး...】
စုကျို အလွန်ဝမ်းသာသွားသည်။ နောက်ဆုံးတော့ သူ့ သို လှောင်အိတ်ထဲတွင် နေရာယူနေသည့် အသုံးမဝင်သော ဆံပင်ပုံကြီးအား ဝယ်မည့်သူ ပေါ်လာပြီမဟုတ်ပါလား ?
သို့သော် လဲလှယ်ရမည့်ပစ္စည်းမှာ ပိုးစာရွက် ဖြစ်ရမည်မဟုတ်ပါလား ?
စုကျို အံ့ဩနေစဉ်မှာပင် အဝေးမှ ပြေးဝင်လာသော ရွှေရောင်အလင်းတန်းတစ်ခုကိုမြင်လိုက်ရသည်။ ၎င်းမှာ ကျူးပိုင်ယွီ၏အလင်းထက် ဆယ်ဆမကပိုကြီးမားကာ တောက်ပလှသည်။
တစ်ဖက်လူမှာ အလွန်စူးရှတောက်ပလွန်းလှသဖြင့် သူမအနောက်ရှိ မိစ္ဆာကျွန်ဂေဟာ၏ရွှေရောင်မုခ်ဦးနှင့် အပြိုင်ဖြစ်နေတော့သည်။ ခေတ္တမျှတော့ မည်သည့်အရာကပိုလင်းနေသည်ကိုပင် ခွဲခြားရန်ခက်ခဲနေသည်။
စုကျို မျက်လုံးကိုမှေး၍ ကြည့်လိုက်ရာ သူ့မျက်ခုံးများ တွန့်သွားရသည်။ ထိုလူ့ ရှေ့မီးသီးကြီးများ၏ဘေးတစ် ဖက်တစ်ချက်စီတွင် ထင်ရှားလှသော ဝိညာဉ်စာလုံးနှစ်လုံးမှာ လင်းလက်ကာ လှိမ့်နေသည်မဟုတ်ပါလား ?
【အကြီးအကဲ ကြွလာနေပြီ!】
【အရေးမပါသူများ ဖယ်ရှားကြလော့!】
စုကျို ‘တောက်’ တစ်ချက် ခေါက်လိုက်မိသည်။ နိုးလာ ကတည်းက သူ့ကျောပြင်ကို စိုက်ကြည့်နေသည့် စူးရှအေးစက်သော အကြည့်များမှာ ထူးဆန်းစွာပျောက်ကွယ်သွားသည်ကို သူ ချက်ချင်း ခံစားလိုက်ရသည်။
စုကျို သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သားရဲတစ်ကောင်ကဲ့သို့ ကြမ်းကြုတ်လှသော မဟာမိစ္ဆာချန်ယွမ်ပင်လျှင် ဤအထူးပြုလုပ်ချက် ရှေ့မီးကြီးများအောက်တွင် အကျည်းတန်သွားရရှာသည်။
ဒါကတော့ တကယ့်ကို လွန်လွန်းလှသည်...
စုကျိုသည် တဖြည်းဖြည်းနီးကပ်လာပြီး သူရပ်နေသော သစ်သားအိမ်ပေါ်ရှိ ရွှေရောင် ‘နံပါတ်တစ်’ စာလုံးကိုဖြည်း ဖြည်းချင်း လင်းထိန်သွားစေသည့် ရှေ့မီးကြီးများကို ကြည့်ရင်း၊ ရုတ်တရက် နံပါတ်တစ် မဖြစ်ချင်တော့သလို ခံစားလိုက်ရသည်။
“ကျစ်ဆံမြီး လာယူတာလား...”
စုကျို စူးရှသောအလင်းမှ ကာကွယ်ရန်လက်တစ်ဖက်ဖြင့် မျက်လုံးကိုကွယ်ရင်း ပြောလိုက်သည်။
ဖူး—!
သူ့ရှေ့တွင် ‘နံပါတ်တစ်’ အလင်းတန်းကြီး ရုတ်တရက် ရပ်တန့်သွားသည်။
ထိုသူက သူမ၏ ဘယ်ဘက်မျက်တောင်အောက်ရှိ အလှမှဲ့လေးကို သွယ်လျသောလက်ညှိုးဖြင့် အသာအယာထိလိုက်သောအခါ စူးရှသော အလင်းတန်းကြီးမှာ ချက်ချင်း ငြိမ်းသွားတော့သည်။
အလင်းညစ်ညမ်းမှုများ လုံးဝပျောက်ကွယ်သွားပြီးနောက် သူမ၏နီမြန်းသော အလှမှဲ့လေးပေါ်တွင် သိမ်မွေ့သော ရွှေရောင် ‘နံပါတ်တစ်’ စာလုံးလေးသာကျန်ရစ်ခဲ့သည်။
စုကျိုသည် သူ့လက်ကို အောက်သို့ချလိုက်ပြီးနောက် ဤလအတွင်း အပြင်သို့ တာဝန်ဖြင့်ထွက်သွားသည်ဆိုသော ဤအဆင့်၏အုပ်ချုပ်ရေးအကြီးအကဲ၏ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်မှာ—
“မင်္ဂလာနံနက်ခင်းပါ”
တစ်ဖက်လူသည် လက်ကိုမြှောက်ကာ ဖြူဖွေးသော သွားလေးများပေါ်သည်အထိ ပြုံးပြလိုက်သည်။
သူမသည် ကိုးထပ်ဆင့်၊ နက်မှောင်သော တိမ်တိုက်ပုံစံပိုး ထည် နတ်သမီးဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးအောက်ပိုင်းမှာလှိုင်းလုံးများနှင့် လွင့်မျောနေသော တိမ်တိုက်များကဲ့သို့ လေထဲတွင် ဝဲလွင့်နေသည်။ သူမ လက်တစ်ခါဝေ့လိုက်တိုင်း ဝတ်စုံ၏အစွန်းအထွက်တိုင်းတွင် ရွှေရောင် ‘နံပါတ်တစ်’ စာလုံးလေးများကို ပန်းထိုးထားသည်ကိုတွေ့ရသည်။
သူမ၏ရိုးရှင်းသော အနက်ရောင်ဝတ်ရုံပေါ်တွင်မူ ကြမ်း ပြင်အထိ ရှည်လျားသော ခရမ်းရင့်ရောင်ကြာပန်းပုံများမှာ ထင်ရှားစွာရှိနေသည်။ တောက်ပသော ကြာပွင့်ချပ်များမှာ သူမ၏အပေါက်ဖောက်ထားသော၊ သန်မာလှသည့် ညာ ဘက်ခြေထောက် ရှည်ကြီးအထိ သွယ်တန်းနေသည်။
သူ လမ်းလျှောက်လိုက်တိုင်း သူ့ဖြူဖွေးသော ခြေထောက်တွင် ပတ်ထားသော အစိမ်းရောင်နွယ်ပင်များမှာ လှုပ်ခါနေပြီး ၎င်းတို့၏အရွက်များမှာ အေးစက်စွာဝင်းလက်နေကြသည်။
သေချာကြည့်လိုက်လျှင် သူမ ညာဘက်ခြေထောက်မှာ နွယ်ပင်များကြားတွင် အိမ်မပါသောထက်မြက်သည့် ဓားမြှောင်သုံးစင်းအား ထိုးစိုက်ထားသည်မဟုတ်ပါလား!
စုကျို၏ဆဲလ်များမှာ အနည်းငယ် တုန်ရင်သွားရသည်။
စိတ်လှုပ်ရှားမှုနှင့် ရင်ခုန်မှု~
ဒါက ကမ္ဘာပျက်ကပ်တုန်းက စွမ်းအားကြီးတဲ့ ပြိုင်ဘက်နဲ့ တွေ့ဆုံရသလို တင်းမာမှုမျိုးနှင့် ရတနာအယးရှာတွေ့လိုက်ရသလို ဝမ်းသာမှုမျိုးပင်။
စုကျို ချက်ချင်း မှတ်မိသွားသည်မှာ—
ယင်လီ၊ အဆင့် ၁၊ ဝိညာဉ်ပိုးဖလံဂေဟာ ပထမထပ်၏ ထိပ်တန်းအကြီးအကဲ!
သူမ ခါးတံဆိပ်မှာ ဝတ်စုံအောက်တွင် ဖုံးကွယ်နေသော် လည်း စုကျိုသည် သူ့ မွေးရာပါ ဝိညာဉ်စွမ်းအားကို ပြသနေသည့် ‘လျှို့ဝှက်’ဆိုသော စာလုံးကို မြင်အောင်ကြည့်လိုက်နိုင်သည်။
“စုမိသားစုက စုကျိုလေး၊ မတွေ့ရတာကြာပြီနော်”
ဤခဏတွင် ယင်လီသည် အကြီးအကဲတို့၏ထူးခြားသော ရှေ့မီးအထူးပြုလုပ်ချက်ကိုပိတ်လိုက်ပြီး သူ့ ဘယ်ဘက်လက်ဖြင့် ဆွဲလာသော ကြေးဝါနွားလှည်းကိုထုတ်ပြလိုက်သည်။
၎င်းအပေါ်တွင် နီရဲသော ပိုးကြိုးများဖြင့် ချည်နှောင်ထားသည့် လှပသော မိန်းကလေးလေးဦး ထိုင်နေကြသည်။
စုကျို ချက်ချင်းပင် စပ်စုချင်စိတ်ပေါက်သွားသည်။
သို့သော် နောက်တစ်ခဏမှာပင် ယင်လီ၏နွေးထွေးပြီး ပူနွေးလှသော လက်တစ်ဖက်က မနက်ခင်းလေကြောင့် အေးစက်နေသော စုကျို နဖူးကိုလာရောက် ဖိကပ်လိုက်သည်။
“စောင့်ခိုင်းမိလို့ တောင်းပန်ပါတယ်နော်၊ ပင်ပင်ပန်းပန်း လုပ်ဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စုကျိုလေး”
စုကျို : “?”
သူ့အနောက်မှ စုရှင်းချန်နှင့် စုကျီကျီတို့မှာ အံ့ဩတကြီး လှည့်ကြည့်စဉ်မှာပင် သစ်သားခြေထောက်များဖြင့် နံရံဆီသို့ ကပ်သွားအောင် အတွန်းခံလိုက်ရသည်။
နောက်တစ်ခဏတွင် အရှိန်ပြင်းပြင်း မောင်းနှင်လာသော ကြေးဝါနွားလှည်းပေါ်မှ လှပသော မိန်းကလေးလေးဦးမှာ နီရဲသော ပိုးကြိုးများ၏ဆွဲခေါ်မှုကြောင့် စုကျို ဘေးသို့ ရောက်ရှိလာတော့သည်။
ယင်လီ၏ကျောက်စိမ်းကဲ့သို့ နွေးထွေးသော လက်သည် သူ့ ဝတ်စုံလက်အင်္ကျီအတွင်းသို့ နှိုက်လိုက်သည်။
ထို့နောက် အဆောင်လက်ဖွဲ့ ငါးခုကိုထုတ်ယူကာ စုကျိုနှင့် သူတို့၏မျက်နှာများပေါ်သို့ လျင်မြန်စွာကပ်လိုက်တော့ သည်။ ပြီးနောက် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ကာ စုကျိုအပေါ်သို့ လောင်းချလိုက်ပါတော့သည်။
စုကျို : “?”
စုကျို လက်လှမ်းပြီး အဆောင်လက်ဖွဲ့ကိုခွာလိုက်သည်။ သူ ငုံ့ကြည့်လိုက်သောအခါ 'နှလုံးသားမဲ့ အဆောင်လက်ဖွဲ့' ဆိုသည့် စာလုံးကြီးသုံးလုံးကို မြင်လိုက်ရသည်။
ကျောက်စိမ်းပုလင်းကို ကြည့်လိုက်ပြန်တော့လည်း 'နှလုံး သားမဲ့ ဆေးရည်' ဆိုသည့် စာလုံးကြီးသုံးလုံးကို မြင်လိုက်ရပြန်သည်။
“...???”
“စုကျိုလေး... ဒါက အစ်မ သုံးလကြာ ခရီးထွက်ပြီးမှ ရှာတွေ့ခဲ့တာ”
“တခြားသူကို အားကိုးတာထက် ကိုယ့်ကိုကိုယ် အားကိုးတာက ပိုကောင်းတယ်လေ”
“စုကျိုလေး... အတိတ်ကို မေ့လိုက်စမ်းပါ၊ အဲဒီနှလုံးသားမဲ့တဲ့ ယောက်ျားကိုလည်း မေ့ပစ်လိုက်၊ မိန်းကလေးတစ်ယောက်ဆိုတာ သန်မာရမယ်၊ ကိုယ့်ကိုကိုယ် အားကိုးပြီး ဘဝသစ်ကို ပြန်စလိုက်စမ်းပါ” ဟု ဆိုကာ ယင်လီသည် စုကျို၏ဆံပင်များကို တစ်ဖက်သတ်အားပေးရင်း ထပ်မံ ပွတ်သပ်လိုက်သည်။
စုကျို အနည်းငယ် ဆို့နင့်သွားကာ မျက်နှာပေါ်မှ အဆောင်လက်ဖွဲ့ကိုဆွဲခွာလိုက်သည်။ ထို့နောက် သန့်စင်ခြင်း အဆောင်လက်ဖွဲ့ တစ်ခုကိုယူကာ သူမ မျက်နှာပေါ်တွင် အမူအရာကင်းမဲ့စွာဖြင့် ကပ်လိုက်တော့သည်။
ထို့နောက် ယင်လီသည် ချန်ကျိုးဘက်သို့လှည့်ကာ အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။
“ထွက်သွားစမ်း! ဒီအဆင့်က အမျိုးသမီးကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်းကို နောက်တစ်ခါထပ်နှောင့်ယှက်တာ မြင်ရင်တော့ နင့်ကို ငါ ဖြတ်တောက်ပစ်မယ်!”
ချန်ကျိုး သူ့လက်ကိုင်ပဝါကို ကိုက်လျက်၊ မျက်နှာထက် စိတ်ပျက်အားငယ်မှုများပြည့်နှက်ကာ ခေါင်းခါရင်းတရှုံ့ရှုံ့ ငိုကြွေးနေရှာသည်။
သူ တကယ်ကို မတရားခံရခြင်းဖြစ်သည်! စုကျိုကသာ သူ့အားလာနှောင့်ယှက်ခဲ့ခြင်း မဟုတ်ပါလား! ယခုမူ စုကျိုက သူ့ကို ပြန်နှိပ်စက်နေပြီ!! အား!
“ပါးစပ်ပိတ်စမ်း! အမျိုးသမီး ကျင့်ကြံသူတွေရဲ့တံခါးဝမှာ ထူးဆန်းတဲ့ အသံတွေ လုပ်နေတာ ငါ့ကို စိန်ခေါ်နေတာလား” ယင်လီ သူ့အား ကြမ်းတမ်းစွာ ဖမ်းဆွဲလိုက်သည်။
“ယင်လီ... မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့! ငါ မင်းဆီကို စာပို့ထားတာ ဘာလို့ စာမပြန်တာလဲ”
ကျူးပိုင်ယွီ အသံသည် ကောင်းကင်မှကျဆင်းလာပြီး ငွေရောင် ပေါက်တူးတစ်ခုသည် အဝေးမှပျံဝဲဝင်ရောက်လာသည်။
“မြန်မြန်လုပ်ပေးစမ်းပါ၊ ငါ့ရဲ့ ငွေရောင်ပေါက်တူး လက် ကိုင်က အက်နေပြီ၊ ငါ့ကို အမြန်ပြင်ပေးဦး”
ကျူးပိုင်ယွီ ငွေရောင်ပေါက်တူးအား ကမ်းပေးလိုက်စဉ်မှာပင် သူ့ ရှေ့မှ ရှုပ်ထွေးနေသော အခြေအနေကိုသတိပြုမိသွားသည်။
သူ ကြောင်အသွားသည်။ စုကျိုလက်ထဲမှ ‘နှလုံးသားကွဲဆေးရည်’ ကို ကြည့်လိုက်၊ သူ့နောက်မှ ရွှေနီရောင် တံခါးမကြီးကို ကြည့်လိုက်နှင့် ကျူးပိုင်ယွီ ‘တောက်’ တစ်ချက် ခေါက်လိုက်မိသည်။
စုကျိုကမူ အဓိက စကားလုံးကိုဖမ်းမိသွားသည်။
“ဒီအဆင့်မှာ ဝိညာဉ်ရတနာတွေကို ပြုပြင်ပေးတဲ့သူက အစ်မလား ?”
သူမသည် ရတနာပြုပြင်ရေးခန်းပွင့်လာရန် ရက်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရခြင်းဖြစ်သည်။
ယင်လီက ပြုံးလျက် ခေါင်းခါပြသည်။
“တာဝန်ခံအရာရှိက ဒီမှာ မရှိဘူးလေ၊ အစ်မက အစားထိုး လုပ်ပေးနေတာ”
သူမသည် စုကျို၏ ရိုးရှင်းသော ပဲစိမ်းရောင်ဝတ်ရုံကို ကြည့်ကာ ချက်ချင်းသနားသွားမိသည်။
“စုကျိုလေး... ဒီနေ့ကစပြီး နင်က အားနည်းတာတွေကို ရပ်တန့်မယ်၊ ယောက်ျားတွေရဲ့ လှည့်စားတာကို မခံတော့ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး သန်မာအောင် နေမယ်လို့ ကတိပေးရင်... အစ်မ နင့်အတွက် ဝိညာဉ်ရတနာ သုံးခုကို အခမဲ့ ပြုပြင်ပေးမယ်”
မူလပိုင်ရှင်သည် ဤအကြီးအကဲနှင့်သိသည်ကို စုကျို မမှတ်မိပါ။ သူတို့က ဒီလောက်ထိ ရင်းနှီးကြတာလား ?
ကျူးပိုင်ယွီ လျှောက်လာပြီး နှာခေါင်းရှုံ့လိုက်သည်။
“သူ့စကားတွေကို မယုံနဲ့၊ သူ မိန်းမတိုင်းကို ဒီလိုချိုသာတဲ့ စကားလုံးတွေ သုံးနေကျပဲ၊ ရှူး... ရှူး... အမျိုးသမီးကျင့် ကြံသူဆိုရင် ဈေးတစ်ဝက်၊ အမျိုးသား ကျင့်ကြံသူဆိုရင်တော့ အပြင်းအထန်ရိုက်တာမျိုးပေါ့”
“ယင်လီ... အပိုတွေ ပြောမနေနဲ့တော့၊ စုကျိုက အခု မင်းရဲ့ အကာအကွယ်မလိုတော့ဘူး၊ ဒါကြောင့် မြန်မြန်လုပ်ပြီး ပေါက်တူးပြင်ပေးတော့!”
“ငါ မင်းကို စရန်ငွေပေးထားတာ ဘယ်လောက်တောင် ကြာပြီလဲ ?”
ယင်လီ မျက်မှောင်ကြုတ်လိုက်ပြီး ဝင့်ကြွားနေသော ကျူးပိုင်ယွီအား တိုက်ရိုက်ကြည့်လိုက်သည်။
“စုကျိုလေးအပြင် ဒီအဆင့်မှာ ဝိညာဉ်ရတနာပြုပြင်ဖို့လိုတဲ့ တခြားအမျိုးသမီး ကျင့်ကြံသူသုံးယောက်ရှိသေးတယ်၊ အမျိုးသမီးအချင်းချင်းဆိုတော့ အစ်မက သူတို့အတွက် အရင်ဆုံးလုပ်ပေးရမှာပဲ”
“ဒါပေမဲ့ အခုတော့ လုပ်ပေးဖို့ နည်းလမ်းမရှိတော့ဘူး”
သူမ ဆိုလိုက်ရာ၊ သူမ၏လှပပြီး မာနကြီးသော မျက်နှာပေါ်တွင် စိတ်ပျက်သောအရိပ်ယောင်အနည်းငယ်ပေါ်လာသည်။ တစ်ပြိုင်နက်တည်းမှာပင် သူ့ညာဘက်ခြေထောက်တွင် ပတ်ထားသော အရွယ်အစားအမျိုးမျိုးရှိသည့် ပါးလွှာသော ဓားမြှောင်သုံးစင်းကို ကိုင်ကြည့်လိုက်သည်။
“အစ်မက လက်နှစ်ဖက်သုံး ကျွမ်းကျင်သူလေ”
“ဒါပေမဲ့ အစ်မရဲ့အသေးဆုံး ထွင်းထုဓားလေးက ‘နှလုံး သားကွဲ ဆေးလုံး’ နဲ့ သွားလဲတဲ့ တာဝန်မှာ ကျိုးသွားခဲ့တယ်”
“အခုတော့ ဝိညာဉ်ရတနာတွေကို ပြုပြင်ပေးဖို့ မဖြစ်နိုင်တော့ဘူး”
“ဓားတစ်လက်တည်းနဲ့ဆိုရင် လက်နှစ်ဖက်သုံးတဲ့ အစ်မအတွက် အာရုံစူးစိုက်လို့မရတော့ဘူး”
စုကျို မျက်ခုံးပင့်လိုက်သည်။
ကျူးပိုင်ယွီ မျက်လုံးများကလည်း ဝင်းလက်သွားသည်။
“ဒါဆို ယင်လီ... တကယ်လို့ မင်းသာ အရင်ကနဲ့ တစ်ပုံစံ တည်းတူတဲ့ ဓားအသစ်တစ်လက်ရမယ်ဆိုရင်... ပြုပြင်ပေးနိုင်မှာပေါ့ ?”
“စုကျို... နင့်မှာ နည်းလမ်းရှိလား ?”
ယင်လီ ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
“ဟင် ?”
သူ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ စူးခနဲ ဖြစ်သွားရသည်။ စုကျို အနောက်မှ အခန်းတံခါးမှာ သူ့ထက်ပင် ပိုမိုတောက်ပနေသည် မဟုတ်ပါလား!
“ကျွန်မ စမ်းကြည့်ပါ့မယ်”
စုကျို ပြုံးလိုက်ပြီး သူ့ ညာဘက်လက်ကို ယင်လီရှိရာသို့ မြှောက်ပြလိုက်တော့သည်။