အမှောင်ထုမိစ္ဆာသားရဲ
Vol. 9 Ch. 81
ယန်ချန်ဦးဆောင်သည့် အဖွဲ့များက ရွာထိပ်ရှိ လုံခြုံရေးအဆောက်အုံငယ်ထိပ်မှနေ၍ တောအုပ်ဘက်အား စောင့်ကြည့်နေကြသည်။
အမည်မသိဖိအားတခု တောအုပ်ဘက်မှ ပျံ့လွင့်လာပြီး ယန်ချန်ကမည်သို့မှ မခံစားရသော်လည်း ကျန်းဝမ်လီ ကျန်းရင်ရင် ယန်ပိုင်နဲ့အခြား တောကောင်များမှာမူ ဖိအားကြောင့် လေးနက်နေကြသည်။
ထိုဖိအားက မည်သည့်အဆင့်ရှိသည်ကိုပင် မခွဲခြားနိုင်ပဲ သေချာသည်က အရှိန်ဝါများစွာ တောအုပ်အတွင်းရှိနေသည်ကိုတော့ ခန့်မှန်းနိုင်လေသည်။
“တောအုပ်ထဲမှာ ဘာတွေဖြစ်နေတာလဲ”
ကျန်းရင်ရင်က တီးတိုးမေးသည်။ ကျန်းဝမ်လီက ခေါင်းယမ်းလိုက်ပြီး
“အဘိုးလည်းမခန့်မှန်းနိုင်ဘူး ကြောက်စရာကောင်းတဲ့အရာတွေ ရှိနေတယ်ဆိုတာကိုတော့ ခံစားမိနေတယ်”
ကျန်းရင်ရင်လည်း အဘိုးဖြစ်သူရဲ့စကားကိုကြားတော့ အလေးအနက်ဖြစ်သွားရသည်။ အဘိုးဖြစ်သူက အတိဒုက္ခအဆင့်ဖြစ်ပြီး တဖက်ရှိယန်ပိုင်မှာ မဟာယာနအဆင့်များကိုပင် ယှဥ်နိုင်သည့် ဝက်ဝံဖြစ်သည်။ ထိုသူများပင် ဖိအားခံစားနေရသည်ဆိုပါက မည်သို့သော အခြေနေဖြစ်နေသနည်း။
“အခုကစပြီး တောအုပ်ကိုအချိန်ပြည့် စောင့်ကြည့်ကြပါ သတိမလစ်ဟင်းကြနဲ့”
ယန်ချန်က ထိုသို့ပြောပြီးနောက် ရွာထိပ်မှ ပြန်လည်ထွက်ခွာသွားသည်။ ပြင်းထန်သည့်တစုံတရာ ဖြစ်ပွားပါက သူတတ်နိုင်သည့်အရာ တခုခုရှိလို့ရှိငြား တွေးတောနေခဲ့ပြီး သူလုပ်နိုင်သည်ကား ဆေးဝါးများ လက်နက်များ ဖြန့်ဝေပေးထားခြင်းသာဖြစ်ပြီး ကျန်သူများနဲ့အတူ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်မည် ဖြစ်သည်။
(အနှစ်တရာမပြောနဲ့ တနှစ်တောင်မပြည့်သေးဘူး အခက်ခဲကစလာပြီပဲ)
စိတ်ရှုပ်ထွေးစွာဖြင့် သက်ပြင်းချလိုက်ပြီး ခြံဝန်းဆီပြန်ကာ လိုအပ်သည်များပြင်ဆင်တော့သည်။ အဆောင်များ အစီရင်များ လက်နက်နဲ့ ဆေးဝါးများဖြစ်ကာ ရွာမှလူငယ်များမှာလည်း သူ့လိုပင်သေမျိုးများဖြစ်သည့်အတွက် ကျန်းရင်ရင်တို့ မြေးအဘိုးကသာ အဓိကတိုက်ခိုက်ကြရမည်ဟုတွေးမိပြီး ထိုမြေးအဖိုးအား အကူညီဖြစ်စေမည့်အရာများ ပြုလုပ်နေခြင်းဖြစ်သည်။
ရွာထိပ်မှာတော့ ကျန်းယန်ဦးဆောင်သည့် လူငယ်များက ရွာစည်းရိုးတလျှောက် ကင်းလှည့်ရန် စီစဥ်နေသည်။
“သုံးယောက်တတွဲ ရွာစည်းရိုးအတိုင်း ကင်းလှည့်ဖို့လိုမယ် တခုခုထူးခြားတာရှိရင် ချက်ချင်းသတင်းပို့ကြ ကိုယ့်သဘောနဲ့ကိုယ် ဘာမှမလုပ်ကြနဲ့”
ကျန်းယန်ရဲ့စကားကြားလျင် လူငယ်များက ခေါင်းညိတ်လိုက်ကြပြီး ကိုယ်စီကိုယ်စီအဖွဲ့များခွဲကာ ကင်းလှည့်ရန် ထွက်ခွာသွားကြတော့သည်။
ထိုစဥ် ကျင်းစီရင်စုရှိ လေဟာနယ်အက်ကြောင်းကြီးမှာ စတင်၍ တစတစ ကျယ်ပြန့်လာသည်။ မူလက မီတာအနည်းငယ်သာ ကျယ်သော်လည်း မိနစ်ပိုင်းအတွင်းမှာပဲ မီတာရာဂဏန်းမျှ ပြန့်ကားသွားကာ အက်ကြောင်းအတွင်းမှ အမှောင်ထုကလည်း တဖြေးဖြေးပါးလျလာသည်။
လီဖူယွဲ့တယောက် အက်ကြောင်းကိုသာ စူးစိုက်ကြည့်နေပြီး အက်ကြောင်းလှုပ်ရှားမှုက တစတစ ကျယ်ပြန့်လာချိန်မှာတော့ သူမခန္ဓာကိုယ်က သတိအပြည့်ဖြင့် တောင့်မတ်သွားတော့သည်။
“အက်ကြောင်းကြီး ကျယ်လာပြီ”
“အို ကောင်းကင်ဘုံ ဘယ်လိုအရာကြီးထွက်လာမှာများလဲ”
အချို့သူများမှာ စတင်ထိတ်လန့်စပြုလာပြီး အချင်းချင်းတီးတိုးပြောဆိုလာကြတော့သည်။ အက်ကြောင်းထဲမှ မည်သည့်အရာများ ထွက်လာမည်နည်း။
ဂါး…
ကျယ်လောင်စူးရှတဲ့အသံတခု…
အက်ကြောင်းထဲမှ အသံတခုထွက်ပေါ်လာကာ မူလက အက်ကြောင်းအတွင်းမဲမှောင်နေသည့် မြင်ကွင်းက အနည်းငယ်ပြောင်းလဲသွားပြီး အလင်းရောင်အချို့ ထွက်ပေါ်လာသည်။
လီဖူယွဲ့ ချူလင်းယုနဲ့ အခြားအကြီးကဲများမှာလည်း အက်ကြောင်းကိုသာ အလေးနက်ကြည့်နေချိန်.. အစောပိုင်းက အလင်းရောင်အချို့ ထွက်ပေါ်လာသည့် အက်ကြောင်းထဲမှ ကြီးမားသည့် လက်တဖက်က အက်ကြောင်းရဲ့အနားများကို ဆွဲဖြဲလိုဟန်ဖြင့် ဆန့်ထွက်လာသည်။
“ဘာကောင်ကြီးလဲ”
“နည်းတဲ့လက်ကြီးမဟုတ်ဘူး ဒါဘယ်လိုသားရဲလဲ”
အကုန်လုံးရဲ့မှင်သက်နေတဲ့ အကြည့်များအောက်၌ လက်တဖက်မှ နောက်ထပ်လက်တဖက် ထပ်မံထွက်ပေါ်လာကာ ဆူးချွန်များဖြင့် ပြည့်နေသည့်လက်ကြီးနှစ်ဖက် အပြည့်အဝ ပေါ်လာပြီးချိန်မှာတော့ အက်ကြောင်း၏အဝနီးပါး ကြီးမားတဲ့ ဦးခေါင်းကြီးတခု ရုတ်ချည်းပေါ်လာတော့သည်။ ဦးခေါင်းကြီးက လူဦးခေါင်းနဲ့ဆင်သော်လည်း အဆများစွာကြီးမားကာ နှာဖူးတည့်တည့်မှ မီးတောက်နေသကဲ့သို့ နီရဲနေသည့်ချိုကြီးတခု ပြီးနောက် မီးလုံးကြီးများ လေထဲမျောနေသည့်နှယ် မျက်လုံးနှစ်လုံးနဲ့အတူ ကြီးမားပြီးအစွယ်များဖြင့် ပြည့်နေသည့် ပါးစပ်ကြီးတခုကိုပါ မြင်လိုက်ရသည်။
“ဂါး..”
“လူသားကျင့်ကြံသူတွေပါလား”
ထိုပါးစပ်ကြီးက အသံတခုထွက်လာတိုင်း မီးမှုတ်နေသကဲ့သို့ မီးတောက်များ လေထဲဖြန့်ထွက်လာသည်။ အက်ကွဲပြီး စူးရှနေသည့် အသံကြီးကလည်း နားဝင်ဆိုးစွာဖြင့် လီဖူယွဲ့တို့၏ နားထဲတိုးဝင်လာကာ အဆင့်နိမ့်ကျင့်ကြံသူများမှာ နားထဲမှသွေးများ စီးထွက်လာကြတော့သည်။
“မကောင်းတော့ဘူး တိုက်ကြ”
မည်သို့ပင်ဖြစ်စေ ထိုအကောင်က ရန်သူပင်ဖြစ်ပြီး လက်ရှိအချိန်၌ လက်နှစ်ဖက် ဦးခေါင်းပိုင်းသာ ဝင်ရောက်ရသေးပြီး တကိုယ်လုံးဝင်ရောက်ပြီးပါက ဆိုးရွားသည့်အခြေနေများ ဖြစ်ပေါ်တော့မည်မှာ သေချာသည်။
လီဖူယွဲ့ ချူလင်းယုတို့ဦးဆောင်သည့် အကြီးကဲများက စတင်တိုက်ခိုက်လိုက်ကြပြီး တိုက်ကွက်များက ကြီးမားသည့် လက်ကြီးနှစ်ဖက်ဆီ ဦးတည်သွားတော့သည်။
“အားနည်းလွန်းတယ်”
အသံက လှောင်ပြောင်ဟန်အပြည့်ဖြစ်ပြီး တိုက်ကွက်များကို ခုခံရန် ဒါမှမဟုတ် ရှောင်တိမ်းရန်ပင် ဆန္ဒရှိဟန်မရှိချေ။ တိုက်ရိုက်ပင် လက်ခံလိုက်သည်။
ဝုန်း…။ ဓားအလင်းများ တိုက်ကွက်များမှ ပြင်းထန်သည့် ချီစွမ်းအင်များကြောင့် အက်ကြောင်းကြီးက အနည်းငယ် တုန်ခါသွားသော်လည်း အနည်းငယ်မျှသာဖြစ်ပြီး ချက်ချင်းပြန်တည်ငြိမ်သွားကာ လက်ကြီးနှစ်ဖက်ကတော့ မည်သို့မှ မဖြစ်ချေ။
“အားနည်းလွန်းတဲ့ ပုရွတ်ဆိတ်လေးတွေ ငါ့ဆီမှာအစားခံရတာကို ဂုဏ်ယူလိုက်ကြ”
“ဂါး”
အကောင်ကြီး၏လက်တဖက်က လေထုကို ဖြေးလေးစွာပုတ်ယမ်းလိုက်သည်နှင့် ပြင်းထန်တဲ့ အင်အားတခုကြောင့် လီဖူယွဲ့တို့တသိုက်မှာ လွင့်စင်သွားကာ ဒဏ်ရာရသွားကြသည်။
(ဘာကြီးလဲ လက်နဲ့ယမ်းလိုက်ရုံနဲ့ ငါတို့ဒဏ်ရသွားတာလား)
အကြီးကဲတဦးမှာ ကြောင်အသွားပြီး အနည်းငယ်ထိတ်လန့်နေစဥ်မှာပင် ကြီးမားသည့်လက်ကြီးနှစ်ဖက်က ထပ်မံလှုပ်ရှားလာပြီး အနီးဆုံးရှိ တေးသံသာဂိုဏ်းမှ ကျင့်ကြံသူနှစ်ဦးအား ဘယ်ညာ ဆုပ်ကိုင်လိုက်သည်။ ထိတ်လန့်စွာပင် ထိုသို့ဆုပ်ကိုင်လိုက်သည်နှင့် ထိုသူနှစ်ဦးမှ မြူခိုးများအသွင်ပြောင်းသွားကာ အော်သံပင်တချက်မထွက်လိုက်ရပဲ အကောင်ကြီးရဲ့ ပါးစပ်ထဲရောက်သွားတော့သည်။
“မဆိုးဘူး.အရသာကောင်းတယ်”
လီဖူယွဲ့တို့မှာ တုန်လှုပ်သွားကြသည်။ ထိုအကောင်က မည်သည့်အကောင်နည်း။ ထိုမျှကြောက်စရာကောင်းသည့် ရန်သူမျိုး သူမတို့မကြုံဖူးချေ။
“နောက်ထပ်နည်းနည်း…”
စူးရှသည့်အသံတခု ထပ်ပေါ်လာကာ လက်ကြီးနှစ်ဖက်က ထပ်မံလှုပ်ရှားလာပြန်သည်။
ထိုစဥ် ကျယ်လောင်တဲ့ အသံတခုနဲ့အတူ
“မိစ္ဆာကောင်ကြီး သေလိုက်စမ်း”
ပြင်းထန်တဲ့တိုက်ကွက်တခုက ဖမ်းဆုပ်ရန်ကြိုးစားနေသည့် လက်ကြီးနှစ်ဖက်အား ထိမှန်သွားသည်။
ဝုန်း.။ ထိုမျှသာဖြစ်သည်။ ထိုတိုက်ကွက်က လက်ကြီးရဲ့လှုပ်ရှားမှုအရှိန်အား အနည်းငယ်သာ တန့်သွားစေရုံသာဖြစ်ပြီး အကျိုးမထူးချေ။ နောက်ထပ်နှစ်ဦး ထပ်မံအစားခံလိုက်ရပြီး အနီးရှိကျင့်ကြံသူများမှာလည်း ကြောက်လန့်ကာ ထွက်ပြေးကြတော့သည်။
နောက်ထပ်ရောက်ရှိလာသည့် တိုက်ကွက်မှာ ထာဝရကျေးရွာမှ အပြေးရောက်လာသည့် ချင်ဖုန်းမှ တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး သူ့ရဲ့အပြင်းထန်ဆုံး တိုက်ကွက်ပင် တဖက်သူကို မထိခိုက်စေမှန်း မြင်သွားသည့်အခါမှာတော့ ဆွံ့အသွားသည်။
“ဘာကောင်ကြီးလဲ”
သိထားရမည်မှာ ချင်ဖုန်းက ကပ်ဘေးဖြတ်ကျော်အဆင့်ကို ရောက်နေပြီး အဆင့်တူကြားပြိုင်ဘက်ကင်းကာ သူ့ရဲ့တိုက်ခိုက်မှုက ကပ်ဘေးဖြတ်ကျော် နှောင်းပိုင်းအဆင့်ကိုပင် အပြင်းထန်ဒဏ်ရာရသွားစေနိုင်သည်။ သို့သော်လည်း ရလာဒ်ကတော့ စိတ်ပျက်စရာဖြစ်သည်။
အကောင်ကြီးရဲ့ အကြည့်က လီဖူယွဲ့တို့ဆီ ရောက်လာချိန်မှာတော့ လီဖူယွဲ့လည်း နောက်ဆုတ်ရန် အော်ဟစ်အသိပေးလိုက်သည်။
“နောက်ဆုတ်ကြ ဒီအကောင်ကိုငါတို့မနိုင်ဘူး”
သေချာသည်က သူမတို့အနေဖြင့် ထွက်ပြေးပါက အဆင့်နိမ့်ကျင့်ကြံသူများ စတေးရမည်ဖြစ်ကာ ထိုသူများလွှတ်မြောက်စေလိုပါက သူမတို့ဦးဆောင်၍ ပြင်းထန်တဲ့တိုက်ပွဲတခု အသက်နဲ့ရင်း၍ တိုက်ရတော့မည်ဖြစ်သည်။
………………………………………………