အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
Chapter 45
ကြေးဝါနွားလှည်းကြီးသည် ခရီးဆက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း စည်ကားသက်ဝင်လာသည်။
ယင်လီသည် လှည်းကိုမောင်းနှင်ရင်း လမ်းတစ်လျှောက်ရှိ ရွာငယ်လေးများတွင် ခဏရပ်ကာ ဝိညာဉ်ပိုးဖလံဂေဟာ ပထမထပ်ရှိ ကျင့်ကြံသူများ မှာကြားလိုက်သော လူသုံးကုန်ပစ္စည်းများကို ဦးဆုံးဝယ်ယူပေးသည်- ပေါင်တစ်ရာအလေးချိန်ရှိသော သံပေါက်တူးများ၊ ဆံပင်အဆီမပြန်အောင် ကာကွယ်ပေးသည့် ဆံပင်ထိုးကွင်းများ၊ လမ်းလျှောက်ရင်း ဖုန်ခါပေးနိုင်သည့် အဝတ်ဖိနပ်များ စသည်တို့ဖြစ်သည်။
ဤပစ္စည်းများသည် မြို့ကြီးများရှိ ဆိုင်ကြီးများထက် ကျေးရွာများတွင် ဝယ်ယူရသည်မှာ ဈေးပိုသက်သာလှသည်။
“ရွာတွေက လက်ရာကတော့ သာမန်ပါပဲ၊ ရွေးချယ်စရာလည်း သိပ်မများဘူး၊ ဒါပေမဲ့ ဈေးနှုန်းကတော့ ငါတို့ဂေဟာထဲက ဝိညာဉ်လက်နက်ဆောင်တွေ၊ အဝတ်အထည်ဆိုင်တွေထက် ၃၀ ရာခိုင်နှုန်းလောက် ပိုသက်သာတယ်” ဟု အပြင်လောကသို့ ပထမဆုံးအကြိမ်ရောက်ဖူးသည့် စုကျိုနှင့် ကလေးနှစ်ယောက်ကို ယင်လီက ရှင်းပြသည်။
မကြာမီမှာပင် စုကျိုနှင့် စုကျီကျီတို့သည် အရောင်စုံ ချည်ဆိုးဆံပင်ကွင်းလေးများကိုယ်စီပန်ထားကြပြီး လက်ထဲတွင်လည်း ဆေးလုံးပုံစံမုန့်အချိုများနှင့် ဆီးသီးယိုချောင်းများကိုင်ထားကြသည်။
“အားလုံးနီးပါး ဝယ်ပြီးပြီ၊ ဒုတိယအဆင့်ဆေးလုံးတွေနဲ့ ဝိညာဉ်လက်နက်တချို့ပဲကျန်တော့တယ်၊မွန်းတည့်ချိန်လောက်ဆိုရင် ကျင်းကွေ့မြို့ကို ရောက်လိမ့်မယ်”
ယင်လီသည် ဈေးဝယ်စာရင်းအားစစ်ဆေးပြီးနောက် သူ့ သိုလှောင်အိတ်ထဲမဆံ့တော့သော အထုပ်အပိုးများကို နွားလှည်းထဲသို့ စုပုံထည့်လိုက်သည်။
အပြင်ဘက်နံရံတွင် ‘ဝိညာဉ်လက်ဖက်ရည်ဆောင်’ တံဆိပ်ထွင်းထုထားသော နွားလှည်းကြီးသည် ထပ်မံထွက်ခွာလာခဲ့သည်။
သို့သော် ခရီးစထွက်ပြီး မကြာမီမှာပင် ယင်လီ လှည်းဘေးတွင် ထောင်ထားသော “ဝိညာဉ်ပိုးဖလံဂေဟာ ပထမထပ်၏ ထူးချွန်ကျင့်ကြံသူ ဖူရှင်း၏ဂူ” ဟု ရေးထားသည့် ကျောက်တိုင်ကြီးကိုလှမ်းကြည့်မိကာ နှုတ်ခမ်းများတွန့်သွားရသည်။ ဘုရားရေ... သူ အခုထိ ဒါကြီးကို မျက်စိမယဉ်သေးဘူး!
“မွန်းတည့်ချိန်ဆို ရောက်မှာလား ?” စုကျို ကျူးပိုင်ယွီ၏ကာတွန်းစာအုပ်ကို တစ်လှည့်စီလှန်ကြည့်နေသည်။ သူမသည် လှည်းထဲတွင် လဲလျောင်းနေရလွန်းသဖြင့် တစ်ကိုယ်လုံးယားယံနေပြီဖြစ်သည်။
သူမသည် အနေအထားမျိုးစုံထိုင်ကြည့်ခြင်း၊ ထိုတိရစ္ဆာန်၏ကျောက်တိုင်ကိုမှီကြည့်ခြင်းစသဖြင့် ပုံစံတစ်ရာလောက် ပြောင်းကြည့်သော်လည်း နေရထိုင်ရသည်မှာ အဆင်မပြေသေးပေ။
“အင်း... နောက်ထပ် တစ်နာရီကျော်လောက်တော့ မောင်းရဦးမယ်” ယင်လီ ပခုံးတွန့်ရင်းပြောလိုက်သည်။
“ကျင်းကွေ့မြို့က မိုင်တစ်ရာပတ်လည်မှာ ‘ကျင့်ကြံခြင်းလမ်းစဉ်ကြီး ဆယ်ပါး’ ရဲ့ ဂိုဏ်းအသီးသီး အခြေစိုက်တဲ့ တစ်ခုတည်း သောနေရာပဲ၊ ငါတို့ဂေဟာ ပထမထပ်ရဲ့အဝင်ဝနဲ့ဆိုရင် တော်တော်ဝေးတယ် နောက်မှအထက်ထပ်တွေကနေ ထွက်ရင်တော့ ပိုနီးလိမ့်မယ်”
ဒါကြောင့်ကိုး စုကျို နားလည်သွားရသည်။ ပထမထပ်၏အဝင်ဝမှာ တော်တော်လေးလူသူကင်းဝေးသည့်နေရာတွင် ရှိနေခြင်းဖြစ်သည်။
“ကျင့်ကြံခြင်းလမ်းစဉ်ကြီး ဆယ်ပါးရဲ့ ဂိုဏ်းတွေလား ?” စုကျီကျီ ကျင့်ကြံနေရင်းမှ စပ်စုလိုစိတ်ဖြင့် မျက်လုံးဖွင့်ကြည့်သည်။
“ဟုတ်တယ်၊ ဒီကနေသွားရင် တဖြည်းဖြည်းမြင်ရလိမ့်မယ်”
ဆေးဝါး၊ ကုန်သွယ်မှု၊ စိုက်ပျိုးရေး၊ စစ်ရေး၊ ရက်ကန်း၊ စာပေ၊ အစားအစာ၊ ဂီတ၊ အထွေထွေနှင့် အုပ်ချုပ်ရေး။
ဤကမ္ဘာရှိ ကျင့်ကြံခြင်းလမ်းစဉ်ကြီး ဆယ်ပါးဖြစ်သည်။ ဝိညာဉ်ပိုးဖလံဂေဟာသည် ထိုထဲမှ တစ်ခုမျှသာ။
အမှန်ပင် ယင်လီ လှည်းမောင်းလာသည်နှင့်အမျှ အောက်ခြေအဆင့် စိုက်ပျိုးမြေကွက်များကို စတင်တွေ့မြင်လာရပြီး၊ ထို့နောက်တွင် ချည်ငင် အဝတ်ရက်နေသည့် ရက်ကန်းသည်များ၏ လှည်းများကိုတွေ့ရသည်။
ဝိညာဉ်အမြုတေအဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများ၏ ကုန်လှည်းကြီးများ၊ ဝိညာဉ်စစ်ထုတ်ခြင်းအဆင့် လှည့်လည်ကုန်သည်များမှာ ကျင်းကွေ့မြို့ဆီသို့ တစိုက်မတ်မတ်သွားလာနေကြသည်။
တစ်ခါတစ်ရံတွင် စာပေပညာရှင်များ၏မြင်းလှည်းများလည်း ထိုစီတန်းနေသော လူအုပ်ကြီးထဲဖြတ်သန်းသွားတတ်သည်။
ဤကမ္ဘာ၏လမ်းစဉ်အသီးသီး၊ လုပ်ငန်းပေါင်း ၃၆၅ မျိုးတို့သည် သူတို့ရှေ့တွင် တဖြည်းဖြည်းပွင့်လင်းလာသည်။ စုကျီကျီနှင့် စုရှင်းချန်တို့မှာ မျက်စိတစ်ဆုံးငေးမောကြည့်ရှုရင်း မောနိုင်ကြပုံမရပေ။
ခရီးတစ်ဝက်တွင် ကြောက်မက်ဖွယ်ကောင်းသော သားရဲများသည် ကောင်းကင်မှ သူတို့လှည်းဆီသို့ ဝုန်းခနဲ ပြေးဆင်းလာတတ် သည်။ ထိုအခါမျိုးတွင် ယင်လီနှင့် ကျူးပိုင်ယွီတို့သည် တစ်လှည့်စီဆင်းတိုက်ကြပြီး သွေးချင်းချင်းနီလျက် ပြန်တက်လာတတ် ကြသည်။
ဤမြင်ကွင်းကို အကြိမ်ကြိမ်မြင်တွေ့ရပြီးနောက် စုကျီကျီနှင့် စုရှင်းချန်တို့သည်လည်း တဖြည်းဖြည်းပါဝင်လာကြသည်။
“ရှင်ယဲ့ (ရှင်သန်ခြင်း!)”
“ချန်မူ (သစ်သားဓာတ်မြှင့်တင်ခြင်း!)”
ထိုကလေးနှစ်ယောက်သည် ၎င်းတို့ သံပေါက်တူးများကိုကိုင်စွဲကာ သူတို့ ပါရမီများကိုအသုံးပြု၍ လေထဲမှသားရဲများကို တိုက်ခိုက်ကြသည်။ သစ်ကိုင်းနှင့် သစ်လုံးများက သားရဲများ၏ခန္ဓာကိုယ်ကို အဆက်မပြတ်ထိုးဖောက်သွားကြသည်။
လူတိုင်း၊ အထူးသဖြင့် ကလေးနှစ်ယောက်မှာ သားရဲများနှင့် တိုက်ပွဲဝင်ရင်း ဒဏ်ရာလေးများရလာကြသည်။
“ဒါကြောင့် ကျဲယင်လီက အထက်ကိုတက်လေ ပိုအန္တရာယ်များလေလို့ပြောတာကိုး”
စုကျီကျီသည် စိတ်လှုပ်ရှားမှုနှင့်အတူ စိုးရိမ်တုန်လှုပ်စွာဖြင့် သူမ၏ သွေးစိုနေသော မျက်နှာလေးကိုမော့ကြည့်လိုက်သည်။ နဖူးမှသည် နှုတ်ခမ်းအထိ အသားလန်နေသော ခြေသည်းရာကြီးသုံးကြောင်း!
တကယ်လို့သာ ချန်ယွမ်သာ ဘယ်ကမှန်းမသိ ရုတ်တရက်ပေါ်လာပြီး သူမကို ဘေးသို့မတွန်းထုတ်ခဲ့လျှင် သူမ ခေါင်းပြတ်သွား နိုင်သည်အထိပင် အန္တရာယ်ရှိခဲ့သည်။
“ကျေးဇူးတင်ပါတယ် ချန်ယွမ်”
စုကျီကျီ ကြောက်စိတ်မပြယ်သေးဘဲ မော့ကြည့်ရင်း၊ သူမကျဲ သင်္ချိုင်းကျောက်တိုင်တူးကတည်းက လူရှေ့မထွက်တော့သော ထိုမဟာမိစ္ဆာကြီးကိုလှမ်း၍ ကျေးဇူးတင်စကားဆိုလိုက်သည်။
“ကျဲ...ကျင့်ကြံခြင်းလမ်းမှာ လယ်စိုက်တာက အဆင့်နိမ့်တယ်လို့ဆိုရပေမဲ့၊ တကယ်တော့ ဒါက အန္တရာယ်အကင်းဆုံးပဲနော်” ဟု စုကျီကျီက ကြေးဝါနွားလှည်းပေါ်တွင် မျက်စိမှိတ်ကျင့်ကြံနေသော စုကျိုအား လှည့်ပြောလိုက်သည်။
လမ်းတစ်လျှောက်တွင် ဝိညာဉ်စစ်ထုတ်ခြင်းနှင့် အခြေခံတည်ဆောက်ခြင်းအဆင့်ရှိသော ကုန်သည်များ၊ ပညာရှိများနှင့် စစ်သည်များအားလုံးမှာ ဒဏ်ရာကိုယ်စီရနေကြသည်မဟုတ်ပါလား။
“ကဲ... ဒဏ်ရာတွေကို မြန်မြန်ကုစမ်း”
စုကျို လှည်းပေါ်တွင် လဲလျောင်းနေရာမှ ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပြီး၊ မိစ္ဆာသားရဲတွေရဲ့ တိုက်ခိုက်မှုဇုန်ထဲမှာ လမ်းလျှောက်နေဆဲဖြစ်သော စုရှင်းချန်ကိုလှမ်းနှိုးလိုက်သည်။
“နင်ရောပဲ၊ ဘာလုပ်နေတာလဲ ? လက်ကျိုးနေပြီလေ!”
“တကယ်ပဲ ငါ့ကို ခြေတု လက်တုတွေ လုပ်ပေးစေချင်နေတာလား ?”
စုရှင်းချန်သည် သူ့နှာခေါင်းကို ပွတ်လိုက်ရင်း ကျိုးနေသောလက်ကိုဖိကာ နွားလှည်းဆီသို့ နောက်ဆုတ်လာခဲ့သည်။ ထို့နောက် [ ဝိညာဉ်ပိုးဖလံဂေဟာ ပထမထပ်၏ ထူးချွန်ကျင့်ကြံသူ ဖူရှင်း၏ဂူ ] ကျောက်တိုင်ပေါ်သို့ အသာအယာတက်နင်းကာ ဒဏ်ရာသက်သာစေရန် လှဲချလိုက်တော့သည်။
မကြာမီမှာပင် သူ့ လက်ကျိုးဒဏ်ရာမှာ လုံးဝပျောက်ကင်းသွားသည်။
ချက်ချင်းဆိုသလိုပင် သူသည် သူ့မျက်နှာ သူ ပြန်စမ်းကြည့်ပြီး တိုက်ပွဲထဲသို့ နောက်တစ်ကြိမ်ပြန်ဝင်သွားပြန်သည်။
စုကျီကျီသည်လည်း အလောင်းတစ်ကောင်လို ငြိမ်သက်စွာလှဲနေရာမှ ခွန်အားအပြည့်ဖြင့် ဝုန်းခနဲထရပ်ကာ တိုက်ပွဲထဲသို့ ပြန်လည်ပါဝင်သွားတော့သည်။
စုကျို နှုတ်ခမ်းများ တွန့်သွားရသည်။
“ချန်ယွမ်... သူတို့တွေ အရမ်းသွေးကြွနေကြတယ်လို့ နင် မထင်ဘူးလား ?”
“ဒီတိရစ္ဆာန်ရဲ့ကျောက်တိုင်က အပြင်ဒဏ်ရာကိုပဲ ကုပေးတာ၊ ဝိညာဉ်စွမ်းအားတိုးပေးတာမှ မဟုတ်တာ”
သူမ နှာခေါင်းရှုံ့ရင်း ခေါင်းခါလိုက်မိသည်။
သို့သော် ယင်လီနှင့် ကျန်သူများမှာမူ ဒဏ်ရာရလိုက်၊ ပြန်ကုလိုက်နှင့် ထိုအမှုအား စွဲလမ်းနေကြပြီး၊ မိစ္ဆာသားရဲအုပ်ကြီးထံ မျက်လုံးအိမ်နီရဲလျက် ရင်ဆိုင်နေကြသည်။
“လာစမ်း! နောက်ထပ် လာခဲ့ကြစမ်း!”
“ငါ့ကို ကိုက်စမ်း၊ ကိုက်စမ်းပါ”
“နင်တို့ လာမှာကို မကြောက်ဘူး၊ မလာမှာကိုပဲ ကြောက်တာ!!”
ယင်လီ၊ ကျူးပိုင်ယွီ၊ စုကျီကျီနှင့် စုရှင်းချန်တို့မှာ တကယ်ကို အရှက်မရှိ ရဲတင်းနေကြလေသည်။ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ပေးနိုင်သည့် 'ကျောက်တိုင်' ဝိညာဉ်လက်နက်အား ကိုင်ဆောင်ထားသဖြင့် သူတို့ ဘာကိုမှမကြောက်တော့ပေ။
မသေမချင်း အချိန်မရွေး သွေးပြန်အပြည့်ဖြည့်နိုင်သည် မဟုတ်ပါလား!
သူတို့သည် နွားလှည်းပင်မစီးတော့ဘဲ ကျင်းကွေ့မြို့ဆီသို့ လမ်းလျှောက်သွားရင်း၊ လမ်းခရီးရှိကြောက်မက်ဖွယ်ကောင်းသော ငှက်ဆိုးများနှင့် သားရဲများကို ၎င်းတို့ကျင့်စဉ်အဆင့်မြှင့်တင်ရန် လေ့ကျင့်ခန်းများအဖြစ်အသုံးချနေကြသည်။
တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်တွင် လူဦးရေပိုမိုများပြားလာသည်။
“ဒါ... ဒါက ဘာကြီးလဲ ??”
“ဝိုး... သူတို့ သရုပ်ဆောင်တာက ငါတို့ ဝိညာဉ်စွမ်းအားနဲ့ ရင်ဘတ်ပေါ် ကျောက်တုံးတင် ခွဲတာထက်တောင် ပိုတော်သေးတယ်!”
“ဒီလေးယောက်က ငါတို့ ‘ဖျော်ဖြေရေးဂိုဏ်း’ ကများလား ?”
ဖျော်ဖြေရေးဂိုဏ်းဆိုသည်မှာ ကြက်တိုက်ခြင်း၊ မျောက်တိုက်ခြင်း၊ ရင်ဘတ်ပေါ် ကျောက်တုံးတင်ခွဲခြင်း၊ မီးမှုတ်ခြင်းနှင့် ဓားမျိုခြင်းစသည့် အတတ်ပညာများဖြင့် ကျင့်စဉ်အဆင့်မြှင့်တင်ရသည့် လမ်းစဉ်တစ်ခုဖြစ်သည်။
ဖျော်ဖြေရေးကျင့်ကြံသူတစ်ဦးသည် လှည့်ကွက်ပေါင်းစုံကို ကျွမ်းကျင်လေလေ၊ လမ်းသွားလမ်းလာများ၏ ဆုလာဘ်နှင့် အားပေးမှုကို ရရှိလေလေဖြစ်ပြီး ကျင့်စဉ်မှာလည်း ပိုမိုမြန်ဆန်စွာတိုးတက်လေလေဖြစ်သည်။
“မျက်နှာသစ်တွေပဲ၊ ငါတို့ စီးပွားရေးကို လာလုတာလား?”
“စိတ်ဝင်စားဖို့ကောင်းတယ်၊ တကယ် ဖျော်ဖြေမှုပေးနိုင်တာပဲ!”
“ကောင်းတယ်!”
ဖြောင်း ဖြောင်း ဖြောင်း!
စုကျီကျီသည် သိမ်းငှက်တစ်ကောင်၏ပခုံးကို ထိုးဖောက်တိုက်ခိုက်ခြင်း ခံလိုက်ရပြန်သဖြင့် ယိုင်နဲ့ကာ ကျောက်တိုင်ပေါ်သို့ လဲကျသွားသည်။ သူမသည် ပြန်လည်ထိုင်လိုက်ပြီးကုသမှုခံယူကာ မကြာမီမှာပင် ခွန်အားအပြည့်ဖြင့် သွေးချင်းချင်းနီလျက် ပြန်ထလာရာ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထံမှ သောင်းသောင်းဖျဖျ အားပေးသံများထွက်ပေါ်လာတော့သည်!
“ညီမလေး... တော်လိုက်တာ! နောက်တစ်ခါ လုပ်ပြဦး!”
ဝိညာဉ်ကျောက်တုံးကြီး အချို့မှာ သူမ ရှေ့သို့ လွင့်စဉ်ကျလာသည်။
ဤတစ်ကြိမ်တွင် ခြေထောက်ကျိုးသွားသော စုရှင်းချန်ကမူ ကျောက်တိုင်ပေါ်ထိုင်လိုက်ရာ ဒဏ်ရာမှာ ချက်ချင်း ပြန်ပျောက် သွားပြန်သည်။ ထိုအခါ သူ့ ခြေရင်းသို့လည်း ဝိညာဉ်ကျောက်တုံးများစွာကျရောက်လာတော့သည်!
“မဆိုးဘူး... ဒီလိုသာ ဆက်လုပ်ရင် ‘အခြေခံတည်ဆောက်ခြင်း’ အဆင့်ကိုရောက်ပြီး အကောင်းဆုံးဖျော်ဖြေရေးပညာရှင် ဖြစ်လာနိုင်တယ်”
“အပြစ်ပြောစရာ မရှိဘူး၊ သရုပ်ဆောင်တာက အစစ်အတိုင်းပဲ!”
စုကျီကျီ၊ စုရှင်းချန်၊ ယင်လီနှင့် ကျူးပိုင်ယွီတို့မှာ ပတ်ဝန်းကျင်ကို ကြောင်အမ်းအမ်းကြည့်နေကြသည်။
သူတို့ သတိထားမိလိုက်ချိန်တွင်... သူတို့သည် လမ်းတစ်လျှောက်တိုက်ခိုက်လိုက်၊ ကျောက်တိုင်ပေါ် လှဲကုလိုက်နှင့် မသိမသာပင် ကျင်းကွေ့မြို့ အဝင်ဝသို့ရောက်ရှိနေပြီဖြစ်သည်။ လူအုပ်ကြီးမှာလည်း သူတို့အား ဝိုင်းဝန်းကြည့်ရှုနေကြလေပြီ။
ဘယ်အချိန်ကတည်းက စုကျိုတစ်ယောက် နွားလှည်းပေါ်ကဆင်းလာမှန်းမသိပေမဲ့ သူ့ လက်ထဲမှာတော့ လူတွေ ဝိညာဉ်ကျောက်တုံးထည့်ဖို့ရာအတွက် ခွက်လေးလုံးအား အသင့်ကိုင်ထားပြီးသားဖြစ်နေသည်။
“!”
“!!!”
“နင်တို့လေးယောက်... မနက်ဖြန်ရော ထပ်ပြဦးမှာလား ?”
အားပေးနေကြသည့် လမ်းသွားလမ်းလာများမှ မျှော်လင့်တကြီးမေးလာကြသည်။
“ဒီ ‘သေရာကပြန်ရှင်လာတဲ့’ ပြကွက်ကို မနက်ဖြန်ရော ထပ်ပြမှာလားဟင် ?”
“.................”
ထိုခဏမှာပင် စုကျီကျီနှင့် စုရှင်းချန်တို့ ကိုယ်ပေါ်တွင် ကျင့်စဉ်အဆင့်တိုးတက်သွားသည့် ဝိညာဉ်စွမ်းအင် အလင်းတန်းလေး များဖြာထွက်လာသည်။ အစွန်းရောက်တိုက်ပွဲများနှင့် သေရေးရှင်ရေး အခြေအနေများကို ကြုံတွေ့ဖြတ်သန်းလိုက်ရသည့် အတွက် သူတို့နှစ်ဦးစလုံးအဆင့်တက်သွားကြခြင်းပင်!
“ကောင်းတယ်!”
ဝိညာဉ်ကျောက်တုံးကြီး နောက်ထပ်နှစ်တုံး သူတို့ရှေ့သို့ ထပ်မံလွင့်စင်ကျလာပြန်သည်။
“!!!”
“ကျဲ... မြို့ထဲကလူတွေက တကယ်ပျော်ဖို့ကောင်းတာပဲ”
ချွေးတပြိုက်ပြိုက်နှင့် စုကျီကျသည်က စုကျိုလက်ကိုဆွဲရင်း ရယ်မောကာ ပြောလိုက်သည်။
စုကျို ပြုံးလိုက်ရင်း သူ့ မုန်ညင်းစေ့အိတ်ကို တစ်ချက်စစ်ဆေးလိုက်ရာ ဖျော်ဖြေရေးဝင်ငွေ ၂၃၁ တုံး ရရှိထားသည်ကို တွေ့ရသည်။ တကယ်ကို ပျော်စရာကောင်းလှသည်။
“ကဲ... အရင်ဆုံး ရှင်းရှင်းလင်းလင်း ပြောထားမယ်နော်၊ နင်တို့က ကိုးပုံ ယူ၊ ငါက တစ်ပုံ ယူမယ်”
စုကျို လက်ညှိုးလေးထောင်ပြလိုက်ရင်း “ငါ လှည်းပေါ်ကဆင်းပြီး အတူမကပြပေမဲ့ ဒီစိတ်ကူးက ငါ့ စိတ်ကူးလေ”
ယင်လီနှင့် ကျန်သုံးယောက် : “...”
သူတို့အားလုံး ဘေးနားရှိ ကြေးဝါနွားလှည်းပေါ်သို့ အမြန်ပြေးတက်ကြတော့သည်!
“ဟာ... သူတို့က ‘ဖျော်ဖြေရေးဂိုဏ်း’ က မဟုတ်ဘူးလား?”
“ဝိညာဉ်ပိုးဖလံဂေဟာက လူတွေ ဖြစ်နေတာလား ?”
“??? ဝိညာဉ်ပိုးဖလံဂေဟာက အခုထိ အဲ့လောက်တောင် ဆင်းရဲနေတုန်းလား? ငါတို့လို လေလွင့်ဖျော်ဖြေရေးသမားတွေရဲ့ ထမင်းပန်းကန်ကိုတောင် လာလုနေကြပြီလား!?”
ကြေးဝါလှည်းထဲတွင် ကာကွယ်ရေးအဆောင်လက်ဖွဲ့များကိုပြန်ဖြုတ်ထားသည့် ယင်လီနှင့် ကျန်သုံးယောက်မှာ ရှက်လွန်းသဖြင့် မျက်နှာလေးများနီမြန်းနေကြသည်။
“တောက်! မရှက်တတ်လိုက်တာ!”
“ယင်လီ... တော်ပြီ၊ ချန်ကျိုး မျက်နှာဖုံးကို အခုချက်ချင်းချွတ်လိုက်တော့!”
“...”
ယင်လီ နားရွက်လေးများနီရဲနေပြီး သူ့ 'မျက်နှာ' ကို အသာအယာစမ်းကြည့်လိုက်သည် - “နင် ဘာတွေ ပြောနေတာလဲ ? ငါက ချန်ကျိုးပါဟ”
စုကျီကျီနှင့် စုရှင်းချန်တို့က စုကျိုထံ အားကျသလိုကြည့်လိုက်ကြသည်။
စုကျို လက်နှစ်ဖက်ကို ဘေးသို့ဖြန့်ပြရင်း - “ဒါပဲလေ၊ ငါ သူ့ကို အကုန်ရောင်းလိုက်ပြီ”
ယင်လီ သူတို့တစ်ယောက်ချင်းစီထံ မျက်နှာဖုံးတစ်ခုစီ လှမ်းပေးလိုက်သည် - “မရှက်ကြပါနဲ့၊ စိတ်ကြိုက်သာ သုံးကြ၊ ပျက်သွားရင်လည်း ကျဲ... မဟုတ်ဘူး၊ ငါ ချန်ကျိုးက အကြီးအကဲယင်လီကို ပြန်ပြင်ခိုင်းပေးမယ်”
“...”
“...”
အမွှေးတိုင်တစ်တိုင်စာခန့် အချိန်ကြာပြီးနောက်တွင်မှ သူတို့၏သင်္ချိုင်းကျောက်တိုင် ပြကွက်အားကြည့်နေသော လူအုပ်ကြီး လူစုကွဲသွားတော့သည်။
ယင်လီ ချန်ကျိုးမျက်နှာဖုံးကိုချွတ်လိုက်ပြီး ယုံကြည်မှုရှိသော ခြေလှမ်းများဖြင့် စုကျိုနှင့် ကျန်လူများကို ကျင်းကွေ့မြို့ထဲသို့ ဦးဆောင်ခေါ်သွားသည်။
မြို့ထဲတွင်တော့ ဆိုင်ကနားပေါင်းစုံ စည်ကားနေပြီး မြည်းစမ်းကြည့်နိုင်သည့် ဆေးလုံးများ၊ ရောင်းချနေသည့် ဝိညာဉ်အစား အစာများနှင့် နတ်သမီးအလှကုန်ဆိုင်များ နေရာအနှံ့ရှိနေသည်။
“နင်တို့တွေ ဒီနေ့ မြို့ထဲမှာ အဆင့်တက်သွားတာ တကယ်ကံကောင်းတာပဲ၊ စုကျိုလည်း လွန်ခဲ့တဲ့နှစ်ရက်ကပဲ ဝိညာဉ်စစ်ထုတ်ခြင်း သတ္တမအဆင့်ကို ရောက်သွားတာလေ” ဟု ကျူးပိုင်ယွီက အတွေ့အကြုံရှိသူပီပီ ပြောပြသည်။
“ဈေးဝယ်ပြီးရင် ငါတို့အားလုံး ‘ရှီးရှန်ဆောင်’ ကိုသွားပြီး ကျင့်ကြံသူတွေရဲ့ စိတ်နှလုံးထဲက အညစ်အကြေးတွေကို သွားဆေးကြောကြမယ်၊ အဆင့်တက်တိုင်းမှာ ဒါက ပျော်ပါးဖို့... မဟုတ်ဘူး၊ အရင်က ရှိခဲ့တဲ့ စိတ်မိစ္ဆာတွေကို သန့်စင်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ!”
သူ ပြောရင်းနှင့် မျှော်လင့်တကြီး အမူအရာပေါ်လာသည်။
ယင်လီ မျက်နှာမှာလည်း ကျေနပ်အားရမှုဖြင့်ဝင်းပနေပြီး မစောင့်နိုင်တော့သည့်အလား - “မြန်မြန်သွားရအောင်! တစ်လမှာ တစ်ခါရတဲ့ ဒီဇိမ်လေးကို ငါ အရမ်းမျှော်လင့်နေတာ!”
စုကျို : “?”
သူမကမူ ဇဝေဇဝါဖြစ်နေပြီး ကလေးနှစ်ယောက်မှာလည်း စပ်စုလိုစိတ်များဖြင့်ပြည့်နေသည်။ သို့သော် ယင်လီနှင့် ကျူးပိုင်ယွီတို့၏ စွဲလမ်းနေသော အမူအရာကိုကြည့်ပြီး စုကျိုလည်း စိတ်ဝင်စားလာတော့သည်။
စုကျိုသည် ယင်လီနောက်သို့လိုက်ကာ ဘဏ်တွင် ငွေစက္ကူများကိုဝိညာဉ်ကျောက်တုံးများဖြင့် လဲလှယ်လိုက်သည်။ ထို့နောက် ဈေးဝယ်စာရင်းကို စစ်ဆေးပြီး ဆေးဆိုင်အချို့သို့ သွားရောက်ဝယ်ယူကြသည်။
“ဝိုး... အကြီးအကဲဖြစ်ရတာ ဒါကြောင့် အခွင့်ထူးခံရတာကိုး”
ယင်လီသည် ဝိညာဉ်ပိုးဖလံဂေဟာ၏အကြီးအကဲတံဆိပ်ကို အသုံးပြုကာ ဒုတိယအဆင့်ဆေးလုံး သုံးပုလင်းကိုအကြွေးဖြင့် အောင်မြင်စွာ ဝယ်ယူနိုင်သည်ကိုကြည့်ပြီး ကျူးပိုင်ယွီ အားကျစွာဖြင့်ဆိုလာသည်။
“နင်လည်း အဆင့်မြင့်တဲ့ နေရာတစ်ခုကိုရောက်သွားရင် ဒီလို အကြွေးစနစ်ကို သုံးလို့ရတာပဲ”
ယင်လီက ဆေးလုံးများကို သိမ်းဆည်းလိုက်ရင်း ကျင်းကွေ့မြို့သို့ ပထမဆုံးအကြိမ်ရောက်ဖူးသည့် စုကျိုတို့ကို ရှင်းပြသည် - “ကျင်းကွေ့မြို့က ဒီနှစ်မှာ ‘ဝိညာဉ်လက်မှုပညာရှင်ဂိုဏ်း’က လက်နက်တွေလုပ်ပြီး အသက်မွေးတဲ့ကျင်းမိသားစုရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေတာ”
“ကျင်းမိသားစုက ဆက်ဆံရေးအရမ်းကောင်းတယ်၊ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ သူတို့က ဂိုဏ်းအသီးသီးကအကြီးအကဲ တပည့်တွေကို မြို့တစ်မြို့လုံးမှာ အကြွေးနဲ့ဝယ်ယူခွင့်ပြုတဲ့ အကျိုးခံစားခွင့်ပေးထားတာလေ”
Chapter 46
“ဒါနဲ့... နင် ဒါကို အရင်က မြင်ဖူးမှာပေါ့နော် ?” ယင်လီက ဆက်ပြောပြသည်။
“ကျင်းမိသားစုရဲ့ အလားအလာအရှိဆုံး လူငယ်မျိုးဆက်ကတော့ ဝိညာဉ်ပိုးဖလံဂေဟာရဲ့ ၃၅ ထပ်မြောက် အကြီးအကဲတပည့် ‘ကျင်းချန်’ပဲ”
စုကျိုက မျက်ခုံးပင့်လိုက်သည်။ ဒါဆို ဒါက နံပါတ် ၅ ငါး ကျင်းချန်ရဲ့ဇာတိမြေပေါ့ ? သူမ ပြုံးလိုက်မိသည်။ တကယ်ကို အပြင်ထွက်လည်ဖို့လိုအပ်တာပဲ။ ဝိညာဉ်ပိုးဖလံဂေဟာပထမထပ်မှာ တန့်နေတဲ့ အကြွေးတောင်းခံခြင်းလုပ်ငန်းစဉ်က ယခုမှပဲ အသက်ဝင်လာတော့မည်။
“ဂိုဏ်းအသီးသီးက ပူးပေါင်းဆောင်ရွက်ကြပြီး တပည့်တွေ၊ မျိုးဆက်သစ်တွေကို အတွေ့အကြုံဖလှယ်ဖို့ တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း စေလွှတ်လေ့ရှိကြတယ်၊ ကျင်းချန်က ငါတို့ ဝိညာဉ်ပိုးဖလံဂေဟာကို လာရောက်ဖလှယ်တဲ့ ကျင်းမိသားစုရဲ့ မျိုးဆက်တွေထဲက တစ်ယောက်ပေါ့”
ယင်လီ ပြောနေရင်း စုကျို အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသွားသည်။ ဘေးက ကလေးနှစ်ယောက်မှာလည်း ရှုပ်ထွေးသော အမူအရာများရှိနေကြသည်။ စုကျို ရယ်မောရင်း သူ့ ညာဘက်လက်ကို မြှောက်ပြလိုက်သည်။
“ဝိုး...”
ကျူးပိုင်ယွီက နောက်သို့ ဆုတ်လိုက်ရင်း “ဘာက သူ့ကို လှုံ့ဆော်လိုက်တာလဲ? ကျင်းမိသားစုလား၊ ဒါမှမဟုတ် ကျင်းချန်လား?”
“ငါ့ရဲ့ ငါးအမှတ် ၅ လေ”
“...”
အမှန်ပင်၊ သူတို့ နောက်လမ်းတစ်ခုရှိ ဝိညာဉ်လက်နက်ဆိုင်များဘက်သို့ လှည့်လိုက်သောအခါ ဆိုင်ဆိုင်းဘုတ် အတော်များ များတွင် “ကျင်း” ဟူသော စာလုံးကိုတွေ့ရသည်။
ထို့ပြင် ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားသည့် “ကျင်းယွီထန်”ရွှေရောင်ကျောက်စိမ်းခန်းမဟူသော ဝိညာဉ်လက်နက်ဆိုင် ကြီးတွင် “ဝိညာဉ်ပိုးဖလံဂေဟာ ၃၅ ထပ်၏ ပါရမီရှင်အကြီးအကဲ ကျင်းချန်” နှင့် “ဝိညာဉ်ပိုးဖလံဂေဟာ၏ အသက်အငယ်ဆုံး အခြေခံတည်ဆောက်ခြင်းအဆင့် ပါရမီရှင် ကျင်းချန်” ဟူသော လူတစ်ရပ်စာ ပုံတူပန်းချီကားများနှင့် ရုပ်ထုများကိုပင် ခင်းကျင်းပြသထားသည်။ စုကျို ခြေလှမ်းများရပ်တန့်သွားသည်။
စုရှင်းချန်နှင့် စုကျီကျီတို့မှာ ထိုခန့်ညားထည်ဝါလှသော ပုံတူကားများကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။ စုမောင်နှမတို့ ပထမထပ်မှာနေလာတာ ၇ နှစ်၊ ၈ နှစ် ရှိပြီဖြစ်သည်။ ကျင်းချန်သည် လွန်ခဲ့သော ၃ နှစ်က ပထမထပ်၏ အကြီးအကဲဖြစ်ခဲ့ပြီး၊ သုံးလအတွင်းမှာတင် အဆင့် ၁၀ အထိ တက်လှမ်းနိုင်ခဲ့သည့် အံ့မခန်းပါရမီရှင်တစ်ဦးဖြစ်သည်။ သို့သော် သူသည် စုကျိုပေးသမျှ ဝိညာဉ်ကျောက်တုံးများကို တစ်ခါမျှငြင်းပယ်ခြင်း မရှိခဲ့ပေ။
သူတို့သည် ကျင်းချန်မှာ ပိုက်ဆံသိပ်မရှိဘူးဟု အမြဲထင်ခဲ့ကြသည်။ သို့သော် ယနေ့တွင်မှ စုမောင်နှမတို့ သဘောပေါက်လိုက် သည်မှာ - “ဒါဆို... သူက ဒီလောက်တောင် ကျော်ကြားတာလား၊ ပြီးတော့ မိသားစုကြီးတစ်ခုရဲ့မျိုးဆက်လည်း ဖြစ်နေတာပဲ”
“ကျင်းချန်က တကယ်တော့ အစကတည်းက ချမ်းသာတဲ့ သခင်လေးတစ်ယောက်ပဲ”
ယင်လီ ၎င်းတို့၏ဟောင်းနွမ်းနေသော အဝတ်အစားများကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ သူမသာ ဂေဟာကိုလွန်ခဲ့သော နှစ်နှစ်ကတည်းက ရောက်ခဲ့လျှင် ဤငါးခုနစ်ကောင် စုကျိုမိသားစုအား နှိပ်စက်နေခြင်းကို တားဆီးပေးခဲ့မည်မှာ အသေအချာ ပင်။
“ကျင်းမိသားစုရဲ့ လက်နက်ပညာက ဝိညာဉ်ပိုးဖလံဂေဟာနဲ့အဆင့်အတန်းတူတဲ့ ဝိညာဉ်လက်မှုပညာရှင်ဂိုဏ်းက ကျောထောက်နောက်ခံပေးထားတာ”
“သတင်းတွေအရတော့ ကျင်းချန်က မူလက မိသားစုခေါင်းဆောင်ရဲ့ မွေးစားသားပဲ၊ ဒါပေမဲ့ သူက ကျင့်စဉ်မှာ အရမ်းမြန် ဆန်ပြီး နောက်ပိုင်းမှာလည်း ထောက်ခံအားပေးသူတွေ အများကြီးရလာတယ်၊ ဒါကြောင့် ကျင်းမိသားစုက သူ့ကို ပိုတန်ဖိုး ထားလာပြီး မိသားစုခေါင်းဆောင်က သူ့သားအရင်းလိုဆက်ဆံတာ”
“သူ့ရဲ့ ကျင့်ကြံရေးရင်းမြစ်တွေက အခုဆို သာမန်ကျင့်ကြံသူတွေထက် အဆပေါင်းများစွာသာလွန်နေပြီ”
ဆိုင်တံခါးဝတွင် ရပ်နေရင်း စုကျိုသည် ရွှေရောင်ဆိုင်းဘုတ်နှင့် ခမ်းနားလှသော ‘ကျင်းယွီထန်’ ဆိုင်ကြီးကို လှမ်းမြင်နေရ သည်။ တံခါးဝတွင် ကျောက်စိမ်းခြင်္သေ့နှစ်ကောင် ရှိနေရုံသာမက ဆိုင်အတွင်းရှိ လှေကားနှင့် လက်ရန်းများမှာလည်းတလက် လက် တောက်ပနေသည်။ တံခါးဝရှိ ကျင်းချန်၏ လူတစ်ရပ်စာ ပုံတူကားများမှာတစ်ပုံလျှင် ဝိညာဉ်ကျောက်တုံး ၉၉၉ တုံး တန်ဖိုးရှိသည်။
စုကျို ထိုပုံတူကားများမှ ဝိညာဉ်စွမ်းအင် လှိုင်းထန်မှု တစ်ခုမှမခံစားရပေ။
ပိုဆိုးသည်မှာ ဘေးနားရှိ ရွှေရောင်ကျောက်ရုပ်ထုလေးမှာ သူမ ကူးယူထားသည်ထက်ပင် လက်ရာညံ့ဖျင်းပြီး လက်ဝါးစောင်း ခန့်သာ ရှိသော်လည်း ဝိညာဉ်ကျောက်တုံး ၁၉၉၉ တုံးပေးရခြင်းပင်။
ဒါ သိသိသာသာ ဓားပြတိုက်နေခြင်း ဖြစ်သည်။
စုကျိုသည် သူမ ပိုက်ဆံအား ခိုးယူသူများကို အမုန်းဆုံးပင်။
“ကျင်းမိသားစုက အမြဲတမ်းအမြတ်ကြီးစားတတ်ကြတယ်၊ ကျင်းချန်ကိုအားကျတဲ့ ကျင့်ကြံသူ အမျိုးသား၊ အမျိုးသမီးတွေ အများကြီးရှိတာကို အခွင့်ကောင်းယူပြီး ကျင်းချန်ရဲ့ ဝိညာဉ်တံဆိပ်တွေ၊ လက်မှတ်တွေနဲ့ရုပ်ထုတွေကို ဆိုင်မှာ အတိအလင်း ရောင်းစားကြတာ၊ ဒါတွေက ဘာမှ အသုံးမဝင်ပေမဲ့ သူ့ကို ကြိုက်တဲ့ ကျင့်ကြံသူလေးတွေကတော့ အလုအယက်ဝယ်ကြတာပဲ”
“ဒီစီးပွားရေး အခွင့်အလမ်းကိုမြင်တော့ ကျင်းမိသားစုက ကျင်းချန်ကိုပိုပြီး နာမည်ကြီးအောင်လုပ်ပြီး ပိုက်ဆံတွေ အများကြီး ရှာတော့တာပေါ့”
စုကျို နားလည်သွားသည်။ ကျင်းမိသားစုတစ်ခုလုံးက ကျင်းချန်နှင့် ပူးပေါင်းပြီး အတွင်းပုပ်သော်လည်း အပြင်ပန်းလှပသော ပုံရိပ်ကိုဖန်တီးကာ ပရိသတ်များအား ဆွဲဆောင်နေခြင်းပင်။
၎င်းတို့သည် အနုပညာအနွယ်ဝင်ပစ္စည်းများအားရောင်းပြီး ပိုက်ဆံရှာနေကြခြင်းဖြစ်သည်။
ဒါ မဆန်းပါဘူး၊ ကမ္ဘာပျက်ကပ်ထဲမှာတောင် Cele တွေရဲ့အရှိန်အဝါ ဆိုတာ ရှိခဲ့တာပဲလေ။
ဘဝက ခက်ခဲလွန်းလှသည်၊ ထိုသို့သောအခြေအနေတွင် ခွန်အားနှင့်ဉာဏ်ပညာရှိသော ပုဂ္ဂိုလ်ကြီးများက လူအများကို လမ်းပြပံ့ပိုးပေးခြင်းမှာ သဘာဝပင်။
ယင်လီပင်လျှင် ကျင့်ကြံသူအမျိုးသမီးကောင်းတစ်ယောက်ဖြစ်လာရန် ယုံကြည်ချက်ရှိသေးသည်။ သို့သော် အကြွေးဆပ်ရန် ငြင်းဆန်နေသည့် တိရစ္ဆာန်ကျင်းချန်ကရော ထိုသို့သော ဂုဏ်ပုဒ်နှင့်ထိုက်တန်ပါသလား ?
စုကျိုသည် သူ့ လက်မောင်းပေါ်ရှိ အမာရွတ်များယားယံလာသလို ခံစားလိုက်ရသည်။ သူမ ဤခန္ဓာကိုယ်ထဲ ကူးပြောင်းလာ သည့် ရက်ပိုင်းအတွင်း အိပ်မက်ဆိုးများ ခဏခဏမက်ခဲ့သည်။
အိပ်မက်ထဲတွင် သူမသည် မလှုပ်မယှက်ဖြင့် ကြည့်နေရုံသာတတ်နိုင်ပြီး၊ ခန္ဓာကိုယ်ပိုင်ရှင် မူလ ‘စုကျို’ မှာမူ သူမ၏ လက် မောင်းများကို ကိုယ်တိုင်လှီးဖြတ်ကာ ဝိညာဉ်စွမ်းအင်များပြည့်နှက်နေသော သွေးများကို ဇလုံအရွယ်အစားရှိ ဝိညာဉ်လက် နက်ထဲသို့ ညှစ်ထည့်နေခဲ့ရသည်။
တစ်ခါတစ်ရံတွင် ‘သူမ’ သည် တကယ်ကြောက်ရွံ့ခဲ့ရသည်။ ဤသို့ သွေးဖောက်နေခြင်းက သူ့ ကျင့်စဉ်အား ထိခိုက်စေမည် ကိုလည်း ကြောက်သည်။ အမာရွတ်ဗရပွနှင့် လက်မောင်းများကို သူတစ်ပါးက ရွံရှာမှာကိုလည်းစိုးရိမ်ခဲ့သည်။ သို့သော် ကျင်းချန်နှင့် ချန်ကျိုးတို့က ‘သူမ’ ကို အတင်းအကျပ်ဖိနှိပ်ကာ၊ သွေးများပိုထွက်လာစေရန် ‘သူမ’ ၏ သန့်ရှင်းစင်ကြယ် သော ခြေထောက်များကိုပါလှီးဖြတ်ခဲ့ကြသည်...
စုကျို မျက်လုံးများကို ပင့်ကြည့်လိုက်ရာ၊ ဆိုင်ထဲရှိပုံတူကားထဲမှ ကျင်းချန်၏တည်ငြိမ်အေးဆေးပြီး ဝင့်ကြွားနေသော မျက်နှာကို အမူအရာမဲ့စွာ စိုက်ကြည့်နေမိသည်။
ဒါ သူပဲ၊ သေချာတယ်။
သူ့ရဲ့ ငါးအမှတ် ၅ ပင်။
အိပ်မက်ထဲမှာ သူ့ အတင်းအကျပ် ခြေထောက်က အသားတွေလှီးဖြတ်ခဲ့တာ အဲဒီလူပဲ... စုကျို အတည်ပြုလိုက်နိုင်သည်။
သူမသည် ခမ်းနားလှသော ဆိုင်ကြီး၏အဝင်ဝတွင် ကပ်ထားသော ကုန်ပစ္စည်းသစ်ကြေညာချက်ကို ဖတ်လိုက်သည်။
【 ဝိညာဉ်ပိုးဖလံဂေဟာအတွက် အထူးသင့်လျော်သော ဒုတိယအဆင့် ကျောက်စိမ်းကပ်ကြေးများရောက်ရှိသည် 】
【 တတိယအဆင့် ပိုးချည်ထုတ်လုပ်ရေးနှင့် သွန်းလုပ်ရေးကိရိယာများ ရောက်ရှိသည် 】
【 ကျွန်ုပ်၏သား ကျင်းချန် ၃၅ ထပ်မြောက် အကြီးအကဲအဖြစ် ရာထူးတိုးခြင်း အထိမ်းအမှတ်အဖြစ် ဝိညာဉ်ပိုးဖလံဂေဟာမှ အကြီးအကဲအားလုံးကို ၂၀ ရာခိုင်နှုန်း လျှော့ဈေးပေးပါမည်။ 】
ဒါပဲ၊ ဒီဆိုင်ပဲ။
ကောင်းပြီလေ!
“ဝုန်း!”
စုကျို လက်နှစ်ဖက်ကိုနောက်ပစ်ကာ သုံးထပ်တိုက် ‘ကျင်းယွီထန်’ ဆိုင်ထဲသို့ဝင်ရန် ပြင်လိုက်စဉ်၊ သာမန်အဝတ်အစား ဝတ်ထားသော အဘိုးအိုတစ်ဦးနှင့် သူ့မြေးမလေးမှာ ဆိုင်ဝန်ထမ်းတစ်ဦး၏ကန်ထုတ်ခြင်းကို ခံလိုက်ရသည်ကို မြင်လိုက်ရသည်။
“ပိုက်ဆံမရှိဘဲနဲ့ ဘာလာကြည့်နေတာလဲ! ထွက်သွားစမ်း!”
အဘိုးအိုသည် သူ့မြေးမလေးကို ကာကွယ်ရင်း လှေကားထစ်များပေါ်မှ လိမ့်ကျသွားသည်။
“ကြည့်ရုံလေးကို ဘာဖြစ်လို့လဲ! ဘာလို့ လူကို ရိုက်ရတာလဲ?”
ယင်လီ သူမခြေရင်းသို့ လိမ့်ကျလာသော အဘိုးအိုနှင့် ကလေးမလေးကို တွဲထူပေးရင်း ဒေါသတကြီးမော့ကြည့်လိုက်သည်။
“လူတိုင်းက ဈေးဝယ်ဖို့လာကြတာပဲ၊ ငါတို့ ဘာလို့ဝင်လို့မရရမှာလဲ ? အရမ်းလွန်မလာနဲ့!”
ကျူးပိုင်ယွီသည်လည်း သူ့ ဝိညာဉ်ခါးပတ် ၈ ခုကို လွင့်ပျံစေလျက် အဘိုးအိုကိုအမြန်ပင် ဆေးလုံးတစ်လုံးပေးလိုက်သည်။ အဘိုးအိုက တုန်ရီနေသော မြေးမလေးကိုဖက်ထားရင်း ကျေးဇူးတင်စကားဆိုရှာသည်။
စုကျီကျီကမူ နှုတ်ခမ်းဆူကာ သူ့ထက်ငယ်သော ကလေးမလေးရှေ့တွင် မတ်တတ်ရပ်ပြီး ရန်လိုနေသော ဆိုင်ဝန်ထမ်းကို ကာကွယ်ပေးလိုက်သည်။
“အော်... အကြီးအကဲနဲ့ ပါရမီရှင်တို့ပဲ၊ ဘယ်အထပ်ကလဲ ခင်ဗျာ ?” ယင်လီနှင့် ကျူးပိုင်ယွီတို့ကို မြင်သည်နှင့် ဆိုင်ဝန်ထမ်း၏ ရန်လိုသောမျက်နှာမှာ ချက်ချင်းဖော်လွေပျူငှာသော မျက်နှာအဖြစ်ပြောင်းလဲသွားသည်။
“ကျွန်တော်တို့ ဆိုင်ကိုလာရောက်တာ ဂုဏ်ယူမိပါတယ်ခင်ဗျာ”
“အကြီးအကဲတို့လို ပါရမီရှင်တွေ အထဲကြွပါ၊ ကျွန်တော်တို့ သခင်လေး ကျင်းချန်က ဒီနှစ်မှာ ဝိညာဉ်ပိုးဖလံဂေဟာရဲ့ ၃၅ ထပ်မြောက် အကြီးအကဲဖြစ်လာတာလေ၊ သခင်လေး ကျင်းချန်အကြောင်း ကြားဖူးကြမှာပေါ့?”
ဆိုင်ဝန်ထမ်းက တဟားဟားရယ်ရင်း၊ မြေပြင်ပေါ်က အဘိုးအိုနှင့် ကလေး၊ ပြီးတော့ ဝိညာဉ်စစ်ထုတ်ခြင်းအဆင့်မှာပဲ ရှိသေးတဲ့ စုကျီကျီနဲ့ စုရှင်းချန်တို့ကို နှာခေါင်းရှုံ့ကြည့်လိုက်သည်။
“ပါရမီရှင်ကြီးတို့ရာ... ဒီလိုအောက်တန်းစားတွေနဲ့ ဘာလို့ စကားများနေမှာလဲ ?”
သူ ကောင်းကင်ကို လက်အုပ်ချီရင်း ဝင့်ဝင့်ကြွားကြွားဖြင့် ယင်လီနှင့် ကျူးပိုင်ယွီတို့အားဆိုင်ထဲရှိ အဖိုးတန်ပစ္စည်းများ ပြသရန် ဖိတ်ခေါ်လိုက်သည်။
“ကျွန်တော်တို့ ကျင်းယွီထန်မှာရောင်းတဲ့ ဝိညာဉ်လက်နက်တိုင်းက ဝိညာဉ်လက်မှုပညာရှင်ဂိုဏ်းက ကျင်းမိသားစု ကိုယ်တိုင် လုပ်ထားတာပါ”
“ဒုတိယအဆင့်နဲ့ တတိယအဆင့် ဝိညာဉ်လက်နက်တွေရဲ့ အလင်းရောင်မှာ ကောင်းကင်နဲ့ မြေကြီးရဲ့ အဆီအနှစ်တွေ ပါဝင်နေတာ၊ အဆင့်နိမ့်ကျင့်ကြံသူတွေက ဘယ်လိုလုပ် ဒါတွေကို ကြည့်ရှုခံစားနိုင်မှာလဲ ?”
“သူတို့က ဒါတွေကို ထိလိုက်တာနဲ့၊ အကြီးအကဲတို့ဂေဟာက အဖိုးတန်ပိုးစာရွက်တွေကို အဆင့်နိမ့်အပင်တွေရဲ့ အငွေ့ အသက်နဲ့ ညစ်ညမ်းစေသလိုမျိုးပဲ—လက်နက်တွေရဲ့အရည်အသွေးက ကျဆင်းသွားပြီး ဝိညာဉ်စွမ်းအင်တွေ ခမ်းခြောက် သွားလိမ့်မယ်”
“ကြားဖူးတာကတော့ အဲဒီလို ညစ်ညမ်းသွားတဲ့အရွက်တွေကို အကြီးအကဲတို့ ဂေဟာက ဝိညာဉ်ပိုးကောင်တွေတောင် မစားတော့ဘူးဆိုပဲ”
ယင်လီ မျက်နှာပျက်သွားသည်။ ဤစကားများသည် လွန်ခဲ့သောရက်အနည်းငယ်က သူကိုယ်တိုင် စုကျိုကို ပြောခဲ့သော စကားများ မဟုတ်ပါလား ?
ထိုစကားများက ယခုအခါ ‘ကျင်းယွီထန်’ ဆိုင်က အဆင့်နိမ့်ကျင့်ကြံသူများကို နှိမ်ချရန်နှင့် ဆိုင်ထဲသို့ ဝင်ခွင့်မပြုရန် အကြောင်းပြချက်ဖြစ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
“ထွီး!” မောက်မာလှသော ဆိုင်ဝန်ထမ်းသည် မြေပြင်ပေါ်ရှိ အဘိုးအိုနှင့်ကလေးအား တံတွေးနှင့်ထွေးကာ ဒုတိယအဆင့် ကျောက်စိမ်းဆံထိုးလေးကို ကိုင်ရင်းကျိန်ဆဲလိုက်သည်။
“ဒုတိယအဆင့် ဝိညာဉ်ရတနာတဲ့လား? ဒါက မင်းတို့လိုကောင်တွေ အနားကပ်ရမယ့် အရာမျိုးလား?”
“ပျက်စီးသွားတဲ့ ရတနာကို ပါရမီရှင် ကျင့်ကြံသူတွေဆီ ဘယ်လိုလုပ်ရောင်းလို့ရတော့မှာလဲ?”
အဘိုးအိုမှာ မျက်နှာလေး နီမြန်းလျက် မြေးမလေးကို ဆွဲခေါ်ရန်ပြင်သည်။
“ကျွန်တော်တို့ ကြည့်ရုံတင် ကြည့်တာပါ၊ ဘာမှ မထိခဲ့ပါဘူး...”
စုကျီကျီကမူ အံကြိတ်ထားသည်။
စုရှင်းချန်သည် ကလေးမလေးတွင် ဒဏ်ရာရ၊ မရ အရင်စစ်ဆေးပေးပြီးမှ မတ်တတ်ရပ်ကာ ဆိုင်ဝန်ထမ်းကို စိုက်ကြည့်လိုက် သည်။
“ခင်ဗျားတို့ ဈေးရောင်းနေတာပဲ၊ မရောင်းချင်ရင်လည်း အစကတည်းက ပြောပါလား? အခုတော့ လူကိုလည်း ဒဏ်ရာရအောင် လုပ်သေးတယ်၊ ကိုယ့်ကိုကိုယ် မှန်တယ်လို့ ထင်နေတုန်းပဲလား?”
ဆိုင်ဝန်ထမ်းက ပြုံးလိုက်ပြီး ဆိုင်တံခါးဝမှာကပ်ထားတဲ့ အဝါရောင်စာရွက်ကို ညွှန်ပြလိုက်သည်။
【 ပိုက်ဆံမရှိလျှင် ဝင်ခွင့်မပြု! 】
【 ဆိုင်ရှိ ဝိညာဉ်လက်နက်များကို အနည်းငယ်မျှ ထိခိုက်စေလျှင် ဆယ်ဆ လျော်ကြေးပေးရမည်! 】
“သူတို့အတွက် စေတနာနဲ့ ကန်ထုတ်လိုက်တာပါ”
ဆိုင်ဝန်ထမ်းက နှာခေါင်းရှုံ့ရင်း - “မဟုတ်ရင် သူတို့ လျော်နိုင်မှာမို့လို့လား?”
တံခါးဝတွင် လက်နှစ်ဖက်ကိုနောက်ပစ်ကာ ရပ်နေသော စုကျိုက နောက်ဆုံးတွင်တော့ အေးစက်စက် လှောင်ရယ်လိုက် ပါတော့သည်။
“ဒါ ကျင်းမိသားစုရဲ့ စည်းကမ်းလား ? တစ်ပဲအကြွေးတင်ရင် ဆယ်ဆပြန်ဆပ်ရမယ်ဆိုတာလေ ?”
စုကျိုသည် တံခါးဘောင်အရိပ်အောက်မှနေ၍ သူ့မျက်နှာကို မော့လိုက်ရာ၊ သစ်ပင်ရိပ်များအကြား လှပထက်မြက်သော သူ့မျက်လုံးများက အလင်းတစ်ဝက် အမှောင်တစ်ဝက်နှင့်တောက်ပနေသည်။
ဆိုင်ဝန်ထမ်းမှာ အံ့သြသွားပြီး သူမ နဖူးပေါ်က အဆင့် ၉၉ ဝိညာဉ်တံဆိပ်ကိုကြည့်ကာ အထင်အမြင်သေးသော အမူအရာ ပြန်ပေါ်လာသော်လည်း အနည်းငယ်တော့လျော့သွားသည် - “ဟုတ်တယ်၊ ဒါ ငါတို့စည်းကမ်းပဲ”
“ဒီဆိုင်ထဲမှာ တစ်ခုခုကိုဖျက်ဆီးမိရင် နင်က ဝိညာဉ်ပိုးဖလံဂေဟာရဲ့ ထိပ်တန်း ၁၀၀ ထဲမှာ ရှိနေရင်တောင် ဒီနေ့ ဒီကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး!”
“ငါ့ကို ဆယ်ဆလျော်ပေးရမယ်! မလျော်နိုင်ရင်တော့ နင့်ခန္ဓာကိုယ်နဲ့ ဆပ်ရလိမ့်မယ်!”
“နင်က ကျင်းယွီထန်ရဲ့ကျွန် ဖြစ်သွားမှာပဲ၊ နင်ဖျားတာ၊ ကျိုးတာကန်းတာ ဒါမှမဟုတ် အလုပ်မလုပ်နိုင်တော့တာတွေ ဖြစ်လာရင်တော့ နင့်လက်ခြေတွေကို ရိုက်ချိုးပြီး အကြွေးတွေ အကုန်ကျေတဲ့အထိ လက်နက်သွန်းဖိုထဲ ထည့်ပစ်မှာ!”
စုကျို နှုတ်ခမ်းလေးကို တွန့်ရုံမျှပြုံးလိုက်သည် - “ဟက်~... ကောင်းလိုက်တဲ့ စည်းကမ်းပါလား”
“ဘာ ?”
ဆိုင်ဝန်ထမ်း ကြောင်သွားသည်။
ဒီသာမန်ကျင့်ကြံသူ အမျိုးသမီးက ကြောက်လန့်သွားလိမ့်မည်ဟု သူထင်ခဲ့သော်လည်း သူမ လုံးဝ မကြောက်သည့်အပြင် ပြုံးတောင်ပြုံးနေသေးသည်။
စုကျို သူ့ ညာဘက်လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး ပြုံးလျက်ပင် လက်ဖဝါးမှာ ပတ်ထားသည် အဝတ်စုတ်တွေကို တစ်လွှာချင်းဖြေလျှော့လိုက်ပါတော့သည်။
စုကျီကျီနှင့် စုရှင်းချန်တို့ မျက်လုံးများဝင်းပသွားသည်။
ယင်လီနှင့် ကျူးပိုင်ယွီတို့ကမူ မှင်သက်သွားကြသည်။
စုကျို ဘေးသို့တစ်စောင်းလှည့်ကာ မျက်နှာတစ်ခြမ်းမှာ အရိပ်ကျနေလျက် သူတို့ကိုလှမ်းကြည့်သည် - “နင်တို့ အကုန်ကြားတယ်နော်”
“ဒီနေ့ နင်တို့အားလုံး သက်သေတွေပဲ”
“ငါ စုကျိုက ရိုးသားတဲ့လူပါ၊ ဒါပေမဲ့ သူတို့ကသာ... အကြွေးဆပ်ရင် ဆယ်ဆနဲ့ရှင်းရမယ်လို့ အတင်းတောင်းဆိုနေကြတာ”
ယင်လီနှင့် ကျူးပိုင်ယွီ : “...”