← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

Chapter 47

စုကျီကျီနှင့် စုရှင်းချန်တို့ကတော့ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ကြသည်။

ဒါက တကယ့်ကို ကျင်းမိသားစုရဲ့ တောင်းဆိုချက်ပဲ! ဆိုင်တံခါးမှာတောင် အတိအလင်းရေးထားတာပဲလေ။

စုကျီကျီ ခေါင်းညိတ်လိုက်သည် - “ကျင်းမိသားစုရဲ့ တောင်းဆိုချက်ကို ကျီကျီ မှတ်ထားလိုက်ပြီ ကျဲ!”

“ကောင်းပြီ” စုကျို ပြုံးလိုက်သည်။

သူမ ဆိုင်ထဲသို့ ဝင်သွားပြီး ယင်လီရှေ့က အဘိုးအိုနှင့် မြေးမလေးအနားသို့ချဉ်းကပ်လိုက်သည် - “အဘိုး... အဲဒီ ဒုတိယအဆင့် ဆံထိုးကို ကြည့်ချင်တာလား ?”

“မဟုတ်ပါဘူး၊ ဒီလိုရတနာမျိုးကို ကျွန်တော် ဘယ်လိုလုပ်မက်မောရဲပါ့မလဲ ? ကျွန်တော့်မြေးမလေးက မွေးကတည်းက ဒုတိယအဆင့် ဝိညာဉ်လက်နက်ကို တစ်ခါမှမမြင်ဖူးလို့ စပ်စုချင်တာပါ...”

အဘိုးအိုက ကြောက်လန့်နေသော မြေးမလေးကိုဖက်ထားရင်း သက်ပြင်းချသည်။

စုကျီကျီလည်း ထပ်တူခံစားလိုက်ရပြီး မျက်ရည်ဝဲလာသည်၊ သူလည်း တစ်ခါမှ မမြင်ဖူးဘူးလေ။ သူတို့က ဂေဟာရဲ့ အောက်ဆုံး အဆင့်မှာပဲနေခဲ့ရပြီး တစ်ခါမှ အပြင်မထွက်ဖူးတာကြောင့် ဒုတိယအဆင့် ဝိညာဉ်ရတနာဆိုတာ သူတို့အတွက်အဝေးကြီးမှာ ရှိနေခဲ့သည်ပင်။

“ကျဲ...”

စုကျီကျီက စုကျို အင်္ကျီစကိုဆွဲရင်း တောင်းဆိုလိုက်သည် - “သူ့ကို ကြည့်ခွင့်ရအောင် တစ်ခုခုလုပ်ပေးလို့ ရမလားဟင်?”

ယင်လီနှင့် ကျူးပိုင်ယွီတို့လို အစွမ်းထက်သူတွေရှိနေသော်လည်း စုကျီကျီ စုကျိုကိုသာ အားကိုးတကြီးလှမ်းကြည့်နေမိသည်။ စုရှင်းချန်လည်း စုကျို၏ညာဘက်လက်ကို ဝင်းပသောမျက်လုံးများဖြင့် စောင့်ကြည့်နေပါတော့သည်။

“ဟဲဟဲ”

စုကျို ရယ်မောလိုက်ရင်း - “ခဏစောင့်”

သူ့ လက်ပတ်ထားသည့် အဝတ်စုတ်ကို သူ့ အိတ်ထဲပစ်ထည့်လိုက်ပါတော့သည်။

စုကျို ကျင်းယွီထန်၏ဆိုင်းဘုတ်အား တစ်ချက်လှမ်းကြည့်ပြီး လက်နှစ်ဖက်ကိုနောက်ပစ်ကာ ဆိုင်ထဲသို့ အေးအေးလူလူ လမ်းလျှောက်ဝင်သွားသည်။

“ကျီကျီတို့ရော လိုက်သွားရမလား ဒုတိယအစ်ကို ?”

စုကျီကျီ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း စုကျို အပြင်မှာ စောင့်ခိုင်းထားသည်ကို သတိရသွားသည်။

စုရှင်းချန် ညီမလေးရဲ့လက်ကို ဆွဲထားလိုက်ပြီး - “သူ စောင့်နေပါလို့ ပြောထားတာလေ—”

“ငါတို့ ဒီမှာပဲ စောင့်မယ်”

စပ်စုချင်စိတ်ဖြင့် နောက်ကလိုက်ရန်ပြင်နေသော ကျူးပိုင်ယွီကို ယင်လီ တားလိုက်သည်။

ယင်လီ ဆိုင်ဝန်ထမ်းကိုကြည့်ကာ ပြုံးပြလိုက်သည်။

“နင် ဘာလို့ ဆိုင်ထဲဝင်ချင်နေရတာလဲ? ဒီလို စိတ်ပျက်ဖို့ကောင်းတဲ့ ဆိုင်မျိုးကိုလေ!”

ဆိုင်ဝန်ထမ်းကမူ မျက်နှာပျက်သွားပြီး နှာခေါင်းရှုံ့လျက် ဆိုင်ထဲဝင်သွားသည်။

“တောက်... ဝိညာဉ်ပိုးဖလံဂေဟာရဲ့ ဆယ်ထပ်အောက်က အကြီးအကဲတပည့်ဆိုတော့လည်း ကိုယ့်ကိုကိုယ် တစ်ခုခုထူးခြား နေတယ် ထင်နေတာပဲ”

ယင်လီသည် ဆိုင်ထဲရှိ ပထမဆုံးသောရတနာစင်ဆီသို့ လျှောက်သွားသော စုကျိုကျောပြင်ကိုကြည့်ရင်း ရေရွတ်လိုက်သည် - “အမှားလုပ်တဲ့သူမှာ တရားခံရှိတယ်၊ အကြွေးရှိတဲ့သူမှာ အကြွေးရှင်ရှိတယ်၊ သူက သူ့အကြွေးကို သွားတောင်းတာ”

“ငါတို့တွေ နောက်ကလိုက်ပြီး အနှောင့်အယှက်ပေးနေဖို့ မလိုဘူး”

“နင် ဒီလို အဆင့်မရှိတဲ့ဆိုင်က ပစ္စည်းတွေကို တကယ်ကြီး ဝယ်ချင်နေတာလား? နင့်မှာ သိက္ခာကိုမရှိဘူး”

ယင်လီ ကျူးပိုင်ယွီအား အထင်အမြင်သေးစွာ ကြည့်လိုက်သည်။

“နင်နဲ့ငါလည်း အောက်ခြေအဆင့်ကနေ တဖြည်းဖြည်းကျင့်ကြံလာကြတာပဲ၊ ဘယ်သူကများ အနိမ့်အမြင့်မရှိခဲ့ဖူးလို့လဲ? အခု သူက ငါတို့ကို စော်ကားနေတာကို နင်က သူ့ကို ပိုက်ဆံသွားပေးချင်သေးတာလား?”

ကျူးပိုင်ယွီ : “...” သူ အထဲက အခြေအနေကိုပဲ ချောင်းကြည့်ချင်တာပါ!

စုကျိုကမူ သူမ ပိုင်သည့် ရတနာများအားစစ်ဆေးနေသလိုမျိုး လက်နှစ်ဖက်ကိုနောက်ပစ်ပြီး အေးအေးဆေးဆေး လိုက်ကြည့်နေတာကို မြင်တော့ ကျူးပိုင်ယွီမှာ တကယ့်ကို ရင်တလှပ်လှပ်ဖြစ်နေရသည်။ သူ တကယ် နောက်က လိုက်ကြည့်ချင်နေတာလို့!

သူ ဘာတွေလုပ်မှာလဲ?

ဘယ်လိုမျိုး ကိုးဆပိုကောင်းတဲ့ အရာတွေကို ဖန်တီးဦးမှာလဲ?

ဒုတိယအဆင့် ကျောက်စိမ်းဆံထိုးလား?

စုကျို သူတို့ကို အပြင်မှာ စောင့်ခိုင်းထားပေမဲ့ တစ်ဖွဲ့လုံးစိုးရိမ်တကြီးစောင့်နေကြသည်။ တခြားဆိုင်များကို သွားရင်းနှင့်ပင် စုကျို၏အခြေအနေကို စိတ်ပူပြီး ခဏခဏလှမ်းချောင်းကြည့်နေမိကြသည်။

စုကျီကျီကမူ ကလေးမလေးနှင့် အဘိုးအိုကိုဆေးတိုက်ရင်း ကူညီပေးနေပေမဲ့ စိတ်က ကျင်းယွီထန်ဆိုင်ဆီကိုသာရောက်နေ မိသည်။

အားလုံး အရမ်းစပ်စုချင်နေကြတာပါ!

နာရီဝက်ခန့်ကြာပြီးနောက် သူတို့ဆိုင်ရှေ့ ဆောင့်ကြောင့်ထိုင်စောင့်နေရင်း စတင်စိုးရိမ်စပြုလာသည်။

“ကျဲ အဆင်ပြေပါ့မလား?” စုရှင်းချန် မျက်လုံးများ အနည်းငယ်တုန်ရီနေသည်။

နောက်ဆုံးတော့ သူတို့ စိတ်ပူနေတုန်းမှာပဲ စုကျို ကျင်းယွီထန်ထဲကနေ ပြန်ထွက်လာသည်။

သူ့ အမူအရာက တည်ငြိမ်အေးဆေးနေပြီး ပင်ပန်းနွမ်းနယ်တာ ဒါမှမဟုတ် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်လုံးဝမရှိပေ။

လေးယောက်သား သူမကို ချက်ချင်းဝိုင်းအုံလိုက်ကြသည်။ အဘိုးအိုနှင့် မြေးမလေးပင်မှ သူတို့တွေ ဘာကို မျှော်လင့်နေကြ တာလဲဆိုတာသိချင်သဖြင့် စပ်စုကြည့်နေကြသည်။

ကျူးပိုင်ယွီက မျက်ခုံးပင့်လိုက်ပြီး လမ်းသွားလမ်းလာတွေ မမြင်အောင်ကွယ်ရပ်လိုက်ကာ လေသံတိုးတိုးဖြင့် လျှို့ဝှက်စွာ မေးလိုက်သည်။

“နင်... ဘာကို ကူးယူလိုက်တာလဲ? ဒုတိယအဆင့် ကျောက်စိမ်းဆံထိုးလား၊ ဒါမှမဟုတ် ဒုတိယအဆင့် ကျောက်စိမ်းကပ် ကြေးလား?”

သူပြောမှ စုကျီကျီဆိုင်ထဲရှိ ထိုပစ္စည်းများ၏ဈေးနှုန်းကို သတိရသွားသည်။ တစ်ခုကို ဝိညာဉ်ကျောက်တုံး ၃၉၉၉ တုံး!

“ဒါတွေကို ကိုးခုကူးယူလိုက်ရင် တကယ့်ကိုမှ အမြတ်ကြီးပဲ!” စုကျီကျီ မျက်နှာလေးနီမြန်းပြီး လက်ချောင်းလေးတွေနှင့် တွက်ချက်နေတော့သည်။

“ဟေး... ကျင်းချန်က ကျိုအာဆီကနေ ဝိညာဉ်ကျောက်တုံး ၁၃၀,၀၀၀ တောင် လိမ်ယူသွားတာလေ၊ ပြီးတော့ သူ့ရဲ့ လက် မောင်းတွေမှာ အခုထိမကျက်သေးတဲ့ အနာတွေဖြစ်အောင်လုပ်ခဲ့တာ၊ အဲဒီတိရစ္ဆာန်ကောင်! သင်္ချိုင်းကျောက်တိုင်ပဲ ရှိတာ၊ သူက သေသေးတာမှမဟုတ်တာ၊ ကပ်ကြေးတစ်လက်နဲ့ ဆံထိုးတစ်ချောင်းတည်းနဲ့ ဘယ်လောက်အမြတ်ရှိမှာလဲ?”

ယင်လီ သူ့ ဝတ်ရုံစကို ဝှေ့ယမ်းရင်း စုကျိုကိုအကဲခတ်လိုက်သည်။ သူ့အကြည့်ကမူ ဆိုင်ထဲရှိ အဖိုးတန်ဆုံးဖြစ်သည့် တတိယအဆင့် ဝိညာဉ်အပ်အစုံဆီကို ရောက်သွားသည်။

“သူကတော့ အဈေးအကြီးဆုံးကိုပဲ ရွေးမှာသေချာတယ်၊ ကျင်းမိသားစုနဲ့ အားနာနေစရာ ဘာရှိလဲ ?!”

နဂါးနှုတ်ခမ်းမွေးလို သေးသွယ်တဲ့ အဲဒီတတိယအဆင့် ဝိညာဉ်အပ်တွေက ကျောက်တုံး ၁၂,၀၀၀ တန်တာလေ။

စုကျီကျီ ထပ်မံ အာမေဍိတ်သံပြုလိုက်ပြီး လက်ချောင်းလေးတွေနှင့် ထပ်တွက်ကြည့်ပြန်သည်။

“နင်တို့ ဘာတွေ တွေးနေကြတာလဲ ?”

ဝိညာဉ်စွမ်းအင်ဆိုတာ တည်မြဲခြင်းနိယာမရှိတယ်လေ။ တကယ်လို့သာ သူ တတိယအဆင့်နဲ့ ဒုတိယအဆင့် ပစ္စည်းတွေကို အလွယ်တကူကူးယူနိုင်ရင် ကျင့်ကြံနေဖို့တောင်လိုပါဦးမလား?

စုကျို သက်ပြင်းချလိုက်သည်။ ထိပ်တန်းကျောင်းသူ ယင်လီက စုကျီကျီထက်တောင်ပိုပြီး ရိုးအလွန်းနေလိမ့်မယ်လို့ သူ မထင်ထားခဲ့ချေ။ ကျူးပိုင်ယွီကမှ ပိုပြီးအားကိုးလို့ရသေးသည်။

“အော်... ဟုတ်သားပဲ၊ ကျဲ ဖန်တီးလိုက်တဲ့ ပစ္စည်းတွေက ကျဲရဲ့ ကျင့်စဉ်အဆင့်ပေါ်မူတည်တာပဲ”

စုကျီကျီ သတိရသွားသည်။

ကြမ်းပြင်ချပ်တွေနဲ့ ရွှေတိုင်တွေက သေးသွားလိမ့်မယ်။ အစ်ကိုကျူတောင် ရွှံ့ရုပ်ဖြစ်သွားသေးတာပဲ။

စုကျို ပါရမီမှာ အကန့်အသတ်မရှိ အစွမ်းထက်နေခြင်းမျိုးမဟုတ်ပေ။

စုကျို ခေါင်းညိတ်ပြလိုက်ရင်း - “ဟုတ်တယ်၊ ငါက ဝိညာဉ်စစ်ထုတ်ခြင်း သတ္တမအဆင့်ကိုပဲ ရောက်သေးတာဆိုတော့ တစ်နေ့မှာ အကောင်းဆုံးတစ်ကြိမ်ပဲ ကူးယူနိုင်သေးတယ်၊ ကျန်တဲ့အချိန်တွေမှာ ကူးယူရင်တော့ အမှားအယွင်းတွေ အနည်းနဲ့အများ ရှိလိမ့်မယ်”

“ငါလည်း အဲဒီလိုအကန့်အသတ်မျိုးပဲ လိုချင်လိုက်တာ” ယင်လီ သက်ပြင်းချသည်။

“ဒါ တကယ်အမြတ်အစွန်းကြီးတာပဲ”

“အဟုတ်ပဲ”

ကျူးပိုင်ယွီလည်း သူ့စကားကို ထောက်ခံသည်။

“နင်သာ ဆိုင်ထဲကို ခဏခဏဝင်နေရင် ကျင်းမိသားစုဆိုင်က နင့်ရဲ့သိုလှောင်ရုံ ဖြစ်သွားမှာပေါ့?”

စုရှင်းချန် အခြေအနေကို အကဲခတ်ပြီးသတိပြန်ဝင်လာသည်။

“ဒါဆို ကျဲက ဒီနေ့အတွက် ဝိညာဉ်ကျောက်တုံး နှစ်ထောင်တန် ကျောက်စိမ်းတောင်းကိုပဲ အရင်ရွေးလိုက်တာလား?”

ကျောက်စိမ်းတောင်းဆိုသည်မှာ ပိုးစာရွက်များသိမ်းဆည်းရန်အတွက် လိုအပ်သော ပစ္စည်းတစ်ခုဖြစ်သည်။

သို့သော် စုကျို ခေါင်းခါပြလိုက်သည်။ သူ ဆိုင်ဘေးရှိ လမ်းကြားလေးအတိုင်း အနည်းငယ်လျှောက်သွားပြီး လူသူကင်းမဲ့သော လမ်းကြိုလမ်းကြားတစ်ခုထဲသို့ဝင်လိုက်သည်။

ပတ်ဝန်းကျင်တွင် လူတစ်ယောက်မှ မရှိတော့ဘဲ သစ်ပင်ရိပ်တစ်ခုကသာ သူ့နဖူးပေါ်သို့ ခပ်စောင်းစောင်း ကျရောက်နေသည်။

ထိုအခါမှ သူ စကားပြောလာသည်။

“အဲ့ဒါတွေ မဟုတ်ဘူး”

စုကျို စပ်စုနေကြသော လူလေးယောက်ရှေ့တွင် သူ့ ညာဘက်လက်ဖဝါးကို ဖြည်းဖြည်းချင်း ဖြန့်ပြလိုက်သည်။

သူမက လေးနက်သောလေသံဖြင့် -

“ငါ ကျင်းမိသားစုရဲ့ ‘အကြွေးဝယ်ယူခွင့် လက်မှတ်ပါဝိညာဉ်တံဆိပ်’ ကိုးခု ရခဲ့တယ်”

“?”

“...?”

“!!!”

လမ်းကြားလေးထဲမှာ အံ့သြမှင်သက်နေတဲ့ မျက်နှာလေးဖက်က စုကျိုကို စိုက်ကြည့်နေကြပါတယ်။

စုကျို သူ့ ညာဘက်လက်ဖဝါးကို ဖြန့်ပြလိုက်တဲ့အခါ ယင်လီ အလွန်ရင်းနှီးနေတဲ့ အကြွေးဝယ်ယူခွင့် ဝိညာဉ်တံဆိပ်တစ်ခု ပေါ်လာသည်။

[ ဝိညာဉ်ပိုးဖလံဂေဟာ ၃၅ ထပ်၏ အကြီးအကဲပညာရှိ၊ အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ် - ကျင်းချန် ]

သူမ ယင်လီကိုကြည့်ပြီး ပြုံးလိုက်ရင်း “ဝိညာဉ်ပိုးဖလံဂေဟာရဲ့ အကြီးအကဲတွေက ဒီမြို့မှာ အကြွေးဝယ်လို့ရတယ်လို့ အစ်မပြောတာ ကြားလိုက်ကတည်းက ငါ စဉ်းစားမိတယ်၊ ပိုက်ဆံဆိုရင် သဲကြီးမဲကြီးရှာတတ်တဲ့ ကျင်းချန်လည်း ဒီမှာ အကြွေးဝယ်ယူခွင့်တံဆိပ် ထားထားမှာပဲလို့လေ”

ယင်လီ နောက်သို့ သုံးလှမ်းခန့် ဆုတ်လိုက်မိသည်။

သူ ဒါကို အစောကြီးကတည်းက ကြိုတွေးထားတာလား?

“ဒီမြို့ထဲ လမ်းလျှောက်နေတုန်းမှာ ကျင်းချန်က သူ့ရဲ့အကြွေးတွေကို လက်ခံပေးပါဦးလို့ ငါ့ကို တောင်းပန်နေသလိုပဲ”

စုကျို စဉ်းစားသလို ပြောလိုက်သည်။

ယင်လီ : “... အော်”

ကျူးပိုင်ယွီကမူ နဖူးကို လက်ဖြင့် ရိုက်လိုက်ပါတော့သည်။

“ဘာလို့လဲဆိုတော့ ဒီမြို့ထဲမှာ သူ့ရဲ့ အကြွေးဝယ်ယူခွင့်တံဆိပ်ရှိနေမှာကို အစ်မတို့တောင် သိနေတာပဲလေ”

မဟုတ်ဘူး... သူတို့ အဲဒီလောက်ထိ မတွေးမိပါဘူး။

ကျူးပိုင်ယွီနှင့်ယင်လီတို့ရဲ့ နှုတ်ခမ်းတွေ တွန့်သွားရပြန်သည်။

Chapter 48

“တကယ်တော့ ငါ စိတ်နည်းနည်းညစ်သွားသေးတယ်၊ ငါ စုကျိုက ရိုးသားတဲ့လူလေ၊ မြို့ထဲမှာ ဆိုင်တွေ အများကြီးရှိတာကို တစ်ဆိုင်ချင်း လိုက်ရှာနေရင် သမုဒ္ဒရာထဲ အပ်ရှာသလို ဖြစ်နေမှာပေါ့၊ အဲဒါဆိုရင် အားလုံးအတွက် အဆင်မပြေဖြစ်မှာ စိုးလို့လေ”

စုကျိုက သက်ပြင်းချရင်း - “ငါက ကောင်းမှုကုသိုလ်ကိုတန်ဖိုးထားတဲ့ လူကောင်းတစ်ယောက်ပါ၊ ဆိုင်တိုင်းရဲ့ စာရင်းတွေကို လိုက်ကြည့်နေဖို့က မယဉ်ကျေးရာရောက်မှာပေါ့”

ယင်လီ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ကျူးပိုင်ယွီလည်း မှင်သက်သွားရသည်။

စုကျို ဆက်ပြောဖို့ မလိုတော့ပါဘူး၊ သူတို့ အကုန်ခန့်မှန်းမိသွားပါပြီ။

ကျင်းယွီထန်က ကျင်းချန်ရဲ့ ပုံတူကားတွေကို နေရာအနှံ့ ချိတ်ဆွဲပြီး ကြော်ငြာလွန်းတာကြောင့် သူတို့နှင့် ကျင်းချန်၏ ပတ်သက်မှုအား မြို့သူမြို့သားတိုင်းအသိပင်။ စုကျို ပြုံးပြီးခေါင်းညိတ်လိုက်သည်။

“သူတို့က ငါ့ကို ဒီလောက်ထိ အတင်းဆွဲခေါ်ချင်နေလိမ့်မယ်လို့ မထင်ထားဘူး”

ကျင်းချန် ဂေဟာကနေအပြင်ထွက်လာတိုင်း ကျင်းမိသားစုဆိုင်ကိုလာမှာ သေချာသလို၊ လာရင်လည်း လက်ငင်းငွေချေမည် မဟုတ်ဘူးပေ။

“ကံကောင်းချင်တော့ ကျင်းယွီထန်ရဲ့စာရင်းစာအုပ် ပထမဆုံးစာမျက်နှာမှာတင် လွန်ခဲ့တဲ့သုံးရက်က ကျင်းချန်ရဲ့ အကြွေးမှတ်တမ်းကို တွေ့လိုက်ရတာပဲ”

စုကျီကျီ ပါးစပ်လေးဟသွားသည်။ စုရှင်းချန်ရဲ့ မျက်လုံးတွေကတော့ အရောင်တောက်လာသည်။

ယင်လီ အမြန်ပဲ တွက်ချက်လိုက်သည် - “ကျင်းချန်က ၃၅ ထပ်ရဲ့ အကြီးအကဲဆိုတော့ တစ်နေ့ကို ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀ အထိ အကြွေးဝယ်ခွင့်ရှိတယ်”

စုကျိုကမူ သူ့အရွယ်နှင့် လိုက်ဖက်သည့် စစ်မှန်တဲ့အပြုံးကို ပြုံးလိုက်ရင်း - “ကဲ သွားကြစို့၊ အကြီးအကျယ်ဈေးဝယ်ဖို့ အချိန်တန်ပြီ”

“!”

“...!”

စုကျို လမ်းအဆုံးက နောက်ထပ် ကျင်းယွီထန် ဆိုင်ခွဲတစ်ခုထဲဝင်သွားပြီး ဒုတိယအဆင့် ရတနာစင်ရှေ့မှာ ရပ်လိုက်သည်။ ဒုတိယအဆင့် ကျောက်စိမ်းကပ်ကြေး၊ ကျောက်စိမ်းတောင်းနဲ့ ဆံထိုးတစ်ချောင်းကိုယူလိုက်သည်။ တန်ဖိုးအားဖြင့် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ခန့်ရှိသည်။

သူမသည် ယင်လီ အကြွေးဝယ်စဉ်က ပြုမူပုံကိုပြန်လည်အမှတ်ရလိုက်ပြီး ညာဘက်လက်ညှိုးကိုဆန့်ထုတ်လိုက်သည်။

အနားမှာ ရှိနေသူတွေကတော့ သူမရဲ့လက်ထိပ်မှာ ရှုပ်ထွေးလှတဲ့ ဝိညာဉ်အင်းကွက်အလင်းတန်းလေး ချက်ချင်းပွင့်လာသည်ကို မြင်လိုက်ရသည်။

ထို့နောက် ရွှေရောင်အလင်းလုံးလေးတစ်ခုပေါ်လာပြီး လက်နက်ဆိုင်ရဲ့ စာရင်းစာအုပ်ပေါ်သို့ကျရောက်သွားပါတော့သည်။

【 ကျင်းချန်၊ ဝိညာဉ်ပိုးဖလံဂေဟာ ၃၅ ထပ်၏ အကြီးအကဲ၊ အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ် 】

【 အကြွေးဝယ်ယူခြင်း : ဒုတိယအဆင့် ဝိညာဉ်မြှင့်တင်ဆေး ၁၀ လုံး၊ ကျောက်တုံး ၅၀၀၀ 】

【 အကြွေးဝယ်ယူခြင်း : ဒုတိယအဆင့် သွေးအားကောင်းဆေး ၁၀ လုံး၊ ကျောက်တုံး ၅၀၀၀ 】

【 အကြွေးဝယ်ယူခြင်း : ဒုတိယအဆင့် ကျောက်စိမ်းကပ်ကြေး၊ ကျောက်စိမ်းတောင်း... 】

ခဏအကြာမှာတော့ စုကျိုကိုင်ထားတဲ့ ပစ္စည်းတွေပေါ်မှာ အလင်းတန်းလေးတွေစွဲထင်သွားပြီး ‘ငွေချေပြီး’ ဆိုသည့် စာတန်းလေးတွေ ပေါ်လာခဲ့သည်။

သူ ဆိုင်ထဲကနေ အမြန်ထွက်လာတဲ့အခါ တံခါးဝက ‘စစ်ဆေးရေး’ အင်းကွက်က အစိမ်းရောင်အလင်းလင်းသွားသည်။ ကောင်တာမှာထိုင်နေသည့် အခြေခံတည်ဆောက်ခြင်းအဆင့် မန်နေဂျာကမူ ပျင်းရိစွာတစ်ချက်ကြည့်ပြီး မျက်စိပြန်မှိတ်ကာ ကျင့်ကြံနေပြန်၏။

သုံးလေးဆိုင် ဆက်တိုက် ဝင်ပြီးတဲ့နောက်မှာတော့...

စုကျို မုန်ညင်းစေ့အိတ်ထဲ တန်ဖိုးကြီးပစ္စည်းများနှင့်ပြည့်လုနီးပါး ဖြစ်နေခဲ့လေပြီ။

ပိုးစာရွက်ခွတ်ဖို့ လိုအပ်တဲ့ ဒုတိယအဆင့် ကပ်ကြေးတွေ၊ တောင်းတွေတင်မကဘဲ အဘိုးအိုရဲ့ မြေးမလေး ကြည့်ချင်တဲ့ ဒုတိယအဆင့် ဆံထိုးလေးတွေလည်းပါလာသည်။ ထို့နောက် အထပ် ၃၀ ကို တက်ဖို့အတွက် လိုအပ်တယ်လို့ ယင်လီပြော ထားသည့် ပစ္စည်းတွေဖြစ်သည့် - ပထမအဆင့် ကြိုး၊ ဒုတိယအဆင့် နားကပ်နှင့် ပထမအဆင့် မုန်ညင်းစေ့အိတ်အသစ် စတာတွေလည်း ပါဝင်လာပါတော့သည်။

ယင်လီ အစောပိုင်းပြောခဲ့သည့် တတိယအဆင့် ဝိညာဉ်အပ်များအပြင် အခြားအဖိုးတန်ပစ္စည်းများအကုန်လုံး စုကျိုအိတ်ထဲတွင် ရောက်နေပြီဖြစ်သည်။

ထိုအခါမှ စုကျို သူမမျက်နှာပေါ်မှ ‘ငွေလှေ’ ဟုအမည်ပေးထားသည့် မျက်နှာဖုံးကို ဖြည်းဖြည်းချင်း ခွာချလိုက်တော့သည်။

“!”

“!!”

ယင်လီကမူ အံ့သြလွန်းသဖြင့် မျက်လုံးအပြူးသားဖြစ်နေရသည်။ သူမသည် အရှက်ကွဲမည်စိုး၍ မျက်နှာပြောင်တိုက်ရုံသာရှိ သည်၊ စုကျိုကမူ တကယ့်ကိုအရူးတစ်ယောက်လို ရဲတင်းလွန်းလှသည်။

“စုကျို... နင် ငါတို့ထက် အများကြီးပိုရက်စက်တာပဲ”

ကျူးပိုင်ယွီ အတော်ကြာမှ သက်ပြင်းချရင်းလှမ်းပြောလိုက်သည်။

စုကျို ခြေလှမ်းရပ်ပြီး ပြုံးပြလိုက်ကာ “ဟင်?”

“ငါက သာမန်ဈေးဝယ်သူတစ်ယောက်ပဲလေ၊ ပိုက်ဆံပေးပြီး ပစ္စည်းယူတာပဲ၊ ငါ့မှာ ဘာမှ အပြစ်မရှိဘူး၊ သူ ဘယ်လောက်ပဲ လိုက်လံနှောင့်ယှက်ပါစေ၊ ငါကတော့ နစ်နာသူဆက်ဖြစ်နေဦးမှာ”

ကျူးပိုင်ယွီ : “...”

စုကျို မြို့ထဲမှ လူသူကင်းမဲ့သည့်လမ်းကြားတစ်ခုထဲသို့ ဝင်သွားပြီး ယင်လီ မှာထားသည့် ပစ္စည်းများကို သူမထံ ပစ်ပေးလိုက် သည် - “ငါ့ကို ဈေးနှုန်းတစ်ဝက်ပဲ ပေး၊ ကျင်းယွီထန်က ဈေးတင်လွန်းတယ်၊ တခြားမြို့တွေမှာ ဒီလောက်မကြီးဘူး”

ယင်လီ စုကျိုအား ရှုပ်ထွေးသည့် အကြည့်များဖြင့်ကြည့်ရင်း တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း စုကျိုကမူ လမ်းထောင့်တွင် စုကျီကျီတို့နှင့် ဆော့နေသည့် အဘိုးအိုနှင့်မြေးမလေးထံသို့ အရင်လျှောက်သွားလိုက်သည်။ သူ့လက်ထဲတွင်တော့ ဝိညာဉ် အလင်းများ တဖျတ်ဖျတ်လက်နေသည့် ဒုတိယအဆင့်ကျောက်စိမ်းဆံထိုးလေး ပါလာသည်။

အဘိုးအို အံ့သြသွားပြီး - “ကျေးဇူးတင်ပါတယ် နတ်သမီးလေးရယ်... ကျွန်တော့်မြေးမလေး သူ့သက်တမ်းတစ်လျှောက်မှာ ဒီလိုမြင်ကွင်းမျိုးကို မျက်ဝါးထင်ထင်တွေ့မြင်ခွင့်ရပြီး ဂုဏ်ယူနိုင်အောင်လို့ ကျွန်တော် အထူးတလည်လိုက်ပို့ခဲ့တာပါ"”

ကလေးမလေးကမူ ဆံထိုးလေးကို ငေးကြည့်ရင်း မှင်သက်နေရှာသည်။

ဒုတိယအဆင့် ကျောက်စိမ်းဆံထိုးလေးသည် လရောင်လိုဝင်းပနေပြီး ထိပ်ဖျားတွင် သစ်ခွပွင့်ဖတ်လေးများ ထွင်းထုထားသည်။ ရိုးရှင်းသော်လည်း ခန့်ညားပြီး ပုလဲလုံးလေးများ တွဲလောင်းကျနေသည်မှာ သိပ်လှနေရှာသည်။ လေတိုက်လိုက်တိုင်း ပုလဲလေးများ လှုပ်ခတ်သွားပြီး ကလေးမလေး၏မျက်နှာထက် နွေဦးအလင်းရောင်များ ဖြာကျနေသလိုပင်။

“ဒီဆံထိုးပေါ်က သစ်ခွသီးလေး သုံးလုံးက တိုက်စစ်သုံးကြိမ်နဲ့ ခုခံမှုသုံးကြိမ်ကို လုပ်ပေးနိုင်တယ်၊ တစ်ခုချင်းစီက အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားနဲ့ညီမျှတယ်” ဟု ယင်လီ ချီးကျူးလိုက်သည်။

ကျူးပိုင်ယွီလည်း - “ကျင်းမိသားစုရဲ့လက်ရာက တကယ်မဆိုးဘူး၊ ဒုတိယအဆင့် ဝိညာဉ်ရတနာက ဒီလောက် စွမ်းအားရှိတာ တော်တော်လေး အထင်ကြီးစရာပဲ”

“နတ်မိမယ်လေး... ဒါကို မြန်မြန်သိမ်းလိုက်ပါတော့၊ ဒီဝိညာဉ်ရတနာက အရမ်းတန်ဖိုးကြီးပါတယ်၊ ကျွန်တော်တို့ မြင်ဖူးသွားပြီဆိုရင်ပဲ ကျေနပ်ပါပြီ၊ ဝိညာဉ်စွမ်းအင်တွေ အလဟသ မကုန်ဆုံးပါစေနဲ့” ဟု အဘိုးအို ပြောပြီး မြေးမလေးကို ဆွဲကာ နောက်သို့ဆုတ်လိုက်သည်။

စုကျို ခေါင်းညိတ်လိုက်သည်။ ဤဆံထိုး၏အလင်းရောင်နှင့် အနံ့မှာ တကယ့်ကိုထင်ရှားလွန်းသည်။ တကယ်လို့သာ ကလေး တစ်ယောက်၏ခေါင်းပေါ်တွင် ဒါမျိုးပန်ထားလျှင် ကိုယ့်ကိုကိုယ်မကာကွယ်နိုင်ဘဲ ရတနာပိုင်ဆိုင်ထားခြင်းက ဘေးဒုက္ခကိုသာ ခေါ်ယူရာရောက်ပေလိမ့်မည်။

“ဒါလေးတွေ ယူသွားလိုက်ပါ”

အဘိုးအိုနှင့် မြေးမလေး ထွက်သွားရန် ပြင်စဉ်တွင် စုကျိုက လှမ်းခေါ်လိုက်ပြီး သူမ၏ ညာဘက်လက်ပေါ်တွင် သစ်သားဆံထိုး သုံးချောင်းကိုထုတ်ပြလိုက်သည်။ သေချာကြည့်လျှင် ဤဆံထိုးလေးများသည် အစောပိုင်း ဒုတိယအဆင့်ကျောက်စိမ်းဆံထိုးနှင့် ပုံစံတူသော်လည်း တွဲလောင်းကျနေသည့် ပုလဲလေးများသာမပါခြင်းဖြစ်သည်။

“ဒါက ပထမအဆင့် စွမ်းအားရှိတယ်၊ ဝိညာဉ်စစ်ထုတ်ခြင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို သုံးကြိမ်အထိ ခံနိုင်ရည်ရှိတယ်”

“ဒါ... ဒါက အရမ်းတန်ဖိုးကြီးလွန်းပါတယ်၊ ကျွန်တော်တို့ မယူဝံ့ပါဘူး” ဟု အဘိုးအိုကမူ ငြင်းရှာသည်။

စုကျို ဆံထိုးများကို အဘိုးအိုလက်ထဲထည့်ပေးလိုက်ပြီး စုကျီကျီနှင့် စုရှင်းချန်ကိုကြည့်ကာ - “သွားကြစို့”

“ဟုတ်ကဲ့!” စုကျီကျီ ချက်ချင်း ပြုံးလိုက်ပြီး ကလေးမလေးကိုနှုတ်ဆက်ကာ စုကျိုနောက်သို့ ပျော်ပျော်ပါးပါး လိုက်ပါသွားတော့သည်။

“ညီမလေး... ငါတို့က ဝိညာဉ်ပိုးဖလံဂေဟာမှာ ရှိတယ်နော်၊ အားရင် လာလည်ဦး~”

အဘိုးအိုကမူ စုကျို ထွက်ခွာသွားသည်ကိုကြည့်ပြီး အကြာကြီးဦးညွှတ်ကျန်ရစ်ခဲ့သည်။

“နတ်မိမယ်လေးစု... ကျွန်တော်တို့က ရွှေနက်ကျေးရွာက ဖူစန်းပါ၊ တကယ်လို့ လက်နက်သွန်းဖို့ ‘ရွှေနက်’ လိုအပ်လာရင် ရွာကိုလာပြီး ကျွန်တော့်ကို ရှာလှည့်ပါ၊ ကျွန်တော် အစွမ်းကုန်ကူညီပါ့မယ်!”

စုကျိုတို့အဖွဲ့ကတော့ လမ်းကြားထဲတွင် ပျောက်ကွယ်သွားပြီဖြစ်သည်။

ယင်လီနှင့် ကျူးပိုင်ယွီတို့လည်း စုကျိုနောက်သို့ အမြန်လိုက်သွားကြသည်။ လမ်းချိုးအရောက်တွင်တော့ စုကျိုက ဆေးဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်နေပြီး သူ့လက်ထဲတွင် ပထမအဆင့်သစ်ခွသစ်သားဆံထိုး ၆ ချောင်း ရှိနေသည်ကို တွေ့လိုက်ရသည်။ အစောက ဆံထိုးများနှင့် တစ်ပုံစံတည်းပင်။

သူမ စုကျီကျီနှင့် စုရှင်းချန်အား သုံးချောင်းစီ ခွဲပေးလိုက်တော့သည်။

စုရှင်းချန် မျက်နှာမှာနီမြန်းနေသည်။

"ကျွန်တော် ဒါတွေ မလိုချင်ပါဘူး၊ ဒါတွေက မိန်းကလေးဝတ်တွေလေ၊ ညီမလေးပဲ အကုန်ယူလိုက်ပါ”

စုကျီကျီ : "...ကျီကျီ... ကျီကျီလည်း ခေါင်းပေါ်မှာ ဆံထိုးခြောက်ချောင်းကြီးတော့ ပန်လို့မရဘူးလေ”

စုကျိုကမူ အမူအရာမဲ့စွာဖြင့် - "ခုနတင်ပဲ ငါ နင့်အတွက် ဆံထိုးသုံးချောင်း ဘယ်မှာထားရမလဲဆိုတဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့ပြီးပြီမို့လား ? ဒါလေးတွေကိုတောင် မကိုင်နိုင်ဘူးလား?"

ကျူးပိုင်ယွီ : "..."

ယင်လီ : "..."

မဖြစ်နိုင်တာ။ ဒါက စုမိသားစုရဲ့ ပုံစံပဲလား ?

စုကျို... နင် မောင်လေး ဒါမှမဟုတ် ညီမလေး ထပ်လိုချင်သေးလား ?

စုကျီကျီ သစ်သားဆံထိုးများကို ဆုပ်ကိုင်ရင်း သူ့ကျဲကို ကြောင်အမ်းအမ်း စိုက်ကြည့်နေမိသည်။

"ဒါဆို... ကျဲအတွက်ရော?"

"ငါက တစ်နေ့ကို ဆံထိုးကိုးချောင်း ‘ပေါက်’ နေတာလေ၊ ငါ့ခေါင်းပေါ်မှာ ဘယ်နှချောင်းတောင် ပန်ရမှာလဲ ?"

စုကျို စိတ်မရှည်သလို ပြောလိုက်သည်။

"စကားမများနဲ့တော့၊ တစ်ယောက်ချင်းစီ တာဝန်ယူကြစို့၊ ငါ့မှာ ထုတ်မပြရသေးတဲ့ နားကပ်တစ်အိတ်လည်း ရှိသေးတယ်”

သူမ နားပေါက်မဖောက်ရသေးသည့် ကလေးနှစ်ယောက်ကိုကြည့်ပြီး လက်လျှော့လိုက်ရသည်။

ကျူးပိုင်ယွီနှင့် ယင်လီတို့မှာတော့ ဤအခိုက်အတန့်တွင် ပြောမပြတတ်အောင် ရှုပ်ထွေးသောခံစားချက်များ ဖြစ်ပေါ်နေသည်။

"...ချန်ယွမ်ကို ပေးလိုက်မယ်"

စုရှင်းချန် နောက်ဆုံးတွင် အဖြေတစ်ခုထုတ်လိုက်သည်။ သူကိုယ်တိုင်ကတော့ ဆံထိုးတစ်ချောင်းကိုသာ သုံးချောင်းထဲမှ ရွေးယူပြီး ‘သစ်သားဓာတ်မြှင့်တင်ခြင်း’ စွမ်းရည်ကိုသုံးကာ သစ်ခွပုံစံမှ ထင်းရှူးခက်ပုံစံသို့ အတင်းအကျပ် ပြောင်းလဲ လိုက်ပြီးမှဝတ်ဆင်သည်။

ဒါ သူက ဇီဇာကြောင်နေခြင်းမဟုတ်ပေ။ ကျင့်ကြံသူတစ်ဦးအတွက် တာအိုလမ်းစဉ်ကို ထိန်းသိမ်းဖို့ကလည်း အလွန်အရေးကြီး ခြင်းကြောင့်ဖြစ်သည်။

စုရှင်းချန်အနေဖြင့် ခေါင်းပေါ်တွင် ဆံထိုးများ ဗရပွနှင့် ကျင့်စဉ်တက်ဖို့ မလဲနိုင်ပေ၊ မဟုတ်လျှင် နောင်တစ်ချိန် အဆင့်တက် သည့်အခါ စိတ်မိစ္ဆာများနှင့်ကြုံရနိုင်ခြင်းကြောင့်ဖြစ်သည်။

စုရှင်းချန် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စုကျိုခွင့်ပြုချက်ကို ရယူပြီးနောက် - "...သူလည်း အခု ငါတို့မိသားစုဝင်ပဲ မဟုတ်လား?"

စုကျို လက်ဝှေ့ယမ်းပြလိုက်သည်။

"စိတ်ကြိုက်သာလုပ်”

သူ လမ်းဘေးရှိ ခြေတစ်ဖက်ပြတ်တောင်းရမ်းနေသော ကျင့်ကြံသူတစ်ဦးကို ဖြတ်သွားစဉ် သူ့အိတ်ထဲမှ အာဟာရဖြည့်ဆေး တစ်ပုလင်းကို ပေါ့ပေါ့ပါးပါးပင် သူ့ခွက်ထဲသို့ထည့်ပေးခဲ့သည်။ သူ့ မုန်ညင်းစေ့အိတ်က တကယ့်ကိုပြည့်လျှံနေပြီဖြစ်သည်။

စုကျို သက်ပြင်းချလိုက်မိသည်။

ဤကမ္ဘာတွင် မုန်ညင်းစေ့အိတ်ပြည့်သွားလျှင် သာမန်ပိုက်ဆံအိတ်များလိုပင် ပေါက်ထွက်လာတတ်သည်။

သူ လျှောက်လိုက်တိုင်း ခါးတွင်ချိတ်ထားသည့် တတိယအဆင့် မုန်ညင်းစေ့အိတ်သည် အတွင်းရှိ ဒုတိယနှင့် တတိယအဆင့် ရတနာများ၏အလင်းရောင်ကြောင့် တဖျတ်ဖျတ်လက်နေသည်— ဒါက "ငါ့ကို လာလုကြပါ" ဟု အော်နေသလိုမျိုးပင်။

စုကျို စုရှင်းချန်အား ချန်ယွမ်ဆီ သွားပေးဖို့အချက်ပြလိုက်ပြီး သူမကမူ ဆေးဆိုင်တန်းများဆီသို့ ဦးတည်လိုက်တော့သည်။

"ဒါ... ဒါက ကျဲ ပေးခိုင်းလိုက်တာ"

စုရှင်းချန်က လမ်းအဆုံးရှိ သစ်ပင်ကြီးဆီသို့အမြန်သွားကာ ရှက်လွန်းသဖြင့် မော့တောင်မကြည့်ဘဲ အလျင်အမြန် ပြောလိုက်သည်။ "ကျဲက ခင်ဗျားလည်း မိသားစုဝင်ပဲဆိုတော့ အခက်အခဲတွေကို အတူရင်ဆိုင်... မဟုတ်ဘူး၊ ကောင်းတာ တွေကို အတူတူ ခံစားသင့်တယ်တဲ့”

သူ သစ်သားဆံထိုးနှစ်ချောင်းကိုချထားပေးပြီး ထွက်ပြေးသွားတော့သည်။

သစ်ပင်ပေါ်တွင် စိမ်းဖန့်ဖန့် မျက်လုံးတစ်စုံက စုကျိုကျောပြင်ကို စိုက်ကြည့်လျက် ကျန်ရစ်ခဲ့သည်။

သူလို မိစ္ဆာကျွန်တစ်ယောက်က... ဆံထိုးပန်ဖို့ ထိုက်တန်လို့လား ?

-

ဝိညာဉ်ပိုးဖလံဂေဟာ၊ ၃၅ ထပ်မြောက်

နံပါတ် (၁) အဆင့်ရှိ အကြီးအကဲတပည့် ကျင်းချန်နှင့် ထိုအထပ်ရှိ ကျင့်ကြံသူများအားလုံးသည် ခန်းမအလယ်တွင် ဒူးထောက် နေကြသည်။ သူတို့သည် ခန်းမအထက်ချိတ်ဆွဲထားသော ဝိညာဉ်ပိုးဖလံဂေဟာ တည်ထောင်သူ ဆရာကြီး၏ပုံတူကားကို မော့ကြည့်နေကြခြင်းဖြစ်သည်။

"ဆရာကြီးခင်ဗျာ... ဒီနေ့က လဆန်း ၁၀ ရက်နေ့ပါ၊ ကျွန်တော်တို့ ၃၅ ထပ်ကို ကောင်းမွန်တဲ့ ဝိညာဉ်စွမ်းအင်တွေ ချီးမြှင့် ပေးပါဦး!"

ကျင်းချန်သည် ရွှေချည်ထိုးနဂါးပုံပါသည့် သူ့ အပြာနုရောင်ဝတ်ရုံကို မလိုက်ရင်း ဦးဆောင်တောင်းဆိုလိုက်သည်။

သို့သော် ထိုခဏမှာပင် သူ့ အိတ်ထဲရှိ ဆက်သွယ်ရေးကျောက်တုံးမှာ တုန်ခါလာသည်။

[ ချစ်လှစွာသော ကျင့်ကြံသူ ကျင်းချန်ခင်ဗျာ၊ သင်၏အကြွေးဝယ်ယူမှုအား ၁၂ လပိုင်း ၁၀ ရက်နေ့၊ ရှန်းအချိန်တွင် ကျင်းကွေ့မြို့၊ စီချောင်လမ်းရှိ ‘ကျင်းယွီထန်’ ဆိုင်ခွဲ၌ အောင်မြင်စွာဆောင်ရွက်ပြီးစီးပါပြီ။ ]

[ ယခုလအတွက် အရစ်ကျပြန်ဆပ်လိုပါက ‘အရစ်ကျ’ ဟု ပြန်စာပို့၍ ၁၂ လ အရစ်ကျ လျှောက်ထားနိုင်ပါသည်။ ]

ကျင်းချန် : "?"

သူ့ တည်ငြိမ်ချောမောသော မျက်နှာလေးခမျာ ခေတ္တမျှ တောင့်တင်းသွားရသည်။

သူက... ဂေဟာထဲမှာလေ

အကြွေးဆိုတာက ကောင်းကင်ကနေ ပြုတ်ကျလာတာလား ?

ကျင်းချန် ဒူးထောက်ထားသည့် အနေအထားမှခေတ္တရပ်လိုက်ပြီး ဆက်သွယ်ရေးကျောက်တုံးမှ အချိန်အား ထပ်မံစစ်ဆေးကာ နိမ့်ဆင်းနေသော နေမင်းကိုမော့ကြည့်လိုက်သည်။

၁၂ လပိုင်း ၁၀ ရက်နေ့၊ ရှန်းအချိန်... အခုလေးတင်လေ!

အကြွေးဝယ်ယူမှု အသိပေးချက်က မှားနေတာလား ?

All Chapters