← Chapters

စုလဲ့ရောက်ရှိလာခြင်း

Vol. 9 Ch. 82

စုလဲ့ရောက်ရှိလာခြင်း

Vol. 9 Ch. 82

လီဖူယွဲ့က နောက်ဆုံး ဆုံးဖြတ်ချက်ကို ပြတ်သားစွာချလိုက်ပြီးနောက် လီဖူယွဲ့ ချူလင်းယုနဲ့ ချင်ဖုန်းတို့ ဦးဆောင်တဲ့ ကျင့်ကြံသူတစု အမှောင်ထုမိစ္ဆာအား စတင်တိုက်ခိုက်တော့သည်။

တိုက်ပွဲ၌ အိတ်သွန်ဖာမှောက်တိုက်ခိုက်ခြင်းကသာ မျှော်လင့်ချက်အနည်းငယ် ရှိနိုင်သေးသည်ကို လီဖူယွဲ့တယောက် တွက်ဆမိလေသည်။

ပြင်းထန်တဲ့တိုက်ကွက်များက မိစ္ဆာကောင်ရဲ့ ကြီးမားတဲ့လက်ကြီးနှစ်ဖက်ဆီ နောက်ထပ်တကြိမ်တိုးဝင်သွားပြီ ဒီတကြိမ်မှာတော့ မိစ္ဆာကောင် အနည်းငယ်တော့ အလေးနက်ဖြစ်သွားသည်။ မည်သို့ပင်ဆိုစေ တဖက်လူသားကျင့်ကြံသူများက မထူးဇာတ်ခင်းနေပြီ မဟုတ်လော။

“နည်းနည်း အထင်ကြီးသွားပြီ”

“ဒါပေမယ့်..”

တိုက်ကွက်များ သူ့အနားမရောက်ခင်မှာပဲ လက်ကြီးနှစ်ဖက်က ထူးခြားတဲ့လက်ဟန်တခု ပြုလုပ်လိုက်ပြီး တိုက်ကွက်များအားလုံးကို အလင်းလုံးသဖွယ် စုစည်းလိုက်သည်။

ဝုန်း..

အလင်းလုံးက ပေအနည်းငယ်မှ တဖြေးဖြေး ပေရာဂဏန်းများထိ ကြီးမားသွားကာ တဖက်မှာတော့ လီဖူယွဲ့တို့တသိုက်မှာ သူမတို့ရဲ့ တိုက်ခိုက်မှုများ အသာယာဖျက်စီးခံလိုက်ရခြင်းကြောင့် စိတ်ဓာတ်ကျသွားရသည်။

မိစ္ဆာကောင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ကိုယ်တခြမ်းနီးပါး ဝင်ရောက်စပြုနေသည့် မိစ္ဆာကောင်ရဲ့ရယ်သံက လေထုကိုပင် တုန်ခါသွားစေကာ ပတ်ဝန်းကျင်ရှိ သစ်ပင်များ ပြိုလဲကျသွားသည်။

“ကြောက်ဖို့ကောင်းလိုက်တဲ့ ဖိအားပါလား”

ထိုအရာက သူတော်စင်အဆင့်ဖိအားဖြစ်ပြီး ကမ္ဘာရဲ့စည်းမျဥ်းကြောင့် အဆင့်ကြီးတဆင့် ဖိနှိပ်ခံထားရသော်လည်း သူတော်စင်တပါးက သူတော်စင်ဖြစ်နေဆဲ။ သာမန်ကပ်ဘေးဖြတ်ကျော်အဆင့်များ ရင်ဆိုင်နိုင်သည့်အရာ မဟုတ်ချေ။

“မကောင်းတော့ဘူး နောက်ဆုတ်ကြ”

မိနစ်အနည်းငယ်တွင်းမှာပဲ သိသိသာသာကြီးမားသွားသည့် အလင်းလုံးကြီးက အဆုံးမှာတော့ မိစ္ဆာကောင်၏ လက်ထဲမှနေ၍ လီဖူယွဲ့တို့ထံ ပြန်လည်ရောက်ရှိလာတော့သည်။

အလင်းလုံးဖြတ်သန်းသွားရာ လမ်းတလျှောက် လေထုက တွန့်လိမ်သွားကာ ပြင်းထန်တဲ့နောက်ဆက်တွဲခွန်အားကြောင့် အလင်းလုံးအနားမရောက်ခင်မှာပင် လီဖူယွဲ့တို့မှ အဆုံးသတ်သလို ခံစားလိုက်ရတော့သည်။

“နောက်ဆုတ်လို့မရဘူး”

ထိုအရာက သူမတို့တွေးနေတဲ့ နောက်ဆုံးအတွေးဖြစ်ပြီး လက်ရှိကြီးမားတဲ့ တိုက်ပွဲကို သတိပြုမိသည့် အခြားထိပ်သီးကျင့်ကြံသူများ အမြန်ဆုံးလာရောက်ကူညီရန်သာ သူမမျှော်လင့်နိုင်တော့မည်။ ထိုသို့မဟုတ်ပါက

“သွားသေလိုက်ကြတော့ ဟားးး”

အလင်းလုံးကိုပြန်ပစ်လွှတ်လိုက်ပြီးနောက် မိစ္ဆာကောင်က လီဖူယွဲ့တို့၏ အဆုံးသတ်ကို ကြိုသိနေသည့်နှယ် ကျယ်လောင်စွာရယ်မောပြီး စူးစိုက်ကြည့်နေလေသည်။ ထိုအချိန်မှာပဲ

“ဟမ့်”

နှာမှုတ်သံတခုနဲ့အတူ ဓားအလင်းတခုက အလင်းလုံးရှိရာထိုးဖောက်ဝင်သွားပြီး အလင်းလုံးကိုလည်း နှစ်ပိုင်းဖြတ်တောက်လိုက်သည်။ ပြင်းထန်တဲ့ ဓားချက်က အလင်းလုံးကိုဖြတ်သန်းပြီးချိန်မှာတော့ အလင်းတန်းကအားနည်းသွားကာ မိစ္ဆာကောင်ဆီ ဆက်မတိုးသွားနိုင်တော့ပေ။ သို့သော်လည်း ထိုမျှကပင် လီဖူယွဲ့တို့အား ကယ်တင်ရန်လုံလောက်ချေပြီ။

“မင်းက မဟာယာနအဆင့် ကျင့်ကြံသူပဲ”

မိစ္ဆာကောင်ရဲ့အကြီးက နောက်မှရောက်လာတဲ့ ပုံရိပ်ဆီ စူးစိုက်ကြည့်လိုက်ပြီး ဖြေးလေးစွာပြောသည်။ လီဖူယွဲ့တို့လည်း အကူညီပေးသူကို မြင်လိုက်ချိန်မှာတော့ ဝမ်းသာသွားကြပြီး ချက်ချင်းပဲ နှုတ်ဆက်သည်။

“ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”

“အဆင့်ကျော်ဖြတ်နိုင်သွားလို့ ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်”

စုလဲ့က ခေါင်းညိတ်ပြလိုက်ပြီး သူမတို့အား တိုက်ပွဲနေရာမှ အနောက်ပြန်ဆုတ်စေသည်။ ပြီးနောက် သူမလက်ထဲမှဓားကို နောက်တကြိမ်ဝေ့ယမ်းကာ တိုက်ခိုက်ရန်ကြိုးစားတော့သည်။ တဖက်သူမှာ အခြားကမ္ဘာက မိစ္ဆာကောင်ဖြစ်ပြီး ထိုကောင်သာ အပြည့်အဝ ကူးပြောင်းလာပါက ဒီလောကရှိ ကျင့်ကြံသူများ ထိန်းချုပ်နိုင်ရန် မသေချာတော့ပေ။

“နင့်ကို ဒီနေရာမှာ မြုပ်နှံပေးမယ်”

သူမက တည်ငြိမ်စွာပဲ တိုက်ခိုက်ရန်ကြိုးစားသည်။ နောက်ဆက်တွဲ၌ သူမအဆင့်တက်ပြီးနောက် ကျင်းတိုင်းပြည်ရှိ သူမလိုပဲ အဆင့်တက်လာသူအများပြားကို အာရုံခံမိလိုက်သောကြောင့် သူမအနေဖြင့် မိစ္ဆာကောင်ကို မသတ်နိုင်ရင်တောင် အချိန်ဆွဲထားနိုင်ရုံဖြင့် အကူညီများရောက်လာနိုင်သေးသည်။

“မင်းတစ်ယောက်တည်းနဲ့လား”

“ဟုတ်တယ် အခုတော့ ငါတစ်ယောက်တည်းပဲ ဒါပေမယ့် မကြာတော့ပါဘူး”

သူမစကားက မိစ္ဆာကောင်ကို အလေးနက်ဖြစ်သွားစေပြီး လက်ရှိခန္ဓာကိုယ်ကြီးက ကိုယ်ခွဲမျှသာဖြစ်၍ ဆုံးရှုံးမှုအနည်းငယ်သာရှိသည်။ သူသိလိုသည်မှာ ဒီလောကရှိကျင့်ကြံသူများ၏ ခွန်အားဖြစ်ပြီး ထိုအရာကိုသာ သူအပြည့်အဝခန့်မှန်းနိုင်ခဲ့ပါက ဒီလောကကြီးကို သိမ်းပိုက်ရန်က လွယ်ကူသွားချေပြီ။

“ကောင်းတယ် ငါလည်းမင်းရဲ့ခွန်အားကို စမ်းကြည့်ရသေးတာပေါ့”

ကျယ်လောင်တဲ့ ကြိမ်းဝါးသံကြီးနဲ့အတူ ထူးခြားတဲ့ မြူခိုးတခုထွက်ပေါ်လာကာ မြူခိုးက ပတ်ဝန်းကျင်တခုလုံးဆီ ပြန့်နှံ့သွားပြီး မကြာမီ ပြန်ပျောက်ကွယ်သွားသည်။ စုလဲ့တယောက် မျက်မှောက်ကြုတ်သွားသည်။ ထိုအရာက မည်သည့်အရာနည်း။ တဖက်သူက အစီရင်သုံးလိုက်ခြင်းလား။ ထိုသို့လည်း မဖြစ်နိုင်ပေ။ ဒါဆိုရင်..

“လူသား…ငါတို့ပြန်တွေ့ကြမယ်”

ဟမ်… ခုနကတော့ ငါ့ခွန်အားကိုစမ်းမယ်ဆို အခုဘာဖြစ်သွားတာလဲ။

မိစ္ဆာကောင်ကြီးက လေဟာနယ်အက်ကြောင်းထဲ တဖြေးဖြေးပြနိဆုတ်ခွာသွားကာ အကြည့်များကတော့ စုလဲ့ကို စူးစူးရဲရဲ စိုက်ကြည့်နေပြီး ထူးခြားတဲ့ ဂါထာလိုမျိုူအရာတခုကိုလည်း အဆတ်မပြတ်ရွတ်ဖတ်နေလေသည်။

စုလဲ့က သူမရဲ့တိုက်ကွက်ကို အပြင်းထန်ဆုံးဖြစ်စေရန် မဟာယာနအဆင့် ခွန်အားအကုန်သုံး၍ ခုတ်ပိုင်းလိုက်သည်။ ဓားအလင်းများက မိစ္ဆာကောင်ဆီ တိုးဝင်သွားသည်။ သို့သော်လည်း ပြန်ဆုတ်ခွာနေသည့် မိစ္ဆာကောင်ကိုမထိလိုက်ချေ။

“မကောင်းတော့ဘူး”

ရန်သူက အသာယာပြန်ဆုတ်ခွာသွားပြီ ဖြစ်သည်။ သူမက ရန်သူကိုထိခိုက်အောင်ပင် မလုပ်နိုင်ခဲ့ချေ။ တဖက်ရန်သူကသာ အတင်းကျပ်တိုးဝင်လာပါက သူမထိန်းချုပ်နိုင်မည်လား မဖြစ်နိုင်။

ထိုစဥ် ထာဝရကျေးရွာသာမက ကျင်းတိုင်ပြည် မင်တိုင်းပြည်နဲ့ အခြားတိုင်းပြည်မှာရှိသမျှ တောအုပ်အတွင်းမှ သားရဲများအားလုံး တပြိုင်နက်စတင် လှုပ်ရှားလာကြတော့သည်။

ထာဝရကျေးရွာ၌ ယန်ချန်တယောက် အိမ်ပြန်၍ လက်နက်များထုတ်ယူပြီး ရွာကာကွယ်ရေးအဖွဲ့များအား ပေးဝေချိန်မှာပဲ တောအုပ်ထဲမှ သားရဲများစွာ ထွက်လာကြတော့သည်။

“ချီးပဲ ဒါဘာသားရဲတွေလဲ”

ယန်ချန်ရဲ့အကြည့်က ထူးခြားတဲ့သားရဲများကို ကြည့်ရင်း တုန်လှုပ်သွားသည်။ သားရဲများက ပုံမှန်တောတွင်းသားရဲများထက် အကောင်များစွာပိုကြီးပြီး ဦးခေါင်းပေါ်၌ ချိုကြီးများက နေရောင်အောက်၌ လတ်ခနဲ ဖြစ်နေပြီး အစွယ်ကြီးများကလည်း သွေးဆာနေသည့် သတ်ဖြတ်လိုစိတ်ကို အထင်းသားဖော်ထုတ်ထားလေသည်။

ယန်ချန်တယောက် လေးကိုအမြင့်ဆုံးထိ ဆွဲတင်ရင်း ချိန်ရွယ်လိုက်သည်။ သားရဲကပ်ဘေးက စတင်လာခဲ့ပြီ မဟုတ်လား။

ထိုအချိန်စုလဲ့တို့ဘက်မှာတော့ တောတွင်းခြေနေများကို အာရုံခံမိကြသည့်အတွက် ချက်ချင်းပဲ ကျင့်ကြံသူများ အလျင်မြန်ချိတ်ဆက်ကာ သားရဲကပ်ဘေးကို ကိုင်တွယ်ရန် ထွက်ခွာသွားကြတော့သည်။ လေဟာနယ်အက်ကြောင်းကြီးထဲက မိစ္ဆာကောင်ကြီးကတော့ ပျောက်ကွယ်သွားပြီး အက်ကြောင်းကြီးကလည်း တစတစ ပိတ်ဆို့သွားသည်။

“သားရဲကပ်ဘေးစပြီ”

စုလဲ့ကထိုသို့ပြောပြီးနောက် သူမရှိရာပျံသန်းလာကြသည့် ထိပ်တန်းအရှိန်ဝါများကို အာရုံခံမိလိုက်ပြီး သူမတို့အနေဖြင့် သားရဲကပ်ဘေးကိုစီမံရန် ဆွေးနွေးရတော့မည် ဖြစ်သည်။

……………………………………………..

All Chapters