← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

Chapter 49

ဒီနေ့က ၁၀ ရက်နေ့၊ ဝိညာဉ်ပိုးဖလံဂေဟာ၏ ဝိညာဉ်စွမ်းအား ကောင်းချီးတောင်းခံရမည့်နေ့ ဖြစ်သောကြောင့် ၃၅ ထပ်တွင် ရှိသည့် ကျင့်ကြံသူအားလုံး ဂေဟာမှအပြင်မထွက်ကြပေ။ မိုင်ပေါင်းတစ်ထောင်ဝေးသော ကျင်းကွေ့မြို့သို့ သွားရန်ဆိုသည်မှာ ပိုလို့ပင် မဖြစ်နိုင်ပေ။

ကျင်းချန် ဇဝေဇဝါဖြစ်နေပြီး ‘စာရင်းစစ်ရန်’ ဟု ပြန်စာပို့ရန် ပြင်နေစဉ်မှာပင် ဆက်တိုက်ဆိုသလို တက်လာသော အသိပေးချက်များကြောင့် မှင်သက်သွားရပြန်သည်။

[ လေးစားရပါသော ကျင့်ကြံသူ ကျင်းချန်ခင်ဗျား၊ ၁၂ လပိုင်း ၁၀ ရက်နေ့ ရှန်းအချိန်တွင် ကျင်းကွေ့မြို့၊ စီချောင်လမ်းရှိ ‘ကျင်းယွီထန်’ ဆိုင်၌ ဝိညာဉ်ကျောက်တုံး ၅၀၀၀ ဖိုး အောင်မြင်စွာ ဝယ်ယူပြီးစီးပါပြီ။ ]

[ ...ဝိညာဉ်ကျောက်တုံး ၄၉၉၉ တုံးဖိုး အောင်မြင်စွာ ဝယ်ယူပြီးစီးပါပြီ... ]

[ ...ဝိညာဉ်ကျောက်တုံး ၅၀၀၀ ဖိုး... ကျင်းကွေ့မြို့ရှိ ‘တန်းဟော့ဖန်’ ဆေးဆိုင်တွင် သုံးစွဲပြီးစီးပါပြီ။ ]

[ ...ဝိညာဉ်ကျောက်တုံး ၅၀၀၀ ဖိုး... ‘ယန့်ကျီကဲ’ အလှကုန်ဆိုင်တွင် သုံးစွဲပြီးစီးပါပြီ။ ]

[ ...ဝိညာဉ်ကျောက်တုံး ၅၀၀၀ ဖိုး... ‘မီမြန့်လျန်ဆန်း’ ဝိညာဉ်ဆန်ဆိုင်တွင် သုံးစွဲပြီးစီးပါပြီ။ ]

[ ...ဝိညာဉ်ကျောက်တုံး ၅၀၀၀ ဖိုး... ‘ရှန်းဖောင်ချန်ယီဆန်း’ အထည်ဆိုင်တွင် သုံးစွဲပြီးစီးပါပြီ။ ]

ကျင်းချန်: “??”

ကျင်းချန်: “!”

[ လေးစားရပါသော ကျင့်ကြံသူ ကျင်းချန်ခင်ဗျား၊ သင်၏ ယနေ့သုံးစွဲမှုပမာဏသည် အကြွေးဝယ်ယူခွင့် ကန့်သတ်ချက် ၅၀,၀၀၀ ကျော်လွန်သွားပြီ ဖြစ်ပါသည်။ ]

[ ယခုလအတွက် အကြွေးဝယ်ယူခွင့်အား ယနေ့မှစ၍ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါသည်။ ]

“???”

ကျင်းချန်သည် သူ့ဆရာကြီးအား ဦးချရန်ပင် ခဏမျှမေ့သွားသည်။

“စီနီယာကျင်း၊ အကြီးအကဲတပည့်တစ်ယောက်အနေနဲ့ ဒီနေ့ ဘိုးဘေးပူဇော်ပွဲ အသုံးစရိတ်အတွက် ဝိညာဉ်ကျောက်တုံး ၅၀၀၀ ထည့်ဝင်ရပါမယ်”

ငွေနှုတ်ယူခြင်းစာလိပ်အား ကိုင်ထားသော ဂျူနီယာညီမလေးသည် ယဉ်ကျေးစွာလျှောက်လာပြီး ကျင်းချန်အနားတွင် ဦးညွှတ်နှုတ်ဆက်လိုက်သည်။

“ကျေးဇူးပြုပြီး ငွေချေပေးပါ စီနီယာကျင်း”

ကျင်းချန် သတိလက်လွတ်ဖြင့် သူ့လက်ညှိုးကို စာလိပ်ပေါ်တင်လိုက်မိသည်။

သို့သော် ထိုခဏမှာပင် ငွေနှုတ်ယူခြင်းစာလိပ်သည် အနီရောင်အလင်းများတောက်ပလာပြီး တစ်ခန်းမလုံး ဆူညံသွားအောင် အချက်ပေးသံများ မြည်လာတော့သည်!

【 ငွေနှုတ်ယူခြင်း မအောင်မြင်ပါ! 】

【 ကျင်းချန်၊ သင်၏ ဝိညာဉ်ကျောက်တုံးအကောင့်သည် ယခုလအတွက် အေးခဲခံလိုက်ရပြီဖြစ်သည်! 】

【 ကျင်းကွေ့မြို့သို့ အမြန်ဆုံးသွားရောက်၍ ယခုလအတွက် အကြွေး ၅၀,၀၀၀ ကို ပြန်လည်ပေးဆပ်ပါ! 】

ကျင်းချန် ချက်ချင်းတောင့်တင်းသွားရသည်။

စာလိပ်ကိုင်ထားသော ညီမလေးသည် သူ့အား မယုံနိုင်သလို စိုက်ကြည့်နေသည်။

ကျင်းချန်: “…”

၃၅ ထပ်တစ်ခုလုံး ခဏတာတိတ်ဆိတ်သွားပြီးနောက် လူတိုင်း၏မျက်နှာထက် အံ့သြရိပ်များ ယှက်သန်းလာသည်။

“စီနီယာကျင်းမှာ ပိုက်ဆံမရှိတော့ဘူးလား?”

“ခန့်ညားတဲ့ အကြီးအကဲတပည့်ကြီးက ဝိညာဉ်ကျောက်တုံး ၅၀၀၀ တောင် မရှိတော့ဘူးတဲ့လား?”

“သူက ကျင်းမိသားစုရဲ့ သခင်လေး မဟုတ်ဘူးလား၊ အကြွေးတောင် မဆပ်နိုင်ဘူးတဲ့…”

“သူက အဲဒီလောက် ချမ်းသာတာတောင် အကြွေးဝယ်ယူခွင့်ကို အခွင့်ကောင်းယူဖို့ ကြိုးစားနေသေးတယ်…”

“ရှူးးး!”

ကျင်းချန်၏မျက်နှာမှာ ပြာနှမ်းသွားပြီး သူဒူးထောက်ထားသော ကြမ်းပြင်မှာ ချက်ချင်းဆိုသလို အက်ကွဲသွားသည်။

သူသည် မတ်တတ်ရပ်လိုက်ပြီး ဆက်သွယ်ရေးကျောက်တုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရာ ကောင်းကင်ယံတွင် မိုးကြိုးနှင့် မီးလျှံများ ထွက်ပေါ်လာပြီး ဒေါသတကြီး အော်ဟစ်သံသည် ၃၅ ထပ်တိုက်တစ်ခုလုံးကို တုန်ခါသွားစေသည်။

“ဒီနေ့ ကျင်းကွေ့မြို့မှာ ဘယ်သူတွေ ရှိနေလဲဆိုတာ ချက်ချင်းစုံစမ်းစမ်း—”

ထိုမောက်မာသော လူငယ်သည် သုံးစွဲမှုမှတ်တမ်းများကို တစ်ချက်ကြည့်လိုက်ရာ မျက်ခုံးများ တွန့်သွားသည်။

ဒုတိယအဆင့် ကျောက်စိမ်းကပ်ကြေး၊ ဆံထိုး၊ တောင်းများ...

ဝိညာဉ်မြှင့်တင်ဆေးများ၊ ကျောက်စိမ်းဆန်များ...

တတိယအဆင့် ဝိညာဉ်အပ်များ...

ဒါတွေအားလုံးသည် ဝိညာဉ်ပိုးဖလံဂေဟာ၏အသုံးအဆောင်များချည်းပင်။ အဆင့် ၁၀ မှ ၃၀ ကြားရှိ ကျင့်ကြံသူများ အများဆုံး လိုအပ်သည်များ မဟုတ်ပါလား? သို့သော် ဝိညာဉ်အပ်များသည် အဆင့် ၄၀ ကျော်ရှိ လူများ လိုအပ်သည်မျိုး ဖြစ်နေသည်။

“ဝိညာဉ်ပိုးဖလံဂေဟာကနေ ဒီနေ့အပြင်ထွက်သွားတဲ့ အဆင့် ၄၀ အောက်က လူတိုင်းကို စစ်ဆေးစမ်း! ဘယ်သူတွေ ကျင်းကွေ့မြို့ကို ရောက်နေလဲဆိုတာ ရှာ!”

“ငါ့ရဲ့ ဝိညာဉ်တံဆိပ်ဆယ်ခုလုံးကို သုံးပြီး မြို့တစ်ခုလုံးမှာ ဖမ်းဝရမ်းထုတ်လိုက်!”

...

ကျင်းကွေ့မြို့တွင်တော့ အရာအားလုံးသည် အေးဆေးငြိမ်သက်လို့နေသည်။

စုကျို၊ စုကျီကျီနှင့် စုရှင်းချန်တို့သည် သစ်သားဆံထိုးများ၊ နားကပ်များနှင့် ဆွဲကြိုးများကို ဝတ်ဆင်ထားပြီး ဝတ်ရုံ သုံးထပ်စီ ဝတ်ထားကြသည်။ ခါးတွင်လည်း ရတနာများဖြင့် ပြည့်လျှံနေသော မုန်ညင်းစေ့အိတ် သုံးအိတ်စီချိတ်ထားကာ ‘ရှီးရှန်ဆောင်’ ကောင်တာရှေ့တွင် ယိမ်းထိုးရပ်နေကြသည်။

【 ရှီးရှန်ဆောင် 】

【 စိတ်မိစ္ဆာများကို ဖယ်ရှားပေးခြင်း၊ တာအိုလမ်းစဉ်ကို သန့်စင်ပေးခြင်းနှင့် အညစ်အကြေးများကို ဆေးကြောပေးခြင်းတို့ဖြင့် သင့်ကို ပေါ့ပါးလန်းဆန်းစေမည်! 】

【 သင်၏ အဆင့်တက်မှုတိုင်းအတွက် ရှီးရှန်ဆောင်က အဖော်ပြုပေးပါမည်။ 】

ကောင်တာနောက်ရှိ သစ်သားစင်များပေါ်တွင် ကြော်ငြာစာတန်းများ ကပ်ထားသည်။

“ဝိညာဉ်စစ်ထုတ်ခြင်း အဆင့် ၅ နှင့်အထက် - တစ်ဦးလျှင် ဝိညာဉ်ကျောက်တုံး ၁၉၉ တုံး”

“အဆင့် ၅ အောက် - ဈေးနှုန်းတစ်ဝက်”

ဝန်ထမ်းလေးသည် တောက်ပနေသောဝတ်ရုံများကို အထပ်ထပ်ဝတ်ဆင်ထားသည့် စုကျိုနှင့် ကလေးနှစ်ယောက်ကို မြင်သောအခါ အံ့အားသင့်သွားသော်လည်း ချက်ချင်းမျက်နှာချိုသွေးကာ ခရီးဦးကြိုပြုလိုက်သည်။

"ကျင့်ကြံသူတို့ရဲ့ တာအိုလမ်းစဉ်ကို သန့်စင်ပေးမယ့် 'အဆင့်တက်အထူးအစီအစဉ်' ကို ယူကြမလားခင်ဗျာ?"

စုကျိုသည် သူ့ တာအိုလမ်းစဉ်တွင် အဟန့်အတားများ သို့မဟုတ် စိတ်မိစ္ဆာဝင်မည့် အရိပ်အယောင်မျိုး မခံစားရသော်လည်း ဒီနေ့တော့— သူ့မှာ ပိုက်ဆံရှိသည်!

"ဒီလောက်တောင် ဈေးပေါတာလား ?"

စုကျို စိတ်ထဲမှ အမြန်တွက်ချက်ကြည့်လိုက်သည်။ လူခြောက်ယောက်အတွက် ဝိညာဉ်ကျောက်တုံး ၁၉၉ တုံးစီဆိုလျှင် ကျင်းချန်၏တစ်ကြိမ်အကြွေးဝယ်ယူခွင့် ကန့်သတ်ချက် ၅၀၀၀ ကိုပင် မပြည့်သေးပေ။

ဒီချမ်းသာတဲ့လူတွေကတော့ တကယ်ပါပဲ။

"အရမ်းဈေးပေါလွန်းတော့ ဆိုင်ထဲတောင် မဝင်ချင်တော့ဘူး" ဟု စုကျို ပြောလိုက်သည်။

ဝန်ထမ်း : "ဗျာ ?"

စုကျီကျီနှင့် စုရှင်းချန်တို့မှာ တံတွေးကိုအနိုင်နိုင်မျိုချလိုက်ရသည်။ ကျူးပိုင်ယွီနှင့် ယင်လီတို့မှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သို့သော် စုကျိုကမူ သူ့ ဘာသာ အမြန်ပြန်နှစ်သိမ့်လိုက်သည် - "ဟူး... စည်းစိမ်ခံရာကနေ ချွေတာဖို့ဆိုတာ ခက်သားပဲ၊ ငါ့ အမှားပါပဲ၊ ထားပါတော့လေ... မတတ်နိုင်ဘူး၊ အတွေ့အကြုံရအောင် အောင့်သက်သက်နဲ့ပဲ ဝင်ကြည့်ကြတာပေါ့”

"ငါ အကုန်ဒိုင်ခံရှင်းမယ် အားလုံးအတွက်”

အားလုံး : "..."

"ငါတို့ အဈေးအကြီးဆုံးဟာပဲ လိုချင်တယ်" စုကျို လက်နှစ်ဖက်ကို နောက်ပစ်ကာ လမ်းလျှောက်ဝင်သွားရင်း - "လူခြောက်ယောက်စာ”

"ဟုတ်ကဲ့ပ ခင်ဗျာ! အထူးဧည့်သည်တော်တို့ ကြွပါ!"

ဝန်ထမ်းလေးသည် ချက်ချင်းပြုံးရွှင်သွားပြီး နောက်ကွယ်မှ ကျောက်စိမ်းအံဆွဲလေးကို ဖွင့်ကာ ရှီးရှန်ဆောင်တွင် တစ်ရက် တည်းခွင့်ရမည့် ကျောက်စိမ်းလက်ပတ်ခြောက်ခုကို ထုတ်ပေးလိုက်သည်။

"လူခြောက်ယောက်စာပါ၊ VIP ခန်းကို လိုက်ခဲ့ပေးပါခင်ဗျာ”

"ကျွန်တော်တို့ရဲ့ အတော်ဆုံး 'လမ်းစဉ်သန့်စင်ခြင်း ဆရာကြီး' တွေကို ဝန်ဆောင်မှုပေးခိုင်းပါ့မယ်!"

"ကောင်းပြီ” စုကျိုက ခေါင်းညိတ်ပြီး အခန်းထဲသို့အရင်ဝင်သွားသည်။

ဝိညာဉ်စစ်ထုတ်ခြင်းအဆင့် ကျင့်ကြံသူဖြစ်သော ဝန်ထမ်းလေးသည် လူတိုင်းကို ရှီးရှန်ဆောင်၏အထူးလက်ပတ်များကို ရိုသေစွာ ဝေပေးလိုက်သည်။

နောက်ဆုံးလူဖြစ်သည့် ကျူးပိုင်ယွီကိုလက်ပတ်ပေးပြီးသောအခါ ဝန်ထမ်းလေးက ရပ်တန့်သွားပြီး ရှေ့ကိုကြည့်လိုက်၊ လူသူကင်းမဲ့နေသော နောက်ဘက်ကိုကြည့်လိုက်ဖြင့် ဇဝေဇဝါ ဖြစ်သွားသည်။

"ဟင်... လူခြောက်ယောက်လား? ဘာလို့ ငါးယောက်ပဲ ရှိနေတာလဲ?"

"ချမ်းသာတဲ့ ကျင့်ကြံသူတွေက ပိုက်ဆံကို ဒီလောက်တောင် အလဟသ သုံးကြတာလား ?"

ဝန်ထမ်းလေးမှာ မှင်သက်ကျန်ရစ်ခဲ့ပြီး အတွင်းခန်းထဲသို့ ဝင်သွားပြီဖြစ်သော စုကျိုထံ အားကျစွာဖြင့် ကြည့်နေတော့သည်။

[ သင့် မိစ္ဆာကျွန် ချန်ယွမ်၏စိတ်အခြေအနေမှာ အနည်းငယ် ပြန်ကောင်းလာသော်လည်း သိပ်တော့ မထူးခြားသေးပါ။ ]

[ သင့်မိစ္ဆာကျွန် ချန်ယွမ်၏ လက်ရှိစိတ်အခြေအနေမှာ 'အသင့်အတင့် ဆိုးရွား' နေဆဲဖြစ်သည်၊ သူရူးသွပ်သွားပြီး သခင်ကို ပြန်မလုပ်ရန်အတွက် 'သစ္စာစောင့်သိမှုဆေး' ကျွေးရန် လိုအပ်ပါသည်။ ]

စုကျို မှတ်တမ်းကို ကြည့်လိုက်ရာ ချန်ယွမ်တည်နေရာမှာ ရှီးရှန်ဆောင်အပြင်ဘက်တွင် ဖြစ်နေသည်။

သူ နားမလည်သလို နှာခေါင်းကို ပွတ်လိုက်ရင်း - "သူက အပြင်မှာ လမ်းလျှောက်နေလို့ စိတ်နည်းနည်း ပြန်ကောင်းလာ တာလား?" ခဏအကြာတွင်တော့ သူမ မိစ္ဆာကျွန်တံဆိပ်ကို ပြန်သိမ်းလိုက်သည်။

ရှီးရှန်ဆောင် အတွင်းပိုင်းကို ဂူအဆက်ဆက်ပုံစံ ဒီဇိုင်းဖော်ထားသည်။ အချို့ဂူများမှာ အေးမြပြီး အချို့မှာ နွေးထွေးနေသည်။ အချို့မှာ နွေဦးကဲ့သို့ပန်းပင်များဖြင့် ပြည့်နှက်နေပြီး အချို့မှာတော့ ဆေးပေါင်းဖိုများကြောင့် လူကို ချွေးပြန်စေသည်။

"အားလုံးက သစ်သားဓာတ်ပိုင်ရှင်တွေလား? ဒါဆိုရင်တော့ တစ်နှစ်ပတ်လုံး နွေဦးလို သာယာနေတဲ့ VIP ခန်းကို ကြွပါခင်ဗျာ” ဝန်ထမ်းမှ သစ်သားတံခါးကို ဖွင့်ပေးပြီး စုကျိုနှင့် အခြားသူများကို စိမ်းလန်းစိုပြေသော နေရာတစ်ခုသို့ ခေါ်ဆောင်သွားသည်။

ကျောက်စိမ်းခုတင်ခြောက်ခုအား ပန်းပင်များနှင့် အပင်များကြားတွင် စီစဉ်ထားသည်။ အပင်ရနံ့များက လေထဲတွင် ပျံ့လွင့်နေပြီး တောတောင်လိပ်ပြာများပင် ပျံသန်းနေကြသည်။

မကြာမီမှာပင် သန့်ရှင်းလှပသော လူငယ်လေးများနှင့် မိန်းကလေးခြောက်ဦးသည် ရေချိုးပုဝါများကို ကိုင်ဆောင်ကာ ဝင်လာကြသည်။

"လေးစားရတဲ့ ဧည့်သည်တော်တို့... မှောက်လျက် လှဲပေးပါခင်ဗျာ”

"အခု ကျွန်တော်တို့က ကျင့်ကြံသူတို့ရဲ့ တာအိုလမ်းစဉ်မှာ တင်နေတဲ့ အညစ်အကြေးတွေကို ဆေးကြောပေးတော့မှာပါ”

စုကျို : "?"

သူမသည် ကမ္ဘာပျက်ကပ်ထဲတွင် ဤကဲ့သို့သော အတွေ့အကြုံမျိုး တစ်ခါမှမရှိခဲ့ဖူးပေ။ ဒါက ဘာလဲ ? မြောက်ပိုင်းက အပူပေးရေချိုးခန်းထဲမှာ ချွေးထုတ်သလိုမျိုးလား ?

ချက်ချင်းဆိုသလို သူမ၏ ခန္ဓာကိုယ်ကို နှိပ်နယ်ပေးနေသော ရေချိုးပုဝါများ၏ အထိအတွေ့ကို ခံစားလိုက်ရသည်။

"နတ်မိမယ်လေးရဲ့ တာအိုလမ်းစဉ်က အရမ်းကိုသန့်ရှင်းတာပဲ!"

လှပသော မိန်းကလေးတစ်ဦးသည် ကြေးမုံပြင်ကို ကိုင်ဆောင်ကာ စုကျို၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထင်ဟပ်စေသည်။

"အညစ်အကြေး အရိပ်အယောင် လုံးဝမရှိသလောက်ပဲ၊ မကြာခင်ကမှ လမ်းစဉ်ကို သန့်စင်ထားတာလား?"

စုကျို : "?"

အခန်းထဲရှိ ကျန်လေးယောက်သည်လည်း စုကျို၏တာအိုလမ်းစဉ်ကို ထင်ဟပ်ပြနေသော မှန်ကိုလှမ်းကြည့်လိုက်ကြသည်။

စုကျို ခန္ဓာကိုယ်တစ်ခုလုံးကိုထင်ဟပ်နေသော ကြေးမုံပြင်တွင် သူ့ မျက်ခုံးနှစ်ခုကြား၌ လပြည့်ဝန်းတစ်ခု ထွန်းလင်းနေသည်။ ၎င်းမှာ သူမ၏ပြီးပြည့်စုံသော သီလနှင့် တာအိုလမ်းစဉ်ကို သက်သေပြနေခြင်းဖြစ်ပြီး အမည်းစက်တစ်ခု၊ အဟန့်အတားတစ်ခု သို့မဟုတ် အားနည်းချက်တစ်ခုမှမရှိဘဲ ကြည်လင်တောက်ပနေခြင်းပင်။

ကျူးပိုင်ယွီသည် သူ့အံ့သြမှုကို မဖုံးကွယ်နိုင်တော့ပေ။

"မဟုတ်ဘူး စုကျို... နင်က တစ်ချိန်လုံး ဒီလောက်တူးထုတ်တာတောင် နင့်ရဲ့ တာအိုလမ်းစဉ်က လုံးဝမထိခိုက် ဘူးလား?"

"ဘာဖြစ်လို့လဲ?"

"ဒါတွေအားလုံးက ကျင်းချန်လုပ်တာ မဟုတ်လား ? ငါနဲ့ ဘာဆိုင်လို့လဲ?"

စုကျို မော့ကြည့်ကာ ဖြောင့်မတ်စွာ ပြောလိုက်ပါတော့သည်။

"!"

"!!"

သူ ချက်ချင်းကြီး တန်းငြင်းလိုက်တာပဲ!

“ငါ စုကျိုက အမြဲတမ်းဖြောင့်မတ်တည်ကြည်တဲ့သူပါ၊ ဘယ်တုန်းကမှ မရိုးမသား မလုပ်ခဲ့ဖူးဘူး” စုကျို လျှာကိုက်လိုက်သည်။

မရိုးမသား ကိစ္စဟူသမျှကို ‘ချန်ကျိုး’ ကသာ လုပ်ခဲ့ခြင်းဖြစ်သည်။

ကျူးပိုင်ယွီနှင့်ယင်လီတို့မှာတော့ အလွန်အထင်ကြီးသွားကြသည်။

စုကျိုသည် တစ်ဖက်လူအားကြွေးတင်နေသည်ဟု မခံစားရပေ၊ ထိုသူတို့ကသာ အရင်စတင်ခဲ့ခြင်း မဟုတ်ပါလား ?

သို့သော် သူမသည် အခြားသူများ၏ဘေးတွင် လွင့်မျောနေသော မှန်များကို လှည့်ကြည့်လိုက်သောအခါ၊ ငယ်ရွယ်နုနယ်ပြီး အပြစ်ကင်းစင်သည့် စုကျီကျီ၏မှန်မျက်နှာပြင်တွင်ပင် လခြမ်းပုံသဏ္ဌာန်အရိပ်ထင်နေပြီး လမင်းပေါ်တွင် အမည်းစက်များနှင့် အမာရွတ်များပြည့်နေသည်ကို သတိပြုမိသွားသည်။

စုကျို အံ့အားသင့်စွာဖြင့် လည်ပင်းကို ဆန့်ကြည့်လိုက်သည်။

အခြားသူများကို ကြည့်လိုက်သောအခါတွင်လည်း သူတို့မှန်ထဲမှ ပုံရိပ်များသည် အမည်းစက်များနှင့် အရိပ်များဖြင့် ပြည့်နှက် နေပြီး တစ်ယောက်ထက်တစ်ယောက်ပိုမှောင်မိုက်နေကြသည်။

“နင်တို့တွေက ဘယ်လိုတောင် ယုတ်မာနေကြတာလဲ ?”

စုကျို သူ့ကိုယ် သူ ပြန်ဖက်ထားလိုက်သည်။

“လူ့တွေရဲ့နှလုံးသားဆိုတာ တကယ်ကို ခန့်မှန်းရခက်တာပဲ”

စုကျီကျီ မျက်နှာလေးနီမြန်းသွားပြီး ခုတင်ပေါ်လူးလွန့်ရင်း “အရင်တုန်းက အစ်ကိုကျူနဲ့ တိုက်တုန်းက ညီမရဲ့ အောင်နိုင်မှုက ဂုဏ်သိက္ခာမရှိခဲ့ဘူး၊ အဲဒီနောက်မှာလည်း ကျဲပေးတဲ့ ‘အင်္ကျီညာဘက်လက်’နဲ့ ကျောက်စိမ်းခုတင်ကိုအားကိုးပြီးမှ အဆင့် တက်နိုင်ခဲ့တာ၊ ကျဲအပေါ် အကြွေးတင်နေသလိုခံစားရတယ်၊ ညီမက အားနည်းတော့ ကျေးဇူးလည်း ပြန်မဆပ်နိုင်ဘူး...”

“ပြီးတော့... ကျီကျီက ကျဲကိုလည်း စိတ်ထဲကနေ ခိုးပြီးကျိန်ဆဲခဲ့ဖူးတယ်... ကျဲက တစ်ခါတလေကျရင် အရမ်းဆိုးတယ်လို့ ထင်လို့...”

စုကျီကျီ ခေါင်းမှာ ပိုပိုငိုက်ကျသွားသည်။

“ဒါတွေအားလုံးက ကျီကျီရဲ့တာအိုလမ်းစဉ်မှာရှိတဲ့ အညစ်အကြေးတွေပဲ”

စုကျို အမူအရာမှာ ရှုပ်ထွေးသွားသည်။

ဒါ အညစ်အကြေးလား ? ဒါ လူ့သဘာဝပဲလေ။

မိသားစုဝင်တွေအပေါ် အခွင့်ကောင်းယူတာနဲ့ ရန်ငြိုးထားတာကို အညစ်အကြေးလို့ သတ်မှတ်မယ်ဆိုရင် စုကျိုဆိုတာ အမည်းရောင်ပဲ ဖြစ်ရလိမ့်မည်၊ အဖြူရောင်ဖြစ်နေစရာ အကြောင်းမရှိချေ!

“ရပါတယ် နတ်မိမယ်လေးရဲ့၊ အညစ်အကြေးတွေ မြန်မြန်စင်သွားအောင် ဒီနေ့ ကျဲ အားစိုက်ပြီး တိုက်ပေးပါ့မယ်” စုကျီကျီကို ဝန်ဆောင်မှုပေးနေသည့် မိန်းကလေးက ညင်သာစွာပြောလိုက်သည်။

စုကျီကျီ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

စုကျိုကမူ ဒါကို အလွန်ထူးဆန်းသည်ဟု ထင်သဖြင့် ‘အညစ်အကြေးခွာ’ ပေးမည့် အလှပဂေး၏ဝန်ဆောင်မှုကို ချက်ချင်း ငြင်းပယ်လိုက်သည်။

သူမသည် တစ်ယောက်စာနှိပ်စက်ခုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း ကျန်လေးယောက်ကို ဘာလုပ်ကြမလဲဆိုသည်အား စိတ်ဝင်တစားစောင့်ကြည့်နေသည်။

လေးယောက်လုံးကမူ သူ့အား ‘ဘာလို့ လာချောင်းနေတာလဲ’ ဆိုသည့် အကြည့်ဖြင့် ရှက်ကိုးရှက်ကန်းကြည့်လိုက်ကြသည်။ ထို့နောက် ရှီးရှန်ဆောင်မှ ဝန်ထမ်းလေးလိုက်များပေးသည့် ဆီးနှင်းလိုဖြူပြီး လုံးဝန်းသောဆေးလုံးလေးများကို အောင့်သက် သက်ဖြင့် လက်ခံကာစားလိုက်ကြသည်။

“ဒါ ဘာလဲ ?” စုကျို စပ်စုလိုက်သည်။ ထိုလေးယောက်စလုံးမှာ မစားချင်စားချင်ဖြင့် ဆေးလုံးအားမျိုချနေကြသည်ကို သူ မြင်တွေ့နေရသည်။

“နတ်မိမယ်လေးကို ဖြေကြားရရင် ဒါ ရှီးရှန်ဆောင်ရဲ့ အထူးဖော်စပ်ထားတဲ့ ‘တာအိုလမ်းစဉ် ထုတ်ဖော်ဆေးပါ” သူမ အနားတွင် ရပ်နေသည့် အညစ်အကြေးတိုက်စရာမလိုသော မိန်းကလေးကရှင်းပြလာသည်။

“!”

စုကျို နောက်သို့ အလိုအလျောက် ဆုတ်လိုက်သည်။ နာမည်ကို ကြည့်ရုံနှင့်ပင် အစွမ်းက ပေါက်ကွဲထွက်မည့်ပုံစံ ဖြစ်နေသည်။

ဒီနေ့ တစ်နာရီကြာအောင်လိုက်ကြည့်ခဲ့သည့် ဆေးဆိုင်များတွင် ထိုဆေးမျိုး သူမ မတွေ့ခဲ့ပေ။

စုကျို ဆေးမျိုချလိုက်သော လေးယောက်ကို မျှော်လင့်တကြီးကြည့်နေမိသည်။

“ညီမ တကယ်အားကျတာပဲ ကျဲရယ်၊ ကျဲရဲ့ တာအိုလမ်းစဉ်က အရမ်းကိုသန့်ရှင်းနေတော့ လူတိုင်းမြင်အောင်ထုတ်ပြဖို့ ဆေးတောင် သောက်စရာမလိုဘူး” စုကျီကျီ အားကျစွာ သက်ပြင်းချလိုက်သည်။

စုရှင်းချန်ကမူ တိတ်ဆိတ်နေပြီး တောင့်တောင့်ကြီးခေါင်းညိတ်ပြသည်။ သူ ခုတင်ပေါ်ပက်လက်လှဲနေပြီး လက်နှစ်ဖက်အား တင်းတင်းဆုပ်ထားသည်မှာ သိသိသာသာပင်စိတ်လှုပ်ရှားနေပုံရသည်။

Chapter 50

စုကျီကျီလည်း နှုတ်ခမ်းကိုကိုက်၊ မျက်လုံးအားတင်းတင်းမှိတ်ထားပြီး မျက်တောင်လေးများ တုန်ခါနေသည်။

“ဒါ ကျီကျီရဲ့ တာအိုလမ်းစဉ်ကို ပထမဆုံးအကြိမ်ဆေးကြောတာဆိုတော့ နည်းနည်းလေး ညင်ညင်သာသာလုပ်ပေးလို့ ရမလားဟင်? တကယ်လို့... ကျီကျီရဲ့ တာအိုလမ်းစဉ်က ညစ်ပတ်နေရင်လည်း ကျေးဇူးပြုပြီး မရယ်ကြပါနဲ့နော်”

‘နှလုံးသားကြည့်မှန်’ ထဲ အကုန်မြင်နေရပြီပဲဟု စုကျို လှမ်းပြောရန် ပြင်လိုက်သည်။

သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် အကုန်ပွင့်လင်းနေကြပြီပဲ၊ ဘာကို ကြောက်နေကြတာလဲ ?

နောက်တစ်ခဏတွင်တော့ ပက်လက်လှဲနေကြသော စုကျီကျီ၊ စုရှင်းချန်၊ ကျူးပိုင်ယွီနှင့် ယင်လီတို့၏ ခန္ဓာကိုယ်ထဲမှ မတူညီသော အလင်းလုံးလေးလေးလုံး ဖြည်းဖြည်းချင်းထွက်ပေါ်လာသည်ကို သူမ မြင်လိုက်ရသည်။

သစ်ရွက်ပုံသဏ္ဌာန်၊ သစ်သားအိမ်ပုံသဏ္ဌာန်၊ မြူခိုးမည်းပုံသဏ္ဌာန်နှင့် အမျိုးသမီးပုံသဏ္ဌာန်တို့ ဖြစ်သည်။

စုကျို အံ့သြတကြီး ရေရွတ်လိုက်သည်။

အခန်းထဲရှိ ဝန်ထမ်းမိန်းကလေးများသည် ချက်ချင်းဆိုသလို လက်ဟန်အင်းကွက်များကို ပညာရှင်ဆန်စွာ ဖော်ဆောင်လိုက် ကြသည်။

“ကျွန်ုပ်တို့ ယနေ့ ကျင့်ကြံသူတို့ရဲ့တာအိုလမ်းစဉ်ကိုမြင်တွေ့ရတာဟာ သန့်စင်ပေးဖို့အတွက်သာဖြစ်ပြီး၊ ဘယ်သူ့ကိုမှ ပြန်လည်ပေါက်ကြားခြင်းမပြုပါဘူးလို့ ကျိန်ဆိုပါတယ်”

“ဒီကတိကိုဖောက်ဖျက်တဲ့သူဟာ ကျင့်စဉ်အဆင့် ဘယ်တော့မှမတက်နိုင်ဘဲ မိုးကြိုးငါးချက်ပစ်ပြီး ပျက်စီးပါစေ!”

စုကျိုတစ်ယောက် အေးစိမ့်သွားရတော့သည်။

ဘေးနားမှ အညစ်အကြေးတိုက်ပေးမည့် မိန်းကလေးသည် ကျိန်ဆိုခြင်းကို အဆုံးသတ်ပြီးနောက် ပါးစပ်ကလေးကိုလက်နှင့် အုပ်ကာ တိုးတိုးကလေး ရယ်မောလိုက်သည်။

"နတ်မိမယ်လေးတို့ ငါးယောက်လုံးက တကယ့်ကိုပတ်သက်မှုကောင်းကြတာပဲနော်၊ တာအိုလမ်းစဉ်ဆိုတာ ကျင့်ကြံသူတွေရဲ့ လျှို့ဝှက်ချက်တွေ၊ ကျင့်ကြံခြင်းလမ်းခရီးက အခက်အခဲတွေ၊ အရေးကြီးဆုံး မှတ်ဉာဏ်တွေနဲ့ သူတို့ရဲ့ ရည်မှန်းချက်တွေ ကိန်းအောင်းနေတဲ့အရာပါ”

"ယေဘုယျအားဖြင့်ပြောရရင် ကျင့်ကြံဖော်ဇနီးမောင်နှံတွေတောင်မှ တစ်ယောက်နဲ့တစ်ယောက် တာအိုလမ်းစဉ်ကို ဒီလောက်အထိ ပွင့်ပွင့်လင်းလင်းထုတ်ပြလေ့မရှိကြဘူး”

အဲ့ဒီလိုလား ?

စုကျီကျီရဲ့တာအိုလမ်းစဉ်က သစ်ရွက်ပုံစံဆိုတော့— သူက ပိုးစာရွက်တွေ အများကြီးထွက်ဖို့ပဲ စဉ်းစားနေတာလား ?

စုရှင်းချန်ရဲ့ တာအိုလမ်းစဉ်က သစ်သားအိမ်ပုံစံဆိုတော့— သူက အပြင်ပန်းသာ အေးစက်နေတာ၊ အတွင်းစိတ်ကတော့ အိမ်ကို လွမ်းနေတာလား ?

ကျူးပိုင်ယွီရဲ့ မြူခိုးမည်းတွေကတော့— သူ ဒေါသအရမ်းထွက်လွန်းလို့ မကောင်းတဲ့စိတ်ခံစားချက်တွေ အကန့်အသတ်အထိ စုပုံနေတာကြောင့်လား ?

ယင်လီရဲ့အမျိုးသမီးပုံသဏ္ဌာန် တာအိုလမ်းစဉ်ကတော့— ပြောနေစရာတောင် မလိုပါဘူး၊ သူက အမျိုးသမီးတွေအတွက် စံပြပုဂ္ဂိုလ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကြောင့်ပဲဖြစ်မှာပါ။

စုကျို မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး အခန်းထဲရှိ လေးယောက်ကိုကြည့်လိုက်သည်။ သူတို့ကတော့ မျက်နှာကိုဖုံးကွယ်ဖို့ နည်းမျိုးစုံနှင့်ကြိုးစားနေကြသည်— အချို့က ရှက်ပြီး မျက်နှာနီမြန်းနေကြသလို၊ အချို့က မျက်လုံးမှိတ်ထားကာ၊ အချို့ကမူ ဘေးစောင်းလှည့်နေကြသည်။ သို့သော်လည်း သူမ မြင်ရသည်ကိုတော့ အမှန်တကယ် တားဆီးနိုင်ခြင်းမရှိကြပေ။

တကယ်ပဲ... သူတို့တွေက ရေချိုးခန်းထဲ အတူတူရေချိုးပြီး တစ်ယောက်နဲ့တစ်ယောက် အညစ်အကြေးတွေ တိုက်ပေးနေ ကြသလိုပဲ မဟုတ်ဘူးလား ? စုကျို ရင်ထဲ ထူးဆန်းသောခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

ဒါက ကမ္ဘာပျက်ကပ်ထဲမှာ သူမ တစ်ခါမှ မခံစားဖူးတဲ့ အရာမျိုးပါ။

“နင်တို့တွေ အသားနည်းနည်းညိုပေမဲ့ အားငယ်စရာမလိုပါဘူး” ဟု စုကျို ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

“ငါ့လိုမျိုး တောက်ပပြီး ကြင်နာတတ်ဖို့ဆိုတာ တကယ်ခက်ခဲတယ်”

“ကောင်းပါပြီလေ... လူတိုင်းကတော့ အမှားနဲ့ ဘယ်ကင်းနိုင်ကြပါမလဲ”

စုကျီကျီနှင့် ကျန်သုံးယောက်မှာ ကုတင်ပေါ်တွင် တောင့်တောင့်ကြီးဖြစ်နေကြသော်လည်း ချက်ချင်းပြန်လည်တည်ငြိမ် သွားကြသည်။

“နင်ကတော့ အညိုဆုံးပဲ” ဟု ကျူးပိုင်ယွီ လှောင်ပြောင်ပြီး ပက်လက်လှန်လိုက်သည်။

ယင်လီ သက်ပြင်းချကာ - “စုကျို... ငါ နင့်ဆီကနေ သင်ယူပါ့မယ်”

စုကျီကျီနှင့် စုရှင်းချန်တို့လည်း ခေါင်းညိတ်လိုက်ကြသည်။

၎င်းတို့၏တာအိုလမ်းစဉ်များ ခန္ဓာကိုယ်ပြင်ပသို့ရောက်ရှိလာပြီးနောက်၊ အညစ်အကြေးတိုက်ပေးမည့် ဝန်ထမ်းလေးယောက် သည် ကုတင်ပေါ်ရှိ မီးတောက်အင်းကွက်များကို စတင်အသက်သွင်းလိုက်ကြသည်။

သူတို့၏ဘယ်ဘက်လက်များတွင် ဒုတိယအဆင့် ဝိညာဉ်ရတနာ၏ အလင်းရောင်များ တောက်ပနေသော ‘နှလုံးသားတိုက် ဝတ်လုံ’ ငွေရောင်လက်အိတ်များကို ဝတ်ဆင်ထားပြီး၊ ညာဘက်လက်တွင်တော့ ပထမအဆင့် ‘နှလုံးသားတိုက်တံစဉ်’ အသေးစားလေးများကို ကိုင်ဆောင်ထားကြသည်။

ထို့နောက် သူတို့သည် တာအိုလမ်းစဉ်များပေါ်ရှိ အမည်းစက်များကို စတင်ပွတ်တိုက်ကာ ဖယ်ရှားပေးကြတော့သည်။

“ညီမလေး... နာတာကို အောင့်ခံထားနော်”

“ညီလေး... မင်းရဲ့ ဒီမြူခိုးမည်းတွေက အညစ်အကြေးတွေနဲ့ ဖုံးလွှမ်းနေတာပဲ၊ နည်းနည်းလေး သန့်စင်သွားဖို့တောင် နာရီဝက်လောက် ကြာလိမ့်မယ်”

“ကဲ... စကြရအောင်”

စုကျီကျီ၊ ကျူးပိုင်ယွီနှင့် အခြားသူများအားလုံးမှာ သေမထူး ရှင်မထူး အနေအထားဖြင့် ကုတင်ပေါ်တွင် ပြန့်ကျဲနေကြသည်။

သူတို့၏တာအိုလမ်းစဉ်များမှာ တဖြည်းဖြည်း ဆီးနှင်းလိုဖြူဖွေးလာကြသည်။

မြူခိုးမည်းများ၊ အမည်းစက်များနှင့် အမည်းရောင်မျှင်များမှာ ကုတင်ပေါ်သို့ တဖွဲဖွဲကျဆင်းနေသည်။

စုကျိုကမူ လည်ပင်းကိုဆန့်ကာ စိတ်ဝင်တစားစောင့်ကြည့်နေသည်။ ဤအညစ်အကြေးတိုက်သည့် အလုပ်မှာ တကယ်ကို စိတ်အပန်းပြေစရာကောင်းလှသည်။

“ဒါက ဘာ ‘တာအိုလမ်းစဉ် ထုတ်ဖော်ဆေး’လဲ ? အပြင်မှာ ရောင်းလား ?” စုကျို စိတ်ဝင်စားစွာမေးလိုက်သည်။

“နတ်မိမယ်လေး... ဒါကို အပြင်မှာ အများပြည်သူကို မရောင်းပါဘူး၊ တကယ်လို့ အပြင်မှာပျံ့နှံ့သွားရင် ကျင့်ကြံသူအားလုံးရဲ့ တာအိုလမ်းစဉ်တွေကို အန္တရာယ်ဖြစ်စေနိုင်လို့ပါ” ဟု ဝန်ထမ်းမိန်းကလေးက ပါးစပ်ကလေးအုပ်ကာရယ်မောပြောဆိုလိုက် သည်။

စုကျိုကမူ နှမြောတသစွာဖြင့် သက်ပြင်းချလိုက်သည်။ သို့သော် သူ့အနေဖြင့် ကူးယူဖို့ကြိုးစားကြည့်လို့ရသည်ပင်။

ဟီးဟီး။

“ဒါပေမဲ့ နတ်မိမယ်လေးက ဒီနေ့ သန့်စင်ဖို့အတွက် အခကြေးငွေပေးထားပြီးသားဖြစ်ပြီး၊ နတ်မိမယ်ရဲ့ တာအိုလမ်းစဉ်က လည်း အပြစ်ဆိုဖွယ်မရှိ သန့်ရှင်းနေတော့ ဘာမှတိုက်စရာမလိုဘူးလေ၊ ဒါကြောင့် နတ်မိမယ်ကို ‘နှလုံးသားတိုက်တံစဉ်’ တစ်ခု လက်ဆောင်ပေးပါ့မယ်”

အညစ်အကြေးတိုက်ပေးသည့် မိန်းကလေးက သူမ ဝတ်ရုံအိတ်ကပ်ထဲမှ ငွေရောင်တံစဉ်လေးတစ်ခုကိုထုတ်ပေးလိုက်သည်။

“ဒါတွေက တစ်ခါသုံး ပစ္စည်းတွေပါ”

“ကျင့်ကြံသူတစ်ဦးစီအတွက် သုံးပြီးရင် ပြန်လွှင့်ပစ်ရပါတယ်၊ တာအိုလမ်းစဉ်က အညစ်အကြေးတွေ ကူးစက်တာကို ကာကွယ်ဖို့ပါ”

“ကျွန်မတို့ရဲ့ ရှီးရှန်ဆောင်က ကျင့်ကြံသူတွေရဲ့တာအိုလမ်းစဉ်ကို ပညာရှင်ဆန်ဆန်ကာကွယ်ပေးတာပါ”

စုကျို အံ့သြသွားပြီး ပထမအဆင့် ဝိညာဉ်လက်နက်ဖြစ်သည့် တံစဉ်လေးကို ချက်ချင်းလှမ်းယူလိုက်သည်။ သူမသည် ၎င်းကို ရင်ဘတ်တွင် ကပ်ထားလိုက်သည်။

သူမ မေးရန် ပြင်လိုက်သည်၊ တာအိုလမ်းစဉ်ထုတ်ဖော်ဆေး မရှိဘဲနဲ့ အညစ်အကြေးတွေကို ဘယ်လိုတိုက်မလဲပေါ့ ?

သို့သော် ထိုအခိုက်အတန့်မှာ အလွန်စိတ်လှုပ်ရှားဖို့ကောင်းနေသဖြင့်၊ ဆေးဆိုင်မှာတုန်းက ဖြည်ထားခဲ့သည့် သူ့ ညာဘက် လက်မှ အဝတ်စည်းမှာ အခုထိပြန်မစည်းရသေးသည်ကို သူ သတိမထားမိလိုက်ပေ။

ရုတ်တရက်၊ သူမ နားထဲ အချက်ပေးသံတစ်ခုကြောင့် လန့်သွားရသည်။

[ ဝိညာဉ်ပိုးဖလံဂေဟာမှ အုပ်ချုပ်ရေးမှူးတောက်ရန်၏ တာအိုလမ်းစဉ် အညစ်အကြေးများကိုတွေ့ရှိရပါသည်။ ]

စုကျို : "?"

နေပါဦး၊ အုပ်ချုပ်ရေးမှူးတောက်ရန်လည်း ဒီမှာ အညစ်အကြေး လာတိုက်နေတာလား ?

ဒါ့ပြင်... တစ်ယောက်ချင်းစီရဲ့ တာအိုလမ်းစဉ်က အညစ်အကြေးတွေ မကူးစက်အောင် တံစဉ်ကို တစ်ခါသုံးပဲ သုံးတယ်ဆို တာကရော ဘယ်လိုဖြစ်သွားတာလဲ!

စုကျိုကမူ ဘာမှမပြောဘဲ ဝန်ထမ်းမိန်းကလေးကို ရှုပ်ထွေးသောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် တာအိုလမ်းစဉ်များကို ဓားငယ်လေးများဖြင့် သန့်စင်ခြင်းခံနေရသည့် လူလေးယောက်ကို သူမ လှမ်းကြည့်လိုက် မိသည်။

ခဏမျှ သူ တိတ်ဆိတ်သွားရသည်။

သူမကို ပိုလို့စကားမဲ့သွားစေသည့်အချက်မှာ မကြာမီမှာပင် သူ့နားထဲ၌ အချက်ပေးသံ ထပ်မံမြည်လာခြင်းပင်ဖြစ်သည်။

[ ဝိညာဉ်ပိုးဖလံဂေဟာမှ အုပ်ချုပ်ရေးမှူးဟူကျဲကျင်၏တာအိုလမ်းစဉ် အညစ်အကြေးများကို တွေ့ရှိရပါသည်။ ]

[ ရွှေနက်ခန်းမမှ မန်နေဂျာလျိုဆန်း၏ တာအိုလမ်းစဉ် အညစ်အကြေးများကို တွေ့ရှိရပါသည်။ ]

[ ရွှေနက်ခန်းမမှ ဝန်ထမ်းချန်ဟယ်၏ တာအိုလမ်းစဉ် အညစ်အကြေးများကို တွေ့ရှိရပါသည်။ ]

...

စိမ်းသက်နေသော နာမည်ပေါင်း တစ်ဒါဇင်ကျော်ကြောင့် စုကျိုတစ်ယောက် လုံးဝကိုကြောင်အမ်းသွားရတော့သည်။

ဒီ ‘နှလုံးသားတိုက်တံစဉ်’ လေးက တစ်ခါသုံးမဟုတ်ရုံတင်မကဘဲ၊ လဲမပေးတာတောင် တော်တော်ကြာနေပြီထင်သည်!

ဒီပေါ်မှာ တင်ကျန်နေတဲ့ ‘အညစ်အကြေး’ တွေက တစ်ဒါဇင်မက ရှိနေတာလား ?

စုကျိုမှာ သူ့လက်ထဲရှိ တံစဉ်လေးကို လွှင့်ပစ်လိုက်ချင်စိတ် ပေါက်သွားသည်အထိပင်!

[ ဝိညာဉ်ပိုးဖလံဂေဟာမှ ‘ချန်ကျိုး’၏ တာအိုလမ်းစဉ် အညစ်အကြေးများကို တွေ့ရှိရပါသည်။ ]

စုကျို ချက်ချင်းဆိုသလို တံစဉ်အားပြန်သိမ်းလိုက်ပြီး စိတ်ဓာတ်များ ပြန်လည်တက်ကြွလာတော့သည်။

ရှီးရှန်ဆောင်၊ လူခြောက်ယောက်စာ VIP ခန်း

စုကျို နှလုံးသားတိုက်တံစဉ်ကိုပြန်ချလိုက်ပြီး သန့်ရှင်းသော အဖြူရောင်အဝတ်စဖြင့် သူhလက်များကို သုတ်လိုက်သည်။

သူhဘေးရှိ စုကျီကျီမှာ ကုတင်ပေါ်မှထလာပြီး တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းနေသည့် ဒဏ်ကြောင့် ပျင်းရိပျော့ခွေနေသည်။ သူမ၏ သန့်စင်သွားသော တာအိုလမ်းစဉ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက်တုန်ခါသွားရသည်!

စုကျို စပ်စုသည့်အကြည့်ဖြင့် ကြည့်ကာ - "ဘယ်လိုခံစားရလဲ?"

"သိပ်ကောင်းတာပဲ” စုကျီကျီသည် ဤခံစားချက်မျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။

စုရှင်းချန်သည်လည်း ရှီးရှန်ကုတင်ပေါ်မှ ဆင်းလာသည်။ သူ ခြေလှမ်းသုံးလှမ်းခန့်ကို တောင့်တောင့်ကြီး လှမ်းလိုက်ပြီးမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

"တကယ့်ကို အများကြီး ပိုသန့်ရှင်းသွားသလို ခံစားရတယ်၊ ကိုယ်ရောစိတ်ပါ ပေါ့ပါးသွားပြီ~"

စုကျီကျီ၏ မျက်နှာလေးမှာ နီမြန်းနေပြီး မျက်လုံးများမှာလည်းတောက်ပနေသည်။

စုကျို မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။

"သင်တို့ရဲ့ တာအိုလမ်းစဉ်က အညစ်အကြေးတွေနဲ့ ခန္ဓာကိုယ်ပေါ်က ဖုန်မှုန့်တွေကို ဆေးကြောပေးခဲ့ပါပြီ၊ နောင်အနာဂတ် ကျင့်ကြံခြင်းလမ်းခရီးမှာ အနှောင်အဖွဲ့ကင်းကင်းနဲ့ လျင်မြန်ချောမွေ့စွာ တိုးတက်ပါစေလို့ ဆုတောင်းပေးပါတယ်"

ဝန်ထမ်းက ဆုတောင်းစကား ဆိုလာသည်။

စုကျီကျီနှင့် စုရှင်းချန်တို့က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြကြသည်။

စုကျိုသည် အညစ်အကြေးတိုက်သည့် ဖြစ်စဉ်တွင် ‘ကျေနပ်မှု’ ကို မခံစားခဲ့ရသလို ကိုယ်တိုင်လည်း မပါဝင်ခဲ့သဖြင့် ပိုလို့ပင် စပ်စုချင်လာရသည်။

"ဒါဆို... နင်တို့အရင်က စိုးရိမ်ပူပန်နေတဲ့ အသေးအမွှားကိစ္စတွေအတွက် အခု အပြစ်ရှိသလို မခံစားရတော့ဘူးလား?"

စုကျီကျီ ပြန်လည်ခံစားကြည့်ရာ မျက်နှာတွင် ဇဝေဇဝါဖြစ်သွားပြီးမှ ခေါင်းညိတ်လိုက်၊ ခါလိုက် လုပ်နေသည်။

ယင်လီကမူ တတိယမြောက်လူအဖြစ် ကုတင်ပေါ်မှထထိုင်လိုက်သည်။

"ဒါကို တာအိုလမ်းစဉ်ကနေ ဖယ်ရှားလိုက်ခြင်းအားဖြင့် အရင်က နင်ဂရုစိုက်ခဲ့တဲ့ မှောင်မိုက်တဲ့ သမိုင်းကြောင်းတွေကို ခဏတဖြုတ် မေ့သွားစေလိမ့်မယ်၊ ဒါပေမဲ့ ဒါက အမြဲတမ်းအတွက်တော့ မဟုတ်ဘူး၊ အဆင့်မတက်ခင်နဲ့ အဆင့်တက်ပြီးခါစမှာ လမ်းမှားမရောက်အောင် ခဏဖယ်ရှားပေးထားတာပဲ ရှိတာ”

"တကယ်လို့ နင်က နင့်ရဲ့လုပ်ရပ်တွေကို မပြောင်းလဲဘူးဆိုရင် ခဏကြာရင် အဲဒီအညစ်အကြေးတွေက ပြန်ပေါ်လာမှာပဲ”

စုကျို အံ့သြသွားသည်။

"ယာယီ မှတ်ဉာဏ်ရွေးချယ်ပြီး မေ့ပစ်တာမျိုးလား ?"

All Chapters