ယန်ချန်ရဲ့ မြှားပစ်စွမ်းရည်
Vol. 9 Ch. 83
ယန်ချန်က အုံလိုက်ကြီးပြေးဝင်လာသည့် သားရဲများကိုကြည့်ရင်း မျက်နှာတခုလုံး တည်တင်းသွားကာ အလေးနက်ဖြစ်သွားသည်။
လက်ထဲမှာလေးကို အားကုန်ဆွဲထားပြီး ချိန်ရွယ်ထားခြင်းကိုလည်း ထိပ်ဆုံးသားရဲကောင်ဆီ ပစ်မှတ်ပြောင်းလိုက်ချိန်မှာတော့ ကျယ်လောင်တဲ့အသံကြီးနဲ့အတူ ယန်ပိုင်က သားရဲအုပ်ကြီးဆီ ပြေးဝင်ကာ တိုက်ခိုက်တော့သည်။
ယန်ပိုင်က ဝက်ဝံတကောင်ဖြစ်ပြီး ခန္ဓာကိုယ်ကြီးမားသည်ဟု ဆိုနိုင်သော်လည်း တဖက်သားရဲအုပ်ထဲ ရောက်သွားချိန်မှာတော့ ဆင်နဲ့ဆိတ်ပမာ ဖြစ်သွားတော့သည်။
“ဒီကောင် အကြောက်လန့်ကိုမရှိဘူး”
ယန်ချန်လည်း ယန်ပိုင်ရဲ့လှုပ်ရှားမှုကို မြင်လိုက်ပြီး စိတ်တက်ကြွသွားကာ ချိန်ရွယ်ထားသည့် မြှားတံအား ပစ်လွှတ်လိုကိတော့သည်။ တဖက်တွင် ကျန်းဝမ်လီ ကျန်းရင်ရင် တောဝက်များ မြေခွေးများက ရွာစည်းရိုးအပြင် ခုန်ထွက်ကာ စတင်တိုက်ခိုက်ကြပြီး ကာကွယ်ရေးအဖွဲ့က လေးမြှားများဖြင့် ယန်ချန်ကဲ့သို့ စတင်ပစ်ခတ်တော့သည်။
ရွှီး..ရွှီး
မြှားတံက တဖြောင့်တည်း ပျံသန်းသွားကာ ထိပ်ဆုံးမှ သားရဲကောင်၏ နှာဖူးတည့်တည့်ထံ စိုက်ဝင်သွားတော့သည်။
ဂီး..
နာကျင်စွာ အော်ဟစ်လိုက်ပြီး မြေပေါ်ပြိုလဲကျသွားသည်။ မြှားတံက နှာဖူးထဲသို့ တဝက်ကျော်ကျော် ထိုးဖောက်သွားပြီး ထိုမြှားတံကပဲ သားရဲကောင်အားအဆုံးသတ်သွားစေသည်။
“ဟာ. ငါ့ပစ်အားက ကြမ်းလှချည်လား”
ယန်ချန်တယောက် ထိုမျှထိခိုက်မှု ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပို၍တက်ကြွသွားပြီး ချက်ချင်းပဲ မြှားဖြင့် ဆက်တိုက်ပစ်ခတ်တော့သည်။
မြှားတံများက များပြားတဲ့သားရဲများကို ထိမှန်ကာ ချက်ချင်းလဲကျသွားစေပြီး ယန်ပိုင် ကျန်းဝမ်လီတို့တိုက်ခိုက်မှုကလည်း စိတ်ဖောက်နေသည့် သားရဲများအား အတုန်းရုန်းဖြစ်သွားစေသည်။
“ကောင်းတယ် ဆက်ပစ်ထားကြ”
ထိုအချင်းရာကိုမြင်သည့်အခါမှာတော့ ယန်ချန်က ကာကွယ်ရေးအဖွဲ့ကို အပြင်းအထန် လှုံ့ဆော်လိုက်ပြီး သူကိုယ်တိုင်ကလည်း အရှိန်အနည်းငယ်တန့်သွားသည့် သားရဲများထံ ဆက်တိုက်ပစ်ခတ်တော့သည်။
ကျန်းရင်ရင်၏ဓားက သားရဲကောင်၏ လည်ပင်းကိုခုတ်ပိုင်းသွားပြီး ဦးခေါင်းကြီးက လေထဲမြှောက်တက်သွားချိန် လေတိုးသံတခုနဲ့အတူ မြှားတံတချောင်းက ပြတ်ထွက်သွားသည့် ဦးခေါင်းကြီးဆီ ထိမှန်သွားကာ နောက်ထပ် မြှားတံများစွာက သူမပတ်ပတ်လည်ရှိ သားရဲများစွာကိုပါ ဆက်တိုက်ထိမှန်လေတော့သည်။
“သခင်လေးယန်ရဲ့ မြှားပစ်စွမ်းရည်က အံ့မခန်းပါလား”
ကျန်းရင်ရင်တယောက် ယန်ချန်ရှိရာ စည်းရိုးထိပ်သို့ တချက်ပြန်လှည့်ကြည့်ချိန် ယန်ချန်နဲ့အကြည့်ဆုံသွားကာ ယန်ချန်မှ ခေါင်းတချက်ညိတ်ပြလာသည်။
“မတုန့်ဆိုင်းနေနဲ့”
ကျန်းဝမ်လီက မြေးမဖြစ်သူကို အော်ဟစ်အသိပေးလိုက်ရင်း ယန်ပိုင်ကိုဝိုင်းအုံတိုက်ခိုက်နေသည့် သားရဲကောင်များထံ ပြေးဝင်သွားသည်။ လက်တဖက်မှ ဓားဖြင့် ဝေ့ယမ်းတိုက်ခိုက်နေပြီး ကျန်းဝမ်လီက ကပ်ဘေးဖြတ်ကျော်အဆင့်နီးပါး ခွန်အားကို ထုတ်သုံးနေလေသည်။
“ကောင်လေး မင်းကသေချင်တာပဲ”
ယန်ပိုင်က အနားရှိဖွတ်လိုလိုသားရဲကောင်၏ လည်ပင်းကိုဖမ်းဆုပ်ကာ တချက်တည်းချိုးပစ်လိုက်သည်။ သူ့ခွန်အားက သာမန်သားရဲကောင်များကို အသာယာအရိုးချိုးနိုင်သည်အထိ သန်မာနေပြီဖြစ်ပြီး သူသာခွန်အားအကုန်သုံးပါက သားရဲအရှင်များကိုပင် ထိပ်တိုက်ရင်ဆိုင်နိုင်ပေသည်။
ဂါးးး ဂီးးးး
ဖြောင်း….
တောဝက်များ မြေခွေးများ၏ စုပေါင်းတိုက်ခိုက်မှု ယန်ပိုင်ရဲ့ ပြင်းထန်တဲ့တိုက်ခိုက်ချက်တွေကြောင့် သားရဲအုပ်ကြီးမှာ ကျဲပါးသွားပြီး ထိုကျဲပါးသွားသည့် သားရဲအုပ်ကြီးကိုတော့ ယန်ချန်နဲ့ ကာကွယ်ရေးအဖွဲ့က မြှားများဖြင့် အဆုံးသတ်ပေးလိုက်ကြတော့သည်။
တိုက်ပွဲက ၂နာရီကျော်ကြာမြင့်သွားကာ တဖြေးဖြေး သားရဲအုပ်ကြီးက သိသိသာသာလျော့ပါးသွားပြီး သုံးပုံတပုံခန့်သာ ကျန်ရှိချိန်မှာတော့ တောနက်ထဲသို့ပြန်လည် ဆုတ်ခွာသွားကြတော့သည်။
“ဟာ ပြန်ဆုတ်ခွာသွားတာလား သူတို့ကအဲ့ဒါကိုလည်း သိနေတာပဲ”
ယန်ချန်တယောက် အနည်းငယ်မှင်သက်သွားရသော်လည်း သားရဲများဖြစ်စေကာမူ သေခြင်းတရားကိုတော့ ကြောက်ရွံသည်မှာ မဆန်းဟု တွေးကာ အနည်းငယ်ကိုက်ခဲနေသည့် လက်နှစ်ဖက်အား ဝေ့ယမ်းလိုက်သည်။
ရွာစည်းရိုးအပြင်ဘက်၌ ကျန်းဝမ်လီတို့မြေးအဖိုးမှာ သွေးများဖုံးလွှမ်းနေပြီး ယန်ပိုင်နဲ့ တောဝက်အိုကြီး မြေခွေးမလေးတို့မှာလည်း ဒဏ်ရာအနည်းငယ်ရရှိသွားကြကာ သွေးများဖြင့်စိုရွှဲနေကြလေသည်။
ယန်ချန်က ဆုတ်ခွာသွားသည့် သားရဲများကို လိုက်ပါတိုက်ခိုက်ခြင်း မပြုပေ။ တောထဲရောက်သွားပါက တဖက်သားရဲများ၏ ထူးခြားတဲ့ဉာဏ်ရည်ကြောင့် ပြန်လည်းတိုက်ခိုက်လာနိုင်ပြီး ထောင်ချောက်ထဲ တိုးဝင်သလိုဖြစ်သွားနိုင်သည်ဟု တွေးမိသည်။ သို့သော် ဒီတိုင်းတော့ လွှတ်ထားမည်မဟုတ်။ ယခုတိုင်းသာဆိုလျင် ကျင်းတိုင်းပြည်တခုလုံး သားရဲကပ်ဘေးကို ရင်ဆိုင်နေရပြီဖြစ်ပြီး ပထမအဆင့် ထိန်းချုပ်နိုင်ပါက တောနက်ထိ လိုက်ပါအမြစ်ဖြတ်သည့် ကိစ္စအား ကျင်းလုံ စုလဲ့ ထိပ်သီးကျင့်ကြံသူများနဲ့ ဆွေးနွေးရမည်ဟု ဆုံးဖြတ်လိုက်သည်။
“နိုင်ပြီကွ..ဟားး”
စိတ်ကျေနပ်နေကြသည့် အောင်ပွဲခံသံများက စည်းရိုးတလျှောက်ပျံ့နှံ့သွားပြီး သားရဲများက စည်းရိုးအနားကိုပင် မကပ်နိုင်ခဲ့ကြပေ။
…………………………………………..