ပြန်လည်တည်ငြိမ်သွားတဲ့ ကျင်းတိုင်းပြည်အခြေနေ
Vol. 9 Ch. 84
သားရဲကပ်ဘေးက ပထမတလှိုင်းနဲ့တင် ပြီးပြတ်သွားသည်လား။ ထိုအရာက မဖြစ်နိုင်ပေ။
ပိုကြီးမားသည့် လှုပ်ရှားမှုကြီးတခု မကြာခင်လာရောက်နိုင်သည်ဟု စုလဲ့ခံစားမိနေခဲ့သည်။ လူသားကျင့်ကြံသူများအနေဖြင့် မထင်မှတ်ထားသည့် သားရဲကပ်ဘေးနောက်ကွယ်မှာ အခြားလောကမှ မိစ္ဆာများဖြစ်နေသည်ကို မှင်သက်နေကြပြီး အန္တရာယ်က ၎င်းတို့ထင်ထားသည်ထက်ပင် ပိုကြီးနေလေသည်။
ရက်အနည်းငယ်ကြာသည်အထိ ကျင်းတိုင်ပြည်၏ အခြေနေကိုထိန်းချုပ်ရန် ကြိုးစားခဲ့ကြရပြီး ထိခိုက်မှုအချို့ဖြင့် ထိန်းချုပ်နိုင်ခဲ့ကြသည်။ ရက်အနည်းငယ်အတွင်း စုန့် ကျင်း ပြည်နယ်ကြီးနှသ်ခုသာမက ကျင်းတိုင်းပြည်အစွန်အဖျားထိပါ ကျင့်ကြံရေးအင်အားစုကို ဖြန့်ကြက်ခဲ့ပြီး ဧကရာဇ်ကျင်းလုံ ဦးဆောင်သည့်အဖွဲ့က စနစ်တကျ ထိန်းချုပ်နိုင်ရန် ကြိုးစားခဲ့ကြရသည်။
“ဒါဆို ညီမစုဆိုလိုတာ အမှောင်ထုမိစ္ဆာက နောက်တကြိမ်ပြန်လာနိုင်ချေ ရှိတယ်ပေါ့”
ကျင်းလုံက မေးသည်။
“ရာနှုန်းပြည့်နီးပါး ရှိတယ်လို့ဆိုနိုင်တယ် ကျမတို့ လက်ရှိကိုယ်ပိုင်အင်အားကို ကျေနပ်နေလို့မရသေးဘူး မဟာယာနအဆင့်ဆိုတာ အလယ်ပိုင်းကုန်းမြေမှာ အလယ်လတ်အဆင့်ပဲရှိသေးတယ်”
စုလဲ့ရဲ့စကားကို ကျင်းလုံက ခေါင်းညိတ်ကာ ထောက်ခံသည်။ သူတို့က ကျင်းယွဲ့ဂိုဏ်းမှ စီနီယာဂျူနီယာများဖြစ်ပြီး အလာ်ပိုင်းကုန်းမြေ၏ အင်အားကို ကောင်းစွာသိထားကြသည်။
“ကံကောင်းတာက အခုချိန်ထိ သူတို့က ငါတို့တိုင်းပြည်ရေးတွေကို ဝင်မစွတ်ဖတ်ကြသေးတာပဲ”
ချင် ရှောင် မိသားစုကြီးခုက ကုန်းမြေကိုထိန်းချုပ်ထားပြီး သိသာစွာပင် သေးငယ်သည့် အခြားကုန်းမြေလေးခုကို ခေါင်းထဲမထည့်ထားလောက်ဟု ကျင်းလုံယူဆသည်။ မဟုတ်လျင် သူသည်လည်း ယနေ့ ဧကရာဇ်တပါး ဖြစ်နေမည်မဟုတ်ချေ။
“ဒါက ကျမတို့အထင်လေ ကျမစိုးရိမ်တာက စီနီယာအစ်မရှန်းရဲ့ မင်တိုင်းပြည်ပဲ မကြာသေးခင်က လှုပ်ခတ်မှုအချို့ ရှိထားတယ် မကြာခင်မှာ အပြောင်းလဲတချို့ မြင်ရမလားပဲ”
စုလဲ့စကားက အနည်းငယ်ပေါ့လျော့နေသည့် ကျင်းလုံကို သတိဝင်သွားစေသည်။ ချင် ရှောင် အင်အားစုကြီးနှစ်ခု ငြိမ်ငြိမ်မနေတော့ရင် မည်သို့ဆက်ဖြစ်မည်နည်း။ ထိုအရာက ကြီးမားတဲ့ဖိအားတခုကို သယ်ဆောင်လာနိုင်သည်။
“ညီမရှန်း ကိုင်တွယ်နိုင်မှာပါ”
သွေးအေးပြီး ရက်စက်သည့်နေရာ၌ ၎င်းကိုပင်ယှဥ်နိုင်သည့် မင်ယုရှန်းအနေဖြင့် သူ့လက်ထက်မှ မင်တိုင်းပြည် ကျရှုံးသည်ကို မြင်လိုဟန်မရှိလောက်ပေ။ အကျိုးမြတ်အနေဖြင့် ယန်ချန်မှဒဏ်ရာကုသပေးပြီးနောက် တံခါးပိတ်ကျင့်စဥ်ဝင်နေပြီး ပြန်ထွက်လာပါက သူမပထမဆုံးလုပ်မည့်အရာက မင်တိုင်းပြည်ရှင်းလင်းရေး ဖြစ်နိုင်သည်။
သစ္စာဖောက်အမတ်များနဲ့ အင်အားစုများကို မရှင်းလင်းပါက နောင်တွင်ပြဿနာများနိုင်သည်ကို မင်ယုရှန်းကောင်းစွာ သိထားပေမည်။ စိုးရိမ်စရာရှိသည်က သားရဲကပ်ဘေးနဲ့ ပြည်တွင်းရေး စုဆုံသွားမှုကို မင်ယုရှန်းကိုင်တွယ်နိုင်ခြင်း ရှိမရှိသာ ဖြစ်သည်။
“ဒီရက်ပိုင်း မင်တိုင်းပြည်ထဲကို လူအချို့လွှတ်ထားတယ် ထူးခြားဖြစ်စဥ်သိရရင် ငါတို့ကူညီကြတာပေါ့”
စုလဲ့က ခေါင်းညိတ်သည်။ လက်ရှိ၌ သားရဲကပ်ဘေးကြောင့် သေမျိုးများတောထဲမဝင်ရောက်ရဲခြင်းက အနည်းငယ် အဆင်မပြေဖြစ်သော်လည်း ကျင်းလုံက သေမျိုးများအတွက် အခွန်များယာယီကင်းလွတ်ခွင့်နဲ့ စိတ်ချရတဲ့ အကာကွယ်စီမံချက်များကို လုပ်ဆောင်ပေးနေခြင်းကြောင့် ကျင်းတိုင်းပြည်က ထင်ထားသည်ထက် တည်ငြိမ်နေသည်။
“သားရဲဝိဉာဥ်တောအုပ်ဘက်က ဘာထူးလဲ”
ကျင်းလုံရဲ့အမေးကို စုလဲ့ကပြန်ဖြေသည်။
“သခင်လေးယန်ရှိနေတာပဲ စိုးရိမ်စရာမရှိပါဘူး ကျန်းရင်ရင်သတင်းပေးပို့ချက်အရ သူတို့သက်တောင့်သက်သာ ကိုင်တွယ်နိုင်ခဲ့တယ် တဲ့”
“အင်း.. သခင်လေးယန်က ငါတို့မသိနိုင်တဲ့ အဆင့်ကလူပဲ သူ့ကိုစိုးရိမ်တာက နည်းလမ်းမကျဘူး ငါတို့စိုးရိမ်ရမှာက အခြားကျင့်ကြံသူတွေနဲ့ သေမျိုးပြည်သူတွေပဲ”
“ဟုတ်တယ် သခင်လေးယန်ရဲ့အကူညီကြောင့် ကျမတို့အခုလို ဖြစ်လာခဲ့တာ သူ့ရဲ့စိတ်သဘောထားအရ သေမျိုးတွေကို ကျမတို့ဂရုစိုက်ရလိမ့်မယ်”
သူမတို့အတွေးက ယန်ချန်သည် သေမျိုးဘဝထဲစိတ်နှစ်နေသဖြင့် သေမျိုးတွေအပေါ် ခံစားချက်ရှိနေပြီး သူမတို့က ယန်ချန့်အကူညီယူထားခြင်းကြောင့် ပြန်လည်ပေးဆပ်ရမည်ဟူ၍ ဖြစ်သည်။ ထိုအချက်အား အခြားထိပ်သီးအင်အားစုများကလည်း တိတ်တဆိတ် လက်ခံထားကြသည်။
“ဒါဆို ရက်ပိုင်းအတွင်း ငါတို့စုဝေးမှုတခု ထပ်လုပ်ရမယ် သားရဲကပ်ဘေးနောက်တကြိမ် ပြန်မစခင် အမှောင်ထုမိစ္ဆာကောင်အကြောင်း ပိုသိထားဖို့လိုတယ်”
ကျင်းလုံက အလေးနက်ပြောပြီးနောက် စုလဲ့ရင်ဆိုင်ခဲ့ရသည့် သားရဲမိစ္ဆာကြီးအကြောင်းအား ကျင့်ကြံရေးလောကထံ ဖြန့်ဝေရန် ခိုင်းစေလိုက်သည်။ ထိုအရာက သွေးအေးနေသည့် လူသားကျင့်ကြံသူများကို သတိပေးလိုက်ခြင်းဖြစ်သည်။
“အမေှာင်ထုမိစ္ဆာနဲ့ပက်သက်ပြီး သခင်လေးယန်နဲ့ စကားပြောဖို့လိုမလား”
စုလဲ့က မေးသည်။ ထိုမိစ္ဆာကောင်ရဲ့ခွန်အားက သူမတို့ထင်ထားသည်ထက် ကြမ်းတမ်းနေသည်။ ကျင်းလုံက အနည်းငယ်စဥ်းစားပြီးနောက် ခေါင်းညိတ်ပြသည်။
“ငါတို့ နောက်ရက်အတွင်း သခင်လေးဆီသွားလည်ကြတာပေါ့”
ထာဝရကျေးရွာမှာတော့ သားရဲကောင်များတိုက်ပွဲ ပြီးနောက် အောင်ပွဲတခု ကျင်းပနေခဲ့သည်။ ယန်ချန်ကိုယ်တိုင် ချက်ပြုတ်နေခြင်းဖြစ်ပြီး အန္တရာယ်ကနေ လွတ်မြောက်လာကြသည့်အတွက် အများစုမှာ စိတ်သက်သာရာ ရနေကြသည်။ အထူးသဖြင့် ရှုယင် ဖြစ်သည်။ သူမက သားရဲတိုက်ခိုက်မှုအကြောင်း သိချိန်၌ ယန်ချန့်အတွက် စိုးရိမ်နေခဲ့သည် မဟုတ်လား။
“ဒီည စိတ်ကြိုက်စားကြ သောက်ကြပါ မမူးတဲ့မပြန်ရဘူး”
ယန်ချန်က ရယ်ရယ်မောမောဖြင့် ပြောဆိုပြီးနောက် သူကိုယ်တိုင်လည်း ဝိုင်တခွက်အား တကျိုက်တည်းမော့ချလိုက်သည်။ ရှုယင် ကျန်းရင်ရင်တို့သားအမိနဲ့ အခြားကျန်းအိမ်တော်ဟောင်းမှ အမျိုးသမီးများမှာ စုဝေးနေကြပြီး သေဆုံးသွားကြသည့် သားရဲကောင်များ၏ ကြောက်စရာကောင်းပုံအကြောင်း ပြန်ပြောင်းပြောဆိုနေကြသည်။ ထိုသို့ပြောနေသော်လည်း ထိုအကောင်များကို အားပါးတရ စားနေကြသူမှာလည်း သူမတို့ဖြစ်နေပြန်သည်။ သြော်..မိန်းမတွေများ။
“သူ တို့ရဲ့ဦးချိုတွေက အနည်းဆုံး ၃ပေ လောက်ရှိမလားပဲ အစွယ်တွေဆိုတာကလည်း နည်းတာကြီးမှမဟုတ်”
အမျိုးသမီးတဦးက အနည်းငယ်ထိတ်လန့်ဟန်ဖြင့် ပြောလာသည်။ ထိုစကားကိုကြားလျင် အခြားအမျိုးသမီးတဦးက
“ညည်းက တိုက်ပွဲမှာတုန်းက မတိုက်ရပဲနဲ့ ဘယ်လိုသိလဲ”
“အိုး.. ကျုပ်ယောက်ကျားပြောတာလေ သူကိုယ်တိုင်တောင် သခင်လေးပေးထားတဲ့လက်နက်နဲ့ သုံးလေးကောင်ပစ်သတ်လိုက်သေးတယ်တဲ့”
ကျန်းအိမ်တော်မှလူများအကုန်စင် ပြောင်းရွေ့လာကြပြီး ထိုအထဲ၌ မိသားစုဝင်များလည်း ပါဝင်လာကြသည်။ ရှုယင်က သက်ပြင်းချလိုက်သည်။
“တောအုပ်နဲ့နီးနေတာလည်း စိတ်လေးစရာပဲ ဒီထက်ပိုဆိုးလာရင် မတွေးရဲတော့ဘူး”
သူမက ရိုးရှင်းစွာပင် တွေးခေါ်သူဖြစ်ပြီး ယင်ယင်နဲ့ ယန်ချန်တို့သာ အန္တရာယ်ကင်းပါက သူမအတွက်လုံလောက်ပြီ ဖြစ်သည်။
“မစိုးရိမ်ပါနဲ့အစ်မရှု ဘိုးဘေးနဲ့ ဒုတိယသခင်မလေးတို့ ရှိပါတယ် ပြီးတော့ သခင်လေးကလည်း သန်မာပြီးသားမဟုတ်လား”
ရှုယင်လည်း ထိုစကားကြားတော့ အနည်းငယ်စိတ်သက်သာရာ ရသွားခဲ့သည်။ ဟုတ်ပေသည် ယန်ချန်ကမည်သူနည်း။ ထိပ်တန်းကျင့်ကြံသူများပင် လေးစားရသည်မဟုတ်လား။
အမျိုးသမီးများစကားဝိုင်းကောင်းနေစဥ် တဖက်မှာတော့ ယန်ချန်တို့အမျိုးသားစကားဝိုင်းက အခြေနေတင်ဖြစ်နေကြသည်။ ယန်ချန်က ပိုကာကစားနည်းကို မိတ်ဆက်ပေးခဲ့ပြီး ထိုကစားနည်းကြောင့် ကျန်ဝမ်လီပင် စိတ်လှုပ်ရှားကာ အော်ဟစ်နေသည်။
“သွားပြီ တစုံပဲရှိတယ် ငါမနိုင်တော့ဘူး”
“သခင်လေး ပထမတစုံကို အရင်ပစ်ချတာ အနိုင်ကျင့်ရာရောက်တယ်နော်”
“မဟုတ်ဘူးလေ ကျုပ်မှာလည်း ဒါပဲရှိတာ”
ကစားဝိုင်းနဲ့စကားဝိုင်းက ညနက်သည်ထိဆက်ရှိနေပြီး ညနက်တော့မှသာ အသီးသီးနှုတ်ဆက်၍ ပြန်သွားကြသည်။ ယန်ချန်လည်း ရှုယင်ကိုနှုတ်ဆက်ကာ အနားယူရန် အခန်းထဲဝင်သွားတော့သည်။ အမှန်တိုင်းပြောရလျင် သူတကယ်ပင်ပန်းနေခဲ့လေပြီ။ နှစ်နာရီကျော် အပြင်းထန်တိုက်ခိုက်ပြီးနောက် သားရဲကောင်များကို ယန်ပိုင်တို့နဲ့အတူ ရှင်းလင်းခဲ့ရသေးသည် မဟုတ်လား။
မင်ယုရှန်းတယောက် ကျင့်ကြံရေးလှိုဏ်ဂူထဲ၌ ယန်ချန်ပေးလိုက်သည့် ပန်းချီကားအား ထုတ်ယူလိုက်သည်။ သူမက မူလကျင့်ကြံဆင့်ကို ပြန်ရောက်နေပြီဖြစ်သော်လည်း အဆင့်ထက်တက်ရန် အခြေနေပေးနေသည်ကို ခံစားမိနေသောကြောင့် အပြင်ပြန်မထွက်မပဲ ဆက်၍ ကျင့်ကြံနေခြင်းဖြစ်သည်။
သွယ်လျသည့်လက်တစုံက ပန်းချီကားအား ညင်သာစွာဖြေလျော့လိုက်သည်နှင့် ငွေရောင်အလင်းမှုန်တခု ထွက်ပေါ်လာကာ ပန်းချီလိပ်က ပြန့်ကားသွားသည်။ ပန်းချီကားက အမျိုးသမီးတဦး ဓားတလက်ကို ကိုင်ဆောင်ထားပြီး ကောင်းကင်မှဆင်းသက်လာဟန် ဆွဲထားခြင်းဖြစ်သည်။
သွယ်လျသည့်ခန္ဓာကိုယ် မြင့်မြတ်ထည်ဝါတဲ့အရှိန်ဝါနဲ့ အမျိုးသမီးရဲ့အလှက ပန်းချီကားကို အရောင်တင်ပေးထားသည့်နှယ် တောက်ပနေသည်။ မင်ယုရှန်းရဲ့အကြည့်က ပန်းချီကားထဲမှ အမျိုးသမီးဆီအကြည့်ရောက်သွားသည်။
ထက်ရှသည့်အကြည့်စူးစူးများ ပိုင်ဆိုင်ထားသည့် အင်မော်တယ်အမျိုးသမီးတဦးရဲ့ လက်ထဲမှဓားက ရုတ်ချည်းလှုပ်ရှားသွားကာ သူမကြည့်နေစဥ်အချိန်တွင်းမှာပဲ ဓားကွက်များသဏ္ဍန် လှုပ်ရှားသွားသည်။
မင်ယုရှန်းတယောက် ပန်းချီကား၏ လေးနက်မှုအား ခံစားလိုက်ရကာ အနည်းငယ်ထိတ်လန့်သွားသည်။
ဒါက ဘယ်လိုလက်ရာလဲ ပန်းချီကားထဲမှာ ဓားစိတ်ဆန္ဒပါနေပြီးတော့ ဓားကွက်တွေကိုလည်း ထည့်သွင်းထားတယ်။ ပြီးတော့ ပန်းချီကားထဲမှာ လေဟာနယ်တခု…
ထိုစဥ် ဝုန်းခနဲအသံနဲ့အတူ မင်ယုရှန်းရဲ့အသိစိတ်တခုလုံး ပန်းချီကားထဲ ဆွဲခေါ်ခံလိုက်ရတော့သည်။
……………………………………………..