ပန်းချီကားထဲက လေဟာနယ်
Vol. 9 Ch. 85
မင်ယုရှန်း သတိပြန်ဝင်လာချိန်မှာတော့ ပြေပြစ်တဲ့ မြေပြန့်တနေရာကိုရောက်နေသည်အား တွေ့လိုက်ရသည်။
မြေပြန့်အကျယ်က မျက်စိတဆုံးရှိနေပြီး သူမခေါင်းပေါ်၌ အပြာရောင်ကောင်းကင်ကြီးတခုကို တွေ့လိုက်ရသည်။
“ဒါ ဘာလဲ အခြားလောကတခုလား”
အနည်းငယ်မှင်သက်မိသွားသော်လည်း တုန်လှုပ်ခြင်းတော့မရှိပေ။ ပန်းချီကားကိုပေးခဲ့သည့် ယန်ချန်၌သူမကို အန္တရာယ်ပေးလိုသည့် တစုံတရာမမြင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ပန်းချီကားက သူမကိုမထိခိုက်စေလောက်ဟု သူမခံစားရသည်။
မင်ယုရှန်းတယောက် တည်ငြိမ်စွာပဲ ပန်းချီကားအတွင်း လောကကြီးအား လေ့လာနေခဲ့သည်။ သက်ရှိတဦးမှမရှိပဲ မည်သည့်သစ်ပင်ကြီးများမှမရှိခြင်းက ထူးဆန်းနေသည်။
နေရောင်ကဲ့သို့ အလင်းရောင်တခုက မည်ကဲ့သို့ရှိနေသနည်း။ ထို့အပြင် ထူးခြားသည်က ချီဓာတ်စွမ်းအင်သိပ်သည်းမှုက ကြောက်ခမန်းလိလိဖြစ်ကာ သူမရဲ့အသစ်ပြန်ရထားတဲ့ သွေးကြောများကတောင် ပြင်းထန်တဲ့ချီဓာတ်ကို မနည်းဖိနှိပ်နေခဲ့ရသည်။
“ဒီထဲမှာ အချိန်စီးဆင်းမှုနှေးနေတယ် ဆိုလိုတာက ဒီမှာတလနေတာက အပြင်မှာ တနာရီပေါ့”
မင်ယုရှန်းတယောက် ကြောက်ခမန်းလိလိ အချိန်ကွာဟမှုအကြောင်း တွေးမိသွားကာ ထိုအရာက သူမရဲ့ကျင့်ကြံဆင့်နောက်တဆင့် တက်ခြင်းကို သေချာပေါက် အထောက်ကူပြုပေလိမ့်မည်။
အချိန်အနည်းငယ်ကြာပြီးချိန်မှာပဲ မဟာယာနအဆင့်သစ်က အခြေကျသွားသည်။ ထိုသို့ဖြစ်ရန် သူမအနေဖြင့် မည်သည့်အားထုတ်မှုမှ မလုပ်ခဲ့ပဲ အနည်းငယ်လမ်းလျှောက်နေရုံသာ ရှိသေးသည်။
ထိုစဥ် မြေပြင်မှ တစုံတခု ထိုးဖောက်ထွက်လာလေသည်။ ထိုအရာက ကြီးမားသည့် ကင်းမြီးကောက်တကောင်ဖြစ်ပြီး ကင်းမြီးကောက်ကြီးရဲ့ ရှေ့လက်နှစ်ချောင်းက နှစ်ဖက်သွားဓားများလို့ ထက်မြိနေကာ အလင်းရောင်အောက်၌ တလက်လက် ထနေသည်။
မင်ယုရှန်းတယောက် ထိုအကောင်ကြီးအား စးးစိုက်ကြည့်လိုက်သည်။ ဤလောက၌ ပထမဆုံးတွေ့ရးည့်အကောင်က ကန္တာရကင်းမြီးကောက်ကြီး ဖြစ်နေမည်ဟု သူမ မထင်ထားပေ။ သို့သော်လည်း ထိုအရာက သူမဆီ တိုးဝင်လာချိန်မှာတော့ သူမနေဖြင့် တိုက်ခိုက်ရန်သာ ရှိတော့သည်။
ကင်းမြီးကောက်ကြီးကာ ပတ်ဝန်းကျင်ကို အနည်းငယ်ဝေ့ကြည့်ပြီးနောက် မင်ယုရှန်းကိုတွေ့သည်နှင့် ချက်ချင်း လှုပ်ရှားလာသည်။ ကြီးမားသည့် ရှေ့လက်နှစ်ချောင်းကိုမြှောက်ကာ အရှိန်ကလည်းအလွန်မြန်သည်။
“ငါ့ကိုတိုက်ခိုက်ချင်နေတာလား လာခဲ့စမ်း”
သူမက မည်သူနည်း။ ဆယ်စုနှစ်တခုကျော် သွေးချောင်းစီးစေခဲ့တဲ့ ဧကရီမတဦးဖြစ်ပြီး အကြောက်အလန့်ကင်းသူ ဖြစ်သည်။ ကင်းမြီးကောက်ရဲ့အဆင့်ကို သူမ မသိပေ။ သို့သော်လည်း ကင်းမြီးကောက်ကိုရင်ဆိုင်ရာ၌ တွန့်ဆုတ်နေမည်တော့ မဟုတ်။
မင်ယုရှန်းက လက်ထဲမှဓားကို စက်ဝိုင်းပုံစံလှည့်ကာ ခုခံရေးတခုပြင်လိုက်သည်။ အရင်ဆုံးထိုအကောင်၏ တိုက်ခိုက်ရေးနည်းလမ်းများနဲ့ ခွန်အားကိုစမ်းသပ်ရန် ဆုံးဖြတ်ထားသည်။
ဓားအလင်းများက စက်ဝိုင်းပုံစံ အကာကွယ်တခုလို လှည့်ပတ်နေပြီး ကင်းမြီးကောက်ကြီး၏ လက်တံနှစ်ခုက ပြင်းထန်တဲ့အရှိန်ဖြင့် လာရောက်ထိခတ်သွားသည်။
ဝုန်း..
အရှိန်နဲ့ခွန်အားကြောင့် ဓားစက်ဝိုင်းက ယမ်းခါသွားကာ မင်ယုရှန်းလည်း အနောက်သို့အနည်းငယ် ဆုတ်ပေးလိုက်ရသည်။
“ကြောက်ဖို့ကောင်းလိုက်တဲ့ ခွန်အားပဲ”
မင်ယုရှန်းက လှပတဲ့နှုတ်ခမ်းလေးများကို အသာယာသပ်လိုက်ပြီး ညင်သာစွာပြုံးလိုက်သည်။ ထိုအရာက အဆင့်တက်ရန်သာမက လက်ရှိအဆင့်ကိုပါ ပိုအသားကျအောင် ကူညီနိုင်သည့် တိုက်ပွဲဖြစ်လာနိုင်သည်။
“ဒီလောက်ပဲလား”
မင်ယုရှန်းရဲ့ ရန်စတဲ့လေသံကိုကြားလျင် ကင်းမြီးကောက်ကြီးက ဒေါသတကြီးဖြစ်သွားပြီး နောက်တကြိမ်မှာတော့ လက်တဖက်စီက မင်ယုရှန်းကို အပေါ်အောက်ညှပ်ကာ တိုက်ခိုက်လာသည်။ ကြီးမားသည့်လက်အရိပ်က မင်ယုရှန်းကိုဖုံးအုပ်ထားပြီး ခွန်အားပြင်းထန်မှုကြောင့် ဖိအားအချို့ကိုပင် မင်ယုရှန်းခံစားလိုက်ရသည်။
သူမအပေါ်မှရောက်လာသည့် လက်တဖက်အား ရှောင်တိမ်းကာ အောက်ခြေမှတိုးဝင်လာသည့် လက်ကိုတော့ လက်ထဲမှဓားဖြင့် ခုခံလိုက်သည်။ ဓားကိုင်လက်တခုလုံး အနည်းငယ်ထုံသွားသော်လည်း တိုက်ခိုက်မှုကိုတော့ ခုခံနိုင်လိုက်သည်။
ကင်းမြီးကောက်ကြီးရဲ့တိုက်ခိုက်မှု အရာမထင်သည်ကိုမြင်လျင် ချက်ချင်းပဲ မြေကြီးထဲထိုးဖောက်ကာ ဝင်သွားပြီး သူ့ရဲ့အားသာချက်ဖြစ်သည့် ပုန်းလျှိုးကာတိုက်ခိုက်ခြင်းကို စတင်သည်။ ထိုအရာက ထိုအကောင်များ၏ နည်းလမ်းဖြစ်ပြီး မင်ယုရှန်းကလည်း ကင်းမြီးကောက်ကြီး ပျောက်ကွယ်သွားသည်နှင့် ချက်ချင်းပဲ လေထဲခုန်တက်သည်။ သို့သော်မြေဆွဲအားကို သူမလျှော့တွက်လိုက်မိကာ သူမခုန်တက်လိုက်ခြင်းက သုံးပေထက်ပင် မပိုချေ။
“မကောင်းတော့ဘူး”
ထိုအခိုက်တန့်အတွင်း မြေကြီးထဲမှ ဆူးချွန်ကြီးများပါသည့် အမြီးကြီးက ထိုးထွက်လာကာ ဓားတချောင်းတန်းတန်းမတ်မတ် တိုးဝင်လာသကဲ့သို့ မင်ယုရှန်းဆီ တိုးဝင်လာသည်။ မင်ယုရှန်းတယောက် ထိုတိုက်ကွက်အား အသည်းသန်ရှောင်တိမ်းလိုက်ရသည်။
ပထမတချက် မထိသော်လည်း ကင်းမြီးကောက်၏ အမြီးတိုက်ကွက်များက နေရာပေါင်းစုံ ထောင့်ပေါင်းစုံမှ ဆက်တိုက်လာနေပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ မင်ယုရှန်းတယောက် ရှောင်တိမ်းရန် ခက်ခဲလာသည်။
သူမက လေထဲမပျံနိုင်တော့ချေ။ ထိုအတွက် အနည်းငယ်အမြင့်ကို ခုန်တက်ပြီးရှောင်တိမ်းနေရခြင်းက သူမရဲ့တိုက်ခိုက်ရေးနဲ့ ခုခံရေးကို နယ်မြေကျဥ်းမြောင်းစေပြီး အခက်တွေ့စေသည်။
နောက်ဆုံးတချက်၌ ကင်းမြီးကောက်ကိုယ်ထည်တခုလုံး မြေကြီးထဲမှ ဖောက်ထွပ်လာကာ မင်ယုရှန်းဆီခုန်ဝင်လာတော့သည်။ သူမအနေဖြင့် ထိပ်တိုက်တွေ့ရန်သာ ကျန်ရှိတော့သည်ကို သိနေသည့်အတွက် ချက်ချင်းပဲ ခုခံရေးမှ တိုက်ခိုက်ရေးပြန်ပြောင်းကာ ဓားဖြင့်ဝေ့ယမ်းလိုက်သည်။
“ဓားစကြာ”
ဓားက အလင်းတန်းတခုလို လှုပ်ရှားသွားပြီး လှပနွဲ့နှောင်းတဲ့ကိုယ်ဟန်လေးက ကင်းမြီးကောက်ကြီးဆီ တိုးဝင်သွားကာ ဓားအလင်းနဲ့အတူ ကိုယ်ထည်ကြီးကို ဖြတ်ပိုင်းသွားသည်။
ဝုန်း
ကိုယ်ထည်ကြီးက ဓားအလင်းကို တောင့်ခံလိုက်သော်လည်း ပြင်းထန်တဲ့ခွန်အားကြောင့် ပြတ်ရှရာကြီးတခု ဖြစ်သွားကာ ကင်းမြီးကောက်ကြီးကို အပြင်းထန်ဒေါသထွက်စေသည်။ ကင်းမြီးကောက်ကြီးက အနည်းငယ်ပင်မစဥ်းစားတော့ချေ။
မြေပြန့်၌ ကင်းမြီးကောက်နဲ့လူသား တိုက်ပွဲဆက်ရှိနေပြီး မင်ယုရှန်းရဲ့ဓားချက်များက ပြတ်ရှရာများစွာကိုဖြစ်ပေါ်စေကာ သွေးစိမ်းများ ဖြာခနဲထွက်နေလေသည်။ ကင်းမြီးကောက်ကြီးဒေါသထွက်လေ အမှားများလေဖြစ်လာသည်။ မင်ယုရှန်းကမူ များပြားတဲ့တိုက်ပွဲအတွေ့ကြုံကြောင့် ရန်သူကိုအချိန်ဆွဲနေခဲ့ပြီး ဓားကျင့်စဥ်အတော်များများကို အဆက်မပြတ် ထုတ်သုံးကာ စမ်းသပ်နေသည်။
“ပထမ ဓားချက်က ဒဏ်ရာပဲရစေတယ် နောက်ဓားချက်ကလည်း ဒီတိုင်းပဲ ငါ့ဓားချက်တွေမှာ တခုခုလိုနေတာလား”
သူမက အလေးနက်တွေးရင်း တဖက်တွင်လည်း ကင်းမြီးကောက်ရဲ့ဒေါသအား အဆက်မပြတ်ဆွပေးနေသည်။ တစတစပိုပြင်းထန်လာတဲ့ တိုက်ခိုက်မှုများက တဖြေးဖြေး အရှိန်ကျလာကာ မင်ယုရှန်းသည်လည်း ဓားသဘောတရားများကို စတင်နားလည်လာသည်။ သူမက မဟာယာနအဆင့်ကိုတက်ချိန်၌ ဓားနဲ့ပက်သက်သည့်နိယာမကို ဆုပ်ကိုင်နိုင်ခဲ့သော်လည်း မလုံလောက်သေးဟု ခံစားနေခဲ့ရသည်။
“နင်က ငါ့အတွက်လေ့ကျင့်ဖော်ပဲ”
သူမက လက်ထဲမှဓားကို ကန့်လန့်ဖြတ်ရင်ဘတ်ရှေ့၌ ထားကာ ကင်းမြီးကောက်ကြီးရဲ့ ခန္ဓာကိုယ်အား စစ်ဆေးလိုက်သည်။ ဓားက ယန်ချန့်ဆီမှလက်ဆောင်ရထားခြင်းဖြစ်ကာ ရိုးရှင်းသည့်ပုံစံအောက်က ထူးခြားမှုကို မင်ယုရှန်းအပြည့်အဝ ခံစားမိလာသည်။
“ဓားကိုင်တာ ဘာအတွက်လဲ”
“ခုတ်ပိုင်းဖို့ သတ်ဖြတ်ဖို့”
သူမရဲ့စိတ်အစဥ်က ရှင်းလင်းပီသ သွားပြီး သူမကိုင်ထားတဲ့ဓားကလည်း စတင်ကာ လှုပ်ခါလာသည်။ ထိုအရာက ဓားအတွင်းမှ စိတ်ဝိဉာဥ်နဲ့သူမကြား ဆက်နွယ်မှု နောက်တဆင့် တက်သွားခြင်းဖြစ်သည်။
“ စိတ်လှုပ်ရှားနေတာလား အေး ငါကောပဲ”
အဆင့်မြင့် ဓားသဘောတရား…။
သိမ်မွေ့ပြီး ထက်ရှတဲ့ ဓားသဘောတရားက ညင်သာစွာစီးဆင်းတဲ့ ချောင်းရေလို ခံစားနေရပြီး သူမစိတ်ထဲဓားတချောင်းက အရာအားလုံးကို ပိုင်းဖြတ်သွားသည်ဟု ခံစားနေရသည်။
“လုံးဝကို ပြီးပြည့်စုံတယ် ဓားရဲ့ဆန္ဒ မဟုတ်သေးဘူး ငါ့အတွက် ဓားဆန္ဒဆိုတာ ငါကိုယ်တိုင်ပဲ ငါက ဓားကိုဘာအတွက် ကိုင်ဆောင်တာလဲ ရန်သူတွေကို သတ်ဖြတ်ဖို့”
ညာလက်အား ညင်သာစွာလှုပ်ရှားလိုက်သည်။ လှပတဲ့လက်ဟန်တခုက ဓားကို ကကွက်တခုဖော်နေသည့်နှယ် လှုပ်ရှားသွားပြီး သူမလေ့ကျင့်ထားတဲ့ ဓားသိုင်းကျင့်စဥ်များအားလုံး တစုတစည်းတည်း ဖြစ်သွားသည်။
“တချက်ဆို လုံလောက်တယ်”
ကောင်းကင်နဲ့မြေပြင်ကို ပိုင်းဖြတ်ဖို့ ဓားတချက်။
ကင်းမြီးကောက်ကြီး နောက်တကြိမ်တိုးဝင်လာချိန်မှာတော့ သူမက ဓားကိုဖြေးလေးစွာပဲ လှုပ်ရှားလိုက်သည်။ တကယ်ကိုလေးလံနေသည့် လှုပ်ရှားမှုဖြစ်သော်လည်း ထိုဓားချက်၌ ဓားနိယာမများ မည်မျှပါနေသည်ကို သူမပင်မခန့်မှန်းနိုင်ချေ။ သူမသိသည်က အရာအားလုံးကို တို့ဟူးနှယ်ပိုင်းဖြတ်သွားနိုင်မည်ဟု ခံစားနေရခြင်းဖြစ်သည်။
ရွှစ်…
ဓားအလင်းက ကင်းမြီးကောက်ကြီးရဲ့ ကိုယ်ထည်အား ညင်သာစွာပိုင်းဖြတ်သွားသည်။ တဖက်အကောင်မှာ ရှောင်တိမ်းရန်ခက်နေသကဲ့သို့ ချုပ်နှောက်ခံထားရပြီး တုန်လှုပ်မှုများ စတင်ခံစားလိုက်ရချိန်မှာတော့ သူ့ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်သွားတော့သည်။
တိကျသည့်ဓားရာကြီးတခုက ကိုယ်ထည်ကြီးကို ဖြတ်ပိုင်းသွားခြင်းဖြစ်ပြီး နာရီအနည်းငယ်ကြာတိုက်ပွဲက အဆုံးသတ်သွားလေသည်။
“အဟက်.. ဓားနိယာမဆိုတာ ဒါလား”
သူမက စိတ်ကျေနပ်စွာ ရယ်မောလိုက်စဥ်မှာပဲ ပတ်ဝန်းကျင်မြင်ကွင်းက ပြောင်းလဲသွားကာ နောက်ထပ် တောင်ကုန်းနေရာတခုအား ရောက်ရှိသွားတော့သည်။
“ဟမ်.. ဒီလောကထဲက နောက်တနေရာလား ပန်းချီကားက ငါ့ကိုလေ့ကျင့်ပေးနေတာလား”
အဆုံးမဲ့တုန်လှုပ်မှုနောက်၌ ယန်ချန်အား မည်သူဖြစ်သည်ကို သူမ မတွေးရဲတော့ပေ။ မည်သူက ပန်းချီကားထဲ လောကတခု ထည့်သွင်းနိုင်မည်နည်း။ အင်မော်တယ်များလ လုံးဝ မဟုတ်နိုင်ပေ။ ထိုသို့ဆိုလျှင် ယန်ချန်က…။
သူမအတွေးများ စတင်ရှုပ်ထွေးလာချိန်မှာပဲ တောင်ကုန်းလေးအပေါ်သို့ တက်လာသည့် ပြင်းထန်တဲ့လှုပ်ရှားမှုများကို ခံစားလိုက်ရပြီး သူမကြည့်လိုက်ချိန်မှာတော့ မှင်သက်သွားရတော့သည်။
ထိုလှုပ်ရှားမှုများက များပြားသည့် ပုရွတ်ဆိတ်အနီကြီးများဖြစ်ပြီး အရွယ်စားက လူတကိုယ်စာနီးပါးရှိကာ အရေတွက်ကတော့ ရာဂဏန်းမျှ ရှိနေလေသည်။
“နောက်ထပ်စမ်းသပ်မှုလား”
သူမ ပထမဆုံးတွေးမိလိုက်ပြီးနောက် ချက်ချင်းပဲ တိုက်ခိုက်ချင်စိတ်များ ပြည့်နှက်လာသည်။ စမ်းသပ်မှုဖြစ်စေ လေ့ကျင့်မှုဖြစ်စေ သူမကိုတိုးတက်စေလျင် ထိုအခွင့်ရေးအား လက်လွှတ်ခံမည်မဟုတ်ပေ။