အပြင်းအထန်တိုက်ခိုက်ရခြင်း
Vol. 9 Ch. 86
မင်ယုရှန်းပုံစံက လေးနက်သွားကာ လက်ထဲမှဓားကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။ တိုက်ပွဲဆာလောင်စိတ်များက မီးလျှံများနှယ် တဟုန်ညီးညီး တောက်လောင်နေလေသည်။
ဝုန်း..
ဓားအရိပ်များစွာက တောင်ကုန်းပေါ် တရှိန်ထိုးပြေးတက်လာကြသည့် ပုရွတ်ဆိတ်နီများကို ဖြတ်ပိုင်းသွားကာ စက္ကန့်ပိုင်းအတွင်းမှာပဲ ထက်ပိုင်းဖြတ်ကုန်သည်။
“ဒါပဲ..”
မင်ယုရှန်းတယောက် စိတ်ဓာတ်တက်ကြွသွားသည်။
“ထပ်လာခဲ့စမ်း”
ဓားချက်များစွာ ထပ်မံပိုင်းဖြတ်ပြန်သည်။ မိနစ်အနည်းငယ်ကြာတိုင်း အကောင်ရေအနည်းငယ်ခန့် သေဆုံးသွားပြီးနောက်မှာတော့ ပုရွတ်ဆိတ်နီများက အတင်းတိုးတက်လာခြင်း မရှိတော့ချေ။ မင်ယုရှန်း၏ တိုက်ခိုက်မှုများကိုလည်း သိသိသာသာရှောင်တိမ်းစပြုလာပြီး တဖက်တွင် အသိဉာဏ်ရှိသကဲ့သို့ တိုက်ခိုက်ရေးပုံစံများ ထုတ်ဖော်လာသည်။
ပုရွတ်ဆိတ်အနီကောင် ၅ကောင်ခန့်က စက်ဝိုင်းပုံစံ ဝိုင်းပတ်ကာ စက်ဝိုင်းတခုလည်နေသကဲ့သို့ အရှိန်ဖြင့်လည်ပတ်ရင်း မင်ယုရှန်းဆီ တိုးဝင်လာပြန်သည်။ ထိုပုံစံက မင်ယုရှန်းရဲ့ ဓားချက်ကို မျှခံသလိုဖြစ်သွားစေတဲ့အတွက် ထက်ပိုင်းပြတ်ထွက်သွားခြင်း မရှိတော့ပေ။
တိုက်ပွဲက တောင်ကုန်းပေါ်၌ တစတစ ပြင်းထန်လာပြီး အကောင်ရေများကလည်း မထင်မှတ်ထားစွာဖြင့် ပိုပိုများလာသည်။ တိုက်ပွဲကြာချိန်များလေ မင်ယုရှန်း၏ ကျင့်ကြံဆင့်က တိုးတက်လာလေဖြစ်ကာ ဓားကွက်များနဲ့လည်း တစတစပိုရင်းနီးလာပြီး မဟာယာနအဆင့် ကလည်း သိသိသာသာ ထိုးတက်လာတော့သည်။
အမှောင်လောကတနေရာ…
ကြီးမားတဲ့ နန်းတော်ကြီးတခုအတွင်းရှိ ပလ္လင်ကြီးတခုပေါ်မှာတော့ ခန့်ညားသည့် လူငယ်တဦး ထိုင်နေသည်။ သူ့ရှေ့၌ လူသားပုံစံတူ အခြားသူများရှိနေကြပြီး ထိုသူများက အနည်းငယ်တုန်လှုပ်နေဟန် ပေါ်သည်။
“ကမ္ဘာဝိဉာဥ်ရဲ့ အချုပ်နှောင်ကို ဘယ်သူဖြုတ်ပေးလိုက်တာလဲ”
ထိုမေးခွန်းက သာမန်ဆန်တဲ့ လေသံမျှဖြစ်သော်လည်း အမေးခံရသူများကတော့ သိသိသာသာပဲ တုန်ယင်သွားသည်။
“အဲ့ အဲ့ဒါက ကျတော်တို့လည်း စစ်ဆေးနေတုန်းပါ သခင်ကြီး”
“စစ်ဆေးနေတုန်း ဟုတ်လား”
သခင်ကြီးဟု အခေါ်ခံရသည့်လူငယ်က တင်းမာစွာပြန်မေးလိုက်ပြီး သူ့နောက်ကျောဘက်မှ ရုတ်တရက် နက်မှောင်နေသည့် မိစ္ဆာပုံရိပ်ကြီးတခု ထွက်ပေါ်လာကာ သူ့ရှေ့ရှိသူများကို ခြောက်လန့်လိုက်တော့သည်။
စုလဲ့သာရှိမည်ဆိုလျှင် ထိုလူငယ်က သူမနဲ့မတိုက်ခိုက်ပဲ ပြန်ဆုတ်ခွာသွားသည့် အမှောင်ထုမိစ္ဆာမှန်း သိပေလိမ့်မည်။
“လေဟာနယ်အက်ကြောင်းတွေက လုပ်ရခက်တယ် ပြီးတော့ ကြာကြာမထိန်းနိုင်ဘူး ငါတို့အနေနဲ့ အတွင်းဘက်သူလျှိုတွေကို မထိန်းထားနိုင်ရင် ထျန်းဟွမ်လောကကို မရနိုင်ဘူး”
ထိုလူငယ်က ဆက်ပြောသည်။
“သားရဲထိန်းချုပ်မှု အစီရင်တွေကို အဆင့်မြင့်တင်လိုက် ဒီတကြိမ်ထျန်းဟွမ်လောကထဲမှာ မဟာယာနအဆင့်တွေ အများကြီးရှိနေတယ်လို့ ငါခံစားမိနေတယ် ဒါကြောင့် သတိထားကြ”
“ဟုတ်ကဲ့”
ထိတ်လန့်နေသည့် အခြားသူများကတော့ လျင်မြန်စွာ ခေါင်းညိတ်ပြလာတော့သည်။ အနှီဘုရင်ကြီးရှေ့ ရှိနေရသည်က တောင်ကြီးတလုံးကိုထမ်းထားရသည့်နှယ် စိတ်ဖိစီးစေသည် မဟုတ်လား။
လူငယ်က ထျန်းဟွမ်လောကဘက်ကို မိနစ်အနည်းငယ်ကြာ စိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
“မဟာယာနအဆင့် ကျင့်ကြံသူတွေ အဟက် စိတ်ဝင်စားစရာပဲ”
ထာဝရကျေးရွာမှာတော့ ယန်ချန်တယောက် ရွာကာကွယ်ရေး အစီစဥ်များအား တွေးတောနေလေသည်။ သားရဲကပ်ဘေးက တကြိမ်တည်းမဟုတ် နောက်တကြိမ်ရှိလာခဲ့လျှင် သူတို့ အခက်မတွေ့စေရန်ဖြစ်သည်။
“ရွာပတ်ပတ်လည်ကို စည်းရိုးကာရုံနဲ့ အဆင်မပြေဘူး”
ထိုသို့တွေးမိလိုက်ပြီးနောက် ချက်ချင်းပဲ ကျေးရွာမြေပုံကြမ်းကို ထုတ်ယူကာ စစ်ဆေးလိုက်သည်။ စီရင်စုနဲ့ အကွာဝေးက အကူညီများ အလျင်မီရောက်လာစေရန် ခက်ခဲမည်ဖြစ်ပြီး ကျင့်ကြံသူများဆိုလျင်တော့ ထိုအကွာအဝေးက မိနစ်ပိုင်းမျှသာ ကြာပေမည်။ မေးစရာရှိတာက ကျင့်ကြံသူများကို အကူညီတောင်းရမည်လား။ ယန်ချန်၌ ထိုသို့အတွေး မရှိပေ။
သူ့အစွမ်းနဲ့တတ်နိုင်ပါက သူ့ဘာသာလုပ်ဆောင်မည်ဖြစ်ပြီး ရွာကာကွယ်ရေးကလည်း အထိုက်လျောက် သန်မာသည်ဟု ယူဆနိုင်သည်။ လက်နက်များလိုအပ်ချက်မရှိပဲ ဆေးဝါးများပြည့်စုံမှုက သားရဲကပ်ဘေးကို ဖိအားကင်းကင်း ရင်ဆိုင်နိုင်ပေသည်။
“သခင်လေး နေ့လည်စာရပါပြီ”
တံခါးဝမှ ရှုယင်ရဲ့အသံထွက်ပေါ်လာ၍ တွေးလက်စများကို ဖြတ်ချကာ နေ့လည်စာစားရန် စာကြည့်ခန်းထဲမှ အပြင်ထွက်လိုက်တော့သည်။
“အဖိုးလီတို့ ဘာလုပ်နေကြလဲ”
ယန်ချန်ရဲ့အမေးကို ရှုယင်က
“လေ့ကျင့်ရေးလုပ်နေတယ် သခင်လေး ပထမတကြိမ်တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာမရှိပေမယ့် နောက်အကြိမ်တွေမှာ ဒီထက်ပိုဘေးကင်းစေဖို့ လို့ပြောတယ်”
ယန်ချန်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ လေ့ကျင့်ရေးကို အရင်လို သူကြီးကြပ်နေစရာမလိုတော့ချေ။ ကျန်းရင်ရင်က တေးသံသာဂိုဏ်းမှ အထူးခွင့်ပြုချက်ကြောင့် ရွာ၌ ဆက်နေရန်ခွင့်ရခဲ့ပြီး သူမက အိမ်တော်မှမိသားစုဝင်များကို တိုက်ခိုက်ရေးပညာရပ်များအား သင်ကြားပေးရန် တာဝန်ယူထားလေသည်။
……………………………………………