ချင်မိသားစုမှဧည့်သည်များ
Vol. 9 Ch. 87
ယန်ချန်ရဲ့နေ့လည်စာက ရိုးရှင်းစွာပဲ ပြီးဆုံးသွားပြီးနောက် ခြံဝန်းထဲမှထွက်ကာ ရွာတပတ် လှည့်လည်စစ်ဆေးတော့သည်။
မကြာသေးမီက အနီးနားရွာများထဲသို့ သားရဲများ ဝင်ရောက်လေ့ရှိသည်ကို သိလိုက်ရပြီးနောက် သားရဲဝိဉာဥ်တောအုပ်က သားရဲများ သတ္တိကောင်းလာသည်ဟု ယန်ချန်တွေးနေမိသည်။ ပုံမှန်အားဖြင့် အနှီသားရဲများက တောစပ်ကိုပင် ထွက်လေ့မရှိကြချေ။
ညီညာပြန့်ပြူးသည့် ကျောက်တုံးလမ်းများတလျှောက် စိတ်ကျေနပ်စွာလျှောက်သွားရင်း ခြံဝန်းတခုစီ၏ စိုက်ပျိုးရေးများကိုလည်း စစ်ဆေးနေသည်။ ခြံဝန်းတခုစီ သီးသန့်ရပ်တည်ရမည်ဟုသည့် ယန်ချန့်စကားကြောင့် ကျန်းအိမ်တော်တခုလုံး ဖျက်သိမ်းကာ မိသားစုဝင်များ သီးသန့်ရပ်တည်သွားကြသည်။ ထိုကိစ္စနဲ့ပက်သက်၍ ယန်ချန်က ကောင်းသည် ဆိုးသည် ဝင်မပြောခဲ့ပေ။
မကြာမီ ကျန်းထန်နေထိုင်သည့် ခြံဝန်းရှေ့ရောက်လျင် စကားအနည်းငယ် ဝင်ပြောရန်အတွေးပေါက်သွား၍ ခြံဝန်းထဲဝင်ရောက်သွားတော့သည်။ ခြံဝန်းထဲမှာတော့ ကျန်းထန်တို့ဇနီးမောင်နှံက သက်လတ်ပိုင်းလူကြီးတဦးနှင့်အတူ စကားပြောဆိုနေကြပြီး ထိုလူရဲ့ဘေးမှာတော့ အသက်၁၆နှစ်အရွယ် မိန်းကလေးတဦးက တိတ်တဆိတ်ထိုင်နေသည်။
ယန်ချန်ဝင်ရောက်လာသည်ကိုမြင်လျင် ကျန်းထန်က ပြောလက်စ စကားကိုရပ်ကာ ချက်ချင်းပဲ အပြေးအလွှားရောက်လာကာ ကြိုဆိုသည်။
“သခင်လေးယန် ရောက်လာတာပဲ”
ယန်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး တဖက်မှ သက်လတ်ပိုင်းလူကြီးကို တချက် ကြည့်လိုက်သည်။ ထိုလူက ကျန်းယန်ရဲ့ အနာဂတ်ယောက္ခထီးဖြစ်နိုင်သည်ဟုလည်း တွေးမိသွားသည်။ ထိုလူကလည်း ယန်ချန့်ကို ပြန်စိုက်ကြည့်ပြီးနောက် ပြုံးပြကာ နှုတိဆက်လာသည်။
“သခင်လေးယန်မဟုတ်လား တွေ့ရတာဝမ်းသာပါတယ်”
“ကျုပ်လည်း တွေ့ရတာဝမ်းသာပါတယ်”
ယန်ချန်က လိုက်လျောညီထွေစွာ ပြန်နှုတ်ဆက်ပြီးနောက် နေရာတခု၌ အသာယာဝင်ထိုင်လိုက်သည်။ ကျန်းထန်က
“ဒါက ယန်အာသဘောကျနေတဲ့ မိန်းကလေးရဲ့အဖေပါ သခင်လေး ဒီဘက်ကတော့ မိန်းကလေး မုရုံလင်းပါ”
ယန်ချန်ကိုကြည့်ပြီး မုရုံလင်းက ပြုံးပြသည်။ သူမက စကားနည်းငယ်ရှိပြီး သိမ်မွေ့နူးညံ့သည့်မျက်နှာလေးက သူမရဲ့ငယ်ရွယ်မှုကို အထင်းသားဖော်ပြနေလေသည်။
“တေွ့ရတာဝမ်းသာပါတယ် မိန်းကလေးမု”
တဖက်မှ အမျိုးသားကြီးကလည်း သူ့ကိုယ်သူမိတ်ဆက်လာပြီး ထိုသူရဲ့အမည်က မုရုံချန်း ဖြစ်သည်။
“အစ်ကိုတော်ကျန်းရဲ့ မင်္ဂလာကိစ္စ ဆွေးနွေးနေကြတာပါ သခင်လေး မင်္ဂလာရက်ကို အမြန်ဆုံးသက်မှတ်ဖို့နဲ့ စည်စည်ကားကားကျင်းပဖို့ တိုင်ပင်နေတာပါ”
ကျန်းထန်က သေချာရှင်းပြလာသည်။ နှစ်ဖက်တွေ့ဆုံပြီးနောက် စိတ်သဘောထားချင်း ကိုက်ညီသည်ကိုတွေ့ရှိကာ ကျန်းထန်လည်း တဖက်ခမည်းခမက်ဖြစ်သူကို စိတ်ကျေနပ်နေလေသည်။
“မင်္ဂလာပွဲကိုတော့ ခမည်းခမက်တို့ သင့်လျော်သလိုစီစဥ်ပါ ကျုပ်တို့ဘက်က ငြင်းစရာမရှိပါဘူး မြန်လေကောင်းလေပေါ့”
မုရုံချန်းရဲ့စကားကိုကြားလျင် မုရုံလင်းတယောက် အနည်းငယ်ရှက်သွားကာ မျက်နှာလေးရဲသွားသည်။
“အဖေကလည်း..”
ကျန်းထန်က ကျယ်လောင်စွာရယ်မောလိုက်ပြီး မင်္ဂလာဆောင်အား ခမ်းခမ်းနားနားဖြစ်စေရမည်ဟု ကတိပေးလိုက်သည်။
“စိတ်မပူပါနဲ့ မင်္ဂလာဆောင်ကို ဒီရွာမှာလုပ်မှာဆိုပေမယ့် ခမည်းခမက်စိတ်ရှိရင် ကျင့်ကြံရေးဂိုဏ်းတွေကိုတောင် ဖိတ်နိုင်ပါတယ်”
ကျန်းထန်ရဲ့စကားက မုရုံသားအဖကို မှင်သက်သွားစေသည်။ မည်သည့်သေမျိုးများက ကျင့်ကြံသူများကို ဖိတ်ခေါ်နိုင်မည်နည်း။ မဖြစ်နိုင်ချေ။ မုရုံသားအဖ မယုံနိုင်ဟန်ဖြစ်နေသည်ကို မြင်လျင် ကျန်းထန်က စိတ်ကျေနပ်စွာပြုံးလိုက်သည်။
“ဒီက သခင်လေးယန်ရဲ့ ဦးဆောင်မှုနဲ့အတူ ဘာမဆိုဖြစ်နိုင်ပါတယ်”
ထိုစကားက ယန်ချန့်ကိုမြှောက်ပင့်လိုခြင်း မဟုတ်ပဲ အမှန်တကယ်လေးစား၍ သားဖြစ်သူရဲ့မင်္ဂလာပွဲအား အပ်နှံလိုက်သည့် စကားဖြစ်သည်။
“ဦးလေးထန်က အထင်ကြီးနေတာပဲ ဘာပဲဖြစ်ဖြစ်ပါ အစ်ကိုတော်ကျန်းရဲ့ မင်္ဂလာပွဲပဲ ကျတော်လည်းပါဝင်ရမှာပေါ့ မင်္ဂလာဆောင်ကို ဘယ်တော့သက်မှတ်ထားလဲ”
ယန်ချန်ရဲ့အမေးကို မုရုံချန်းက ဝင်ပြောသည်။
“လာမယ့်လအလယ်ပါ”
“ကောင်းသားပဲ စီစဥ်ဖို့အချိန်တချို့ရသေးတယ် ဒီရက်ထဲအစ်ကိုတော်ကျန်းကို မြို့မတက်ခိုင်းပဲ ရွာမှာပဲ အစီစဥ်စဆွဲဖို့ မှာလိုက်ပါ ရွာက အတော်လေးပြည့်စုံပြီဆိုပေမယ့် တချို့လိုအပ်တာတွေတော့ ရှိနေသေးတယ် နောက်ပြီး ကျင့်ကြံရေးအင်အားစုကိစ္စကတော့ သားရဲကပ်ဘေးကြောင့် မသေချာဘူး ဖိတ်ခေါ်ကြည့်ရမှာပဲ”
ယန်ချန်က သူဆန္ဒရှိပါက ကျင်းလုံကိုပင်ခေါ်နိုင်သော်လည်း ယတိပြတ်မပြော။
“သားရဲကပ်ဘေးက ဒီတကြိမ်မှာ အဆင်ပြေပြေ ထိန်းချုပ်နိုင်သွားတာက သိပ်ကောင်းတယ် မဟုတ်ရင်ကျုပ်တော့ စီးပွားရေးတဖက် ကျုပ်ဇနီးရဲ့ကျန်းမာရေးကတဖက်နဲ့ အတော်ဒုက္ခများရမှာပါ”
မုရုံချန်းက စိတ်လေးပင်စွာပြောလာသည်။ သမီးဖြစ်သူကို အလျင်မြန်လက်ထပ်စေလိုခြင်းမှာ မိသားစု၏ဖိအားကို ခေါင်းတိုးယူချင်နေသည့် မုရုံလင်းကို အပြင်ပထုတ်လိုခြင်းဖြစ်ပြီး အိမ်ထောင်ဦးစီးအနေဖြင့်ကော ဖခင်တဦးအဖြစ်နဲ့ပါ သမီးဖြစ်သူအပေါ် ဖိအားမပေးလိုချေ။ ဇနီးဖြစ်သူရဲ့ ရောဂါကိုတော့ သူတတ်နိုင်သရွေ့ ကုသဦးမည်ဖြစ်သည်။
မုရုံချန်းရဲ့စကားကိုကြားလျင် ယန်ချန်က ခေါင်းညိတ်ပြသည်။
“ဟုတ်တယ် ဒီတခေါက်တော့ ကျင့်ကြံရေးအင်အားစုတွေကို ကျေးဇူးတင်ရမယ်”
ကျန်းထန်တယောက်ကတော့ မည်သည့်စကားမှဝင်မပြော။ မုရုံချန်းပြောသည့် ဇနီးဖြစ်သူ၏ ရောဂါအား သခင်လေးယန်ကို ကုသပေးရန် တောင်းဆိုနိုင်မည်လားဟုသာ တွေးနေသည်။ တဖက်တွင် မုရုံလင်းသည်လည်း သူမကဲ့မင်္ဂလာဆောင်ကိုတောင် မတက်ရောက်နိုင်သည့် မိခင်ဖြစ်သူအကြောင်းတွေးကာ စိတ်ထိခိုက်နေလေသည်။
စကားဝိုင်းက အချိန်အနည်းငယ်ကြာ ဆက်ရှိနေခဲ့ပြီး အများစုက ကျန်းထန်နဲ့မုရုံချန်းတို့ရဲ့ ကုန်သွယ်ရေးလုပ်ငန်းများဖြစ်ကာ မုရုံလင်းက ရံဖန်ရံခါတွင်သာ ဝင်ရောက်ပြောဆိုလေသည်။ အချိန်တခုကြာပြီးနောက်မှာတော့ ကျန်းထန်ရဲ့ အတင်းဖိတ်ခေါ်မှုကို ငြင်းဆိုကာ မုရုံသားအဖတို့ ပြန်သွားကြတော့သည်။ ၎င်းတို့၌ လုပ်စရာအများပြား ရှိနေသည်ဟုလည်း ဆိုလေသည်။ ကျန်းထန်က ခမည်းခမက်ကို လိုက်ပို့ပြီးနောက် ယန်ချန့်ကိုစကားစလာသည်။
“သခင်လေးယန် တခုလောက်တောင်းဆိုလို့ရမလား”
ယန်ချန်က ကျန်းသခင်မကြီးငှဲ့ပေးထားသည့် လက်ဖက်ရည်အား အနည်းငယ်သောက်ကာ ပြန်ကြည့်သည်။
“အလေးနက်ကြီးလုပ်နေစရာမလိုပါဘူး ပြောပါဦးလေးထန်”
ယန်ချန့်စကားကိုကြားလျင် ကျန်းထန်က
“ကျတော့်ခမည်းခမက်ရဲ့ ရောဂါကိုစစ်ဆေးပေးဖို့ တောင်းဆိုချင်တာပါ ယန်အာရဲ့မင်္ငလာဆောင်မှာ နှစ်ဖက်မိဘတွေ စုံစုံလင်လင်ရှိစေချင်မိတယ်”
စကားက ထိုမျှသာဖြစ်ပြီး ယန်ချန့်ကိုအတင်းတောင်းဆိုသည့် အရိပ်ယောင်တချက်လေးမှ မပါဝင်ပေ။
“ဒါများဗျာ စစ်ဆေးပေးလို့ရပါတယ် အဆင်ပြေရင် ပျောက်ကင်းအောင်လည်း ကုသပေးပါ့မယ် အလေးနက်ကြီးမလုပ်ပါနဲ့”
ယန်ချန့်အတွက် ဆေးကုသခြင်းက အသေးမွှားသာဖြစ်ပြီး တဖက်သူက ကျန်းယန်ရဲ့ ယောက္ခမလောင်းများဖြစ်သည့်အတွက် ဆက်စပ်မှုအရ ကူညီရန်မှာ အပန်းမကြီးပေ။
“ကောင်းပါပြီ သခင်လေးဒါဆိုရက်အနည်းငယ်အတွင်း ခမည်းခမက်ကိုအကြောင်းကြားလိုက်ပါမယ်”
ကျန်းထန်တယောက် ဝမ်းသာသွားပြီး မျက်နှာကလည်း ပြုံးရွှင်သွားလေသည်။
မင်တိုင်းပြည်တနေရာ….
အမတ်လျှို အမတ်ကုန်းစွန်းတို့ဥိီးဆောင်သည့် လူတစုက အလယ်ပိုင်းကုန်းမြေမှ ရောက်လာကြမည့် ချင်မိသားစုကျင့်ကြံသူများကို ကြိုဆိုနေကြလေသည်။
“ကြွပါ သခင်လေးချင် ကြွပါ”
သခင်လေးချင်ဆိုသူက အသက်၃၀ အရွယ်သာရှိပြီး ကျင့်ကြံဆင့်က မဟာယာနနှောင်းပိုင်းဖြစ်၍ ပါရမီရှင်ဟု သက်မှတ်နိုင်ကာ သူနှင့်ပါလာသူကလည်း သခင်လေးချင်နဲ့ အဆင့်တူ လူငယ်တဦးဖြစ်သည်။ ထိုလူငယ်က အလယ်ပိုင်းကုန်းမြေရှိ ထိပ်သီးဂိုဏ်းတခုမှ ပါရမီရှင်လူငယ်ဖြစ်သည်။
သခင်လေးချင်က အမတ်လျှိုရဲ့ဦးဆောင်မှုဖြင့် ခန်းမတခုထဲလိုက်ပါသွားကာ ခန်းမထဲရောက်ချိန်မှာတော့ အမတ်ကုန်းစွန်းက မင်တိုင်းပြည်ရဲ့အခြေနေများကို ပြောပြလာပြီး မကြာသေးမီက သားရဲကပ်ဘေးကို ဘိုးဘေးမင်ဝမ် ကိုင်တွယ်ခဲ့ကာ ဧကရီကို မတွေ့မြင်ရကြောင်းလည်း ပါဝင်သည်။
………………………………………………