မင်ဝမ်ရဲ့ခွန်အား
Vol. 9 Ch. 89
တောင်ကုန်းပေါ်တက်လာနေသည့် လူတစုက နောက်ဆုံးတော့ ဘိုးဘေးမင်ဝမ်ရဲ့ အိမ်လေးရှေ့ထိ ရောက်ရှိလာတော့သည်။
ဦးဆောင်လာသူများက မင်ဝမ်တခါမှမတွေ့ဖူးသည့် လူငယ်ကျင့်ကြံသူများဖြစ်ပြီး အသက်ရွယ်နဲ့ ကျင့်ကြံဆင့်အရ ထိပ်တန်းမိသားစုဝင်များ ဖြစ်နိုင်သည်ဟု တွက်ဆမိသည်။
“ဘိုးဘေးကို နှုတ်ဆက်ပါတယ်”
အမတ်လျှိုတို့က မင်ဝမ်ကိုတွေ့သည်နှင့် ဦးညွှတ်နှုတ်ဆက်လိုက်ကြသော်လည်း သူတို့မျက်လုံးထဲမှာတော့ လှောင်ပြောင်သရောလိုမှုများကိုတော့ ပေါ်ပေါ်ထင်ထင်ပဲ တွေ့မြင်နိုင်သည်။ မင်ဝမ်က ထိုလူတစုကို တချက်ကြည့်လိုက်သည်။
“မင်းတို့ဘာအတွက်ရောက်လာတာလဲ ဒီနေရာက ဘယ်လိုနေရာလဲ မသိကြဘူးလား”
မင်ဝမ်ရဲ့အသံက တည်ငြိမ်နေပြီး နောက်ဆက်တွဲများကို ကြိုမြင်နေသည့်ဟန်ရှိသည်။
“အရေးကြီးကိစ္စတခုကြောင့် ကျုပ်တို့ရောက်လာတာပါ ဘိုးဘေး”
အမတ်လျှိုက တုန့်ပြန်သည်။
“ပြောပါဦး”
“သားရဲကပ်ဘေးကြောင့် မင်တိုင်းပြည်ကြီးက အခက်ခဲတွေကြုံနေရပါပြီ နောက်ပြီး ဧကရီရဲ့စီမံမှုတွေကိုလည်း ပြည်သူတွေက လက်မခံကြတော့ပါဘူး ဒါကြောင့်..”
မင်ဝမ်က အမတ်လျှိုရဲ့စကားကို ဖြတ်တောက်လိုက်သည်။
“ဒီအတွက် မင်းက တိုင်းပြည်အာဏာကို လက်လွှဲယူဖို့ ရောက်လာကြတယ်ပေါ့”
“မရည်ရွယ်ပါဘူး ဘိုးဘေး ဒါပေမယ့် ဒီလိုလုပ်မှ ဖြစ်မှာမို့ပါ”
အမတ်ကုန်းစွန်းက နှိမ့်ချစွာပဲ တုန့်ပြန်သည်။ အများမြင်၌ မင်ယုရှန်းရဲ့ တိုင်းပြည်အပေါ် လုပ်ရက်များကို လက်မခံလိုဟန် ဖော်ပြနေပြီး သူတော်ကောင်းယောင်ဆောင်ခြင်း ဖြစ်သည်။ မင်ဝမ်က
“ဒီအတွက်ဆို မင်းတို့ချည်းပဲ လာလို့ရတယ် ဒီကောင်တွေက ဘာအတွက်လဲ အမတ်လျှို မင်းကငါ့ကို ကလေးတယောက်လို့ ထင်နေတာလား”
အေးစက်စက်လေသံက တင်းမာခက်ထန်နေပြီး ဘိုးဘေးဒေါသထွက်သွားသည်ကို သတိပြုမိသွားတဲ့ အမတ်လျှိုတို့မှာ တုန်ယင်သွားကြသည်။
“သူ သူတို့က အလယ်ကုန်းမြေ ချင်မိသားစုကပါ သူတို့လာရင်းကိစ္စက”
အမတ်လျှိုရဲ့ စကားပင်မဆုံးလိုက် သခင်လေးချင်က မောက်မောက်မာမာ ဝင်ရောက်ပြောဆိုသည်။
“အဘိုးကြီး မင်တိုင်းပြည်ကို လက်လွှဲပေးလိုက် ပြီးရင် ဒီတောင်ကုန်းကို ကျုပ်တို့ ယူမယ်”
မင်ဝမ်ရဲ့ မျက်လုံးအစုံက သိသာစွာပဲ ကျဥ်းမြောင်းသွားသည်။ ထိုကောင်များ ရောက်လာခြင်းက ထူးခြားဖြစ်စဥ်ကြောင့်ဖြစ်ပြီး ထိုဖြစ်စဥ်က မြေးဖြစ်သူကြောင့် ဖြစ်ရမည်ဟု မင်ဝမ်က တွက်ဆထားသည်။ ထိုအတွက် တောင်ကုန်းကို ပေးလိုက်ပါက မင်ယုရှန်းရဲ့လျှို့ဝှက်ချက်များ ထွက်ပေါ်သွားနိုင်သည်။
“ကောင်လေး မင်းဘယ်ကလဲဆိုတာ ငါစိတ်မဝင်စားဘူး ငါ့မြေးဒဏ်ရာကုနေတာကို လာမနှောင့်ယှက်နဲ့”
မင်ဝမ်က သိသာစွာပဲ ဒေါသကိုထိန်းချုပ်ထားပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားပါက သေးငယ်တဲ့တောင်ကုန်းလေးက သူတို့တိုက်ပွဲကို တောင့်ခံထားနိုင်မည် မဟုတ်ပေ။ ထိုသို့ဖြစ်ပါက မင်ယုရှန်းရဲ့ ကျင့်ကြံရေးက မည်သို့ဖြစ်သွားမည်နည်း။ အကာကွယ်ပေးမည်ဟု ပြောထားသည့်အတွက် မြေးဖြစ်သူကို ကာကွယ်ရန် သူ့မှာတာဝန်ရှိသည်။
“အဘိုးကြီးက စကားကောင်းပြောနေလို့မရဘူးပဲ”
သခင်လေးချင်ဘေးမှ လူငယ်က တင်းမာစွာ ဝင်ရောက်ပြောဆိုလာပြီး သူ့အရှိန်ဝါကိုလည်း လွှင့်ထုတ်လိုက်သည်။ မဟာယာနအဆင့်နှောင်းပိုင်း…ခွန်အား။
ထိုဖိအားက တောင်ကုန်းလေးကိုပင် ယမ်းခါသွားစေပြီး မြေပြင်က အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။ မင်ဝမ်ကမူ မတုန်လှုပ်ချေ။ ဘယ်ဘက်ခြေထောက်အား အသာဆောင့်ချလိုက်သည်နှင့် ဖိအားများမှာ ဝါဂွမ်းစလေး လေတိုက်သွားသည်နှယ် လွင့်စင်သွားသည်။
“မဆိုးဘူး ခွန်အားတချို့တော့ ရှိသားပဲ”
သခင်လေးချင်က ထေ့ငေါ့ပြောသည်။ ပြီးနောက်
“အမတ်လျှို ဒီအဘိုးကြီးကို ကျုပ်တို့တာဝန်ထားလိုက် ကိစ္စပြီးရင် ဒီတောင်ကုန်းကို ကျုပ်တို့ယူမယ် သဘောတူလား”
သခင်လေးချင်က တောင်ကုန်းပေါ်တက်ရာ လမ်းတလျှောက်၌ပင် ထူးခြားမှုများကို အာရုံခံနေမိပြီး တောင်ကုန်းအတွင်း တစုံတရာရှိနေသည်ဟု သူ့မသိစိတ်က ပြောပြနေသည့်အတွက် ထူးခြားဖြစ်စဥ်က လက်ရှိနေရာက စတင်သည်ဟုသည့် အမတ်ကုန်းစွန်းရဲ့စကားမှာ ဖြစ်နိုင်ချေ များသွားလေပြီ။
“သဘောတူပါတယ် သခင်လေး”
အမတ်လျှိုက ထိုသို့ပြောပြီးနောက် အနောက်သို့ ဆုတ်ခွာသွားသည်။ တိုက်ပွဲရဲ့ဒဏ်ကို သူတို့မခုခံနိုင်ချေ။
“ကဲ..အဘိုးကြီး ခင်ဗျားခွန်အားအကုန် ထုတ်သုံးဖို့ အကြံပေးချင်တယ် မဟုတ်ရင်တော့”
မင်ဝမ်က နှာခေါင်းရှူံ့လိုက်သည်။
“မင်းတို့ကလား..အဟက်”
ချက်ချင်းပဲ လေထုက အေးစက်သွားကာ ကြီးမားသည့် လက်သီးကြီးတခု သခင်ချင်ဘေးနားမှ လူငယ်လေးဆီ တိုးဝင်သွားသည်။ ထိုခွန်အားက မဟာယာနနှောင်းပိုင်းအဆင့်ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသည်။ လူငယ်က မျက်မှောက်ကြုတ်သွားကာ မင်ဝမ်ရဲ့လက်သီးချက်အား တိုက်ရိုက်ပင်ရင်ဆိုင်လိုက်သည်။
ဝုန်း..
လက်သီးကြီးနှစ်ခုထိပ်တိုက်တွေ့သွားပြီ တောင်ကုန်းမှာလည်း အပြင်းအထန်ယမ်းခါသွားကာ မင်ဝမ်တယောက် အနောက်ပေအနည်းငယ်ဆုတ်လိုက်ရပြီး လူငယ်ကတော့ မီတာဆယ်ဂဏန်းမျှ လွင့်စင်သွားသည်။
(ဒီအဘိုးကြီး ပေါ့ဆလို့တော့မရဘူး)
မိသားစုကြီးမှ ပါရမီရှင်အနေဖြင့် အနည်းငယ်အရှက်စရာကောင်းသည်ဟု ခံစားသွားကာ ဒေါသအကြီးကျယ်ထွက်သွားတော့သည်။
“ကောင်းပြီ ဒီတကွက်ကို မြည်းကြည့်လိုက်”
ထူးခြားတဲ့လက်ဟန်တခု ပြုလုပ်လိုက်ပြီးသည်နှင့် ချီပုံရိပ်ကြီးတခု ပေါ်ထွက်လာကာ ပုံရိပ်က ချပ်ဝတ်တန်ဆာအပြည့် ဝတ်ဆင်ထားတဲ့ စစ်သူကြီးတဦးဖြစ်သည်။
စစ်သူကြီးက လက်ထဲမှဓားကို ဝေ့ယမ်းလိုက်ပြီး အကြည့်များကတော့ မင်ဝမ့်ဆီရောက်ရှိသွားပြီး ချက်ချင်းပဲ လက်ထဲမှ ဓားဖြင့် ခုတ်ပိုင်းလာသည်။
မင်ဝမ်တယောက် အလေးနက်ဖြစ်သွားကာ ချက်ချင်းပဲ ချီပုံရိပ်ကြီးကို ဆင့်ခေါ်လိုက်ရတော့သည်။ မင်ဝမ်ရဲ့ပုံရိပ်က အဘိုးအိုတဦးဖြစ်ပြီး ငါးမျှားတံတချောင်းကိုင်ဆောင်ထားကာ ဖြူဖွေးနေသည့် ဆံပင်ရှည်ကြီးများက လေထဲမျောလွင့်နေသည်။
အဘိုးအိုက လက်ထဲမှငါးမျှားတံဖြင့် ဓားချက်ကို ခုခံလိုက်သည်။
အုန်း…
ဓားချက်က ကြီးမားတဲ့ခွန်အားကိုပြသပြီး ငါးမျှားတံက သိမ်မွေ့တဲ့ခုခံရေးကိုပြသနေကာ ထိပ်တိုက်တွေ့ဆုံမှုက ရေထဲကျသွားတဲ့ ခဲတလုံးနှယ် တည်ငြိမ်စွာပဲ အဆုံးသတ်သွားရသည်။
…………………………………………….