← Chapters

နှစ်ယောက်တစ်ယောက်

Vol. 9 Ch. 90

နှစ်ယောက်တစ်ယောက်

Vol. 9 Ch. 90

ထိုလူငယ်၏ချီပုံရိပ်ကြီးမှ ဓားချက်မှာ ပျက်ပြယ်သွားသည်ကိုမြင်လျင် သခင်လေးချင်တယောက် အလေးနက်ဖြစ်သွားသည်။

ထိုတိုက်ကွက်က ထိုလူငယ်၏ အားအကောင်းဆုံးတိုက်ကွက်ဖြစ်ပြီး ထိုကပင် အဘိုးကြီးအား ထိအောင်မလုပ်နိုင်ခဲ့ပေ။

မင်ဝမ်က တည်ငြိမ်စွာပဲဆက်ရှိနေပြီး မကြာခင် နောက်ထပ်တယောက်ပါ ဝင်ရောက်တိုက်ခိုက်လာမည်ကို ကြိုသိနေလေသည်။

သခင်လေးချင်က မျက်နှာပျက်နေသည့် လူငယ်ဆီလျှောက်သွားကာ တီးတိုးပြောလိုက်သည်။ သူကိုယ်တိုင်ပင် အဘိုးကြီးအား ကိုင်တွယ်နိုင်မည်ဟု မခံစားရတော့။ ကိစ္စများရှည်ကြာသွားပါက အဘိုးကြီးဘက်မှ စစ်ကူများရောက်လာနိုင်သည်ကို တွက်ဆလိုက်ကာ တိုက်ပွဲအမြန်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။

“မပေါ့ဆနဲ့ ပွဲအမြန်ဖြတ်ရအောင်”

သခင်လေးချင်က ထိုသို့ပြောပြီးနောက် လေထဲ အစီရင်တခုရေးဆွဲလိုက်သည်။ ထိုအစီရင်က ချင်မိသားစု၏ ချီဓာတ်ထိန်းချုပ်ရေး အစီစဥ်ဖြစ်ပြီး အစီရင်အောက်၌ဆိုလျှင် တဖက်သူမှာ ကျင့်ကြံဆင့် တဆင့်နိမ့်ချ ခံရတော့မည်ဖြစ်သည်။ အားနည်းချက်က တကြိမ်သုံးဖြစ်ကာ တန်ဖိုးလည်းကြီးမားသည်။ ထို့ကြောင့် မလိုအပ်ပါက မသုံးကြပေ။ သို့သော် အခြေနေက အမတ်လျှိုပြောထားသည်များထက် ပိုလေးနက်နေပြီး တဖက်သူမှ ဒဏ်ရာရထားတဲ့ အဘိုးကြီးတဦးနဲ့ လုံးဝမတူပဲ အဆင့်တက်ထားကာစ ထိပ်သီးကျင့်ကြံသူတဦး ဖြစ်နေသည်။

“အဘိုးကြီး အစီရင်ရဲ့အစွမ်းကို ခံစားလိုက်စမ်း”

ဘယ်လောက်တောင် အရှက်မဲ့သနည်း။ နှစ်ယောက်တစ်ယောက် တိုက်ခိုက်ရန် စီစဥ်ထားသည့်အပြင် အစီရင်ကိုထည့်သွင်းနေလေသည်။ ထိုအချက်က မိသားစုကြီးများ၏ ကြီးနိုင်ငယ်ညင်း လုပ်ရက်များနဲ့တူသည်။

မင်ဝမ်တယောက် လေးနက်သွားသည်။ အစီရင်က ချက်ချင်းအသက်ဝင်ကာ ဖိအားတချို့ပေးလာပြီး ဖြစ်သည်။ သိသာစွာပဲ ချီဓာတ်ဖိနှိပ်မှုကြောင့် မင်ဝမ်တယောက် အဆင့်သေးတခု ကျသွားရသည်။

သခင်လေးချင်က စတင်လှုပ်ရှားလာသည်။ ထူးခြားပြီး ဆန်းကျယ်တဲ့ လက်နက်တခုထွက်ပေါ်လာကာ ထိုလက်နက်က လေထုကိုထိုးခွင်းသွားပြီး မင်ဝမ့်ဆီချည်းကပ်သွားချိန်မှာတော့ အရွယ်စားက ကြီးမားသွားသည်။

မင်ဝမ်လည်း ထိုလက်နက်မှ ဖိအားကိုပါ နောက်ဆက်တွဲခံစားလိုက်ရပြီး အပြင်းထန်တိုက်ခိုက်ပါက တောင်ကုန်းပြိုကျတော့မည်ကို ခံစားလိုက်ရကာ ချက်ချင်းပဲ လေထဲခုန်တက်သွားတော့သည်။

အစီရင်ကြီးက ပတ်ဝန်းကျင်တခုလုံးကို ဖူံးလွှမ်းထား၍ မရှောင်နိုင်သော်လည်း မြေပြင်မှာထက် ကောင်းကင်မှာတိုက်ခိုက်ခြင်းက ထိခိုက်မှုနည်းစေသည် မဟုတ်လား။

“အဘိုးကြီး ပြေးချင်တာလား”

“ပြေးရမယ် ဟုတ်လား”

မင်ဝမ်နှာခေါင်းရှုံ့လိုက်ကာ ချီပုံရိပ်ကြီးကလည်း လက်ထဲမှငါးမျှားတံဖြင့် ထူးခြားတဲ့လက်နက်ကြီးအား ရိုက်ထုတ်လုပ်ပြီး တဆက်တည်း သခင်လေးချင်ဘေးမှ လူငယ်ထံ တိုးဝင်သွားလိုက်သည်။ အရှိန်က ထိုလူငယ်ထင်ထားသည်ထက် မြန်လွန်းနေပြီး မင်ဝမ်ရဲ့မဟာယာနအဆင့် နိယာမက အလျင်ဖြစ်နေသည်။

ပုံရိပ်တခုကိုသာမြင်နိုင်ပြီး လှုပ်ရှားမှုက ထိုပုံရိပ်ကိုပင် အပြည့်အဝ ပြသနိုင်ခြင်းမရှိပေ။

“မကောင်းတော့ဘူး”

လူငယ်က ရှောင်တိမ်းရန်မကြိုးစားပဲ ခွန်အားရဲ့၇၀ ရာနှုန်းထိ ထုတ်ကာ ခုခံလိုက်သည်။

ဖြောင်း…

အနီးကပ်တိုက်ကွက်များ၌ မင်ဝမ်ကိုမည်သို့ယှဥ်နိုင်မည်နည်း။ လူငယ်မှာ သွေးတပွက်အန်လျက် လွင့်စင်သွားသည်။ တဖက်တွင် သခင်လေးချင်က သူ့ရဲ့လက်နက်ကြီး တိုက်ခိုက်မှုအရာမထင်သည်ကိုမြင်လျင် ဒေါသအကြီးကျယ်ထွက်သွားကာ မင်ဝမ့်ထံ ခုန်ဝင်လာတော့သည်။ မကြာမီ လွင့်စင်သွားသည့် လူငယ်ကပါ ဝင်ရောက်လာသည့်အတွက် လေထဲ၌ အဘိုးကြီးတဦးနဲ့ လူငယ်နှစ်ဦးတို့ အပြင်းထန်တိုက်ခိုက်နေပြီး ချီပုံရိပ်ကြီး၃ခုက ပတ်ဝန်းကျင်တခုလုံးကို ဖုံးလွှမ်းသွားသည်။

အမတ်လျှိုတို့မှာ အနည်းငယ်စိုးရိမ်နေကြသည်။ချင်လူငယ်သာ ဘိုးဘေးကိုမထိန်းနိုင်ပါက အစီစဥ်များပျက်စီးမည်ဖြစ်ပြီး သူတို့သည်လည်း သေခြင်းတရားမှ မရှောင်လွှဲနိုင်တော့။ သို့သော်လည်း ခြေနေအရ ချင်လူငယ်ဘက်က တစတစ ဖိအားပေးလာနေပြီး မင်ဝမ်တယောက် ပြင်းထန်ပြီးဒေါသအကြီးကျယ်ထွက်နေသည့် လူငယ်နှစ်ဦးရဲ့ တိုက်ကွက်များကို ခုခံနေရလေသည်။

မင်ဝမ်ရဲ့အကြည့်က တောင်ကုန်းအတွင်းရှိ လှိုဏ်ဂူထဲရောက်သွားသည်။ သူစိတ်ထင်၍လားမသိ လှိုဏ်ဂူမှ အလင်းများတစတစ ထွက်ပေါ်နေပြီး သန့်စင်တဲ့ချီဓာတ်နဲ့ ကောင်းကင်မြေပြင်နိယာမ များက လှိုဏ်ဂူထဲ ဖြေးညင်းစွာ တိုးဝင်နေသည်။

“ရှန်းအာ ဘယ်အဆင့်ရောက်သွားတာလဲ”

သေချာသည်က မဟာယာနအဆင့်ထက်ပင် ပို၍မြင့်နိုင်သည်။ သူတော်စင်တပိုင်းလား..။

မဖြစ်နိုင်ဟု သူထင်သည်။ သူတော်စင်မဆိုထားနှင့် သူတော်စင်တပိုင်းအဆင့်ကိုပင် တက်ရန်ခက်ခဲလွန်းပြီး ထိုအဆင့်က ထျန်းဟွမ်လောက၌ အမြင့်ဆုံးတည်ရှိမှု ဖြစ်သည်ကို သိထားရမည်။

“အဘိုးကြီး အာရုံများရဲတာလား”

သခင်လေးချင်က ကျယ်လောင်စွာကြုံးဝါးလိုက်ကြီး ထူးခြားတဲ့လက်နက်ဖြင့် ရိုက်ချလာသည်။ အစကပင် အသည်းသန်ဖြစ်လုနီးပါး ဖြစ်နေသည့် မင်ဝမ်တယောက် ထိုရိုက်ချက်အား မရှောင်တိမ်းနိုင်သည်ကိုမြင်လျင် ခန္ဓာကိုယ်သီးသန့်ဖြင့်သာ ရင်ဆိုင်လိုက်ရတော့သည်။

ဂျွတ်..

နံရိုးအချို့ အက်ကွဲသွားပြီး ချီပုံရိပ်ကြီးလည်း မှေးမှိန်သွားသည်။ မင်ဝမ့်တကိုယ်လုံး ကောင်းကင်ထက်မှ ပြုတ်ကျလာကာ ပြင်းထန်တဲ့ရိုက်ခတ်မှုကြောင့် မြေပြင်၌ တွင်းကြီးတခုဖြစ်သွားစေသည်။

“အဘိုးကြီးက တကယ်မာတာပဲ ဒါပေမယ့် ဘယ်လောက်တောင့်ခံနိုင်မလဲ”

သခင်လေးချင်က မြေပြင်ပေါ်ထိုးကျသွားသည့် မင်ဝမ့်ထံ ချက်ချင်းလိုက်မဆင်းသွားပဲ လေထဲမှ စစ်ဆေးကြည့်လိုက်သည်။ တွင်းကြီးထဲမှာတော့ တကိုယ်လုံးစုတ်ပျက်နေသည့် မင်ဝမ်တယောက် ချောင်းတဟွတ်ဟွတ်ဆိုးကာ သွေးများအဆက်မပြတ်အန်ထုတ်နေရသည်။ သူတော်စင်တဝက်အဆင့် လက်နက်များက ကြောက်ခမန်းလိလိ ဖြစ်သည်။

ခန္ဓာကိုယ်ဖြင့် ခုခံရန်မလွယ်ပဲ နှစ်ပေါင်းများစွာ ခန္ဓာကိုယ်သီးသန့်လေ့ကျင့်မှု ရှိထားသည့် သူပင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားရသည် မဟုတ်လား။

“အဟွတ်..”

“ဘာလဲ ထနိုင်သေးတာလား”

ချောင်းဆိုးသံကိုကြားလိုက်ရပြီး မင်ဝမ့်ထံ အကြည့်ရောက်ချိန်မှာတော့ သခင်လေးချင် မှင်သက်သွားသည်။ အဘိုးကြီးက သူတော်စင်တဝက်အဆင့် လက်နက်ကို ခုခံလိုက်နိုင်ပြီး ဒဏ်ရာအပြင်းထန်ရသွားသော်လည်း မသေခဲ့ပေ။

“ဟမ့် နောက်တချက် ခုခံနိုင်မလား ကြည့်မယ်”

သခင်လေးချင်က လက်ထဲမှလက်နက်ဖြင့် ရိုက်နှက်ရန် မြေပေါ်ဆင်းသက်လာပြီး ချက်ချင်းပဲ တိုက်ခိုက်တော့သည်။

ထိုအချိန် လှိုဏ်ဂူဘက်မှာတော့ အလင်းရောင်များက သိသိသာသာ တောက်ပလာကာ ချီဓာတ်များက မြစ်များပင်လယ်ထဲ စီးဆင်းသွားသည့်နှယ် စီးဝင်နေကြသည်။

လှိုဏ်ဂူပတ်ပတ်လည်မှ သစ်ပင်များ၏ အသက်ဓာတ်များကလည်း လျင်မြန်စွာတိုးမြင့်လာပြီး ထိုအရာက သူတော်စင်တပါး၏ အစွမ်းဖြစ်သည်။

လက်နက်တိုက်ခိုက်မှုက ကျဆင်းလာချိန်မှာပဲ မင်ဝမ်တယောက် တည်ငြိမ်စွာဖြင့် ရပ်ကြည့်နေလေသည်။ လှုပ်ရှားရန်ပင် ခွန်အားမရှိတော့သည့်အတွက် ငြိမ်သက်နေရခြင်းဖြစ်သည်။

“ရှန်းအာ အဘိုးတတ်နိုင်တာ ဒါအကုန်ပဲ”

တီးတိုးရေရွတ်လိုက်ချိန်မှာတော့ တိုက်ခိုက်မှုက မင်ဝမ့်အနီးရောက်ရှိလာတော့သည်။

ရွှီး…

ဓားအလင်းတခု လှိုဏ်ဂူထဲမှ ထွက်ပေါ်လာကာ လက်နက်ကြီးကို ထက်ပိုင်း ဖြတ်ချသွားတော့သည်။

အွတ်.!

လက်နက်နဲ့ပိုင်ရှင်ကြား ဆက်စပ်မှုကြောင့် သခင်လေးချင်မှာ သွေးတပွက်အန်လိုက်ရပြီး အတွင်းဒဏ်ရာ ရသွားတော့သည်။

………………………………………………

All Chapters