ပြည်ထောင်တစ်ရာတောင်ထိပ်၊ အထူးဂိုဏ်းကြီးရှစ်ခုနှင့် “ဂျယ်” လျှို့ဝှက်ချက်အား လက်ခံရရှိခြင်း
Vol. 20 Ch. 192
ဝူယွမ်က ချင်ထျန်းကို ဖိနှိပ်ချုပ်နှောင်ထားစဉ် လင်းတုန်၊ ပိုင်ယွမ်နှင့် ရှောင်ယန်တို့ကလည်း ထျန်းယွမ်ပြည်ထောင်စုမှ ကျန်ရှိနေသော သူနှစ်ဦးကို အနိုင်ယူလိုက်ကြသည်။
နိဗ္ဗာန်တံဆိပ်များကို ဝါးမျိုခြင်း၊ သိုလှောင်အိတ်များကို သိမ်းပိုက်ခြင်းများပြုလုပ်လိုက်ကြသည်။
သူတို့၏ ထုံးစံအတိုင်းပင် ချင်ထျန်းနှင့် အခြားသူများထံမှ အဖိုးတန်သမျှ အရာအားလုံးကို ပြောင်စင်အောင် သိမ်းယူလိုက်ကြတော့သည်။ ယခုအခါ မဟာယန်ပြည်ထောင်စုမှ လူတိုင်းက ကောင်းကင်အဆင့် နိဗ္ဗာန်တံဆိပ်များကို ပိုင်ဆိုင်ထားကြပြီး ဝူယွမ်အပါအဝင် ထူးချွန်သူအချို့မှာမူ ခရမ်းရွှေရောင် နိဗ္ဗာန်တံဆိပ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ကြပြီဖြစ်သည်။
လေညင်းတစ်ချက် ဝှေ့ယမ်းသွားပြီးနောက် အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦးက ဓားကိုစီးနင်းကာ ရောက်ရှိလာပြီး သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ရပ်တန့်လိုက်သည်။ သူက အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးကို ကြည့်ကာ -
“လန်ရင်း... ဘာတွေဖြစ်နေတာလဲ၊ ချင်ထျန်းကို ကိုင်တွယ်နိုင်တဲ့သူ တကယ်ရှိနေတာလား”
လန်ယင်း၏ မျက်ခုံးလေးများ ပြေလျော့သွားပြီး မျက်နှာတွင် အပြုံးတစ်ခုပေါ်လာကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ရှင် ခုနက မရှိလို့၊ ပွဲကြည့်ရတာ တကယ်ကို ကျေနပ်စရာကြီး။ နိဗ္ဗာန်အဆင့်ခြောက် မှာရှိတဲ့ ချင်ထျန်းကို ဝူယွမ်က တိုက်ရိုက်ဖိနှိပ်ပြီး သူ့ရဲ့ နိဗ္ဗာန်တံဆိပ်တွေနဲ့ သိုလှောင်အိတ်ကို လုယူလိုက်တာ။ ဟားဟား... ဒါဟာ ထျန်းယွမ်ပြည်ထောင်စုရဲ့ သမိုင်းမှာ အရှက်ရဆုံး မျိုးဆက်ပဲ ဖြစ်လိမ့်မယ်”
သူတို့နှစ်ဦးက အထူးပြည်ထောင်ကြီး ဆယ်ခုထဲမှ တစ်ခုဖြစ်သော ရှန်းပြည်ထောင်စုမှ ဖြစ်ကြသည်။ ရှန်းပြည်ထောင်စုနှင့် ထျန်းယွမ်ပြည်ထောင်စုသည် ဆက်ဆံရေးမကောင်းသဖြင့် တျန်ယွမ်ပြည်ထောင်စုက ဝူယွမ်၏ လက်ချက်ဖြင့် အရေးနိမ့်သွားသည်ကို မြင်ရသည်မှာ သူတို့အတွက် အလွန်ပင် ဝမ်းမြောက်စရာ ဖြစ်နေသည်။
ယခင် ပြည်ထောင်တစ်ရာတိုက်ပွဲများတွင် ချန်ပီယံဆုကို ထျန်းယွမ်ပြည်ထောင်စုကသာ အမြဲရရှိခဲ့သည်။ ယခုနှစ်တွင်လည်း နိဗ္ဗာန်အဆင့်ခြောက်ရှိသော ချင်ထျန်းသည် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် သူတို့က ထိုအတိုင်းပင် ဖြစ်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ရုတ်တရက် ပေါ်ထွက်လာသော ဝူယွမ်က ထိုမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု မည်သူကမှ ထင်မထားခဲ့ပေ။
“ဒီဝူယွမ်ဆိုတာ ဘယ်သူလဲ၊ သူက တကယ်ကို အံ့ဩစရာကောင်းတာပဲ” ဟု ချင်းဖုန်းက သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။
“ဟိုမှာလေ... ခရမ်းရောင်ဆံပင်တွေနဲ့ ချင်ဖန်းထက်တောင် ပိုချောတဲ့သူ၊ လက်ထဲမှာ တောက်ပနေတဲ့ မိုးကြိုးဝိညာဉ် ကောင်းကင်ဓားကို ကိုင်ထားတဲ့သူပဲ” လန်ယင်းက ဝူယွမ်ကို ညွှန်ပြရင်း မျက်လုံးများ တောက်ပနေခဲ့သည်။ ဝူယွမ်၏ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းနှင့် အကြွင်းမဲ့ အင်အားမှာ ကောင်းကင်နဂါး စစ်နတ်ဘုရားတစ်ပါးအလား ခန့်ညားထည်ဝါလွန်းနေခဲ့သည်။
“မင်းတို့ ပြောစရာရှိသေးလား၊ မရှိရင် သွားကြတော့” ဝူယွမ်က မိုးကြိုးဝိညာဉ် ကောင်းကင်ဓားကို ပြန်သိမ်းလိုက်ပြီး ချင်ထျန်းနှင့် အခြားသူများကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
သူတို့သည် ဟန်ရေးပြရန်နှင့် လူကယ်ရန်သာ ရောက်လာခြင်းသာဖြစ်သဖြင့် အသေသတ်ရန် မလိုအပ်သော်လည်း အကယ်၍ သူတို့က ဆက်လက် ခေါင်းမာနေမည်ဆိုပါက ဝူယွမ်အနေဖြင့် သတ်ပစ်ရန် ဝန်လေးနေမည်မဟုတ်ပေ။
“သွားကြစို့”
ချင်ထျန်းက ရင်ဘတ်ကို ဖိထားရင်း ကျန်နှစ်ဦးကို ခေါ်ကာ တောအုပ်ထဲသို့ အလျင်အမြတ် ဆုတ်ခွာသွားတော့သည်။ ယခုရှုံးနိမ့်မှုက သူ၏ မာန်မာနများကို ရိုက်ချိုးလိုက်ပြီး စကားတစ်ခွန်းပင် ပြန်မပြောရဲတော့လောက်အောင် စိတ်ဓာတ်ကျသွားစေသည်။
ဝူယွမ်၏ “လေးလံအကျဉ်းထောင် မီးတောက်တောင်” အောက်တွင် ခံစားခဲ့ရသော ဖိအားမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။ ထိုဖိအားမှာ ထျန်းယွမ်ပြည်ထောင်စု၏ ဧကရာဇ်မင်းမြတ်နှင့် ရင်ဆိုင်ရစဉ်ကထက်ပင် ပိုကြောက်လန့်စရာ ကောင်းနေခဲ့သည်။ ထျန်းယွမ်ဧကရာဇ်မှာ နိဗ္ဗာန်အဆင့် ကိုးကို ကျော်လွန်ထားသော ပုဂ္ဂိုလ်ကြီးပဲဖြစ်သည်။
ဝူယွမ်ကဲ့သို့ လူငယ်လေးတစ်ဦးက မည်သည့်အတွက်ကြောင့် ဤမျှ အင်အားကြီးမားနေရသနည်း။ ဝူယွမ်က အပြင်ပန်းတွင် နိဗ္ဗာန်အဆင့်လေးမှာသာ ရှိပုံရသော်လည်း တကယ့်တိုက်ခိုက်ရေးစွမ်းရည်ကမူ အဆင့်နှင့်တစ်ခြားစီ ဖြစ်နေပေသည်။
“သူက ပြန်လည်ဝင်စားသူ တစ်ယောက်များလား”
ထွက်ပြေးနေရင်း ချင်ထျန်းက တွေးနေမိသည်။ ဤအချက်တစ်ခုတည်းသာလျှင် ကျင့်ကြံခြင်းအဆင့်ထက် ကျော်လွန်နေသော ဝူယွမ်၏ စွမ်းအားကို ရှင်းပြနိုင်ပေလိမ့်မည်။
သို့သော် ဝူယွမ်ကမူ သူတို့ကို ချက်ချင်းပင် မေ့ပျောက်လိုက်ပြီဖြစ်သည်။ ယခုအခါ ဝူယွမ်၏ အင်အားသည် သူနှင့် ရွယ်တူများထက် များစွာ သာလွန်နေပြီဖြစ်ရာ ချင်ထျန်းကဲ့သို့ သူများသည် သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ပေ။
“အစ်ကိုကြီး... ဒီတစ်ခေါက်တော့ တကယ်ကို အမြတ်ထွက်တာ… အထူးပြည်ထောင်စုက ကောင်တွေက တကယ် ချမ်းသာတာပဲ၊ သိုလှောင်အိတ်ထဲမှာ ကောင်းတာတွေ အများကြီးပဲ” လင်းတုန်က သိုလှောင်အိတ်များကို စစ်ဆေးကြည့်ပြီးနောက် အံ့ဩတကြီး ပြောလိုက်သည်။
“အင်း... အကုန်လုံး သိမ်းထားလိုက်ပါ၊ နောက်ကျရင် ဒါတွေကို မဟာရှေးဟောင်းဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ထဲ ထည့်ရမယ်”
သူတို့ စကားပြောနေစဉ်မှာပင် လေကိုဖြတ်ပိုင်းလာသော အသံနှစ်သံနှင့်အတူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သစ်ပင်ကြီးပေါ်မှ ဆင်းသက်လာသည်။
“ရှန်းပြည်ထောင်စုက လန်ယင်းပါ” “ကျွန်တော်ကတော့ ချင်းဖန်းပါ” “ေတွ့ရတာ၀မ်းသာပါတယ် အစ်ကိုကြီးဝူယွမ်”
ထိုနှစ်ဦးသည် ဝူယွမ်ကို လေးစားစွာ ကြည့်ကာ အစ်ကိုကြီးဟု ရင်းရင်းနှီးနှီး ခေါ်ဆိုလိုက်ကြသည်။
“ဪ... ရှန်းပြည်ထောင်စုလား” ဝူယွမ်က ရှန်းပြည်ထောင်စုသည်။ အထူးပြည်ထောင်ကြီး ဆယ်ခုထဲမှ တစ်ခုဖြစ်ကြောင်း သိရှိထားသည်။
လန်ယင်းက “စောစောက အစ်ကိုကြီး ဝူယွမ် တိုက်ခိုက်တာကို ကြည့်ရတာ တကယ်ကို ရင်ခုန်စရာ ကောင်းတယ်၊ ချင်ထျန်းလို လူမျိုးတောင် အစ်ကိုကြီးလက်ထဲမှာ အေးအေးဆေးဆေး အနိုင်ယူခံလိုက်ရလိမ့်မယ်လို့ မထင်ထားမိဘူး”
“ဒါနဲ့... မင်းတို့ ဘာအလိုရှိလို့လဲ”
“ဟီးဟီး... အစ်ကိုကြီး ဝူယွမ် မထင်လွဲပါနဲ့၊ ကျွန်မတို့က မိတ်ဆွေဖွဲ့ချင်ရုံပါ။ အခု ပြည်ထောင်တစ်ရာတောင်ထိပ်ကို ရောက်တော့မယ်ဆိုတော့ အဲ့ဒီမှာ ဆုံခဲ့ရင် လက်စလေးနည်းနည်း လျှော့ပေးဖို့ မျှော်လင့်ပါတယ်”
ဝူယွမ်က “ဪ... ဒါက လွယ်ပါတယ်၊ ငါတို့နဲ့ ဆုံရင် မင်းတို့ဘက်က အရှုံးပေးလိုက်လေ”
ဝူယွမ်၏ ပွင့်လင်းလှသော စကားကြောင့် လန်ယင်းနှင့် ချင်းဖန်းတို့မှာ ခဏတာ ဆွံ့အသွားကြသည်။ ဤသည်မှာ အစွမ်းထက်သော ပုဂ္ဂိုလ်တို့၏ ဟန်ပန်ပဲဖြစ်ပေလိမ့်မည်။
“အစ်ကိုကြီး ဝူယွမ်နဲ့ ဆုံရင်တော့ ကျွန်မ သေချာပေါက် အရှုံးပေးမှာပါ၊ ဒါပေမဲ့ တခြားလူတွေနဲ့ ဆုံရင်တော့ တိုက်ရမှာပဲ” ဟု လန်ယင်းက ရယ်မောရင်း ပြောလိုက်လေသည်။
လင်းတုန်နှင့် အခြားသူများက သူတို့နှစ်ဦးကို စပ်စုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ရှောင်ယန်မှာမူ တိုက်ခိုက်လိုစိတ်များ ပြင်းပြနေခဲ့၏။ ထိုနှစ်ဦး၏ စွမ်းအားမှာ ယခင်က စုန့်မျိုးနွယ်စုမှ နတ်ဆိုးသုံးဖော်ထက် မနိမ့်ကျကြောင်း သူ ခံစားနေရသည်။
လန်ယင်းက ဆက်ပြောလိုက်သည် - “ဒါနဲ့ အစ်ကိုကြီး ဝူယွမ်၊ ချင်ထျန်းက ထျန်းယွမ်ပြည်ထောင်စုက လာတာ၊ ထျန်းယွမ်ပြည်ထောင်စုဆိုတာ အထူးဂိုဏ်းကြီးရှစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ယွမ်ဂိတ်ရဲ့ တိုက်ရိုက်လက်အောက်ခံပဲ.. ချင်ထျန်းရဲ့ မိသားစုကလည်း ယွမ်ဂိတ်ထဲမှာ ရာထူးကြီးကြီးရှိတယ်၊ အခု အစ်ကိုကြီးက သူနဲ့ ရန်သူဖြစ်သွားပြီဆိုတော့ ယွမ်ဂိတ်ထဲဝင်ဖို့က သိပ်မလွယ်လောက်တော့ဘူး၊
ကျွန်မ အမြင်အရဆိုရင် အစ်ကိုကြီးအနေနဲ့ ‘ကိုးကောင်းကင် တိုင်ချင်းနန်းတော်’ ကိုဝင်ဖို့ စဉ်းစားသင့်တယ်၊ ကျွန်မတို့ ရှန်းပြည်ထောင်စုကလည်း အဲ့ဒီဂိုဏ်းရဲ့ လက်အောက်ခံပဲ။ ဂိုဏ်းအတွက် စည်းရုံးနေတာ မဟုတ်ပါဘူး၊ အစ်ကိုကြီးရဲ့ အကျိုးအတွက် ပြောတာပါ။ ကျွန်မတို့ဂိုဏ်းက အစဉ်အလာကြီးမားသလို ပါရမီရှင်တွေလည်း ပေါတယ်၊ ပြီးတော့ တကယ့် အလှနတ်သမီးလေးတွေလည်း အများကြီးပဲ၊ အစ်ကိုကြီးအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်မှာပါ”
“ဪ... တိုင်ချင်းနန်းတော်လား၊ အလှနတ်သမီးတွေ ရှိတယ်ဆိုတာတော့ ငါယုံပါတယ်” ဝူယွမ်က ပြုံးစစဖြင့် ပြောလိုက်လေသည်။ ဤအချက်ကိုမူ သူ အသိဆုံးဖြစ်ပေလိမ့်မည်။
“တွေ့လား... ဒါကြောင့် အချိန်တန်ရင် တိုင်ချင်းနန်းတော်ကိုပဲ ရွေးနော်” လန်ယင်းက ဝမ်းသာအားရ မျက်စိတစ်ဖက်မှိတ်ပြကာ ပြောလိုက်သည်။ အကယ်၍ ဝူယွမ်ကဲ့သို့ ချန်ပီယံလောင်းကို ဂိုဏ်းထဲသို့ ဆွဲဆောင်နိုင်ပါက သူမအတွက် ကြီးမားသော အောင်မြင်မှုကြီးတစ်ခု ရရှိခြင်း ဖြစ်ပေလိမ့်မည်။
“အမယ်လေး... အရှက်မရှိလိုက်တာ၊ အထူးဂိုဏ်းကြီး ဖြစ်ပြီးတော့ မိန်းမလှလေးတွေနဲ့ မြှူဆွယ်နေရတယ်လို့” စုရိုက တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူမသည် လန်ယင့်က ဝူယွမ်ကို မျက်စိမှိတ်ပြနေသည်ကို မကြည့်နိုင်ဘဲ ဖြစ်နေ၏။
“အဟမ်း... ဒါကိုတော့ နောက်မှ ဆက်ပြောကြတာပေါ့” ဝူယွမ်က စကားဖြတ်လိုက်သည်။
“ကဲ... သွားကြစို့၊ အစ်ကိုကြီးတို့ကို အနှောင့်အယှက် မပေးတော့ဘူး၊ ပြည်ထောင်တစ်ရာတောင်ထိပ်မှာ ပြန်ဆုံကြမယ်” ဟု ချင်ဖန်းက ပြောကာ လန်ယင်းကို ဆွဲပြီး ထွက်ခွာသွားတော့သည်။
ခဏတာ အနားယူပြီးနောက် ဝူယွမ်နှင့် အဖွဲ့သည် တောအုပ်၏ အလယ်ဗဟိုရှိ ခန့်ညားထည်ဝါသော ပြည်ထောင်တစ်ရာတောင်ကြီးဆီသို့ ဆက်လက် ချီတက်ခဲ့ကြသည်။ တောင်ထိပ်မှာ ချွန်ထက်ခြင်းမရှိဘဲ ဓားချက်တစ်ချက်ဖြင့် ခုတ်ဖြတ်ထားသကဲ့သို့ ညီညာပြန့်ပြူးနေခဲ့သည်။
“ဒေါင်...”
ရုတ်တရက် ရှေးဟောင်းဆန်ပြီး သာယာကြည်လင်သော ခေါင်းလောင်းသံကြီးတစ်ခု တောင်ပေါ်မှ ထွက်ပေါ်လာပြီး တောအုပ်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ထိုအသံကို ကြားသူတိုင်း မျှော်လင့်ချက်အပြည့်ဖြင့် တောင်ထိပ်သို့ မော့ကြည့်လိုက်ကြသည်။
ထိုစဉ် တောင်ထိပ်ရှိ တိမ်တိုက်များ ကွယ်ပျောက်သွားပြီး တောက်ပသော နေဝန်းကြီးတစ်ခု ထွက်ပေါ်လာသကဲ့သို့ ရှိနေကာ အရှိန်အဝါကြီးမားသော အသံကြီးက ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။
“ပြည်ထောင်တစ်ရာတောင် ဖွင့်လှစ်ပြီ။ ကောင်းကင်အဆင့် နိဗ္ဗာန်တံဆိပ်ရှိသူတွေ ချက်ချင်း တောင်ပေါ်တက်ခဲ့ကြ”
“နောက်ဆုံးတော့ အချိန်ကျလာပြီ” လူတိုင်း၏ မျက်လုံးများထဲတွင် တက်ကြွမှုများဖြင့် ပြည့်နှက်နေလေသည်။
“အားလုံးပဲ ကောင်းကင်အဆင့် နိဗ္ဗာန်တံဆိပ်တွေ ရပြီးကြပြီ မဟုတ်လား” ဝူယွမ်က သူ၏ အဖွဲ့ကို ကြည့်ကာ မေးလိုက်သည်။ အထူးပြည်ထောင်စုများထံမှ “လက်ဆောင်” ရပြီးနောက် သူတို့အဖွဲ့ရှိ လူတိုင်းမှာ တောင်ပေါ်တက်ဖို့ အရည်အချင်း ပြည့်မီသွားကြပြီဖြစ်သည်။
ဝူယွမ်နှင့် အဖွဲ့က တောင်ခြေသို့ ရောက်ရှိလာစဉ် လူအများက သူတို့၏ အမည်ကို ကြားဖူးထားကြသဖြင့် လမ်းဖယ်ပေးလိုက်ကြသည်။ မည်သူမျှ သူတို့ကို ရန်မစရဲပေ။
ပြည်ထောင်တစ်ရာတောင်သည် အလွန်မတ်စောက်လှပြီး ကျောက်ဆောင်များမှာ ဓားကဲ့သို့ ထက်မြက်ကာ တိမ်တိုက်များထဲသို့ ထိုးဖောက်ဝင်ရောက်နေသည်။ တောင်ပေါ်သို့ တက်ရန် လမ်းမရှိဘဲ ကိုယ်ပိုင်စွမ်းအားဖြင့်သာ ပျံတက်ရမည်ဖြစ်သည်။
ဝူယွမ်က သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ အင်အားနည်းသော အဖွဲ့ဝင်များကိုပါ ကူညီရင်း တောင်ထိပ်သို့ ပျံတက်ခဲ့သည်။
မိနစ်အနည်းငယ်အကြာတွင် သူတို့က တောင်ထိပ်သို့ ရောက်ရှိသွားကြသည်။ တောင်ထိပ်တွင် နေရောင်ခြည်များ ဖြာကျနေပြီး စကျင်ကျောက်ပြာများ ခင်းကျင်းထားသော ကျယ်ဝန်းသည့် ရင်ပြင်ကြီးတစ်ခု ရှိနေလေသည်။
ဝှစ်...
ရုတ်တရက် ကောင်းကင်ယံတွင် အလင်းတန်းများ ယှက်နွယ်သွားပြီး ခဏချင်းမှာပင် ထိုင်ခုံရှစ်ခု ပေါ်ထွက်လာခဲ့သည်။ ထို့နောက် လူရှစ်ဦး ပေါ်လာပြီး ထိုထိုင်ခုံများတွင် ခန့်ညားစွာ ထိုင်လိုက်ကြသည်။ သူတို့ထံမှ ထွက်ပေါ်လာသော ဖိအားများမှာ တောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး အားလုံးက နိဗ္ဗာန်အဆင့်ကိုးအထက်တွင် ရှိလေသည်။
အရှေ့ဘက်ရွှမ်နယ်မြေ၏ အရှင်သခင်များဖြစ်သည့် အထူးဂိုဏ်းကြီးများ ရောက်ရှိလာပြီဖြစ်သည်။
“အစ်ကိုကြီး ဝူယွမ်... ညာဘက်အစွန်ဆုံးမှာ ထိုင်နေတဲ့သူက ယွမ်ဂိတ်ကပဲ” လန်ယင်းက ဝူယွမ်နားသို့ ကပ်လာကာ ရှင်းပြလိုက်သည်။
ဝူယွမ် ကြည့်လိုက်သောအခါ ဆံပင်အနည်းငယ် ဖြူနေပြီး မျက်နှာတွင် အရေးအကြောင်းများဖြင့် ရက်စက်မည့်ပုံစံရှိသော သက်လက်ပိုင်း အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ သူသည် အဖြူရောင် ဝတ်စုံပေါ်တွင် နေမင်းအနက်ရောင် ပုံစံပါရှိသော ဝတ်စုံကို ဝတ်ဆင်ထားသည်။
လန်ယင်းက ဆက်ပြောလိုက်သည် - “သူက ကြည့်ရ ဆိုးလိုက်တာ၊ တစ်ချက်ကြည့်ယုံနဲ့ လူကောင်းမဟုတ်တာ သိသာတယ်။ ဟိုမှာကြည့်... ကျွန်မတို့ ‘ကိုးကောင်းကင် တိုင်ချင်းနန်းတော်’ က စီနီယာအစ်မကြီးကို ကြည့်လိုက်ဦး၊ ဘယ်လောက်တောင် ကြင်နာတတ်မယ့်ပုံ ပေါက်လဲ”
ထိုရှစ်ဦးထဲတွင် အမျိုးသမီးတစ်ဦးတည်းသာ ပါဝင်ပြီး လရောင်ဝတ်စုံဖြင့် အလွန် ကျော့ရှင်းလှပနေလေသည်။
“အင်း... တကယ်လှတဲ့ စီနီယာအစ်မကြီးပဲ” ဝူယွမ်က သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“အစ်ကိုကြီး... ဟိုမှာကြည့်၊ ဟိုအဘိုးကြီးပဲ” လင်းတုန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ဘယ်ဘက်ခြမ်းတွင် သူတို့ ရွှမ်နန်းတော်လေးခု၌ ဆုံခဲ့ဖူးသော “အဘိုးကြီး” ကို တွေ့လိုက်ရသည်။
ရှောင်တျောင်းက “သူက တကယ် အထူးဂိုဏ်းက ဖြစ်နေတာပဲ” ဟု ရေရွတ်လိုက်မိသည်။
လန်ယင်းက “ရှင်တို့ သူ့ကို သိတာလား၊ သူက ‘တောင်ဂိတ်’ က ဝူတောင်အဘိုးကြီးလေ၊ သူက အရမ်းအစွမ်းထက်တာ” ဟု ရှင်းပြသည်။
“တစ်ခါဆုံဖူးလို့ သိတယ်လို့ ပြောလို့ရပါတယ်” ဝူယွမ်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
ထိုစဉ်မှာပင် မဟာချန်းပြည်ထောင်စုမှ ချန်ကျင့်နှင့်သူ့အဖွဲ့ ရောက်လာပြီး ယခင်က ဖြစ်ပွားခဲ့သော ကိစ္စများအတွက် ဝူယွမ်ကို လာရောက် တောင်းပန်ကြသည်။ ဝူယွမ်ကလည်း သူတို့၏ သိုလှောင်အိတ်များကို လုယူခဲ့ပြီးဖြစ်၍ အငြိုးအတေးမထားဘဲ ခွင့်လွှတ်ေပးလိုက်လေသည်။
ယခုအခါ လူတိုင်းက မည်သည့်ဂိုဏ်းကို ဝင်ရမည်နည်းဟု ဆွေးနွေးနေကြသည်။ ယွမ်ဂိတ်၊ တောင်ဂိတ်၊ တိုင်ချင်းနန်းတော်၊ ဓားဂိတ် စသည်ဖြင့် ဂိုဏ်းတိုင်းတွင် ကိုယ်ပိုင် ထူးခြားချက်များ ရှိကြသည်။
【ဒေါင်... ပြည်ထောင်တစ်ရာတောင်သို့ ရောက်ရှိပါပီ၊ ဆိုင်းအင်၀င်မည်လား】
ဝူယွမ်၏ စိတ်ထဲတွင် စနစ်၏ အသံ ပေါ်လာသည်။
“ဆိုင်းအင်၀င်မယ်”
【ဆိုင်းအင် အောင်မြင်ပါသည်။ ဆုလာဘ်အဖြစ် “ကိုးပါးလျှို့ဝှက်ချက်ထဲမှ - ‘ဂျယ်’ အက္ခရာ လျှို့ဝှက်ချက်” ကို ရရှိပါသည်】