← Chapters

မျက်နှာမဲ့တစ္ဆေ (၆)

Vol. 4 Ch. 208

မျက်နှာမဲ့တစ္ဆေ (၆)

Vol. 4 Ch. 208

စက္ကောမရုပ်နှစ်ရုပ်ရဲ့တိုက်ပွဲက ပြင်းထန်လာတာနဲ့အမျှ နက်ဆန်ဟာ အလိုလိုဘေးထွက်နေလိုက်ရတယ်။ သူ့ခန္ဓာကိုယ်က လူသားမဟုတ်တဲ့ ဒီမိန်းကလေးတွေလောက်မကောင်းပါ။ နေဝင်ဖို့ကလည်း အချိန်အများကြီးလိုနေသေးတယ်။ အလောတကြီးနဲ့ဝင်လာခဲ့တဲ့အတွက် မှားပြီလို့တောင် တွေးမိတဲ့ အထိပါပဲ။

“ခံစားချက်တွေကို နားမလည်နိုင်တဲ့နင်က ငါ့ကိုဘာနားလည် ပေးနိုင်မှာမလို့လဲ။”

ဒေါ်ရသီရဲ့အစ်မဖြစ်တဲ့ အန်နာဘဲလားက ဒေါသတကြီး အော်ဟစ်လိုက်တယ်။ ပြုံး​နေဆဲဖြစ်တဲ့ ဒေါ်ရသီနဲ့သိပ်ကို ကွာခြားတဲ့ အပြုအမူပါပဲ။ ဒေါ်ရသီက ခရစ်စတစ်ချပ်ဝတ်ကိုပြန်လည်ဖွဲ့တည် ဓားနဲ့ဒိုင်းကိုမြှောက်ကာ တိုက်ခိုက်တယ်။ မိန်းကလေးနှစ်ယောက် ခွန်အားကအတူတူလောက်ပဲဆိုပေမဲ့ မှော်ရတနာရဲ့အကူအညီနဲ့ ဒေါ်ရသီဟာ ဖြည်းဖြည်းချင်းအသာစီးရလာတယ်။ အန်နာဘဲလားက သူ့လက်ကိုမြှောက်ပြီး သံလိုက်ဆွဲငင်အားကို ထပ်မထုတ်ခင်အထိပေါ့။

ခလွမ်း...

ဒေါ်ရသီရဲ့ချပ်ဝတ်နဲ့ဒိုင်းတွေက နောက်တစ်ခါအက်ကွဲကုန်တယ်။ ဘေးကနေ အခွင့်အရေးကိုစောင့်နေတဲ့ နက်ဆန်ကလည်းပဲ မျက်ခုံးပင့်လိုက်ပါပြီ။ ဒီခရစ်စတယ်တွေရဲ့မာကျောမှုက အဆင့်မနိမ့်ဘူး။ ဒါပေမဲ့သံလိုက်ဆွဲအားလှိုင်းတွေက သူ့ရဲ့အားနည်းချက်ဖြစ်နေတယ်။ တုန်ခါမှုဒဏ်ကို သတ္တုမဟုတ်တဲ့ ခရစ်စတယ်တွေက ဘယ်လောက်မာမာမခံနိုင်ပါ။ တွဲခိုအား မရှိတဲ့အတွက်ကြောင့် မာကျောထက်ရှပေမဲ့ကြွပ်ဆက်တာမလို့ တုန်ခါနေတဲ့လှိုင်းနဲ့တွေ့တဲ့အခါ အတွင်းပိုင်းမှာတင် အက်ကွဲကုန် တော့တယ်။

“သိပ်ကိုချစ်ခဲ့ပေမဲ့... လူသားမဟုတ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စွန့်စွာခံရဖူးလား... လူသားတွေလို အသက်မရှုနိုင်တာကိုသိပြီး ဝမ်းနည်းရဖူးလား... ဘယ်လောက်ပဲကြိုးစားကြိုးစား လူသားနဲ့ တူမလာနိုင်တဲ့မျက်လုံးတွေကြောင့် စိတ်ဓာတ်ကျဖူးလား...”

အန်နာဘဲလားက ဒေါ်ရသီရဲ့ခေါင်းကိုလက်နှစ်ဖက်နဲ့ဖမ်းဆွဲပြီး ဒူးနဲ့တိုက်လိုက်တယ်။ ဒေါ်ရသီရဲ့ဦးခေါင်းခွံက ကြေမွသွားပြီး မြေပေါ်ကိုတစ်ကိုယ်လုံးလဲကျသွားတယ်။ ဒါပေမဲ့မကြာခင်မှာပဲ ပြန်ကောင်းလာခဲ့တယ်။

“နင်ဒါတွေဘာသိမှာလဲ... နင်က အရုပ်လေးတစ်ရုပ်လို့ပဲ ကိုယ့်ကိုယ်ကိုယ်တွေးနေခဲ့တာ။ တိုက်ခိုက်လိုက်ပြန်ကောင်းလိုက်နဲ့ တိုက်ပွဲဝင်အရုပ်မဘဝမှာပဲ ပျော်​မွေ့နေခဲ့တာ။

နင့်ခံစားချက်တွေကို နားလည်အောင်မကြိုးစားခဲ့ဘူး။ ဒါကြောင့် နင်က ဘယ်တော့မှလူသားဖြစ်လာမှာမဟုတ်ဘူး။ ငါ့ညီမဖြစ်ဖို့ မထိုက်တန်ဘူး။”

အန်နာဘဲလားက ဒေါ်ရသီရဲ့လည်ပင်းကိုဆုပ်ကိုင်လိုက်ပြီး ညာဖက်လက်ကို ဓားသဏ္ဍာန်လက်သီးဟန်အတိုင်းပြင်တယ်။ ဒေါ်ရသီရဲ့နှလုံးနေရာကို ထိုးဖောက်ဖို့အတွက်ပါ။

“နင့်ရဲ့အဂ္ဂိရတ်ကျောက်တုံးကို ငါ့ခန္ဓာကိုယ်ထဲပေါင်းထည့်ရင် နင်ပြန်ကောင်းလာနိုင်ဦးမလား၊ ကြည့်ရသေးတာပေါ့။” အန်နာဘဲလ်လားရဲ့မျက်လုံးတွေက ရူးသွပ်မှုနဲ့အတူတောက်ပ နေခဲ့တယ်။ ဒါပေမဲ့ အဲဒီရူးသွပ်မှုတွေရဲ့အောက်မှာ ဝမ်းနည်းမှုတွေကိုလဲ မြင်နိုင်တယ်။

....

ကျွန်မတို့တွေက တိုက်ခိုက်ဖို့အတွက် မွေးဖွားလာခဲ့တာ။ တိုက်ခိုက်ဖို့အတွက် ထုတ်လုပ်ထားခဲ့တဲ့ အတုအယောင် လူသားတွေ။

ဖျက်ဆီးလို့မရတဲ့ စက္ကောမအရုပ်တွေ။ စက္ကောမအရုပ်တွေက မှော်ဆရာတွေအတွက်တော့ ရှားပါးတဲ့အရာတစ်ခုမဟုတ်​ပါဘူး။ သူတို့ကိုယ်စားတိုက်ခိုက်ဖို့ အသုံးပြုကြသလို သူတို့အစေခံတွေလို တာဝန်ထမ်းဆောင်စေဖို့လည်း ဖန်တီးတတ်ကြတယ်။

ကျွန်မတို့တွေမှာက ခံစားချက်မရှိဘူး။ မရှိခဲ့သင့်ဘူးလို့ပဲ ဆိုရမလား...

ဒါပေမဲ့ ကျွန်မတို့ကိုဖန်တီးခဲ့သူက ကျွန်မတို့ရဲ့ဖြစ်တည်မှုထဲကို အဂ္ဂိရတ်ကျောက်တုံးကို ထည့်သွင်းပေးခဲ့တယ်။ အဂ္ဂိရတ် ကျောက်တုံးကိုတော့ ရှင်တစ်နေရာရာမှာ ကြားဖူးနေမှာပါ။ ရှေးယခင်ကတည်းက အဂ္ဂိရတ်ဆရာတွေရဲ့စွဲလမ်းမှုတစ်ခု။ ခဲကနေ ရွှေအဖြစ်ကို ပြောင်းလဲပေးနိုင်တဲ့အရာ။ ရောဂါပေါင်းစုံ ပျောက်ကင်းစေနိုင်တဲ့အရာ။ ကြီးမားတဲ့ မှော်စွမ်းအင်တွေကို စုပ်ယူသိုလှောင်ထားနိုင်စွမ်းရှိတဲ့အရာ။ စိတ်ဝိညာဥ်ကို ဖြစ်တည်စေနိုင်တဲ့ အရာတစ်ခုပေါ့။

အဲဒီအရာက ကျွန်မတို့ကို မဖြစ်တည်သင့်တဲ့အရာတွေအဖြစ် ဖြစ်ပေါ်လာစေခဲ့တယ်။ ကျွန်မတို့ရဲ့နှလုံးနေရာမှာ အရည်မဟုတ် အစိုင်အခဲမဟုတ်တဲ့ စွမ်းအားကြီးတဲ့အရာတစ်ခုက ခုန်နေခဲ့ပြီ မဟုတ်လား။

...

“ကောင်မလေးတွေ၊ ဒီနေ့ကနေစပြီး နင်တို့က မြေကျောင်းတော်ရဲ့ ဆက်ခံသူတွေပဲ။ ဒီရာထူးကို ထိုက်တန်တဲ့အရိုက်အရာခံမပေါ်ခင် နင်တို့ထိန်းသိမ်းထားရမယ်။ ဆက်ခံသူတစ်ယောက်လုပ်ရမယ့် အလုပ်တွေအားလုံးကို လုပ်ကြရလိမ့်မယ်။”

ကျွန်မနိုးလာတော့ ကျွန်မရဲ့ဘေးနားမှာ ကျွန်မနဲ့တစ်ပုံစံတည်း တူညီတဲ့မိန်းကလေးတစ်ယောက် ရှိနေခဲ့တယ်။ ကျွန်မတို့ရဲ့ ပတ္တမြားရောင်မျက်လုံးတွေကတော့ အဖွားအိုတစ်ယောက်ကိုပဲ ကြည့်နေခဲ့မိတယ်။ သူ့ရဲ့မျက်လုံးတွေက အေးစက်နေတာပဲ။ ကျွန်မတို့ကို အသုံးချစရာအရာတစ်ခုထက်ပိုပြီး မမြင်ခဲ့ဘူး။

...

“အစ်မ.... ကျွန်မလက်တွေ ဘာလို့တုန်နေတာလဲ။ ဒီရန်သူကို ခုတ်ပိုင်းချင်ပေမဲ့ မတိုက်ခိုက်နိုင်ဘူးဖြစ်နေတယ်။”

ဒေါ်ရသီက ကျွန်မရှေ့မှာတုန်ယင်နေတယ်။ သူက ကျွန်မနဲ့ မတူဘဲ ခံစားချက်တွေကို နားမလည်နိုင်ခဲ့ဘူး။ သူ့မှာခံစားချက်ရှိနေပေမဲ့ ဘယ်လိုတုံ့ပြန်ရမှန်းသိမနေဘူး။

“ဒေါ်ရသီ... နင်ကြောက်နေတာ။ ကြောက်နေရင်လည်းရပါတယ်။ ဟောဒီကအစ်မက ကာကွယ်ပေးမှာမလို့လေ။”

ကျွန်မလက်ထဲက ဓားမြှောင်ကို မြင့်မြင့်ကိုင်ထားလိုက်တယ်။ ရန်သူဖြစ်တဲ့ ဧရာမကြောင်နက်ကြီးကတော့ ကျွန်မတို့တွေဆီ ပြေးဝင်လာခဲ့ပါပြီ။ နောက်တော့ ကျွန်မတို့နှစ်ယောက်လုံး တစ်စစီဖျက်ဆီးခံခဲ့ရတယ်။

...

အကြိမ်ပေါင်းများစွာ ပြန်ဖြစ်တည်နိုင်ခဲ့ပေမဲ့ နာကျင်မှုနဲ့ ကြောက်လန့်စရာကောင်းတဲ့မှတ်ဉာဏ်တွေက ပျောက်ဆုံး မသွားခဲ့တာကြောင့် ညမှောင်လာတဲ့အခါတိုင်းမှာ အလိုလိုနေရင်း ထိတ်လန့်နေမိတယ်။

“နောက်ထပ် မကောင်းဆိုးဝါးတွေကို မတိုက်ချင်တော့ဘူး။”

“မကောင်းဆိုးဝါးတွေက ကြောက်ဖို့ကောင်းတယ်။”

ကျွန်မကြောက်လာတဲ့အချိန်တိုင်းမှာ ညီမလေးကို ဖက်ထား ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်းတုန်ယင်နေပြီး ကြောက်နေမှန်း ကျွန်မသိပေမဲ့ ကျွန်မမှာသူ့အပြင် တခြားဘယ်သူမှမရှိခဲ့ဘူးလေ။

“နင်တို့နှစ်ယောက် နောက်မစ်ရှင်လုပ်ရမယ်။ ၅နာရီအတွင်း ထွက်ခွာဖို့ပြင်ကြ...”

ကျွန်မတို့ ဘယ်လောက်ပဲနာကျင်ခံစားရပါစေ မြေကျောင်းတော်က နားလည်မပေးခဲ့ဘူး။ ကြင်နာမှုလည်းမရှိခဲ့ဘူး။ သူတို့အတွက် ကျွန်မတို့နှစ်ယောက်က ဓားထက်ထက်နှစ်ချောင်းပါပဲ။

...

“ရော့... အရုပ်မလေးနဲ့လိုက်မယ်ထင်လို့လေ။”

ဒါပေမဲ့... တစ်နေ့မှာတော့ ကျွန်မဘဝထဲကို အလင်းရောင်တစ်ခု ဝင်လာခဲ့တယ်။

ချောမောပြီး အပြာရောင်တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့တဲ့ လူငယ်လေးက ကျွန်မလက်ထဲကို နှင်းဆီပန်းလေးတစ်ပွင့် ထည့်ပေးလိုက်တယ်။ ကျွန်မသူ့ကိုမမြင်ဖူးပါဘူး။ ပထမဆုံး တွေ့ဖူးတာပဲ။ ဒါပေမဲ့ အခုလိုမျိုးနှုတ်ဆက်တာနဲ့ကြုံရတယ်။

“ဟိုလေ... ရှင်ကဘယ်သူလဲ။”

လူငယ်လေးက သူ့ဆံပင်ကို လက်နဲ့ထိုးဖွလိုက်ရင်းနဲ့ စတိုင်အမိဖမ်း ပြောလိုက်တယ်။ “ကိုယ်က ဒီရေဂို စတူးအပ် ဇူလတာ ဟာ့စ်ဘတ် အယ်ဘတ်တိုင်းပါ။ ရေကျောင်းတော်ရဲ့ တတိယသခင်လေးပေါ့။ မြေကျောင်းတော်အယ်ဒါ ရီတာနဲ့ ပြောစရာရှိလို့လာခဲ့တာလေ။”

ကျွန်မဖန်တီးသူရဲ့ဧည့်သည်ဆိုတာ သိလိုက်ရတဲ့အတွက် စနစ်တကျ ဦးညွှတ်လိုက်တယ်။ “မြေကျောင်းတော်ကနေ ကြိုဆိုပါတယ် တတိယသခင်လေး ဒီရေဂို စတူးအပ် ဇူလတာ ဟာ့စဘတ် အယ်ဘတ်တိုင်း။ ကျွန်မနောက်ကနေ လိုက်လာခဲ့ ပေးပါ။”

“မင်းလေးသာဆိုရင် ဒီရေဂိုလို့ခေါ်လည်း အဆင်ပြေပါတယ်။” သူက ကျွန်မနောက်ကနေ နားနားကိုကပ်ပြီးပြောလိုက်တယ်။ သူ့ပုံစံက လွတ်လပ်ပြီးပေါ့ပါးပြီး ကန့်သတ်ထားလို့မရနိုင်တဲ့ ပင်လယ်ပြင်ကြီးလိုပဲ။ စကားပြောတိုင်း ရယ်မောနေတတ်ပြီး သူ့အပြုံးတွေက သိပ်လှတယ်။

...

“အရုပ်မလေး... မင်းကဒီမြို့မှာနေတာကြာပြီဆိုတော့ မြို့အကြောင်း သိမှာပဲနော်။ ကိုယ့်ကို မြို့တစ်ပတ်လောက်လိုက်ပြပေးနိုင်မလား။”

“ဒီနားကပ်လေးက မင်းနဲ့လိုက်မယ်နဲ့တူတယ်။”

“အရုပ်မလေး၊ နေဝင်ချိန် အတူကြည့်ကြရအောင်။”

“မြို့ရဲ့အမြင့်ဆုံးတာဝါမှာ အတူကော်ဖီလိုက်ရအောင်။”

“ဒီပန်းနုရောင်ဂါဝန်လေးနဲ့ဆိုရင် ရိုမန့်တစ်ဆန်မယ် မထင်ဘူးလား။”

သူက အချိန်တစ်ခဏလေးအတွင်းမှာပဲ ကျွန်မဘဝထဲကိုရော နှလုံးသားထဲကိုပါ နက်ရှိုင်းစွာဝင်လာခဲ့တယ်။ သတိထားမိတဲ့ အချိန်မှာတော့ ကျွန်မသူ့ကိုမေ့ပျောက်ပစ်လို့မရတဲ့အထိ ဖြစ်လာခဲ့တယ်။ ကျွန်မနှလုံးသားကိုကျွန်မ ပြန်စမ်းမိတိုင်း နွေးထွေးမှုတစ်ခုကိုခံစားရတယ်။ အင်း၊ နှလုံးသားအစစ် မဟုတ်ခဲ့ပေမဲ့ပေါ့။

...

တစ်နေ့တော့ သူပြန်တော့မယ်ဆိုတဲ့စကားကို ကျွန်မကြားလိုက်ရတယ်။ ကျွန်မလည်းမနေနိုင်ဘဲ သူ့လက်တွေကို ဆုပ်ကိုင်ထားရင်းနဲ့ တောင်းဆိုခဲ့မိတယ်။

“သခင်လေးဒီရေဂို၊ ကျေးဇူးပြုပြီး ကျွန်မကိုလည်း ဒီနေရာကနေ ခေါ်သွားပေးပါ။ သခင်လေးဒီရေဂိုအတွက် အနားမှာအမြဲရှိပေးပါမယ်။”

“အရုပ်မလေး... မင်းကဘာလို့ ကိုယ့်အနားမှာ အမြဲရှိချင်တာလဲ။”

သူ့မျက်နှာပေါ်ကအပြုံးတွေက အေးခဲသွားပြီးနောက် ကျွန်မကို အခုလိုမျိုးမေးခဲ့တယ်။ ဒါကြောင့် ကျွန်မ အမှန်အတိုင်းဖြေခဲ့မိတယ်။

“ကျွန်မရှင့်ကိုချစ်မိနေပြီ....”

ဒါပေမဲ့... ဒါပေမဲ့....

“အရုပ်မလေး... မင်းက လူသားတစ်ယောက်မဟုတ်ဘူးလေ။ ကိုယ်က မင်းကို ဘယ်လိုလုပ်ပြီး ပြန်ချစ်နိုင်မှာလဲ။” သူက ကျွန်မလက်တွေကို ဖယ်ရှားပစ်ခဲ့ပြီး ထွက်ခွာသွားခဲ့တယ်။

“တကယ်လို့ ကျွန်မက လူသားဖြစ်လာခဲ့ရင်ရော....” ကျွန်မ ပြန်မေးခဲ့ပေမဲ့ ကျွန်မကိုဖြေပေးမယ့်သူမရှိတော့ဘူး။

အဲဒီနောက်ပိုင်းတော့ မှန်တစ်ချပ်ရှေ့မှာထိုင်နေရင်းနဲ့ ကျွန်မကိုယ်ကျွန်မ ပြန်စမ်းသပ်ကြည့်ခဲ့မိတယ်။ သခင်လေး ဒီရေဂိုက ကျွန်မကို လူသားမဟုတ်လို့ ပြန်မချစ်နိုင်ခဲ့ဘူးတဲ့။ .

ကျွန်မအသားအရေက အေးစက်နေခဲ့ပြီး မျက်လုံးတွေက အသက်ရှိမနေခဲ့ဘူး။ ကျွန်မမှာ လူသားတွေရဲ့သဘာဝကိုယ်နံ ရှိမနေသလို အသက်ရှုဖို့လည်းလိုမနေဘူး။ ပြီးတော့ကျွန်မရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက လူသားတစ်ယောက်နဲ့ တူမနေခဲ့ဘူး။

“တကယ်လို့ ငါသာလူသားတစ်ယောက် ဖြစ်လာခဲ့ရင် သခင်လေးဒီရေဂိုက...” ကျွန်မရဲ့အတုအယောင်ဆန်လှတဲ့ ဆံပင်တွေကို လက်နဲ့ဆွဲနှုတ်ရင်း ကလေးတစ်ယောက်လို ရူးမိုက်တဲ့အတွေးတစ်ခုကို စတင်တွေးတောလာခဲ့မိတယ်။

....

“နင်နားမလည်ရင်လည်း ငါ့ကိုမနှောင့်ယှက်ဘဲ ဝေးဝေးမှာနေလိုက်။ ငါ့ကိုလာနှောင့်ယှက်ပြီဆိုမှတော့.... နင့်ကိုခွင့်မလွှတ်နိုင်ဘူး။”

အယ်နာဘဲလ်လားက ဒေါ်ရသီကို အပြီးသတ်ချေမှုန်းဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ သူ့လှုပ်ရှားမှုတွေက ခတ္တရပ်တန့်သွားပြီး သူ့ခန္ဓာကိုယ်ကိုအနက်ရောင် အရိပ်ကြီးတစ်ခုက ချုပ်နှောင်ထားမှန်းသတိထားမိလိုက်တယ်။ နေရောင်ကြောင့် အရိပ်ကနေ မီးခိုးငွေ့တွေထွက်နေပေမဲ့ နက်ဆန်က ဓားမြှောင်နှစ်လက်ကိုကိုင်ပြီး အန်နာဘဲလ်လားရဲ့ ရင်ဘတ်ကို ဖောက်ထွင်းပစ်လိုက်တယ်။ မကြာခင်မှာပဲ အန်နာဘဲလ်လားရဲ့အဂ္ဂိရတ်ကျောက်တစ်ပိုင်း အကာအကွယ်မဲ့စွာနဲ့ ထွက်ပေါ်လာခဲ့ပါပြီ။

“မင်းလိုတည်ရှိမှုတစ်ခုက လူသားဖြစ်လာရင်တောင်မှ ဆန်ကုန်မြေလေးလူသားတစ်ယောက်ပဲ ဖြစ်လာဦးမှာ။ ဒေါ်ရသီ၊ အပြီးသတ်လိုက်တော့...”

“အင်း....” ဒေါ်ရသီကလည်း နှေးမနေဘဲ အန်နာဘဲလ်လားရဲ့ အဂ္ဂိရတ်ကျောက်တုံးကို ခန္ဓာကိုယ်ထဲကနေဆွဲထုတ်ကာ ချေမွ ပစ်လိုက်တယ်။ စက္ကန့်မ​ခြားဆိုသလို အန်နာဘဲလ်လားရဲ့မျက်ဝန်း တစ်စုံဟာ အရောင်ကင်းမဲ့သွားပြီး ကြိုးပြတ်သွားတဲ့ရုပ်သေးရုပ် တစ်ရုပ်လိုမျိုး လဲကျသွားတော့တယ်။

“မင်းအစ်မကို ကိုယ်တိုင်အဆုံးသတ်ခဲ့ရလို့ စိတ်မကောင်းပါဘူး။” နက်ဆန်က ဝမ်းနည်းနေမလားဆိုတဲ့အတွေးနဲ့ ဒေါ်ရသီရဲ့ခေါင်းကို ပုတ်ပေးလိုက်တယ်။ ဒေါ်ရသီကတော့ ခေါင်းကိုမော့ကြည့်ရင်း နက်ဆန်ကိုပြောလိုက်တယ်။

“ခံစားချက်တွေကို နားမလည်တာကြောင့် ကျွန်မအဆင်ပြေမှာပါ။”

“ခံစားချက်တွေကို နားမလည်ဘူးပြောတိုင်း မင်းဝမ်းမနည်းတာ မဟုတ်ဘူးလေ။ တွေ့လား၊ အခုတောင်ငိုနေပြီ။”

နက်ဆန်က ဒေါ်ရသီရဲ့ပါးပြင်ပေါ်က မျက်ရည်စတချို့ကို ဖယ်ရှားပေးလိုက်တယ်။ ဒါကြောင့် ဒေါ်ရသီလည်းအလိုလို နောက်ကိုဆုတ်သွားမိတော့တာပေါ့။

“ဒါနဲ့ ရှင်အဆင်ပြေရဲ့လား....” နက်ဆန်ရဲ့နှုတ်ခမ်းထောင့်က သွေးတချို့စီးကျနေတာမြင်တော့ ဒေါ်ရသီကမေးလိုက်တယ်။

“နတ်ဘုရားခန္ဓာ နည်းနည်းထိခိုက်သွားရုံပါ။ ဖြစ်နေကျပါပဲ။ အယ်မာကိုရှာရအောင်....”

မကြာခင်မှာပဲ နက်ဆန်နဲ့ဒေါ်ရသီက ရဲတိုက်တစ်နေရာမှာ ကြိုးနဲ့အတုပ်ခံထားရတဲ့ အယ်မာကိုရှာတွေ့ခဲ့တယ်။ နက်ဆန် စောလာဖို့ဆုံးဖြတ်လိုက်တာ မှန်သွားတယ်ဆိုရမလား။

အန်နာဘဲလ်လားက ခွဲစိတ်ခန်းသုံးပစ္စည်းတွေကို အသင့်ပြင်ပြီးပြီ ဖြစ်ပြီးတော့ အယ်မာရဲ့တစ်ကိုယ်လုံးကို လူသားအနွေးထည်လို သုံးဖို့ အသင့်ဖြစ်နေပုံပါပဲ။ အပြန်လမ်းမှာတော့ သတိလစ်နေတဲ့ အယ်မာကို ဒေါ်ရသီက ကုန်းပိုးခေါ်လာရပြီး နက်ဆန်ကတော့ နောက်ကနေ ဖြည်းဖြည်းချင်း လိုက်လာပါတယ်။

“မင်းကို မကာကွယ်လိုက်နိုင်လို့ တောင်းပန်ပါတယ်။” နက်ဆန်က ဒေါ်ရသီတစ်ခါဖျက်ဆီးခံလိုက်ရတာနဲ့ပတ်သက်ပြီး တောင်းပန်တဲ့ အခါမှာတော့ ဒေါ်ရသီဆီကနေ ရယ်သံလွင်လွင်လေး ထွက်လာတယ်။

“ညအရှင်... ဒါက ကျွန်မအတွက် ဖြစ်နေကျကိစ္စတစ်ခုပါ။”

ဒေါ်ရသီက ခါတိုင်းလိုပဲ ပြုံးနေဆဲပဲ။ ဒါပေမဲ့ သူ့အပြုံးတွေက ပိုပြီးအသက်ပါလာတယ်။ ပြီးတော့ နက်ဆန်နဲ့စကားပြောရမှာ ရှက်ရွံနေတဲ့ပုံစံမျိုးနဲ့ မျက်နှာချင်းမဆိုင်မိအောင်နေပြီး ရှေ့ကနေ ခပ်သွက်သွက်စလျှောက်တယ်။

“အဖွားစိတ်ပူမနေအောင် မြန်မြန်ပြန်ရအောင်....” ဒါပေမဲ့ သူ့စိတ်ထဲမှာတွေးနေတဲ့ အရာကတော့ တခြားတစ်ခုပါ။

‘ညအရှင်၊ ရှင်က ကျွန်မကိုခံစားချက်တွေအကြောင်း နားလည်အောင် တမင်လုပ်နေတာများလား....’

All Chapters