ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်သို့ တက်လှမ်းခြင်း
Vol. 12 Ch. 112
သုံးလတာ အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ လီကျန့်ယီသည် ရွှေလမြို့တော်တွင် ပညာဖလှယ်ရေး ကျောင်းသားတစ်ဦးအဖြစ် သုံးလတိတိ အချိန်ကုန်ဆုံးခဲ့၏။ ထိုသုံးလအတွင်း သူသည် ချန်းစန်းတောင်ပေါ်၌ လီဟန်ယီနှင့်အတူ မကြာခဏဆိုသလို ဓားသိုင်းပညာ လေ့ကျင့်ခဲ့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း မြင့်တက်သွားသည်။ သူသည် လောကတစ်ခုလုံးကို တုန်ဟိန်းသွားစေနိုင်သော ဓားကွက်ကို ထပ်မံဝှေ့ယမ်းလိုက်သည့်ချိန်တွင် သူသည် ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်သို့ တက်လှမ်းနိုင်ပြီဖြစ်သည်။
လီချန်းရှန်က လီကျန့်ယီ၏ အရှိန်အဝါကြောင့် အံ့အားသင့်သွား၏။ အသက် (၁၅) နှစ်ပင် မပြည့်သေးသော လူငယ်တစ်ဦးက ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်သို့ ရောက်ရှိသွားခြင်း ဒါက ပါရမီရှင်ဟု ဖော်ပြရုံနှင့် မလုံလောက်တော့ဘဲ "နတ်ဆိုး" ဟုပင် တင်စားခေါ်ဝေါ်ရပေလိမ့်မည်။
"တကယ့်ကို ထူးချွန်တဲ့သူပဲ၊ ဟန်ယီ... မင်းရဲ့ အနာဂတ်ခင်ပွန်းလောင်းကတော့ တကယ်ကို ထူးခြားလွန်းပါတယ်"
လီကျန့်ယီ အဆင့်တက်သွားသည်ကို အာရုံခံမိသည်နှင့် လီချန်းရှန်သည် မြို့စားအိမ်တော်ကနေ ချန်းစန်းတောင်ထိပ်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။ သူသည် လီကျန့်ယီ၏ တိုးတက်မှု့ကြောင့် အံ့အားသင့်နေသော လီဟန်ယီကို ကြည့်ကာ ထိုသို့ ပြောလိုက်ခြင်း ဖြစ်၏။
"ဟုတ်တယ်ဆရာ... ယီယီက အရမ်းတော်တာပဲ၊ သူက ငယ်ငယ်ကတည်းက ဒီလိုပဲ၊ ဓားသိုင်းလေ့ကျင့်နေသရွေ့ သူက ပိုပိုပြီး သန်မာလာနေဦးမှာပဲ" လီဟန်ယီက လီကျန့်ယီ ငယ်စဉ်က အဆင့်များ တစ်ဆင့်ပြီးတစ်ဆင့် ကျော်ဖြတ်ခဲ့ပုံကို ပြန်လည်အောက်မေ့ရင်း လေးစားအားကျစွာ ပြောလိုက်၏။ဤသူမှာ သူမ၏ မိသားစုဝင် ယီယီ ဖြစ်သောကြောင့်ပင်။ သူသည် ဓားကို ကိုင်ဆွဲထားရုံနှင့် ပိုမိုအစွမ်းထက်လာနိုင်သည့် အနှိုင်းမဲ့ပါရမီရှင် ဖြစ်သည်။
"အကြီးအကဲလီ"
ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းပြီးနောက် လီကျန့်ယီသည် လီချန်းရှန် ရောက်လာသည်ကို သတိပြုမိသဖြင့် ဦးစွာ နှုတ်ဆက်လိုက်၏။
"ကောင်းတယ်... အလားအလာ အလွန်ကောင်းတာပဲ၊ အခုဆိုရင် ငါလည်း အေးအေးဆေးဆေး ထွက်သွားလို့ ရပြီ" လီချန်းရှန်က လီကျန့်ယီကို အလွန်ပင် စိတ်လှုပ်ရှားစွာ ကြည့်၍ ပြောလိုက်သည်။ယခုချိန်တွင် သူ မရှိတော့သည့်တိုင် ဤကမ္ဘာကြီးမှာ ပရမ်းပတာဖြစ်သွားမည်မဟုတ်တော့ပေ။ အကာအကွယ်ပေးမည့် အစောင့်အရှောက်သစ်တစ်ဦး ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
"ဟုတ်ကဲ့ပါ"လီကျန့်ယီက ရိုသေစွာ ခေါင်းညိတ်လိုက်ပါ၏။ လီချန်းရှန် "ထွက်သွားမယ်" ဆိုသည်မှာ ဘာကိုဆိုလိုကြောင်း သူ သိထားသဖြင့် လီချန်းရှန်အပေါ် လေးစားမှု့သာ ရှိပေသည်။ သို့သော် ထိုအကြောင်းကိုတော့ ထုတ်မပြောခဲ့ပေ။
"ဒါနဲ့ အကြီးအကဲလီဟန်ယီ ... ကျွန်တော် ရွှေလမြို့တော်ကို ရောက်နေတာ သုံးလတောင် ရှိသွားပြီဆိုတော့ ဓားနှလုံးဂူဗိမာန်ကို ပြန်ဖို့ အချိန်တန်ပြီ၊ မဟုတ်ရင် ကျွန်တော်ရဲ့ဆရာက စိုးရိမ်နေပါလိမ့်မယ်" လီကျန့်ယီသည် စဉ်းစားကြည့်ပြီးနောက် သူသည် ဂူဗိမာန်နှင့် ဝေးကွာနေသည်မှာ ကြာပြီဖြစ်ကြောင်း သတိရသွားသည်။ ဤသည်မှာ သူ ဂူဗိမာန်မှ အကြာဆုံး ခွဲခွာနေခဲ့ခြင်းလည်း ဖြစ်၏။
"မှန်တာပေါ့၊ ဓားနှလုံးဂူဗိမာန်က ဗိမာန်သခင်လီက မင်းကို မနည်းရှာထားရတာဆိုတော့ မင်းက မရှိမဖြစ်ပဲလေ" လီချန်းရှန်က ပြုံး၍ ခေါင်းညိတ်လိုက်၏။
"ဒါဆိုရင်တော့... ကျွန်တော်ကို ခွင့်ပြုပါဦး၊ နောက်မှ ပြန်တွေ့ကြတာပေါ" လီကျန့်ယီက လက်နှစ်ဘက်ကို ရင်ဘက်မှာယှက်လိုက်ပြီး နှုတ်ဆက်လိုက်သည်။
လီဟန်ယီသည်လည်း လီကျန့်ယီမှာ သူမ၏ အဖိုးက မည်မျှ တန်ဖိုးထားကြောင်းသိထားသဖြင့် သူကို မတားဆီးပေ။
"ယီယီ... နှစ်သစ်ကူးကျရင် ကျွန်မ ရှင်ဆီ လာလည်မယ်နော်၊ ကျွန်မဆီကိုလည်း မကြာမကြာ လာလည်ဖို့ မမေ့နဲ့ဦး"
"ဟုတ်ပြီ" လီကျန့်ယီသည် ရှေ့သို့ တိုးကာ လီဟန်ယီ၏ နဖူးပြင်ကို အသာအယာ နမ်းရှိုက်လိုက််ပြီး ဓားကိုစီး၍ ပျံသန်းထွက်ခွာသွားတော့သည်။
သူ၏အဆင့်တက်နိုင်ခဲ့ခြင်းကြောင့် သူသည်တကယ့် နတ်ဓားရှင်တစ်ဦး၏ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်နေပြီဖြစ်သည်။ ယခုစွမ်းရည်နှင့်ဆိုလျှင် သူသည် တစ်ရက်အတွင်း မိုင်ပေါင်းသုံးထောင် ခရီးနှင်နိုင်ပါသည်။ လီကျန့်ယီသည် တိမ်တိုက်များကြားတွင် လွတ်လပ်စွာပင် ပျံသန်းနေကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကြယ်တံခွန်တစ်ခုကဲ့သို့ ပျောက်ကွယ်သွားပြီး လီကျန့်ယီသည် ဂူဗိမာန်သို့ ပြန်လည်ရောက်ရှိလာတော့သည်။
ဓားခန်းမထဲတွင် ရှိနေသော လီဆူးဝမ်သည်လည်း အလွန်ပြင်းထန်သည့် အရှိန်အဝါတစ်ခုကြောင့် အပြင်ဘက်ကို ထွက်ကြည့်လိုက်ရာ တံခါးရှေ့တွင် ရပ်နေသော လီကျန့်ယီကို မြင်လိုက်ရသည်။
"မင်းရဲ့ အရှိန်အဝါတွေက အလွန်ပြင်းထန်နေပါလား၊ မင်း ဆန်းကြယ်နတ်ခရီးအဆင့်ကို ရောက်သွားပြီလား တပည့်လေး" လီဆူးဝမ်သည် သူ၏ တပည့်ထံမှ အလွန်အစွမ်းထက်သော အရှိန်အဝါကို ခံစားမိသဖြင့် အံ့အားသင့်စွာ မေးလိုက်၏။
"ဆရာ... ကျွန်တော်က ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်ပဲ ရှိပါသေးတယ်၊ အစစ်အမှန်ဆန်းကြယ်နတ်ခရီးအဆင့် တော့မရောက်သေးပါဘူး၊ မဟုတ်ရင် ကျွန်တော် အပြင်ကနေ လမ်းလျှောက်ဝင်လာမှာ မဟုတ်ဘဲ ဆရာရဲ့ ဘေးမှာ တိုက်ရိုက် ရောက်လာမှာပေါ့" လီကျန့်ယီက ပြုံး၍ ခေါင်းခါပြလိုက်သည်။
"တစ်ဝက်ဆိုရင်လည်း တစ်ဝက်ပေါ့ ၊အခုတော့ ငါ့ရဲ့ ဓားနှလုံးဂူဗိမာန်မှာ ထိပ်တန်းအင်အားစုတွေကို ယှဉ်နိုင်တဲ့ ပညာရှင်တစ်ယောက် ရှိနေပြီ" လီဆူးဝမ်သည် တွေးလေလေ ပို၍ စိတ်လှုပ်ရှားလေ ဖြစ်နေမိ၏။
ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်သို့ ရောက်ရှိသော ပညာရှင်ရှိသည့် အင်အားစုကိုသာ ကျင့်ကြံသူလောကတွင် ထိပ်တန်းအင်အားစုဟု သတ်မှတ်ထားသည်။ ယခုအခါ ကျင့်ကြံသူလောကတွင် ချင်းချန်တောင် တစ်ခုသာ ရှိတော့ပြီး ဝူတန်ဂိုဏ်းမှာလည်း ဆုတ်ယုတ်နေပြီ ဖြစ်ရာ ဝူတန်ဂိုဏ်း၏ နေရာကို ဓားနှလုံးဂူဗိမာန်က ဆက်ခံရပေတော့မည်။
"ဟုတ်ကဲ့ပါ" လီကျန့်ယီက ခေါင်းညိတ်ထောက်ခံလိုက်သည်။
လီဆူးဝမ်သည် လီကျန့်ယီကို ဓားခန်းမထဲသို့ အမြန်ဆွဲခေါ်သွားပြီး ထိုင်ခိုင်းကာ မေးခွန်းပေါင်းများစွာ မေးမြန်းပါတော့သည်။
"ယီယီ... ရွှေလမြို့တော်က ဘယ်လိုလဲ၊ ဟန်ယီကရော အဲ့ဒီမှာ အဆင်ပြေရဲ့လား၊ ရွှေလမြို့တော်မှာ ပျော်စရာကောင်းတဲ့ အရာတွေ အများကြီး ရှိလား" လီဆူးဝမ်သည် ဓားနှလုံးဂူဗိမာန်တွင် တစ်ဦးတည်း အထီးကျန်နေခဲ့ရသဖြင့် သူ၏တပည့်နှင့် ပျော်ရွှင်စရာများ ဝေမျှလိုနေသည်။
"ဆရာ... အဲ့ဒီအကြောင်းတွေကို သိချင်ရင် ကိုယ်တိုင်သွားကြည့်ပါလား၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် အခု ဂူဗိမာန်ကို ပြန်ရောက်နေပြီဆိုတော့ ဆရာလည်း အေးဆေး နားလို့ရပြီပေါ့" လီကျန့်ယီက ပြုံး၍ အကြံပေးလိုက်သည်။
"ဟုတ်သားပဲ၊ ငါ့တပည့်က တကယ်ကို ဉာဏ်ကောင်းတာပဲ" လီဆူးဝမ်က ရုတ်တရက် သတိရသွားသကဲ့သို့ စိတ်လှုပ်ရှားစွာပြော၏။သူသည် ချက်ချင်းပင် အဝတ်အစားများ ထုပ်ပိုးလိုက်ရာ လီကျန့်ယီမှာ ကြောင်တောင်တောင် ဖြစ်သွားရတော့သည်။လူကြီးတွေကအတူတူပဲ၊ကလေးတွေကသာ တာဝန်ထမ်းဆောင်နိုင်သည့် အရွယ်ရောက်သည်နှင့် တာဝန်တွေကို လွှဲပြောင်းပေးချင်ကြသည်ဟု လီကျန့်ယီက တွေးနေမိတော့သည်။
"ဆရာ... ဖြည်းဖြည်းလုပ်ပါဦး" လီကျန့်ယီက ခေါင်းခါ၍ ပြုံးလိုက်မိ၏။သူ၏ ဆရာက ဘယ်ကတည်းက အပြင်သွားချင်နေမှန်းမသိပေ။
"စိတ်မပူပါနဲ့ ငါ့တပည့်ကောင်းလေး၊ ငါ လအနည်းငယ်လောက် ခရီးထွက်ပြီးရင် မင်းနေရာကို ပြန်လာဆက်ခံပေးပါ့မယ်"
"ဆရာနဲ့ တပည့် အလှည့်ကျ တာဝန်ယူကြတာပေါ့" လီဆူးဝမ်က အထုပ်အပိုးများကို သယ်ဆောင်ရင်း ပြုံးရယ်ကာ ပြောလိုက်၏။သူ၏ အပြုံးမှာ တောက်ပလွန်းလှကာ သူအလွန်ပျော်ရွှင်နေမှန်းသိသာစေသည်။
"ဟုတ်ပါပြီဆရာ အချိန်ကောင်းတွေပိုင်ဆိုင်နိုင်ပါစေဆရာ " လီကျန့်ယီက ခေါင်းညိတ်လိုက်ပြီး မြင်းစီးကာ ကျင့်ကြံသူလောကသို့ ထွက်ခွာသွားသည့် ဆရာဖြစ်သူကို လိုက်ကြည့်နေမိသည်။ဆရာဖြစ်သူက မြင်းကွင်းကနေ ပျောက်ကွယ်သွားသည့်အထိကြည့်ပြီးနောက် သူသည် ဗိမာန်သခင် အုပ်ချုပ်ရေးကိစ္စများ ဆောင်ရွက်ရာ "ဓားဆွေးနွေးပွဲ ခန်းမ" ဆီသို့ သွားလိုက်သည်။ သူသည် ယခင်ကလည်း ထိုနေရာတွင် အမှု့ကိစ္စများ ကိုင်တွယ်ခဲ့ဖူးသဖြင့် အရာအားလုံးက ရင်းနှီးနေသောကြောင့် လီဆူးဝမ်က စိတ်ချနေခြင်းဖြစ်သည်။
လီကျန့်ယီသည် ခန်းမတံခါးကို တွန်းဖွင့်လိုက်ပြီး စာရင်းဇယားများ စုပုံနေသော စားပွဲတွင် ပေါ့ပေါ့ပါးပါး ပင်ထိုင်ချလိုက်သည်။ ဓားနှလုံးဂူဗိမာန်၏ အမှု့ကိစ္စများမှာ ဧကရာဇ်တွေနှင့် မတူပေ။ ဧကရာဇ်က နယ်ပယ်အသီးသီးမှ အမတ်များ၏ အစီရင်ခံစာများကို ကိုင်တွယ်ရသော်လည်း ဓားနှလုံးဂူဗိမာန်မှာမူ ဝင်ငွေ၊ ထွက်ငွေ စာရင်းများနှင့် တပည့်များ၏ ကျင့်ကြံခြင်းဆိုင်ရာ ပြဿနာများကိုသာ ဖြေရှင်းရခြင်း ဖြစ်၏။
ဓားနှလုံးဂူဗိမာန်တွင် ကိုယ်ပိုင် ထောက်လှမ်းရေးအဖွဲ့လည်း ရှိပေသည်။ ၎င်းမှာ ရွှေလမြို့တော်၏ ပင့်ကူအိမ်အဖွဲ့ သို့မဟုတ် ပိုင်ရှောင်တန်တို့လောက် မကောင်းသော်လည်း ကျင့်ကြံသူလောကရှိ အခြားအင်အားစုများ၏ သတင်းအချက်အလက်များကိုမူ မှီအောင် လိုက်နိုင်ပါသေးသည်။သို့ပေမဲ့ အတွင်းကျသည့် သတင်းများကိုမူ မလိုက်နိုင်ကြပေ။
"ထောက်လှမ်းရေး အဖွဲ့လား...နောက်ကျရင် ဂိုဏ်းချုပ်ကျီဆီက လူအချို့ကို လှည့်စားပြီး သိမ်းသွင်းရမယ်၊ အဲ့တာ မှ သတင်းအချက်အလက် အတိအကျနဲ့ သူများထက် အရင်ဦးစွာသိရမှာ" လီကျန့်ယီသည် ပိုင်ရှောင်တန်ထံမှ လူများကို မည်သို့ ဖြားယောင်းရမည်ကို စဉ်းစားပြီး အကြံးထုတ်နေသည်။
"ကဲ... ထောက်လှမ်းရေး ပြဿနာကတော့ ပြေလည်သွားပြီ၊ အခုတော့ တပည့်တွေရဲ့ ကျင့်ကြံမှု့ကို စစ်ဆေးရမယ်" လီကျန့်ယီက တိုးတိုးလေး ရေရွတ်လိုက်သည်။ဂူဗိမာန်ရှိ တပည့်များသည် သိုင်းပညာသင် တပည့်နှင့် ဓားသွန်းလုပ်သည့် တပည့်ဟူ၍ နှစ်မျိုး ခွဲခြားထား၏။ ထို့ကြောင့် သူသည် သိုင်းပညာသင် တပည့်များ၏ မေးခွန်းအားလုံးကို အလွယ်တကူ ဖြေကြားပေးနိုင်ခဲ့သည်။ သို့သော် ဓားသွန်းလုပ်သည့် ကိစ္စနှင့် ပတ်သက်လာလျှင်မူ သူကိုယ်တိုင်လည်း သေချာမသိသဖြင့် အသေအချာ စဉ်းစားပြီးမှသာ သတိထား၍ ဖြေကြားပေးလိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက် လီကျန့်ယီသည် ဓားသွန်းလုပ်သည့် တပည့်များ၏ ပြဿနာကို နောက်ဆုံးတွင် ဖြေရှင်းပေးနိုင်ခဲ့သည်။ ယခုမူ ဓားနှလုံးဂူဗိမာန်၏ ဝင်ငွေထွက်ငွေ စာရင်းများကိုသာ ကိုင်တွယ်ရန် ကျန်တော့သည်။
မူလက ဝူဆောင်မြို့တော်တွင် ဓားအသုံးပြုသူ အလွန်များပြားသော်လည်း ချင်းကျိူးက ကိစ္စကြောင့် ဝူဆောင်မြို့တော်သည် ဂူဗိမာန်မှ ဓားဝယ်ယူမှု့ကို ရပ်ဆိုင်းခဲ့သဖြင့် ဓားအချို့ ပိုလျှံနေခဲ့၏။
သို့သော် ကံကောင်းထောက်မစွာဖြင့် လီကျန့်ယီသည် နန်းတွင်းစောင့်တပ်၏ ထိပ်တန်းပညာရှင် မိန်းမစိုး ကျို့ရှင်းကို သူ တစ်ဦးတည်း သတ်ဖြတ်နိုင်ခဲ့သည့် သတင်းက ကျင့်ကြံသူ လောကသို့ ပျံ့နှံ့သွားပြီးနောက် အင်အားစုကြီးများက ဂူဗိမာန်ကို မျက်နှာသာပေးသည့်အနေဖြင့် ဓားများကို အပြိုင်အဆိုင် မှာယူခဲ့ကြလေသည်။
လက်ရှိတွင် ချင်းချန်တောင်သည် ဓားနှလုံးဂူဗိမာန်မှ ဓားများကို အများဆုံး မှာယူထားသည်။လီကျန့်ယီသည် ချင်းချန်တောင်မှ နှစ်စဉ် ဓားအလက်ပေါင်း (၁၀,၀၀၀) မှာယူသည့် စာရင်းကို မြင်သောအခါ ကြောင်တောင်တောင် ဖြစ်သွား၏။
"ဒါက ဝမ်သခင် ပြောသလိုပဲ... ငါ လီကျန့်ယီက ဝမ်သခင်နဲ့ ရေစက်တကယ်ရှိနေတယ်ဆိုတာ သက်သေပြနေတာလား" လီကျန့်ယီမှာ အနည်းငယ် ပြောစရာ စကားမဲ့သွား တော့သည်။သို့သော် ချင်းချန်တောင်မှာ ဓားနှလုံးဂူဗိမာန်၏ အကြီးဆုံး ဝယ်ယူသူဖြစ်ကြောင်း တွေးမိသောအခါ သူ စိတ်လျှော့လိုက်ပြီး ပြော၏။
"တကယ်ပါပဲ... ငါ လီကျန့်ယီက တာအိုဆရာ ဝမ်နဲ့ တွေ့ဆုံဖို့ ကံပါလာတာပဲ"
လီကျန့်ယီသည် ဝမ်ရိရှင်းနှင့် ကံစပ်မှု့ ရှိနေသည်ဟု တွေးနေစဉ်မှာပင် ဂူဗိမာန်၏ တပည့်မလေး ရှောင်လန်သည် အပြေးအလွှား ရောက်ရှိလာပြီး သတင်းပို့သည်။ "သခင်လေး... ချင်းချန်တောင်ကို ပို့မဲ့ဓားတွေက ကြားဖြတ် လုယက်ခံရပါတယ်၊ ဓားကို လိုက်ပါပို့ဆာင်တဲ့ အစောင့်အရှာက်အဖွဲ့အားလုံးလည်း သေကုန်ကြပြီ"