← Chapters

နှစ်သစ်ကူးချိန်

Vol. 12 Ch. 117

နှစ်သစ်ကူးချိန်

Vol. 12 Ch. 117

ငါးရက်ကြာပြီးနောက်။

လီကျန့်ယီသည် ဓားဆွေးနွေးရာဆောင်၏ နေ့စဉ်လုပ်ငန်း ဆောင်တာများကို ကိုင်တွယ်ဖြေရှင်းပြီးချိန်မှာပင် လီဟန်ယီနှင့် လီဆူးဝမ်တို့သည် ရွှေလမြို့တော်မှ ဓားနှလုံးဂူဗိမာန်သို့ ပြန်လည်ရောက်ရှိလာကြသည်။ နှစ်သစ်ကူးရန် တစ်ရက်သာ လိုတော့သဖြင့် သူတို့သည် တစ်ရက်စော၍ ပြန်လာကြခြင်း ဖြစ်၏။

သူတို့နှစ်ဦးသာမက လီရှင်းယွဲ့သည်လည်း သူမ၏ တစ်နှစ်သားအရွယ် သားငယ်လေး ရှောင်ကျဲနှင့်အတူ ဓားနှလုံးဂူဗိမာန်သို့ ပြန်လာ‌သည်။ ထို့ပြင် သူတို့အားလုံးသည် ဓားနှလုံးဂူဗိမာန်၏ အပြင်ဘက်တွင် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ကြသည်။ လီဟန်ယီတို့ ပြန်လာမည့်အချိန်ကို လီရှင်းယွဲ့က ကျီရူဖန်ထံမှ ကြိုတင်စုံစမ်းထားခြင်းကြောင့် အချိန်ကိုက် ဆုံတွေ့နိုင်ခဲ့ခြင်းပင် ဖြစ်တော့သည်။

"ရှောင်ကျဲ... အစ်မကြီးကို ဖက်ခွင့်ပေးပါဦး"

လီဟန်ယီသည် လီရှင်းယွဲ့၏ ရင်ခွင်ထဲရှိ တစ်နှစ်သားအရွယ် ကလေးငယ်လေးကို မစနောက်ဘဲ မနေနိုင်ခဲ့ပေ။ အစ်မဖြစ်သူကို မတွေ့ရသည်မှာ ကြာပြီဖြစ်သော ရှောင်ကျဲမှာမူ အနည်းငယ် ရှက်နေပုံရ၏။

လီဟန်ယီက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ သူသည် မျက်လုံးဝိုင်းကြီးများဖြင့် ပုတ်ခတ်ပုတ်ခတ် လုပ်နေပြီးနောက် လီရှင်းယွဲ့၏ ရင်ခွင်ထဲသို့ တိုးဝင်သွားတော့သည်။

"ရှောင်ကျဲ... ဒါ မင်းရဲ့ အစ်မလေ၊ ဘာလို့ ကြောက်နေတာလဲ" လီရှင်းယွဲ့က ခေါင်းခါယမ်းကာ ပြုံးလျက် ပြောလိုက်သည်။

"မေမေ... အစ်မကို မယိုချင်ဘူး၊ မေမေ့ကိုပဲ ယိုချင်တာ" တစ်နှစ်ကျော်အရွယ် ရှောင်ကျဲလေးမှာ စကားကို ပီပီသသ မပြောနိုင်သေးပေ။ကလေးငယ်လေးမှာ တစ်နှစ်သားသာ ရှိသေးသဖြင့် စကားပြော မပီသခြင်းမှာ သဘာဝပင် ဖြစ်သည်။

"ရှောင်ကျဲ၊ အစ်မကို မတွေ့တာ လအနည်းငယ်ပဲ ရှိသေးတာကို မေ့သွားပြီလား"

လီဟန်ယီသည် ရှောင်ကျဲကို လီရှင်းယွဲ့၏ ရင်ခွင်ထဲမှ ဇွတ်အတင်း ဆွဲယူလိုက်သည်။ ထို့နောက် သူမသည် လှပသော မျက်ဝန်းများကို မှေးကာ ရှောင်ကျဲကို စိုက်ကြည့်နေတော့သည်။ ရှောင်ကျဲလေးမှာ လီဟန်ယီက သူကို ဆူတော့မည်ဟု ထင်ကာ ငိုယိုလေတော့သည်။

"ရှောင်ကျဲ... မငိုနဲ့လေ"

"ဟွန်း...အစ်မက မင်းကိုအရမ်းချစ်တာ"

သူမ၏ မောင်ငယ်လေးမှာ သူမကို မကပ်မှန်းသိသွားသောအခါ လီဟန်ယီသည် ရှောင်ကျဲကို လီရှင်းယွဲ့ထံ ပြန်ပေးလိုက်၏။ ထို့နောက် စားစရာများပါသော အိတ်ကြီးကို သယ်ဆောင်ကာ ဂူဗိမာန်အတွင်းသို့ ပျော်ရွှင်စွာ ဝင်သွားသည်။ သူမသည် လီကျန့်ယီအတွက် အရသာရှိသော စားစရာများ ပေးပို့ရန် သွားခြင်းပင် ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် လီကျန့်ယီသည် လီဆူးဝမ်တို့ ပြန်ရောက်လာသည့် သတင်းကို ရရချင်း သူတို့ကို ကြိုဆိုရန် ပြင်ဆင်လိုက်သည်။ မမျှော်လင့်ဘဲ သူသည် ဆန့်ကျင်ဘက်အရပ်မှ လာနေသော လီဟန်ယီနှင့် တိုက်မိသွားတော့သည်။

"အား..."

လီဟန်ယီသည် ဓားဆွေးနွေးရာဆောင်မှ ထွက်လာသော လီကျန့်ယီ၏ ရင်ဘတ်နှင့် ခေါင်းတိုက်မိသွားသဖြင့် အနည်းငယ် စိတ်မကောင်းဖြစ်ဟန်ဖြင့် "ယီယီ... နင့်ရင်ဘတ်က ဘာလို့ ဒီလောက်တောင် မာနေရတာလဲ၊ နာလိုက်တာ" ဟု ပြောသည်။

"မာနေမှာပေါ့... ပျော့နေရမှာလား" လီကျန့်ယီက လီဟန်ယီ၏ ခေါင်းကို သူ၏လက်ဖြင့် အသာအယာ ပွတ်ပေးလိုက်၏။

"ပျော့ရမှာပေါ့၊ ငါက ပျော့..."

လီဟန်ယီသည် သတိလက်လွတ် ပြန်ဖြေမိသွားသော်လည်း စကားတစ်ဝက်တွင် ယောင်္ကျားနှင့် မိန်းမကြား ထိတွေ့မှုမှာ မသင့်လျော်ကြောင်း ရုတ်တရက် သတိရသွားကာ ပါးစပ်ပြန်ပိတ်လိုက်သည်။ လီကျန့်ယီကို ကြည့်လိုက်သောအခါ သူမ၏ လှပသော မျက်နှာလေးမှာ နီမြန်းနေသဖြင့် သူ့ကို မကြည့်ရဲဘဲ ဖြစ်နေတော့သည်။

"ဟန်ယီ... ဘာက ပျော့နေတာလဲ၊ ငါ့ကို ပြပါဦး" လီကျန့်ယီက ဘာမှမသိသလို ဟန်ဆောင်ကာ ကြည်လင်သော မျက်ဝန်းများဖြင့် လီဟန်ယီကို ကြည့်လိုက်သည်။

"ဘာ... ဘာမှမဟုတ်ဘူး" လီဟန်ယီ၏ မျက်နှာလေးမှာ ပို၍ပင် နီမြန်းလာတော့သည်။

သူမသည် လီကျန့်ယီကို တွန်းထုတ်လိုက်ပြီး စားစရာအိတ်ကြီးကို ကမ်းပေးကာ "ရော့... ဒါတွေက နင် အတွက် ဝယ်လာတဲ့ မုန့်တွေ" ဟု ပြောလိုက်၏။

"ကျေးဇူးပါ ဟန်ယီ" လီကျန့်ယီက ပြုံးကာ "ဒါနဲ့ ဟန်ယီ... ဘာက ပျော့နေတာလဲဆိုတာ ငါ့ကို ပြောပါဦး" ဟု ထပ်မံ စနောက်လိုက် သေးသည်။

"ဘာမှမဟုတ်ဘူးလို့ ပြောနေတာကို" မိန်းကလေးငယ် လီဟန်ယီသည် လီကျန့်ယီကို မျက်စောင်းထိုးကာ ရှက်ကိုးရှက်ကန်းဖြင့် အမြန်ထွက်ပြေးသွားတော့သည်။ လီကျန့်ယီက ဤကိစ္စကို ဆက်လက်မေးမြန်းနေမည်ကို သူမ အမှန်ပင် ကြောက်ရွံ့နေမိပေသည်။

ဂူဗိမာန်အတွင်းသို့ ရောက်သောအခါ လီရှင်းယွဲ့သည် ရှောင်ကျဲကို ပွေ့ချီကာ လီဆူးဝမ်နှင့်အတူ ထိုင်နေသည်။ လီဟန်ယီ၏ မျက်နှာမှာ နှင်းဆီပန်းကဲ့သို့ နီမြန်းနေသည်ကို မြင်သောအခါ လီရှင်းယွဲ့က ခေါင်းခါယမ်းကာ "ဟန်ယီ... ယီယီဆီ သွားပြီးမှ ဘာလို့ မျက်နှာတွေ ဒီလောက်နီလာရတာလဲ" ဟု မေးလိုက်၏။

"မေမေ... ယီယီနဲ့ ကျွန်မ ဘာမှမလုပ်ပါဘူး၊ သူအတွက် စားစရာ သွားပေးတာပါ" လီဟန်ယီက အလောတကြီး ရှင်းပြပေသည်။

"အင်း... အဲဒါဆိုလည်း ပြီးတာပါပဲ" လီရှင်းယွဲ့က သက်ပြင်းချကာ ပြောလိုက်သည်။

"ဟုတ်" လီဟန်ယီက လိမ္မာစွာ ခေါင်းညိတ်လိုက်၏။

ထို့နောက် သူမသည် ဘာလုပ်ရမှန်း မသိသဖြင့် တစ်နှစ်သားအရွယ် ရှောင်ကျဲလေးကိုသာ အာရုံစိုက်နေတော့သည်။ ရှောင်ကျဲမှာ အစ်မဖြစ်သူ၏ အကြည့်ကို မြင်သည်နှင့် လီဟန်ယီက သူကို ထပ်ပြီး ပွေ့ချီမည်ကို ကြောက်ကာ လီရှင်းယွဲ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားလေသည်။

လီကျန့်ယီသည် လီဟန်ယီ ဝယ်လာသော အိတ်ထဲမှ မုန့်တစ်ဘူးကို ထုတ်ယူကာ စားလျက် ရှောင်ကျဲဆီသို့ လျှောက်လာပြီး သူက မုန့်ကို အလွန်အရသာရှိဟန်ဖြင့် စားပြနေသဖြင့် ရှောင်ကျဲလေးမှာ စားချင်သဖြင့် သွားရည်များပင်ကျနေသည်။

"ရှောင်ကျဲ စားချင်တယ်..." ရှောင်ကျဲလေးက ပါးစပ်လေးဟကာ လီကျန့်ယီကို ချစ်စဖွယ် ကြည့်နေသည်။

"ရှောင်ကျဲက မုန့်စားချင်တာလား၊ အဲ့ဒါဆို ငါ့ကို ဘယ်လိုခေါ်ရမလဲ" လီကျန့်ယီက မုန့်တစ်ဖဲ့ကို ထုတ်ကာ ရှောင်ကျဲရှေ့တွင် ယမ်းပြလိုက်၏။

လီကျန့်ယီ၏ ချောမောသော မျက်နှာကို ကြည့်ကာ ရှောင်ကျဲမှာ ဘာပြောရမှန်း မသိဖြစ်နေသည်။ သို့သော် မုန့်ကိုလည်း စားချင်နေသဖြင့် နောက်ဆုံးတွင် လီရှင်းယွဲ့ကို ကြည့်ကာ "မေမေ... မေမေ" ဟု အော်ခေါ်တော့သည်။

လီရှင်းယွဲ့က သားဖြစ်သူ၏ ဆိုလိုရင်းကို နားလည်သဖြင့် "ဒါက မင်းရဲ့ အစ်ကို ယီယီလေ။ ရှောင်ကျဲက အစ်ကိုလို့ ခေါ်ရမှာ" ဟု သင်ပေးလိုက်ပသည်။

"အဟစ်" ရှောင်ကျဲက အပြစ်ကင်းစင်စွာဖြင့် လွဲမှားစွာ ခေါ်လိုက်၏။

"အစ်ကိုလို့ ခေါ်၊ အဟစ် မဟုတ်ဘူး" လီရှင်းယွဲ့က ပြန်လည်ပြင်ပေးလိုက်သည်။

"အစ်ကို” ရှောင်ကျဲက ရယ်မောကာ လီကျန့်ယီကို မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်နေသည်။

"မဟုတ်ဘူးလေ" လီကျန့်ယီက မုန့်ကို ရှောင်ကျဲနှင့် ပိုဝေးရာသို့ ရွှေ့လိုက်၏။

"မေမေ... မေမေ"

ရှောင်ကျဲသည် သူစားရတော့မည့် မုန့်ကြီး ဝေးသွားသည်ကို မြင်ကာ ငိုမဲ့မဲ့မျက်နှာဖြင့် လီရှင်းယွဲ့ကို ကြည့်တော့သည်။ "မေမေ... သား အစ်ကိုလို့ ခေါ်လိုက်တာပဲကို ဘာလို့ မုန့်မပေးတာလဲ"ဟု ပြောနေသကဲ့သို့ပင်။

"အစ်ကိုလို့ ခေါ်တာ မမှန်လို့လား။ ဒါဆို ဆရာဦးလေးလို့ ခေါ်လိုက်လေ" လီရှင်းယွဲ့က ခဏစဉ်းစားပြီး ပြန်သင်ပေးလိုက်ပြန်သည်။

ထိုအခါ ရှောင်ကျဲက စိတ်လှုပ်ရှားစွာဖြင့် လီကျန့်ယီကို ကြည့်ကာ "ဆရာဦး... အစားစား" ဟု အော်လိုက်သည်။

"ဒါလည်း မဟုတ်သေးဘူး" လီကျန့်ယီက ခေါင်းခါယမ်းလိုက်ရာ သူ၏လက်ထဲရှိ မုန့်မှာ လီဟန်ယီ၏ လက်ထဲသို့ ရောက်သွားတော့သည်။ ထို့နောက် သူသည် လီဟန်ယီ၏ ဘေးတွင် မရှက်မကြောက် ရပ်လိုက်ပြီး "ရှောင်ကျဲ... မုန့်စားချင်ရင် ငါ့ကို ယောက်ဖ လို့ ခေါ်ရမယ်" ဟု သင်ပေးလိုက်၏။

"ယောက်ဖ" ရှောင်ကျဲက တွန့်ဆုတ်မနေဘဲ အော်ခေါ်လိုက်တော့သည်။

"အင်း... လိမ္မာတယ်"

လီကျန့်ယီသည် ကြောင်အမ်းအမ်း ဖြစ်နေသော လီဟန်ယီ၏ လက်ထဲမှ မုန့်ကို ယူကာ ရှောင်ကျဲ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ မုန့်ရသည်နှင့် ရှောင်ကျဲလေးမှာ အငမ်းမရ စားတော့သည်။ သူ၏ ပါးစပ်ဟလိုက်သောအခါ လီကျန့်ယီသည် ထိုကလေးတွင် သွားအကုန် မပေါက်သေးသည်ကို တွေ့လိုက်ရ၏။

ရှောင်ကျဲ မုန့်စားနေပုံမှာ ရှဉ့်ကလေးတစ်ကောင်နှင့် တူနေသည်။ ၎င်းကို မြင်သောအခါ လီကျန့်ယီက ရယ်မောကာ ကြောင်နေသော လီဟန်ယီကို ပုတ်လိုက်ပြီး "ဟန်ယီ... ရှောင်ကျဲကို ကြည့်ပါဦး၊ ရှဉ့်ကလေးနဲ့ မတူဘူးလား" ဟု မေးလိုက်သည်။

"တူ... တူတယ်"

လီဟန်ယီသည် ရှောင်ကျဲကို တစ်ချက်ကြည့်ကာ မျက်နှာနီမြန်းလျက် ခေါင်းညိတ်လိုက်သည်။ ယခုအချိန်အထိ သူမသည် လီကျန့်ယီက ရှောင်ကျဲအား '‌ ယောက်ဖ ' ဟု ခေါ်ခိုင်းလိုက်သည့် စကားထဲတွင်သာ နစ်မြောနေမိတော့သည်။ လီဟန်ယီသာမက လီရှင်းယွဲ့သည်လည်း လီကျန့်ယီကို ကြောင်ကြည့်နေမိသည်။

'ကောင်းပြီလေ... ငါ့သားက မင်းကို အစ်ကိုလို့ ခေါ်တာက ထားပါတော့၊ ဆရာဦးလေးလို့ ခေါ်တာကိုတောင် မင်းက မကျေနပ်ဘူးလား'

'‌ ယောက်ဖလို့တောင် ခေါ်ခိုင်းလိုက်တယ်ပေါ့’

'မင်းကတော့ တကယ့်လူပဲ'

'အကယ်၍ မင်းသာ ငါ့ရဲ့ ဟန်ယီကို စိတ်ပျက်အောင် လုပ်ရင်တော့ ငါ့ရဲ့ နှလုံးသားဓားနဲ့ မင်းကို ပညာပေးရလိမ့်မယ်' ဟု လီရှင်းယွဲ့က စိတ်ထဲမှ တွေးတောနေမိတော့သည်။

All Chapters