← Chapters

ဟီးဟီး

Vol. 12 Ch. 118

ဟီးဟီး

Vol. 12 Ch. 118

"ယီယီ... မင်း ရှောင်ကျဲကို 'ယောက်ဖ' လို့ ခေါ်ခိုင်းထားတာကို တာဝန်ယူရမယ်နော်"

လီရှင်းယွဲ့က ယောက္ခမတစ်ယောက်၏ အကြည့်မျိုးဖြင့် လီကျန့်ယီကို ကြည့်ကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ အမေ၊ ကျွန်တော် ရှောင်ကျဲအတွက် တာဝန်ယူမှာပါ" ဟု လီကျန့်ယီက ခေါင်းတညိတ်ညိတ်ဖြင့် ပြန်ဖြေသည်။

လီဟန်ယီ "..." ဟုသာ ရေငုံနေမိတော့၏။တစ်ခုခုတော့ မှားနေပြီဟု သူမ ခံစားနေရသည်။ သူတို့က ငါ့ကို တာဝန်ယူရမှာ မဟုတ်ဘူးလား။ဘာလို့ ရှောင်ကျဲကိုလဲ။

"ဟန်ယီနဲ့တောင် လက်မထပ်ရသေးဘူး၊ အမေကတော့ အော်နေပြီ ဘယ်မှာလည်းမင်းရဲ့ အရှက်" ဟု လီရှင်းယွဲ့က သက်ပြင်းချရင်း ပြောသည်။သူမအနေဖြင့် လီကျန့်ယီ ထိုသို့ခေါ်ဆိုနေခြင်းကို ပြင်းပြင်းထန်ထန် တားဆီးနိုင်သော်လည်း သူမ၏ သမီးဖြစ်သူကပင် တစ်ဖက်လူထံ စိတ်ပါလက်ပါ ပေးအပ်ထားပြီးသား ဖြစ်နေသည်။ အကယ်၍ သူမကသာ တားဆီးလိုက်၍ သမီးဖြစ်သူ၏ ခင်ပွန်းလောင်း ထွက်ပြေးသွားပါက သူမသာ အပြစ်တင်ခံရမည် မဟုတ်ပါလား။

အမှန်အတိုင်း ပြောရလျှင် သူမ၏ သမီးဖြစ်သူကသာ လီကျန့်ယီအပေါ် မေတ္တာရှိမနေပါက အခြားသူ တစ်ယောက်ကသာ သူမအား "အမေ" ဟု လာခေါ်လျှင် လီရှင်းယွဲ့သည် ထိုသူအား အမိဝမ်းထဲ ပြန်ရောက်သွားအောင် ဆုံးမပေလိမ့်မည်။

"အမေက မျက်နှာကို ပြောနေတာလား၊ ဟန်ယီနဲ့ ယှဉ်ရင် မျက်နှာဆိုတာ ဘာမှမဟုတ်ပါဘူး" ဟု လီကျန့်ယီက ရယ်မောရင်း ပြောလိုက်၏။

"ဖူး..."

"မင်းကတော့ တော်တော် အရှက်မရှိတာပဲလား" လီရှင်းယွဲ့က လီကျန့်ယီကို မျက်စောင်းထိုးကာ ပြုံးလျက် ပြောသည်။ လီကျန့်ယီအတွက် သူမသည် အလွန်အရေးပါကြောင်း ကြားရသည့်အခါ လီဟန်ယီသည် သူမ၏ နှုတ်ခမ်းနီနီလေးကို ဖိကိုက်ထားရင်း ကြည်နူးစွာ ရပ်ကြည့်လိုက်သည်။

"အနမ်းတစ်ပွင့်လောက် ပေးမလား"

လီဟန်ယီ၏ ကြည်လင်ပြီး ပျော်ရွှင်နေသော မျက်ဝန်းများကို ကြည့်ကာ လီကျန့်ယီက စနောက်လိုက်သည်။

"အိပ်မက်မက်နေလိုက်" ဟု လီဟန်ယီက နှာခေါင်းရှုံ့ကာ ပြန်ပြော၏။

"ကောင်းပြီလေ၊ ဒါဆိုလည်း မနမ်းခိုင်းတော့ဘူး၊ ငါ ရှောင်ကျဲနဲ့ပဲ သွားဆော့တော့မယ်"

လီကျန့်ယီသည် လီရှင်းယွဲ့၏ ရင်ခွင်ထဲမှ ကလေးငယ်ကို ချီရန် လက်ကမ်းလိုက်‌သည်၊၊ ကလေးငယ်မှာ ကိတ်မုန့်များကို စားထားသဖြင့် ပါးစပ်တွင် မုန့်ဖတ်များ ပေကျံနေလေသည်။

လီကျန့်ယီက သူ့ကို ချီရန် ကြိုးစားနေသည်ကို မြင်သောအခါ ကလေးငယ်သည် အမေမှလွဲ၍ ဘယ်သူဆီမှ မသွားချင်သကဲ့သို့ လီရှင်းယွဲ့ကိုသာ တင်းကျပ်စွာ ဖက်ထားတော့သည်။ လီကျန့်ယီက ထိုအခြေအနေကို ရိုးရှင်းစွာပင် ကိုင်တွယ်လိုက်၏။

"ရှောင်ကျဲ..ကိတ်မုန့် စားချင်သေးလား၊ ယောက်ဖရဲ့ အခန်းထဲမှာ သကြားလုံးတွေ အများကြီး ရှိသေးတယ်နော်၊ ယောက်ဖ ချီတာကို မလိုချင်ဘူးဆိုတာ သေချာလား" ဟု လီကျန့်ယီက ကျန်ရှိနေသော မုန့်ဗူးကို ရှောင်ကျဲရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။

ရှောင်ကျဲ၏ မျက်လုံးဝိုင်းကြီးများသည် လှုပ်ရှားနေသော မုန့်ဗူးနောက်သို့ ပါသွားပြီး ဖောင်းအိနေသော ပါးလေးများကြားမှ သွားရည်များပင် စီးကျတော့သည်။

"ယောက်ဖ"

ရှောင်ကျဲသည် ရုတ်တရက် လီရှင်းယွဲ့ကို လွှတ်လိုက်ပြီး လီကျန့်ယီ ချီနိုင်ရန် လက်ကလေးနှစ်ဖက်ကို ဆန့်တန်းပေးသည်။

"ရှောင်ကျဲက တကယ့် လိမ္မာတဲ့ ကလေးလေးပဲ"

လီကျန့်ယီသည် ရှောင်ကျဲကို အောင်မြင်စွာ ချီလိုက်ပြီးနောက် သူ၏ တင်ပါးလေးကို "ဖြန်း" ကနဲ ရိုက်ကာ ရယ်မောလိုက်၏။ "ရှောင်ကျဲ... မင်းက တကယ့် အစားကြူးတဲ့ကောင်လေးပဲ၊ ငါ့ရဲ့ ငယ်ငယ်တုန်းက ပုံစံအတိုင်းပဲ"

"ယောက်ဖ"

ရှောင်ကျဲသည် သူ၏ လက်ညှိုးလေးဖြင့် မုန့်ဗူးကို ညွှန်ပြကာ လီကျန့်ယီကို သနားစဖွယ် ကြည့်နေလေသည်။

"အေးပါ... အေးပါ။ ရှောင်ကျဲကို မုန့်ကျွေးပါ့မယ်" လီကျန့်ယီသည် ထိုကဲ့သို့ ချစ်စဖွယ် မျက်လုံးလေးများကို မလွန်ဆန်နိုင်ဘဲ မုန့်တစ်ဖဲ့ကို ရှောင်ကျဲလက်ထဲ ထည့်ပေးလိုက်သည်။

မကြာမီမှာပင် ရှောင်ကျဲသည် "မြုံ့မြုံ့" ဟု အသံမြည်အောင် စားနေတော့၏။ ၎င်းကို မြင်သောအခါမှ လီဟန်ယီသည် သူမ၏ ရိုးအသော မောင်ငယ်လေးကို မည်သို့ ကိုင်တွယ်ရမည်ကို နားလည်သွားတော့သည်။

......

တစ်ရက် ကြာပြီးနောက်။

နှစ်သစ်ကူး ရောက်ရှိလာပြီဖြစ်၍ ဓားနှလုံးဂူဗိမာန် အပြင်ဘက်တွင် ဗျောက်အိုးဖောက်သံများမှာ အဆက်မပြတ် ဆူညံနေသည်။ ဓားနှလုံးဂူဗိမာန်ရှိ တပည့်များလည်း ရှားရှားပါးပါး အနားယူခွင့်ရကာ ပျော်ရွှင်နေကြ၏။

လီကျန့်ယီမှာမူ ရုပ်ပြစာအုပ်များကို အချိန်အတော်ကြာ အကဲဖြတ်ပြီးနောက် ကုတင်ပေါ်မှ ဆင်းလာခဲ့သည်။ ထိုအချိန်တွင် လီဟန်ယီသည် သူတံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမသည် မူလက လီကျန့်ယီကို မနက်စာ စားရန် လာခေါ်ခြင်း ဖြစ်၏။သို့သော် တံခါးဖွင့်လိုက်သည်နှင့် ကုတင်ဘေး စားပွဲပေါ်တွင် တင်ထားသော ရုပ်ပြစာအုပ် နှစ်အုပ်ကို သူမ မြင်သွားသည်။

"ယီယီ... မင်း ဘယ်တုန်းက စာဖတ်တဲ့ အကျင့် ရသွားတာလဲ"

လီဟန်ယီသည် သဘာဝအတိုင်း လီကျန့်ယီ၏ ကုတင်ဘေးသို့ လျှောက်သွား၏။ သူမသည် လီကျန့်ယီ ဘာစာအုပ် ဖတ်နေသလဲဟု ကြည့်ရန် စာအုပ်ကို လှမ်းယူမည်အလုပ်တွင်၊ အဝတ်အစားလဲပြီးသား ဖြစ်နေသော လီကျန့်ယီက သူမကို အပေါ်မှ အုပ်မိုးကာ ကုတင်ပေါ်သို့ တွန်းချလိုက်သည်။

"ဟန်ယီ... စာအုပ်က အရေးမကြီးပါဘူး၊ မင်း ငါ့အခန်းထဲကို တစ်ယောက်တည်းလာတာ ဘယ်လောက်တောင် အန္တရာယ်ရှိလဲဆိုတာ သိရဲ့လား"

လီကျန့်ယီသည် လီဟန်ယီ၏ လှပသော မျက်လုံးများကို မရိုးသားသော အကြည့်ဖြင့် ကြည့်ကာ၊ သူမ၏ ပိုမိုဆွဲဆောင်မှု့ရှိလာသော ကိုယ်လုံးလေးကို အသေအချာ ကြည့်နေသဖြင့် လီဟန်ယီမှာ ရှက်သွေးဖြာသွားရရှာသည်။

"ယ... ယ... ယီယီ၊ မင်း ဘာလုပ်ချင်တာလဲ၊ မဆင်မခြင် ဘာမှမလုပ်နဲ့နော်၊ မဟုတ်ရင် အမေ့ကို သွားတိုင်မှာ" ဟု လီဟန်ယီက ရှက်ကိုးရှက်ကန်းဖြင့် လီကျန့်ယီကို တွန်းထုတ်ရန် ကြိုးစားလိုက်သည်။

လီကျန့်ယီကမူ လီဟန်ယီ၏ နီမြန်းနေသော ပါးလေးကို ပို၍ ဆွဲညှစ်လိုက်ပြီး "အရမ်းအိတာပဲ၊ ရှောင်ကျဲရဲ့ ပါးလေးအတိုင်းပဲ" ဟု မှတ်ချက်ပေးသည်။

"မဟုတ်သေးဘူး၊ ရှောင်ကျဲက နုရုံပဲရှိတာ၊ ဟန်ယီ... မင်းကတော့ အိလည်းအိတယ်၊ နုလည်းနုတယ်"

"ဘာတွေ အိတာ နုတာလဲ၊ ဖယ်စမ်း"

လီဟန်ယီသည် ထိုသို့ စနောက်ခံရသည်ကို မခံနိုင်တော့ဘဲ အားကုန်သုံးကာ လီကျန့်ယီကို တွန်းဖယ်လိုက်ပြီး အခန်းပြင်သို့ ပျာပျာသလဲ ထွက်ပြေးသွားတော့သည်။

ထိုသို့ကို မြင်မှသာ လီကျန့်ယီသည် သက်ပြင်းအေးအေး ချနိုင်တော့၏။ သူသည် စားပွဲပေါ်ရှိ ရုပ်ပြစာအုပ် နှစ်အုပ်ကို လီဟန်ယီ နောက်တစ်ကြိမ် မတွေ့နိုင်စေရန် လူမမြင်သော နေရာတွင် ဝှက်ထားလိုက်သည်။

ဒါက သူ့ရဲ့ လျှို့ဝှက်ချက်ပဲ။အော်... မဟုတ်ပါဘူး။ ဒါတွေက သူသိမ်းဆည်းထားတဲ့ မကောင်းတဲ့ အရာတွေဖြစ်သည်။

အခန်းကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးနောက် လီကျန့်ယီသည် နှစ်သစ်ကူး ဝတ်စုံအသစ်ကို ဝတ်ကာ အပြင်သို့ ထွက်လာတော့သည်။ လီဟန်ယီသည်လည်း ဝတ်စုံအသစ် ဝတ်ထားသည်၊ အပြာနုရောင် ဂါဝန်လေးဖြစ်သည်ဟု သူသတိထားမိသည်။ ဒါက မြင်တွေ့နေကျ လီဟန်ယီနှင့် အနည်းငယ် ကွဲပြားနေသည်။

သူမသည် ကျင့်ကြံသူ ဝတ်စုံများအစား သူမနှင့် လိုက်ဖက်သော ဂါဝန်လေးကို လဲဝတ်ထားသောကြောင့် စောစောကသူ ထိုကဲ့သို့ စိတ်ကူးပေါက်သွားခြင်း ဖြစ်မည်ဟု သူ တွေးနေမိသည်။

......

ဓားနှလုံးဂူဗိမာန်၏ ရင်ပြင်တွင် ဗျောက်အိုးသံများမှာ ဆက်တိုက် ထွက်ပေါ်နေပြီး တပည့်များမှာလည်း အလွန်ပင် စည်းလုံးပျော်ရွှင်နေကြ၏။ မိသားစုရှိသော တပည့်အချို့မှာ အိမ်ပြန်ကြသော်လည်း အများစုမှာ မိဘမဲ့များ ဖြစ်ကြသဖြင့် ဤနေရာတွင်ပင် နှစ်သစ်ကူးကို ဆင်နွှဲကြသည်။

လီကျန့်ယီ ရောက်လာသည်ကို မြင်သောအခါ သူတို့အားလုံးက ရိုသေစွာဖြင့် "နှစ်သစ်မှာ ပျော်ရွှင်ပါစေ သခင်လေး" ဟု နှုတ်ဆက်ကြလေသည်။

"အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ" ဟု လီကျန့်ယီက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူသည် လက်နှစ်ဖက်နှင့် အိတ်ကပ်ထဲတွင် သကြားလုံးများ အပြည့်ထည့်ထားသော ရှောင်ကျဲကို ကြည့်လိုက်သည်။

"ရှောင်ကျဲ... မင်းက ဘာလို့ သူဌေးနတ်မင်းကြီးနဲ့ တူနေတာလဲ၊ တခြား နတ်မင်းတွေက ရွှေတုံးတွေနဲ့ ပြည့်နေတာ၊ မင်းကတော့ သကြားလုံးတွေနဲ့ ပြည့်နေတာပဲလား" ဟု ဆိုကာ လီကျန့်ယီက ကလေးငယ်၏ ပါးလေးကို ညစ်လိုက်ပြန်သည်။

"ယောက်ဖ ..ယောက်ဖ သကြားလုံး စားပါဦး" ဟု ရှောင်ကျဲက အူကြောင်ကြောင်ဖြင့် အိတ်ကပ်ထဲမှ သကြားလုံးတစ်လုံးကို ထုတ်ကာ လီကျန့်ယီကို ပေးသည်။

"မဆိုးဘူး၊ မင်းမှာ အသိစိတ် ရှိသားပဲ" လီကျန့်ယီသည် သကြားလုံးကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။

ထို့နောက် သူက "မင်းအစ်မ ဘယ်မှာလဲ" ဟု မေးလိုက်၏။

ရှောင်ကျဲသည် မျှော်စင် ရှိရာဘက်သို့ အူကြောင်ကြောင်ဖြင့် လက်ညှိုးထိုးပြသည်။

လီဟန်ယီ ရှိသည့်နေရာကို သိသွားပြီးနောက် လီကျန့်ယီသည် လူယုတ်မာ တစ်ယောက်ကဲ့သို့ ပြုံးလိုက်၏။ ရှောင်ကျဲမှာမူ ကြောင်အမ်းအမ်းဖြင့် ရပ်ကျန်ခဲ့ပြီး ထို့နောက် လီကျန့်ယီ၏ ရယ်သံကဲ့သို့ အတုခိုးကာ"ဟီးဟီး..." ဟု လိုက်ရယ်နေလေတော့သည်။လီကျန့်ယီသည် ရှောင်ကျဲ၏ ရယ်သံကို သံသယရှိစွာ ကြည့်ရင်း မျှော်စင်ဆီသို့ ဦးတည်သွားတော့၏။

ထိုအချိန်တွင် လီဟန်ယီသည် မျှော်စင်ထဲ၌ ပါးလေးကို လက်ဖြင့်အုပ်ကာ ရှက်ကိုးရှက်ကန်းဖြင့် တွေးနေမိသည်။ "ယီယီက..ပြောင်းလဲသွားပြီ၊ ဘာလို့ ငါ့ကို လာလာပြီး ထိနေရတာလဲ"

သူ အရင်က ဒီလို မဟုတ်ပါဘူး။

All Chapters