သေချာပေါက်ပါ
Vol. 12 Ch. 119
"တစ်ခုခုကို တွေးနေတာလား"
လီကျန့်ယီသည် သူမ ရောက်လာသည်ကိုပင် မသိဘဲ ကိုယ်ပိုင်အ တွေးလေးထဲတွင် နစ်မျောနေသော လီဟန်ယီကို ကြည့်ကာ မေးလိုက်သည်။သူသည် လီဟန်ယီအနားသို့ ခြေဖွဖွလှမ်းကာ တဖြည်းဖြည်း ချဉ်းကပ်သွားပြီးနောက်၊ ရုတ်တရက် သူမ၏ လှပသော မျက်ဝန်းလေးများကို လက်ဖြင့် အုပ်လိုက်ကာ "ဟီးဟီး... မိပြီ" ဟု ရယ်မောလျက် ပြောလိုက်၏။
ရင်းနှီးနေသော ထိုအသံကို ကြားလိုက်ရသည့်အခါ လီဟန်ယီမှာ လန့်သွားသော်လည်း မည်သူဖြစ်မည်ကို ချက်ချင်းပင် ခန့်မှန်းမိသွားသည်။
"ယီယီ... ရှင်ဘာတွေ ဖြစ်နေတာလဲ။ အရင်တုန်းကတော့ မိန်းကလေးတွေက အနှောက်အယှက်ဖြစ်တယ်ဆို အခုကြ ဘာလို့ ငါ့ကို ခဏခဏ လာထိနေရတာလဲ" ဟု လီဟန်ယီက လီကျန့်ယီ၏ လက်ကို ဖယ်ရှားရင်း သူမဘေးတွင် ထိုင်ရန် ဆွဲခေါ်လိုက်သည်။
"ဘာလို့လဲဆိုတာ သိချင်လား" ဟု လီကျန့်ယီက လီဟန်ယီကို စိုက်ကြည့်ကာ မေး၏။
"အင်း" လီဟန်ယီက မျက်နှာလေး နီမြန်းလျက် ခေါင်းညိတ်ပြသည်။
လီကျန့်ယီက ပြုံး၍ ခေါင်းခါပြကာ "သိချင်တယ်ပေါ့... ဒါပေမဲ့ ငါ မပြောပြဘူးလေ" ဟု စနောက်ပြန်သည်။
လီကျန့်ယီသည် အရင်က ဓားသိုင်းပညာ တိုးတက်ဖို့ကိုသာ အာရုံစိုက်ခဲ့သော်လည်း၊ ယခုအခါ သူသည် ဆန်းကြယ်နတ်ခရီး တစ်ဝက်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဆန်းကြယ်နတ် ခရီးအဆင့်သို့ ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည်။ ထို့ကြောင့် ဖိအားများ မရှိတော့သည့်အခါ လူတစ်ယောက်သည် သဘာဝအတိုင်းပင် စိတ်လက်ပေါ့ပါး သွားတတ်ကြစမြဲ ဖြစ်၏။
တစ်ချိန်က ဓားဝှေ့ယမ်းသည့် အရှိန်ကို နှေးကွေးစေသည်ဟု သူယူဆခဲ့သော မိန်းကလေးများသည်၊ ယခုအခါတွင်မူ စိတ်အပန်းဖြေရန်အတွက် နှစ်လိုဖွယ်ကောင်းသော အဖော်များ ဖြစ်လာသည်။ အရင်က သူသည် မိမိကိုယ်တိုင်အတွက်သာမက လီဟန်ယီနှင့် အခြားသူများအတွက်ပါ အားသွန်ခွန်စိုက် ဓားကျင့်ကြံခဲ့ခြင်း မဟုတ်ပါလား။ ယခုကဲ့သို့ ခြိမ်းခြောက်မှု့များ မရှိတော့သည့်အချိန်တွင် ချစ်ခင်မြတ်နိုးရသူများကို ဂရုစိုက်ရန် အချိန်ပင်ဖြစ်နေသည်။
"ဟွန့်... မင်းကို ဂရုမစိုက်တော့ဘူး"
အပြာနုရောင် ဂါဝန်လေး ဝတ်ထားသော လီဟန်ယီသည် လီကျန့်ယီ၏ စနောက်မှုကို ခံရသောအခါ မျက်နှာလေး လွှဲသွားတော့သည်။ ၎င်းကို မြင်သောအခါ လီကျန့်ယီက ရယ်မောရင်း "ကဲပါ... ကဲပါ၊ ဟန်ယီကို ပြောပြပါ့မယ်" ဟု ချော့မော့လိုက်၏။
"ဒါဆိုရင်လည်း ပြောပြလေ" ဟု လီဟန်ယီက တစ်ဖန် ပြန်လှည့်လာပြီး သူမ၏ လှပသော မျက်ဝန်းလေးများဖြင့် လီကျန့်ယီကို ကြည့်လိုက်သည်။
"ဒါကတော့ ဟန်ယီက တစ်နေ့ထက်တစ်နေ့ ပိုပြီး ဆွဲဆောင်မှု့ရှိလာလို့ပေါ့၊ ဓားအကြောင်းပဲ သိတဲ့ ငါလိုလူတောင် မင်းကို မြင်ရင် မချစ်ဘဲ မနေနိုင်အောင် ဖြစ်ရတာလေ" ဟု လီကျန့်ယီက ပြောရင်း လီဟန်ယီကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
လီဟန်ယီသည် လီကျန့်ယီကို ငေးကြည့်နေမိပြီးနောက် သူမ၏ မျက်နှာလေးမှာ ချက်ချင်းပင် ရဲတက်သွားကာ "ယီယီ... မင်း ရူးသွားပြီလား" ဟု မေးသည်။
လီကျန့်ယီ"အချစ်ရူးလေးပါ ဟန်ယီရယ်"
"ရွှတ်"
လီကျန့်ယီသည် လီဟန်ယီ၏ ပါးပြင်ကို အားရပါးရ နမ်းလိုက်သည် ။
"ငါ... ငါ..." လီဟန်ယီမှာမူ ပါးပြင်ပေါ်ရှိ အနမ်းကြောင့် ရင်ခုန်သံများ မြန်လာကာ အသက်ရှူပင် မှားသွားသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်တော့ပေ။လီကျန့်ယီ တကယ်ကို ပြောင်းလဲသွားပြီဟု သူမ ခံစားနေရသည်။ အရင်တုန်းက လီကျန့်ယီကို ထိုကဲ့သို့ လုပ်ခဲ့သည်မှာ သူမပင် ဖြစ်သည်၊ သို့သော် ယခုအခါတွင်မူ အခြေအနေမှာ ပြောင်းပြန် ဖြစ်နေပြီ မဟုတ်ပါလား။
မဟုတ်သေးဘူး၊ ငါ အမေ့စကားကို နားထောင်ရမယ်။ ငါက ပိုပြီးတော့ တည်ငြိမ်ရမယ်။ အခုကတည်းက အနမ်းခံနေရရင် မနက်ဖြန်ကျရင် လက်ထပ်ဖို့ ဖြစ်မလာနိုင်ဘူးလား။ မဖြစ်ဘူး၊ ဒီအခြေအနေကို ပြတ်ပြတ်သားသား တားဆီးရမယ်။ ငါတို့ လက်ထပ်ပြီးမှပဲ ဒါတွေကို လုပ်ရမယ်။
ထိုသို့ တွေးလိုက်မိပြီးနောက် လီဟန်ယီသည် လီကျန့်ယီ၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး မျက်နှာလေး ရဲကာ "ယီယီ... မရဘူး... မကောင်းတာတွေ လုပ်လို့မရဘူး။ ငါ... ငါ မောင်လေးနဲ့ သွားဆော့တော့မယ်" ဟု ဆိုကာ ပျာပျာသလဲပင် ထွက်ပြေးသွားတော့၏။
လီကျန်ယီမှာမူ ပြုံးပြီးရပ်ကျန်နေရသည်။သူ၏ အနာဂတ်ဇနီးလောင်းမှာ အလွန်ချစ်စရာကောင်းသည်ဟု တွေးနေမိသည်။
........
ဒီညမှာတင် နှစ်သစ်ကူးကိုကြိုဖို့ ညစာစားရန် အချိန်ရောက်လာပြီဖြစ်သည်။ ယခုနှစ်တွင်လည်း လဲ့မုန့်ရှား ထိုငတုံးကြီး မရှိသည်မှာ ဝမ်းနည်းစရာပင် ဖြစ်၏။ သူသည် ယခုနှစ်တွင် ပြန်လာနိုင်မည် မဟုတ်ဘဲ မြောက်ပိုင်းလီ နယ်စပ်တွင် တာဝန်ကျနေသည်။ သို့သော်လည်း နှစ်သစ်ကူး ညစာဝိုင်း ပျက်မည်စိုးသဖြင့် မည်သူကမျှ လဲ့မုန့်ရှားအကြောင်းကို ထုတ်မပြောကြပေ။
"ယီယီ... ဓားနှလုံးဂူဗိမာန်ရဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ရတာ ကျင့်သားရနေပြီလား" ဟု လီရှင်းယွဲ့က ညစာစားရင်း လီကျန့်ယီကို မေးလိုက်သည်။
"အဆင်ပြေပါတယ်ဗျာ" လီကျန့်ယီက ပြုံး၍ ပြန်ဖြေ၏။
"အင်း... အဲ့ဒါ ကောင်းပါတယ်။ ဒါမှ မင်းရဲ့ ဆရာလည်း အနားယူရမှာ" ဟု လီရှင်းယွဲ့က ပြောသည်။
"ဟန်ယီ... သမီးကော ဘယ်လိုလဲ၊ ရွှေလမြို့တော်မှာ ဓားကျင့်ရတာ ဘယ်လိုနေလဲ" ဟု လီရှင်းယွဲ့က လီဟန်ယီဘက်သို့ လှည့်မေးပြန်သည်။
"အဆင်ပြေပါတယ်၊ မကြာခင်မှာ ကောင်းကင်ဖြတ်သန်းခြင်းအဆင့်ရဲ့ သိုင်းပညာရှင် ဖြစ်လာတော့မှာ၊ အဲ့ဒီအခါကျရင် အဖိုးနဲ့ ယီယီကို ကူညီပေးနိုင်တော့မှာ" လီဟန်ယီက မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးကာ ပြောလိုက်သည်။
"အင်း... မဆိုးဘူးပဲ၊ ယီယီရော ဟန်ယီရော တကယ့်ကို အလားအလာရှိကြတယ်။ ရှောင်ကျဲ... သားလည်း စားနေရုံတင် မဟုတ်ဘဲ နောင်ကျရင် သားရဲ့ အစ်မနဲ့ ယောက်ဖဆီကနေ ပညာသင်ယူဖို့ မှတ်ထားဦး" ဟု လီရှင်းယွဲ့က သူမ၏ အူကြောင်ကြောင် သားလေးကို ကြည့်ကာ မှာလိုက်သည်။
သို့သော်လည်း... ရှောင်ကျဲသည် သူမကို တစ်ချက်ကြည့်ကာ တစ်စုံတစ်ယောက်က လုစားမည်ကို စိုးရိမ်သကဲ့သို့ မုန့်များကိုသာ အငမ်းမရ ဆက်စားနေ၏။ထိုမြင်ကွင်းက လီရှင်းယွဲ့ကို ဒေါသထွက်စေသည်။ အထူးသဖြင့် ကောင်လေး၏ မျက်နှာမှာ လဲ့မုန့်ရှား၏ အူကြောင်ကြောင် ပုံစံနှင့် အလွန်တူနေသဖြင့် သူမအနေဖြင့်... သူမသည် ရှောင်ကျဲကို ရိုက်ရန် လက်ရွယ်လိုက်သော်လည်း နောက်ဆုံးတွင် လက်ကို ပြန်ရုပ်သိမ်းလိုက်ကာ "ရှောင်ကျဲ... ဖြည်းဖြည်းစားနော်" ဟု ညင်သာစွာ ပြောလိုက်ရတော့သည်။
"ဟုတ်ကဲ့" ရှောင်ကျဲက အူကြောင်ကြောင်ဖြင့် ခေါင်းညိတ်ပြ၏။
"ငတုံးလေး" ဟု လီရှင်းယွဲ့က ရှောင်ကျဲ၏ ခေါင်းလေးကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်သည်။
"သူက မလိမ္မာတာမဟုတ်ဘူး၊ ရိုးအတာပါ" ဟု လီဆူးဝမ်က ဝင်ရောက်ပြီး စကားဖြည့်ပေးလိုက်သည်။
"ကြားလား ငတုံးလေးရဲ့၊ မင်းရဲ့ အဖိုးကတောင် မင်းကို ငတုံးလို့ ပြောနေပြီ" ဟု လီရှင်းယွဲ့က ရယ်မောရင်း ပြောသော်လည်း ရှောင်ကျဲကမူ အစားအသောက်များကိုသာ အာရုံစိုက်သည်။
မိသားစု ညစာ စားပြီးနောက် လီကျန့်ယီသည် လီရှင်းယွဲ့အား ပန်းကန်များ သိမ်းဆည်းရန် ကူညီပေးပြီး မီးဖိုချောင်တွင် ဆေးကြောပေးနေသည်။ လီရှင်းယွဲ့သည် သူကို တစ်ခုခု ပြောချင်နေသည်ကို လီကျန့်ယီ အာရုံခံမိသည်။ သို့သော်လည်း သူမသည် မည်သို့ စတင်ပြောရမည်ကို မသိဘဲ ဝေခွဲမရ ဖြစ်နေပုံ ရ၏။
"အမေ... ကျွန်တော်ကို ဘာပြောချင်လို့လဲ" ဟု လီကျန့်ယီက စတင် မေးလိုက်သည်။
လီရှင်းယွဲ့ "..."
သူမအနေဖြင့် သူကို သားမက်ဟု ခေါ်ရမလား၊ ဂိုဏ်းတူညီလေးဟု ခေါ်ရမလား သို့မဟုတ် တူတော်မောင်ဟု ခေါ်ရမလား မဝေခွဲနိုင်ဖြစ်နေသည်။
မင်းကတော့ မင်းကိုယ်မင်း သားမက်အဖြစ် တိုက်ရိုက် သတ်မှတ်လိုက်တာပဲ။ထားလိုက်ပါတော့... ဟန်ယီက သဘောကျနေတာပဲလေ။ သူမသည် လဲ့မုန့်ရှားကိုလည်း ဟန်ယီနှင့် ယီယီ လက်ထပ်ခြင်းက အကောင်းဆုံး အဆုံးသတ် ဖြစ်လိမ့်မည်ဟု အကြံပေးခဲ့ဖူးသည်။
ထို့နောက် သူမသည် လီကျန့်ယီက သူမအား "အမေ" ဟု ခေါ်သည်ကို လက်ခံလိုက်ကာ "ယီယီ... အန်တီလီက ထျန်ချီမြို့က လဲ့အိမ်တော်မှာပဲ တစ်နှစ်ပတ်လုံး နေရပြီး ကိုယ်ပိုင်ကိစ္စတွေ ရှိနေတော့ ဓားနှလုံးဂူဗိမာန်ရဲ့ ကိစ္စတွေကို မင်းပဲ ကူညီပေးဖို့ အားကိုးရမှာပဲ၊ မင်းရဲ့ ဆရာကလည်း တစ်နေ့ထက်တစ်နေ့ အိုမင်းလာပြီပဲ သူလည်း အနားယူဖို့ အချိန်ရောက်ပြီ"
"ကျွန်တော် သိပါတယ်၊ ဒါကြောင့်လည်း ကျွန်တော်က ဓားနှလုံးဂူဗိမာန်ကနေ အပြင်ကို သိပ်မထွက်တာပါ" ဟု လီကျန့်ယီက ပြုံးလျက်ထောက်ခံ ၏။
"အင်း... အန်တီလီက မင်းရဲ့ ဆရာအပေါ် ထားတဲ့ သားသမီးကျင့်ဝတ်ကို မြင်ပါတယ်။ ဒါပေမဲ့ မင်းအတွက်တော့ ပင်ပန်းစေမှာပဲ အန်တီလီကသာ ဓားနှလုံးဂူဗိမာန်ကို ဂရုစိုက်သင့်တာ..." ဟု ပြောရင်း လီရှင်းယွဲ့သည် လီကျန့်ယီကို ဓားနှလုံးဂူဗိမာန်တွင် ပိတ်လှောင်ထားသကဲ့သို့ ခံစားရသဖြင့် အားနာနေမိသည်။
"ရပါတယ် အမေ၊ ဘာပဲဖြစ်ဖြစ် နောက်ကျရင် ဟန်ယီက ကျွန်တော်အနားမှာ ရှိနေမှာပဲလေ" ဟု လီကျန့်ယီက ပြောသည်။ သူသည် ဓားနှလုံးဂူဗိမာန်တွင် နေထိုင်ရသည်ကို အေးချမ်းသည်ဟုသာ ယူဆထားသည်။
ယခုအခါတွင်မူ လီရှင်းယွဲ့၏ သမီးကိုပါ အရယူထားပြီးဖြစ်ရာ စိတ်ညစ်စရာ ဘာရှိဦးမည်နည်း။ သားမက်ဖြစ်သူက အဖိုးဖြစ်သူ၏ မိသားစုကို ကူညီစောင့်ရှောက်ပေးခြင်းမှာ သဘာဝကျလှသည်။
"တကယ်လား... ဒါဆိုရင် မင်းနဲ့ ဟန်ယီ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပြီး သစ္စာမပျက်ကြနဲ့နော်" လီရှင်းယွဲ့က မျက်နှာလေးကို အုပ်ကာ ပြုံးလိုက်သည်။လီကျန့်ယီသည် လီဟန်ယီအပေါ် အမှန်တကယ် စိတ်ရင်းရှိကြောင်း သူမ သိမြင်လိုက်ရသဖြင့် စိတ်အေးသွားရသည်။
"သေချာပေါက်ပါပဲ" ဟု လီကျန့်ယီက ကတိပေးလိုက်ပါတော့သည်။