တစ်ယောက်ထဲ ကျန်ခဲ့ခြင်း
Vol. 13 Ch. 121
နောက်တစ်နေ့တွင် နေ၏အလင်းရောင်သည် တဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။ ပုံမှန်အားဖြင့်ဆိုလျှင် လီဟန်ယီသည် ယနေ့တွင် ဓားပညာလေ့ကျင့်ရန် ရွှေလမြို့တော်သို့ ပြန်ရမည်ဖြစ်ပြီး လီကျန့်ယီ လာရောက်ပို့ဆောင်သည်ကို စောင့်ဆိုင်းနေရမည်ဖြစ်သည်။
သို့သော်လည်း ယနေ့တွင်မူ သူမသည် ထူးထူးခြားခြား စောစောထကာ လီဆူးဝမ်အား ရွှေလမြို့တော်သို့ ပြန်တော့မည်ဖြစ်ကြောင်းအသိပေးပြီးခဲ့ပြီဖြစ်သည်။လီဆူးဝမ်ပင်လျှင် ကြောင်တောင်တောင်ဖြစ်သွားရပြီး မိမိ၏မြေးမလေးမှာ အဘယ်ကြောင့် ဤမျှအလျင်စလို ထွက်ခွာသွားရသနည်း၊ ပြီးတော့ မိမိ၏တပည့်လေး လာပို့သည်ကိုပင် အဘယ်ကြောင့် တကယ်ကြီး အလိုမရှိရသနည်းဆိုသည်ကို နားမလည်နိုင်ဖြစ်နေရတော့သည်။
ထွက်ခွာသွားသော မြေးမလေး၏ ကျောပြင်ကိုကြည့်ရင်း လီဆူးဝမ်က "ယီယီက ဟန်ယီကို စိတ်ဆိုးအောင် လုပ်လိုက်လို့လား... ဒါကြောင့်မို့လို့ ဟန်ယီက နှုတ်မဆက်ဘဲ ထွက်သွားတာလား" ဟု တစ်ကိုယ်တည်း တွေးတောနေမိ၏။
"မဟုတ်သေးပါဘူး၊ ငါ ယီယီကို သွားမေးကြည့်ဦးမှ"
လီဆူးဝမ်သည် လီကျန့်ယီ၏ အခန်းဘက်သို့ ဦးတည်သွားလိုက်တော့သည်။ သူက တံခါးကို ခေါက်လိုက်ရာ လီကျန့်ယီသည် လျင်မြန်စွာပင် အိပ်ရာမှထ၍ တံခါးဖွင့်ပေးသည်။
"ဆရာ... ဘာလို့ ဒီလောက်စောစောကြီးလဲခင်ဗျာ" ဟု လီကျန့်ယီက အနည်းငယ် ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။
"အင်း... ဟန်ယီ ထွက်သွားပြီဟေ့၊ အတော်လေးကို အလျင်စလို ထွက်သွားတာ၊ မင်းပဲ ဟန်ယီကို စိတ်ဆိုးအောင် လုပ်လိုက်တာလား" ဟု လီဆူးဝမ်က တည့်တိုးပင် မေးလိုက်တော့သည်။
"မဟုတ်... မဟုတ်ပါဘူးခင်ဗျာ" လီကျန့်ယီမှာ အနည်းငယ် ကြောင်အသွားရ၏။
သို့သော်လည်း မနေ့ကဖြစ်ပျက်ခဲ့သည်များကို သူ ချက်ချင်းသတိရသွားသည်။ သူသည် ဟန်ယီကို ရုပ်ပြစာအုပ် မပြခဲ့မိသောကြောင့် ဟန်ယီ စိတ်ဆိုးသွားခြင်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း ထိုသို့ဖြစ်စရာ အကြောင်းမရှိပါ။ မနေ့က သူမ ထွက်ခွာသွားချိန်တွင် 'ဒါက အပြစ်ပေးတာ' ဟုဆိုကာ သူကို နမ်းသွားခဲ့သေးသည် မဟုတ်ပါလား။
ထို့ကြောင့် ဤကိစ္စကြောင့် မဖြစ်နိုင်တန်ရာ။
"ဆရာ၊ ရွှေလမြို့တော်မှာ အရေးကြီးကိစ္စတစ်ခုခု ပေါ်ပေါက်လာလို့များလား" ဟု လီကျန့်ယီက ပြန်လည်မေးမြန်းလိုက်သည်။
"ငါ သတင်းပို့တဲ့တပည့်ကို မေးကြည့်ပြီးပြီ၊ ပိုင်ရှောင်တန်ဆီက မနက်ခင်းသတင်းပဲ ရောက်သေးတာ၊ ရွှေလမြို့တော်ဆီက ဘာစာမှ ရောက်မလာသေးဘူး။ ဒါကြောင့် ရွှေလမြို့တော်နဲ့တော့ မဆိုင်လောက်ဘူး" လီဆူးဝမ်က ခေါင်းခါရင်း ပြောလေသည်။
"ဒါဆို... ဘာဖြစ်လို့လဲ" လီကျန့်ယီလည်း မျက်နှာပျက်သွားရ၏။
"ငါလည်း မသိဘူး၊ ငါကိုယ်တိုင် သွားမေးကြည့်ရမလား" လီဆူးဝမ်က လီကျန့်ယီကို ကြည့်ကာ ပြောသည်။
လီကျန့်ယီက ခေါင်းငြိမ့်ပြကာ "ဆရာ အပင်ပန်းခံပေးပါဦး" ဟု ပြောလေသည်။
"အပင်ပန်းခံရတာ မဟုတ်ပါဘူး တပည့်ကောင်းလေးရဲ့၊ နောက်နှစ်မှ တွေ့ကြတာပေါ့၊ ဟန်ယီ ဘာလို့ ထွက်သွားလဲဆိုတာ သိတာနဲ့ ငါ မင်းဆီ သတင်းပို့လိုက်မယ်" လီဆူးဝမ်သည် အခွင့်အရေးကို လက်လွတ်မခံဘဲ ချက်ချင်းပင် အထုပ်အပိုးများကို လွယ်ကာ ခရီးထွက်ရန် ပြင်ဆင်တော့သည်။
လီဆူးဝမ်သည် အပြင်ထွက်၍ လည်ပတ်ပျော်ပါးရသည်ကို စွဲလမ်းသွားခြင်းပင် ဖြစ်ပေသည်။ ဓားနှလုံးဂူဗိမာန်အတွင်းရှိ ကိစ္စအဝဝကိုမူ လီကျန့်ယီထံသို့သာအပ်နှံထားခဲ့ လေတော့သည်။လီကျန့်ယီသည် နှစ်သစ်ကူးပြီးစ၌ပင် အထုပ်အပိုးများနှင့် ထွက်ခွာသွားသော လီဆူးဝမ်၏ ကျောပြင်ကို ကြည့်ကာ ကြာမြင့်စွာ တိတ်ဆိတ်နေမိ၏။
"အသက်ကြီးရတာ ကောင်းလိုက်တာ၊ သွားချင်တဲ့အချိန် ထသွားလို့ရတယ်" လီဆူးဝမ်၏ ပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း မိမိအား ကတိပေးထားသည်များကို ဆရာဖြစ်သူ မေ့မသွားပါစေနှင့်ဟုသာ လီကျန့်ယီ ဆုတောင်းနေမိပါတော့သည်။
.......
ဓားဆွေးနွေးရာဆောင်။
အခြားနည်းလမ်းမရှိတော့သဖြင့် ဆရာဖြစ်သူ ထွက်ခွာသွားပြီးနောက် လီကျန့်ယီသည် ဓားနှလုံးဂူဗိမာန်၏ အလုပ်ကိစ္စများကို နာရီဝက်ခန့် ဖြေရှင်းနေရ၏။ နှစ်သစ်ကူးကာလအတွင်း စုပုံနေသော စားသောက်ကုန်ကိစ္စများကြောင့် လီကျန့်ယီသည် တစ်နေကုန်နီးပါးကို ထိုဆောင်၌ပင် ကုန်ဆုံးနေရသည်။
မွန်းတည့်ချိန်သို့ ရောက်သောအခါမှသာ လီရှင်းယွဲ့သည် ရှောင်ကျဲကို ချီကာ လီဆူးဝမ်တို့ကို လိုက်လံရှာဖွေရင်း လီကျန့်ယီရှိရာ ဓားဆွေးနွေးရာဆောင်သို့ ရောက်ရှိလာသည်။
"ယီယီ၊ မင်းရဲ့ဆရာနဲ့ ဟန်ယီတို့ ဘယ်ရောက်သွားကြလဲ" ဟု လီရှင်းယွဲ့က ရှောင်ကျဲကို ချီထားရင်း ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။
"ဟန်ယီက ရွှေလမြို့တော်ကို ပြန်သွားပါပြီ။ ဆရာကတော့ ခရီးထွက်သွားတယ်" ဟု လီကျန့်ယီက အလုပ်များကို ရပ်နားကာ ပြန်ဖြေလိုက်သည်။
သူမ တိတ်ဆိတ်သွားရ၏။ မူလက လီဆူးဝမ် ခရီးထွက်သည့်အခါ သူမက ဓားနှလုံးဂူဗိမာန်ကို စောင့်ရှောက်ပေးရမည် ဖြစ်သည်။ ဤသည်ကို တွေးမိသောအခါ လီရှင်းယွဲ့က "မင်း အပင်ပန်းခံလိုက်ရပြန်ပြီ" ဟု မပြောဘဲ မနေနိုင်တော့ပေ။
"ရပါတယ်၊ အားလုံး ပြီးစီးသွားပါပြီ" လီကျန့်ယီက လက်ကာပြကာ ပြုံးလျက် ပြောလိုက်သည်။
ထို့နောက် လီရှင်းယွဲ့၏ လက်ထဲရှိ ရှောင်ကျဲကို ကြည့်ကာ လက်ခုပ်တီး၍ "ရှောင်ကျဲ ငါ့ကို ဘယ်လိုခေါ်ရလဲ" ဟု မေးလိုက်၏။
"ယောက်...ယောက်က္ခမ" ဟု ရှောင်ကျဲလေးက မပီတပီဖြင့် ခေါ်လိုက်သည်။
"မဟုတ်ဘူးလေ၊ ယောက်ဖလိုခေါ်ရမှာ၊ ရှောင်ကျဲ၊ မင်း အသံထွက်ကို ပိုကျင့်ရဦးမယ်" လီကျန့်ယီက ပြုံးကာ ရှောင်ကျဲ၏ ပါးဖောင်းဖောင်းလေးကို ညစ်လိုက်၏။
"ရှောင်ကျဲ၊ မင်းရဲ့ ယောက်ဖဆီသွားနေအုန်း၊ မေမေ မင်းအတွက် နေ့လယ်စာ သွားပြင်ပေးမယ်" လီရှင်းယွဲ့က ရှောင်ကျဲကို လီကျန့်ယီထံ လွှဲပြောင်းပေးလိုက်သည်။ သူမသည်လည်း မကြာမီ ထွက်ခွာရတော့မည်ဖြစ်ရာ ဤနေရာ၌ ရှိနေခိုက် လီကျန့်ယီအတွက် ထမင်းတစ်နပ်၊ နှစ်နပ်ခန့် ချက်ပြုတ်ပေးချင်နေမိသည်။
လီရှင်းယွဲ့က မီးဖိုချောင်သို့ သွားပြီးနောက်တွင် ဓားဆွေးနွေးရာဆောင်၌ ရှောင်ကျဲနှင့် လီကျန့်ယီတို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။ လီကျန့်ယီက ဝကစ်နေသော ကောင်လေးကို ချီထားရင်း ကလေး၏မျက်နှာလေးကို ပွတ်သပ်ကာ "ရှောင်ကျဲ၊ မင်းက ချိုတဲ့ ဆီးသီးယိုကို ကြိုက်လား၊ ဒါမှမဟုတ် အေးမြတဲ့ ကံ့ကော်မုန့်ကို ကြိုက်လား၊ ဒါမှမဟုတ် သကြားလုံးကို ကြိုက်လား" ဟု မေးလိုက်၏။
ထိုစကားကို ကြားသောအခါ ပါးပြင် အဆွဲခံနေရသော ရှောင်ကျဲလေးမှာ နတ်ပြည်ရောက်သွားသကဲ့သို့ ခံစားရပြီး သွားရည်များပင် ယိုလာတော့သည်။
"ယောက်ဖ"
ရှောင်ကျဲသည် လီကျန့်ယီကို အားကိုးတကြီး ကြည့်ကာ "အားလုံးလိုချင်တယ်" ဟု ဆိုလိုသည့်ဟန်ဖြင့် ဖောင်းအိနေသောလက်လေးများကို လှုပ်ယမ်းပြသည်။သူ၏ လောဘကြီး ဖြစ်နေပုံကိုကြည့်ကာ လီကျန့်ယီက သကြားလုံးတစ်လုံးကို သူ၏ပါးစပ်ထဲသို့ အမြန်ထည့်ပေးလိုက်ပြီး "ခနကြရင် ထမင်းစားရတော့မယ်၊ ထမင်းစားပြီးမှ မုန့်စားကြမယ်နော်" ဟု ပြုံး၍ ပြောလိုက်၏။
လီကျန့်ယီနှင့် ရှောင်ကျဲတို့ ဆော့ကစားနေစဉ်မှာပင် လီရှင်းယွဲ့က နေ့လယ်စာ ပြင်ဆင်ပြီးစီးသွားပြီဖြစ် သည်။လီကျန့်ယီသည် သူ၏ အနာဂတ် ယောက္ခမ၊ ယောက်ဖလောင်းတို့နှင့်အတူ နေ့လယ်စာ သုံးဆောင်ပြီးနောက် သူ၏ ယောက္ခမလောင်းတို့သည် ဓားနှလုံးဂူဗိမာန်မှ ထွက်ခွာသွားကြတော့သည်။
သူတို့တို့အား လိုက်လံပို့ဆောင်ပေးပြီးနောက် လီကျန့်ယီသည် ဓားနှလုံးကျောက်ဆောင်သို့ ပြန်လာကာ အသက် ၁၉ နှစ်မတိုင်မီ ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ရှိရန်နှင့် လီဟန်ယီကို လက်ထပ်နိုင်ရန်အတွက် ဓားကို အပြင်းအထန် ဝှေ့ယမ်းလေ့ကျင့်နေတော့သည်။
ရင်းနှီးနေသော ဓားထိုးချက်ပညာရပ်ပင် ဖြစ်သော်လည်း သူသည် ပိုမိုကျွမ်းကျင်လာကာ လျင်မြန်ရုံသာမက ထိရောက်မှု့လည်း ရှိလာခဲ့သည်။ သာမန် ဓားထိုးချက်တစ်ခုသည်ပင်လျှင် အခြားသော သိုင်းပညာရှင်များ အာရုံစူးစိုက်၍ ထိုးလိုက်သော ဓားချက်နှင့် ယှဉ်နိုင်စွမ်း ရှိနေပြီဖြစ်၏။
"ဒင်..ဂုဏ်ယူပါသည် ပိုင်ရှင်၊ သင်သည် ဓားကို အကြိမ်ရေ သန်း ၉၀၀ အောင်မြင်စွာ ဝှေ့ယမ်းပြီးပါပြီ ဆုလာဘ်အဖြစ်- ဆယ်နှစ်စာ အပြင်းအထန် ကျင့်ကြံမှု့ကို ရရှိပါသည်၊ အပိုဆု ကံစမ်းမဲနှိုက်ခွင့် ၁၀ ကြိမ်"
လီကျန့်ယီ ဓားဝှေ့ယမ်းနေစဉ်မှာပင် စနစ်၏အသံက သူ၏ ခေါင်းထဲတွင် ရုတ်တရက် မြည်လာ၏။လီကျန့်ယီသည် မိမိ၏ခန္ဓာကိုယ်အတွင်း သန့်စင်သော စွမ်းအင်များ တိုးပွားလာသည်ကို ခံစားလိုက်ရပြီး ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်၏ ၃၀ရာခိုင်နှုန်းကနေ ၄၀ရာခိုင်နှုန်းသို့ တိုးတက်သွားလေသည်။ ဤခွန်အားတိုးမြင့်လာမှု့ကြောင့် ခန္ဓာကိုယ်အတွင်းရှိ အကြောတိုင်းမှာ ပိုသန်မာလာသကဲ့သို့ ခံစားနေမိ၏။
"ကံစမ်းမဲ နှိုက်မယ်" လီကျန့်ယီက စိတ်ထဲမှ ရေရွတ်လိုက်၏။
"ဒင်..ဂုဏ်ယူပါသည် ပိုင်ရှင်၊ သင်သည် အဆိပ်ဖြေဆေး တစ်လုံး ရရှိပါတယ်"
"ဒင်..ဂုဏ်ယူပါသည် ပိုင်ရှင်၊ သင်သည် အလှအပဆေး တစ်လုံး ရရှိပါတယ်"
"ဒင် ဂုဏ်ယူပါသည် ပိုင်ရှင်၊ သင်သည် ဝတုတ်နဂါးလေး တစ်ကောင်ကို ရရှိပါတယ်"
"ဒင် ဂုဏ်ယူပါသည် ပိုင်ရှင်၊ သင်သည် အရုပ်တစ်ရုပ်ကို ရရှိပါတယ်"
"..."
ကံစမ်းမဲ ၁၀ ကြိမ်စလုံး အသုံးပြုပြီးနောက် လီကျန့်ယီ၏ စနစ်သိုလှောင်ခန်းမှာ ဆုလာဘ်ပစ္စည်းများနှင့် ပြည့်လျှံသွားတော့သည်။ စနစ်သိုလှောင်ခန်းအတွင်းရှိ ပစ္စည်းများကို အကြမ်းဖျင်း ကြည့်လိုက်ရာ လီကျန့်ယီသည် ထိုပစ္စည်းများကို တစ်ခါမျှ အသုံးမပြုခဲ့ဖူးကြောင်း ရုတ်တရက်သတိရသွားသည်။
အသုံးပြုဖူးသည်ဆို၍ မရဏဓားကို ထုလုပ်ရာတွင် အသုံးပြုခဲ့သည့် ကောင်းကင်ပြင်မှ ကြယ်ကြွေခဲ တစ်ခုသာ ရှိပေသည်။ ထိုစဉ်က လီဆူးဝမ်ကို ဓားနှလုံးဂူဗိမာန်အပြင်ဘက်၌ ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း လိမ်ညာပြောဆိုခဲ့သော်လည်း အမှန်တကယ်မှာ စနစ်ထံမှ ရရှိခဲ့ခြင်း ဖြစ်၏။
"ပစ္စည်းတွေ အတော်များနေပြီပဲ၊ ဒီတစ်ခါ အိမ်မွေးတိရစ္ဆာန်တောင် ပါလာသေးတယ်" လီကျန့်ယီက စမ်းသပ်သည့်အနေဖြင့် "စနစ်၊ ဝတုတ်နဂါးကို သိုလှောင်ခန်းထဲက ထုတ်ပေးပါ" ဟု ပြောလိုက်သည်။
"ဒင်...ဝတုတ်နဂါးကို သိုလှောင်ခန်းထဲမှ အောင်မြင်စွာ ထုတ်ယူပြီးပါပြီ"
စနစ်၏အသံအဆုံး၌ တောက်ပသော အပြာရောင်အလင်းတန်းတစ်ခု လီကျန့်ယီရှေ့တွင် ဝဝတုတ်တုတ် အပြာရောင်နဂါးလေး တစ်ကောင် ပေါ်လာသည်။
"ကြည့်ရတာ ဟိုဝဝတုတ်တုတ် ပင်လယ်ပြာနဂါးလေးနဲ့ တကယ်တူတာပဲ..." လီကျန့်ယီသည် ခြေထောက်ဖြင့်ရပ်နေနိုင်သော ဝတုတ်နဂါးလေးကို ကြည့်ကာ ကောက်ချီလိုက်သည်။ဤနဂါးလေးသည် သူအရင်ဘဝက ကြည့်ခဲ့ဖူးသည့် ဇာတ်ကားထဲကဝတုတ်နဂါးနှင့် အလွန်တူနေသည်။
လီကျန့်ယီက နဂါးလေး၏ အပြာရောင်ခေါင်းကို ပုတ်ကာ "ဒီနေ့ကစပြီး မင်းကို ဖက်တီး လို့ ခေါ်မယ်။ မင်းက ရှေးဟောင်းဒဏ္ဍာရီလာ သားရဲတွေထဲက တစ်ကောင်ပဲ" ဟု ပြောလိုက်သည်။
နဂါးလေးက "ဖက်တီး" ဟူသော အသံနှစ်ခွန်းကိုသာ အော်ဟစ်နိုင်ပြီး သူ၏သခင်ပေးသော နာမည်ကို အလွန်သဘောကျနေပုံရ၏။
အမှာစာ = နဂါးလေးက တရုတ်နဂါးပုံစံလေးပါရှင့်။လက်တွေလည်းရှိပါတယ်။