← Chapters

လဲ့ဝူကျဲ၏ အစားမက်မှု့

Vol. 13 Ch. 126

လဲ့ဝူကျဲ၏ အစားမက်မှု့

Vol. 13 Ch. 126

"ကောင်းပြီလေ၊ ငါ အခု ဓားသွားကျင့်တော့မယ်"

အရွယ်ရောက်လာသည့် လီဟန်ယီကို လှည့်စားရန် ခက်ခဲသွားသည်ကို မြင်သောအခါ လီကျန့်ယီသည် ဓားကျင့်ရန်အတွက် ဓားနှလုံးကျောက်ဆောင်သို့သာ ဦးတည်သွားရန် ရွေးချယ်လိုက်ရတော့သည်။

မရဏဓားကို ကိုင်စွဲလျက် ဖက်တီးနဂါးလေးကို ဘေးတွင်ထားကာ လီကျန့်ယီသည် သူ၏ ကျင့်ကြံခြင်းခရီးကို စတင်လေသည်။လီဟန်ယီမှာမူ ထိုလူဆိုးလေး လီကျန့်ယီက သူမကို စားပစ်မည်ကို စိုးရိမ်သဖြင့် လောလောဆယ်တွင် သူနှင့် နှစ်ဦးတည်း မနေရဲသေးပါချေ။ ထို့ကြောင့် သူမသည် ဓားနှလုံးဂူဗိမာန်၏ နှစ်သစ်ကူး အပြင်အဆင်များကို တာဝန်ယူ ပြင်ဆင်နေလိုက်သည်။

ဤသို့ဖြင့် ဓားနှလုံးကျောက်ဆောင်တွင် တစ်နေ့တာ ဓားကျင့်ပြီးနောက် လီကျန့်ယီနှင့် ဖက်တီးနဂါးလေးတို့သည် ဂူဗိမာန်အတွင်းသို့ ပြန်ဆင်းလာခဲ့ကြရာ အလုပ်ကိစ္စဖြင့် အပြင်ထွက်နေသော ဗိမာန်သခင် လီဆူးဝမ် ပြန်ရောက်နေသည်ကို တွေ့လိုက်ရ၏။

ထို့ပြင် ယခုတစ်ခေါက်တွင် လီရှင်းယွဲ့နှင့် လဲ့ဝူကျဲတို့ပါ အတူတူ ပြန်ပါလာကြသည်။

"ယီယီ... အဖိုး၊ အမေနဲ့ လဲ့ဝူကျဲတို့ ပြန်ရောက်လာကြပြီ" လီဆူးဝမ်တို့ကို ကြိုဆိုပြီးနောက် လီဟန်ယီသည် ထုံးစံအတိုင်း အော်ခေါ်လိုက်သည်။

"သိပြီ"

ဓားခန်းမသို့ ရောက်သောအခါ လီကျန့်ယီသည် အသက်နှစ်နှစ်ကျော်အရွယ်ရှိပြီဖြစ်သော လဲ့ဝူကျဲကို တွေ့လိုက်ရ၏။ ထိုစဉ်က လဲ့ဝူကျဲမှာ ဝတုတ်တုတ်နှင့် ရိုးသားအေးဆေးသော ပုံစံရှိကာ အလွန်ပင် ချစ်စဖွယ်ကောင်း‌ နေသည်။

"လဲ့ဝူကျဲ... ငါ ဘယ်သူလဲဆိုတာ မင်း မှတ်မိသေးရဲ့လား" လီကျန့်ယီသည် ဝတုတ်နဂါးလေးကို ပွေ့ချီထားရင်း လဲ့ဝူကျဲကို ကြည့်ကာ မေးလိုက်သည်။

လဲ့ဝူကျဲက လှမ်းကြည့်ကာ ခေတ္တမျှ စဉ်းစားဟန်ပြုပြီးနောက် "ယောက်ဖ" ဟု ရိုးရိုးလေးပင် အော်ခေါ်လိုက်တော့သည်။

"ဪ... မင်း တော်တော်ကြီးလာပြီပဲ၊ ငါ့ကို ယောက္ခမလို့ မခေါ်တော့ဘူးပေါ့" လီကျန့်ယီက ပြုံးကာ အသက်နှစ်နှစ်အရွယ် လဲ့ဝူကျဲအနားသို့ လျှောက်သွားလိုက်သည်။

လဲ့ဝူကျဲသည် စိတ်လှုပ်ရှားစွာဖြင့် လီကျန့်ယီထံသို့ လျှောက်လာသော်လည်း သူ၏ အပြစ်ကင်းသော မျက်လုံးအစုံမှာ လီကျန့်ယီကို ကြည့်နေခြင်း မဟုတ်ပါချေ။ လီကျန့်ယီ၏ ရင်ခွင်ထဲရှိ ချစ်စဖွယ်ကောင်းသော အပြာရောင် ဝတုတ်နဂါးလေးကိုသာ စိုက်ကြည့်နေခြင်း ဖြစ်ပေသည်။

"ယောက်ဖ... ကျွန်တော် ဒါလေး လိုချင်တယ်" လဲ့ဝူကျဲက ချစ်စဖွယ် အပြုံးလေးဖြင့် အော်ဟစ်ကာ သူ၏ နူးညံ့သော လက်ကလေးဖြင့် နဂါးလေး၏ ပါးကို တို့ထိလိုက်သည်။

"ကောင်းပြီလေ... ဖက်တီး၊ မင်း လဲ့ဝူကျဲနဲ့ သွားဆော့ချေ" ဟု လီကျန့်ယီက ညွှန်ကြားလိုက်၏။

"ဖက်တီး" အပြာရောင် နဂါးလေးက ခေါင်းညိတ်ပြသည်။ ထို့နောက် သူသည် လဲ့ဝူကျဲနှင့်အတူသွားရောက် ကစားလေတော့သည်။

လီရှင်းယွဲ့နှင့် လီဆူးဝမ်တို့သည် ထိုထူးဆန်းသော သတ္တဝါလေးကို မြင်သောအခါ အံ့ဩသွားကြသည် "ဒါက ဘယ်လိုသတ္တဝါလေးလဲ။ တကယ့်ကို ပါးနပ်ပြီး အကဲခတ်ကောင်းတာပဲ၊ ကလေးတွေကို ဘယ်လို ဆွဲဆောင်ရမလဲဆိုတာလည်း တကယ်သိတာပဲ"

"အမေ... ဒါက ဖက်တီးနဂါးလေးလေ။ ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်ခဲ့တဲ့ ရှေးဟောင်းသတ္တဝါ ဖက်တီးနဂါးပဲ။ ယီယီက ဒါလေးကို သမီးကို ပေးထားတာ" ဟု ခရမ်းရောင်ဝတ်စုံနှင့် လီဟန်ယီက မိတ်ဆက်ပေးလိုက်သည်။

"ဖက်တီးနဂါးလား၊ တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။ အခုတော့ လဲ့ဝူကျဲအတွက် ကစားဖော် ရသွားတာပေါ့" လီရှင်းယွဲ့က လဲ့ဝူကျဲနောက်သို့ လိုက်ဆော့နေသော နဂါးလေးကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

"အင်း... အမေ၊ အဖေရော ဒီနှစ် ပြန်လာဦးမှာလား" လီဟန်ယီက လီရှင်းယွဲ့ကို မေးလိုက်သည်။ မနှစ်ကလည်း သူမ၏ ရိုးသားသောအဖေကို မတွေ့ခဲ့ရသဖြင့် ယခုနှစ်မှာပါ မတွေ့ရလျှင် နောက်တစ်နှစ်အထိ ထပ်စောင့်ရတော့မည် ဖြစ်၏။

"ပြန်လာနိုင်မှာပါ..." လီရှင်းယွဲ့က ခေတ္တမျှ တွေဝေသွားဟန်ဖြင့် ဖြေလိုက်သည်။

"ဒါဆိုရင် အဖေ ရောက်လာတဲ့အခါမှ အကုန်လုံးစုပြီး ညစာစားကြတာပေါ့" လီဟန်ယီကလည်း သူမ၏ အဖေကို လွမ်းဆွတ်နေမိသည်။

"ကောင်းပါပြီ" လီရှင်းယွဲ့က ပြုံး၍ ခေါင်းညိတ်လိုက်၏။

သူမ၏သမီးမှာ အပေါ်ယံတွင် အဖေဖြစ်သူကို ဂရုမစိုက်သလို ရှိသော်လည်း အမှန်စင်စစ်တွင်မူ အလွန်ပင် စိတ်ပူတတ်သည်ကို သူမ သိပေသည်။

"အမေလည်း မင်းတို့အတွက် အရသာရှိတာတစ်ခုခု သွားလုပ်ပေးဦးမယ်" အချိန်လင့်နေပြီဖြစ်သဖြင့် လီရှင်းယွဲ့သည် မီးဖိုချောင်ဘက်သို့ ဦးတည်သွားလေတော့သည်။လီရှင်းယွဲ့ ထွက်သွားပြီးနောက် လီဆူးဝမ်က "ဒီအဖိုးကြီးကတော့ ယီယီ ဓားနှလုံးဂူဗိမာန်ကို ဘယ်လို စီမံခန့်ခွဲထားလဲဆိုတာ သွားကြည့်ဦးမယ်" ဟု ဆိုကာ ဓားခန်းမမှ ထွက်သွားပြန်သည်။

ဤသို့ဖြင့် ဓားခန်းမအတွင်း၌ နဂါးလေးနှင့်အတူ ကစားနေသော လဲ့ဝူကျဲ၊ လီဟန်ယီနှင့် သူမကို ပို၍ ပို၍ ချစ်မြတ်နိုးလာသော လီကျန့်ယီတို့သာ ကျန်ရစ်တော့သည်။

"ယီယီ... မင်းက ဘာလို့ ငါ့ကိုပဲ အမြဲ စိုက်ကြည့်နေရတာလဲ"

လူကြီးများ ထွက်သွားပြီးနောက် လီကျန့်ယီ၏ အကြည့်များမှာ သူမထံတွင်သာ ရှိနေသဖြင့် လီဟန်ယီမှာ ရှက်ရွံ့စွာဖြင့် မျက်နှာနီမြန်းသွားရသည်။

"မင်းကို မကြည့်ဘဲ လဲ့ဝူကျဲကို ကြည့်နေရမှာလား" လီကျန့်ယီက ပြန်ပြောလိုက်၏။

"အင်း လဲ့ဝူကျဲကိုပဲ ကြည့်လေ၊‌ မောင်လေးက ချစ်ဖို့ကောင်းတာကို..." လီဟန်ယီက ဝတုတ်တုတ် လဲ့ဝူကျဲကို လက်ညှိုးထိုးပြရင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"ချစ်ဖို့ကောင်းတယ် ဟုတ်လား၊ ငါ့အတွက်တော့ မင်းက ပိုချစ်ဖို့ကောင်းပါတယ် ဟန်ယီ" လီကျန့်ယီက ပြုံးကာ လီဟန်ယီအနားသို့ တိုးသွားလိုက်သည်။လီဟန်ယီကမူ အနည်းငယ် ရှက်ရွံ့သွားဟန်ဖြင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။

"ဟူး... ဟန်ယီ၊ အရင်ကလို ခံစားချက်မျိုးကို ပြန်ရှာဖို့ ခက်နေပြီပဲ" လီကျန့်ယီက စိတ်ပျက်ဟန်ဖြင့် ရပ်လိုက်သည်။

လီကျန့်ယီ၏ မျက်နှာပေါ်မှ စိတ်ပျက်မှု့ကို မြင်သောအခါ လီဟန်ယီသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူ၏အနားသို့ လျှောက်လာသည်။ ထို့‌နောက်သူမသည် မိုးစက်နာခံဓားကို ထုတ်ယူကာ လီကျန့်ယီ၏ လည်ပင်းတွင် ကပ်လိုက်ပြီး "ဒါ... ဒါမျိုးကို ပြောတာလား" ဟု မေးသည်။

လီကျန့်ယီ "..."

ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ လုံးဝကြီးတော့ မဟုတ်သေးဘူးလေ။.

"ဒါပဲလား၊ ဟန်ယီ... မင်း တစ်ခုခု ထပ်မလုပ်သင့်ဘူးလား" လီကျန့်ယီသည် အရင်ကကဲ့သို့ အနိုင်ကျင့်တတ်သော လီဟန်ယီကို မျှော်လင့်နေမိသည်။

"ဘာလုပ်ရမှာလဲ" လီဟန်ယီ၏ လှပသော မျက်လုံးလေးများမှာ ဝိုင်းစက်သွားပြီး လီကျန့်ယီ ဆိုလိုသည့် အဓိပ္ပာယ်ကို နားမလည်ဟန် ပြနေသည်။အရွယ်ရောက်လာသော လီဟန်ယီသည် အရာရာကို အလွယ်တကူ ပေးဆပ်တတ်သူ မဟုတ်တော့သည်မှာ ထင်ရှားလှပေသည်။

"ထားလိုက်ပါတော့ ဟန်ယီ၊ မင်း ငါပြောတာကို လုံးဝ နားမလည်ဘူးပဲ။ ငါ လဲ့ဝူကျဲနဲ့ပဲ သွားဆော့တော့မယ်" လီကျန့်ယီသည် လီဟန်ယီ၏ ဓားကို ဘေးသို့ တွန်းဖယ်လိုက်သည်။ ဤဓားမှာ အရင်ကကဲ့သို့ သူအတွက် ခြိမ်းခြောက်မှု မဖြစ်တော့ပေ။

လဲ့ဝူကျဲအနားသို့ ရောက်သောအခါ လီကျန့်ယီသည် လက်တစ်ဖက်ဖြင့် လဲ့ဝူကျဲကို ချီကာ အခြားတစ်ဖက်ဖြင့် နဂါးလေးကို ကိုင်ထားပြီး လဲ့ဝူကျဲကို စနောက်လိုက်သည် "လဲ့ဝူကျဲ... မင်းက အပြာရောင် နဂါးလေးကို ပိုကြိုက်လား၊ ဒါမှမဟုတ် ပန်းရောင်နဲ့ အဖြူရောင်ကို ပိုကြိုက်လား"

"ယောက်ဖ... ကျွန်တော် အကုန်လုံး လိုချင်တယ်" လဲ့ဝူကျဲက အူတူတူ ပုံစံလေးဖြင့် ကြည့်ကာ ပြောလိုက်သည်။

"လဲ့ဝူကျဲက တော်တော် လောဘကြီးတာပဲ၊ ယောက်ဖမှာက အပြာရောင် တစ်ကောင်ပဲ ရှိတာလေ" လီကျန့်ယီက နဂါးလေးကို လဲ့ဝူကျဲ၏ ရင်ခွင်ထဲသို့ ထည့်ပေးလိုက်ရာ လဲ့ဝူကျဲက နဂါးလေးကို ဖက်လိုက်ပြီး ရုတ်တရက် နဂါးလေး၏ ခေါင်းကို ကိုက်ချလိုက်တော့သည်။

ဤမြင်ကွင်းကို မြင်သောအခါ လီကျန့်ယီမှာ ဆွံ့အသွားရသည်။အပြာရောင် နဂါးလေးမှာလည်း မှင်တက်သွား၏။

သူသည် လဲ့ဝူကျဲနှင့် ဆော့ကစားနေခြင်း ဖြစ်သော်လည်း လဲ့ဝူကျဲမှာမူ သူကို တကယ်ကြီး စားချင်နေခြင်း ဖြစ်သည်။

"ဖက်တီး" လဲ့ဝူကျဲက သူ၏ခေါင်းကို ကိုက်လိုက်သောအခါ ဖက်တီးနဂါးလေး၏ မျက်လုံးကြီးများမှာ ပြူးထွက်သွားတော့သည်။ဤလူသားကလေးက သူကို စားချင်နေသည်ဟူသော အချက်ကို သူ လုံးဝ မယုံကြည်နိုင်ဖြစ်နေသည်။

တကယ်ပါပဲ၊ လူသားကလေးတွေက တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ။

"ဖက်တီး" နဂါးလေးက သူ၏သခင် လီကျန့်ယီကို သနားစဖွယ် ကြည့်ကာ အကူအညီ တောင်းလိုက်သည်။

လီကျန့်ယီသည် လဲ့ဝူကျဲကို အမြန်ဆွဲကာ "လဲ့ဝူကျဲ... ဖက်တီးလေးကို လွှတ်လိုက်ဦး" ဟု ပြောလိုက်ရသည်။

လဲ့ဝူကျဲသည် လီကျန့်ယီ၏ စကားကို နားထောင်ကာ နဂါးလေးကို တစ်ချက်ကြည့်ပြီး မြည်းစမ်းကြည့်ရာ အရသာမရှိမှန်း သိသွားသဖြင့် ပါးစပ်ကို လွှတ်ပေးလိုက်တော့သည်။

"မကောင်းဘူး... အရသာ မရှိဘူး" လဲ့ဝူကျဲက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

"စားဖို့ပဲ သိတယ်၊ဒါက စားစရာမဟုတ်တာ မသိဘူးလား" လီဟန်ယီသည် လဲ့ဝူကျဲ၏ လောဘကြီးမှု့ကို မြင်သောအခါ ဘေးသို့ ဆွဲထုတ်ကာ ဆုံးမလေတော့သည်။လဲ့ဝူကျဲသည် သူ၏ ကြောက်စရာကောင်းသော အစ်မကြီးကို မြင်သောအခါ အားရပါးရ ငိုချလိုက်ပြီး မည်သို့မျှ ချော့မရတော့ပါချေ။

ဤမြင်ကွင်းမှာ လီဟန်ယီကို အခက်တွေ့သွားစေသည်။ လဲ့ဝူကျဲမှာ အသည်းအသန် ငိုကြွေးနေပြီး မည်သို့ပင် ချော့စေကာမူ မရသဖြင့် သူမမှာ ဘာလုပ်ရမှန်းမသိဘဲ ကြောင်တောင်တောင် ဖြစ်နေရသည်။

"ယီယီ... လဲ့ဝူကျဲကို ငါ... ငါ မချော့တတ်ဘူး" လီဟန်ယီက အားကိုးတကြီးဖြင့် လီကျန့်ယီကို လှမ်းကြည့်လိုက်သည်။

ဘာလုပ်ရမှန်းမသိဘဲ ဖြစ်နေသော လီဟန်ယီကို မြင်သောအခါ လီကျန့်ယီက မရယ်ဘဲ မနေနိုင်တော့ပေ။ "ဟန်ယီ... လဲ့ဝူကျဲက ဘယ်လိုလူမျိုးလဲဆိုတာ မင်း မသိဘူးလား"

သူကို ချော့ချင်လျှင် စားစရာ ပေးလိုက်ရုံပင်။

ထိုသို့ဆိုကာ လီကျန့်ယီသည် ဓားခန်းမရှိ ဗီရိုထဲမှ သရက်ပွင့်မုန့် တစ်သေတ္တာကို ထုတ်ယူကာ လဲ့ဝူကျဲ၏ ရှေ့တွင် ချပေးလိုက်သည်။လဲ့ဝူကျဲ၏ ငိုသံမှာ အနည်းငယ်သာ တိုးသွားသည်။ လီကျန့်ယီကို ကြည့်လိုက်သောအခါ လဲ့ဝူကျဲမှာ ငိုရင်းနှင့်ပင် သွားရည်များ ယိုနေသည်ကို တွေ့လိုက်ရ၏။

"ဒီကလေးကတော့... မုန့်တစ်သေတ္တာလောက်နဲ့တော့ လာဘ်ထိုးလို့ မရဘူးလား။ တကယ့်ကို လောဘကြီးတာပဲ" လီကျန့်ယီသည် အချိန်အကြာကြီး အထားခံသော ဇီးယိုတစ်ထုပ်ကိုပါ ထပ်မံ ထုတ်လိုက်ပြန်သည်။ဤသည်ကို မြင်သောအခါ လဲ့ဝူကျဲမှာ ငိုနေရာမှ ရပ်သွားပြီး လီကျန့်ယီထံသို့ အပြေးကလေး ရောက်လာကာ "ယောက်ဖ." ဟု အော်လိုက်တော့သည်။

" မင်းက ငါ့ကို ယောက်ဖလို့ ခေါ်လို့သာ ပေးတာနော်၊ မဟုတ်ရင် လုံးဝ မပေးဘူး"လီကျန့်ယီက သွားရည်တယိုယိုဖြစ်နေသော လဲ့ဝူကျဲအား ဇီးယိုတို့ကို ပေးလိုက်သည်။

All Chapters