← Chapters

အဖေ လို့ခေါ်ဖို့ ငြင်းဆန်ခြင်း

Vol. 13 Ch. 127

အဖေ လို့ခေါ်ဖို့ ငြင်းဆန်ခြင်း

Vol. 13 Ch. 127

လဲ့ဝူကျဲကို ချော့မြူပြီးနောက် လီကျန့်ယီသည် ဖက်တီးနဂါးလေး၏ နာကျင်သွားသော နှလုံးသားကို ကုစားရန်အတွက်လည်း မုန့်အချို့ ပေးလိုက်ရသေးသည်။ အခြားကြောင့်မဟုတ်ဘဲ လဲ့ဝူကျဲက ရုတ်တရက်ကြီး နဂါးကို ကိုက်ချလိုက်သည်မှာ မည်သည့်နဂါးမှ တောင့်ခံနိုင်မည် မဟုတ်ပေ။

ငါက မင်းနဲ့ အတည်အလင်း ကစားနေတာကို မင်းက ငါ့ကို စားဖို့ ကြံတယ်ပေါ့။

ဒါက တကယ့်ကို ကျင့်ဝတ်နဲ့ မညီသလို အံ့ဩစရာလည်း ကောင်းလှပါ၏။ ကလေးငယ်နှစ်ဦးကို ငြိမ်သက်အောင် လုပ်ပြီးနောက်တွင် လီရှင်းယွဲ့က ညစာ ပြင်ဆင်ပြီးစီးသွားပြီ ဖြစ်သဖြင့် လီဟန်ယီသည် မီးဖိုချောင်သို့ သွားကာ ဟင်းပွဲများကို ထမင်းစားပွဲပေါ်သို့ ဝိုင်းကူသယ်ပေးလေသည်။

အရသာရှိပြီး လှပတင့်တယ်သော ဟင်းလျာများ စားပွဲပေါ်တွင် ပြည့်နှက်သွားသောအခါ လီကျန့်ယီက လီဆူးဝမ်ကို လှမ်းခေါ်လိုက်သည်။ ယနေ့သည် မိသားစုပြန်လည်ဆုံစည်းသည့် နေ့စစ်စစ် မဟုတ်သေးသော်လည်း မနက်ဖြန်နှင့် လည်း သိပ်မဝေးတော့ပါချေ။

လဲ့မုန့်ရှားသည် ယနေ့ ဓားနှလုံးဂူဗိမာန်သို့ ရောက်လာနိုင်မည် မဟုတ်ဟု လူတိုင်း ထင်မှတ်နေကြစဉ်တွင် ရိုးသားအေးဆေးလှသော လဲ့မုန့်ရှားက လူတိုင်းအတွက် အံ့အားသင့်စရာတစ်ခု ပြင်ဆင်ထားသည်။ လူတိုင်း ထမင်းစားရန် ပြင်ဆင်နေကြစဉ်မှာပင် လဲ့မုန့်ရှားသည် မြောက်ပိုင်းနယ်စပ်မှ ဒေသထွက်ပစ္စည်း အမျိုးမျိုးကို သယ်ဆောင်လျက် ဓားနှလုံးဂူဗိမာန်သို့ ရောက်ရှိလာ၏။

ဗိမာန်သခင်၏ သမက်ဖြစ်သူ ရောက်လာသည်ကို မြင်သောအခါ ဓားနှလုံးဂူဗိမာန်၏ တပည့်များက ဓားခန်းမသို့ ချက်ချင်း သတင်းပို့လိုက်ကြသည်။ လဲ့မုန့်ရှားသည် ဓားခန်းမသို့ ရောက်ရှိလာသည်။

ယခုအခါတွင် သူသည် မြောက်ပိုင်းလီ စစ်သူကြီးဝတ်စုံကို ချွတ်ထားပြီး သူအမြဲဝတ်ဆင်လေ့ရှိသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူသည် ယခင်ကထက် အသက်အရွယ် ရလာပြီ ဖြစ်သော်လည်း တစ်ချိန်က ချောမောခန့်ညားသော လူငယ်လေးဖြစ်ခဲ့သည်ဟူသော အချက်ကိုမူ ဖုံးကွယ်ထား၍ မရနိုင်ပါချေ။

သိုင်းပညာ ကျင့်ကြံထားခြင်းကြောင့် ဖြစ်နိုင်သလို လဲ့မုန့်ရှားမှာ မျက်နှာပေါ်တွင် အသက်အရွယ်အရ အရေးအကြောင်း အနည်းငယ်ရှိလာသည်မှအပ ငယ်စဉ်ကအတိုင်းပင် ရှိနေသေးသည်။ သို့သော် ရိုးသားသူမှာ အမြဲရိုးသားနေမြဲဖြစ်ပြီး သူ၏ အပြစ်ကင်းသော မျက်လုံးအစုံမှာ လဲ့ဝူကျဲနှင့် တစ်ပုံစံတည်း တူနေသည်။

"လဲ့ဝူကျဲ... ဟန်ယီ... အဖေ ပြန်လာပြီ"

ဓားခန်းမအတွင်းသို့ ဝင်လာသည်နှင့် လဲ့မုန့်ရှားသည် လက်ထဲမှ ဒေသထွက်ပစ္စည်း အထုပ်ကြီးကို ချလိုက်ပြီး လဲ့ဝူကျဲနှင့် လီဟန်ယီထံသို့ ပျော်ရွှင်စွာ လျှောက်သွားတော့သည်။

"ဟွန့်..ရှင်က သားနဲ့သမီး ရှိသေးတယ်ဆိုတာ သိသေးတာပဲလား" လီရှင်းယွဲ့သည် လဲ့မုန့်ရှားနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်ရာ သူ ပြန်လာသည်ကို မြင်သဖြင့် ဝမ်းသာနေသော်လည်း အပေါ်ယံတွင်မူ အေးစက်စက် ဆက်ဆံနေမိသည်။

စစ်မြေပြင်မှာ တိုက်ခိုက်ဖို့ပဲ သိပြီး အိမ်မှာ ကျန်ခဲ့တဲ့ ဇနီးနဲ့ သားသမီးတွေကို မေ့နေတဲ့ ဒီခင်ပွန်းသည်ကို ဘယ်သူကများ အလိုလိုက်နေမှာလဲ။

"ဇနီးလေး ရှင်းယွဲ့ရာ... ငါ အခု ပြန်ရောက်လာပြီပဲ မဟုတ်လား" လဲ့မုန့်ရှားက သူ၏ ဇနီးသည် အနည်းငယ် စိတ်ဆိုးနေသည်ကို မြင်သောအခါ ရှက်ကိုးရှက်ကန်းနှင့် ပြုံးပြလိုက်သည်။

"ထားလိုက်ပါတော့... နှစ်သစ်ကူးမှာ ရှင်ကို ဆူမနေချင်တော့ဘူး။ လာထိုင်ပြီး အတူတူ စားကြရအောင်" ခင်ပွန်းဖြစ်သူ၏ လွမ်းနေရသော ရိုးသားသည့် အပြုံးကို မြင်လိုက်ရသဖြင့် လီရှင်းယွဲ့က ခေါင်းယမ်းကာ ပြောလိုက်သည်။

"ကောင်းပါပြီ" လဲ့မုန့်ရှားသည် ချက်ချင်းပင် ဝင်ထိုင်လိုက်သည်။

ထို့နောက် သူသည် နှစ်နှစ်သားအရွယ် သားဖြစ်သူကို ကြည့်ကာ "လဲ့ဝူကျဲ... ငါ ဘယ်သူလဲဆိုတာ သိလား" ဟု မေးလိုက်၏။

"ဦးလေးက ဘယ်သူလဲ" လဲ့ဝူကျဲက အူတူတူ ပုံစံဖြင့် ကြည့်ကာ မေးလိုက်သည်။သူ၏ ဖခင်အရင်းကို မတွေ့ရသည်မှာ နှစ်နှစ်နီးပါး ရှိပြီဖြစ်ရာ သဘာဝအတိုင်းပင် မမှတ်မိတော့ပါချေ။

မွေးကင်းစအချိန်က တွေ့ခဲ့ဖူးသည် ဆိုသော်လည်း မည်သူက ငယ်စဉ်က အကြောင်းအရာများကို မှတ်မိနိုင်ပါမည်နည်း။

"ငါက ဘယ်သူလဲ ဟုတ်လား။ ဟမ်.. ငါက မင်းရဲ့ အဖေအရင်းကွ" လဲ့မုန့်ရှားက သူ၏ ရိုးအလှသော သားဖြစ်သူကို မျက်စောင်းထိုး၍ ပြောလိုက်သည်။

"အဖေ"

လဲ့ဝူကျဲ မတုံ့ပြန်နိုင်ခင်မှာပင် လီဟန်ယီက ပြုံးရွှင်စွာဖြင့် အော်ခေါ်လိုက်သည်။

"ဟန်ယီ... မင်း တော်တော်ကြီးလာပြီပဲ၊ မင်းက မင်းအမေအတိုင်း တကယ့် အလှလေး ဖြစ်နေပြီ"

လဲ့မုန့်ရှားသည် သမီးဖြစ်သူမှာ လှပစွာကြီးပြင်းလာသည်ကို မြင်သောအခါ ပြုံး၍ ကြည့်လိုက်မိသည်။ ဤသမီးလေးမှာ တကယ့်ကို အရွယ်ရောက်လာပြီဖြစ်ရာမည်သည့် လူနုံအလေးနှင့်များ ဖူးစာဆုံမလဲဟု သူ တွေးနေမိသည်။

ဘေးနားရှိ လီကျန့်ယီကို လှည့်ကြည့်လိုက်သောအခါ လဲ့မုန့်ရှားမှာ ကျေနပ်သလိုလိုနှင့် စိတ်ရှုပ်သလိုလို ဖြစ်သွားရ၏။ တူဖြစ်သူက ရုတ်တရက် သမက် ဖြစ်သွားခြင်းမှာ ကောင်းသလိုလိုနှင့် ဆိုးသလိုလိုပင်။ကောင်းသည့်အချက်မှာ ဤတူလေးသည် တကယ့်ကို စွမ်းဆောင်ရည်ရှိပြီး သမီးဖြစ်သူကို ကာကွယ်ပေးနိုင်မည် ဖြစ်ခြင်းပင်။ ဆိုးသည့်အချက်မှာမူ သူ ပြုစုပျိုးထောင်လာသော သမီးလေးကို လီကျန့်ယီက အပိုင်ရသွားခြင်းအပေါ် ဖခင်တစ်ယောက်အနေဖြင့် အနည်းငယ် မကျေမနပ် ဖြစ်နေမိခြင်း ဖြစ်၏။

"ယီယီ... မင်း ငါ့သမီးလေးကို အနိုင်မကျင့်ပါဘူးနော်" လဲ့မုန့်ရှားက ယောက္ခထီးတစ်ယောက်၏ စူးရှသော အကြည့်ဖြင့် သမက်ဖြစ်သူ လီကျန့်ယီကို စစ်ဆေးလိုက်သည်။

"စိတ်မပူပါနဲ့ အဖေ... ကျွန်တော် သူမကို အနိုင်မကျင့်ပါဘူး" လီကျန့်ယီက 'အဖေ' ဟု သဘာဝကျကျပင် ခေါ်လိုက်သည်။

လဲ့ဝူကျဲတောင် ထိုမျှ သဘာဝမကျပါချေ။ ဤသည်ကို မြင်သောအခါ လဲ့မုန့်ရှားက သူ၏ အဖေကိုတောင် မမှတ်မိသော ပုန်ကန်တတ်သည့် သားဖြစ်သူ လဲ့ဝူကျဲကို ကြည့်လိုက်သည်။ ဒါက ဘယ်လို အပြုအမူမျိုးလဲ။

"လဲ့ဝူကျဲ... မင်းရဲ့ ယောက်ဖကို ကြည့်ဦး သူကတောင် 'အဖေ' လို့ ခေါ်တတ်သေးတယ်။ မင်းကတော့ စားဖို့ပဲ သိတယ်၊ ဒီကလေးကတော့" လဲ့မုန့်ရှားက ဘဲခြေထောက်ကို ကိုင်၍ ကိုက်နေသော လဲ့ဝူကျဲကို ဆူပူလိုက်သည်။

"ဟွန့်..လဲ့ဝူကျဲက လူအ မဟုတ်ပါဘူး" လဲ့ဝူကျဲက ပါးဖောင်းဖောင်းလေးဖြင့် ဘဲခြေထောက်ကို ဝါးရင်း လေးလေးနက်နက် ပြန်ပြောလိုက်၏။

"မင်းက တကယ့် လူအပဲ" လဲ့မုန့်ရှားကလည်း အတည်ပေါက် ပြန်ပြောလိုက်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး" လဲ့ဝူကျဲသည် ဒေါသထွက်လာကာ ခေါင်းကို တရစပ် ခါယမ်းနေတော့သည်။

"ဟဲဟဲ... မင်းကတော့ အရိုက်ခံချင်နေပြီ ထင်တယ် လဲ့ဝူကျဲ" လဲ့မုန့်ရှားသည် လဲ့ဝူကျဲကို ချီယူကာ ပေါင်ပေါ်မှောက်ခုံတင်ပြီး ဖင်ရိုက်ရန် ပြင်လိုက်သည်။

ဤသည်ကို မြင်သောအခါ လဲ့ဝူကျဲမှာ လန့်သွားကာ ထပ်မံ ငိုကြွေးပြန်တော့သည်။ သူ၏ အော်သံမှာ ဓားခန်းမတစ်ခုလုံး ဟိန်းထွက်သွားလေတော့၏။

"အမေ... အမေ၊ သားကို ကယ်ပါဦး"

"ယောက်ဖ... ကယ်ပါဦး"

"အစ်မ... ကယ်ပါဦး"

လဲ့ဝူကျဲသည် လီကျန့်ယီ၊ လီရှင်းယွဲ့နှင့် လီဟန်ယီတို့ကို သနားစဖွယ် အကြည့်များဖြင့် အကူအညီ တောင်းခံနေသည်။

"ဟွန့်... ကယ်မယ် ဟုတ်လား၊ ဒီနေ့ မင်း အဆုတ်ကွဲမတတ် အော်ငိုနေရင်တောင် ဘယ်သူမှ လာမကယ်ရဲစေရဘူး" လဲ့မုန့်ရှားက ချစ်သည့်စိတ်ကို သိုဝှက်ကာ ကြောက်စရာကောင်းသော အမူအရာဖြင့် လဲ့ဝူကျဲကို စိုက်ကြည့်လိုက်သည်။

သူတို့နှစ်ဦးမှာ တကယ့်ကို တူလွန်းလှသည်။ ကံမကောင်းစွာဖြင့် လီဟန်ယီနှင့် လီကျန့်ယီတို့မှာ ဖခင်ဖြစ်သူ လဲ့မုန့်ရှား၏ သားဖြစ်သူအပေါ် ဆုံးမမှုကို ဝင်ရောက် စွက်ဖက်ရန် မစွမ်းသာကြသဖြင့် လဲ့ဝူကျဲ၏ အကူအညီတောင်းမှု့ကို ကြည့်ကာ အားနာနေကြရသည်။

လီရှင်းယွဲ့တစ်ဦးသာ သက်ပြင်းချရင်း ပြောလိုက်သည်။

"အားနေရင် လဲ့ဝူကျဲနဲ့ အချိန်ပိုပေးဦး။ သူက ရှင်ကို အဖေမှန်းမှ မသိတာ၊ အဖေကို မမှတ်မိတဲ့ သားကို အပြစ်တင်လို့ ရမလား"

"ဒါက ရှင် သားကြီးပြင်းလာတဲ့ အချိန်မှာ အတူမရှိခဲ့လို့ မဟုတ်ဘူးလား"

သူမ စကားဆုံးသည်နှင့် လဲ့ဝူကျဲ၏ ဖင်ကို ရိုက်ရန် ရွယ်ထားသော လဲ့မုန့်ရှား၏ လက်မှာ ပြန်ကျသွားပြီး လဲ့ဝူကျဲကို သူ၏ ပေါင်ပေါ်တွင် သေချာ ပြန်ထိုင်ခိုင်းလိုက်သည်။

"လဲ့ဝူကျဲ... ငါက မင်းရဲ့ အဖေပဲ။ နောက်နောင် အဖေနဲ့ ပြန်ခံမ‌ ပြောဘူးနော်၊ သိလား" လဲ့မုန့်ရှားက စိတ်ရှည်လက်ရှည် သင်ကြားပေးလိုက်သည်။

"ဟွန့်..လဲ့ဝူကျဲက အဖေကို မလိုချင်ဘူး လဲ့ဝူကျဲမှာ အမေရှိရင် ရပြီ" လဲ့ဝူကျဲသည် သူကို ရိုက်ရန် ကြံစည်သော ဤဦးလေးကြီးကို စိတ်ထဲ တေးထားလိုက်ပြီ ဖြစ်သည်။ သူကို အဖေဟု ခေါ်ရန်မှာ ကောင်းကင်သို့ တက်ရသည်ထက် ခက်ခဲနေတော့မည် ဖြစ်၏။

"လွန်လွန်းတယ်၊ တကယ့်ကို လွန်လွန်းတယ်။ မင်းက အဖေလို့ ခေါ်ဖို့ အရိုက်ခံရမှ ဖြစ်မှာလား" လဲ့မုန့်ရှားသည် သားဖြစ်သူ၏ ခေါင်းမာမှုကြောင့် ဒေါသထွက်ကာ ထပ်မံ လက်ပါရန် ပြင်ပြန်သည်။

သို့သော် လီဆူးဝမ်က မကြည့်နိုင်တော့ဘဲ "မုန့်ရှား... မင်းကလည်း နည်းနည်းလောက် နူးနူးညံ့ညံ့ လုပ်ပါဦး။ မင်းက လဲ့ဝူကျဲကို အမြဲ ရိုက်နေမှတော့ ဘယ်သူက မင်းကို အဖေလို့ ခေါ်ချင်မှာလဲ" ဟု ပြောလိုက်ရသည်။

"မင်းသာ လဲ့ဝူကျဲအပေါ် ကောင်းကောင်း ဆက်ဆံရင် သူက လိမ္မာလာပြီး 'အဖေ' လို့ ခေါ်မှာပါ"

"ကောင်းပါပြီ... ဒီနေ့တော့ အဖေ့ မျက်နှာကို ထောက်ပြီး လွှတ်ပေးလိုက်မယ်" လဲ့မုန့်ရှားသည် လူအလေး လဲ့ဝူကျဲကို လွှတ်ပေးလိုက်သည်။

ထို့နောက် စားပွဲပေါ်မှ အရသာရှိသော အစားအစာများကို ကြည့်ကာ သူက ရယ်မောလျက် "နယ်စပ်မှာ နေ့တိုင်း ရိက္ခာခြောက်တွေပဲ စားနေရတာ၊ အခုမှပဲ ငါ့ဇနီး ရှင်းယွဲ့ ချက်တဲ့ ဟင်းကို ပြန်စားရတော့မယ်" ဟု ဆိုကာ ပျော်ရွှင်စွာ မြည်းစမ်းကြည့်တော့သည်။

တစ်ချိန်တည်းမှာပင် လွတ်လပ်ခွင့် ရသွားသော လဲ့ဝူကျဲသည် လီကျန့်ယီထံသို့ ချက်ချင်း ပြေးသွားကာ မကျေမနပ်ဖြစ်နေသော လေသံဖြင့် "ယောက်ဖ... အမေက ပြောတယ် ယောက်ဖက အရမ်းတော်တယ်ဆို၊ ဒါဆို ဘာလို့ ခုနက လူဆိုးကြီးကို လဲ့ဝူကျဲအစား ပြန်မရိုက်ပေးတာလဲ" ဟု မေးလိုက်သည်။

"သူကို ရိုက်ပေး၊ သူက လဲ့ဝူကျဲကို ရိုက်ချင်နေတာ"

လီကျန့်ယီ၏ ရင်ခွင်ထဲတွင် ပုန်းနေသော လဲ့ဝူကျဲသည် ထမင်းစားနေသော လဲ့မုန့်ရှားကို ရန်ငြိုးများဖြင့် ကြည့်နေလေသည်။

ဤသည်ကို မြင်သောအခါ လီကျန့်ယီမှာ ဆွံ့အသွားရသည်။ လဲ့မုန့်ရှားမှာမူ ထမင်းစားရင်း သီးသွားတော့မတတ် ဖြစ်သွားရှာသည်။

ကောင်းပါပြီ... ကောင်းပါပြီ။

သားဖြစ်သူက သူ၏ သမက်လောင်းကိုအကူအညီတောင်းပြီး အဖေအရင်းကို ပြန်ရိုက်ခိုင်းနေသည်ပေါ့။

All Chapters