← Chapters

အချီသုံးရာလောက် ချကျစို့

Vol. 13 Ch. 129

အချီသုံးရာလောက် ချကျစို့

Vol. 13 Ch. 129

နောက်တစ်နေ့သို့ ရောက်သောအခါ မိသားစုများ ပြန်လည်ဆုံစည်းကြသည့် နှစ်သစ်ကူးညစာစားပွဲ အခါသမယသို့ ရောက်ရှိလာသည်။ ယခုတစ်ကြိမ်တွင်မူ လဲ့မုန့်ရှားသည် အချိန်မီ ရောက်ရှိနေရုံသာမက စောစောစီးစီးလည်း ပြန်မသွားခဲ့ပါချေ။

ထို့ပြင် သူသည် ဓားနှလုံးဂူဗိမာန်၌ သုံးရက်တိုင်တိုင် နေထိုင်ခဲ့လေသည်။ မြောက်ပိုင်းနယ်စပ်ရှိ အခြေအနေများမှာ တည်ငြိမ်သွားပြီဖြစ်ပြီး အရေးကြီးသော ကိစ္စရပ်များ မရှိတော့သဖြင့် တိုင်းပြည်၏ ကျောက်တိုင်ကြီးသဖွယ်ဖြစ်သော စစ်သူကြီးတစ်ဦးအနေဖြင့် အမြဲစောင့်ကြည့်နေရန် မလိုအပ်တော့ပေ။

"အဖေ... မြောက်ပိုင်းနယ်စပ်က အခြေအနေတွေက စိတ်ချရပြီလား။ အရင်နှစ်တွေကလို အလျင်စလို ပြန်မသွားတော့ဘူးနော်"

ဓားနှလုံးကျောက်ဆောင်ပေါ်တွင် လီဟန်ယီသည် လီကျန့်ယီ ဓားကျင့်နေသည်ကို ကြည့်နေသော လဲ့မုန့်ရှားအား လှမ်းမေးလိုက်သည်။

"ဒါပေါ့၊ မင်းအဖေ တာဝန်ယူထားတာပဲ၊ တောင်ပိုင်းတပ်မတော်ဆိုတာ ရွှံ့ရုပ်တွေလိုပါပဲကွာ၊ တကယ့်ကို အားကိုးမရတဲ့ အကောင်တွေပါ။ ဒါကြောင့် အဖေက သူတို့ကို ရှင်းလင်းပြီးပြီဆိုတော့ အနားယူလို့ ရတာပေါ့" ဟု လဲ့မုန့်ရှားက ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ချဲ့ကားပြော၏။

"ဝိုး..ဒါဆိုရင် အဖေက တကယ်ကို တော်တာပဲ" ခရမ်းရောင်ဝတ်စုံနှင့် လီဟန်ယီသည် မျက်နှာကို လက်နှင့်အုပ်ကာ ပြုံးလိုက်မိသည်။

"ဟုတ်တာ‌ပေါ့၊ မင်းအဖေက ပေလီသခင်လေးရှစ်ယောက်ထဲက တစ်ယောက်လေ၊ အစွမ်းထက်တယ်ဆိုတာ အဖေကို ဖော်ပြဖို့ တစ်ခုတည်းသော စကားလုံးပဲ" လဲ့မုန့်ရှားသည် သမီးဖြစ်သူအား ကြွားဝါခွင့်ရသဖြင့် အလွန်ပင် ပျော်ရွှင်နေ၏။

"အင်း၊ ဒါဆိုရင် အဖေ... ယီယီနဲ့ တစ်ချက်လောက် လက်ရည်စမ်းကြည့်မလား" ဟု လီဟန်ယီက နောက်ပြောင်သော သဘောဖြင့် အကြံပြုလိုက်သည်။

လဲ့မုန့်ရှား "..."

လဲ့မုန့်ရှား၏ အမူအရာမှာ ချက်ချင်းပင် အေးခဲသွားသည်။လီကျန့်ယီသည် လွန်ခဲ့သော နှစ်အနည်းငယ်ကပင် ထျန်ချီမြို့ နန်းတွင်း၌ နံပါတ်တစ် အတော်ဆုံးပညာရှင်ကို သတ်ဖြတ်နိုင်ခဲ့သူ ဖြစ်ပြီး ယခုအခါ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ လွန်ခဲ့သော နှစ်များကထက်ပင် ပို၍ ကြောက်စရာကောင်းနေပေလိမ့်မည်။

ထို့ကြောင့် လဲ့မုန့်ရှား၏ တိုးတက်လာခဲ့သည် ဆိုသော်လည်း လီကျန့်ယီနှင့် ယှဉ်လျှင်မူ အဝေးကြီး လိုနေသေးသည်။

သမီးဖြစ်သူက လဲ့ဝူကျဲ လုပ်သလိုမျိုး အဖေဖြစ်သူကို အရှက်ခွဲဖို့ ကြံနေတာလား၊ အဲဒါတော့ လုံးဝ မဖြစ်နိုင်ပါဘူး။

"ဟန်ယီ... အဖေက ယီယီနဲ့ မယှဉ်တော့ပါဘူး။ ယီယီက အဖေ့ရဲ့ သမက်လောင်းပဲလေ။ အဖေက သူကို ရိုက်လိုက်လို့ သူက မင်းကို လက်ထပ်ပြီးမှ ပြန်ရိုက်နေရင် ဘယ်လိုလုပ်မလဲ" ဟု လဲ့မုန့်ရှားက သမီးဖြစ်သူကို စိုးရိမ်ပေးဟန်ဖြင့် ပြောလိုက်သည်။

"သမီးကို ရိုက်မယ် ဟုတ်လား" ခရမ်းရောင်ဝတ်စုံနှင့် လီဟန်ယီက လီကျန့်ယီကို မျက်စောင်းထိုး ကြည့်လိုက်၏။

"မလုပ်ပါဘူး... မလုပ်ပါဘူး" လီကျန့်ယီက အမြန်ပင် ပြန်ဖြေလိုက်သည်။

"အဖေ တွေ့ပြီလား။ ယီယီက သမီးကို ရိုက်ရဲမှာ မဟုတ်ဘူး" လီကျန့်ယီ၏ အဖြေကို ကြားပြီးနောက် လီဟန်ယီက လဲ့မုန့်ရှားကို တစ်ချက် ပြန်ကြည့်လိုက်ပြန်သည်။

ဤမိန်းကလေးမှာ အလျှော့မပေးမှန်း သိသဖြင့် လဲ့မုန့်ရှားသည် လီကျန့်ယီအား အဓိပ္ပာယ်ပါသော အကြည့်များဖြင့် အဆက်မပြတ် ကြည့်နေမိသည်။ လီကျန့်ယီသည်လည်း သူ၏ ယောက္ခထီးလောင်း၏ အကြည့်ကို သတိပြုမိသွားပြီး ခေတ္တစဉ်းစားကာ ယောက္ခထီးကို မျက်နှာသာပေးရန် ဆုံးဖြတ်လိုက်သည်။

"ဟန်ယီ... မင်းက ငါ့ကို အဖေနဲ့ လက်ရည်စမ်းခိုင်းတာ အပိုပဲ မဟုတ်လား။ အဖေ့ရဲ့ သိုင်းပညာကို မင်း မသိဘူးလား။ သူက ကျောင်းတော်ရဲ့ ဒုတိယမြောက် စီနီယာ အစ်ကိုကြီးပဲလေ၊သူရဲ့ အစွမ်းကလည်း ထိပ်တန်းမှာ ရှိတာပဲ၊ လက်ရည်စမ်းနေဖို့ မလိုပါဘူး" ဟု လီကျန့်ယီက ပြောလိုက်သည်။

"အော်" လီဟန်ယီက ခေါင်းညိတ်လိုက်၏။ ဖခင်ဖြစ်သူမှာ လီကျန့်ယီနှင့် မယှဉ်ပြိုင်လိုသည်ကို သူမ သိသလို လီကျန့်ယီကလည်း ယောက္ခထီးလောင်းကို အရှက်မခွဲလိုသည်ကို နားလည်လိုက်သည်။အခြေအနေက ဤသို့ဆိုလျှင် သူမလည်း ရွှေလမြို့တော်သို့ ပြန်ကာ ဓားကျင့်သင့်ပြီဟု တွေးလိုက်မိသည်။

"အဖေ၊ အမေ၊ ယီယီ... သမီး ဒီနှစ် အိမ်မှာ အချိန်အကြာကြီး နေပြီးပြီ။ အခုတော့ ရွှေလမြို့တော်ကို ပြန်ပြီး ဓားကျင့်ရမယ့် အချိန်ရောက်ပြီ၊ နောက်တစ်ခါ ဆုံတဲ့အခါကျရင် သမီးရဲ့ ကျင့်ကြံမှုတွေ တိုးတက်လာမှာ အသေအချာပဲ" လီဟန်ယီက တက်ကြွသော စိတ်ဖြင့် လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။

"ကောင်းပါပြီ သမီးရယ်၊ ဆရာနဲ့အတူ ဓားပညာကို ကြိုးကြိုးစားစား ကျင့်ကြံပါ။ တစ်‌လောကလုံးက မင်းရဲ့ နာမည်ကို သိမဲ့နေ့ကို အဖေ စောင့်မျှော်နေမယ်" လဲ့မုန့်ရှားက မျှော်လင့်တကြီး ကြည့်ကာ ပြောလိုက်၏။ အကြီးအကဲ လီချန်းရှန်၏ တပည့်ဖြစ်လာသူမှန်သမျှမှာ ကျော်ကြားသော ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။

"အမေလည်း သမီး နာမည်ကျော်ကြားမဲ့နေ့ကို စောင့်နေမယ်နော်" လီရှင်းယွဲ့ကလည်း သူမ၏သမီး အောင်မြင်သည်ကို မြင်ချင်နေသည်။

"အစ်မ... လဲ့ဝူကျဲလည်း အစ်မ နာမည်ကြီးမဲ့ နေ့ကို စောင့်နေမယ်နော်" ဖက်တီးနဂါးလေးနှင့် ကစားနေသော လဲ့ဝူကျဲကလည်း အစ်မဖြစ်သူ ထွက်ခွာတော့မည်ကို မြင်သောအခါ လဲ့မုန့်ရှားနှင့် လီရှင်းယွဲ့တို့ကဲ့သို့ပင် လိုက်ပြောသည်။

"ကောင်းပြီ လဲ့ဝူကျဲ... မင်းလည်း အစ်မ သင်ပေးခဲ့တဲ့ ဓားပညာတွေကို သေချာမှတ်ထားနော်၊ ကျင့်ဖို့ ပျင်းမနေနဲ့ဦး၊ မဟုတ်ရင် နောက်တစ်ခါ အစ်မ ပြန်လာတဲ့အခါ မင်းကို ရိုက်မှာနော်" လီဟန်ယီက လဲ့ဝူကျဲကို ခြောက်လှန့်သည့်အနေဖြင့် ခက်ထန်သောပုံစံ ဖမ်းလိုက်သည်။

"ဟုတ်ကဲ့ပါ၊ အစ်မ အခုပဲ သွားတော့လေ၊ လဲ့ဝူကျဲက အစွမ်းကုန် ကြိုးစားပါ့မယ်" အစ်မဖြစ်သူက ထပ်မံ ခြောက်လှန့်သည်ကို မြင်သောအခါ လဲ့ဝူကျဲသည် လီရှင်းယွဲ့၏ နောက်တွင် အမြန်ပုန်းကာ လီဟန်ယီကို သွားခိုင်းလေတော့သည်။

ဤမြင်ကွင်းက လူတိုင်းကို ရယ်မောစေသည်။ လီဟန်ယီက ဒေါသတကြီးဖြင့် ခြေဆောင့်ကာ "လဲ့ဝူကျဲ... မင်းက ငါ့ကို တကယ်ကြီး သွားစေချင်တာလား" ဟု မေးလိုက်၏။

လဲ့ဝူကျဲသည် လီရှင်းယွဲ့၏ အဝတ်ကို မြဲမြံစွာကိုင်ကာ သူမ၏ နောက်တွင် ပုန်းနေပြီး လီဟန်ယီကို မကြည့်ရဲဘဲ တိတ်တိတ်လေး နေနေသည်။

အဘယ်ကြောင့်ဆိုသော် အစ်မဖြစ်သူမှာ ဓားကျင့်ပေးစဉ်က အလွန်ပင် တည်ကြည်လေးနက်ပြီး အမှားအယွင်းလေး တစ်ခုခုရှိလျှင်ပင် ဆူပူတတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် နောင်တွင် သူသာ ဓားကို သေချာမကျင့်လျှင် လီဟန်ယီက မည်သို့ အပြစ်ပေးမည်ကို သူ စိတ်ပင် မကူးရဲတော့ပါချေ။

"လဲ့ဝူကျဲ... မင်းက စကားမပြောဘူးပေါ့ ဟုတ်လား။ အမေ့နောက်မှာ ပုန်းနေရင် ရမယ် ထင်နေတာလား။ ငါ မင်းကို ဆွဲထုတ်လိုက်ရမလား" လီဟန်ယီက မျက်စောင်းထိုးကာ လဲ့ဝူကျဲကို ဖမ်းရန် ပြင်လိုက်သည်။

လဲ့ဝူကျဲမှာ ကြောက်လန့်တကြားဖြစ်သွားပြီး လီကျန့်ယီကို အမြန်ပင် အကူအညီတောင်းလိုက်သည် "ယောက်ဖ.. ယောက်ဖ ရဲ့ မိန်းမကို ထိန်းပါဦး၊ သူမ... သူမက လဲ့ဝူကျဲကို အနိုင်ကျင့်တော့မယ်လို့"

"ဟွန့်...ယောက်ဖကိုခေါ်နေလည်း မရဘူးနော်" လီဟန်ယီက ဒေါသတကြီးဖြင့် လဲ့ဝူကျဲထံသို့ လျှောက်သွားသည်။

သို့သော် လမ်းတစ်ဝက်တွင် လီကျန့်ယီက သူမကို ရုတ်တရက် ရင်ခွင်ထဲသို့ ဆွဲပွေ့လိုက်ပြီး "ဟန်ယီ... ကိုယ် မင်းကို လိုက်ပို့ပေးမယ်" ဟု ပြောလိုက်၏။

"ဟမ်"

မောင်လေးဖြစ်သူကို ဆုံးမနေသည်ကို တားမြစ်လိုက်ပြီး ဆွဲဖက်ခံလိုက်ရသောကြောင့် လီကျန့်ယီကို ကြည့်ကာ လီဟန်ယီ၏ မျက်နှာနီမြန်းသွားသည်။

"ဟေး... ကိုယ် ဒီမှာ ရှိတယ်၊ ဟန်ယီ... နောက်တစ်ခါကျရင် ကိုယ့်ကို '‌ ယောင်္ကျား' လို့ ခေါ်ဖို့ မှတ်ထားဦးနော်၊ မင်းက လဲ့ဝူကျဲကို အတုယူသင့်တယ်" လီကျန့်ယီသည် လဲ့ဝူကျဲ၏ အကူအညီတောင်းမှု့ကို အလွန်ပင် ကျေနပ်သွားခဲ့သဖြင့် ယခုတစ်ကြိမ်တွင် သူကို ကယ်တင်ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"ယီယီ... မင်း... မင်း အိပ်မက်မက်နေတာပဲ" လီဟန်ယီသည် ရှက်ရှက်နှင့် လီကျန့်ယီ၏ ရင်ခွင်ထဲတွင် ပုန်းကာ သူကို မကြည့်ရဲတော့ပါဤလူမှာ တကယ့်ကို အရှက်မရှိခြင်းပင်။ သူမကို လက်တောင်မထပ်ရသေးဘဲ ' ယောင်္ကျား' ဟု အခေါ်ခံချင်နေသည်တဲ့လား။

"အိပ်မက်မက်တယ် ဟုတ်လား၊ ကိုယ် အဲ့ဒါကို အိပ်မက်မက်ဖူးတယ်" လီကျန့်ယီက တဟဲဟဲ ရယ်လိုက်ပြီး "ကဲပါ ဟန်ယီ... ကိုယ် မင်းကို လိုက်ပို့ပေးမယ်" ဟု ပြောလိုက်သည်။

လီကျန့်ယီ၏ မရဏဓားမှာ ချက်ချင်းပင် ရောက်ရှိလာသည်။ လီဟန်ယီကို ပွေ့ချီလျက် လီကျန့်ယီသည် မရဏဓားပေါ်သို့ တက်လိုက်ပြီး လေထဲသို့ ဝူးခနဲ ပျံတက်သွားကာ တိမ်တိုက်များထဲသို့ တိုးဝင်သွားလေတော့သည်။လဲ့ဝူကျဲမှာ ထိုမြင်ကွင်းကို မြင်ပြီး မှင်တက်သွားသည်။

"အဖေ၊ အမေ၊ အစ်မနဲ့ ယောက်ဖတို့ ကောင်းကင်ပေါ် ပျံတက်သွားကြပြီ" လဲ့ဝူကျဲသည် တိမ်တိုက်များထဲသို့ ပျံတက်သွားသော သူတို့ကို အားကျသော အကြည့်ဖြင့် ကြည့်နေမိသည်။

"ဟုတ်တယ်... မင်းရဲ့ ယောက်ဖက အရင်တုန်းက မင်းအဖေရဲ့ အရှက်မရှိတဲ့ ပုံစံအတိုင်းပဲ" လီရှင်းယွဲ့က ကောင်းကင်သို့ ပျံတက်သွားသော လီကျန့်ယီကို ကြည့်ကာ လွန်ခဲ့သော နှစ်များက လဲ့မုန့်ရှား သူမနောက်သို့ လိုက်ခဲ့ပုံနှင့် မည်မျှ တူညီသည်ကို တွေးတောမိရင်း ပြောလိုက်သည်။သူတို့၏ အရှက်မရှိပုံက တူနေလေသည်။

"ရှင်းယွဲ့... အရှက်မရှိတာက ဘာကို ဆိုလိုတာလဲ။ မင်းက ပေလီသခင်လေးရှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကျော်မော့ရဲ့ ခန့်ညားတဲ့ ရုပ်ရည်ကြောင့် စွဲလန်းခဲ့တာ မဟုတ်ဘူးလား..."

လဲ့မုန့်ရှား စကားမဆုံးခင်မှာပင် လီရှင်းယွဲ့က အန်ချင်ဟန် ပြလိုက်သည် "တော်ပါတော့... ကျွန်မ ခဏလောက် သွားအန်ဦးမယ်"

လဲ့မုန့်ရှား "..."

ကောင်းပါပြီ... ကောင်းပါပြီ။

ရှင်းယွဲ့ရာ... မင်းက ဘယ်လိုဖြစ်ပြီး အဲဒီလို တုံ့ပြန်ရတာလဲ။ ငါ့ကို တကယ်ကြီး မျက်နှာမထောက်တော့ဘူးပဲ။

လဲ့မုန့်ရှားသည် စိတ်ထဲမှ ကြုံးဝါးနေသော်လည်း ထွက်သွားသော လီရှင်းယွဲ့ကို ကြည့်ကာ ဘာမှ မပြောရဲပါချေ။

သူသည် တိမ်တိုက်များဆီသို့ မော့ကြည့်ကာ "ဒီကောင်စုတ်လေး၊ ငါ့သမီးနဲ့တောင် လက်မထပ်ရသေးဘဲနဲ့ ၊ငါ့ သမီကို 'ယောင်္ကျား'ဟု ခေါ်ခိုင်းရဲတယ်ပေါ့လေ၊ အဖေဖြစ်တဲ့ ငါ့ကို လုံးဝ ထည့်မတွက်ဘူးပဲ"ဟု အော်ဟစ်လိုက်သည်။သူ့ရှေ့တင်တင်မှာပင် သမီးဖြစ်သူကို ဖွန်ကြောင်နေသည် မဟုတ်ပါလား။

"ယီယီ... မင်း ပြန်လာတဲ့အခါကျရင် မင်းနဲ့ ငါ အချီသုံးရာလောက် တိုက်ကြရအောင်"

"ရပါတယ် အဖေ... စောင့်နေလိုက်နော်"

တိမ်တိုက်ပေါ်တွင် လီဟန်ယီကို ပွေ့ထားသော လီကျန့်ယီက ပြုံး၍ လှမ်းထူးလိုက်သည်။

လဲ့မုန့်ရှား "..."

ငါ ပြောတာကို ကောင်းကင်ပေါ်ကနေ ဘယ်လိုဖြစ်ပြီး ကြားနေရတာလဲ။မင်းတို့တွေက ငါ အရှက်ကွဲတာကိုပဲ ထိုင်ကြည့်ချင်နေကြတာ မဟုတ်လား။

All Chapters