← Chapters

ဆရာကတော်

Vol. 13 Ch. 130

ဆရာကတော်

Vol. 13 Ch. 130

ကျယ်ပြောလှသော တိမ်တိုက်များထဲတွင် လီဟန်ယီသည် ပထမဆုံးအကြိမ်အဖြစ် ပျံသန်းရသည့် ခံစားချက်ကို တွေ့ကြုံနေရပြီး လီကျန့်ယီ၏ ရင်ခွင်ထဲသို့ တိုးဝင်ကပ်ထားမိသည်။ သူမသည် မိမိကိုယ်ကို '‌ ယောင်္ကျား' ဟု ခေါ်ခိုင်းနေသော ဤလူဆိုးကြီးကို မော့ကြည့်လိုက်ရာ သူသည် တစ်နေ့ထက်တစ်နေ့ ပို၍ ချောမောလာရုံသာမက သူမကို ဆွဲဆောင်ဖြားယောင်းရာတွင်လည်း ပို၍ ကျွမ်းကျင်လာသည်ကို တွေ့လိုက်ရ၏။

"ယီယီ... မင်း တကယ်ကို ပြောင်းလဲသွားပြီပဲ" လီဟန်ယီသည် မျက်နှာလေး နီမြန်းလျက် လှပသော မျက်လုံးအစုံဖြင့် လီကျန့်ယီကို စိုက်ကြည့်ကာ ပြောလိုက်သည်။လီကျန့်ယီက ခေါင်းငုံ့ကာ တိုးတိုးလေး ရယ်မောလိုက်ပြီး "ကိုယ် ဘယ်တုန်းကမှ မပြောင်းလဲပါဘူး" ဟု ပြန်ပြောသည်။

"မဟုတ်တာ၊ ငယ်ငယ်တုန်းကဆိုရင် မင်းက ငါ့ကို လုံးဝ အဖက်မလုပ်ဘူး။ မင်းနဲ့အတူ ဆော့ဖို့အတွက် ငါက အစားအသောက်တွေနဲ့တောင် မြှူဆွယ်ခဲ့ရတာလေ" လီဟန်ယီသည် ငယ်စဉ်က အကြောင်းအရာများကို ပြန်တွေးမိပြီး အနည်းငယ် မယုံနိုင်သလို ဖြစ်နေမိသည်။

'မိန်းမတွေက ငါ့ရဲ့ ဓားကျင့်နှုန်းကို နှေးကွေးစေတယ်လို့' တစ်ချိန်က ပြောခဲ့တဲ့သူက အခုကျတော့။

ဤသည်ကို တွေးမိသောအခါ လီဟန်ယီ၏ လှပသော မျက်နှာလေးမှာ ပို၍ နီမြန်းကာ ဆွဲဆောင်မှု့ ရှိလာတော့သည်။ လီကျန့်ယီသည် မအောင့်နိုင်တော့ဘဲ ငုံ့ကာ လီဟန်ယီ၏ နီမြန်းနေသော ပါးပြင်လေးကို နမ်းလိုက်၏။

"ယီယီ..." လီကျန့်ယီ၏ တည်ကြည်ခန့်ညားသော မျက်နှာကို ကြည့်ရင်း လီဟန်ယီက သူ၏လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်သည်။

"ထပ်လိုချင်သေးတာလား"

လီဟန်ယီက သူ၏လည်ပင်းကို ဖက်လိုက်သည်ကို မြင်သောအခါ လီကျန့်ယီက သူမ၏ နှုတ်ခမ်းနီနီလေးကို မရိုးသားသော အကြည့်ဖြင့် ကြည့်လိုက်သည်။

လီကျန့်ယီ၏ ပြင်းပြသော အကြည့်ကို မြင်လိုက်ရသောအခါ လီဟန်ယီသည် သူမ၏ ဆရာကတော်နှင့် မိခင်ဖြစ်သူတို့ ပြောခဲ့ဖူးသည်များကို ရုတ်တရက် သတိရသွားပြီး လီကျန့်ယီ၏ လည်ပင်းကို ပြန်လွှတ်ပေးလိုက်ကာ "ယီယီ... မြန်မြန်သွားတော့၊ ငါ့ကို လာမကြည့်နဲ့တော့" ဟု ပြောလိုက်တော့သည်။

"ကောင်းပါပြီ" လီကျန့်ယီသည် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပြီးဖြစ်ရာ နောက်ထပ် တစ်နှစ်ခန့် ထပ်မံစောင့်ဆိုင်းရခြင်းမှာ သူအတွက် ကိစ္စမရှိပါချေ။

........

ရွှေလမြို့တော်။

လီကျန့်ယီသည် လီဟန်ယီကို ရွှေလမြို့တော်အထိ လိုက်လံပို့ဆောင်ပေးသည်။ နတ်ဓားရှင်၏ ရွှေလမြို့တော် ခရီးစဉ်မှာ တကယ့်ကို ကြွားဝါးလွန်းသဖြင့် လီကျန့်ယီ ရောက်လာချိန်တွင် လီချန်းရှန်မှာ ကြိုတင် စောင့်ဆိုင်းနေနှင့်ပြီ ဖြစ်၏။

"သခင်လေးလီ... မင်းနဲ့ ငါ့ရဲ့ ဒုတိယတပည့်မတို့ကြားက ဆက်ဆံရေးက နောက်ပိုင်းမှာ တကယ့်ကို ထိန်းမရအောင် ဖြစ်လာပြီပဲ" လီချန်းရှန်က လီကျန့်ယီကို ကြည့်ကာ အားရပါးရ ရယ်မောရင်း ပြောလိုက်၏။

"အကြီးအကဲလီ... ကျွန်တော်နဲ့ ဟန်ယီက အမြဲတမ်း ဆက်ဆံရေး ကောင်းခဲ့တာပဲ မဟုတ်လား" ဟု လီကျန့်ယီက ပြုံးလျက်ပြန် မေးလိုက်သည်။

"ဟုတ်ပါ့... ဟုတ်ပါ့၊ မင်းနဲ့ ဟန်ယီက ဆက်ဆံရေး အရမ်းကောင်းတာပေါ့" ထိုသို့ မေးခွန်းထုတ်ခံရသောအခါ လီချန်းရှန်မှာ "ဟုတ်ပါ့" ဟုသာ ထပ်ခါတလဲလဲ ပြန်ပြောနိုင်တော့သည်။

"ဒါနဲ့ သခင်လေးလီ... မင်း ရွှေလမြို့တော်ကို ရောက်တုန်းရောက်ခိုက် ရက်အနည်းငယ်လောက် နေသွားပါဦးလား" ဟု လီချန်းရှန်က ဖိတ်ခေါ်လိုက်၏။

"ကောင်းပါပြီ" လီကျန့်ယီက ငြင်းဆိုခြင်း မပြုခဲ့ချေ။

ထို့နောက် လီချန်းရှန်၏ ဖိတ်ခေါ်မှု့အရ သူတို့သည် မြို့စားမင်း စံအိမ်သို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် ဆံပင်ကို မြင်းမြီးပုံစံ စည်းထားသော နှစ်နှစ်အရွယ် စစ်ကုန်းချန်ဖုန်း၏ သမီးငယ်လေးနှင့် ခြောက်နှစ်အရွယ် ကျီရွယ်တို့ကဆော့ကစားနေသည်ကို တွေ့ရသည်။

ကျီရွှယ်လေးသည် လီကျန့်ယီ ရောက်လာသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာ ပြေးလာပြီး "အစ်ကိုကြီး ယီယီ" ဟု လှမ်းခေါ်လိုက်သည်။

"အင်း... ကျီရွှယ်လေးတောင် တော်တော် ကြီးလာပြီပဲ" လီကျန့်ယီက ကျီရွှယ်ကို ပွေ့ချီလိုက်ပြီးနောက် ပြန်ချပေးလိုက်သည်။ ဤမိန်းကလေးငယ်မှာ ကြီးလာရုံသာမက ကိုယ်အလေးချိန်လည်း တိုးလာပုံရ၏။

"အစ်ကိုကြီးယီ... ကျီရွှယ်ကို ချန်းစန်းတောင်ပေါ် ခေါ်သွားပြီး နှင်းလူရုပ် လုပ်ပေးမလား" ကျီရွယ်က မျှော်လင့်တကြီး ကြည့်ကာ မေးလိုက်သည်။

"ကောင်းပြီလေ" လီကျန့်ယီက ခေါင်းညိတ်လိုက်သည်။

"အစ်ကို... အစ်ကို... ညီမလေးလည်း နှင်းလူရုပ် လုပ်ချင်တယ်..." စစ်ကုန်းချန်ဖုန်း၏ သမီးလေးမှာ လီကျန့်ယီနှင့် တွေ့စဉ်က ငယ်လွန်းသေးသဖြင့် သူကို သေချာမမှတ်မိပါချေ။ သို့သော် သူမသည် ကျီရွယ်နှင့်အတူ နှင်းလူရုပ် သွားလုပ်ချင်သဖြင့် သတ္တိမွေးကာ လီကျန့်ယီကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေသည်။

"ကောင်းပါပြီ... သမီးလေးကိုလည်း အစ်ကိုကြီးယီက နှင်းလူရုပ် လုပ်ဖို့ ခေါ်သွားပေးမယ်" လီကျန့်ယီက ဆံပင်မြင်းမြီးစလေးနှင့် မိန်းကလေးငယ်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

"ကျေးဇူး... ကျေးဇူးတင်ပါတယ် အစ်ကိုကြီးယီ" စစ်ကုန်းချန်‌လျော့မှာ ရှက်ကိုးရှက်ကန်းနှင့် မျက်နှာလေး နီမြန်းသွား၏။

"ရပါတယ်" လီကျန့်ယီက ပြုံးလျက် သူမ၏ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။

"ဒါနဲ့... သမီးလေးရဲ့ အဖေနဲ့အမေက ဘယ်မှာလဲ" မြို့စားမင်း စံအိမ်သို့ ရောက်သော်လည်း စစ်ကုန်းချန်ဖုန်းတို့ကို မတွေ့ရသဖြင့် လီကျန့်ယီက မေးလိုက်သည်။

"အဖေနဲ့ ဦးလေးပိုင်လီက သိုင်းကျင့်ဖို့ သွားကြတယ်။ အမေနဲ့ အစ်မရွဲ့ယောင်ကတော့ သမီးနဲ့ အစ်မအတွက် အဝတ်တွေ ရက်ပေးနေကြတယ်" ဟု ကလေးငယ်က သူမ၏ ကလေးသံလေးဖြင့် ပြန်ဖြေသည်။

"ဪ... ဟုတ်လား။ ဒါဆို အစ်ကိုကြီးယီက သမီးတို့ကို ချန်းစန်းတောင်ပေါ် ခေါ်သွားပြီး နှင်းလူရုပ် လုပ်ပေးရမလား" ဟု လီကျန့်ယီက မေးလိုက်၏။

"ဟုတ်ကဲ့" မိန်းကလေးငယ်လေးက အမြန် ခေါင်းညိတ်ပြသည်။

ထို့နောက် လီကျန့်ယီသည် ချန်လျော့နှင့် ကျီရွှယ်တို့ကို ခေါ်ဆောင်ကာ ချန်းစန်းတောင်ပေါ်သို့ တက်သွာသည်။

တောင်ပေါ်သို့ ရောက်သောအခါ ကလေးငယ်နှစ်ဦးမှာ ဝါဂွမ်းထည့်ထားသော အနွေးထည် ထူထူကြီးများကြောင့် ထမင်းထုပ်ကလေးများကဲ့သို့ လုံးတစ်နေကြလေသည်။

"ညီမလေး... မြန်မြန်လာ"

ကျီရွှယ်သည် သူမ၏ ညီမလေးရဲ့ လက်ကလေးကို ဆွဲကာ နှင်းများ ပိုများသော နေရာသို့ ပြေးသွားကြသည်။ ထို့နောက် ကလေးငယ်နှစ်ဦးသည် နှင်းလူရုပ် ပြုလုပ်ရန် ကြိုးစားကြတော့၏။

လီဟန်ယီမှာမူ အနီးအနားတွင် ဓားကျင့်နေသည်။ လီကျန့်ယီသည် ရှားရှားပါးပါး အားလပ်ချိန် ရခဲ့သဖြင့် ကလေးငယ်နှစ်ဦး တစ်စုံတစ်ရာ မဖြစ်စေရန် စောင့်ကြည့်ပေးရင်း တစ်ဖက်မှလည်း လီဟန်ယီ၏ ဓားကွက်များကို ကြည့်ရှုနေသည်။

တစ်နာရီခန့် အကြာတွင် နှင်းလူရုပ်မှာ ရုပ်လုံးပေါ်လာပြီး လီဟန်ယီလည်း ဓားကျင့်ခြင်းကို ရပ်နားလိုက်သည်။ သူမသည် ကလေးငယ်များအနားသို့ ရောက်လာပြီးနောက် အားလပ်ချိန် အနည်းငယ်ယူကာ သူတို့နှင့်အတူ နှင်းလူရုပ် ဝိုင်းလုပ်ပေးသည်။

မကြာမီ ချန်းစန်းတောင်ပေါ်တွင် နှင်းလူရုပ် ငါးရုပ်မှာ လေနှင့်နှင်းကို အံတုလျက် လီကျန့်ယီတို့အဖွဲ့ကို ပြုံး၍ ကြည့်နေကြသည့်အလား ပေါ်ထွက်လာ၏။

"နောက်ဆုံးတော့... နောက်ဆုံးတော့ ပြီးသွားပြီ" ကျီရွှယ်နှင့်ချန်လျော့တို့သည် သူတို့၏ လက်ရာကို ကြည့်ကာ ချိုမြိန်သော အပြုံးလေးများဖြင့် ပျော်ရွှင်နေကြသည်။

"ဟုတ်တယ်...သမီးလေးတို့က တကယ့်ကို တော်တာပဲ" လီဟန်ယီက ချီးကျူးလိုက်သည်။

"အစ်မဟန်ယီကလည်း တော်တာပဲ" ကလေးမလေးနှစ်ယောက်မှာ လီဟန်ယီကို ဝိုင်းအုံကာ ပျော်ရွှင်နေကြသည်။

ခေတ္တမျှ ဆော့ကစားပြီးနောက် ချန်လျော့က ရပ်လိုက်ပြီး လီဟန်ယီနှင့် လီကျန့်ယီတို့ကို ရှက်ကိုးရှက်ကန်း ကြည့်ကာ "အစ်မဟန်ယီ... အစ်ကိုကြီးယီ... သမီး ဗိုက်ဆာပြီ..." ဟု ပြောလိုက်သည်။

"ဗိုက်ဆာပြီလား" လီကျန့်ယီနှင့် လီဟန်ယီတို့သည် နေ၏ အရိပ်ကို ကြည့်ကာ မွန်းတည့်ချိန် ရောက်နေပြီဖြစ်သဖြင့် နေ့လယ်စာ စားရန် အချိန်တန်ပြီဖြစ်ကြောင်း သိလိုက်ရသည်။

"သမီးလေး... လာ၊ အစ်မဟန်ယီက အဖွားဆီမှာ နေ့လယ်စာ သွားစားဖို့ ခေါ်သွားပေးမယ်" လီဟန်ယီက ချန်းလျော့ကို ပွေ့ချီကာ ကျီရွယ်ကို လက်ဆွဲလျက် ချန်းစန်းတောင်ပေါ်မှ ဆင်းလာကြလေသည်။

ဆယ့်ငါးမိနစ်ခန့် အကြာတွင် နှင်းလူရုပ် လုပ်ပြီးနောက် သူတို့တစ်စုသည် မြို့စားမင်းစံအိမ်သို့ ပြန်ရောက်လာကြပြီး ထူထဲသော ဝါဂွမ်းအနွေးထည်များကို ချွတ်လိုက်ကြသည်။ ချန်းစန်းတောင်ပေါ်တွင် အေးသော်လည်း အပြင်ဘက်တွင်မူ နွေးထွေးနေပြီ ဖြစ်၏။

"အမေ... အမေ"

စံအိမ်သို့ ပြန်ရောက်သောအခါ ချန်‌လျော့သည် ဖုန်းချူးယွီကို မြင်သည်နှင့် ပျော်ရွှင်စွာ ပြေးသွားဖက်သည်။

"အင်း... သမီးလေး ဘယ်တွေ သွားဆော့နေတာလဲ" ဖုန်းချူးယွီက သမီးလေးကို ချီမလိုက်ပြီး ပြုံး၍ မေးလိုက်သည်။

"အစ်ကိုကြီးယီနဲ့ အစ်မဟန်ယီက သမီးကို ချန်းစန်းတောင်ပေါ် ခေါ်သွားပြီး နှင်းလူရုပ် သွားလုပ်တယ်" ဟု ကလေးငယ်က စိတ်လှုပ်ရှားစွာ ပြောပြသည်။

"ဟုတ်လား၊ သမီးလေးက ပျော်ရဲ့လား" ဖုန်းချူးယွီက သမီးလေး၏ ခေါင်းကို ပုတ်ကာ မေးလိုက်၏။

"ဟုတ်၊ သမီး အရမ်းပျော်တယ်" ကလေးမလေးက လိမ္မာစွာ ခေါင်းညိတ်ပြသည်။

"သမီးလေး ပျော်ရင် ပြီးတာပါပဲ" ဖုန်းချူးယွီက ပြုံးလိုက်ပြီး လီဟန်ယီနှင့် လီကျန့်ယီတို့ကို ကြည့်ကာ "ဟန်ယီနဲ့ သခင်လေးလီ... သမီးလေးကို ကူထိန်းပေးလို့ ကျေးဇူးတင်ပါတယ်နော်" ဟု အားနာစွာပြောလိုက်သည်။

"ကိစ္စမရှိပါဘူး" လီဟန်ယီနှင့် လီကျန့်ယီတို့က ပြုံးလျက် လက်ကာပြကြ၏။

"ဒါနဲ့ အစ်မဖုန်း... သမီးလေးက ဗိုက်ဆာနေပြီတဲ့၊ သူမကို နေ့လယ်စာ ကျွေးလိုက်ပါဦး" လီဟန်ယီက ကလေးငယ် ဗိုက်ဆာနေသည်ကို သတိရကာ သတိပေးလိုက်သည်။

ထိုစဉ်မှာပင် ဆရာကတော် လော့ရွှေသည် ပြင်ဆင်ထားသော အစားအစာများကို အိမ်ရှေ့ကွင်းပြင်ရှိ ထမင်းစားပွဲပေါ်သို့ ယူဆောင်လာနေပြီဖြစ်သည်။ "သမီးလေးက ဗိုက်ဆာနေပြီလား၊ အဖွားက အရသာရှိတာတွေ ပြင်ထားတယ်၊ လာစားကြတော့"

"ကျေးဇူးတင်ပါတယ် အဖွား" ချန်လျော့လေးသည် ပျော်ရွှင်စွာဖြင့် လော့ရွှေထံသို့ သွား‌၏။

လော့ရွှေသည် လီကျန့်ယီ ရောက်လာသည်ကို မြင်သောအခါ "သခင်လေးလီ... ထိုင်ပါဦး၊ အဖွားရဲ့ လက်ရာကို မြည်းစမ်းကြည့်ပါဦး" ဟု နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာကတော်" လီကျန့်ယီက ယဉ်ကျေးစွာဖြင့် ဝင်ထိုင်လိုက်သည်။

"ဆရာ... ဆရာကတော် ဟုတ်လား" လော့ရွှေသည် အံ့အားသင့်သွားကာ သူမ၏ လှပသော မျက်လုံးအစုံမှာ ဝိုင်းစက်သွားရ၏။

လီဟန်ယီက မျက်နှာလေး နီမြန်းလျက် ရှက်ကိုးရှက်ကန်းနှင့် "ဆရာကတော်... ယီယီကို ဂရုမစိုက်ပါနဲ့။ သူ... သူက အဲ့ဒီလိုပဲ လုပ်တတ်တာ" ဟု ပြောလိုက်သည်။

"ဟုတ်လား၊ ကြည့်ရတာ ဟန်ယီလည်း မကြာခင် လက်ထပ်တော့မှာ ထင်တယ်" လော့ရွှေက လီကျန့်ယီ၏ 'ဆရာကတော်' ဟူသော အခေါ်အဝေါ်ကို လွယ်လင့်တကူ လက်ခံလိုက်ပြီး လီဟန်ယီကို နောက်ပြောင်လိုက်သည်။

လီချန်းရှန်မှာမူ လော့ရွှေ အံ့အားသင့်နေသည်ထက် ပို၍ စိတ်လှုပ်ရှားနေပြီး "ယီယီ... မင်းက သူမကို 'ဆရာကတော်' လို့တောင် ခေါ်နေပြီပဲ၊ ငါ့ကိုရော 'ဆရာ' လို့ မခေါ်ချင်ဘူးလား" ဟု မေးလိုက်၏။

"အကြီးအကဲလီ... အရက်နဲ့ သောက်ဖို့ မုန့်တွေ ဘာတွေ မရှိဘူးလား" ဟု လီကျန့်ယီက အူတူတူ ပုံစံဖြင့် မေးလိုက်လေသည်။

လီကျန့်ယီက သူကို 'ဆရာ' ဟု ခေါ်မည့်အရေးကို ယုံကြည်မှု့အပြည့်ဖြင့် စောင့်နေသော လီချန်းရှန်မှာ ဆွံ့အသွားတော့သည်။

ကောင်းပါပြီ... ကောင်းပါပြီ။

မင်းက ငါ့ကို ဆရာလို့တောင် မသတ်မှတ်ဘဲ ငါ့မိန်းမကိုတော့ 'ဆရာကတော်' လို့ ခေါ်တယ်ပေါ့။

ပြီးတော့ ငါ့ကိုကျတော့ 'အကြီးအကဲလီ' တဲ့လား။

ကောင်းပြီလေ... ကောင်းပြီ။

မင်း ငါ့ကို ဒီလို ခွဲခြားဆက်ဆံတာကို ငါ မှတ်ထားလိုက်မယ်။

All Chapters