အလောင်းကောင်ဘုရင် နိုးထလာပြီ
Vol. 17 Ch. 161
“တစ်ခုခုတော့ လွဲနေပြီ...”
မုတ်ဆိတ်မွေးနှင့်လူက စတီယာရင်ကို အတင်းဆွဲလှည့်ကာ သံချပ်ကာကားကို လမ်းဘေးတွင် ထိုးရပ်လိုက်သည်။ သူ၏ မျက်နှာက အလွန် တည်ကြည်လေးနက်နေ၏။ ဝါရင့်မိစ္ဆာနှိမ်နင်းသူ တစ်ဦးအနေဖြင့် လေထုထဲတွင် လွှမ်းခြုံနေသော အန္တရာယ်အငွေ့အသက်ကို သူ အာရုံခံမိသည်။
၎င်းက သူတစ်ယောက်တည်း ကိုင်တွယ်နိုင်မည့် အရာမဟုတ်ပေ။ C ပြည်နယ် မိစ္ဆာနှိမ်နင်းသူ ဗျူရိုတစ်ခုလုံး အင်အားသုံးလျှင်ပင် ၎င်းကို ရင်ဆိုင်နိုင်ရန် မသေချာ။
“မင်းတို့ လေးယောက်နဲ့ ချန်ဟွိုက်အန်... အခုချက်ချင်း သွားကြတော့... ဗျူရိုကိုသွားပြီး စစ်ကူတောင်း...”
ပြောပြောဆိုဆိုဖြင့် သူက တောခုတ်ဓားကို ဆွဲကာ ကားပေါ်မှ ဆင်းလိုက်ပြီး တံခါးအားလုံးကို ဆွဲဖွင့်လိုက်သည်။
“ဦးလေးကရော...” ချန်ဟွိုက်အန် ကားပေါ်မှဆင်းကာ ကားနောက်ဖုံးသို့ လျှောက်သွားသော မုတ်ဆိတ်မွေးနှင့်လူကို စိုက်ကြည့်လိုက်သည်။
“ဒီမှာ ငါတစ်ယောက်ပဲ အထူးစစ်သည်အဆင့်ရှိတာ...” မုတ်ဆိတ်မွေးနှင့်လူက ဆေးလိပ်ကို ခဲထားရင်း ကားနောက်ဖုံးကို ဖွင့်လိုက်ရာ လက်နက်ခဲယမ်း အပြည့်အစုံ ပေါ်လာခဲ့သည်။ သူက ခေါင်းကို စောင်းကာ ပြုံးလိုက်ရင်း ပြောသည်။ “ငါမနေခဲ့ရင် ဘယ်သူက ခံတိုက်မှာလဲ။”
“ကျွန်တော် ကူညီနိုင်မယ် ထင်တယ်...” ချန်ဟွိုက်အန် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။ မှန်ပေသည်။ သူက ကူညီချင်ရုံသက်သက်သာ။ မိစ္ဆာနှိမ်နင်းသူဗျူရိုနှင့် သူ ဘာမှမပတ်သက်ပေ။
“မင်းလား...” မုတ်ဆိတ်မွေးနှင့်လူက ရွှေရောင်ဖျော့ဖျော့ အရည်များပါသည့် ပုလင်းတစ်လုံးကို ထုတ်ကာ ကျည်ဆန်ဗူးပေါ်သို့ လောင်းချလိုက်သည်။ ထို့နောက် ချန်ဟွိုက်အန်ကို စိုက်ကြည့်ကာ ပြောသည်။ “မင်းက ဗျူရိုက မဟုတ်ဘူး။ မင်း ငါ့ကို ကူညီလို့မရသလို ဒီမှာလည်း မနေသင့်ဘူး။ သွားတော့...”
“ကျွန်တော်က အကျဉ်းသားလေ။”
“အကျဉ်းသားတွေမှာ ခွင့်ပြုချက် လိုတယ်။ အဲဒါမရှိရင် အကျဉ်းခန်းမှာပဲ နေရမယ်။ အနက်ရောင် ခေါင်းတလား တမန်တော်ကို သတ်တဲ့မစ်ရှင် ပြီးတာနဲ့ မင်းရဲ့ခွင့်ပြုချက်က ကုန်သွားပြီ...” ပြောနေရင်း မုတ်ဆိတ်မွေးနှင့်လူက ရွှေရောင်အရည် စိမ်ထားသော ကျည်ဆန်များကို ဧရာမ နှစ်လုံးပြူးကြီးထဲသို့ ဖြည့်လိုက်သည်။ ထို့နောက် ထိုအရည်ပုလင်းကို ချန်ဟွိုက်အန်၏ လက်ထဲ ထိုးထည့်ပေးလိုက်သည်။ “ဒါက ဘုရားကျောင်းက အထူးပြုလုပ်ထားတဲ့ ရေမန်းပဲ။ မိစ္ဆာတွေနဲ့ ဝိညာဉ်ဆိုးတွေအတွက် အသုံးတည့်တယ်။ ဗျူရိုက ဒါတွေရဖို့ ပိုက်ဆံတွေ ပုံအောသုံးထားတာ... စိတ်ဝိညာဉ်စုပ်ယူခြင်း ပညာရပ် ပေါ်လာပြီးမှပဲ နည်းနည်း သက်သာသွားတာ။ ဒါကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ယူသွားလိုက်။”
ချန်ဟွိုက်အန်က မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်ကို မြင်ရာတွင် မုတ်ဆိတ်မွေးနှင့်လူက ရယ်လိုက်သည်။
“ဘာလဲ၊ ကောင်လေး။ အခုချက်ချင်း မိစ္ဆာနှိမ်နင်းသူဗျူရိုထဲ ဝင်မလား။ ဒါဆိုရင် ငါ မင်းကို ဒီမစ်ရှင်ထဲ ထည့်ပေးမယ်။ ဒီကောင်ကြီးရဲ့ ဆုကြေးက အနည်းဆုံး သိန်း ၂၀၊ ၃၀လောက် ရှိမယ်နော်။ မက်လောက်စရာကြီး မဟုတ်ဘူးလား။”
“ဦးလေး... ခင်ဗျားက ပါးစပ်ပိတ်ထားရင် ပိုကောင်းတယ်။”
“ဟားဟားဟားဟား...”
ချန်ဟွိုက်အန်နှင့် အခြားသူများ ထွက်ခွာသွားသည်ကို ကြည့်ရင်း မုတ်ဆိတ်မွေးနှင့်လူ သက်ပြင်း ချလိုက်သည်။
“သွားကြ။ ဝေးဝေးကို သွား။”
သူတို့ ဝေးဝေးရောက်လေ၊ ပိုလုံခြုံလေ ဖြစ်သည်။ သူက ဆေးလိပ်ကို ခဲကာ၊ တောခုတ်ဓားနှင့် နှစ်လုံးပြူးကို ဆွဲပြီး ခြောက်သွေ့နေသော မြစ်ကြမ်းပြင်ပေါ်သို့ တက်လှမ်းလိုက်သည်။ သူ၏ မျက်နှာပေါ်မှ ပေါ့ပေါ့ပါးပါး အမူအရာများ ပျောက်သွားပြီး တည်ကြည်မှုများ ဖုံးလွှမ်းသွား၏။
မြစ်ကြမ်းပြင်၏ အလယ်ဗဟိုမှ ရှေးဟောင်းကြေးညိုရောင် သင်္ချိုင်းဂူထဲမှ ရွှေရောင်ခေါင်းတလား တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
ကျွီ...
ခေါင်းတလားအဖုံးမှာ ကြောက်မက်ဖွယ် အသံနှင့်အတူ ပွင့်သွားပြီး နှင်းကဲ့သို့ ဖြူဖွေးသော အလောင်းကောင်အငွေ့အသက်များ လွင့်ပျံလာသည်။ အထဲမှ ပုံရိပ်တစ်ခု ထထိုင်လိုက်၏။ မုတ်ဆိတ်မွေးနှင့်လူ၏ မျက်မှန်များမှာ သိသိသာသာ ကျဉ်းမြောင်းသွားခဲ့သည်။
၎င်းမှာ အဝါရောင်ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားသော ပိန်လှီသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ အရေပြားမှာ ပြာနှက်နှက် မီးခိုးရောင် ဖြစ်နေပြီး သွေးကြောများမှာ မြွေနက်များကဲ့သို့ တွန့်လိမ် နေသည်။ ခေါင်းပေါ်ရှိ ရွှေရောင်သရဖူမှ ကျောက်စိမ်း ပုတီးစေ့များမှာ လေမတိုက်ဘဲ လှုပ်ရှားနေပြီး ပုတီးစေ့တန်းတစ်ခုချင်းစီ၏ အစွန်းတွင် ခြောက်ကပ်နေသော ကလေးငယ် အရိုးခေါင်းများ ချိတ်ဆွဲထားသည်။ ၎င်းတို့၏ မျက်လုံးအိမ် ဟောင်းလောင်းများထဲတွင် အမွှေးတိုင်များ ထိုးစိုက်ထားပြီး ထွက်ပေါ်လာသော အခိုးအငွေ့များမှာ လေထဲသို့ ထူးဆန်းသော စာသားများအဖြစ် ပျံ့လွင့်နေလေသည်။
ထိုသတ္တဝါထံမှ ထွက်ပေါ်လာသော ဖိအားမှာ မုတ်ဆိတ်မွေးနှင့်လူ၏ သွေးများကို ခဲသွား စေနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
သို့သော် သူ ကြောက်ရခြင်းမှာ ထိုအချက်ကြောင့်တင် မဟုတ်ပေ။ သူ ထိုအရာကို အရင်က မြင်ဖူးသည်။ အထူးစစ်သည်အဆင့် ရာထူးတိုးပြီးနောက် သူသည် ခွန်းလွန် အင်မော်တယ် နန်းတော်၏ လှေကားထစ်များအောက်ရှိ ကျောက်စာတိုင်ကို သွားရောက်ခွင့် ရရှိခဲ့သည်။ ထိုကျောက်စာတိုင်ပေါ်တွင် ထွင်းထုထားသော ရုပ်လုံးများအနက် တစ်ခုမှာ ယခုလို မြင်ကွင်းအတိုင်း ရွှေရောင်ခေါင်းတလားထဲမှ ထွက်ပေါ်လာသော မိစ္ဆာပုံစံပင်။
ဒါက ဘာကို ဆိုလိုတာလဲ....
ဟောကိန်းလား...
ကျောက်စာတိုင်ပေါ်ရှိ အခြားရုပ်လုံးများကို သူ ပြန်တွေးမိပြီး ကျောချမ်းသွား၏။ အကယ်၍ ထိုရုပ်လုံးများထဲမှ သတ္တဝါများသာ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာမည်ဆိုလျှင်... ကမ္ဘာကြီး ငရဲဘုံ ဖြစ်သွားလိမ့်မည်။
မစဉ်းစားခင်မှာပင် အလောင်းကောင်ဘုရင်က လှုပ်ရှားလာသည်။ သူက ခေါင်းကိုမော့ကာ နားကွဲမတတ် စူးရှစွာ အော်ဟစ်လိုက်၏။
ဝုန်း...
အလောင်းကောင်အငွေ့အသက်များ ရိုက်ခတ်လာပြီး မြစ်ရေမှာ ချက်ချင်းပင် ခဲသွားတော့သည်။
“ဒီကောင်ကို ဆက်အော်ခွင့်ပေးလို့ မဖြစ်ဘူး။ မဟုတ်ရင် တစ်မြို့လုံး သေကုန်မှာ...”
မုတ်ဆိတ်မွေးနှင့်လူက ကျိန်ဆဲရင်း ခဲနေသော မြစ်ပြင်ပေါ်သို့ အလောင်းကောင်ဘုရင်ထံ ပြေးဝင်သွားသည်။ သူက ထိုမိစ္ဆာကို မနိုင်မှန်း သိသည်။ သို့သော် သူ့ကဲ့သို့ ကံမကောင်းသူများ ထပ်မပေါ်လာစေရန် တားဆီးရပေမည်။
“xxxမိစ္ဆာကောင်... ပါးစပ်ပိတ်ထားစမ်း...”
သူ၏ တောခုတ်ဓားမှာ အလောင်းကောင်ဘုရင်ထံ ဝဲပျံသွား၏။ တစ်ချိန်တည်းမှာပင် သူက နှစ်လုံးပြူးကို ဆွဲထုတ်ကာ ပစ်ထည့်လိုက်သည်။ ပြောင်းဝမှ မီးများ ပွင့်ထွက်သွား၏။
ဒိုင်း... ဒိုင်း...
အသားထဲ ကျည်ဖောက်ဝင်သံ မကြားရဘဲ မီးပွားများသာ လွင့်စင်သွားသည်။ သူ၏ မျက်လုံးကို ကျုံ့လိုက်၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် အလောင်းကောင် ဘုရင်၏ ခြောက်ကပ်သော လက်သည်းကြီးမှာ သူ၏ဓားကို လေထဲတွင်ပင် ဖမ်းထားလိုက်၏။ တွဲကျနေသော အရိုးခေါင်း အောက်တွင် ပုံပျက်နေသော မျက်နှာက မထိခိုက်ဘဲ ရှိနေလေသည်။ ကျည်ရာတစ်ခုပင် မကျန်ခဲ့။
“မအေxxx…. ခင်ဗျားရဲ့ အသားက တော်တော်ထူတာပဲ...”
အလောင်းကောင်ဘုရင် တစ်ချက်တည်းသာ တုံ့ပြန်လိုက်သည်။ လက်သီးဖြင့် တစ်ချက် ထိုးလိုက်ခြင်းပင်။
ဘုန်း...
မုတ်ဆိတ်မွေးနှင့်လူ သွေးအန်သွား၏။ သူ ငုံ့ကြည့်လိုက်ရာ ရင်ဘတ်မှာ အပေါက်ကြီး ဖြစ်အောင် အထိုးခံလိုက်ရပြီဖြစ်သည်။ အလောင်းကောင်ဘုရင်ကည် လက်ကို ပြန်နှုတ်လိုက်ရာ တွန့်လိမ် နေသော အကျိတ်တစ်ခု ပါလာ၏။ ၎င်းက နှလုံးမဟုတ်ဘဲ အသားပုပ်နံ့ နံနေသဖြင့် အလောင်းကောင်ဘုရင် တွန့်သွားခဲ့သည်။
မုတ်ဆိတ်မွေးနှင့်လူက အားယူကာ ရယ်မောလိုက်၏။ “ဟားဟား... ခွေးကောင်ကြီး... အဲဒါကို မမျှော်လင့်ထားဘူး မဟုတ်လား... ကျုပ်မှာ နှလုံးသား မရှိဘူး...”
သူက လက်သီးဖြင့် အလောင်းကောင်ဘုရင်၏ မျက်နှာကို ထိုးလိုက်သော်လည်း သံမဏိနံရံကို ထိုးမိသကဲ့သို့သာ ခံစားလိုက်ရသည်။ လက်ချောင်းများ ကြေမွသွား၏။ မြို့ရိုးထက်ထူသော အရေပြားဆိုသည်မှာ ထိုအရာမျိုးကို ပြောခြင်း ဖြစ်ရပေမည်။
သူ၏လက်သီးချက်က အလောင်းကောင်ဘုရင်ကို မထိခိုက်စေခဲ့ပေ။ သို့သော် အလင်းကောင် ဘုရင်အတွက် ထိုအရာက စော်ကားခြင်းပင်။
“ဂါး....”
မိစ္ဆာကောင်က မုတ်ဆိတ်မွေးနှင့်လူကို မြေပြင်ပေါ်သို့ ဆောင့်ချလိုက်သည်။ ထို့နောက် သူ၏ လက်သည်းများဖြင့် ဆွဲဖဲ့တော့သည်။ အရိုးကျိုးသံများနှင့် နာကျင်စွာ အော်ဟစ်သံများမှာ ပြတ်တောက်သွားသော တယောကြိုးများကဲ့သို့ပင်။
မုတ်ဆိတ်မွေးနှင့်လူ၏ ကိုယ်ခန္ဓာမှာ အပိုင်းပိုင်း ပြတ်တောက်သွား၏။ ပြတ်ထွက်သွားသော သူ၏ ခေါင်းမှာ အလောင်းကောင်ဘုရင်ကို စိုက်ကြည့်နေဆဲပင်။ သူက နာကျင်လွန်းသဖြင့် အသိစိတ်များ ပျောက်ကွယ်နေသော်လည်း ပြုံးလိုက်ရင်း မိစ္ဆာ၏ခြေရင်းသို့ ထွီးခနဲ တံတွေးဖြင့် ထွေးကာ လှောင်ပြောင်လိုက်သည်။
ဘုန်း...
ခြေတစ်ချက်တည်းနှင့်ပင် သူ၏ခေါင်း နင်းခြေ ခံလိုက်ရသည်။ အလောင်းကောင်ဘုရင်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။ နောက်ဆုံးတော့ ငြိမ်သက်သွားလေပြီ။
“ကောင်းကင်နှင့် မြေပြင်ရဲ့ အမိန့်တော်အရ... ချီစွမ်းအင် အပေါင်းတို့ရဲ့ အရင်းအမြစ်...”
ကျင်းမြစ်၏ ဘေးတစ်ဖက်တစ်ချက်ရှိ အမိုးများပေါ်မှ ရွတ်ဆိုသံများ ထွက်ပေါ်လာသည်။ မိစ္ဆာနှိမ်နင်းသူသမား ၇ဦးသည် အဆောက်အဦးတစ်ခုစီ၏ အပေါ်တွင် ရပ်ကာ လက်ဟန်များ ပြုလုပ်နေကြသည်။ သူတို့၏ အရှိန်အဝါများမှာ တစ်ခုနှင့်တစ်ခု ဆက်နွယ်သွားပြီး လေထဲ၌ အဝါရောင် အလံတစ်ခု လွင့်နေသည်။ သူတို့၏ ရွတ်ဖတ်သံများလည်း ပို၍ပင် ကျယ်လောင်၍ လာခဲ့ပြီး ခဲနေသော မြစ်ပြင်အောက်တွင် ကြယ်ခုနစ်ပွင့် စီတန်းသွားကာ ခုနစ်စင်ကြယ် အခင်းအကျင်း ဖြစ်ပေါ် လာခဲ့သည်။
အလောင်းကောင်ဘုရင်မှာ ထိုအစီအရင်၏ အလယ်ဗဟိုတွင် ပိတ်မိ သွားတော့သည်။ ကောင်းကင်ယံရှိ နီရဲနေသောကြယ်နှင့် မြစ်ပြင်ပေါ်ရှိ ပုံရိပ်တို့ ထပ်တူကျသွားချိန်တွင် အလောင်းကောင်ဘုရင်၏ ခေါင်းပေါ်၌ သွေးရောင်ဓားကြီးတစ်စင်း ပုံဖော်လာတော့သည်။
မြေပြင်ပေါ် ကြေမွနေသော မုတ်ဆိတ်မွေးနှင့်လူ၏ မျက်လုံးများက အေးစက်စွာ ကြည့်နေ၏။ သူ အပိုင်းပိုင်း ပြတ်သွားခဲ့လေပြီ။ သို့သော်လည်း... အနည်းဆုံးတော့ မိစ္ဆာနှိမ်နင်းသူဗျူရိုမှ စစ်ကူများ ရောက်လာခဲ့ပြီ ဖြစ်သည်။