အခန်း (၁၃၁)
Vol. 14 Ch. 131
"ဟမ်..ကောင်းပြီလေ၊ ငါလည်း ဂရုမစိုက်ဘူး" ဟု လီချန်းရှန်က စိတ်ဆိုးသည့်လေသံဖြင့် ပြောလိုက်သည်။ ထို့နောက် စားပွဲတွင်ဝင်ထိုင်ကာ တစ်ဦးတည်း တိတ်ဆိတ်စွာ သောက်စားနေတော့၏။
ပိုင်လီတုန်းကျွင်းနှင့် စစ်ကုန်းချန်ဖုန်းတို့ သိုင်းကျင့်ရာမှ ပြန်ရောက်လာသည့် အခါတွင်မှသာ လီချန်းရှန်သည် စိတ်အားထက်သန်စွာဖြင့် သူ၏တပည့်ရင်း နှစ်ဦးနှင့်အတူ စား သောက်တော့သည်။
ရွဲ့ယောင်သည် ပိုင်လီတုန်းကျွင်းနှင့်အတူ ပြန်ရောက်လာစဉ် လီကျန့်ယီကို မြင်သောအခါ "သခင်လေးလီ" ဟု ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။လီကျန့်ယီကလည်း ခေါင်းငြိမ့်ကာ တုံ့ပြန်လိုက်သည်။ ရွဲ့ယောင်သည် ပိုင်ရှောင်တန်မှတစ်ဆင့် တီယန်ဝူတွမ်တွင် ဖြစ်ပျက်ခဲ့သမျှကို သိရှိထားသဖြင့် လီကျန့်ယီက သူမအပေါ် ငဲ့ညှာခဲ့သည်ကို နားလည်ထားသည်။
"တီယန်ဝူတွမ်က ကိစ္စမှာ သခင်လေးလီ ငဲ့ညှာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်" ဟု သူမက ပြောသည်။ အကယ်၍ လီကျန့်ယီသာ အလျှော့မပေးခဲ့ပါက ဖခင်ဖြစ်သူ ရွဲ့ဖုန်းချန်သည် ဒဏ်ရာအပြင်းအထန်ရရုံဖြင့် လွတ်မြောက်နိုင်မည်မဟုတ်ပေ။
"မဟုတ်တာ... အစ်မရွဲ့ယောင် အထင်လွဲနေပါပြီ။ အစ်မရဲ့ အဖေက ဓားနှလုံးဂူဗိမာန်က ဓားကို ပြန်ပေးဖို့ သဘောတူခဲ့သလို ရှင်းယွမ် အစောင့်အရှောက်အဖွဲ့က သေဆုံးသွားတဲ့သူတွေ အတွက်လည်း လျော်ကြေးပေးဖို့ သဘောတူခဲ့လို့ပါ။ ပြီးတော့ ဓားကို လုယူသွားတဲ့ လူတွေကိုလည်း သတ်ပြီးပြီလေ" ဟု လီကျန့်ယီက ရှင်းပြသည်။
သို့သော် ရွဲ့ယောင်ကမူ လီကျန့်ယီ၏ စိတ်နေစိတ်ထားကို သိရှိပြီးဖြစ်ရာ သူမနှင့် မိတ်ဆွေဖြစ်သောကြောင့်သာ ဖခင်ဖြစ်သူ အသက်ဘေးမှ လွတ်ခဲ့ခြင်းဖြစ်ကြောင်း နားလည်ထား၏။ လီကျန့်ယီသည် သူ၏ နူးညံ့သော စိတ်ထားကို အခြားသူများအား မသိစေလိုခြင်းသာ ဖြစ်ပေလိမ့်မည်။
"သခင်လေးလီ... ကျွန်မ ဂါရဝပြု ပါရစေ" ဟု ဆိုကာ ရွဲ့ယောင်က ကျေးဇူးတင်သောအားဖြင့် အရက်ခွက်ကို မြှောက်လိုက်ရာ လီကျန့်ယီကလည်း ယဉ်ကျေးစွာဖြင့် ပြန်လည်ဂါရဝပြု၍ သောက်လိုက်သည်။
ဘေးတွင် ရှိနေကြသော ပိုင်လီတုန်းကျွင်းနှင့် လီဟန်ယီတို့သည်လည်း တီယန်ဝူတွမ်မှ အကြောင်းအရာများကို သိရှိထားသဖြင့် တိတ်ဆိတ်စွာသာ နေကြသည်။
စကားဝိုင်းအပြီးတွင် ရွဲ့ယောင်က လီဟန်ယီကို ကြည့်ကာ ပြုံးလျက် "ဟန်ယီ... နင်နဲ့ သခင်လေးလီတို့ ဘယ်တော့ မင်္ဂလာဆောင်ကြမှာလဲ။ အချိန်ကျရင် ငါနဲ့ တုန်းကျွင်းကို မင်္ဂလာပွဲ ဖိတ်ဖို့ မမေ့နဲ့ဦးနော်" ဟု မေးလိုက်၏။
"နောက်ထပ် နှစ်နှစ်ကြာရင်” ဟု လီကျန့်ယီက ချက်ချင်း ဝင်ဖြေသည်။
"နှစ်နှစ် ဝိုး..မင်း ဟန်ယီနဲ့ ဆွေးနွေးပြီးပြီလား" ဟု ပိုင်လီတုန်းကျွင်းက ရင်းနှီးသောလေသံဖြင့် မေးလိုက်၏။ လီကျန့်ယီကမူ "ဆွေးနွေးစရာ မလိုပါဘူး" ဟု ပြတ်သားစွာ ပြောသည်။ နှစ်နှစ်အကြာ ပန်းများဝေဆာချိန်တွင် လီဟန်ယီသည် အရာအားလုံးကို နားလည်သဘောပေါက်သွားမည်ဖြစ်ကြောင်း သူက ယုံကြည်ထားပေသည်။
လီဟန်ယီမှာမူ ရှက်သွေးဖြာသွားပြီး "စီနီယာ...ယီယီ လျှောက်ပြောနေတာတွေကို နားမယောင်နဲ့ဦး။ ကျွန်မက သူကို လက်ထပ်မယ်လို့ သဘောမတူရသေးဘူး" ဟု ထစ်ထစ်ငေါ့ငေါ့ ငြင်းဆိုသည်။
ပိုင်လီတုန်းကျွင်းက ရယ်မောကာ "ဟဲဟဲ... ဂျူနီယာညီမလေးက သခင်လေးလီကို လက်ထပ်ဖို့ အကြိမ်ကြိမ် အတင်းအကျပ် လုပ်ခဲ့တာတောင် သူက သဘောမတူသေးဘူးလား" ဟု စနောက်လိုက်၏။
လီဟန်ယီသည် သူမ၏ မိုးစက်နာခံဓားကို ဆွဲထုတ်လိုက်ကာ "စီနီယာ... စကားကို ကောင်းကောင်းပြောစမ်းပါ" ဟု ခြိမ်းခြောက်လိုက်ရာ ပိုင်လီတုန်းကျွင်းမှာ လန့်ဖြန့်သွားပြီး "ငါ စကားမှားသွားတယ်... သခင်လေးလီကသာ ညီမလေးကို လက်ထပ်ချင်နေတာ၊ ညီမလေးက သဘောမတူသေးတာပါ" ဟု အမြန်ပြင်ပြောလိုက်ရသည်။
လီဟန်ယီက ဓားကို ပြန်သိမ်းလိုက်သော်လည်း ပိုင်လီတုန်းကျွင်းက လီကျန့်ယီကို သနားစရာအကြည့်ဖြင့် ကြည့်ကာ "သခင်လေးလီ... မင်းရဲ့ အနာဂတ်တော့ ခက်ခဲတော့မှာပဲ" ဟု ပြော၏။ လီကျန့်ယီက "ညီအစ်ကို ပိုင်လီ... စိတ်မပူပါနဲ့။ ကျွန်တော်က တတိယညီလေးစစ်ကုန်းနဲ့ မတူဘူး၊ ကျွန်တော်က သူမကို ထိန်းချုပ်နိုင်ပါတယ်" ဟု ယုံကြည်ချက်ရှိရှိ ပြန်ပြောလိုက်၏။
စစ်ကုန်းချန်ဖုန်းမှာ ဘာမှမလုပ်ဘဲ ထိုင်နေရင်းမှ အပြောခံလိုက်ရသဖြင့် စကားလမ်းကြောင်းလွှဲရန် ကြိုးစားလိုက်သည်။
"သခင်လေးလီ... အခုတလော ပိုင်ရှောင်တန် သတင်းစာမှာ ရှောင်ရွမ်ဆိုတဲ့ စာရေးဆရာကို ရှာနေကြတဲ့ ဝရမ်းတွေ တွေ့မိလား။ သူဌေးသားတွေ အများကြီးက သူကိုဖမ်းဖို့ ကြိုးစားကြပေမယ့် ဘယ်သူမှ ရှောင်ရွမ်က ဘယ်သူလဲဆိုတာ မသိကြဘူး။ ကျွန်တော်တို့ ရွှေလမြို့တော်ကိုလည်း အဲ့ဒီဝရမ်း ရောက်လာတယ်။ သခင်လေးလီများ တစ်ခုခု သိမလား" ဟု မေးမြန်းလိုက်သည်။
လီကျန့်ယီက ခေတ္တတိတ်ဆိတ်သွားပြီးနောက် "ရှောင်ရွမ်လား... ခင်ဗျားတို့အားလုံးလည်း သိကြတာပဲ" ဟု ပြော၏။
"ရှောင်ရွမ်ဆိုတာ ထျန်ချီမြို့က ရှဲ့ရွမ် လေ။ ခင်ဗျားတို့ သူနဲ့တွေ့ဖူးပါလျက်နဲ့ မမှတ်မိကြဘူးလား"
စစ်ကုန်းချန်ဖုန်းမှာ အံ့အားသင့်သွားပြီး "မဖြစ်နိုင်တာ။ ရှဲ့ရွမ်က ပညာတတ်ကြီး ဖြစ်လာမယ့်သူလေ၊ သူက ဘယ်လိုလုပ် ရုပ်ပြစာအုပ်တွေ ရေးမှာလဲ" ဟု မယုံနိုင်စွာပြောသည်။
လီကျန့်ယီက ပြုံးကာ "စာအုပ်ပေါင်း သောင်းချီဖတ်ပြီး ခရီးသောင်းချီ နှင်ရမယ်ဆိုတဲ့အတိုင်း ခရီးသွားဖို့က ခရီးစရိတ် လိုအပ်တယ်လေ" ဟု ရှဲ့ရွမ်၏ စကားဖြင့်ပင် ပြန်လည်ချေပလိုက်သည်။
လီချန်းရှန်နှင့် ပိုင်လီတုန်းကျွင်းတို့မှာလည်း ထိုအကြောင်းကို ကြားသောအခါ ရှက်ကိုးရှက်ကန်း ဖြစ်သွားကြ၏။ သူတို့သည်လည်း ထိုစာအုပ်များကို ဖတ်ဖူးကြပြီး ရှောင်ရွမ်၏ လက်ရာကို အလွန်ချီးကျူးခဲ့ကြဖူးသောကြောင့် ဖြစ်သည်။