သူမရဲ့ကျော့ရှင်းသော ကိုယ်ဟန်က ပန်းချီကားတစ်ချပ်လိုလှပပြီး ခန္ဓာကိုယ် အချိူးအစားက နတ်ဘုရားများပင် သာလွန်တယ်
Vol. 14 Ch. 137
ဓားခန်မဆောင်တွင် လီဆူးဝမ်သည် ချင်းချန်တောင်ကုန်းမှ ရရှိလာသော လက်ဖက်ရည်ကောင်းကို မြိန်ရှက်စွာ သောက်ရင်း လီဟန်ယီနှင့် လီကျန့်ယီတို့၏ ကိစ္စကို မည်သို့ပြင်ဆင်ရမည်ကို စဉ်းစားနေ၏။
ယခုနှစ်တွင် လီဟန်ယီနှင့် လီကျန့်ယီတို့မှာ ၁၈ နှစ်ထဲသို့ပင် ရောက်ရှိနေပြီဖြစ်ရာ ရှေးခေတ်ထုံးစံအရဆိုလျှင် လက်ထပ်ပြီးရမည့် အရွယ်များ ဖြစ်နေပေပြီ။
ထို့ကြောင့် သူသည် ဤကိစ္စကို ထပ်မံနှောင့်နှေးရန် မလိုလားတော့ပေ။ လီကျန့်ယီ ပြောဖူးသော လက်ဖွာသည့် အမျိုးသမီးကိုလည်း သူ အနည်းငယ် ကြောက်မိသေး၏။ အကယ်၍ ထိုအမျိုးသမီးသာ အတင်းအကျပ် ရောက်ရှိလာပါက သူ၏ မြေးမလေးမှာ မယားငယ်ဖြစ်သွားမည်ကို သူ စိုးရိမ်နေသည်။
"ရှင်းယွဲ့နဲ့ မုန့်ရှားဆီ စာရေးပြီး ပြန်လာကူဖို့ ခေါ်ရမယ်" ဟု လီဆူးဝမ်က ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ သာမန်ကိစ္စမဟုတ်သဖြင့် သူတို့ဇနီးမောင်နှံ မည်မျှပင် အလုပ်များနေပါစေ ဓားနှလုံးဂူဗိမာန်သို့ ပြန်လာကို ပြန်လာရမည်။
"ဘာတွေ ပြင်ဆင်နေတာလဲ ဆရာ"
ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ရှိသွားခြင်းမှာ တစ်ခဏအတွင်း မိုင်ထောင်ချီ ခရီးနှင်နိုင်ခြင်းကြောင့် လီကျန့်ယီသည် လီဆူးဝမ်၏ ရေရွတ်သံကို ကြားလိုက်ရခြင်း ဖြစ်သည်။
"မင်းနဲ့ ဟန်ယီရဲ့ မင်္ဂလာပွဲအတွက်လေ။ ယီယီ... မင်း ဘယ်မှလျှောက်မသွားနဲ့ဦး၊ ဓားနှလုံးဂူဗိမာန်မှာပဲ နေစမ်း" ဟု လီဆူးဝမ်က ရှုပ်ရှုပ်ထွေးထွေး ဖြစ်မည်ကို စိုးရိမ်သဖြင့် မှာကြားလိုက်၏။ လီကျန့်ယီက ပြုံးလျက် "ကောင်းပါပြီ ဆရာ... ဒါဆို ကျွန်တော် ဓားသွားပြန်ကျင့်ဦးမယ်" ဟု ဆိုကာ ထွက်သွားတော့သည်။
သို့သော်လည်း လီကျန့်ယီသည် ဓားခန်းမဆောင်မှ ထွက်ခွာသွားသည်နှင့် စိတ်ဝိညာဉ်ဖြင့် မိုင်ထောင်ချီ ခရီးနှင်ကာ ရွှေလမြို့တော်သို့ ချက်ချင်း ရောက်ရှိသွားလေသည်။ မြို့စား အိမ်တော်၏ ခေါင်မိုးပေါ်တွင် လဲလျောင်းနေသော လီချန်းရှန်က တစ်ခုခုကို သတိပြုမိသွားပြီး "မဆိုးဘူး... ဟန်ယီကို မင်းလက်ထဲ အပ်ရတာ စိတ်ချရပြီ" ဟု ပြောလိုက်၏။
"စိတ်ချလက်ချသာ အပ်ထားလိုက်ပါ" ဟု လီကျန့်ယီက လီချန်းရှန်၏ ဘေးတွင် လှဲလျောင်းရင်း ပြန်ဖြေသည်။
စံအိမ်၏ အောက်ဘက်တွင် ဖုန်းချူးယွီ၊ လော့ရွှေ၊ ကျီရွှယ်နှင့် ချန်လော့တို့ ဆော့ကစားနေကြ၏။ ချန်လော့မှာ ယခုဆိုလျှင် လေးနှစ်အရွယ်ရှိပြီဖြစ်ပြီး ကျီရွှယ်မှာ ရှစ်နှစ်ရှိပြီ ဖြစ်သည်။ ပိုင်လီတုန်းကျွင်းနှင့် ရွဲ့ယောင်တို့မှာမူ တီယန်ဝူတွမ်သို့ သွားရောက်ပြီး ယနေ့အထိ ပြန်မလာသေးပေ။ စစ်ကုန်းချန်ဖုန်းမှာလည်း လော့ရွှေကို ကူညီ၍ ရွှေလမြို့တော်ကို စီမံခန့်ခွဲဖို့ ကူညီပေးသည်။
"ဟန်ယီကို သွားမကြည့်ဘူးလား" ဟု လီချန်းရှန်က မေးမြန်းရာ လီကျန့်ယီက "ကျွန်တော်က ကျွန်တော့်ဇနီးလောင်းကို လာတွေ့တာလေ အကြီးအကဲလီ" ဟု ပြုံး၍ ပြန်ဖြေလိုက်၏။ လီချန်းရှန်က "ဇနီးလောင်းကို တွေ့ဖို့လား" ဟု အသံအနည်းငယ် ကျယ်သွားသဖြင့် လော့ရွှေတို့က မော့ကြည့်လာကြရာ လီကျန့်ယီမှာ ချက်ချင်းပင် ကိုယ်ယောင်ဖျောက်သွားတော့သည်။
ချန်းစန်းတောင်ထိပ်တွင် ဝတ်စုံဖြူဝတ်ဆင်ထားသော လီဟန်ယီသည် ရေခဲမြစ်ဓားကို ကိုင်စွဲကာ ကျင့်ကြံမှု အဆင့်တက်ရန် အသည်းအသန် ကြိုးစားနေသည်။ သူမ၏ အေးခဲရေငြိမ်ဓားသိုင်းမှာ ဒုတိယအဆင့်ဖြစ်သော "တောင်ကို တောင်ဟုမမြင်၊ ရေကို ရေဟုမမြင်" သော အဆင့်သို့ ရောက်ရှိသွားကာ သူမ၏ ကျင့်ကြံမှု့မှာလည်း ဖုယောင်ဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွား၏။
"အဆင့်တက်သွားပြီလား..." ဟု လီဟန်ယီက ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို ခံစားရင်း အံ့အားသင့်ကာ ဝမ်းသာသွားသည်။ ချန်းစန်းတောင်တွင် နှစ်နှစ်နီးပါး ဓားကျင့်ခဲ့ပြီးနောက် နောက်ဆုံးတွင် သူမသည် လီကျန့်ယီ၏ ခြေလှမ်းကို မှီရန် နီးကပ်လာခဲ့လေပြီ။
"ဟုတ်တယ်" လီကျန့်ယီ၏ အသံမှာ သူမ၏နောက်ဘက်မှ ထွက်ပေါ်လာ၏။ လီကျန့်ယီသည် သူမ၏ ခါးသိမ်လေးကို ဖက်တွယ်လိုက်ရာ လီဟန်ယီမှာ အံ့အားသင့်ကာ ဝမ်းသာသွားသည်။
"ယီယီ... ရှင် ဘယ်တုန်းက ရောက်တာလဲ။ ကျွန်မကို မတွေ့ရတာ ကြာတော့ လွမ်းနေလား" ဟု သူမက စိတ်လှုပ်ရှားစွာ မေး၏။သူတို့ မဆုံရသည်မှာ နှစ်နှစ်ရှိတော့မည်။
"လွမ်းတာပေါ့" ဟု လီကျန့်ယီက ပြောကာ သူမ၏ နှုတ်ခမ်းရဲရဲလေးများကို နမ်းရန် ကြိုးစားလိုက် သောကြောင့် လီဟန်ယီက ရှက်ကိုးရှက်ကန်းဖြင့် လီကျန့်ယီ၏ နှုတ်ခမ်းကို လက်ဖြင့်ကာလျက် "ယီယီ... အခု မဟုတ်သေးဘူးလေ" ဟု တိုးတိုးလေး ပြောကာ ခေါင်းခါသည်။
လီကျန့်ယီက ပြုံးလျက် လီဟန်ယီကို ပွေ့ချီလိုက်၏။ "ငါ့ရဲ့ ဟန်ယီလေး ဝလာလားလို့ စမ်းကြည့်တာပါ" ဟု သူက စနောက်လိုက်ရာ လီဟန်ယီက "ရှင်က လူဆိုးကြီးပဲ၊ ကျွန်မက မဝပါဘူး" ဟု ချစ်စဖွယ် ပြန်ပြောသည်။
ထို့နောက် သူတို့သည် လီဟန်ယီ နေထိုင်ရာ သစ်ပင်အိမ်လေးဆီသို့ လျှောက်သွားကြ၏။ လီကျန့်ယီက "ကျွန်တော်ပြောတဲ့ ဝတယ်ဆိုတာ တကယ်ဝကို ပြောတာမဟုတ်ဘူး 'သူမရဲ့ ကျော့ရှင်းသော ကိုယ်ဟန်မှာ ပန်းချီကားတစ်ချပ်လို လှပပြီး ခန္ဓာကိုယ်အချိုးအစားက နတ်ဘုရားမတွေထက်တောင် သာလွန်တယ်'လို့ ပြောတာ" ဟု သူမ၏ ခန္ဓာကိုယ်ကို စိုက်ကြည့်ရင်း ချီးကျူးသည်။
လီဟန်ယီမှာ အံ့အားသင့်သွားပြီး"ယီယီ..ရှင်က အဲ့ဒီစာဆိုတော်ရဲ့ ရုပ်ပြစာအုပ်ကို တကယ်ဖတ်ထားတာပဲ" ဟု အော်လိုက်၏။ အကြောင်းမှာ ထိုစကားလုံးများသည် ရှဲ့ရွမ်၏ ရုပ်ပြစာအုပ်ထဲမှ စာသားများ ဖြစ်နေသောကြောင့်ပင်။
လီကျန့်ယီမှာ အံ့အားသင့်သွားရသည်။ "ဟန်ယီ... မင်း သေချာလို့လား" ဟု သူက မေးမြန်းရာ လီဟန်ယီက အရှက်သည်းစွာဖြင့် "နည်းနည်းတော့ ဆင်ပေမယ့် ရှင့်စကားလောက်တော့ မကောင်းပါဘူး" ဟု ပြန်ဖြေလိုက်၏။
သူမဖတ်ကြည့်သည်ဟု လီကျန့်ယီက ထင်သွားမည်ကို မလိုလားသောကြောင့် သူမ ဆက်မရစ်တော့ပေ။