အရာရာက အရင်ကလို မဟုတ်တော့ပေ
Vol. 14 Ch. 140
ဓားခန်းမဆောင်တွင် လီဆူးဝမ်သည် ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း အနည်းငယ် စိတ်မကြည်မလင် ဖြစ်နေသည်။
"ငါ သူ့ကို စစ်တပ်ထဲ မဝင်နဲ့လို့ ပြောသားပဲ၊ အခုတော့ ကြည့်စမ်း... ကိုယ့်သမီး မင်္ဂလာပွဲ ပြင်ဆင်တာကိုတောင် ကူညီဖို့ ပြန်မလာနိုင်ဘူး" ဟု လီဆူးဝမ်က ဒေါသတကြီးဖြင့် စားပွဲကို ထုရိုက်လိုက်၏။
ရှောင်ကျဲမှာ အမြဲတမ်း ကြင်နာတတ်သော အဖိုးဖြစ်သူက ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းအောင် ဒေါသထွက်နေသည်ကို မြင်သောအခါ လီရှင်းယွဲ့၏ နောက်ကွယ်တွင် ထိတ်လန့်တကြား ပုန်းကွယ်နေတော့သည်။
ဖခင်ဖြစ်သူ ဒေါသထွက်နေသည်ကို မြင်သောအခါ လီရှင်းယွဲ့လည်း စိတ်မကောင်းဖြစ်ရသည်။ တစ်ဖက်တွင်လည်း စစ်မြေပြင်ရှိ ခင်ပွန်းဖြစ်သူအတွက် စိုးရိမ်ရသလို အခြားတစ်ဖက်တွင်လည်း ဖခင်ဖြစ်သူ၏ စိတ်ခံစားချက်ကို ထည့်သွင်းစဉ်းစားပေး နေရ၏။
"အဖေ..." လီရှင်းယွဲ့က လီဆူးဝမ်ကို အနည်းငယ် ကြောက်ရွံ့စွာ ကြည့်လိုက်သည်။
"ရှင်းယွဲ့... ထားလိုက်ပါတော့၊ ဒါက မင်း သမီးရဲ့ လက်ထပ်ပွဲပဲ၊ ငါ့ကိစ္စမှ မဟုတ်တာ" ဟု လီဆူးဝမ်က စိတ်ပျက်လက်ပျက် ပြောသည်။
လီရှင်းယွဲ့မှာ ခဏတာ တိတ်ဆိတ်သွား၏။ သူမသည် လဲ့မုန့်ရှားကို စစ်တပ်ထဲမဝင်ရန် ဖျောင်းဖျချင်သော်လည်း သူ၏ ခေါင်းမာမှု့ကို မကျော်လွှားနိုင်ခဲ့ပေ။ ရလဒ်အနေဖြင့် သမီးဖြစ်သူ၏ မင်္ဂလာပွဲကို ပြင်ဆင်ရမည့် ပျော်ရွှင်စရာအချိန်မှာ စိတ်မသက်မသာ ဖြစ်စရာများဖြင့် ကြုံတွေ့နေရသည်။
ကံကောင်းသည်မှာ လီကျန့်ယီသည် မိသားစုဝင်များ၏ စရိုက်ကို ကောင်းစွာ သိရှိထားခြင်းပင်။ လီဆူးဝမ်မှာ ခဏတာ ဒေါသထွက်နေခြင်းသာဖြစ်ပြီး မကြာမီ စိတ်ပြေသွားမည်ကို သူ သိသည်။
"အမေ... အဖေအတွက် မစိုးရိမ်ပါနဲ့၊ သူက အဆင်ပြေမှာပါ။ အခုတော့ ကျွန်တော်နဲ့ ဟန်ယီရဲ့ မင်္ဂလာပွဲအတွက်ပဲ ပြင်ဆင်ကြရအောင်၊ အဖေ ပြန်လာတာကို စောင့်ပြီးမှ ပွဲကျင်းပကြတာပေါ့" ဟု လီကျန့်ယီက လီရှင်းယွဲ့ကို နှစ်သိမ့်လိုက်၏။
"ဒါပေမဲ့... စစ်မြေပြင်ဆိုတာက ရက်စက်တယ်လေ၊ ဓားလှံဆိုတာကလည်း မျက်စိရှိတာ မဟုတ်ဘူး..." ဟု လီရှင်းယွဲ့က စိုးရိမ်တကြီး ပြောသည်။
"သူ့အတွက် မပူနဲ့၊ အဆင်ပြေတယ်လို့ ယီယီပြောရင် ဘာမှမဖြစ်ဘူး" ဟု လီဆူးဝမ်က ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။
"အဖေ... ယီယီ ပြောတာကို ဘာလို့ အဖေက အားလုံး အဆင်ပြေတယ်လို့ ပြောရတာလဲ" ဟု လီရှင်းယွဲ့က ဇဝေဇဝါ မေးမြန်းလိုက်၏။
"ဘာလို့လဲဆိုတော့ မြောက်ပိုင်းလူရိုင်းတွေနဲ့ တောင်ပိုင်းကျူးစစ်တပ်တွေက ဟန်ပြတိုက်ခိုက်နေတာမို့လို့ပဲ။ တကယ့် ဒုက္ခပေးမယ့်သူတွေက တီယန်ဝူတွမ်က မာရ်နတ်ဂိုဏ်းသားတွေပဲ၊ သူတို့က အဓိက အင်အားစုတွေ၊ မြောက်ပိုင်းနဲ့ တောင်ပိုင်းစစ်တပ်တွေက သူတို့ကို အချိန်ဆွဲပေးထားဖို့ပဲ ရှိနေကြတာ" ဟု ဓားနှလုံးဂူဗိမာန်၏ သခင်ဖြစ်သူ လီဆူးဝမ်က ပိုင်ရှောင်တန်မှ ရရှိသော သတင်းအချက်အလက်များကို အခြေခံ၍ သုံးသပ်ပြလိုက်သည်။
တီယန်ဝူတွမ်သည် ယခင်က ဓားနှလုံးဂူဗိမာန်မှ ဓားကို ခိုးယူခဲ့ဖူးသဖြင့် လီဆူးဝမ်က သူတို့၏ လှုပ်ရှားမှု့များကို အထူးဂရုပြု စောင့်ကြည့်နေခြင်း ဖြစ်၏။ မြောက်ပိုင်းနှင့် တောင်ပိုင်းစစ်တပ်များက မြို့တံခါးဝသို့ ရောက်နေသော်လည်း အတင်းအကျပ် မတိုက်ခိုက်ခြင်းမှာ တကယ်အင်အားစုကြီးကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သူ ခန့်မှန်းနိုင်ပေသည်။
"အဖေက ဒါတွေကို ဘယ်လိုလုပ် ဒီလောက် အသေးစိတ် သိနေရတာလဲ" လီရှင်းယွဲ့က ဖခင်ဖြစ်သူ ယုံကြည်ချက်ရှိရှိ ပြောဆိုနေသဖြင့် အံ့အားသင့်ကာ မေးလိုက်သည်။
"ဒါကတော့ ပိုင်ရှောင်တန်က သတင်းတွေနဲ့ အဖေနဲ့ ယီယီတို့ အတူတူ သုံးသပ်ထားတာပေါ့"
"ဒါကြောင့် ရှင်းယွဲ့... သူ့အတွက် မစိုးရိမ်နဲ့တော့"
"မုန့်ရှားအနေနဲ့ မြောက်ပိုင်းနယ်စပ်မှာ ရှိနေဖို့ တကယ်မလိုပါဘူး၊ အဲ့ဒီမှာ ထိပ်တန်းပညာရှင်တွေ ရှိနေတာမှ မဟုတ်တာ" ဟု လီဆူးဝမ်က သက်ပြင်းချကာ ပြောလိုက်သည်။
"ကျွန်မ သူ့ ဆီ စာရေးပြီး ပြန်လာခိုင်းလိုက်ရမလား" ဟု လီရှင်းယွဲ့က မေးမြန်းရာ "ထားလိုက်ပါတော့၊ မင်္ဂလာဆောင်တဲ့နေ့မှပဲ သူ ရောက်လာပါစေတော့" ဟု လီဆူးဝမ်က ပြန်ဖြေလိုက်၏။
"ဟန်ယီ၊ ယီယီ... မနက်ဖြန်ကျရင် အဖိုးက မင်းတို့ကို မင်္ဂလာဝတ်စုံ သွားမှာပေးမယ်" ဟု လီဆူးဝမ်က တက်ကြွစွာ ပြောလေသည်။
လီကျန့်ယီက ပြုံးလျက် "ကျေးဇူးတင်ပါတယ် အဖိုး" ဟု ဆိုသော်လည်း လီဟန်ယီမှာမူ မျက်နှာလေး နီမြန်းလျက် အဝတ်စကို ဆွဲကာ ရှက်သွေးဖြာနေတော့၏။
လီကျန့်ယီက သူမ၏ နူးညံ့သော လက်ကလေးကို ဆုပ်ကိုင်ကာ "ဟန်ယီ... မင်းက အရင်တုန်းကတော့ အရှက်မရှိ လက်ထပ်ခိုင်းခဲ့ပြီး အခုကျမှ ဘာလို့ ဒီလောက်တောင် ရှက်နေရတာလဲ" ဟု စလိုက်၏။
"မဟုတ်... မဟုတ်ပါဘူး၊ အဲ့ဒါက မတူဘူးလေ..." ဟု လီဟန်ယီက မျက်နှာလေး နီမြန်းလျက် ခေါင်းခါသည်။
"ဘာလို့ မတူရမှာလဲ" ဟု လီကျန့်ယီက သိချင်စိတ်ဖြင့် မေးလိုက်၏။
"မှန်တာပေါ့၊ အဖိုး မှတ်မိသေးတယ်... ဟန်ယီလေး ငယ်ငယ်တုန်းက ယီယီကို လက်ထပ်ဖို့ ဘယ်လောက်တောင် အတင်းအကျပ်လုပ်ခဲ့လဲဆိုတာ။ အဲ့ဒီတုန်းက ဟန်ယီက ငါ့မြေးမလေး ဟုတ်ရဲ့လားလို့တောင် အဖိုး သံသယဝင်ခဲ့မိတာ" ဟု လီဆူးဝမ်က အတိတ်ကို ပြန်ပြောကာ ရယ်မောလိုက်သည်။
"အဖိုး ဟန်ယီကို မစပါနဲ့တော့... ငယ်ငယ်တုန်းက ဖြစ်ခဲ့တာတွေကို ထည့်မတွက်ရဘူးလေ" ဟု လီဟန်ယီက အလွန်အမင်း ရှက်သွားသဖြင့် အော်ပြောလိုက်၏။
"ဟားဟားဟား ဟန်ယီလေး ရှက်တတ်နေပြီပေါ့။ အဖိုးကတော့ မင်းရှက်နေတာမျိုး တစ်ခါမှ မမြင်ဖူးဘူး" ဟု လီဆူးဝမ်က ဆက်၍ စနောက်နေသဖြင့် လီဟန်ယီမှာ "ဟွန့်..အဖိုးကလည်း ယီယီလိုပဲ လူဆိုးကြီး..သွားပြီ... မခေါ်တော့ဘူး"ဟု ပြောကာ ယုန်လေးတစ်ကောင်ကဲ့သို့ ဓားဆောင်ထဲမှ အမြန်ပြေးထွက်သွားတော့သည်။
ရှောင်ကျဲမှာ အဖိုးဖြစ်သူသည် ခုနက ဒေါသထွက်နေပြီးမှ မမ မျက်နှာနီသွားသည်ကို မြင်သောအခါ အဘယ်ကြောင့် ရယ်မောနေသည်ကို နားမလည်နိုင်ပေ။ 'အဖိုးက မျက်နှာနီနေတဲ့သူကို မြင်မှ ရယ်တာလား' ဟု သူက တွေးတောကာ မိမိ၏ ပါးဖောင်းဖောင်းလေးကို လက်ဖြင့် အတင်းညှစ်လိုက်တော့၏။ ပါးလေး နီရဲသွားသောအခါမှ သူက လီဆူးဝမ်ကို ကြည့်ကာ "အဖိုး... ရှောင်ကျဲကို ကြည့်ဦး" ဟု မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။
လီဆူးဝမ်မှာမူ "ရှောင်ကျဲ... မင်း ဘာလို့ မင်းအသားကို ညှစ်နေတာလဲ" ဟု ဆိုကာ စကားပင် မပြောနိုင်တော့ပေ။ လဲ့မုန့်ရှားကဲ့သို့ပင် တုံးအနိုင်လှသော မြေးဖြစ်သူကို ကြည့်ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားရ၏။
"ဟင်..အဖိုးက ဘာလို့ မရယ်တာလဲ" ဟု ရှောင်ကျဲက ဝမ်းနည်းစွာ မေးလေသည်။
လီကျန့်ယီကမူ ရှောင်ကျဲ၏ အတွေးကို သိသဖြင့် "ဆရာ... ရှောင်ကျဲက ဆရာ ဟန်ယီကိုကြည့်ပြီး ရယ်တာမြင်လို့ သူ့ပါးသူ နီအောင်လုပ်ပြီး ဆရာကို ရယ်စေချင်တာပါ" ဟု ရှင်းပြလိုက်၏။
ထိုအခါမှ လီဆူးဝမ်က ရှောင်ကျဲကို ပွေ့ချီကာ "အဖိုး မှားသွားပါတယ်၊ အဖိုးက ရှောင်ကျဲကိုလည်း အများကြီး ချစ်ပါတယ်ကွယ်" ဟု ချော့မြှူလိုက်ရသည်။
ထိုအချိန်တွင် လီကျန့်ယီသည် လီဟန်ယီနောက်သို့ တိတ်တဆိတ် လိုက်သွားလိုက်သည်။ သူသည် လီဟန်ယီ ငယ်စဉ်က နေထိုင်ခဲ့သော အခန်းသို့ ရောက်ရှိလာ၏။ အခန်းထဲတွင် လီဟန်ယီသည် မျက်နှာလေး နီမြန်းလျက် ရေခဲမြစ်ဓားကို ကုလားထိုင်ပေါ်တင်ကာ "ယီယီ... ရှင် ကျွန်မကို လက်ထပ်မှာလား" ဟု ရှက်ကိုးရှက်ကန်းဖြင့် မေးနေသည်ကို သူ တွေ့လိုက်ရသည်။
လီကျန့်ယီမှာ ပြုံးမိသွားတော့၏။ ဟန်ယီသည် ယခင်ကကဲ့သို့ အထက်စီးဆန်သူ မဟုတ်တော့ဘဲ ရှက်တတ်သော မိန်းကလေးတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။