← Chapters

‌‌ပျံသန်းရင်း ကျီစယ်ခြင်း

Vol. 14 Ch. 139

‌‌ပျံသန်းရင်း ကျီစယ်ခြင်း

Vol. 14 Ch. 139

ရွှေလမြို့တော်။

လီဆူးဝမ် ပို့ပေးသော နေ့လယ်စာကို ဓားနှလုံးကျောက်ဆောင်တွင် စားသောက်ပြီးနောက် လီကျန့်ယီသည် မြို့စားအိမ်‌တော်သို့ ပြန်ရောက်လာသည်။ ထိုအချိန်တွင် လော့ရွှေက ဟင်းလျာအမြောက်အမြားကို ပြင်ဆင်ထားရာ နဂါးဝတုတ်လေး၊ ကျီရွယ်နှင့် ချန်လော့လေးတို့မှာ အငမ်းမရ စားနေကြ၏။

"အဖွား တကယ်ကို အံ့ဩဖို့ကောင်းတာပဲ၊ စားစရာတွေ အများကြီး လုပ်တတ်တာပဲနော်" ဟု ကျီရွယ်က မျက်လုံးလေးများ ကလည်ကလည်ဖြင့် မြှောက်ပင့်နေသည်။

"ဟဲဟဲ... ကျီရွယ်လေး ကြိုက်ရင် ပြီးတာပါပဲကွယ်။ ဟန်ယီ၊ ယီယီ၊ ချန်လော့... လာစားကြတော့၊ ဗိုက်ဆာနေကြဦးမယ်" ဟု လော့ရွှေက နွေးထွေးစွာ ဖိတ်ခေါ်လိုက်၏။

လီကျန့်ယီနှင့် လီဟန်ယီတို့သည် ဘေးချင်းကပ်လျက် ထိုင်ကာ နောက်ထပ်တစ်နပ် ထပ်မံစားသောက်သည်။ လီကျန့်ယီသည် သိုင်းပညာရှင်တစ်ဦး ဖြစ်သဖြင့် တစ်နပ်တည်းနှင့် မဝဘဲ နှစ်နပ်ဆိုလျှင် အတော်ပင် ဖြစ်၏။ ထို့ထက် ပိုအရေးကြီးသည်မှာ လီဟန်ယီ၏ ဘေးတွင် ရှိနေခွင့်ရခြင်းပင် ဖြစ်သည်။

ထမင်းစားနေစဉ်အတွင်း လီဆူးဝမ်က သူတို့နှစ်ဦး၏ မင်္ဂလာပွဲကို စီစဉ်နေကြောင်း လီကျန့်ယီက ပြောပြလိုက်၏။ ထိုသတင်းကို ကြားသောအခါ လော့ရွှေတို့မှာ ဓားနှလုံးဂူဗိမာန်သို့ လိုက်ပါကာ ကူညီပြင်ဆင်ပေးချင်စိတ်များ ဖြစ်ပေါ်လာကြသည်။ လီဟန်ယီမှာ လော့ရွှေအတွက် သမီးအရင်းကဲ့သို့ ဖြစ်နေသည်။

"ယီယီ၊ ဟန်ယီ... မင်းတို့ မင်္ဂလာပွဲ စီစဉ်ရင် ဆရာကတော်ကို အသိပေးဖို့ မမေ့နဲ့ဦးနော်၊ မဟုတ်ရင် စိတ်ဆိုးမှာ" ဟု လော့ရွှေက အတည်ပေါက် မှာကြားလိုက်၏။

လီကျန့်ယီကလည်း "စိတ်မပူပါနဲ့ ဆရာကတော်ရယ်၊ ကျွန်တော်တို့ မပြောဘဲ နေပါ့မလား" ဟု ပြုံး၍ ပြန်ပြောသည်။

နေ့လယ်စာ စားပြီးနောက် လီကျန့်ယီသည် လီဟန်ယီကို ဓားနှလုံးဂူဗိမာန်သို့ ပြန်ခေါ်သွားရန် လော့ရွှေတို့ကို နှုတ်ဆက်လိုက်သည်။ လော့ရွှေနှင့် လီချန်းရှန်တို့ကလည်း ထိုလူငယ်နှစ်ဦး၏ ရှေ့ဆက်မည့် ဘဝခရီးလမ်း သာယာဖြောင့်ဖြူးပါစေကြောင်း ဆုတောင်းပေးလိုက်ကြ၏။

ရွှေလမြို့တော် ပြင်ပ။

လီကျန့်ယီသည် လီဟန်ယီ၏ နူးညံ့သော လက်ကလေးကို ဆုပ်ကိုင်ကာ "ဟန်ယီ... ကောင်းကင်ပေါ် ပျံသန်းရတဲ့ ခံစားချက်ကို ခံစားကြည့်ချင်လား" ဟု မေးလိုက်သည်။

"ကောင်းကင်ပေါ်... ဟုတ်လား" လီဟန်ယီမှာ ဇဝေဇဝါ ဖြစ်သွားသည်။

သို့သော် ချက်ချင်းပင် လီကျန့်ယီသည် လီဟန်ယီကို ဆွဲကာ လေကိုစီးလျက် တိမ်တိုက်များ အထက်သို့ ပျံတက်သွား၏။ လီဟန်ယီက အောက်ဘက်သို့ ငုံ့ကြည့်ကာ လီကျန့်ယီကို အံ့အားသင့်စွာ ကြည့်ရင်း "ယီယီ... ရှင် ဆန်းကြယ်နတ်ခရီးအဆင့်ကို ရောက်သွားပြီလား။ လေကိုစီးပြီး ပျံနိုင်တာက ဆန်းကြယ်နယ်ပယ် ရောက်မှ ဖြစ်နိုင်တာလို့ ဆရာက ပြောဖူးတယ်" ဟု မေးသည်။

"ဟုတ်တယ်... ငါ အဲ့ဒီအဆင့်ကို ရောက်သွားပြီ၊ ပြီးတော့ မင်းကို လက်ထပ်ဖို့ လာခဲ့တာ" ဟု လီကျန့်ယီက လီဟန်ယီကို ဖက်ကာ တိုးတိုးလေး ပြော၏။

"ဒါဆို... ကျွန်မက သဘောမတူရင် ရှင် ဘာလုပ်မလဲ" ဟု လီဟန်ယီက နှုတ်ခမ်းလေး စူကာ မေးလိုက်ရာ လီကျန့်ယီက ပြုံးလျက် "မင်း သဘောတူမှာပါ၊ အကယ်၍ သဘောမတူရင်တောင် အဖိုးက မင်းရဲ့ မိဘတွေကို ဖိတ်ထားပြီးပြီလေ။ သူတို့ကို အလကားသက်သက် ခရီးမပန်းစေချင်ဘူး မဟုတ်လား" ဟု ပြော၏။ လီဟန်ယီကလည်း မျက်နှာလေး နီမြန်းလျက် ခေါင်းခါသည်။

လီကျန့်ယီက ဆက်လက်၍ "ပြီးတော့ မင်းက ငါ့ကို မယူရင် မင်း ငယ်ငယ်တုန်းက ငါ့ရဲ့ လည်ပင်းကို ဓားနဲ့ထောက်ပြီး အတင်းလက်ထပ်ခိုင်းသလိုမျိုး ငါကလည်း ပြန်လုပ်မှာပေါ့" ဟု စနောက်လိုက်၏။ လီဟန်ယီမှာ ငယ်ဘဝက အကြောင်းကို ပြန်ပြောသဖြင့် အလွန်ပင် ရှက်သွားရသည်။

ပျံသန်းနေရင်း လီကျန့်ယီက သူမ၏ တင်ပါးလေးကို ခပ်ဖွဖွ ပုတ်ကာ ကျီစယ်လိုက်ရာ လီဟန်ယီမှာ ရှက်လွန်း၍ ထွက်ပြေးချင်သော်လည်း ကောင်းကင်ပေါ်တွင် ပြေးစရာ မြေမရှိပေ။ "လူဆိုးကြီး၊ ရှင် ကျွန်မကို ကောင်းကင်ပေါ် ကိုခေါ်လာတာ ကျီစယ်ဖို့ပဲ မဟုတ်လား၊ ကျွန်မမှာ ပြေးစရာလည်း မရှိတော့ဘူး" ဟု သူမက ရှက်ကိုးရှက်ကန်းဖြင့် ပြော၏။

သူတို့နှစ်ဦးသည် အပြန်အလှန် ကျီစယ်ရင်း ဓားနှလုံးဂူဗိမာန်သို့ ပြန်လည် ရောက်ရှိလာကြသည်။ လီဆူးဝမ်သည် မြေးမလေး ပြန်ရောက်လာသည်ကို မြင်သောအခါ အလွန်ပင် ဝမ်းသာသွားတော့၏။

.....

သုံးရက်အကြာတွင် လီရှင်းယွဲ့သည် လေးနှစ်အရွယ် ရှောင်ကျဲကို ခေါ်ဆောင်ကာ ဓားနှလုံးဂူဗိမာန်သို့ ရောက်ရှိလာသည်။ ရှောင်ကျဲသည် လီဟန်ယီနှင့် လီကျန့်ယီကို မြင်သည်နှင့် "မမ...ယောက်ဖ" ဟု ကလေးသဘာဝ အော်ဟစ်ကာ ပြေးလာတော့၏။

လီကျန့်ယီက ရှောင်ကျဲ၏ ခေါင်းလေးကို ပုတ်ကာ "မဆိုးပါဘူး... ရှောင်ကျဲက အခုဆို ယောက်ဖလို့တောင် ပီပီသသခေါ်တတ်နေပြီပဲ" ဟု ပြောလိုက်ရာ ရှောင်ကျဲက "ရှောင်ကျဲက တော်တယ်လေ" ဟု ပြန်ပြောသည်။

လီကျန့်ယီက "ဒါဆို အစ်ကိုနဲ့ စမ်းတိုက်ကြည့်မလား" ဟု စလိုက်ရာ ရှောင်ကျဲက "မတိုက်ပါဘူး၊ လူကြီးက ကလေးကို လာယှဉ်တာ မရှက်ဘူးလား" ဟု ဆိုကာ လီရှင်းယွဲ့ နောက်သို့ ပြေးဝင်ပုန်းလိုက်တော့၏။

"မေမေ... ဖေဖေရော" လီဟန်ယီက လဲ့မုန့်ရှား ပါမလာသဖြင့် မေးမြန်းလိုက်ရာ လီရှင်းယွဲ့၏ မျက်နှာမှာ အနည်းငယ် ညှိုးငယ်သွားလေသည်။ "ဟန်ယီ... မင်းအဖေက အခုလောလောဆယ် လာလို့မရသေးဘူး။ မြောက်ပိုင်းလူရိုင်းတွေနဲ့ တောင်ပိုင်းကျူးတွေက နယ်စပ်မြို့တွေကို ဝိုင်းထားကြတယ်လေ။ ဒါကြောင့် သူ အလုပ်ရှုပ်နေတယ်" ဟု လီရှင်းယွဲ့က သက်ပြင်းချကာ ပြောသည်။

"ဒါကြောင့် မင်္ဂလာပွဲ ပြင်ဆင်စရာရှိတာတွေ ပြင်ထားကြပြီး မင်းအဖေ ပြန်လာတာကိုပဲ စောင့်ကြရအောင်" ဟု သူမက ဆက်ပြောရာ လီကျန့်ယီနှင့် လီဟန်ယီတို့ကလည်း တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းငြိမ့် သဘောတူလိုက်ကြသည်။

All Chapters