← Chapters

ခြေတံရှည် လှလှလေးနဲ့ ရှောင်ချင်း

Vol. 17 Ch. 162

ခြေတံရှည် လှလှလေးနဲ့ ရှောင်ချင်း

Vol. 17 Ch. 162

“မင်းတို့ အရင်ဆုံး မိစ္ဆာနှိမ်နင်းသူဗျူရိုကို ပြန်နှင့်ကြတော့။”

“မောင်လေး... အဲ...အချောလေး ချန်ဟွိုက်အန်... ရှင် ကျွန်မတို့နဲ့ မလိုက်တော့ဘူးလား။”

“မလိုက်တော့ဘူး။ ငါ ဒီမှာ ခဏနေခဲ့ဦးမယ်။”

ချန်ဟွိုက်အန်က ကျင်းမြစ်ရှိရာဘက်သို့ လှည့်ကြည့်လိုက်ရာ မျက်နှာ မှောင်ကျသွားသည်။ ထိုအငွေ့အသက်က... ရင်းနှီးနေ၏။ သူ ယခင်က တွေ့ဖူး၍ မဟုတ်ဘဲ ထိုအစွမ်း၏ အဆင့်ကို သူ သိနေ၍ပင်။

ထိုမိစ္ဆာကြီးသည်... တာအိုပညာရှင် ချင်းရွှမ်းနှင့် အဆင့်ချင်း တူနေသည်။ သူသည် ချီသန့်စင်ခြင်း အဆင့်သာ ရှိသေးသော်လည်း အခြေတည်ဝိညာဉ်အဆင့်ကို မြင်ဖူးရုံမက ကိုယ်တိုင်လည်း ရောက်ရှိဖူးသူ ဖြစ်သည်။ သူ ရှင်းရှင်းလင်းလင်း သိလိုက်လေပြီ... ထိုမိစ္ဆာ၏ ကျင့်ကြံခြင်း အဆင့်မှာ အခြေတည်ဝိညာဉ်အဆင့်ပင်။

အကယ်၍ အထူးစစ်သည်က ချီသန့်စင်ခြင်း အထွတ်အထိပ်ဆိုလျှင် ဗိုလ်ချုပ်အဆင့်က အခြေခံအုတ်မြစ်မှ ရွှေရောင်အနှစ်သာရအဆင့် ဖြစ်လိမ့်မည်။ ထိုသို့ဆိုလျှင် အခြေတည် ဝိညာဉ်အဆင့်က ဘာနှင့် ညီမည်နည်း...

ထိုအရာများက အရေးမကြီးတော့။ မည်သို့ပင် ဆိုစေကာမူ မိစ္ဆာနှိမ်နင်းသူဗျူရိုရော၊ မုတ်ဆိတ်မွေးနှင့်လူပါ ထိုသူကို ယှဉ်နိုင်စွမ်း မရှိပေ။ အတင်းတိုက်ခိုက်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခြင်းသာ ဖြစ်လိမ့်မည်။

သူ လမ်းလျှောက်ရင်း တစ်ချိန်က စည်ကားခဲ့သော လမ်းမကြီးများမှာ အခုတော့ အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်နေပြီး ကားတန်းကြီးမှာလည်း သံတိုသံစပုံကြီးများအဖြစ် ပြောင်းလဲနေသည်ကို တွေ့လိုက်ရ၏။ သူ စဉ်းစားနေမိသည်...

လူသားတစ်ယောက်အနေနဲ့ သူ ဘာလုပ်နိုင်မလဲ...

သူက ကမ္ဘာကြီးကို အထူးတလည် ချစ်မြတ်နိုးနေသူဟုတ်သလို မုန်းတည်းနေသူလည်း မဟုတ်ပေ။ သို့သော် အရေးအကြီးဆုံးက... မုတ်ဆိတ်မွေးနှင့်လူကို အသေမခံနိုင်ခြင်းပင်။ သူ၏ ကျင့်ကြံခြင်း၊ အစွမ်းကို လိုက်စားခြင်းဟူသမျှက သူ တန်ဖိုးထားရသူများကို ကာကွယ်ရန် အတွက်သာ ဖြစ်သည်။ သူ ပိုက်ဆံရှာသည်မှာလည်း လီချင်းရန်ကို လုံခြုံစေရန်နှင့် အန္တရာယ် မကြုံရစေရန်သာ ဖြစ်သည်။

လက်သီးကို ဆုပ်ထားခြင်းမှာ... ဆုပ်ကိုင်ထားသောအရာကို ကာကွယ်ဖို့ပင်။ အကယ်၍ မုတ်ဆိတ်မွေးနှင့်လူ သေတော့မည်ဆိုလျှင် သူ ဘာများ လုပ်နိုင်မည်နည်း။ ချန်ဟွိုက်အန်က သူ၏ လက်ထဲတွင် ရှိသမျှကို ပြန်တွေးကြည့်သည်။ ကြောင်တစ်ကောင်၊ ငါးတစ်ကောင်၊ ကြေးခွံနက်ဓား၊ ဝိညာဉ်မြက်ပင်အချို့၊ ဆေးလုံး အကြွင်းအကျန်များနှင့် သူ့ကိုယ်ထဲမှ ကင်ဆာဆဲလ်များ...

၎င်းတို့အားလုံးက ထိုမိစ္ဆာဘုရင်ကို ယှဉ်နိုင်စွမ်း မရှိပေ။ နောက်ဆုံးတွင် သူ၏ စိတ်ထဲ၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ အဆောင်တစ်ခု။ ခရမ်းရောင်ကောင်းကင် မိုးကြိုးအဆောင်။

၎င်းသည် မူလက ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွကို မိစ္ဆာများ မစားနိုင်အောင် ကာကွယ်ထားခြင်း ဖြစ်သော်လည်း အခုတော့ ၎င်းက သူ၏ အကောင်းဆုံးလက်နက် ဖြစ်လာနိုင်၏။

“ငါ ထိန်းသိမ်းရေးစင်တာကို ပြန်ရမယ်။”

ချန်ဟွိုက်အန် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ကျင်းမြစ်ဘက်ကို နောက်ဆုံးတစ်ခေါက် ကြည့်ကာ အနီးဆုံးရှိ ကားတစ်စီးထဲသို့ ဝင်လိုက်သည်။ လမ်းများပိတ်နေသဖြင့် အနည်းဆုံး တစ်နာရီခန့် ကြာလိမ့်မည်။ သို့သော် ထိန်းသိမ်းရေးစင်တာတွင် လေယာဉ်များ ရှိသည်။ ကျောက်ရင်းကို ခွင့်တောင်းနိုင်လျှင် ရဟတ်ယာဉ်ဖြင့် သွားနိုင်မည်။

“မသေနဲ့ဦး။ ဦးလေး မုတ်ဆိတ်မွး... ကျွန်တော့်ကို စောင့်နေဦး...”

တစ်ချိန်တည်းမှာပင် C ပြည်နယ် ထိန်းသိမ်းရေးစင်တာ၊ အကျဉ်းခန်း(၀)အတွင်း၌...

ပါ့ကျီသည် စတော်ဘယ်ရီဝက်ဝံ၏ ဗိုက်ပေါ်တွင် ထိုင်နေပြီး လက်တစ်ဖက်က ပုစွန်တုပ်ဘုရင်ကို နင်းထား၏။ သူ ထုတ်လွှတ်ထားသော မိစ္ဆာအရှိန်အဝါကြောင့် ထိုထိန်းသိမ်းခံ နှစ်ကောင်မှာ လုံးဝ မလှုပ်နိုင်ဘဲ ဖြစ်နေသည်။

[ ဆရာကြီး ထွက်သွားတာနဲ့ မင်းတို့နှစ်ကောင်က ဘယ်သူက အကြီးအကဲလဲ ဆိုတာကို မေ့သွားကြပြီပေါ့ ]

ပါ့ကျီက နှာခေါင်းရှုံ့လိုက်သည်။

ဒီကောင်တွေက ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့။ မိစ္ဆာတွေကြားမှာ သွေးမျိုးဆက်ဖိနှိပ်မှုက အကြွင်းမဲ့ဆိုတာ သူတို့တွေ မသိကြဘူးလား။

ပါ့ကျီက သူတို့ထဲမှာ အသန်မာဆုံး တစ်ကောင် ဖြစ်သည်။ ဆရာကြီးဆီတွင် အမြဲ အနိုင်ကျင့် ခံနေရသော်လည်း အခုလို ဆရာကြီးမရှိခိုက်၊ စောင့်ကြည့်မည့်သူ မရှိခိုက်တွင် သူငယ်ချင်း အသစ်များနှင့် “ရင်းနှီးအောင်” ပြုလုပ်ရန် အကောင်းဆုံး အချိန်ပင်။

ပါ့ကျီက ဆက်ပြီး ပညာပေးတော့မည့်အချိန်မှာပင်...

“ပလုံ... ပလုံ... ပလုံ...”

[ငါးစုတ်၊ ပလုံပလုံ အသံတွေ မလုပ်နဲ့။ ငါ ဒီမှာ တရားစီရင်နေတာ မမြင်ဘူးလား]

“ပလုံ ပလုံ ပလုံ ပလုံ...”

[ ပါးစပ်ပိတ်ထားစမ်း... ]

ပါ့ကျီ ပြတင်းပေါက်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ ဦးနှောက်မှာ ခဏချင်း ရပ်တန့် သွားသည်။ နှင်းကဲ့သို့ ဖြူဖွေးသွယ်လျသော ခြေတံရှည်တစ်စုံက ခြေအိတ်အနက်ရောင်များကို ဝတ်ဆင်လျက် ပြတင်းပေါက်ပေါင်မှ တွဲလောင်းကျနေသည်။ အပေါ်ဘက် ဆက်ကြည့် လိုက်ရာတွင်... အဲ... ခန္ဓာကိုယ် တစ်ဝက်က ငါးကြီး ဖြစ်နေ၏။

ရှောင်ချင်းက ငါးမျက်လုံးအသေကြီးများကို မှိတ်တုတ်မှိတ်တုတ် လုပ်ရင်း နှုတ်ခမ်းများမှ ပလုံ ပလုံ အသံများ ထွက်ပေါ်နေ၏။ ပါ့ကျီ စိုက်ကြည့်နေသည်ကို သိသောအခါ သူက ပြတင်းပေါက်မှ ခုန်ဆင်းလိုက်ပြီး လှပသော ခြေတံများကို ဆန့်ထုတ်ပြလိုက်သည်။ လူသား အလှအပများကို လုံးဝ စိတ်မဝင်စားသော ပါ့ကျီအတွက်တော့ ၎င်းက အလွဲကြီး ပင်။

[မင်းက ဒီလိုပုံစံနဲ့ ကြည့်ကောင်းတယ်လို့ တကယ် ထင်နေတာလား]

ရှောင်ချင်းက ပါ့ကျီကို စိုက်ကြည့်ကာ ယုံကြည်ချက် အပြည့်ဖြင့် ခေါင်းညိတ်ပြပြီး တစ်ပတ်လှည့်ပြလိုက်သည်။

“ပလုံ ပလုံ ပလုံ” [မလှဘူးလား]

ပါ့ကျီ မျက်ခုံးလှုပ်သွား၏။ [ငါပြောရဲတာကတော့... မင်း ငါးချဉ်အလုပ်ခံရဖို့ ရာခိုင်နှုန်းက အတော်လေး မြင့်တက်သွားပြီ]

ရှောင်ချင်းက သဘောမတူပေ။ “ပလုံ ပလုံ... လူသားတွေက ဒီလိုခြေတံတွေကို သဘောကျကြတာ... ဆရာကြီးတောင် ခြေတံလှလှလေးတွေပါတဲ့ ဗီဒီယိုတွေကို အမြဲကြည့်ပြီး သွားရည်ကျနေတာ ကျွန်မ တွေ့တယ်...”

[ ...ဟုတ်ပါပြီ။ ဘာပဲဖြစ်ဖြစ်။ ယုံရင် ပြီးတာပါပဲ...]

ပါ့ကျီ သက်ပြင်းချလိုက်သည်။ ယနေ့ခေတ် မိစ္ဆာများကို ထိန်းရသည်မှာ တကယ် မလွယ်ကူပေ။

ချန်ဟွိုက်အန်က သာမန်လူမဟုတ်ဘဲ သာမန်လူ အရေခွံခြုံထားတဲ့ ဆရာကြီးဆိုတာ သူတို့ မသိကြဘူးလား။

ရုတ်တရက်... အရိပ်တစ်ခု လှုပ်ရှားသွား၏။ ပါ့ကျီ မျက်လုံးပြူးသွားသည်။ ရှောင်ချင်း၏ အနောက်တွင်... အပင်တစ်ပင်က မတ်တပ်ရပ်နေ၏။ ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွသည် ၎င်း၏ အမြစ်များမှ ခြေထောက်များ ထွက်ပေါ်လာပြီး အညောင်းဆန့်နေလေသည်။

...ဒါက နိုးထလာပြီလား။ မဖြစ်နိုင်တာ... အဆင့်မြင့် စိတ်ဝိညာဉ်ပင်တွေက ဒီလောက်မြန်မြန် အသိဉာဏ်ဝင်လေ့ မရှိဘူး။

၎င်းက ရှောင်ချင်းထက် အဆပေါင်းသောင်းချီ ခက်ခဲသော အပင်မိစ္ဆာ ဖြစ်လာခြင်းပင်။

ထို့နောက် ပို၍ ထူးဆန်းသည်မှာ... ထိုသစ်ခွပင်သည် အရွက်ဖြင့် အိုးပေါ်တွင် ကပ်ထားသော မိုးကြိုးအဆောင် ကို ခွာယူလိုက်ခြင်းပင်။

အခွင့်အရေးပဲ...

ပါ့ကျီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ၎င်းက လျင်မြန်စွာ ပြေးဝင်လိုက်ပြီး ထိုဝိညာဉ်ပင်ကို စားရန် ကြိုးစားလိုက်သည်။ အကယ်၍ ၎င်းကို စားနိုင်လျှင် သူ၏ ကျင့်ကြံခြင်း အဆင့်က ထိုးတက်သွားမည် ဖြစ်သည်။

ဝုန်း...

အနက်ရောင် အရိပ်တစ်ခု ဖြတ်သန်းသွားပြီး ပါ့ကျီ လွင့်ထွက်သွားကာ သံမဏိနံရံကို ၅မီတာခန့် ချိုင့်ဝင်သွားအောင် ဆောင့်မိတော့သည်။ သူ ပြန်မထနိုင်တော့ပေ။ စတော်ဘယ်ရီဝက်ဝံနှင့် ပုစွန်တုပ်ဘုရင်တို့မှာ ထိတ်လန့်တကြား ခေါင်းငုံ့ထားလိုက်ကြသည်။ ၎င်းက ကြောင်တစ်ကောင် အရိုက်ခံရခြင်း မဟုတ်ဘဲ သူတို့၏ နောက်ဆုံးမျှော်လင့်ချက် ပျက်စီးသွားခြင်းပင်။

ရှောင်ချင်း ကြောင်အမ်းအမ်းဖြင့် ရပ်နေမိသည်။ သူ၏ ခြေတံလှလှလေး နှစ်ဖက်ကို တင်းတင်း စေ့ထားရင်း အနောက်သို့ ဆုတ်လိုက်သည်။ သို့သော် စိတ်ဝိညာဉ်သစ်ခွပင်က သူ့ကို မထိခိုက်ပေ။ ထိုအစား ၎င်းက ရှောင်ချင်း၏ ခေါင်းပေါ်ရှိ အိုးထဲတွင် ဝင်ထိုင်လိုက်ပြီး... သူ၏ ငါးအမြီးကို ရိုက်ကာ အပြင်ဘက်ကို ညွှန်ပြလိုက်သည်။

“ပလုံ ပလုံ” [ရှင်က... အပြင်သွားချင်တာလား]

သစ်ခွပင်၏ အရွက်နုလေးက အပေါ်အောက် လှုပ်ပြလိုက်သည်။

“ပလုံ ပလုံ။ ဒါပေမဲ့ နံရံကြီး ရှိနေတာလေ။ ထွက်လို့မရဘူး။”

စိတ်ဝိညာဉ်သစ်ခွပင်က ရှောင်ချင်းကို နံရံဆီသို့ လျှောက်သွားရန် အချက်ပြလိုက်သည်။ ထိုအခါ နေရာလွတ်မှာ လှိုင်းတွန့်သကဲ့သို့ ဖြစ်သွားပြီး နောက်တစ်စက္ကန့်တွင် ငါးတစ်ကောင်နှင့် အပင် တစ်ပင်တို့ အပြင် ရောက်သွားတော့သည်။

အကျဉ်းခန်းထဲ၌ စတော်ဘယ်ရီဝက်ဝံနှင့် ပုစွန်တုပ်ဘုရင်တို့က ဖန်သားပြင်ကာ ကြည့်ကာ...

ကြောင်တောင်တောင် ကျန်ရစ်ခဲ့သည်။

ခဏအကြာတွင် ထျန်ဖူခရိုင်၏ လမ်းမများပေါ်၌... ခြေအိတ်အနက်ရောင် ဝတ်ဆင်ထားသော ခြေတံရှည် ငါးကြီးတစ်ကောင်သည် အသည်းအသန် ပြေးလွှားနေသည်။ ၎င်း၏ ခေါင်းပေါ် တွင်တော့ အဆောင်ကို ကိုင်ထားသော စိတ်ဝိညာဉ်သစ်ခွအိုးကြီး ရှိနေလေသည်။

သူတို့၏ ဦးတည်ချက်က ရှင်းလင်းပေသည်...

သူတို့က ကျင်းမြစ်ဆီသို့ တန်းတန်းမတ်မတ် ပြေးနေကြခြင်းပင်။

.....

All Chapters