ညအမှောင်ကို လင်းစေခြင်း
Vol. 17 Ch. 163
“ချင်းရန်... မိစ္ဆာတွေက လူအသွင်ပြောင်းသွားရင် ဘယ်လိုပုံစံမျိုးလဲ...”
[မိစ္ဆာအများစုကတော့ လူသားပုံစံ ပြောင်းရင် ချောမောတဲ့ အမျိုးသား ဒါမှမဟုတ် လှပတဲ့ အမျိုးသမီးပုံစံကိုပဲ ရွေးချယ်ကြပါတယ်။ သူတို့က လူသားတွေရဲ့ စွမ်းအင် အဆီအနှစ်ကို စားသုံးရတာမို့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်နဲ့ လူတွေကို မျှားခေါ်ရတာလေ... ဆရာ ထူးဆန်းတဲ့ မိစ္ဆာနဲ့ တွေ့လို့လား]
ချန်ဟွိုက်အန် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ကင်မရာကိုဖွင့်ကာ ရှောင်ချင်း၏ ပုံကို ရိုက်ပြီး ပို့လိုက်သည်။ ခြေအိတ်ရှည် အနက်ရောင် ဝတ်ထားသည့် ခြေတံရှည်ရှည်၊ ဧရာမငါးခေါင်းကြီးနှင့် ခေါင်းပေါ်တွင် အပင်အိုးတင်ထားသည့် ပုံရိပ်ပင်...
အခန်းငယ်လေးအတွင်း၌ လီချင်းရန်က စိတ်ဝိညာဉ်ချီစွမ်းအင် မှန်ချပ်ထဲတွင် ပေါ်လာသော ထိုပုံရိပ်ကို ကြည့်ကာ လုံးဝကို ဆွံ့အသွားတော့သည်။
ခဏကြာမှ သူ လက်ယှက်ကာ ပြောလိုက်သည်။ “ဟီး... တပည့်က အသိဉာဏ်နည်းလို့ပါ။ ဆရာ။ ဒီလောက် ထူးဆန်းတဲ့ မိစ္ဆာမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့... သူ့ခြေထောက်က အဝတ်အစားလေးကတော့ တော်တော်လှတာပဲ။ ဆရာကြီး လုပ်ပေးထားတာလား...”
[ဟုတ်တယ်... ပျင်းလို့ လုပ်ပေးလိုက်တာ။]
လီချင်းရန် မျက်တောင်ခတ်လိုက်သည်။ သူ ဆရာ့ကို အပြည့်အဝ နားလည်သွားလေပြီ...
ဆရာနေထိုင်တဲ့ အဲဒီနေရာက သွေးသံရဲရဲ မိစ္ဆာတွေ ဒါမှမဟုတ် ရုပ်ဆိုးတဲ့ ငါးမိစ္ဆာတွေပဲ ရှိတာမို့ စိတ်ကြည်လင်ဖို့အတွက် အလှအပတစ်ခုခုကို ဖန်တီးလိုက်တာ ဖြစ်မယ်။ ဒါကြောင့် ခြေတံရှည် ငါးကြီးကို ဒီလိုဝတ်စုံ ဝတ်ပေးလိုက်တာပေါ့။
“ဆရာ... ကျွန်မလည်း အဲဒါမျိုး ဝတ်ကြည့်ချင်တယ်...”
ချန်ဟွိုက်အန်က ဖုန်းကို ကြည့်ရင်း ကြောင်သွားသည်။ အကြောင်းမှာ စနစ်အကြောင်းကြားစာ တစ်ခု ပေါ်လာခြင်းကြောင့်ပင်။
[သင့်ရဲ့ ပုံရိပ်ယောင် ကော်ငမလေးက လက်ဆောင်တစ်ခု တောင်းဆိုနေပါတယ်။ ခြေအိတ်ရှည် တစ်စုံ ပေးပို့မှာလား]
“...ငါ လီချင်းရန်ကို လက်ဆောင်ပေးလို့ ရတာလား။”
သူ၏ ပါးစပ် အဟောင်းသား ဖြစ်သွားပြီးမှ အခြေအနေကို ချက်ချင်း သဘောပေါက်လိုက်သည်။
ဒါက ကောင်းတဲ့အချက်ပဲ... လီချင်းရန်က အမြဲတမ်း တာအိုဝတ်ရုံတွေပဲ ဝတ်နေတာ။ ကြည့်ကောင်းပေမယ့် တစ်ခုခု လိုနေသလိုပဲ။ အခုတော့ ကြိုက်တာ ပေးလို့ရပြီ။ အိမ်ဖော်ဝတ်စုံ၊ ညဝတ်ဂါဝန်၊ ခြေအိတ်ရှည်၊ ကျောင်းဝတ်စုံ...
ဘာလဲ၊ မသင့်တော်ဘူးလား...
စိတ်ကူးမယဉ်စမ်းပါနဲ့။ ဒါတွေက ငါတစ်ယောက်တည်း ကြည့်ဖို့လေ။ ဒါကို ရိုမန့်တစ်ဆန်တယ်လို့ ခေါ်တာကွ။
သို့သော်လည်း အခုလောလောဆယ် သူ့လက်ထဲ မည်သညမှ မရှိသေးသလို ရှောင်ချင်း ခြေထောက်က ဟာကိုလည်း ချွတ်ပေး၍ မရပေ။ အရေးကြီးဆုံးက ယခုမှာ လူကယ်ရမယ့်အချိန် ဖြစ်သည်။
ထို့ကြောင့် သူ ငြင်းလိုက်၏။
[ငါ အခု မိစ္ဆာကြီးတစ်ကောင်နဲ့ တိုက်ခိုက်တော့မယ်။ နားနားနေနေ အချိန်ရရင် မင်းအတွက် အစုံလိုက် လုပ်ပေးမယ်]
“ဟီးဟီး၊ ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာက အကောင်းဆုံးပဲ...”
လီချင်းရန်သည် ခေါင်းငုံ့ကာ ပြုံးလိုက်မိသည်။ ဆရာက သူ့ကို ပစ္စည်းပေးသည်မှာ ယခုက ပထမဆုံး မဟုတ်သော်လည်း သူကိုယ်တိုင် တောင်းဆိုသည်ကတော့ ပထမဆုံးပင်။ သူ တောင်းဆိုစဉ်က ရင်တုန်နေခဲ့သည်။
တကယ်လို့ ဆရာက ငြင်းလိုက်ရင်ရော...
သို့သော်လည်း ဆရာက မတွန့်ဆုတ်နေဘဲ သဘောတူခဲ့လေသည်။
ဆိုလိုတာက... ဆရာရဲ့ နှလုံးသားထဲမှာ ငါက အရေးပါတဲ့ နေရာတစ်ခု ရနေတာလား။ ဒါပေမဲ့... အဲဒီဝတ်စုံက ရှက်စရာကြီး။ ဆရာ့အတွက် တကယ်ကြီး ဝတ်ပြရမှာလား...
သူ တွေးရင်း မျက်နှာလေး နီမြန်းလာကာ ကုတင်ပေါ်တွင် စောင်ခြုံပြီး လူးလိမ့်နေတော့သည်။
တစ်ဖက်တွင်တော့ ချန်ဟွိုက်အန်က ရှောင်ချင်း၏ ထူးဆန်းသော ပုံစံကို လက်ခံလိုက်ပြီ ဖြစ်သည်။ သို့သော်လည်း ကားရှေ့ခန်းတွင် ခြေအိတ်အနက်ရောင်နှင့် ငါးခေါင်းကြီး ထိုင်နေသည်ကို မြင်ရတိုင်း တစ်ခုခု ပြောချင်စိတ်ကို အောင့်ထားရသည်။
သူက အမြဲတမ်း ဒီလိုမျိုး တကယ်ကြီး ဖြစ်နေမှာလား... အဲဒီလို ဆိုရင်တော့ အပြင်ထွက်ရင် သူ့ရဲ့ ငါးခေါင်းကို ဖုံးထားရမှာ။
လွန်ခဲ့တဲ့ ၅မိနစ်က သူ ကားမောင်းလာသော်လည်း မိစ္ဆာ၏ တိုက်ခိုက်မှုကြောင့် လမ်းပိတ်ကာ ကားမတော်တဆမှု များနေသဖြင့် ကားကို ပစ်ထားခဲ့ကာ ခြေကျင်သွားရန် ဆုံးဖြတ်လိုက်သည်။ စိတ်ဝိညာဉ်ချီစွမ်းအင်ကို သုံးပြီး ပြေးခြင်းက ကားမောင်းသည်ထက် ပိုမြန်၏။
သူ ကားပေါ်မှ ဆင်းဆင်းချင်းမှာပင် ရှောင်ချင်းက သူ့ဆီ ပြေးလာတာကို တွေ့ခဲ့ရသည်။ အဓိကအချက်မှာ သူက ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွကို ယူလာခြင်း ဖြစ်ပြီး ထိုအပင်က ခရမ်းရောင်ကောင်းကင် မိုးကြိုးအဆောင်ကို ယူလာပေးခြင်း ဖြစ်သည်။ သူ လိုအပ်နေသည်ကို သိနေသလိုမျိုးပင်။
သို့သော် ရှောင်ချင်းက စကားမပြောနိုင်ပေ။ သူ ဘာမေးမေး “ပလုံ ပလုံ” ဟူ၍သာ ပြန်ဖြေနိုင်၏။ သို့မဟုတ်ပါက နောက်ကွယ်မှ အကြောင်းရင်းကို သူ သိချင်ပေသည်။ ယခုတွင် မိစ္ဆာကောင် ပေါ်လာသည်မှာ မိနစ်၂၀ ပြည့်တော့မည် ဖြစ်သည်။
မုတ်ဆိတ်မွေးနှင့်လူက မသေနိုင်သော ခန္ဓာကိုယ်ရှိသလို မိစ္ဆာနှိမ်နင်းသူဗျူရိုမှ စစ်ကူများလည်း ရှိနေသည်မို့ ခဏလောက် တောင့်ခံနိုင်လိမ့်မည်ဟု သူ မျှော်လင့်မိသည်။ ချန်ဟွိုက်အန် လက်သီးကို တင်းတင်းဆုပ်ကာ ဆုတောင်းနေမိသည်။
ကျင်းမြစ်ပေါ်တွင် သွေးများက မင်ရည်များကဲ့သို့ စွန်းထင်နေသည်။ အလောင်းကောင် အငွေ့အသက်များက ဒီရေကဲ့သို့ တက်လာသည်။ မုတ်ဆိတ်မွေးနှင့်လူသည် သူ၏ခန္ဓာကိုယ် ကြေမွသွားသည့် အသံကို ကြားလိုက်ရ၏။
အလောင်းကောင်ဘုရင်က ကြေးညိုရောင်ဓားကြီးကို မြေကြီးပေါ်တွင် တရွတ်တိုက်ဆွဲကာ မီးပွင့်များ ထွက်လျက် ဖြည်းဖြည်းချင်း လျှောက်လာသည်။
မုတ်ဆိတ်မွေးနှင့်လူ၏ဓားက ကျိုးသွားလေပြီ။ ကျည်ဆန်တွေလည်း ကုန်နေပြီ။ ရေမန်းလည်း မရှိတော့။ သူ့တွင် ကျန်သည်ဆိုလို့ ဆေးလိပ်တစ်ဗူးပဲ ရှိတော့သည်။ သူက ဆေးလိပ် တစ်လိပ်လောက် သောက်ချင်သော်လည်း လက်ချောင်းကိုတောင် မလှုပ်နိုင်တော့ပေ။
သူ့ရှေ့တွင် မိတ်ဆွေ မိစ္ဆာနှိမ်နင်းသူများ၏ အလောင်းများ ရှိနေသည်။ သူ့နောက်တွင် ရပ်နေသူ မကျန်သလောက်ပေ။ သူတို့က ထိုမျှ အင်အားကြီးသော ရန်သူကို တစ်ခါမှ မရင်ဆိုင်ခဲ့ဖူးပေ။
ဂျပန်၏ နီယွန်လမ်းများက သူတို့၏ မိစ္ဆာဓားများ မည်မျှ ထိန်းသိမ်းရ ခက်ခဲကြောင်း ကြွားဝါ ခဲ့ကြသည်။
ဥရောပသမဂ္ဂက သူတို့၏ ကြောက်စရာကောင်းသော ဗန်ပိုင်းရားများနှင့် မိစ္ဆာများနှင့် ပတ်သက်၍ ငြီးနေခဲ့ကြသည်။
သို့သော်လည်း ယခု အရှေ့မှ မိစ္ဆာကြီးနှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။
အလောင်းကောင်ဘုရင်က မုတ်ဆိတ်နှင့်လူ အရှေ့မှာ ရပ်လိုက်သည်။ “ပုရွက်ဆိတ်တွေ...”
သူ၏အသံက ခေါင်းတလားအဖုံးကို ဓားတုံးတုံး ပွတ်တိုက်သလိုမျိုး ဖြစ်နေ၏။
“ကျုပ်တို့က လူသားတွေ၊ ပုရွက်ဆိတ်တွေ မဟုတ်ဘူး...” မုတ်ဆိတ်နှင့်လူက အံကြိတ်ကာ အားတင်းပြီး ပြန်ထရပ်သည်။
“ဒီနေ့ ကျုပ်တို့ သေသွားနိုင်တယ်။ ဒါပေမဲ့...”
“မနက်ဖြန်တွေ သန်းနဲ့ချီ လာဖို့ ရှိနေတယ်...” သူ၏ခြေထောက်နှစ်ဖက်လုံး ပြတ်နေပြီ ဖြစ်သော်လည်း ဓားကျိုးကို မြေကြီးမှာ ထောက်ကာ ရန်သူကို စိုက်ကြည့်နေဆဲပင်။
“ခင်ဗျားတို့ တစ်နေ့ကျရင်... လူသားတွေကို ဒူးထောက်ပြီး ကြောက်ရွံ့လာရမယ့် မနက်ခင်းတစ်ခု ရောက်လာလိမ့်မယ်...”
“အဟက်။ ငါ စောင့်ကြည့်နေပါ့မယ်။” အလောင်းကောင်ဘုရင်က ဓားကို မုတ်ဆိတ်မွေးနှင့်လူ၏ ခေါင်းပေါ်တွင် မြှောက်လိုက်သည်။
ခုနစ်စင်ကြယ် အခင်းအကျင်း ပြန်လည် တောက်ပလာသော်လည်း... အခုတော့ ကြယ်၆လုံးသာ လင်းတော့သည်။
“မဖြစ်ဘူး...” မုတ်ဆိတ်မွေးနှင့်လူက နောက်လှည့်ပြီး အော်ပြောလိုက်သည်။ သို့သော်လည်း နောက်ကျသွားလေပြီ။
ခုနစ်ခုမြောက်ကြယ် မပျောက်ကွယ်သွားခင်မှာပင် မိစ္ဆာနှိမ်နင်းသူ တစ်ဦးက ကြက်သွေးရောင် အဆောင်တစ်ခုကို ပစ်လွှတ်လိုက်သည်။ လေထဲ တစ်ဝက်မှာပင် ၎င်းက အလောင်းကောင် စွမ်းအင်ကြောင့် အေးခဲပြီး ရေခဲစိုင်တစ်ခု ဖြစ်သွားခဲ့သည်။
အလောင်းကောင်ဘုရင် ပျောက်ကွယ်သွား၏။
မုတ်ဆိတ်နှင့်လူ ရေတွက်နေလိုက်သည်။
တစ်....
နှစ်...
သုံး...
တတိယ ရေခဲစိုင် မြေပြင်ကို ထိသွားသောအခါ မိစ္ဆာနှိမ်နင်းသူ၏ ဦးခေါင်းက လိမ်သွားပြီ ဖြစ်သည်။
နောက်ထပ်တစ်ယောက် သေသွားပြန်ပြီ။
မုတ်ဆိတ်မွေးနှင့်လူက ခဲနေသော မြစ်ပြင်ပေါ်တွင် လဲကျနေရင်း ဝမ်းနည်းပူဆွေးနေမိသည်။
ဘာလို့လဲ...
ဘာလို့ ဒီလောက်အစွမ်းထက်တဲ့ မိစ္ဆာကြီး ပေါ်လာရတာလဲ...
ဘယ်သူက သူ့ကို တားနိုင်မှာလဲ...
“လော်...” နောက်ကွယ်မှ အားနည်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ကျောက်ရင်းပင်။ “ချန်ဟွိုက်အန်ရဲ့ ကိုယ်ထဲက မိစ္ဆာနဂါးကို လွှတ်လိုက်တော့...”
“မဖြစ်ဘူး။” မုတ်ဆိတ်မွေးနှင့်လူက သွေးအလိမ်းလိမ်းနှင့် လက်ချောင်းများဖြင့် မြေကြီးကို ကုတ်ခြစ်ရင်း ငြင်းလိုက်သည်။ “အဲဒီအကောင်ကို လွှတ်လိုက်ရင် ချန်ဟွိုက်အန် ဘာဖြစ်သွားမှာလဲ...”
“မလွှတ်ရင် ကျွန်မတို့အားလုံး သေရမှာ။ စစ်ကူကို စောင့်ဖို့ အချိန်မရှိတော့ဘူး။”
ထိုအချိန်မှာပင် အလောင်းကောင်ဘုရင်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူက ရေတွက်နေ၏။ အသက်ရှင်နေသူများ၏ နှလုံးခုန်သံ၊ သေဆုံးသွားသူများ၏ မျက်လုံးများ...
၁၀၉တွင် သူ ရပ်လိုက်၏။
ထို့နောက် သူက မိုးကြိုး အနံ့ကို ရလိုက်သည်။
အလောင်းကောင်ဘုရင် မျက်ခုံးလှုပ်သွားကာ ကျင်းမြစ်ဝဆီသို့ လှည့်ကြည့်လိုက်၏။
လူငယ်တစ်ယောက် သူတို့ဆီ လမ်းလျှောက်လာနေခြင်း ဖြစ်သည်။ သူက ကောင်းကင်နှင့် ရေပြင် အကြားမှ နယ်နိမိတ်ပေါ်တွင် လျှောက်လှမ်းနေသကဲ့သို့ပင်။
သူ၏ ခြေလှမ်းတိုင်းအောက်တွင် မြူခိုးအေးအေးများ ထွက်ပေါ်နေသည်။ သူ၏ အနက်ရောင် ကုတ်အင်္ကျီရှည်မှာ ညအမှောင်ထက် ပို၍ပင် နက်မှောင်နေပြီး ဆံပင်များကြားရှိ မိုးကြိုး လျှပ်စစ်များမှာ ဆီးနှင်းထက် ပိုမိုတောက်ပနေသည်။
သူ၏ ညာဘက်လက်တွင် တစ်ဝက်ခန့် လောင်ကျွမ်းနေသော အဆောင်တစ်ခုကို ကိုင်ထားသည်။ ၎င်း၏ အနားသတ်များမှာ...
ခရမ်းရောင်မိုးကြိုးများဖြင့် လောင်မြိုက်နေပြီး...
ညအမှောင်ထုကို လင်းသွားစေခဲ့သည်။
...