ကောင်းကင်ဘုံမိုးကြိုး၏ အမျက်
Vol. 17 Ch. 164
ခဲနေသော မြစ်ပြင်ပေါ်ရှိ ချန်ဟွိုက်အန်၏ ခြေလှမ်းတိုင်းမှာ ကြိုးတန်းပေါ် လမ်းလျှောက် နေရသလိုပင်။ ကံတရား အထပ်ပေါင်း ၁၀၀၀ ဆုံးရှုံးထားမှုကြောင့် ရှေ့သို့လှမ်းရန်ပင် ချော်လဲပြီး ပြန်မထနိုင်တော့မှာကို သူ စိုးရိမ်နေရသည်။
[ တပည့်... ငါ မင်းကို စမ်းသပ်ကြည့်မယ်။ ခရမ်းရောင်ကောင်းကင် မိုးကြိုးအဆောင်ရဲ့ အဆင့်နဲ့ စွမ်းအားက ဘယ်လောက်ရှိလဲ]
လီချင်းရန်က ဖတ်ဖူးသည့် စာအုပ်များကို ပြန်တွေးကာ ဖြေလိုက်သည်။
“ခရမ်းရောင်ကောင်းကင် မိုးကြိုးအဆောင်ဆိုတာ မိုးသက်မုန်တိုင်းတွေကြား ကျင့်ကြံသူတွေက ကောင်းကင်ဘုံကိုးဆင့်က လျှပ်စီးတွေကို စုစည်းပြီး ဖန်တီးထားတဲ့ နတ်ဘုရားအဆောင်ပါ။ အနိမ့်ဆုံးအဆင့်တောင် အဆင့်မြင့်ပြီးတော့ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေ တိုက်ပွဲမှာ သုံးလေ့ရှိပါတယ်။ ဒါကို အသက်သွင်းလိုက်ရင် အသုံးပြုသူက ဘယ်အရာကမှ မဖျက်ဆီးနိုင်တဲ့ ကောင်းကင်ဘုံမိုးကြိုးအဖြစ် ပြောင်းလဲသွားမှာပါ။ ပြိုင်ဘက်က သတိမထားမိရင် အခြေတည် ဝိညာဉ်အဆင့် နှောင်းပိုင်း ကျင့်ကြံသူတောင် အပြင်းအထန် ဒဏ်ရာရနိုင်ပါတယ်။”
[ဒါဆို ယန်-ကိုးပါး ခရမ်းရောင်မိုးကြိုးအဆောင်နဲ့ ယှဉ်ရင် ဘယ်ဟာက ပိုစွမ်းလဲ]
“အဲဒါကတော့ မိုးကြိုးဓာတ် ကျင့်ကြံသူတွေက ကိုယ်ပိုင်မိုးကြိုးစွမ်းအားနဲ့ ဖန်တီးထားတာပါ။ ဒါပေမဲ့... ကျွန်မထင်တာကတော့ ခရမ်းရောင်ကောင်းကင် မိုးကြိုးအဆောင်က ပိုသာပါတယ်။ ဘုံကိုးဆင့် ကောင်းကင်မိုးကြိုးဆိုတာ အစင်ကြယ်ဆုံး ယန်စွမ်းအင် ဖြစ်ပြီးတော့ ကောင်းကင် တာအိုကနေ ဆင်းသက်လာတာမို့ ဖန်တီးရတာ ပိုခက်ခဲလို့ပါ။”
[ ငါ မင်းကို တစ်ခုပေးရင် မင်း သုံးရဲလား ]
လီချင်းရန် ခေါင်းကို အသည်းအသန် ခါယမ်းလိုက်သည်။ “ဆရာကတော့ နောက်နေပြန်ပြီ... ကျွန်မက အခြေခံအုတ်မြစ်အဆင့်ပဲ ရှိပါသေးတယ်။ အဲဒီလို နတ်ဘုရားအဆောင်ကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ။ မိုးကြိုးရဲ့ အကြွင်းအကျန်စွမ်းအားလေးနဲ့တင် ကျွန်မ ပြာဖြစ်သွား နိုင်ပါတယ်...”
လီချင်းရန်နှင့် စကားပြောပြီးနောက် ချန်ဟွိုက်အန် အဖြေရသွားသည်။ ထိုအဆောင်က ပြင်ဆင်ထားသော အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူကို မသတ်နိုင်လျှင်တောင် အလောင်းကောင် ဘုရင်သည် အမှောင်ထုနှင့် ဆိုးယုတ်မှုသက်ရှိ ဖြစ်သည်။ စင်ကြယ်သော ယန်မိုးကြိုးက သူ့ကို အလိုအလျောက် နှိမ်နင်းနိုင်မည်။ ဆိုလိုသည်မှာ... အစွမ်းက အနည်းဆုံး သုံးဆခန့် ပိုထွက်လာပေလိမ့်မည်...
အလောင်းကောင်ဘုရင်၏ အနောက်ဘက်ရှိ အသားပုံကြီးထဲမှ ပဲ့တင်ထပ်နေသော ပါးစပ် တစ်ခုက လှုပ်ရှားလာသည်။ “...ဟွိုက်အန်း... ကောင်လေး။”
ချန်ဟွိုက်အန်က ကျင်းမြစ်ပေါ်ရှိ အလောင်းများကြားတွင် ရပ်နေရင်း သူ၏အကြည့်မှာ အလောင်းကောင်ဘုရင် တိကျန်းထံ စွဲမြဲနေသည်။ သူ၏ မျက်ဝန်းထဲမှ သတ်ဖြတ်လိုစိတ်များက အေးစက်သော ဓားသွားကဲ့သို့ပင်။
“ဦးလေး... ကျွန်တော် ချန်ဟွိုက်အန်က ခင်ဗျားကို အသက်ကြွေး တင်နေပြီ...”
“ရန်ကြွေးကို ခဏထားလို့ရပေမယ့် ကျေးဇူးကြွေးကိုတော့ ချက်ချင်းဆပ်ရမယ်...”
“စုစည်းစမ်း...”
ဟိန်းဟောက်သံနှင့်အတူ ကောင်းကင်ဘုံတစ်ခုလုံး တုန်ခါသွားသည်။ မည်းမှောင်သော မိုးတိမ်များက ကောင်းကင်တစ်ခုလုံးကို ဝါးမျိုလိုက်ပြီး အဆောင်၏ ကျန်ရှိနေသော တစ်ဝက်မှာ ပြာအဖြစ် ချက်ချင်း လောင်ကျွမ်းသွား၏။
ချန်ဟွိုက်အန်၏ ဆံပင်များမှာ ငွေရောင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ အိုမင်း၍ မဟုတ်ဘဲ အရည်ပျော်နေသော ငွေရောင်လျှပ်စစ်များ သူ၏ဆံပင်များကြားတွင် စီးဆင်းနေခြင်းကြောင့်ပင်။ မမြင်ရသော အင်အားတစ်ခုက သူ့ကို လေထဲသို့ မြှောက်တင်လိုက်လေသည်။
အဆောင်၏ စွမ်းအင်များက သူ၏ ညာဘက်လက်ထဲသို့ စီးဝင်သွားပြီး လျှပ်စီးကြောင်းများက နဂါးများကဲ့သို့ သူ၏ သွေးကြောများထဲတွင် တွန့်လိမ်နေလေသည်။ သူ၏ ခန္ဓာကိုယ်က ကောင်းကင်ဘုံမိုးကြိုးကို သယ်ဆောင်သည့် အိုးတစ်လုံး ဖြစ်လာ၏...
“ဒါ... ဒါက ကိုး...ကိုးဆင့် ကောင်းကင်ဘုံ အတိဒုက္ခလား...” အလောင်းကောင်ဘုရင်၏ မျက်လုံးများမှာ ထိတ်လန့်တကြား ပြူးကျယ်သွားသည်။
“မင်းက... ဘယ်သူလဲ... မိုးကြိုးနယ်ပယ်က နတ်ဘုရားတစ်ပါး ဝင်စားတာလား။ မဖြစ်နိုင်ဘူး... အချိန်က မကျသေးဘူး... အခုအချိန်မှာ ငါက အစွမ်းအထက်ဆုံး ဖြစ်ရမှာ...”
“အာမချောင်နေနဲ့တော့...” ချန်ဟွိုက်အန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း မိုးကြိုး အဆောင်ကို နဖူးပေါ်သို့ ရိုက်ကပ်လိုက်သည်။ သူက လက်ချောင်းများဖြင့် ဓားအခင်းအကျင်း ပြုလုပ်ကာ ကောင်းကင်သို့ ညွှန်လိုက်၏။ သူ၏ လျှပ်စီးများ အပြည့်ဖြစ်နေသော မျက်လုံးက နတ်ဘုရားအရှိန်အဝါ ထွက်ပေါ်နေပြီး မျက်လုံးထောင့်နားတွင် သွေးကြောများ ပေါက်ထွက်ကာ မြေပေါ်သို့ မကျခင်မှာပင် လျှပ်စီးများအဖြစ်သို့ အငွေ့ပျံသွားခဲ့သည်။
“ခရမ်းရောင်ကောင်းကင်... မကောင်းဆိုးဝါးကို နှိမ်နင်းစမ်း...”
သူ့ပါးစပ်မှ စကားလုံးများ ထွက်လာတိုင်း မိုးကြိုးများပါ ထွက်ပေါ်လာခဲ့သည်။
“မိုးကြိုးတစ်သောင်း... မိစ္ဆာကို သန့်စင်စေ...”
ဝုန်း....
ကောင်းကင်ကြီး နှစ်ခြမ်းကွဲသွားသကဲ့သို့ပင်။ ဧရာမ ခရမ်းရောင် မိုးကြိုးတိုင်ကြီးများ ချက်ချင်း ဆင်းသက်လာတော့သည်။ ခဲနေသော မြစ်ပြင်မှာ အပိုင်းပိုင်း ကွဲထွက်သွားပြီး လျှပ်စစ် သံလိုက်ဓာတ်ကြောင့် လေထဲသို့ လွင့်ပျံလာ၏။
အလောင်းကောင်ဘုရင်၏ ရွှေရောင်သရဖူမှာ ကြေမွသွားပြီး သူ၏ ဦးခေါင်းခွံပေါ်တွင် ရိုက်နှက်ထားသော မိစ္ဆာနှိမ်နင်းရေး သံမှိုပေါင်း ထောင်ချီ ပေါ်လာခဲ့သည်။
“ကာကွယ်စမ်း... ကာကွယ်ကြ...” သူ ဟိန်းဟောက်လိုက်ရာ သူ၏နောက်တွင် ဧရာမ ဧကရာဇ် ကိုယ်ပွားများ ပေါ်ထွက်လာပြီး အလောင်းကောင် စစ်သည်ပေါင်းများစွာက သူ့ကို ကာကွယ်ရန် ရပ်လိုက်ကြသည်။
သို့သော်လည်း... ကောင်းကင်ဘုံ မိုးကြိုးအောက်တွင် ၎င်းတို့အားလုံး ကြေမွပျက်စီး သွားရတော့သည်။
“ငါ... ငါ လက်မခံဘူး...”
အလောင်းကောင်ဘုရင် ကောင်းကင်သို့ မော့ကာ အော်ဟစ်လိုက်သော်လည်း သူ၏ မျက်နှာတွင် အက်ကြောင်းများ ထင်လာပြီး ခန္ဓာကိုယ်မှာ စတင် ပြိုကွဲလာခဲ့သည်။
“လူလိမ်တွေ...... ခင်ဗျားတို့ကို ခွင့်မလွှတ်ဘူး။ ကျုပ်ကို ကောင်းကင်ဘုံက ရွေးချယ်ထားတာ... ကျုပ် ကောင်းကင်ဘုံ အတိဒုက္ခကို ၁၂ခါတောင် ကျော်ဖြတ်ခဲ့တာ...”
ကောင်းကင်ယံထက်တွင် ချန်ဟွိုက်အန်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးကျွမ်းထားသော မီးသွေးတုံးကဲ့သို့ မည်းနက်သွားခဲ့လေပြီ။ သူ၏ မိုးကြိုးများ ပြည့်နှက်နေသော မျက်လုံးများသာ တောက်ပနေဆဲပင်။
“ကောင်းကင်ဘုံ အတိဒုက္ခက ခင်ဗျားကို မသတ်နိုင်ဘူးလား...”
“ဒါဆို...ကျုပ် သတ်ပေးမယ်...”
နောက်ဆုံး ခရမ်းရောင်မိုးကြိုးကြီး ကျဆင်းလာတော့သည်။ ကောင်းကင်တစ်ခုစာ ကြီးမားသော မိုးကြိုးတိုင်ကြီးပင်။
ဂျိန်း....
မိုးတိမ်များ ကင်းစင်သွားချိန်တွင် အလောင်းကောင်ဘုရင် တိကျန်း ပျောက်ကွယ်သွားပြီ ဖြစ်၏။ ပြာအနည်းငယ်နှင့် အရည်ပျော်နေသော ရွှေအချို့သာ ကျန်ရစ်တော့သည်။
ချန်ဟွိုက်အန်၏ လောင်ကျွမ်းနေသော ခန္ဓာကိုယ်မှာ ကောင်းကင်မှ ပြုတ်ကျလာသည်။ သူ ဘာကိုမှ မမြင်ရတော့ပေ။ ဘာမှလည်း မကြားရ။ သာမန် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးအတွက် ထိုကဲ့သို့သော နတ်ဘုရားအစွမ်းကို အသုံးပြုရသည့် အဖိုးအခမှာ ရိုးရှင်းလှသည်။ ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးခြင်းပင်။
ခွန်းလွန်တောင် အင်မော်တယ်နန်းတော်၏ ချိပ်ပိတ်ထားသော တံခါးကြီးများ ရုတ်တရက် ပွင့်လာသည်။ ကောင်းကင်မှ နတ်သံစဉ်များ ထွက်ပေါ်လာပြီး သက်တန့်များ တောင်ထိပ်တွင် စုရုံးလာသည်။ ခွန်းလွန် နန်းတော်ကို လေ့လာနေကြသော မိစ္ဆာနှိမ်နင်းသူများနှင့် နိုးထသူ ကလန်မိသားစု ဆက်ခံသူများက ထိုသို့ ထူးခြားလှသော ဖြစ်ရပ်ကြောင့် ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ခမ်းနားထည်ဝါသော အမျိုးသမီးအသံတစ်ခုက ကောင်းကင်မှ ပဲ့တင်၍ ထပ်လာ၏။
[ ကမ္ဘာကြီးဟာ မိစ္ဆာနဲ့ ဝိညာဉ်ဆိုးတွေအောက်တွင် အကြာကြီး ဆင်းရဲဒုက္ခ ခံစားခဲ့ရပြီ။ ဒီနေ့မှာ ငါက တပည့်များကို လက်ခံဖို့ ကောင်းကင်တံခါးကို ဖွင့်လှစ်လိုက်ပြီ]
[ခွန်းလွန်အင်မော်တယ်နန်းတော်ကို ဝင်ရောက်လိုချင်တဲ့သူတွေ လှေကားထစ် တစ်သောင်းကို တက်ရမယ်]
[အထစ် တစ်ထောင် ရောက်နိုင်တဲ့သူက အပြင်စည်း တပည့် အထစ် သုံးထောင်ကို ရောက်နိုင်တဲ့သူက အတွင်းစည်းတပည့်၊ အထစ် ငါးထောင်ကို ရောက်နိုင်တဲ့သူက အမွေခံတပည့်၊ အထစ် ရှစ်ထောင်ကို ရောက်နိုင်တဲ့သူက ဂိုဏ်းအမွေဆက်ခံသူ၊ အထစ် တစ်သောင်းကို ကျော်ဖြတ်နိုင်သူက အင်မော်တယ်နန်းတော် အရှင်သခင် ဖြစ်လာစေရမယ်]
ထိုအသံ ပျောက်ကွယ်သွားသည်နှင့် အထက်လှေကားထစ် ကိုးထောင်ကို ပိတ်ထားသော အတားအဆီးများ ပျောက်ကွယ်သွားတော့၏။
တစ်ချိန်တည်းမှာပင် မဟာမိုးကြိုးပဲ့တင်ကျောင်းတော်တွင်လည်း ရွှေရောင်တိမ်တိုက်များ ဖုံးလွှမ်းသွားပြီး ဗုဒ္ဓရုပ်ပွားတော်ကြီး ပေါ်ထွက်လာသည်။
ဗောဓိပင်က ဝရဇိန်အစောင့်အရှောက်အဖြစ် ပြောင်းလဲသွားပြီး နားထင်မှ ရွှေရောင်သွေးများ စီးကျလာခဲ့သည်။
[ သက်ရှိတွေ အားလုံးက ဆင်းရဲဒုက္ခ ခံစားကြရတယ်။ ဗုဒ္ဓနယ်မြေမှာ တံခါး မရှိဘူး ]
မြေပြင်ပေါ်တွင် ရွှေရောင် ကြာပန်းများ အပွင့် သုံးထောင် ပွင့်လာခဲ့သည်။
[ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်တဲ့သူသာလျှင်... ငါ့ကို မြင်နိုင်မယ် ]
ဗုဒ္ဓ၏ နောက်ဆုံးစကား ပဲ့တင်ထပ်သွားပြီးနောက်...
ရုပ်ပွားတော်က နေဝင်ဆည်းဆာအဖြစ် ပျောက်ကွယ်သွားခဲ့သည်။
မြေပြင်ပေါ်ရှိ ဘုန်းကြီးကျောင်း အနှံ့နှင့်....
ကမ္ဘာတစ်ဝှမ်းလုံးရှိ ယုံကြည်သူ ဟုတ်ဟုတ် မဟုတ်မဟုတ် လူတိုင်း၏ နဖူးပေါ်၌ ဗုဒ္ဓ အမှတ်အသားများ ရုတ်တရက် ပေါ်လာကြသည်။
....
သို့သော် ထိန်းသိမ်းရေးစင်တာ၏ အာဟာရဖြည့်ကန်အတွင်း၌မူ ချန်ဟွိုက်အန်၏ လောင်ကျွမ်း နေသော ရုပ်ကြွင်းမှာ လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေဆဲပင်။
ကမ္ဘာကြီး ပြောင်းလဲလာနေသည်ကို....
လုံးဝ မသိနေခဲ့။
....