မင်းကို တွေ့ပြီ
Vol. 17 Ch. 169
[ယနေ့အတွက် ကံကြမ္မာ - အလွန်ကံဆိုးသည်။ အရာရာကို ရှောင်ကြဉ်ပါ]
[ကျန်ရှိသော သက်တမ်း - ၆နှစ်]
ချန်ဟွိုက်အန်က သူ၏ မကောင်းသောကံကြမ္မာကို လျစ်လျူရှုကာ ဝန်ဆောင်မှုစနစ်ကို ချက်ချင်း ဖွင့်လိုက်သည်။
“ကျုံးကျိုးလျို့ဝှက်နယ်မြေက မိစ္ဆာကျင့်ကြံသူတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲ ဆိုတာ တွက်ချက်ပေး။”
[ဒါက ဒီနေ့အတွက် ပထမဆုံး တွက်ချက်ခြင်းဖြစ်တဲ့အတွက် အခမဲ့ပါ]
[သတိပေးချက် - ကစားသူ၏ ကံတရားဆုံးရှုံးမှု အထပ် ၁၀၀၀ထိ ရောက်ရှိနေသဖြင့် မတော်တဆ သေဆုံးမှုကို ကာကွယ်ရန် တွက်ချက်ခြင်းကို ငြင်းပယ်လိုက်သည်။ ကျေးဇူးပြု၍ ကံကြမ္မာဆုံးရှုံးမှု အထပ်များကို အရင်လျှော့ချပါ...]
ချန်ဟွိုက်အန် မျက်တောင်လှုပ်သွား၏။ ကံတရား အထပ် ၁၀၀၀ ဆုံးရှုံးရခြင်း၏ ငရဲကို သူ ကောင်းကောင်း ခံစားခဲ့ရပြီးပြီ ဖြစ်သည်။
ဘာလုပ်လုပ် အရမ်း သတိထားနေရတယ်။ ထိန်းသိမ်းရေး စင်တာထဲမှာတောင် စားတဲ့ ထမင်းထဲမှာ ပိုးကောင်တွေ ပါလာတတ်တာကို ယုံမလား...
ပန်းကန်လဲတော့လည်း အစာအဆိပ်သင့်ပြန်ရော... ပြီးတော့ အိမ်သာက ပိတ်သွားသေးတယ်... အဲဒီနေ့ကျမှ ရေကလည်း ပြတ်နေပြန်ရော... နောက်ဆုံး အိမ်သာသုံးစက္ကူ သွားယူတော့လည်း ဖိနပ်ကြိုးနင်းမိပြီး မှောက်ခုံလဲပြန်ရော...
သာမန်လူသာဆိုလျှင် ကံတရား အထပ် ၁၀၀၀ ဆုံးရှုံးလျှင် တစ်နာရီပင် ခံနိုင်မည် မဟုတ်ပေ။ သို့သော် ချန်ဟွိုက်အန်က ဇွဲကောင်းသည်။ သူက ကျင့်ကြံသူ ဖြစ်၏။ နှာခေါင်းကျိုးသွားလျှင်ပင် ချက်ချင်း ပြန်ကောင်းသွားသည်မို့ ဘာမှမဖြစ်သလိုပဲ။ သို့သော်လည်း ၎င်းမှ မည်မျှလောက် စိတ်ပျက်ဖို့ ကောင်းသည်ကို သူသာ သိသည်။
တည့်တည့်ပြောရလျှင် သူသာ ကံမဆိုးခဲ့ပါက အလောင်းကောင်ဘုရင် တိကျန်းနဲ့ တွေ့မည် မဟုတ်ပေ။ မုတ်ဆိတ်မွေးနှင့်လူလည်း သေမည် မဟုတ်။ ထိုအကျိုးဆက်များ အားလုံးက သူ့၏ နိမ့်ကျနေသော ကံတရားကြောင့်ပင်။
“ပြော။ ဒီကံတရားဆုံးရှုံးမှုအခြေအနေကို ဘယ်လို ဖယ်ရှားရမလဲ...”
[ကောင်းမှု လုပ်ပြီးတော့ ကံတရားဆုံးရှုံးမှုကို လျှော့ချနိုင်ပါတယ်။ ကောင်းမှုအလိုက် တစ်ထပ်ကနေ အထပ် ၁၀၀၀အထိ ပယ်ဖျက်နိုင်ပါတယ်။ ဒါမှမဟုတ် ငွေပေးချေပြီးတော့လည်း ဖယ်ရှားနိုင်ပါတယ်...
ပထမ အထပ် ၁၀၀ - တစ်ထပ်လျှင် ယွမ် ၁၀၀၀
အထပ် ၁၀၁ မှ ၄၀၀ - တစ်ထပ်လျှင် ယွမ် ၁၀၀၀၀
အထပ် ၄၀၁ မှ ၇၀၀ - တစ်ထပ်လျှင် ယွမ် ၁သိန်း
အထပ် ၇၀၁ မှ ၁၀၀၀ - တစ်ထပ်လျှင် ယွမ် ၁၀သိန်း ]
“တစ်ထပ်ကို ၁၀သိန်း ဟုတ်လား... ငါ့ကိုပဲ ဓားပြတိုက်သွားလိုက်ပါလား...” ချန်ဟွိုက်အန် အော်ဟစ်လိုက်သဖြင့် ဖုန်းစပီကာပင် တုန်သွားသည်။
“ငါ အလောင်းကောင်ဘုရင်ကို သတ်ခဲ့တာလေ... ဒါက ကောင်းမှုထဲ မပါဘူးလား... သူသာ အသက်ရှင်နေရင် လူဘယ်လောက် သေမလဲ သိလား...”
[တိကျန်း နိုးထလာမှုကြောင့် လူပေါင်း ၅၀၀၀၀ကျော် သေဆုံးခဲ့ပါတယ်။ သင်က ထိုကံကြမ္မာကို ဆက်ခံခဲ့သဖြင့် ရရှိသော ကောင်းမှုများနှင့် ခုနှိမ်ပြီးသား ဖြစ်သွားလို့ပါ]
“အဲဒီလို တွက်တာလား...” ချန်ဟွိုက်အန် ဒေါသထွက်သွားသော်လည်း... နောက်တော့ သူ ဘာမှ မပြောနိုင်တော့ပေ။
မှန်ပေသည်။ လူ၅၀၀၀၀ သေပြီးမှ သတ်ခြင်းက သူရဲကောင်း ဖြစ်နိုင်သော်လည်း အစကတည်းက မသေအောင် ကာကွယ်နိုင်မှ ပြီးပြည့်စုံသော ကောင်းမှုကို ရရှိမည် မဟုတ်ပါလား။
“ကောင်းပြီ။ နားလည်ပြီ။ ပေးမယ်။”
သူ အထပ် ၁၀၀၀လုံးကို ပယ်ဖျက်ရန် ရှိသမျှ အကုန်မသုံးခဲ့ပေ။ ပထမဆုံး အထပ် ၁၀၀ကိုသာ အရင်ဖျက်လိုက်သည်။ ထိုအခါမှသာ သူ တွက်ချက်ပြီး အချက်အလက် ရှာနိုင်၍ ရပေမည်။ ကျန်သည့် အရာများကိုတော့ တခြားနည်းနဲ့များဖြင့် ပြန်ရှာရပေမည်။ လက်တွေ့ကမ္ဘာတွင် မိစ္ဆာများ နေ့တိုင်း ပေါ်လာနေသည် မဟုတ်ပါလား။
“ကျုံးကျိုး လျို့ဝှက်နယ်မြေက မိစ္ဆာကျင့်ကြံသူတွေရဲ့ နောက်ကွယ်မှာ ဘယ်သူ ရှိနေတာလဲ....”
[ဒါက ဒီနေ့အတွက် တတိယမြောက် မေးခွန်း ဖြစ်ပါတယ်။ ကုန်ကျစရိတ် - ယွမ် ၁၀၀၀]
[သတိပေးချက် - ယခုတွက်ချက်ခြင်းတွင် အလွန် လေးလံသော ကံကြမ္မာ ပါဝင်ပါတယ်။ တွက်ချက်ခြင်းက သင့်ရဲ့ ကံတရားဆုံးရှုံးမှုကို ပြန်တိုးစေနိုင်ပါတယ်။ ဆက်လုပ်မှာလား ]
“လုပ်မယ်...”
ချင်းယွန်ဘုံ...
ကောင်းကင်တစ်ခုလုံး မုန်တိုင်းတိမ်တိုက်များ ဖုံးလွှမ်းသွားလေသည်။ တစ်ကမ္ဘာလုံးရှိ ကျင့်ကြံသူများမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ မိုးခြိမ်းသံများနှင့်အတူ ဧရာမ ရွှေရောင်မျက်လုံးကြီး တစ်လုံး ပေါ်လာကာ တစ်ကမ္ဘာလုံးကို တစ်စုံတစ်ခု ရှာဖွေနေသကဲ့သို့ လှည့်ပတ်ကြည့်ရှုနေသည်။ ခဏအကြာတွင် ထိုဖြစ်စဉ် ပျောက်ကွယ်သွား၏။
သို့သော် တောင်တန်းတစ်သောင်း၏ သွေးစွန်းနေသော ဂူတစ်ခုအတွင်း၌ သွေးကန်ထဲတွင် စိမ်နေသော လူတစ်ယောက်မှာ ထိတ်လန့်တကြား ထရပ်လိုက်၏။ သူ၏ မျက်နှာမှာ ပျက်ယွင်းနေသည်။
“ဘယ်... ဘယ်သူက ငါ့ကို ချောင်းကြည့်နေတာလဲ...”
သူက ကျိတုန်းဖြစ်ပြီး အခြေတည်ဝိညာဉ်အဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ခါစ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ ဖြစ်သည်။ သူက ထိုရွှေရောင်မျက်လုံးကြီးကို တည့်တည့် မကြည့်ရဲပေ။ သူ၏ အရေပြားများ ဆုတ်ဖြဲခံရတော့မလို ခံစားနေရသည်။
“ဘာ...ဘာကြီးလဲ..”
သူက ချက်ချင်းပင် တန်ပြန်တွက်ချက် စစ်ဆေးကြည့်လိုက်ရာ ဗြုန်းခနဲ... ပါးစပ်နှင့် နှာခေါင်းမှ သွေးများ ပန်းထွက်လာတော့သည်။
“ထပ်ပြီးတော့ သူပဲလား... သူ ဘာလိုချင်နေတာလဲ...”
ခဏတာမျှ ပုံရိပ်ထဲတွင် ဓားတစ်စင်းကို ကိုင်ထားသော လူရိပ်ကို သူ မြင်လိုက်ရ၏။ ၎င်းမှာ မြွေဟောက်တစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသလိုပင်။
“နေဦး။ သူက ငါ သူ့ကိုကြည့်လိုက်ရုံနဲ့ ငါ့ကို မြင်သွားတာလား...” ကျိတုန်း မျက်နှာ ပျက်သွား၏။
ဒါပေမဲ့ ငါက လျို့ဝှက်ပညာရပ်တွေ သုံးထားတာလေ...
မဖြစ်နိုင်ဘူး...
“အေးဆေးနေ... အေးဆေးနေရမယ်။” သူ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူ ပေါ်သွားပြီ ဖြစ်သဖြင့် အသက်ရှင်ဖို့က ပထမဦးစားပေးပင်။ ကျုံးကျိုးလျို့ဝှက်နယ်မြေတွင် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူအားလုံး သေဆုံးသွားလျှင်ပင် နောက်ကွယ်မှ ကြိုးကိုင်သူက ပုန်းကွယ်လျက် ရှိနေရမည် ဖြစ်သည်။ သူ အသက်ရှင်ချင်၏။ စစ်မှန်သော အရှင်သခင်များကို ဦးညွှတ်ရလျှင်ပင် သူက ထျန်မိုဂိုဏ်းကို ပြန်လည် ထွန်းတောက်လာစေချင်သည်။
“သခင်မ... ကျွန်တော့်ကို ရှာတွေ့သွားပြီ ထင်တယ်။” သူက ကျောက်စိမ်းအဆောင်ကို ထုတ်ကာ ပြောလိုက်သည်။ ထိုအဆောင်ထဲတွင် အမျိုးသမီး ပုံရိပ်တစ်ခု ပေါ်လာ၏။
“ကျွန်တော့်ကို စောင့်ကြည့်နေတာက ဓားကျင့်ကြံသူ တစ်ယောက်ပါ။ သူက ဓားကျောင်းတော်ရဲ့ အကြီးအကဲ ချန်ဟွိုက်အန်လို့ အမည်ရပါတယ်။”
[ချန်ဟွိုက်အန်...]
အမျိုးသမီးအသံမှာ ဝေခွဲမရဖြစ်သွား၏။
[အဲဒီနာမည်ကို ငါ မကြားဖူးဘူး။ ဓားကျောင်းတော်မှာ ချန်မျိုးရိုးတွေ ရှိပေမယ့် အဲဒီနာမည်တော့ မရှိဘူး]
“သူက အမည်လွှဲ သုံးထားတာ ဖြစ်ပါလိမ့်မယ်။ သခင်မ... ကျွန်တော် အကုန်ပြင်ဆင်ပြီးပါပြီ။ ကျုံးကျိုးလျို့ဝှက်နယ်မြေ ပွင့်လာဖို့ပဲ စောင့်ရတော့မယ်...”
[အဲဒီတောင်တန်းကနေ ထွက်ခဲ့တော့...]
အမျိုးသမီး၏ အသံမှာ တည်ငြိမ်နေသည်။
[ငါ မင်းရဲ့ အငွေ့အသက်ကို ဖုံးကွယ်ပေးထားမယ်။ အဲဒီဓားကျင့်ကြံသူ မင်းကို ရှာတွေ့မှာ မဟုတ်ဘူး။ ခပ်ဝေးဝေးမှာ သွားပုန်းနေပြီး ဒီမုန်တိုင်း ပြီးဆုံးတဲ့အထိ စောင့်နေလိုက်]
ကျိတုန်း သက်ပြင်းချလိုက်နိုင်သည်။ “ကျေးဇူးတင်ပါတယ် သခင်မ...”
သူ ဂူထဲမှ ချက်ချင်းထွက်ကာ ကုန်သည်တစ်ဦးအသွင် ပြောင်းလဲပြီး လူသားမြို့ငယ်လေးတစ်မြို့ရှိ တည်းခိုခန်းတစ်ခုမှာ သွားပုန်းနေလိုက်သည်။
ကျင့်ကြံသူများ လာခဲသော နေရာဖြစ်ရာ ၎င်းက အလုံခြုံဆုံးပင်။
တစ်ချိန်တည်းမှာပင် အကျဉ်းခန်း(၀)အတွင်း၌...
ချန်ဟွိုက်အန်က တည်းခိုခန်းထဲတွင် ကုန်သည်ဝတ်စုံနှင့် ထိုင်နေသော လူလတ်ပိုင်း တစ်ယောက်ကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ၏ နှုတ်ခမ်းများမှာ ရက်စက်သော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
“ခွေးမသား...”
“မင်းကို တွေ့ပြီ။”
“ဟားဟား... ဟားဟား... ဟားဟားဟား...”
....
...