တကယ့်ကို အကြီးကြီးပဲ
Vol. 17 Ch. 170
နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာတွေ့သွားလေပြီ။
ဒီကြွက်စုတ်ကြီးကိုသာ သတ်လိုက်နိုင်ရင် လီချင်းရန်ရဲ့ လျို့ဝှက်နယ်မြေထဲက အသက်ရှင်နှုန်းက ၁၀၀%အထိ တိုးသွားမှာပဲ။
ချန်ဟွိုက်အန် တွက်ချက်လိုက်မိသည်။
သို့သော် ဂိမ်းစနစ်က ထိုမိစ္ဆာကျင့်ကြံသူကို တိုက်ရိုက်သတ်ဖြတ်ရန် ရွေးချယ်စရာ မပေးထားပေ။ အကွာအဝေး အလွန် ဝေးနေ၍ သို့မဟုတ် ၎င်းက အဓိကဇာတ်ကြောင်းထဲ မပါဝင်သေး၍ ဖြစ်နိုင်သည်။
ဒါပေမဲ့ ဘာဖြစ်လဲ...
ဒါက တကယ့်ကမ္ဘာကြီးပဲလေ။
လုပ်သမျှ အပြုအမူတိုင်းက ကံကြမ္မာကို ပြောင်းလဲစေနိုင်တယ်။
ချန်ဟွိုက်အန်၏ လက်ချောင်းလေးက ခဏတာမျှ တုံ့ဆိုင်းနေပြီးမှ အိပ်ပျော်နေသော လီချင်းရန်၏ ပါးဖောင်းဖောင်းလေးကို ညင်သာစွာ ဖိကြည့်လိုက်၏။ ခံစားချက်ကို တိုက်ရိုက် မရသော်လည်း သူ၏ပါးလေး အနည်းငယ် နစ်ဝင်သွားတာကို ကြည့်ပြီး ဂွမ်းထဲ လက်နစ်ဝင်သွားသလို နူးညံ့နေမှာကို သူ မြင်ယောင်၍ ရပေသည်။
“အင်း...”
လီချင်းရန်က အိပ်မက်ထဲ နှုတ်ခမ်းလေးစူကာ အနည်းငယ် လှုပ်ရှားလာ၏။ သူ၏ ပါးချိုင့်လေး ပေါ်လာပြီး မျက်ခုံးလေးများက နည်းနည်း ကျုံ့နေသလိုပင်။ မျက်တောင်လေးများကလည်း တုန်ယင်နေခဲ့သည်။
“ဆရာ... မလှုပ်နဲ့ဦးလေ... မိုးပျံလှေကြီး ကြယ်ပင်လယ်ထဲ ပြုတ်ကျတော့မယ်...”
သူ၏ အိပ်ချင်မူးတူး ရေရွတ်သံလေးက ကြည်လင်နေပြီး ညလေညင်းထဲ ပျော်ဝင်၍ သွားတော့သည်။ သူ၏ အနီရင့်ရောင် ဝတ်စုံအနားသတ်လေးက လှန်တက်သွားပြီး ခရမ်းရောင် ခြေအိတ်ရှည် ဝတ်ထားသော ခြေထောက်လေး ပေါ်ထွက်လာ၏။ ခြေအိတ်ပေါ်တွင်တော့ အနည်းငယ် စောင်းနေသော ယုန်ရုပ်ကလေး တစ်ရုပ်ကို ထိုးထားသေးသည်။
သူက အိပ်ယာထဲ ဟိုဘက်ဒီဘက် လှည့်ရင်း ခြေထောက်လေးနှင့် ဝါးကုတင်အနားကို ကန်မိနေ၏။
မိုးပျံလှေက ကြယ်ပင်လယ်ထဲ ပြုတ်ကျမယ် ဟုတ်လား။ သူက မိနစ်ပိုင်း အတွင်းမှာတင် အိပ်မက်တွေ တန်းမက်နေတာလား...
ချန်ဟွိုက်အန်က သူ့ကို နှိုးပြီး စုချီနျန်ကို သွားခေါ်ခိုင်းရန် စဉ်းစားထားသော်လည်း ထိုမျှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို မြင်သော် မနှိုးချင်တော့ပေ။ လီချင်းရန်က ယခုတလော အလွန်ပင် ကြိုးစားကျင့်ကြံနေခဲ့သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်က အခြေခံအုတ်မြစ်အဆင့် နှောင်းပိုင်းကို ရောက်နေလေပြီ။ ၎င်းက ပါရမီရှင်များထဲတွင်ပင် အံ့မခန်း မြန်ဆန်သော နှုန်းပင်။ သို့သော်လည်း ၎င်းက သူ တစ်နေ့လျှင် ၈ နာရီ၊ ၉ နာရီခန့် ကြိုးစားနေ၍ ဖြစ်သည်။
“လီချင်းရန်ရဲ့ “စောင့်ကြည့်မျက်လုံး” မပါဘဲ စုချီနျန်ကို ငါ ဘယ်လို ပြောရမလဲ..”
ချန်ဟွိုက်အန်က ဂိမ်းမြင်ကွင်းကို အခန်းအပြင်ဘက်ဆီ ပြောင်းလိုက်သည်။ မြင်ကွင်းကို အဆုံးအထိ ချဲ့ကြည့်သည့်တိုင် လျိုရှားတောင်ထွတ်တစ်ခုလုံးကိုသာ မြင်ရ၏။ မြေပုံကို ဆွဲရွှေ့ကြည့်သော်လည်း မြူများဖုံးနေသော နေရာများကိုသာ တွေ့ရသည်။ ပိုက်ဆံမသုံးဘဲ သို့မဟုတ် အထူးဇာတ်လမ်းတွေ မပေါ်ဘဲနှင့် သူ၏ နတ်ဘုရားအာရုံက သေးငယ်လွန်း၏။
[ဂိုဏ်းတစ်ခုလုံးကို နတ်ဘုရားအာရုံ ဖြန့်ကျက်နိုင်ဖို့ ၉၉၈ယွမ် ပေးချေမည်လား]
[နောက်ထပ် အဆင့်မြှင့်တင်ရန် လိုအပ်ချက် - လီချင်းရန် ရွှေရောင်အနှစ်သာရအဆင့် ရောက်ရမည်]
ပြောရင်းဆိုရင်းနဲ့ပဲ...
ချန်ဟွိုက်အန်က တွန့်ဆုတ်မနေဘဲ ၉၉၈ယွမ်ကို ချက်ချင်း ပေးချေလိုက်၏။ ၎င်းမှာ သူ့အတွက် ဘာမှမဟုတ်ပေ။ ပိုက်ဆံဖြတ်ပြီးသည်နှင့် သူ၏ နတ်ဘုရားအာရုံက ချက်ချင်း ကျယ်ပြန့်သွားပြီး မှောင်နေသော မြေပုံနေရာ အများအပြား ပွင့်လာတော့သည်။
“ဒါက နတ်ဘုရားအာရုံနဲ့ နယ်မြေတစ်ခုလုံးကို စစ်ဆေးရတဲ့ ခံစားချက်ပေါ့...”
သူ့ရဲ့ အမြင်အာရုံကို တောင်ထွတ်တစ်ခုလုံးမှာ ဖြန့်ကျက်လိုက်ရာ အရာရာတိုင်းက သူ၏ လက်ထဲတွင် ရှိနေသလို ခံစားရ၏။ လူတစ်ယောက်ဆီကို အာရုံစိုက်လိုက်သည်နှင့် မြင်ကွင်းက အလိုအလျောက် ချဲ့သွားပေးလေသည်။
အဲဒါက ယွဲ့ချန်ချီပဲ။
သူ့ကို မြင်လိုက်သော် ချန်ဟွိုက်အန် ချက်ချင်း မျက်နှာလွှဲလိုက်ရ၏။
“ဟာ... မကြည့်နဲ့၊ မကြည့်နဲ့... ဒါပေမဲ့... အဲဒါက တကယ့်ကို အကြီးကြီးပဲ...”
လီချင်းရန်က အရင်က ပြောဖူးတယ်။ ယွဲ့ချန်ချီက အိပ်ရင် ကိုယ်လုံးတီးအိပ်တာတဲ့။ သူ လိမ်နေတာ မဟုတ်ဘူးပဲ။ သူရဲ့ နေစရာဂူကို ကာကွယ်ရေး အခင်းအကျင်းတွေ ဒီလောက် အများကြီး ဘာလို့ ပတ်ထားလဲဆိုတာ အခုမှပဲ နားလည်တော့တယ်။
သူက ဂိုဏ်းချုပ်ခန်းမထဲရှိ စုချီနျန်၏ နေရာကို အာရုံစိုက်ပြီး ချဲ့ကြည့်လိုက်၏။ စုချီနျန်က ဝါးကုတင်ပေါ်မှာ မှီလျက် ထိုင်နေပြီး လက်တစ်ဖက်က ပါးကိုထောက်ထားတယ်။ နောက်လက် တစ်ဖက်ကတော့ ကိုယ်ပိုင် ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ကိုင်ထားပြီး အချစ်မွှန်နေသော တစ်ယောက်လို ပြုံးနေ၏။ ကျောက်စိမ်းပြားထဲမှ တိုးညင်းသော အမျိုးသမီးအသံလေး ထွက်ပေါ်နေသည်။
[ယွဲ့ယွဲ့လေး... ဒီသခင်ကြီးက မင်းကို သိပ်လွမ်းနေတာပဲ။ နေကောင်းရဲ့လား။ ကျင့်ကြံခြင်းတွေ နောက်ကျမနေဘူး မဟုတ်လား။ ဟီးဟီး... မင်းရဲ့ တိုးတက်မှုကို ငါကိုယ်တိုင်လာပြီး “စစ်ဆေး”ရင် ကောင်းမလား... ဒါနဲ့ ငါ့မှာ ဝိညာဉ်ကျောက်တုံးလေး နည်းနည်း လိုနေလို့။ ငါ့ကို နည်းနည်းလောက် ချေးပါလား။ နည်းနည်းလေးဆို ရပါပြီ။ အား... ယွဲ့ယွဲ့က အကောင်းဆုံးပဲ]
ချန်ဟွိုက်အန် - “...”
ဒါကြောင့် ဓားကျောင်းတော်က အမြဲတမ်း ဆင်းရဲနေပေမဲ့ တပည့်တွေအတွက် အရင်းအမြစ်တွေ ဘယ်တော့မှ မပြတ်တာကိုး။ ဂိုဏ်းချုပ်က ကွယ်ရာမှာ ဒီလောက်တောင် ကြိုးစားနေတာပဲ... တခြားနည်းလမ်းနဲ့ပေါ့။
“အဟမ်း...”
ချန်ဟွိုက်အန်က ချောင်းတစ်ချက် ဟန့်လိုက်သည်။ စုချီနျန်က လန့်သွားပြီး ကျောက်စိမ်းပြားကို လွှတ်ချမိမလို ဖြစ်သွားခဲ့၏။
“အမလေး....အား... ဟားဟားဟား... အဟမ်း၊ ဘိုးဘေး... ဘယ်... ဘယ်တုန်းက ရောက်နေတာလဲ...”
စုချီနျန်က ကျောက်စိမ်းပြားကို အနောက်တွင် ပျာပျာသလဲ ဖုံးကွယ်ရင်း အပြုံးတုကြီးဖြင့် ပြုံးနေသည်ကို ကြည့်ပြီး ချန်ဟွိုက်အန် ရယ်ချင်စိတ်ကို မနည်းအောင့်ထားရလေသည်။
[ငါ ရောက်နေတာ အသက်ရှူ သုံးခါစာလောက် ရှိပြီ... ဓားကျောင်းတော်ရဲ့ ဂုဏ်သရေရှိ ဂိုဏ်းချုပ်ကြီးမှာ ဒီလောက်တောင် မြတ်နိုးရတဲ့အဖော်တွေ အများကြီး ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ တကယ်ကို အံ့သြစရာပဲ]
စုချီနျန်၏ နှလုံးခုန်သံက ရပ်သွားမလို ဖြစ်သွား၏။ ကျောပြင်၌ ချွေးအေးများ ပျံလာတော့သည်။
ဘိုးဘေးက ငါဘာလုပ်နေလဲဆိုတာ ဘယ်လိုသိတာလဲ...
နတ်ဘုရားအာရုံ ထိုးဖောက်တဲ့ ပညာရှင်ကြီးတွေတောင် ဂိုဏ်းရဲ့ အစီအရင်တွေကို ကျော်ပြီး ဒီလောက်အထိ မမြင်နိုင်ဘူးလေ။ ဓားကျောင်းတော်ရဲ့ အခင်းအကျင်းက ကာကွယ်ရေးတင် မကဘူး၊ တပည့်တွေရဲ့ လျို့ဝှက်ချက်ကိုပါ ထိန်းသိမ်းပေးတာလေ။
ဒါဆို ဘိုးဘေးရဲ့ အစွမ်းက အခင်းအကျင်းတွေကိုပါ လျစ်လျူရှုနိုင်တဲ့အထိ ရောက်နေပြီလား...
ဒါဆိုရင်... အရင်က ငါ မြတ်နိုးရတဲ့အဖော်တွေဆီကနေ ဝိညာဉ်ကျောက်တုံးတွေ ချေးခဲ့တာတွေ ကိုရော ဘိုးဘေး အကုန်မြင်နေတာလား...
စုချီနျန်၏ မျက်နှာကြီး နီမြန်းလာပြီး ချွေးများ တစိမ့်စိမ့် ထွက်လာတော့သည်။
“အင်း... ဂိုဏ်းချုပ်စု၊ ငါ အခုပဲ တွက်ချက်ကြည့်လိုက်တော့ ကျုံးကျိုးလျို့ဝှက်နယ်မြေက မိစ္ဆာကျင့်ကြံသူတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို ရှာတွေ့ခဲ့တယ်။ သူ အခု အရှေ့ကျွန်းစုရဲ့ လူသားမြို့လေးတစ်မြို့မှာ ကုန်သည် အယောင်ဆောင်ပြီး ပုန်းနေတယ်။ လူအချို့ကို ခေါ်သွားပြီး သူ့ကို သတ်လိုက်။”
ခေတ္တမျှ ငြိမ်သွားပြီးနောက် ဟင်းလင်းပြင်ထဲမှ လေးနက်သော အသံကြီး ထွက်ပေါ်လာပြန်သည်။
[ခုနကပဲ ငါဟာ ခရမ်းရောင်ကြယ်စုရဲ့ ရာဇပလ္လင်ပေါ်မှာ တစ်ယောက်တည်း ထိုင်နေရင်း... ကြမ်းတမ်းတဲ့ အရှေ့ကျွန်းစုရဲ့ မြေပြင်ပေါ်ကို ငမ်းဝံပုလွေကြယ် ပြုတ်ကျသွားတာကို မြင်လိုက်ရတယ်... မီးခိုးငွေ့တွေ ဝေနေတဲ့ ဆိပ်ကမ်းဟောင်းတစ်ခုမှာ ကုန်သည်ဝတ်စုံနဲ့ လူတစ်ယောက်ဟာ သွေးစွန်းနေတဲ့ ကံကြမ္မာကြိုးမျှင် သုံးထောင်ကို ဆုပ်ကိုင်ထားတယ်...]
စုချီနျန် - “...”
“နေပါဦး ဘိုးဘေး၊ ခင်ဗျား ဘာတွေ ပြောနေတာလဲ...”
စကားလုံး တစ်လုံးချင်းစီကိုတော့ သူ နားလည်သည်။ သို့သော် အကုန်ပေါင်းလိုက်ရာတွင် သူ လုံးဝ နားမလည်တော့ပေ။
ဘိုးဘေးရဲ့ ကျင့်ကြံခြင်း အဆင့်က အရမ်းမြင့်သွားလို့ ကြယ်တွေကိုတောင် ထိုင်ခုံလုပ်ပြီး ထိုင်နေတာလား...
ခဏကြာသော်...
[အရှေ့ကျွန်းစုကိုသွားပြီး မိစ္ဆာကျင့်ကြံသူတစ်ယောက်ကို သတ်ခိုင်းတာ။ သူက နောက်ကွယ်က ကြိုးကိုင်သူပဲ]
စုချီနျန် ယခုမှ သဘောပေါက်သွား၏။
“သြော်... အဲဒါဆိုရင်လည်း အစကတည်းက ဒီလိုပဲ ပြောပါလား၊ ဘိုးဘေး...”
“ဒါနဲ့... သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်လဲ...”
[အခြေတည်ဝိညာဉ်အဆင့် ပြီးပြည့်စုံခြင်း]
“ဟမ်...” စုချီနျန် အသက်ရှူမှားသွား၏။
“ဘိုးဘေး... ကျွန်တော် သူ့ကို မနိုင်ဘူးလေ... အဲဒီအစား... ဘိုးဘေး ကျွန်တော့်ကို အဲဒီအဆင့်ရောက်အောင် တစ်ခါတည်း မြှင့်ပေးလိုက်ပါလား။ ကျွန်တော် ဓားဆွဲပြီး အခုချက်ချင်း သွားသတ်လိုက်ပါ့မယ်...”
[ငတုံး.. အဂ္ဂိရတ်ဂိုဏ်း၊ လင်းရှီးတောင်ကြားနဲ့ တခြားဂိုဏ်းချုပ်တွေကိုပါ ခေါ်သွားပြီး အတူတူ သတ်ကြလေ။ ငါ့ကို အဆင့်မြှင့်ပေးခိုင်းနေတာလား။ မင်းကို ငါ လေဝင်လေထွက်ကောင်းအောင် လုပ်ပေးရမလား]
စုချီနျန် ခေါင်းလေး ပုသွား၏။
သူက အူကြောင်ကြောင် ရယ်လိုက်ရင်း ပြောသည်။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ ဘိုးဘေး... ခင်ဗျား ပြောတာ မှန်ပါတယ်...”
သူက စနောက်လိုက်ခြင်း ဖြစ်သော်လည်း ဘိုးဘေးကြီးက တကယ် အတည်ယူသွားခဲ့သည်။
ဘိုးဘေးက တကယ့်ကို စည်းကမ်းကြီးပြီး ဖြောင့်မတ်တာပဲ...
တကယ်ကို ဓားတစ်သောင်းတောင်ထွတ်ရဲ့ အရှင်သခင်အဖြစ် ထိုက်တန်ပါပေတယ်။
ခဏအကြာတွင် ဟင်းလင်းပြင်ထဲမှ အသံ ထပ်ထွက်လာခဲ့သည်။
[သြော်... ပြီးတော့ ချင်းရန်ကိုပါ ခေါ်သွား။ သူ့ကို လောကကြီးအကြောင်း မြင်ဖူးအောင် လုပ်ပေးရမယ်။ ဒါပေမဲ့ သူကို နှိုးဖို့အတွက် တစ်နာရီလောက်တော့ စောင့်လိုက်ဦး]
စုချီနျန် မျက်တောင်ခတ်လိုက်၏။ “ဘိုးဘေး၊ ဘာလို့ တစ်နာရီလောက် စောင့်ရမှာလဲ...”
[ဘာလို့လဲဆိုတော့ ငါ့တပည့်က အခု အိပ်နေလို့ပဲ။ သူ ကြာကြာလေး အိပ်ပါစေ...]
[ဘာလဲ။ မင်းမှာ ကန့်ကွက်စရာ ရှိလို့လား...]
စုချီနျန် ချက်ချင်းပင် ကိုယ်ကို မတ်လိုက်၏။
“မရှိပါဘူး၊ မရှိပါဘူး။ ဘိုးဘေး...”
....
...