လမ်းကြုံမျှသာ
Vol. 6 Ch. 52
“အသေးစိတ် ပြောပြ”
ချန်ဟွေ့သည် စိတ်နှလုံး အလွန်တရာ စိုးရိမ်ပူပန်လျက်ရှိငြားလည်း ယနေ့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်အလုံးစုံကို အစီအရီ ရှင်းလင်းတင်ပြလိုက်လေသည်။
“ဒီနေ့ ကျွန်မတို့ ပန်းကြည့်ပြီးတာနဲ့ ဟွမ်ရှီရွာကို လင်းစွေ့ရဲ့မောင်လေးဆီ သွားတွေ့ဖို့ ချိန်းထားခဲ့ကြပါတယ်။ ရွာကိုရောက်တော့ ရွာသားတွေပြောတာက လင်းစွေ့ရဲ့မောင်လေးကို အမဲလိုက်ထွက်တဲ့ မျိုးရိုးမြင့်မိသားစုက သခင်လေးတစ်စုက တောင်အနောက်ဖက်ကို အတင်းအကျပ် ဆွဲခေါ်သွားကြတယ်လို့ ပြောပါတယ်”
“ပေါက်တတ်ကရတွေ။ ငါ့သားနဲ့ အတူတူရှိနေတာက သခင်လေးတွေချည်းပဲ။ ဂုဏ်သရေရှိတဲ့ လူကြီးလူကောင်းတွေ။ သူတို့က တခြားသူတွေကို ဘယ်တော့မှ အတင်းအကျပ် လုပ်မှာမဟုတ်ဘူး” ရွှဲရှီသည် မတ်တပ်ထရပ်လိုက်၏။ သားဖြစ်သူ၏ သတင်းစကားကို ကြားသိရ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည့်တိုင် ချန်ဟွေ့၏ အသရေဖျက် ပြောဆိုမှုအပေါ် အမျက်ဒေါသ ထွက်လျက်ရှိရာ မချင့်မရဲဖြင့် ကြိမ်းမောင်းလိုက်လေသည်။
ပိုင်ရှိုးမင်သည် ရေခဲတမျှ အေးစက်သော အကြည့်တို့ဖြင့် ရွှဲရှီကို စူးစိုက်ကြည့်လိုက်လေသည်။ “ဒီအရာရှိ မေးမြန်းနေတာ။ မင်း နောက်တစ်ခွန်း ထပ်ပြောရဲ ပြောကြည့်။ အပြင်ကို ထွက်သွားတော့”
ရွှဲရှီသည် ကြောက်လန့်ကာ တွန့်ဆုတ်သွားပြီး ထပ်မံ၍ စကားမဆိုဝံ့တော့ချေ။
ချန်ဟွေ့က ဆက်ပြီး ရှင်းပြလိုက်သည်။ “လင်းစွေ့ရဲ့မောင်လေးက အရင်တစ်ခေါက်တုန်းကလည်း အဲ့ဒီလူတစ်စုကို တောင်ထဲခေါ်သွားရင်း မိစ္ဆာနဲ့ တွေ့ခဲ့တယ်။ အဲ့ဒီမှာ သူ့ကို တွန်းထုတ်ခံလိုက်ရလို့ တောင်ထဲမှာ သေမလိုတောင် ဖြစ်ခဲ့သေးတယ်။ လင်းစွေ့က ဒီတစ်ခါလည်း အဲ့ဒီလူတွေ သူ့မောင်လေးကို အလွတ်ပေးမှာ မဟုတ်ဘူးလို့ စိုးရိမ်ပြီး တောင်ထဲကို အသည်းအသန် လိုက်ရှာတော့တာပဲ။ အားချန်က သူ့မောင်လေးအိမ်မှာ နေခဲ့ပြီး ကျွန်မနဲ့ လင်းစွေ့ တောင်ထဲကို အတူတူ ဝင်သွားကြတယ်”
“မင်းတို့ ဘယ်အချိန် တောင်ထဲ ဝင်သွားကြတာလဲ”
“အချိန်အတိအကျတော့ မသိပါဘူး။ ဒါပေမဲ့ မွန်းမတည့်ခင်လေးမှာပါ”
ပိုင်ရှိုးမင်က ခေါင်းညိတ်လိုက်သည်။ “ဆက်ပြော”
“ကျွန်မနဲ့ လင်းစွေ့ တောင်ထဲမှာ အကြာကြီး လိုက်ရှာခဲ့ကြတယ်။ သဲလွန်စ နည်းနည်းနဲ့ သွေးအိုင်ကြီး တစ်ခုပဲ တွေ့ခဲ့တယ်။ ကျွန်မတို့ ဆက်ရှာဖို့ လုပ်နေတုန်း တောင်ထဲမှာ ရုတ်တရက် မြူတွေဆိုင်းလာပြီး အဲ့ဒီမြူထဲကနေ တစ္ဆေလေးကောင် ထွက်လာတယ်။ သူတို့က လင်းစွေ့ကို ဖမ်းဆွဲပြီး ထွက်သွားကြတာ။ ကျွန်မ လိုက်လို့မမီလိုက်ဘူး”
“တစ္ဆေတွေ ဆိုတာ မင်း သေချာလို့လား”
ချန်ဟွေ့သည် အနည်းငယ် တွေဝေသွားဟန် ရှိသည်။ “ကျွန်မ သူတို့ကိုယ်ပေါ်က ယင်ဓာတ်ကို ခံစားမိတယ်။ တစ္ဆေတွေ ဖြစ်တာ သေချာလောက်ပါတယ်။ ဒါပေမဲ့ ရုတ်တရက် ကြည့်လိုက်ရင်တော့ သာမန်လူတွေနဲ့ ဘာမှမခြားနားဘူး။ သူတို့က မြူခိုးတွေနဲ့အတူ ပေါ်လာပြီး ထွက်သွားတဲ့အခါလည်း အရမ်းကို မြန်ဆန်လွန်းတယ်”
“နေ့ခင်းဘက်ကြီး သွားလာနေတယ်…” ပိုင်ရှိုးမင်သည် စိတ်ထဲ၌ ခဏလောက် စဉ်းစားတွေးတောလိုက်ပြီးနောက် ဖူနဉ်မင်းသမီးကြီးဘက်သို့ လှည့်ကာ လျှောက်တင်လိုက်သည်။ “မင်းသမီး ကျွန်တော့်ကို အကူအညီတစ်ခု ပေးပါ”
“ပြောပါ” ဖူနဉ်မင်းသမီးကြီးအဖို့ ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်၏။ ပျောက်ဆုံးနေသူများအတွက် စိုးရိမ်ပူပန်နေသော်လည်း စိတ်လှုပ်ရှားဖွယ်ရာဟုလည်း တစ်ချိန်တည်းတွင် ခံစားနေရလေသည်။
“မင်းသမီး မြို့တော်ကို လူလွှတ်ပြီး မင်ကျင့်စီးက ကျန်းခိုင်နဲ့ ဖုန်းယန်ကို လူစုခေါ်ပြီး ဒီကိုလာဖို့ အမိန့်ပေးစေချင်ပါတယ်”
“ကောင်းပြီ။ ကျွန်မ အခုပဲ ကိုယ်ရံတော်တွေကို မြို့တော်ကို ပြန်လွှတ်လိုက်မယ်”
ကြာပန်းဥယျာဉ်မှ ရှန့်ကျင်းသို့ သွားလျှင် တစ်နာရီခန့်သာ ကြာမြင့်မည် ဖြစ်သော်လည်း မကြာမီ ညမထွက်ရအမိန့် ထုတ်ပြန်မည့် အချိန်သို့ ရောက်ရှိတော့မည် ဖြစ်သည်။ ဖူနဉ်မင်းသမီးကြီး၏ လက်ထဲတွင် ဧကရာဇ်မင်းမြတ် ချီးမြှင့်ထားသည့် ရွှေအမိန့်တော်တံဆိပ်ပြား ရှိသောကြောင့် မြို့တံခါးကို ဖွင့်ခိုင်းနိုင်ခွင့် ရှိလေသည်။
မင်းသမီးကြီးနှင့် စကားပြောဆိုပြီးနောက် ပိုင်ရှိုးမင်က ချန်ဟွေ့ကို တစ်ဖန် မေးမြန်းလိုက်သည်။ “ပြီးတော့ကော”
ချန်ဟွေ့က လျှောက်တင်သည်။ “ကျွန်မ အဲ့ဒီတစ္ဆေတွေရဲ့ ဝတ်စားဆင်ယင်ပုံက တောင်အောက်က ရွာသားတွေနဲ့ တူတာကို တွေ့လိုက်လို့။ အားချန်ကို သွားရှာဖို့ တောင်အောက်ကို ဆင်းလာခဲ့တယ်။ ပြန်ရောက်တော့ အားချန် ပျောက်နေပြီ။ ကျွန်မ အိမ်နီးနားချင်းတွေနဲ့ ရွာသားတွေကို မေးကြည့်တော့လည်း သူတို့အားလုံး အားချန်ကို မတွေ့မိဘူးလို့ ပြောကြတယ်”
စကားဆုံးသည်နှင့် ချန်ဟွေ့သည် ပိုင်ရှိုးမင်ကို လေးနက်စွာ အရိုအသေပြုလိုက်သည်။ “လူကြီးမင်း။ အားချန်က ကိုယ်ခန္ဓာ အားနည်းချိနဲ့သူပါ။ တကယ်လို့ အန္တရာယ်နဲ့သာ ကြုံရရင် ခုခံနိုင်စွမ်း ရှိမှာမဟုတ်ဘူး။ ဒါကြောင့် လူကြီးမင်း ကူညီကယ်တင်ပေးပါဦး”
“ဒီအရာရှိကို ဟွမ်ရှီရွာ ခေါ်သွား”
ပိုင်ရှိုးမင်က စကားဆုံးသည်နှင့် ချန်ဟွေ့မှာ မည်သို့သွားကြမည်ကို စိတ်ထဲတွင် ဘယ်လိုခေါ်သွားရပါ့ဟု စဉ်းစားနေချိန်မှာပင် နောက်တစ်ခဏအတွင်း သူမ၏ လက်မောင်းကို ဆွဲကိုင်ခြင်း ခံလိုက်ရသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့နှစ်ဦးသည် ကြာပန်းဥယျာဉ်၏ အပြင်ဘက်သို့ ရောက်ရှိသွားကြလေသည်။
ချန်ဟွေ့သည် တအံ့တဩဖြစ်သွားပြီး စိတ်ထဲမှ တွေးလိုက်မိသည်။ ဒါ... ဒါက ဒဏ္ဍာရီထဲက မြေလျှိုးမိုးပျံ ပညာရပ်လား။
ပိုင်ရှိုးမင်က သူမကို စိတ်မရှည်သော အမူအရာဖြင့် ကြည့်လိုက်မှ ချန်ဟွေ့သည် ဟွမ်ရှီရွာ ရှိရာ အရပ်ဆီသို့ ချက်ချင်း လက်ညှိုးညွှန်ပြလိုက်လေသည်။
သွားရာလမ်းတွင် ချန်ဟွေ့က သူ့ကို နောက်ထပ် နှစ်ကြိမ်တိုင် လမ်းညွှန်ပေးခဲ့ရပြီး ခဏအကြာတွင် သူတို့သည် ဟွမ်ရှီရွာထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
ချန်ဟွေ့သည် ပိုင်ရှိုးမင်ကို ကောင်းလော့၏ အိမ်သို့ ခေါ်ဆောင်လာခဲ့သည်။ ထိုအချိန်တွင် ကောင်းလော့၏ အိမ်တံခါးမကြီးမှာ ပွင့်လျက်သား ရှိနေဆဲဖြစ်ပြီး အားချန် ထွက်ခွာသွားစဉ်က အတိုင်းပင် မပြောင်းမလဲ ရှိနေလေသည်။
ပိုင်ရှိုးမင်က ခြံဝင်းထဲသို့ မဝင်ဘဲ တံခါးဝတွင် ခဏလောက် ရပ်တန့်နေလိုက်သည်။ သူက လက်ကို မြှောက်ကာ တံခါး၏ အနားစွန်းကို စမ်းသပ်ကြည့်လိုက်ရာ လက်ချောင်းဖျားတွင် စိုစွတ်မှုကို ခံစားလိုက်ရသည်။
နေ့ခင်းဘက်တွင် မိုးရွာသွန်းခဲ့ခြင်း မရှိဘဲ သစ်သားတံခါးတွင် စိုထိုင်းဆက အလွန်များပြားနေသည်။ ယင်ဓာတ် ပိုင်ဆိုင်သော အရာများ လာရောက်လည်ပတ်သွားသည်မှာ သေချာလှသည်။ တစ်ကောင်၊ နှစ်ကောင်တည်းတော့ မဟုတ်နိုင်ပေ။
“မင်း ဘယ်နေရာကနေ တောင်ထဲ ဝင်သွားတာလဲ” ပိုင်ရှိုးမင်က မေးမြန်းလိုက်သည်။
ချန်ဟွေ့သည် နောက်တောင်ဘက်သို့ လက်ညှိုးညွှန်ပြကာ သူမနှင့် လင်းစွေ့တို့ လူရှာထွက်ခဲ့သည့် ခရီးလမ်းကြောင်း အကြမ်းဖျင်းကို နှုတ်ဖြင့် ရှင်းလင်းတင်ပြလိုက်သည်။
“လူကြီးမင်း။ အဲ့ဒီတစ္ဆေတွေက ကျွန်မကို စိတ်ဝင်စားပုံ မရဘူး။ ဒါကြောင့် ကျွန်မ လူကြီးမင်းနဲ့အတူ တောင်ထဲလိုက်ပြီး လမ်းညွှန်ပေးရမလား” ချန်ဟွေ့က အကြံပြုလိုက်သည်။
“မလိုဘူး”
ထိုအခိုက်တွင် ပိုင်ရှိုးမင်သည် အသံတစ်စုံတစ်ရာကို ကြားလိုက်ရဟန်တူပြီး တဖြည်းဖြည်း အမှောင်ရိပ် လွှမ်းခြုံလာသော တောင်တန်းများဆီသို့ မော့ကြည့်လိုက်သည်။ နောက်တစ်ခဏတွင် သူ့အရိပ်သည် နေရာမှာပင် ကွယ်ပျောက်သွားလေတော့သည်။
ကျားနက်မိစ္ဆာသည် အားချန်ကို သယ်ဆောင်ကာ တောအုပ်ထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားလာနေ၏။ ကောင်းကင်သည် တစတစ ပို အမှောင်ကျလာပြီး ကောင်းကင်ထက်မှ လမင်းကြီးသည်လည်း ကျားမိစ္ဆာ၏ ဘေးပတ်လည်မှ မြူခိုးများကြောင့် ဖုံးကွယ်သွားသယောင်ပင်။
နေ့ခင်းဘက်က မြင့်လိုက်နိမ့်လိုက် ဖြစ်နေသော တောင်တန်းများနှင့် စိမ်းစိုနေသော သစ်တောများသည်။ ညဉ့်အချိန်သို့ ရောက်သောအခါ မျက်စိရှေ့မှ အဆုံးမရှိသော အမည်းရောင် အရိပ်ထုကြီးများအဖြစ် ပြောင်းလဲသွားကြသည်။ ထို့ထက် ပို၍ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသည်မှာ သူမ၏ အောက်က ကျားကြီးသည်ပင်လျှင် အနက်ရောင် ဖြစ်နေခြင်းပင်။
အားချန်သည် တောင်တန်းများထဲတွင် အမြင်အာရုံ စူးစိုက်ရာ နေရာ ရှာဖွေခြင်းကို လက်လျှော့လိုက်ပြီး ကျားနက်မိစ္ဆာက သူမကို တောင်အောက်သို့ ခေါ်ဆောင်သွားသည်ကိုသာ ငြိမ်သက်စွာ လိုက်ပါသွားရတော့သည်။
တောင်အောက်သို့ ဆင်းရာလမ်းတစ်လျှောက်တွင် သူမ၏ စိတ်ထဲ၌ စဉ်းစားလာခဲ့သည်။ လင်းစွေ့ကို ချန်းကွေတစ္ဆေတွေက ဖမ်းသွားတယ်။ ဒါပေမဲ့ ဟွေ့ညန်ကိုတော့ မဖမ်းသွားဘူး။ ဒါက သူက လူသားမဟုတ်လို့ ချန်းကွေတစ္ဆေတွေက သူ့ကို စိတ်မဝင်စားတာကြောင့် ဖြစ်လိမ့်မယ်။
ဟွေ့ညန်သာ ငါ ပျောက်သွားတာကို သိရင် သူ့အပေါ် နားလည်ထားသလောက်တော့ သူ ပိုင်ရှိုးမင်ဆီ သွားရှာမှာ သေချာတယ်။
ပိုင်ရှိုးမင်က ငါ့ကို လာရှာပါ့မလား။
အားချန်သည် ထိုအချက်ကို မသေချာလှပေ။ သူမသည် မိမိ၏ အသက်ကို အခြားသူတစ်ပါး၏ ဆုံးဖြတ်ချက်အပေါ်တွင် ပုံအပ်ထားမည့်သူ မဟုတ်သဖြင့် ငြိမ်ငြိမ်လေးမနေဘဲ ကျားမိစ္ဆာကို ပိုင်ရှိုးမင်ထံ သွားရောက် ရှာဖွေရန် မြှောက်ပင့်ပေးလိုက်ခြင်းပင်။
သို့သော် အားချန်သည် ဤတောင်တန်းကြီးမှ ကြာပန်းဥယျာဉ်သို့ တိုက်ရိုက်သွားရာ လမ်းခရီးကို မသိသဖြင့် ကျားမိစ္ဆာကို ဟွမ်ရှီရွာသို့ အရင်ဆုံး သွားခိုင်းလိုက်ပြီးမှ လမ်းဆက်ရှာရန်သာ တတ်နိုင်လေသည်။
လမ်းဘေးဝဲယာတွင် သစ်ကိုင်းများသည် တဖြည်းဖြည်း နည်းပါးလာပြီး သူတို့သည် တောအုပ်ထဲမှ ထွက်ခါနီးပြီ ဖြစ်ကြောင်းကို အားချန် သိလိုက်သည်။
ထိုအချိန်မှာပင် ကျားမိစ္ဆာသည် ရုတ်တရက် ရပ်တန့်လိုက်လေသည်။
“ဘာဖြစ်လို့လဲ” အားချန်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
“လူသား ကျင့်ကြံသူတစ်ယောက် တောင်ပေါ် တက်လာတယ်”
အားချန်၏ နှလုံးခုန်သံသည် အကြောင်းရင်းမသိဘဲ အနည်းငယ် မြန်ဆန်သွားတော့သည်။ “ကြည့်ရတာ အဲ့ဒီ မျိုးရိုးမြင့် သခင်လေးတွေ ပျောက်သွားတာကို နောက်ဆုံးတော့ တစ်ယောက်ယောက်က သိသွားပြီး တမင်သက်သက် တက်လာရှာကြတာနဲ့ တူတယ်”
“ဒါဆိုရင်တော့ တိုက်ဆိုင်လွန်းသွားပြီ။ ငါကိုယ်တိုင် သူ့ကို သွားရှာနေစရာ မလိုတော့ဘူးပေါ့”
ကျားနက်ကြီး၏ အသံထဲတွင် တင်းမာမှု လုံးဝမရှိသည့်အပြင် စိတ်လှုပ်ရှား တက်ကြွမှုများပင် ပါဝင်နေလေသည်။
သူသည် ထိုလူသားထံမှ ထွက်ပေါ်နေသော အရှိန်အဝါကို အာရုံခံမိနေပြီ ဖြစ်သည်။ ထိုသူ၏ ပတ်ဝန်းကျင်က အရှိန်အဝါကို ထောက်ချင့်ပြီး ခန့်မှန်းရလျှင် အဆင့်၃သာ ရှိပြီး မိမိ၏ ပြိုင်ဘက် လုံးဝ မဟုတ်သည်မှာ သေချာလှသည်။
အားချန်သည် ရယ်မောလိုက်ပြီး ကိုယ်ကိုညွှတ်လိုက်ပြီး ကျားနက်မိစ္ဆာ၏ လည်ပင်းကို ပုတ်လိုက်လေသည်။ “ရှန်းကျွင်း ကျွန်မကို အောက်ချပေးပါတော့။ မဟုတ်ရင် ခဏနေ အဲ့ဒီလူနဲ့ ယှဉ်ပြိုင်တိုက်ခိုက်တဲ့အခါ။ ကျွန်မက ရှန်းကျွင်းရဲ့ ကိစ္စကြီးကို နှောင့်နှေးစေမိလိမ့်မယ်”
“ကောင်းပြီ။ ငါ သူ့ကို စားပစ်ပြီးတာနဲ့။ သူ့ရဲ့ခေါင်းကို မင်းအတွက် လက်ဆောင်ပေးမယ်”
“ဒီလိုဆိုမှတော့ ကျွန်မ ဒီနေရာမှာပဲ ရှန်းကျွင်း အောင်ပွဲခံပြီး ပြန်လာတာကို စောင့်နေလိုက်ပါ့မယ်” အားချန်သည် တောင်အောက်ဘက်သို့ မျှော်ကြည့်လိုက်သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ ဘာကိုမှ မမြင်တွေ့ရချေ။
ပိုင်ရှိုးမင်သည် တောင်ခြေတွင် ရပ်လျက် အမှောင်ညက ဝါးမျိုထားသည့် အဝေးက တောအုပ်ကို မော့ကြည့်နေလေသည်။
တောင်တန်းကြီးတစ်ခုလုံး၏ မြင်ကွင်းသည် သူ၏ မျက်ဝန်းအစုံထဲသို့ အလုံးစုံ ဝင်ရောက်လာခဲ့သည်။ သူသည် ကျားနက်မိစ္ဆာ၏ ကျောကုန်းထက်တွင် စီးနင်းလိုက်ပါလျက် လှပတောက်ပသော အနီရောင် ဝတ်စုံရှည်ကို ဆင်မြန်းကာ ပန်းပွင့်သဖွယ် ပြုံးရွှင်နေသော အားချန်ကိုလည်း ထင်ထင်ရှားရှား တွေ့မြင်နေရသည်။
ဒါလား ဟို သက်ရှိဖုတ်ကောင်ကောင်မလေး ပြောတဲ့ “ကိုယ်ခန္ဓာ အားနည်းချိနဲ့ပြီး ခုခံနိုင်စွမ်း ရှိမှာမဟုတ်ဘူး” ဆိုတာ။
အဖမ်းခံရတာ နာရီပိုင်းပဲ ရှိသေးတယ်။ သူနဲ့ ဟိုကျားမိစ္ဆာက သိနေတာ သက်တမ်းတစ်ဝက်လောက် ရှိနေတဲ့ပုံပဲ။
“ဝေါင်း—” တောင်ထဲမှ ဟိန်းဟောက်သံကြီးတစ်ချက် ထွက်ပေါ်လာသည်တွင် တောင်တန်းပေါ်မှ သစ်ပင်သစ်တောများ တဝုန်းဝုန်း လှုပ်ရှားသွားပြီး ငှက်သတ္တဝါအများစုမှာလည်း လန့်ဖျပ်ကာ ပျံသန်းထွက်ပြေးကုန်ကြသည်။
ကျားနက်မိစ္ဆာသည် ပိုင်ရှိုးမင်ထံသို့ ခုန်အုပ်လိုက်သည့် အချိန်တွင် သူက စိတ်ကူးယဉ်နေဆဲ။ သည်လူသားကျင့်ကြံသူကို အရင်ဆုံး စားသောက်ပြီးနောက် မိစ္ဆာအမြုတေကို မျိုချလိုက်ပါက ချက်ချင်းပင် အဆင့်၄ရှိ မဟာမိစ္ဆာကြီး ဖြစ်လာတော့မည်ဟု မျှော်လင့်နေ၏။
သို့သော်ငြား အတိတ်ကာလများတွင် သူ့လက်သည်းအောက်တွင် ခုခံနိုင်စွမ်း လုံးဝ ကင်းမဲ့ခဲ့သော လူသားသည် ယခုအခါတွင်တော့ သူ့လက်ကို လက်တစ်ဖက်တည်းဖြင့် အတိအကျ ဆုပ်ကိုင်ထားလေသည်။
ကျားနက်မိစ္ဆာက ပါးစပ်ကို ဟကာ ကိုက်ဖြတ်ရန် ကြိုးစားသော်လည်း ထိုလူသား၏ အရိပ်သည် သူ့မြင်ကွင်းထဲက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက်တွင် သူ့ကျောကုန်းထက်တွင် ပြင်းထန်လှသော နာကျင်မှုကြီးကို ခံစားလိုက်ရလေသည်။ “ဝေါင်း—”
အားချန်သည် ဘေးရှိ သစ်ပင်တစ်ပင်ကို အားပြုဖက်တွယ်ထားရင်း တောင်အောက်က မရပ်မနား ထွက်ပေါ်လာသော ကျားဟိန်းသံများကို နားစွင့်နေလိုက်သည်။ သူမ၏ တုန်လှုပ်နေသော နှလုံးသားမှာလည်း တဖြည်းဖြည်း တည်ငြိမ်စ ပြုလာ၏။
ဒီလောက်တောင် အော်ဟစ်နေတာ ဟိုကျားမိစ္ဆာ ပိုင်ရှိုးမင်ရဲ့ ခေါင်းကို ငါ့ဆီ ယူလာပေးဖို့ အခွင့်အရေး ရတော့မှာ မဟုတ်လောက်ဘူး။
နောက်ဆုံးသော ကျားဟိန်းသံကြီး ထွက်ပေါ်လာသည့်အခါ အားချန်သည် ထိုကျားနက်မိစ္ဆာ၏ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံကြီးကိုပါ ကြားလိုက်ရလေသည်။ “မြေခွေးမ။ မင်း... မင်း ငါ့ကို လိမ်တယ်!!!”
အားချန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားတော့သည်။ လိမ်တယ်လို့ ဘယ်လို ပြောလို့ရမှာလဲ။
ငါက ဟိုကျားနက်မိစ္ဆာကို သူ စားချင်နေတဲ့ လူသားကျင့်ကြံသူက အဆင့်၄ နဂါးနက်ကြီးကိုတောင် သုတ်သင်ခဲ့ဖူးတယ်ဆိုတာ ပြောပြဖို့ မေ့သွားတာလေးပဲ ရှိတာပါ။
ကျားနက်မိစ္ဆာ၏ ကြောက်မက်ဖွယ် အော်ဟစ်သံကြီးအပြီးတွင် ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားပြီး အနီးအနားမှ ပိုးကောင်များနှင့် ငှက်တို့၏ အသံများပင် ပျောက်ကွယ်သွားလေတော့သည်။
အားချန်သည် သစ်ပင်ကို မှီကာ အတော်ကြာအောင် စောင့်ဆိုင်းနေသော်လည်း မည်သူမျှ ရောက်ရှိလာခြင်း မရှိသဖြင့် အနည်းငယ် မျက်မှောင် ကြုတ်လိုက်မိ၏။
ပိုင်ရှိုးမင်က ကျားမိစ္ဆာကို သတ်ပြီးတာနဲ့ ဒီအတိုင်း ထွက်သွားတာတော့ မဟုတ်ပါဘူးနော်။
ငါက တောင်ပေါ်မှာ သေရေး ရှင်ရေး ဖြစ်နေတာလေ။ သူက ငါ့ကို နည်းနည်းလေးတောင် လိုက်မရှာတော့ဘူးလား။
အားချန်သည် ရုတ်တရက် ဒေါသ အနည်းငယ် ထွက်လာတော့သည်။ သူမသည် ရှေ့သို့ ခြေလှမ်းနှစ်လှမ်းခန့် စမ်းသပ် လျှောက်လှမ်းကြည့်လိုက်ရာ နူးညံ့လှသော ခြေချောင်းလေးများသည် ကျောက်တုံးတစ်တုံးနှင့် ဆောင့်မိသွားတော့၏။ နာကျင်မှုကြောင့် အသံထွက် ညည်းညူလိုက်မိပြီး ကိုယ်ကို ကုန်းလိုက်မည် အပြုတွင် လူတစ်ယောက်က သူမ၏ ခါးကို ဆွဲမလိုက်သဖြင့် တစ်ကိုယ်လုံး လေထဲသို့ မြောက်တက်သွားလေတော့သည်။
“အယ်” အားချန်သည် ယက်ကန်ယက်ကန် ဖြစ်သွားပြီး မိမိကိုယ်ကို လူတစ်ယောက်က ပခုံးပေါ်တွင် အိတ်တစ်လုံးကဲ့သို့ ထမ်းလျက် တောင်အောက်သို့ ဆင်းနေကြောင်း ခံစားမိလိုက်တော့သည်။
“ပိုင်လူကြီးမင်း။ ရှင့်ရဲ့ မြင်းရော” အားချန်သည် သူ ပြန်မထူးမှာကို စိုးသဖြင့် သူ့ခါးကို ပုတ်လိုက်သည်။
ပိုင်ရှိုးမင်၏ ခြေလှမ်းများ ခဏလောက် ရပ်တန့်သွားပြီး “မစီးလာဘူး”
“ဒါဆို ပုံစံတစ်မျိုး ပြောင်းပေးလို့ မရဘူးလား။ ကျွန်မ ခေါင်းတွေ အရမ်း မူးနေပြီ”
“တောင်းဆိုတာတွေကလည်း များလိုက်တာ”
အားချန်က နှာခေါင်းကို ရှုံ့လိုက်၏။ “ကျွန်မက ကျားခံတွင်းထဲကနေ အခုမှ လွတ်လာတာနော်။ ကျားမိစ္ဆာ စားတာ ခံရတော့မလို့။ ရှင် ကျွန်မကို နည်းနည်းလေးတောင် မသနားဘူးလား”
ပိုင်ရှိုးမင်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အားချန်ကို အောက်သို့ ချပေးလိုက်၏။ ထို့နောက်တွင်တော့ သူက ကိုယ်ကို ကိုင်းကာ အားချန်အနားသို့ တိုးကပ်သွားသည်။ “မင်းကို သနားတာထက် ငါ ပိုသိချင်တာက ဟိုကျားမိစ္ဆာက မင်းကို ဘာလို့ မြေခွေးမလို့ ခေါ်တာလဲ ဆိုတာပဲ”
“ဒါလား။ ဒါကတော့ ကျွန်မက သူ့ကို လိမ်ထားလို့ပေါ့” အားချန်က ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလေသည်။ “သူ့ကိုသာ မလိမ်ခဲ့ရင် ကျွန်မ အစားခံရတာ ကြာလှပေါ့။ ရှင့်ကို ဘယ်လိုလုပ် စောင့်နိုင်တော့မှာလဲ”
“မင်း သူ့ကို ဘာတွေ ထပ်လိမ်သေးလဲ”
“အများကြီးပဲ… ပိုင်လူကြီးမင်း။ ကျွန်မ အဖမ်းခံရတုန်းက ဖိနပ်တောင် မပါဘူး။ ခြေထောက်တွေ အရမ်းနာနေပြီ” အားချန်က သူ့ကို တိုးတိုးညှင်းညှင့် အသံလေးဖြင့် ညည်းညူလိုက်သည်။
ပိုင်ရှိုးမင်က သူမကို ခဏလောက် စိုက်ကြည့်နေပြီးနောက် သူမကို ကျောခိုင်းကာ ကိုယ်ကို နှိမ့်ချလိုက်လေသည်။ အားချန်၏ မျက်နှာထက်တွင် အပြုံးပန်းတစ်ပွင့် ချက်ချင်း ဝေဆာသွားပြီး သူ၏ ကျယ်ပြန့်သော ကျောကုန်းထက်သို့ လက်ရောခြေရော အသုံးပြုကာ ခုန်တက်လိုက်လေသည်။
ပိုင်ရှိုးမင်က သူမ၏ ပေါင်နှစ်ဖက်ကို လက်ဖြင့် ဆုပ်ကိုင်ထိန်းထားလျက် တည်တည်ငြိမ်ငြိမ် ခြေလှမ်းများဖြင့် သူမကို ကုန်းပိုးပြီး တောင်အောက်သို့ ဆင်းလာခဲ့သည်။ “အခု ပြောလို့ရပြီလား”
“ကျွန်မ သူ့ကို အဆင့်တက်နိုင်ဖို့အတွက် အဆင့်၄ မြေခွေးမိစ္ဆာရဲ့ အမြုတေတစ်လုံး ပေးမယ်လို့ ကတိပေးခဲ့တယ်။ ပြီးတော့ ကျားမတစ်ကောင်နဲ့လည်း မိတ်ဆက်ပေးမယ်လို့ ပြောခဲ့တယ်”
“သူက မင်းကို ယုံသွားရောလား”
“ယုံတာပေါ့။ ကျွန်မ သူ့ကို လိမ်ခဲ့တာမှ မဟုတ်တာ” အားချန်၏ လေသံမှာ ပုံမှန်အတိုင်းပင်။ “ကျွန်မ ကိုယ်တိုင် မျက်မြင် မတွေ့ဖူးပေမယ့် ကျွန်မ သူ့ကို ပြောခဲ့တာတွေအားလုံးက ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ တကယ် ရှိနေတဲ့ အရာတွေချည်းပဲ”
“ဒါပဲလား” ပိုင်ရှိုးမင်က မေးသည်။
“အဲ…” အဓိကအချက်သို့ ရောက်လာသည်တွင် အားချန်သည် စပြီး တွေဝေလာတော့သည်။ “နောက်ပိုင်းကိစ္စတွေက အရေးမကြီးပါဘူး”
“ဥပမာ”
“ဥပမာ… ကျွန်မ သူ့ကို ရှင့်အကြောင်းလည်း ညွှန်းပေးလိုက်သေးတယ်” အားချန်သည် စကားလုံးများကို ဂရုတစိုက် ရွေးချယ်ကာ ပြောလိုက်၏။
“ညွှန်းပေးတယ်…?” ပိုင်ရှိုးမင်သည် ထိုစကားလုံးကို နောက်ကလိုက်ရွတ်လေသည်။ မဆန်းတော့ဘူး။ ဟိုကျားနက်မိစ္ဆာက ငါ့ဆီကို ဘာလို့ ဒီလောက် အသည်းအသန် ခုန်အုပ်လာလဲလို့ ထင်နေတာ။ သူ့ကို ဒီကောင်မလေး လိမ်ညာပြီး အရူးလုပ်လိုက်တာကိုး။
“ကျွန်မလည်း မတတ်သာလို့ပါ” အားချန်သည် မိမိကိုယ်ကို ခုခံကာကွယ်ရန် အစွမ်းကုန် ကြိုးစားတော့၏။ “သူ့ကိုသာ ရှင့်ဆီ သွားမရှာခိုင်းရင် သူက ကျွန်မကို ခေါ်ပြီး ထွက်ပြေးသွားမှာ”
ကျားမိစ္ဆာတစ်ကောင်နဲ့ ခိုးပြေးတယ်ဆိုတာ တခြားလူတွေ သိသွားရင် ဘယ်လောက်တောင် အရှက်ရစရာ ကောင်းလိုက်မလဲလေနော်။
“အဖမ်းခံရတဲ့ တခြားလူတွေကော”
“တောင်ပေါ်မှာပဲ ရှိသေးတယ်” အားချန်သည် ဂုဏ်ယူသော လေသံဖြင့် မိမိကိုယ်ကို ချီးကျူးလိုက်လေသည်။ “ကျွန်မက ကြားထဲကနေ လှည့်ပတ်ပြောဆိုပေးခဲ့လို့သာ ကျားမိစ္ဆာက သူတို့ကို စားဖို့ မေ့သွားပြီး တောင်အောက်ကို တန်းဆင်းလာတာ”
ထိုစကားကို ပြောလိုက်မိမှ အားချန်သည် ရုတ်တရက် သတိထားမိသွားတော့သည်။ ပိုင်ရှိုးမင်သည် ဟိုလူများကို သွားမရှာဘဲ သူမကို သည်အတိုင်း ကုန်းပိုးလျက် တောင်အောက်သို့ ဆင်းလာခဲ့သည်ပင်။
ဒါဆို။ သူက ငါ့ကိုပဲ သီးသန့် လာရှာတာပေါ့။
“လူကြီးမင်း” အားချန်၏ မျက်နှာသည် သူ့လည်ပင်းနံဘေးတွင် ကပ်ထားလိုက်ကာ ခေါင်းကို အနည်းငယ် စောင်းငဲ့လိုက်ပြီး မျက်တောင်ရှည်လေးများက မသိမသာ တုန်ခါသွားသည်။ “ရှင် ကျွန်မကို ကယ်ဖို့ သီးသန့် လာခဲ့တာလား”
“မဟုတ်ဘူး”
“ဪ။ ဒါဆို ရှင် ဒီကို ဘာလာလုပ်တာလဲ”
“လမ်းကြုံလို့ ဖြတ်လာတာ”
အားချန်သည် အသံထွက် ရယ်မောလိုက်ပြီး သူ့လည်ပင်းကို သိုင်းဖက်ထားသော လက်နှစ်ဖက်ကို ပိုပြီးတင်းကျပ်နေအောင် ဆုပ်ကိုင်လိုက်သည်။ “လိမ်တယ်။ ရှင်က ကျွန်မကို လာကယ်တာပဲ”
ပိုင်ရှိုးမင်သည် စကားတစ်ခွန်းမှ မဆိုချေ။
ဤသို့ စည်းချက်ကျကျ လှုပ်ရှားယိမ်းထိုးမှု အကြားတွင် အားချန်၏ မျက်ခွံများသည် တဖြည်းဖြည်း လေးလံလာတော့သည်။ အိပ်ပျော်မသွားမီလေးတွင် သူမသည် သူ့နားနားသို့ တိုးကပ်ကာ တီးတိုးပြောလိုက်လေသည်။ “ကျွန်မကို လာကယ်ပေးလို့ ကျေးဇူးတင်ပါတယ်”
ဒါသည် ဒုတိယအကြိမ်ပင်။
လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း မည်သို့သော အန္တရာယ်မျိုးနှင့် ကြုံတွေ့ရသည် ဖြစ်စေ သူမထံသို့ တစ်စုံတစ်ယောက်က လာရောက် ကူညီလိမ့်မည်ဟု သူမ မည်သည့်အခါကမှ မမျှော်လင့်ခဲ့ဖူးပေ။
ပိုင်ရှိုးမင်သည် သူမကို လာရောက် ကယ်တင်မည့် တစ်ဦးတည်းသောသူပင်။
ပိုင်ရှိုးမင် ထွက်ခွာသွားပြီးနောက် ချန်ဟွေ့သည် တောင်ခြေတွင် တချိန်လုံး စောင့်ဆိုင်းလာခဲ့လေသည်။
သူမသည် လွန်ခဲ့သော ခဏက အနောက်ဘက်တောက်ပေါ်မှ ကျားဟိန်းသံကြီးကို ကြားလိုက်ရသဖြင့် ရတက်မအေးနိုင်အောင် ဖြစ်နေမိသည်။ တောင်ပေါ် တက်ကြည့်လျှင် ကောင်းနိုးနိုးဟု စဉ်းစားနေချိန်မှာပင် တောင်ပေါ်မှ ဆင်းလာသည့် ပိုင်ရှိုးမင်ကို လှမ်းတွေ့လိုက်ရတော့သည်။
သူ့ဘေးတွင် အားချန်ကို မတွေ့ရသောအခါ ချန်ဟွေ့၏ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး အတွေးဆိုးများသည် ဦးနှောက်ထဲသို့ ချက်ချင်း တိုးဝင်လာတော့သည်။
အနီးသို့ ရောက်လာမှသာ အားချန်သည် ပိုင်ရှိုးမင်၏ ကျောကုန်းထက်တွင် မှီတွယ်လျက် နှစ်ခြိုက်စွာ အိပ်မောကျနေသည်ကို တွေ့လိုက်ရတော့သည်။။
ချန်ဟွေ့က အားချန်ကို သူမထံသို့ လွှဲပြောင်းပေးရန် ပြောမည်ပြင်လိုက်ချိန်မှာပင် ပိုင်ရှိုးမင်က သူမဘက်သို့ ခေါင်းစောင်းငဲ့ကာ ပြောလာခဲ့သည်။ “ကျားမိစ္ဆာ သေပြီ။ ချန်းကွေတစ္ဆေတွေ အားလုံးလည်း ပျောက်ကွယ်သွားလိမ့်မယ်။ မင်း တောင်ပေါ်တက်ပြီး လူရှာလို့ ရပြီ”
ချန်ဟွေ့သည် ခဏလောက် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ သူမသည် သက်ရှိဖုတ်ကောင် တစ်ကောင် ဖြစ်သည့်အလျောက် ညဉ့်နက်သန်းခေါင် တောအုပ်များကို ကြောက်ရွံ့ခြင်း မရှိသည်မှာ သဘာဝကျလှသည်။
လင်းစွေ့နှင့် ကောင်းလော့တို့ သေသည် ရှင်သည် မသိရသေးသဖြင့် ယခုအချိန်တွင် သွားရောက် ရှာဖွေပါက အချိန်မီနိုင်သေးသည်။
သို့သော်လည်း…
သူမသည် တွေဝေစွာဖြင့် အားချန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ နောက်ဆုံးတော့ ပြောလိုက်ရတော့သည်။ “ဒါဆိုရင်တော့ အားချန်ကို ပိုင်လူကြီးမင်းဆီမှာပဲ အပ်ခဲ့ပါရစေ”
“အင်း”
...