အတိတ်က ခင်မင်ရင်းနှီးမှုကို ထောက်ထား၍...
Vol. 6 Ch. 53
ပိုင်ရှိုးမင်သည် အားချန်ကို ကြာပန်းဥယျာဉ်သို့ ပြန်ခေါ်လာချိန်တွင် အမဲလိုက်ထွက်သွားကြသည့် လူငယ်များ၏ မိသားစုထဲက လူကြီးများကလည်း နောက်ဆုံးတွင်တော့ လူများပျောက်ဆုံးနေကြောင်း သတိထားမိသွားကြပြီး မင်းသမီးကြီးထံသို့ လာရောက်တွေ့ဆုံကြလေသည်။
မင်းသမီးကြီးကလည်း ယခင်ကအတိုင်း ချန်ဟွေ့ ရှင်းပြခဲ့သည့် အကြောင်းအရာများကို ကြားထားပြီးသားဖြစ်ကာ ဒီလူငယ်များအပေါ်တွင် အမြင်မကြည်လင်တော့ပေ။ သူတို့သည် ဒီလိုဖြစ်ဆိုးကို မိမိတို့ကိုယ်တိုင် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်လေသည်။ သို့သော်ငြား သူမသည် ထိုစိတ်ထဲက စကားများကိုတော့ ဖွင့်ဟပြောဆိုဖို့ရန် မဖြစ်နိုင်သဖြင့် အထိန်းတော်ကို သူတို့အား ဧည့်ခန်းမဆောင်တစ်ခုတွင် နေရာချထားပေးရန် အမိန့်ပေးလိုက်တော့၏။
လူငယ်များကို ကြာပန်းဥယျာဉ်သို့ အလည်အပတ် ခေါ်လာခဲ့ကြ သူများကလည်း အိမ်တော်အသီးသီးက သခင်များဖြစ်ကြလေသည်။ မင်းသမီးကြီးသည် ခန်းမဆောင်ထဲသို့ ဝင်လာသည်နှင့် မျိုးရိုးမြင့် မိသားစုက သခင်မတချို့က မျက်လုံးများနီရဲကာ ချက်ချင်းပင် ပြေးကြိုကြတော့သည်။
ထိုလူများထဲတွင် စိတ်အလှုပ်ရှားဆုံးသူမှာ လီမြို့စားကြီး၏ ဇနီးဖြစ်လေသည်။ သူမသည် ဖူနဉ် မင်းသမီးကြီး၏ အင်္ကျီစကို လှမ်းဆွဲလိုက်ပြီး ရှိုက်သံနှင့်အတူ မေးလာခဲ့၏။ "ကုန်းကျူ ကျွန်မရဲ့သား တကယ်ပဲ အန္တရာယ်နဲ့ တွေ့သွားတာလား"
သူမသည် လီမြို့စားနှင့် လက်ဆက်ခဲ့စဉ်က လီမြို့စားတွင် တရားဝင်ဇနီးမယားမှ မွေးဖွားသည့် သားတော်နှစ်ဦး ရှိနှင့်ပြီးဖြစ်ကာ အိမ်တော်၏ အမွေဆက်ခံမည့် သူကိုလည်း သတ်မှတ်ထားပြီးသား ဖြစ်လေသည်။ ဒီနှစ်များအတွင်းတွင် သူမသည် ကျန်းရွှီယောင် ဟူသည့် သားတစ်ယောက်ကိုသာ ရရှိခဲ့ပြီး သူ့ကို မျက်စိအောက်က အပျောက်မခံဘဲ ချစ်ခင်မြတ်နိုးခဲ့ရ၏။ သားဖြစ်သူသည် အောင်မြင်မှု မရရှိခဲ့လျှင်ပင် သူ၏အစ်ကိုကြီးက သူ့ကို ထမင်းတစ်နပ်တော့ တင်ကျွေးထားလိမ့်မည်ဟု သူမက စဉ်းစားထားလိုက်သည်။ သို့သော်ငြား မျက်စိတစ်မှိတ်အတွင်းမှာပင် ဒီလိုကပ်ဘေးဆိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
"ကုန်းကျူ မင်ကျင့်စီးက လူကြီးမင်းတစ်ယောက် တောင်ထဲကို ကယ်တင်ဖို့ သွားခဲ့တယ်လို့ ကြားမိပါတယ်။ အမှန်ပဲလား" အနီးတွင်ရှိနေသည့် အန်းရှီစစ်သူကြီး၏ ဇနီးဖြစ်သူ ယောင်ရှီကလည်း တစ်ဖန် မေးမြန်းလာခဲ့သည်။ သူမ၏စိတ်ထဲတွင် မိမိ၏ ဝမ်းကွဲညီမတော်စပ်သူက မွေးဖွားလာသည့် သားက သူမ၏သားဖြစ်သူကို လမ်းမှားသို့ ဆွဲခေါ်သွားသည်ဟု အပြစ်တင်မိ သော်ငြားလည်း ထိုစကားကို ဖွင့်မပြောရဲဘဲ မိမိ၏သားကံကောင်းစွာ လွတ်မြောက်လာ နိုင်ပါစေဟုသာ မျှော်လင့်မိတော့သည်။
"ဖူးရန်တို့ ကျေးဇူးပြုပြီးတော့ စိတ်အေးထားကြပါ" ဖူနဉ် မင်းသမီးကြီး၏အနီးတွင် ခစားနေသည့် အထိန်းတော်ကလည်း ရှေ့သို့ထွက်လာပြီး ထိုအမျိုးသမီးများကို တားဆီးလိုက်၏
ဖူနဉ် မင်းသမီးကြီးသည် သူတို့၏ အိန္ဒြေမဆယ်နိုင်သည့် အပြုအမူကို စိတ်အနှောင့်အယှက် ဖြစ်ဟန်မပြဘဲ ထိုင်ခုံတွင် နေရာယူလိုက်ပြီးမှ ထိုသူများကို မိန့်ကြားလိုက်၏။ "ပန်ကုံး အခုဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို သက်ဆိုင်ရာရုံးတော်ကို အကြောင်းကြားဖို့ လူလွတ်ပြီးပါပြီ။ ရုံးတော်ကလည်း ညတွင်းချင်း လူလွှတ်ပြီး စုံစမ်းစစ်ဆေးပါလိမ့်မယ်။ ဒီအပြင် ပန်းကုံးရဲ့ ကိုယ်ရံတော်တွေလည်း လမ်းတလျှောက် လိုက်လန်ရှာဖို့ အမိန့်ပေးထားပြီးပါပြီ။ ဒီတော့ ဖူးရန်တို့ စိတ်ချလက်ချ နေနိုင်ပါတယ်"
မင်းသမီးကြီးက ထိုသို့ မိန့်လာသည်တွင် သူတို့သည် စိုးရိမ်ပူပန်နေကြသည့်တိုင် တခြားနည်းလမ်းများလည်း မရှိတော့ချေ။ သတင်းရလျှင်ရခြင်း သူနှင့်အတူ ပါလာသည့် သက်တော်စောင့်များကိုလည်း ရှာဖွေဖို့ရန် စေလွှတ်ခဲ့ပြီးဖြစ်သည်။ ယခုအချိန်တွင် ဒီနေရာတွင် ထိုင်ကာ ခြောက်ကပ်စွာဖြင့် စောင့်ဆိုင်းနေချင်မှသာ တခြားမရှိတော့ပေ။
မကြာမီတွင် အပြင်ဘက်က ကိုယ်ရံတော်တစ်ဦးက သတင်းစကား ပေးပို့လာ၏။
အထိန်းတော်က မင်းသမီးကြီး၏နား နားသို့ တိုးကပ်သွားကာ တိုးညှင်းစွာဖြင့် လျှောက်တင်လိုက်လေသည်။ "ကုန်းကျူ ပိုင်လူကြီးမင်း ပြန်ရောက်လာပါပြီ"
မင်းသမီးကြီး၏ မျက်နှာပေါ်တွင် ဝမ်းမြောက်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့၏။ သူမက မတ်တပ်ရပ်လိုက်သည်နှင့် ချက်ချင်း သူမကို အားတက်သရော စောင့်ကြည့်နေကြသည့် ဖူးရန်များကလည်း ထရပ်လိုက်ကြလေသည်။
မင်းသမီးကြီးက သူတို့ကို လျစ်လျူရှုထားလိုက်ကာ အထိန်းတော်ကို လှမ်းတွဲလိုက်ပြီး ပိုင်ရှိုးမင်၏ခြံဝင်းသို့ ကြွချီသွားတော့၏။ ခြံဝင်းအပြင်ဘက်က ကိုယ်ရံတော်များသည် သူမကိုမြင်သည်နှင့် မြန်မြန်ဆန်ဆန် ဂါရဝပြုလိုက်ကြလေသည်။ "ကုန်းကျူကို ဂါရဝပြုပါတယ်"
"ပိုင်ရှိုးမင် လူ ခေါ်ပြန်လာပြီလား" မင်းသမီးကြီးက မေးလိုက်သည်။
ထိုကိုယ်ရံတော် နှစ်ယောက်သည် တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြပြီး ခဏလောက် တွေဝေသွားပြီးမှ တစ်ယောက်က လျှောက်တင်လာခဲ့၏။ "ပိုင်လူကြီးမင်းက လူတစ်ယောက်ပဲ ခေါ်လာခဲ့ပါတယ်"
ဖူနဉ် မင်းသမီးကြီးမှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။ "ဘာဖြစ်လို့ တစ်ယောက်တည်း ဖြစ်တာလဲ"
သူမသည် ပိုင်ရှိုးမင်ကိုယ်တိုင် တောင်ပေါ်သို့တက်ပြီး ကယ်တင်ခဲ့သည်ဖြစ်သောကြောင့် အနည်းဆုံးတော့ လူတချို့ကို တွေ့ရှိလိမ့်မည်ဟု ထင်မှတ်ထားမိ၏။ အဘယ်ကြောင့်များ တစ်ယောက်တည်းကိုသာ ပြန်ခေါ်လာခဲ့ရပါသနည်း။ တစ်ယောက်တည်းသာ အသက်ရှင် ကျန်ရစ်နေခဲ့သည် များလား။
သူမ၏စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်သွားတော့သည်။ သူမ၏အနောက်ဘက်က နင်ယွမ်အမတ်ကြီး၏ ဇနီးသည် ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားပြီး အော်ဟစ် ငိုကြွေးလေတော့သည်။ "ငါ့သားရေ ..."
ယခုလေးတင် ပြောလိုက်သည့် ကိုယ်ရံတော်ကလည်း ချက်ချင်း ထပ်မံလျှောက်တင်လာ၏။ "ပိုင်လူကြီးမင်း ခေါ်လာခဲ့တာက ... မိန်းကလေးတစ်ယောက်ပါ"
အော်ဟစ်ငိုယိုသံသည် ရုတ်ချည်းဆိုသလို တိတ်ဆိတ်သွား၏။ မိမိတို့သားများအကြောင်း သတင်းစကား မကြားသိရခြင်းသည် ယခုအချိန်တွင်တော့ သူတို့အတွက် သတင်းကောင်းတစ်ခု ဖြစ်နေသည့်နယ်ပင်။
ဖူနဉ် မင်းသမီးကြီးက တံခါးစောင့် ကိုယ်ရံတော်များကို မိန့်ကြားလိုက်၏။ "လမ်းဖယ်ပေး။ ပန်းကုံး ဝင်ကြည့်မယ်"
"အမိန့်တော်အတိုင်းပါ" ကိုယ်ရံတော်က တံခါးကိုဖွင့်ပေးလိုက်၏။ မင်းသမီးကြီးသည် ခြံဝင်းထဲသို့ ဝင်ရောက်သွားပြီး သူမှာနောက်က ဖူးရန်များကလည်း ချက်ချင်းဆိုသလို လိုက်ပါလာကြသည်။ သူတို့၏ သားများအကြောင်း လက်တလော သတင်းစကား မရရှိသေးသော်ငြားလည်း ထိုပိုင်လူကြီးမင်းသည် အကြောင်းအရာတချို့ သိရှိရမည်မှာ သေချာလေသည်။ သူတို့သည် မေးမြန်းဖို့ရန် လိုအပ်ပေသည်။
လူတစ်စုသည် အိမ်အပြင်ဘက်သို့ ရောက်လာခဲ့ပြီး တံခါးခေါက်ရန် ပြifလိုက်ချိန်မှာပင် ပိုင်ရှိုးမင်သည် တံခါးကိုတွန်းဖွင့်ကာ ထွက်လာခဲ့၏။
ဖူနဉ် မင်းသမီးကြီးက စင်္ကြန် အောက်က မီးရောင်၏ အလင်းရောင်ကို အားပြုကာ မိမိ၏ဝမ်းကွဲမောင်တော်ကို လေ့လာအကဲခတ် ကြည့်လိုက်လေသည်။ သူသည် ကြာပန်းဥယျာဉ်က ထွက်သွားစဉ်က ဒီဝတ်စုံကို ဝတ်ထားခဲ့ခြင်း မဟုတ် ပေ။ အပြင်သို့ တစ်ခေါက် ထွက်သွားသည်နှင့် အဘယ်ကြောင့်များ အဝတ်အစား လဲခဲ့ရပါသနည်း။ ဒဏ်ရာများရရှိခဲ့ခြင်းလား။
"ဒဏ်ရာရခဲ့လို့လား" မင်းသမီးကြီးက ပိုင်ရှိုးမင်ကို ကြည့်ကာ စိုးရိမ်နေသည့် လေသံဖြင့် မေးလိုက်၏။
"မရခဲ့ပါဘူး" ပိုင်ရှိုးမင်ကလည်း လိုရင်းကိုသာ ဖြေလိုက်သည်။ သူသည် ကျားမိစ္ဆာကို သတ်ဖြတ်စဥ်က ကိုယ်ပေါ်တွင်သွေးများ စွန်းပေသွားခဲ့ခြင်းသာ ဖြစ်လေသည်။ "ကုန်းကျူ ကျွန်တော့်ကိုရှာတာ ကိစ္စရှိလို့လား"
"မင်း လူတစ်ယောက်ကို ကယ်ပြီးပြန်လာတယ်လို့ ကြားလို့ အဲဒီတောင်ထဲမှာ တကယ်ပဲ မိစ္ဆာတွေ ရှိနေတာလား"
"ဟုတ်ပါတယ် ရှင်းလင်းလိုက်ပါပြီ"
ဖူနဉ် မင်းသမီးကြီးသည် စိတ်အေးသွားကာ သက်ပြင်းချလိုက် သော်ငြားလည်း သူမဤနောက်က ဖူးရန်များ၏ မျက်နှာအမူအရာမှာတော့ ပျော့ပျောင်းသွားခြင်း မရှိချေ။ ယောင်ရှီက စိုးရိမ်တကြီးဖြင့် ထပ်မံမေးမြန်းလိုက်လေသည်။ "ပိုင်လူကြီးမင်း လူကြီးမင်း တောင်ထဲမှာ ကျွန်မရဲ့သားကို တွေ့ခဲ့မိသေးလား"
"မတွေ့မိပါဘူး"
"ပိုင်လူကြီးမင်း လူကြီးမင်း ကယ်တင်လာတဲ့ မိန်းကလေးကို အပြင်ထွက်ပြီး တွေ့ဆုံခိုင်းဖို့ အဆင်ပြေမလား။ ကျွန်မတို့ သူ့ကို မေးခွန်းလေး နည်းနည်းလောက်ပဲ မေးချင်လို့ပါ" လီမြို့စား၏ ဇနီးကလည်း ဝင်ပြောလိုက်လေသည်။
တောင်ထဲတွင် မိစ္ဆာများရှိနေပြီး ထိုအမျိုးသမီးသည် အဖမ်းမခံခဲ့ရလျှင် သူတို့၏သားများလည်း အဖမ်းခံရခြင်းကံကြမ္မာမှ လွတ်မြောက်နိုင်ဖွယ်မရှိဟု သူတို့အားလုံးက ယူဆလိုက်ကြ၏။ ထိုအမျိုးသမီးသည် သူတို့၏သားများ ရှိရာနေရာကို သိကောင်းသိနိုင်လေသည်။
သို့သော်ငြား ပိုင်ရှိုးမင်ကတော့ ထိုအမျိုးသမီးများကို မျက်နှာသာ မပေးဘဲ အေးစက်စွာဖြင့် ပြန်ပြောလိုက်၏။ "အဆင်မပြေပါဘူး"
ထိုသို့ပြောလိုက် ပြီးနောက်သူက ဖူနဉ် မင်းသမီးကြီး ဘက်သို့လှည့်ကာ ပြောလိုက်၏။ "ကုန်းကျူ သူ့ကို စောင့်ရှောက်ပေးဖို့ အစေခံမလေးတစ်ယောက် လွှတ်ပေးပါ။ ပြီးတော့လိုက်ပါလာတဲ့ နန်းတွင်းသမားတော်တစ်ယောက်လည်း ပင့်ဆောင်ပေးပါ"
ဖူနဉ် မင်းသမီးကြီးသည် စိတ်ထဲတွင် အံ့ဩသွားတော့သည်။ သူ ခေါ်လာခဲ့တဲ့ မိန်းကလေးအတွက် တဲ့လား။ သူမရဲ့ဝမ်းကွဲမောင်တော်က ဒီလောက် အသေးစိတ်ဂရုစိုက် တတ်တဲ့ အချိန်အခါမျိုးလည်း ရှိနေတာတဲ့လား။
သူမသည် ဘေးက အထိန်းတော်ကို လှည့်ကြည့်လိုက်သည်တွင် ထိုအထိန်းတော်ကလည်း ချက်ချင်း သဘောပေါက်သွားပြီး အစေခံမလေးနှင့် သမားတော်ကို သွားခေါ်ရန် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
ပိုင်ရှိုးမင်ကတော့ အညှာအတာ ကင်းမဲ့စွာ ငြင်းပယ်လိုက် ပြီးနောက်တွင် ဖူးရန်တချို့၏ မျက်နှာထားများမှာ တော်တော်လေး မရွှင်မပြ ဖြစ်သွားတော့သည်။ အထူးသဖြင့် လူအုပ်ထဲတွင် ရောနှောနေသည့် ရွှဲရှီသည် သူမ၏စိတ်ထဲက ပိုင်ရှိုးမင်အပေါ် ထားရှိသည့် အမုန်းတရားသည်လည်း ပိုလို့ပင် တိုးပွားလာတော့သည်။
သူက ကျိချန်ကိုတောင် သွားကယ်နိုင်သေးတာပဲ။ သူ့သားကို ဘာလို့ တလက်စထဲ ကယ်လာလို့ မရ,ရမှာလဲ။
သူမသည် စိုးရိမ်ပူပန်နေသည့် သခင်မများကို ကြည့်လိုက်ပြီး ခုနကခြံဝင်းထဲတွင် ဖြစ်ပျက်ခဲ့သည့် အရာများကို သူတို့အား ပြောပြဖို့ရန် ဆုံးဖြတ်လိုက်တော့သည်။ ပိုင်ရှိုးမင်က မျိုးရိုးမြင့်အိမ်တော်က သခင်လေးတွေကို ပစ်ထားပြီး ဘာမဟုတ်တဲ့ ကျိချန်ကိုမှ သွားကယ်ခဲ့တာ။ သူ့မှာ ကိုယ်ကျိုး အတ္တမရှိဘဲ နေပါ့မလား။
သူက ကျင့်ယန်မြို့စား အိမ်တော်ကို စော်ကားရဲတာ မကြောက်ဘူးဆိုရင်လည်း ထားလိုက်ပါအုံး။ မျိုးရိုးမြင့်အိမ်တော် အများကြီးကို စော်ကားရဲတာကိုတော့ မကြောက်ဘူးလို့ ငါ မယုံဘူး။ အချိန်တန်လို့ အရှင်မင်းကြီးက မျက်နှာသာ ပေးနေဦးတော့ အိမ်ထောင် အားလုံးက သူ့ကို စွပ်စွဲပြစ်တင်ကြမယ်ဆိုရင် သူလည်း ကောင်းကောင်းမွန်မွန် အဆုံးသတ်ရမှာ မဟုတ်ဘူး။
မင်းသမီးကြီးသည် ပိုင်ရှိုးမင်က အတွင်းက မိန်းကလေးကို မည်သူနဲ့မှ တွေ့ဆုံခွင့်ပေးမည့် အစီအစဉ်မရှိကြောင်း တွေ့လိုက်ရသောအခါ သူမနောက်ကဖူးရန်များကို ပြန်လည်ထွက်ခွာသွားကြဖို့ရန် ဖြောင်းဖျပြောဆို လိုက်တော့သည်။ ထိုအမျိုးသမီးများသည် မင်းသမီးကြီး၏ မျက်နှာကို မငြင်းသာဝံ့သဖြင့် မကျေမနပ်ဖြင့်ပင် ပြန်သွားကြရလေတော့သည်။ သို့သော်ငြား ဖူနဉ် မင်းသမီးကြီး ကိုယ်တိုင်ကတော့ ထိုနေရာတွင် ကျန်ရစ်ခဲ့လေသည်။
သိပ်မကြာခင်တွင် အထိန်းတော်သည် နောက်မှလိုက်ပါလာသည့် နန်းတွင်းသမားတော်တစ်ဦးနှင့် အစေခံမလေးတစ်ဦးကို ခေါ်ကာ ပြန်လာခဲ့၏။
ပိုင်ရှိုးမင်က သမားတော်နှင့် အစေခံမလေးကို အခန်းထဲသို့ အတူတူ ခေါ်ဆောင်သွားလိုက်၏။ မင်းသမီးကြီးသည်လည်း ခြေသံဖွဖွလေး နင်းကာ နောက်မှလိုက်ပါ ဝင်ရောက်သွားသည်တွင် အခန်းထဲအတွင်းသို့ ရောက်လာသည်နှင့် သူမ၏မောင်တော် ကုတင်ပေါ်တွင် အိပ်မောကျနေသည့် မိန်းကလေးတစ်ယောက်ကို တွေ့မြင်လိုက်ရတော့သည်။
သမားတော်က ရှေ့သို့တိုးကာ အားချန်၏ သွေးခုန်နှုန်းကို အရင်ဆုံး စစ်ဆေးကြည့်ရှုလိုက်သည်။ ထိုစဉ် တစ်လျှောက်လုံးတွင် အားချန်သည် နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိပြီး နိုးထမလာခဲ့ချေ။
သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက်တွင် သမားတော်က အိပ်ခန်းထဲကထွက်လာပြီး အပြင်သို့ရောက်လာမှ ပိုင်ရှိုးမင်ကို လျှောက်တင်လိုက်၏။ "ဒီမိန်းကလေးက ကိုယ်ခံအား အရမ်းနည်းလွန်းတယ်။ ဒီနေ့တောင်ပေါ်မှာ လေအေးတိုက်ပြီး အအေးမိသွားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လူကြီးမင်း စိတ်မပူပါနဲ့။ စိတ်ပူရတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ ညဘက် အဖျားနည်းနည်း တက်လာနိုင်ပေမယ့် ဂရုစိုက် ပြုစုပေးလိုက်ရင် ရပါပြီ။ လောလောဆယ်တော့ ဆေးတိုက်ဖို့မလိုသေးပါဘူး"
ပိုင်ရှိုးမင်က မသိမသာ ခေါင်းငြိမ့်ပြလိုက်၏။ "သူ ခဏခဏ အဖျားကြီးပြီး ပြန်မကျတတ်ဘူး။ ဒါကြောင့် သမားတော် ဒီနေ့ညတော့ ဒီမှာပဲ စောင့်ကြည့်ပေးပါဦး"
"ဟုတ်ကဲ့ပါ" နန်းတွင်းသမားတော်ကတော့ ဒီလိုအသေးစား ဖျားနာခြင်းအတွက် မိမိကိုယ်တိုင် ညလုံးပေါက် စောင့်ကြည့်ပေးရန် မလိုအပ်ဟု ယူဆသော်ငြားလည်း မျက်စိရှေ့က ဒီပုဂ္ဂိုလ်ကို ဘယ်သူက မလေးမခန့် ပြုဝံ့ပါမည်နည်း။
ဖူနဉ် မင်းသမီးကြီးကတော့ ထိုကိစ္စများကို ဂရုမစိုက်ဘဲ မိမိ၏မောင်တော်ကိုသာ အံ့သြတကြီး ကြည့်နေမိလေသည်။ သူက အဲဒီမိန်းကလေး ခဏခဏ အဖျားကြီးတတ်တာကိုတောင် သိနေပါလား။ သူတို့နှစ်ယောက်က တကယ်တော့ ဘယ်လို ပတ်သက်နေကြတာလဲ။
မင်းသမီးကြီး၏ဘေးက အထိန်းတော်က သမားတော်ကို ဘေးဖက်က အခန်းတစ်ခုတွင် နေရာချထားပေးလိုက်သည်။ အစေခံမလေးကလည်း ညဘက် အသုံးပြုရန် လိုအပ်မည်ကို သိနေသဖြင့် အရင်ဆုံး ရေသွားခပ် ထားလိုက်လေသည်။
အခန်းအပြင်ဘက်တွင် ဖူနဉ်မင်းသမီးနှင့် ပိုင်ရှိုးမင် နှစ်ယောက်သား ကျန်ရစ်ခဲ့သည့်အခါမှာ သူမကလည်း သွေးတိုးစမ်းသလို မေးမြန်းလိုက်တော့၏။ "အထဲက မိန်းကလေးက မင်းရဲ့ချစ်သူလား"
"မဟုတ်ပါဘူး"
"တကယ်လား" ဖူနဉ် မင်းသမီးကတော့ ထိုစကားကို မယုံချေ။
"အရင်တုန်းက နည်းနည်းပါးပါး ဒီအတိုင်း ခင်မင်ခဲ့ကြတာပါ။ သူကကျန်းမာရေး မကောင်းဘူးလေ။ လမ်းကြုံ ကူညီပေးလိုက်တာပါပဲ"
သူ့အတွက်တော့ သူမကို ကူညီခြင်းသည် လက်တစ်ဖက် လှုပ်ရှားရုံမျှသာ ဖြစ်လေသည်။ ထိုကျားမိစ္ဆာက သူ့အတွက် သွေးပူ လေ့ကျင့်ခန်းမျှပင် အထမြောက်ခဲ့ပေ။
"အရင်တုန်းက မင်းဒီလောက် စိတ်အားထက်သန်တာ မတွေ့မိဖူးပါဘူး"
ပိုင်ရှိုးမင်က မျက်ခုံးပင့်ပြလိုက်ကာ "ဖြစ်နိုင်တာတော့ တခြားလူတွေ အားလုံးက မမြင်တတ်လို့နေမှာပေါ့"
"နင့်ရဲ့မျက်လုံးထဲကို ဝင်လာအောင် လုပ်ရတာကလည်း လွယ်တဲ့ကိစ္စမှ မဟုတ်တာ" ဖူနဉ် မင်းသမီးကလည်း ပြုံးကာဖြင့် ပြောလိုက်လေသည်။
မလွယ်ဘူးတဲ့လား။ ပိုင်ရှိုးမင်ကလည်း ထိုကိစ္စကို စဉ်းစားမိ၏။ တကယ်တော့လည်း အဲ့လောက် မခက်ပါဘူး။ ကျိချန်က သူ့ရှေ့မှာဆိုရင် ပရိယာယ်တွေအပြည့်ပဲ။ သူ့လိုလူမျိုးကတောင် ငါ့ရဲ့မျက်လုံးထဲ ဝင်လာနိုင်သေးတာပဲ။ တခြားသူတွေက ငါ့မျက်လုံးထဲ ဝင်မလာနိုင်တာကတော့ သူတို့ကိုယ်သူတို့ပဲ အပြစ်တင်ရမှာပဲ။
အားချန်အတွက် စီစဉ်ပြီးသွားသောအခါ ပိုင်ရှိုးမင်သည် အခန်းထဲက ထွက်လာခဲ့လေသည်။ သူသည် ရေကန်စပ်နားတွင် ခဏလောက် ရပ်လိုက်ပြီးနောက် သိပ်မကြာခင်မှာပင် မင်ကျင့်စီးက အစောင့်တပ်ဖွဲ့သည် ကြာပန်းဥယျာဉ်သို့ အလျင်အမြန် ဝင်ရောက်လာကြ၏။
"လူကြီးမင်း ကျွန်တော်မျိုးတို့ နောက်ကျသွားပါတယ်" ဖုန်းယန်နှင့် ကျန်းခိုင် တို့က တစ်ပြိုင်နက်တည်း လျှောက်တင်လိုက်ကြသည်။
သူတို့နှစ်ယောက်သည် သတင်းရသည်နှင့် အမြန်ဆုံးအရှိန်ဖြင့် မြို့တော်မှ ထွက်ခွာလာခဲ့ကြပြီး လမ်းခရီးတစ်လျှောက်တွင်လည်း တစ်စက္ကန့်လေးမှ အချိန်မဆွဲခဲ့ကြပေ။
ပိုင်ရှိုးမင်ကတော့ သူတို့ကို စကားများများ မပြောခဲ့ချေ။ သူက သူတို့နှစ်ယောက်ကိုသာ အမိန့်ပေးလိုက်လေသည်။ "ဟွမ်ရှီရွာရဲ့တောင် အနောက်ဘက်မှာ နောက်ထပ်ကျားမိစ္ဆာ တစ်ကောင်ရှိသေးတယ်"
ကျန်းခိုင်သည် အခိုက်အတန့် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ သူ့အမူအရာသည် ပြောင်းလဲသွားတော့သည်။ သူသည် ချက်ချင်းဆိုသလို ဒူးထောက်ချလိုက်ကာ အမှားကို ဝန်ခံလိုက်တော့သည်။ "ကျွန်တော်မျိုး တာဝန်ပျက်ကွက်မိပါတယ်။ လူကြီးမင်း အပြစ်ပေးပါ"
ပိုင်ရှိုးမင်ကတော့ သူ့ကို ဆူပူကြိမ်းမောင်းမနေတော့ဘဲ ဒီအတိုင်းသာ ပြောလိုက်တော့သည်။ "ပြန်ရောက်ရင် ကိုယ့်ဘာသာကိုယ် အပြစ်ဒဏ်ခံယူလိုက်"
"ဟုတ်ကဲ့ပါ" ကျန်းခိုင်သည် စိတ်အေးသွားကာ သက်ပြင်းချလိုက်လေသည်။ ရာထူးက ထုတ်ပယ်ခြင်း မဟုတ်လျှင်တော့ တော်သေးသည်ဟုသာ စဉ်းစားလိုက်တော့သည်။
ယခင်က ကျားမိစ္ဆာအမှုကို လာရောက်စုံစမ်းခဲ့ပြီး အဆင့်နှစ်ရှိသည့် ကျားမိစ္ဆာတစ်ကောင်ကိုလည်း ဖမ်းဆီးပြီး ပြန်လာခဲ့သူမှာ သူ ဖြစ်လေသည်။ ဒီတောင်ထဲတွင် နောက်ထပ်ကျားမိစ္ဆာကောင် ရှိနေလိမ့်အုံးမည်ဟု မည်သူက ထင်ထားပါမည်နည်း။
"လူကြီးမင်း အဲဒီတောင်ထဲကမိစ္ဆာ ဘယ်လိုဖြစ်သွားပြီလဲ" ဖုန်းယန်က မဝံ့မရဲဖြင့် မေးလိုက်၏။ မိမိတို့၏လူကြီးမင်းသည် ထိုကျားမိစ္ဆာအကြောင်း သိရှိသွားမှတော့ ထိုကျားမိစ္ဆာသည် အသက်ရှင်နိုင်တော့မည် မဟုတ်မှာလည်း သေချာလေသည်။
"မိစ္ဆာက သေသွားပြီ။ မင်းက လူတွေကိုခေါ်ပြီး အလောင်းတွေ သွားသိမ်းလိုက်"
"ကျွန်တော်မျိုး အမိန့်အနားခံပါတယ်"
"လူကြီးမင်း ကျွန်တော်ကရော" ကျန်းခိုင်က မေးလိုက်သည်။
"အဲဒီကျားမိစ္ဆာက လူတော်တော်များများကို တောင်ပေါ်ကို ဖမ်းသွားတယ်။ မင်း လူခေါ်ပြီးတော့ တောင်ပေါ်ကို သေသေချာချာလေး ရှာဖွေပြီး အသေဖြစ်ဖြစ် အရှင်ဖြစ်ဖြစ် အားလုံးကို ပြန်ရှာခဲ့"
.
ဖုန်းယန်သည် မင်ကျင့်စီးက အစောင့်တပ်ဖွဲ့များနှင့်အတူ မြန်မြန်ထွက်ခွာသွား၏။ ကျန်းခိုင်ကတော့ ထိုသခင်မများနှင့် အရင်ဦးဆုံးတွေ့ဆုံကာ ပျောက်ဆုံးနေသူများ၏ အချက်အလက်များကို အတည်ပြုပြီးမှ ကြာပန်းဥယျာဉ်ထဲက ထွက်လာခဲ့တော့သည်။
ကိစ္စများကို သေသေချာချာလေး စီစဉ်ပြီးသွားသောအခါ ပိုင်ရှိုးမင်သည် အခန်းသို့ ပြန်လာခဲ့လေသည်။ သူ့အိပ်ရာကို အားချန်ကို ပေးထားသဖြင့် သူသည် အပြင်အခန်းက သလွန်ပေါ်တွင်သာ အနားယူလိုက်တော့သည်။
ညသန်းခေါင်တွင် အားချန်ကို စောင့်ရှောက်ရန် တာဝန်ပေးခံရသည့် အစေခံမလေးသည် သမားတော်ကို အလျင်အမြန် သွားရောက်ပင့်ခေါ် ရတော့သည်။ အားချန်သည် အမှန်တကယ် အဖျားတက်လာခဲ့၏။
သမားတော်က သူမကို အပ်စိုက်ကုသပေးပြီး အစေခံမလေးကိုလည်း တွင်းရေဖြင့် စိမ်ထားသည့် ပုဝါကိုသုံးကာ အပူချိန်ကျအောင် လုပ်ခိုင်းလိုက်လေသည်။ တစ်နာရီလောက် အလုပ်ရှုပ်ပြီးသွားသောအခါ နောက်ဆုံးတော့ အပူချိန် ကျသွားတော့၏။
ပိုင်ရှိုးမင်ကလည်း ထိုဆူညံသံများကြောင့် နိုးလာခဲ့ပြီးသည်မှာ ကြာမြင့်နေပြီဖြစ်၏။ သူသည် မျက်လုံးများကို ဆက်တိုက်ဖွင့်ထား သော်ငြားလည်း အတွင်းခန်းထဲသို့တော့ ဝင်ရောက်မသွားခဲ့ချေ။
"အဆင်ပြေသွားပါပြီ" သမားတော်က တိုးတိုးလေး လာပြောပြီး ဆေးသေတ္တာကိုကိုင်ကာ ထွက်သွားသည့်အချိန်မှသာ သူသည် မျက်လုံးများကို ပြန်မှိတ်ထား လိုက်လေတော့သည်။
အိပ်ပျော်နေသည့် အားချန်ကတော့ သူမနေမကောင်း ဖြစ်ခဲ့သည်ကို မသိခဲ့ချေ။ နေ့ခင်းဘက်က ကျားမိစ္ဆာနှင့် ချင်းယွင်တောင်အကြောင်းကို ပြောဆိုခဲ့မိသောကြောင့် ဖြစ်နိုင်သည်။ သူမသည် အိပ်မက်ထဲတွင် ချင်းယွင်တောင်သို့ ပြန်လည်ရောက်ရှိသွားခဲ့၏။
အိပ်မက်ထဲတွင် အဖွားဖြစ်သူနှင့် မျိုးနွယ်စုက အကြီးအကဲတစ်ဦး၏ စကားကို ခိုးပြီးနားထောင်နေမိသည်။
အကြီးအကဲက သူမ၏အဘွားကို ပြောလိုက်၏။ "အားချန်က သွေးမစစ်ဘူးဆိုပေမယ့် မွေးရာပါ အမြီးရှစ်ချောင်းနဲ့ မွေးလာတာ။ ဘာဖြစ်လို့ သူ့ကို ကောင်းကောင်းမွန်မွန် ပျိုးထောင်ပေးတာလဲ"
အဘွားကတော့ အေးစက်စက်သာ ပြန်ဖြေလိုက်သည်။ "သူက ငါတို့ ချင်းယွင်တောင်နဲ့ ဘာမှမပတ်သက်ဘူး။ သူ့ကို လက်ခံထားတာကလည်း သူ့အဖေက ငါ့ရဲ့သားဦး ဖြစ်နေလို့ပဲ"
"ဒါဆိုရင် ... သူတို့ညီအစ်မနှစ်ယောက်ရဲ့နာမည်တွေကို မျိုးနွယ်စုစာရင်းထဲမှာ မှတ်တမ်းမတင်ဘူးလား"
"မှတ်တမ်း မတင်ဘူး"
ထိုအချိန်က အားချန်သည် အချိန်အကြာကြီး တိတ်တိတ်ကလေး ဝမ်းနည်းခဲ့ရဟန်တူသည်။ ယခုအိပ်မက်ထဲက ဒီမြင်ကွင်းကို ပြန်မက်လိုက်သည်တွင်ပင် ဝမ်းနည်းနေဆဲပင်။ သူမသည် ချင်းယွင်တောင်တွင် ကြီးပြင်းလာခဲ့သော်ငြား ထိုနေရာက သူမအိမ် မဟုတ်ခဲ့ချေ။ အဘွားကလည်း သူမကို မျိုးနွယ်စုဝင်အဖြစ် အသိအမှတ်မပြုခဲ့ချေ။ အဖေကလည်း သူ့ကို စွန့်ပစ်သွားပြီး အဘွားဖြစ်သူကလည်း သူမကို မလိုချင်ခဲ့ပေ။ ညီမလေးဖြစ်သူကလည်း ပျောက်ကွယ်သွားပြီဖြစ်၏ ...
အားချန်သည် အိပ်မက်ထဲတွင်ပင် ခပ်တိုးတိုးလေး ငိုရှိုက်နေလေသည်။ ပိုင်ရှိုးမင်မှာ လက်မြောက်အရှုံးပေးလိုက်ကာ မျက်လုံးများကို တစ်ဖန် ပြန်ဖွင့်လာတော့၏။
အခန်းထဲတွင် စောင့်ဆိုင်းပေးနေသည့် အစေခံမလေးသည်လည်း ငိုယိုသံကို ကြားလိုက်ရပြီး နှစ်သိမ့်စကား အနည်းငယ် ပြောလိုက်သော်ငြားလည်း အရာမထင်ချေ။ သူမသည် အားချန်ကို နိုးရန် ကြံရွယ်လိုက်ပြီး နှစ်ခါလောက် တွန်းလှုပ်လိုက်ချိန်မှာပင် အခန်းတံခါးသည်ပွင့်လာပြီး ပိုင်ရှိုးမင်သည် သုန်မှုန်နေသည့် မျက်နှာတစ်ခုဖြင့် တံခါးဝတွင် ပေါ်လာတော့၏။
အစေခံမလေးသည်လည်း စိတ်ထဲတွင် အလန့်တကြား ဖြစ်သွားကာ ကိုယ်ကိုမြန်မြန်လှည့်ပြီး အရိုအသေ ပေးလိုက်တော့သည်။ "လူကြီးမင်းကို နိုးလိုက်မိသလို ဖြစ်သွားလား"
ပိုင်ရှိုးမင်ကတော့ အစေခံမလေးကို လျစ်လျူရှုထားလိုက်ပြီး သူသည် ကုတင် ဘေးနားသို့ လျှောက်လာချိန်တွင် အားချန်က အိပ်ချင်မူးတူးဖြင့် မျက်လုံးများဖွင့်ကြည့်လိုက်၏။
"လူကြီးမင်းပိုင်" သူမက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ့အင်္ကျီစကို လှမ်းဆွဲလိုက်လေသည်။
ပိုင်ရှိုးမင် ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ သူမသည် စိတ်အေးသွားဟန်တူပြီး မျက်လုံးများကို တစ်ဖန်ပြန်မှိတ်လိုက်၏။
သူမ၏မျက်နှာပေါ်တွင် မျက်ရည်စများ ရှိနေသေးသည်ကို မြင်လိုက်ရသောအခါ ပိုင်ရှိုးမင်သည် လက်ကို ဆန့်လိုက်သော်ငြားလည်း သူ့လက်ချောင်းဖျားများက သူမ၏မျက်နှာအား မထိရသေးခင်မှာပင် ပြန်ရုတ်သိမ်းသွားလေသည်။
သူက အစေခံမလေးဘက်သို့ လှည့်ကာ ပြောလိုက်၏။ "သူ့မျက်နှာကို သုတ်ပေးလိုက်"
အစေခံမလေးကလည်း ဘာတစ်ခွန်းမှ မပြောရဲသဖြင့် ချက်ချင်းဆိုသလို လက်ကိုင်ပုဝါ သန့်သန့်လေး တစ်ထည်ကို ရေဖြင့် လျှော်ဖွတ် လိုက်ပြီးနောက် အားချန်၏မျက်နှာကို အသာအယာ သုတ်ပေးလိုက်သည်။
သူမ၏မျက်နှာကို သုတ်ပေးပြီးသွားသောအခါ အားချန်သည် သူအင်္ကျီလက်များဖြင့် သူမ၏မျက်နှာကို ပွတ်သပ်လိုက်ပြီး ကိုယ်ကိုတစ်ဖက်သို့ လှည့်လိုက်သည်တွင် သူ၏ ကျယ်ပြန့်လှသည့် အင်္ကျီလက်စလေးကို သူမ၏ခန္ဓာကိုယ် အင်္ကျီအောက်တွင် ဖိမိသွားလေတော့သည်။
အိပ်မက်ဆိုး၏ အနှောင့်အယှက် ကင်းသွားသဖြင့် အားချန်သည် ည၏ကျန်သည့်တဝက်ကိုတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ခဲ့လေသည်။
သူမသည် မိုးလင်းသည့်အထိ တရေးအိပ်ဖြစ်ခဲ့၏။ အိပ်ရာနိုးလာချိန်တွင် သူမက အကြောဆန့်လိုက်ပြီး လန်းဆန်းသွားသလို ခံစားလိုက်ရ၏။
မနေ့ညကအကြောင်းကို ပြန်တွေးကြည့်လိုက်တော့ သူမသည် အိပ်မက် တော်တော်များများ မက်ခဲ့သလို ခံစားမိနေ၏။ ပိုင်ရှိုးမင်ကိုပင် အိပ်မက်ထဲတွင် မက်ခဲ့သေးသည်။ သူသည် သူမကို ကျောပေးထားကာ ကုတင်အစွန်းတွင် ထိုင်လို့နေသည်။ သူမက မျက်လုံးဖွင့်လိုက်သည့် အချိန်တိုင်း သူ့ကျောပြင်ကို မြင်နေရသယောင်ရှိ၏။
အားချန်က ခေါင်းတစ်ခါ ထပ်ခါလိုက်ပြန်သည်။ ဒီအပိုင်းကတော့ သူမက ကိုယ့်ဟာကိုယ် စိတ်ကူးယဉ်နေတာပဲ ဖြစ်ရမည်ဟု တွေးလိုက်လေသည်။ ဘယ်သူကများ တခြားသူ၏ကျောပြင်ကို သီးသန့်အိပ်မက် မက်ပါမည်နည်း။
အစေခံမလေးသည် သူမ နိုးလာသည်ကို တွေ့လိုက်ရသောအခါ ချက်ချင်းဆိုသလို အဝတ်အစား၊ ဖိနပ်၊ ခြေအိတ်အသစ်များကို ယူလာပေးပြီး မျက်နှာသစ်ရန် ရေနွေးကိုလည်း ယူလာပေးကာ သူမကို ကူညီပေးလာ၏။ သူမသည် အစေခံမလေးက သူမကို ထူးထူးဆန်းဆန်း အကြည့်ဖြင့် ကြည့်နေသည်ကိုတော့ သတိမထားမိလိုက်ချေ။
ထိုအစေခံမလေးကလည်း မနေနိုင်ဘဲ အားချန်ကို အကြိမ်ပေါင်းများစွာ ကြည့်နေမိသည်။ မနေ့ညက ပိုင်လူကြီးမင်းသည် ဒီမိန်းကလေး၏ ကုတင်ဘေးတွင် တစ်နာရီကျော် ထိုင်နေခဲ့သဖြင့် အခန်းထဲတွင် ကျန်ရစ်ခဲ့သည့် သူမမှာလည်း စိုးရိမ်ပူပန်စိတ်များကြောင့် မျက်လုံးဖွင့်ကာ တစ်နာရီကျော်ကြာအောင် စောင့်ဆိုင်းနေရသည်။
ကံအားလျော်စွာ ဒီမိန်းကလေးသည် နောက်ဆုံးတွင်တော့ လူကြီးမင်း၏ အင်္ကျီလက်ကို လွတ်ပေးလိုက်သဖြင့် တော်သေးသည်။ သို့မဟုတ်လျှင် သူမကတော့ တစ်ညလုံး မျက်စိမှိတ်ခွင့်ပင် ရတော့မည် မဟုတ်ပေ။
အားချန်သည် မျက်နှာသစ်ပြီးနောက်တွင် သူမသည် ကြာပန်းဥယျာဉ်သို့ ရောက်ရှိနေသည့်အကြောင်း ပိုင်ရှိုးမင်၏ခြံဝင်းထဲတွင် နေထိုင်နေသည့်အကြောင်းကို အစေခံမလေးထံမှ သိခဲ့ရ၏။ သူမက အဝတ်အစားကို ဝတ်ပြီး ဟွေ့ညန်နှင့် လင်းစွေ့ တို့၏သတင်းကို မေးရန် ပိုင်ရှိုးမင်ကို သွားရှာမည်ဟု စဉ်းစားထားလိုက်လေသည်။
သူသည် မနေ့ညက အပြင်ဘက်တွင် အိပ်စက်ခဲ့သည်ဟု အစေခံမလေးက ပြောလာခဲ့သော်ငြားလည်း အားချန်သည် အပြင်သို့ လျှောက်ကာ ထွက်လာချိန်တွင် မည်သူမှ ရှိမနေသည်ကို တွေ့လိုက်ရ၏။
သူမက တံခါးနားသို့ လျှောက်လာခဲ့ပြီး ပိုင်ရှိုးမင်ကို သွားရှာရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်က ငိုညည်းသံများကို ကြားလိုက်ရတော့သည်။
တံခါးကို တွန်းဖွင့်လိုက်သည်နှင့်ချက်ချင်း အားချန်သည် ခြံဝင်းထဲကမြင်ကွင်းကို ထင်ထင်ရှားရှား တွေ့လိုက်ရလေသည်။
ခြံဝင်းထဲတွင် အမှန်ပင် လူပေါင်းများစွာဖြင့် ပြည့်ကျက်လို့နေ၏။ ယောကျာ်းများ၊ မိန်းမများ မတ်တပ်ရပ်နေသူများ လှဲလျောင်းနေကြသူများဖြင့် ပြည့်လို့ပင်။ ပိုင်ရှိုးမင်ကတော့ ခြံဝင်း၏ အလယ်တည့်တည့်တွင် ရပ်နေကာ သူ့နောက်တွင် ဖုန်းယန်နှင့် ကျန်းခိုင်တို့ နှစ်ယောက်ကလည်း ဘယ်ညာတစ်ဖက်စီတွင် ရပ်လို့နေကြသည်။
သူ့ရှေ့တွင်တော့ ကြမ်းပြင်ပေါ်တွင် တန်းစီကာ ချထားသည့် လူလေးဦးနှင့် အလောင်းတစ်လောင်းကို တွေ့လိုက်ရသည်။ ဒီနေရာသို့ ရောက်ရှိလာကြသည်မှာ သိပ်မကြာသေးဟန် တူ၏။ သူ့ဘေးတွင်တော့ ခန်းနားထည်ဝါစွာ ဝတ်ဆင်ထားသည့် မျိုးရိုးမြင့် အမျိုးသမီးတချို့ကလည်း ရပ်ကြည့်နေကြသည်။ သူတို့သည် ဒီလူများ၏ ဆွေမျိုးများ ဖြစ်ဟန်တူသည်။
သမားတော်များကတော့ နာကျင်စွာ အော်ဟစ်နေကြသည့် အသက်ရှင်နေကြသေးသည့် လူလေးဦး၏ ပတ်ပတ်လည်တွင် အလုပ်များ နေသည်။ သမားတော်များ၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ အခြေအနေကတော့ သိပ်ကောင်းလှဟန်မတူပေ။
ထိုလူများထဲတွင် ဘယ်ဘက်အစွန်ဆုံးက သစ်သားပြားပေါ်တွင် လှဲလျောင်းနေသည့် လင်းဟန်ကတော့ ဒဏ်ရာအပြင်းထန်ဆုံး ဖြစ်နေ၏။ သူ့ခြေထောက်များသည် နေရာများစွာတွင် ကျိုးပဲ့နေပြီး နာကျင်မှုကြောင့် အော်ဟစ်ညည်းညူနေ၏။
ယောင်ရှီက နန်းတွင်းသမားတော် တစ်ယောက်၏ အင်္ကျီလက်စကို ဆွဲကာ မေးမြန်းလေသည်။ "သမားတော် ကျွန်မသားရဲ့ဒဏ်ရာကို ကုလို့ရနိုင်မလား။ သူ့ခြေထောက်က အဆင်ပြေသွားမှာလား"
သမားတော်ကတော့ ဒေါသထွက်စေမည့်စကား ဘာတစ်ခွန်းမှ မပြောချင်သော်ငြားလည်း သူ့ခြေထောက်က အရိုးများသည် ဆိုးဆိုးရွားရွား ကျိုးပဲ့နေပြီ ဖြစ်သဖြင့် ပြန်ကောင်းလာဖို့ရန် အခွင့်အရေးမရှိချေ။
သူသည် အမှန်တရားကိုသာ ပြောရန်တတ်နိုင်တော့သည်။ "စစ်သူကြီးကတော် သခင်လေးလင်းရဲ့ ခြေထောက်ဒဏ်ရာက အရမ်းပြင်းထန်ပါတယ်။ ကုသလို့ ပျောက်ကင်းသွားရင်တောင် နောင်တစ်ချိန် မတ်တပ်ရပ်နိုင်တော့မှာ မဟုတ်ပါဘူး"
ယောင်ရှီသည် ထိုစကားကို ကြားလိုက်ရပြီး နောက်တွင် ချက်ချင်းဆိုသလို နောက်ပြန် လှန်ကျသွားသော်ငြား သူမဘေးက အစေခံမလေးက မျက်စိလျင်လျင် လက်သွက်သွက်ဖြင့် သူမကိုမြန်မြန် လှမ်းတွဲထားပေးလိုက်သည်။
ဒီအချိန်တွင် လင်းဟန်ကတော့ မရပ်မနား အော်ဟစ်ငိုယိုနေဆဲ ဖြစ်၏။ "အဲဒါ အဲဒီကောင်မ လင်းစွေ့ပဲ။ အမေ ကျွန်တော့်ခြေထောက်ကို ချိုးပစ်တာ လင်းစွေ့ပဲ။ ကျွန်တော် သူ့ကို သတ်ပစ်မယ်။ ကျွန်တော် သူ့ကို သေချာပေါက်သတ်ပစ်မှာ !"
သားဖြစ်သူ၏ ရူးသွပ်နေသည့် ရုပ်ကို မြင်တွေ့ရသည်တွင် ယောင်ရှီသည် အစေခံမလေး၏လက်ကို လှမ်းဆုပ်ထားပြီး တင်းမာစွာဖြင့် မေးလိုက်တော့သည်။ "လင်းစွေ့ ဘယ်မှာလဲ"
အစေခံမလေးသည် တံခါးပိတ်ထားသည့် ဘေးအခန်းကို လှမ်းကြည့်လိုက်ကာ တိုးတိုးလေး ပြောလိုက်၏။ "မိန်းကလေးက ဘေးအခန်းထဲမှာပါ။ သူ့မောင်လေးက သတိမရသေးဘူးလို့ ကြားတယ်။ သူ့ဘေးမှာ စောင့်ကြည့်နေပေးပါတယ်"
"သူ့ကို သွား ခေါ်ချည်"
အစေခံမလေးမှာ အနည်းငယ် အခက်တွေ့သွားတော့သည်။ သူမက ခြံဝင်းထဲတွင် ရပ်နေသည့် ပိုင်ရှိုးမင်နှင့် အခန်း၏အပြင်ဘက်တွင် စောင့်ကြပ်ပေးနေကြသည့် မင်ကျင့်စီး သက်တော်စောင့်များ၏ ခက်ထန်ကြမ်းတမ်းလှသည့် ရုပ်ရည်ကို လှမ်းပြီး ခိုးကြည့် လိုက်လေသည်။ သူမမှာ မနေနိုင်ဘဲ အကြံပြုရတော့၏။ "သခင်မ အခုလောလောဆယ်တော့ ဒုတိယသခင်လေးကိုပဲ အရင်ဂရုစိုက်သင့်ပါတယ်"
ယောင်ရှီက အစေခံမလေးကို လက်ပြန်ရိုက်လိုက်ကာ ဒေါသတကြီးဖြင့် ဘေးအခန်းသို့ တိုးဝင်ဖို့ရန် ကြိုးစားတော့သည်။ သူမသည် တံခါးနားသို့ ရောက်လာချိန်တွင် ဓားနှစ်လက်၏ ပိတ်ဆို့ခြင်းခံလိုက်ရ၏။ "ပြန်ဆုတ်ပါ !"
ယောင်ရှီက နောက်သို့ တစ်လှမ်း ဆုတ်လိုက်ပြီးနောက် ရှေ့သို့ပြန်တက်လာကာ "ငါ လင်းစွေ့ကို တွေ့ချင်တယ်။ ငါကသူ့ အမေပဲ။ သူ့ကို ထွက်လာခိုင်းလိုက်"
မင်ကျင့်စီးအစောင့်နှစ်ဦးသည် မျက်နှာသေဖြင့် အပြင်ဘက်တွင် တားဆီးထားပြီး လုံးဝမလှုပ်မယှက်ပင်။
သားဖြစ်သူက မသန်မစွမ်း ဖြစ်သွားသည်ကို သိသွားသောကြောင့် ဖြစ်နိုင်သည်။ ယောင်ရှီသည် နောက်ဆုံးတော့ မျိုးရိုးမြင့် အမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာကို ဆွဲခေါ်လိုက်ပြီး အခန်းအပြင်ဘက်တွင် စတင်ဆဲရေးလေတော့သည်။ "လင်းစွေ့ ဂြိုလ်ဆိုးမ ထွက်လာခဲ့။ နင် ငယ်ငယ်လေး ကတည်းက ငါ့ကိုဒုက္ခပေးတာ မဝလို့ အခုတော့ နင့်ရဲ့အစ်ကိုအရင်းကိုပါ ဒုက္ခပေးနေတာလား။ နင် ဘယ်လိုမျက်နှာနဲ့များ ဒီလောကကြီးထဲမှာ အသက်ရှင်နေရဲသေးတာလဲ။ နင် ဘာဖြစ်လို့ အခုထိ သွားမသေသေးတာလဲ !"
ယောင်ရှီသည် တံခါးနားတွင် အော်ဟစ်ဆဲရေးနေဆဲ ဖြစ်လေသည်။ တခြားဘက်တွင်တော့ အဝတ်ဖြူဖုံးအုပ်ထားသည့် အလောင်းဘေးတွင် ရွှဲရှီသည် ပုံလျက်သား ထိုင်နေပြီး သတိလစ်မတတ် ငိုကြွေးလို့ နေတော့သည်။
အားချန်သည် တံခါးနားတွင်ရပ်ကာ ကြမ်းပြင်ပေါ်တွင် ပုံလျက်သားလှဲကျရင်း ငိုကြွေးနေသည့်ရွှဲရှီကို ကြည့်လိုက်သည်။
သူမက စဉ်းစားလိုက်လေသည်။ လူသားတွေက တကယ်ကို ရှုပ်ထွေးတဲ့သတ္တဝါတွေပဲ။ သူတို့ချစ်ခင်နှစ်သက်တဲ့သူကို ဆုံးရှုံးသွားတာနဲ့ သေလုမတတ် ဝမ်းနည်းပူဆွေးနေကြတယ်။ ဒါပေမဲ့ သူတို့ မနှစ်သက်တဲ့သူကို ဖယ်ရှားပစ်လိုက်တဲ့ အချိန်မှာကျတော့ အတိုင်းမသိ ဝမ်းသာပျော်ရွှင် နေကြပြန်ရော။
ရွှဲရှီရဲ့ ဂုဏ်ယူပြီး ပြုံးရယ်နေတာကို ကြည့်မြင်ရတာထက် သူ ဒီလိုငိုယိုနေတာကို ကြည့်နေရတာကိုပဲ တကယ်သဘောကျတယ်။
ရွှဲရှီကတော့ အားချန်ကို သတိမထားမိချေ။ တခြားသူများ အားလုံးက အသက်ရှင်ကျန်ရစ်ကြပြီး သူမ၏သား တစ်ယောက်တည်းကသာ သေဆုံးရသည့် အကြောင်းအရင်းကိုလည်း သူမမှာ နားမလည်နိုင်သေးချေ။ သူသည် အလွန်ငယ်ရွယ်သေးပြီး တောက်ပသည့် အနာဂတ်တစ်ခုလည်း ပိုင်ဆိုင်ထားလေသည်။
သူမသည် ရွှဲကျောင်း၏ခန္ဓာကိုယ်ကို လွမ်းခြုံထားသည့် ပိတ်စဖြူကို ဖမ်းဆွဲလိုက်ပြီး သူ့ခန္ဓာကိုယ်ကို တစ်ချက်လောက် ကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလို မေ့မျောသွားတော့၏။
ရွှဲကျောင်း၏ သေဆုံးပုံကလည်း အလွန် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ သူ၏ခန္ဓာကိုယ်သည် တစ်စုံတစ်ခု၏ ဖိချေထားခံရသယောင် ရှိပြီး သူ့ရင်ဘတ်ကလည်း ပြားချပ်လို့နေ၏။
ရုပ်အလောင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးနောက်တွင် တခြားအမျိုးသမီးများ အားလုံးကလည်း အော်ဟစ်ကာ ကြောက်လန့်တကြား မျက်နှာလွှဲလိုက်ကြပြီး တချို့က ဘေးသို့သွားပြီး အော့အန်ကြလေတော့သည်။
ယခုအချိန်တွင်တော့ သူတို့သည် ပိုင်ရှိုးမင်ထံက ဖြေရှင်းချက် တောင်းခံဖို့ရန် အော်ဟစ်ခြင်း မပြုကြတော့ချေ။ နှိုင်းယှဉ်စရာ ပေါ်လာသောအခါ သူတို့သည် မိမိတို့၏သားများက အသက်ရှင် ကျန်ရစ်ခဲ့ခြင်းသည်ပင် အလွန်ကံကောင်းလှသည်ဟု ရုတ်တရက် ခံစားလိုက်ရတော့၏။
သူတို့သည် တစ်ညလုံး စောင့်ဆိုင်းလာခဲ့ပြီးမှ နောက်ဆုံးတော့ သူတို့၏သားများကို ကယ်တင်နိုင်ခဲ့သည့် သတင်းကို လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။
မူလက ဝမ်းသာသင့် သော်ငြားလည်း ထိုမတိုင်ခင်က ရွှဲရှီက သူတို့ကို ပြောကြားခဲ့သေးသည်။ ပိုင်ရှိုးမင်သည် ယခင်က သူတို့၏သားများကို ကယ်တင်နိုင်ခဲ့သော်လည်း တမင်တကာ ထိုအမျိုးသမီး တစ်ဦးတည်းကိုသာ ခေါ်ပြီးပြန်လာခဲ့သည်။ သူ ဒီလူ့အသက်ကို ပေါ့ပေါ့တန်တန် သဘောထားပြီး အိမ်တော်အသီးသီးကို မျက်ကွယ်ပြုခဲ့သည်ဟု ဆိုခဲ့လေသည်။
သူတို့သည် အစကစိတ်ထဲတွင် မကျေမနပ် ဖြစ်ခဲ့ကြသော်ငြားလည်း နောက်ပိုင်းတွင် မိမိတို့၏သားများက ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိလိုက်ရသောအခါ ဒီနေရာသို့ ရောက်လာချိန်တွင် အားလုံးက ပိုင်ရှိုးမင်ထံက ဖြေရှင်းချက်တစ်ခု တောင်းရမည်ဟု ရည်ရွယ်ထားလိုက်ကြ၏။
သို့သော်ငြား ရလဒ် ရလာသည့်အချိန်တွင် သူတို့သားသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသော်ငြားလည်း ပြန်လည်သက်သာလာနိုင်သည့် အခြေအနေတွင် ရှိသည်ကို တွေ့လိုက်ရ၏။ ဆိုးဆိုးဝါးဝါး ခြေထောက်ထိခိုက်သွားသည့် လင်းဟန်၊ သို့မဟုတ် ဝမ်းနည်းစရာ သေဆုံးသွားသည့် ရွှဲကျောင်းနှင့် ယှဉ်ကြည့်လိုက်မယ်ဆိုလျှင် ဒါက ကောင်းမွန်သည့် အခြေအနေတစ်ခု ဖြစ်သည်ဟုပင် ထင်မှတ်နိုင်လေသည်။ သူတို့သည် ဒီအချိန်တွင်တော့ နောက်ထပ် ဆက်လက်မေးမြန်းဖို့ရန် စိတ်ကူးများ မရှိကြတော့ချေ။
သမားတော်များသည် ဒဏ်ရာမပြင်းထန်လှသည့် လူသုံးယောက်ကို ပတ်တီးစည်းနှောင်ပေးပြီးနောက် အသင့်စောင့်ဆိုင်းနေသည့် သခင်မများက ရှေ့သို့တိုးကာ မေးမြန်းကြတော့၏။ "လူကြီးမင်းပိုင် ကျွန်မတို့တွေ ကိုယ့်ခြံဝင်းထဲကို ပြန်ခေါ်သွားပြီး ကုသလို့ရမလား"
"ရပါတယ်"
ပိုင်ရှိုးမင်က သဘောတူလိုက်သည်နှင့် သူတို့သည် ချက်ချင်းဆိုသလို ကိုယ်ရံတော်များကို ခေါ်ကာ မိမိတို့၏သားသမီးများကို သယ်ပြီးထွက်ခွာ သွားကြတော့သည်။
မကြာမီတွင် ခြံဝင်းထဲ၌ မရပ်မနား အော်ဟစ်နေသည့် လင်းဟန်နှင့် ရွှဲကျောင်းတို့၏ ရုပ်အလောင်းသာ ကျန်ရစ်တော့သည်။
ဘေးအခန်း၏ အပြင်ဘက်တွင်တော့ ယောင်ရှီသည် မလျှော့စတမ်း ကြိမ်းမောင်းသံများ ကြားနေရပြီး တံခါးသည် နောက်ဆုံးတော့ ပွင့်လာကာ ကိုယ်ပေါ်တွင် ပွန်းပဲ့ဒဏ်ရာများစွာဖြင့် လင်းစွေ့က ထွက်လာခဲ့၏။
ယောင်ရှီသည် သူမကို မြင်လိုက်သည်နှင့် စကားတစ်ခွန်းမှမပြောဘဲ သူမ၏မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်လေသည်။ လင်းစွေ့ကလည်း မရှောင်လိုက်ချေ။ ပါးရိုက်ချက်မှာ ပြင်းထန်လွန်းလာသဖြင့် မျက်နှာမှာတစ်ဖက်သို့ လည်သွားတော့သည်။
ယောင်ရှီကတော့ ထိုမျှဖြင့် အားမရသေးဘဲ သူမ၏ လက်သည်းများဖြင့် မျက်နှာကို ကုတ်ခြစ်ရန် ကြိုးစားလိုက်သော်ငြားလည်း ဘေးက ဆန့်ထွက်လာသည့် လက်တစ်ဖက်က သူမ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်လေတော့သည်။
...