← Chapters

သူမကတကယ်ကို ကောင်းတဲ့လူတစ်ယောက်ပါ...

Vol. 6 Ch. 54

သူမကတကယ်ကို ကောင်းတဲ့လူတစ်ယောက်ပါ...

Vol. 6 Ch. 54

"လွှတ်။ နင်က ဘယ်သူလဲ။ ငါ့ကိုများတားရဲရတယ်လို့ !" ယောင်ရှီ၏ အသံမှာ စူးရှနေပြီး သူမသည် လက်ကောက်ဝတ်ထဲက သူမ၏လက်ကို ရုန်းထွက်ဖို့ရန် ကြိုးစားလိုက်သော်ငြားလည်း လုံးဝမလှုပ်ရှား နိုင်ခဲ့ချေ။

ချန်ဟွေ့က သူမ၏လက်ကို တွန်းထုတ်လိုက်သည်တွင် ယောင်ရှီသည် ဒယိမ်းဒယိုင်ဖြင့် နောက်ပြန်လှဲကျသွားတော့သည်။ သူမခေါ်လာခဲ့သည့် အစေခံမလေးက ရှေ့သို့အလျင်အမြန် ပြေးတက်သွားကာ သူမကို တွဲထူပေးလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင်လည်း အနီရင့်ရင့် လက်ဝါးရာကြီးတစ်ခု ကျန်ရစ်လို့ နေ၏။

"သခင်မ အထဲဘက်မှာ ဒဏ်ရာရနေတဲ့သူတွေ ရှိပါသေးတယ်။ ကျေးဇူးပြုပြီးတော့ သခင်မရဲ့ အသံကို လျှော့ပါဦး"

"ငါ ဘာလုပ်တယ်ဆိုတာ နင် ဝင်ပြောရမယ့် အလှည့်မရောက်သေးဘူး။ ဘေးဖယ်နေ" ချန်ဟွေ့၏ သဘောထားကြီးမားပုံကို မြင်ရသောအခါ ယောင်ရှီသည် တစ်ဖန် ကမ်းတက်လာပြန်သည်။

သူမက လင်းစွေ့၏ လက်ကို ဖမ်းဆုပ်လိုက်ပြီး သူမကို ကြည့်နေသည့် အကြည့်တို့ကလည်း လင်းစွေ့ကို အစိမ်းလိုက် ဝါးစားတော့မယောင် ဖြစ်နေတော့သည်။

သူမက အံကြိတ်ထားကာ လင်းစွေ့ကို အရှင်လတ်လတ် ဝါးမြိုတော့မတတ် ကြည့်လိုက်ပြီး "ဒီလိုဖြစ်မယ် မှန်းသာသိခဲ့ရင် အစောကြီးကတည်းက နင့်ကို မွေးမွေးချင်း ရေနှစ်သတ်ပစ်ခဲ့ရာမှာ။ နင် ကိုယ့်အစ်ကို အရင်းကိုတောင်မှ အလွတ်မပေးတဲ့ သွေးအေးတဲ့ တိရစ္ဆာန်ပဲ !"

"ယောင်ဖူးရန် ကိုယ့်ဟာကိုယ် ပြောနေတာလား။ ကိုယ့်သားသမီးအရင်းကိုတောင် အလွတ်မပေးတဲ့ တိရစ္ဆာန် က ကျွန်မလိုလူမျိုးကို မွေးထုတ်လာတာ အရမ်းထူးဆန်းနေလို့လား" လင်းစွေ့သည် ယောင်ရှီ၏ လက်ထဲက သူမ၏အင်္ကျီစကို ပြန်ဆွဲထုတ်လိုက်၏။

သူမ၏အမေဖြစ်သူက သူမကို ဒီလိုအေးစက်စက် ဆက်ဆံရခြင်းမှာ သူမက တစ်ခုခုများ မှားနေလေသလားဟုပင် တစ်ချိန်က ကိုယ့်ဟာကိုယ် သံသယ ဖြစ်ခဲ့မိဖူးသည်။

နောက်ပိုင်းတွင်တော့ စိတ်နှလုံးကအေးခဲသွားပြီး သူမအပေါ် ဘာမျှော်လင့်ချက်မှလည်း မရှိတော့ချေ။ သူမက လင်းထင်ကို မျက်နှာသာ ပေးလွန်းလျှင်လည်း ပေးပါစေတော့ဟုသာ မှတ်ထားလိုက်တော့သည်။ သူမကလည်း မိခင်တစ်ယောက်ပင်။ မိမိအပေါ် မကောင်းလျှင်လည်း မိမိကလည်း သူမကို ဂရုစိုက်စရာ မလိုတော့ပေ။

ဒီနေ့ကျမှ လင်းစွေ့သည် သေသေချာချာလေး သဘောပေါက်သွားတော့၏။ မျက်စိရှေ့က ဒီအမျိုးသမီးသည် သူမကို သမီးအရင်းတစ်ယောက်လို ဘယ်သောအခါမှ သဘောမထားခဲ့ခြင်းပင်။

သူမနှင့် လင်းဟန် တို့သည် ကျားမိစ္ဆာလက်ထဲတွင် အတူတူ အဖမ်းခံခဲ့ရပြီး သူမကတော့ မျက်လုံးထဲတွင် လင်းဟန်တစ်ယောက်တည်းကိုသာ မြင်ကာ သူမအကြောင်းကို တစ်လုံးမှ ထုတ်မပေးလာခဲ့ချေ။

လင်းဟန်သည် သူမက သူ့ကိုဒုက္ခပေးသည်ဟု ပြောလိုက်သည်နှင့် မိခင်ဖြစ်သူ ဆိုသူကလည်း တစ်စက်မှပင် သံသယမဝင်ဘဲ သူမအပေါ် အပြစ်ရှိသည်ဟုသာ ကောက်ချက်ချလေသည်။

တောင်ပေါ်မှာရှိခဲ့တုန်းက သူမှတကယ်ပဲ ...

လင်းစွေ့သည် သူမ၏လက်သီးများကို တင်းနေအောင် ဆုပ်ထားလိုက်တော့၏။ ဟွေ့ညန်ကသာ သူမ၏မောင်လေး အသက်ရှင်နေသေးသည်ဟု လာမပြောခဲ့လျှင် သူမသည် လက်ထဲက တုတ်နှင့် လင်းဟန်၏လည်ပင်းကို ချိုးပစ်ခဲ့လောက်ပြီးပြီ။

လင်း‌စွေ့သည် တောင်ပေါ်တွင် ဖြစ်ပျက်သွားသည့် ကိစ္စများကို ပြန်စဉ်းစားမိလိုက်ပြီးနောက် ခဏလောက်စိ တ်နှင့်ကိုယ် မကပ်ဖြစ်သွားတော့၏။ သူမ၏အကြည့်တို့သည် ယောင်ရှီကို ကျော်လွန်ပြီး လင်းဟန်ဆီသို့ ရောက်သွားလေသည်။

လင်းဟန်ကလည်း သူမတို့ရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။ သူတို့အချင်းချင်း အကြည့်ချင်း ဆုံမိသွားသောအခါ သူသည် ကြောက်လန့်သွားပြီး ချက်ချင်းဆိုသလို အကြည့်လွှဲထားလိုက်လေသည်။

"နင်က ကိုယ့်ရဲ့အမေကိုတောင် စော်ကားမော်ကား လုပ်ရဲတယ်။ အခုချိန်ကစပြီး နင်က ငါတို့စစ်သူကြီး အိမ်တော်နဲ့ဘာမှ မဆိုင်တော့ဘူး !" ယောင်ရှီကတော့ တစ်ယောက်တည်း ပြောဆိုကြိမ်းမောင်းလို့နေ၏။

သူမသည် ပြောဆိုကြိမ်းမောင်းပြီးသွားသောအခါ ပိုင်ရှိုးမင်ဘက်သို့ လှည့်ကာပြောလိုက်၏။ "ပိုင်လူကြီးမင်း ဒီတိရိစ္ဆာန်မက ကျွန်မရဲ့သားကို သတ်မိမလိုတောင် ဖြစ်သွားတယ်။ ပြီးတော့ သူက ကျင့်ယန်မြို့စားကတော်ရဲ့သားကိုလည်း သတ်ပစ်ခဲ့တယ်။ သူ့ကို ချက်ချင်း ဖမ်းဆီးသင့်တယ် မဟုတ်လား"

"စစ်သူကြီးကတော်က ဘယ်တုန်းက မင်ကျင့်စီးရဲ့ကိစ္စတွေကို ဝင်စွပ်ဖက်နိုင်သွားတာလဲ"

ယောင်ရှီ၏ သွေးများသည် ထိုအခိုက်အတန့်တွင် ထိုးတက်လာပြီး ပိုင်ရှိုးမင်၏ မေးခွန်းအောက်တွင် သူမသည် ဘာကြောက်ရွံ့စိတ်မှ မခံစားရတော့ချေ။ သူမက ဒေါသတကြီး ပြောလိုက်၏။ "ကျွန်မ ပြောတာမှားလို့လား။ လူကြီးမင်းပိုင်က မနေ့ညတုန်းက ကျွန်မသားကို ကယ်တင်နိုင်ခဲ့ပါရက်နဲ့ တမင်တကာ အချိန်ဆွဲထားခဲ့တယ်။ ဒီနေ့ မနက်ခင်းအထိ သူ့ကို ပြန်မခေါ်လာခဲ့ဘူး"

"အခု ကျွန်မသားကို ဒုက္ခပေးခဲ့တဲ့ တရားခံက မျက်စိရှေ့မှာ ရှိနေတာတောင် ရှင်က ဒီအတိုင်း လွှတ်ပေးထားတယ်။ ကျွန်မရဲ့ယောက်ျား ဒီကိစ္စကို သိသွားရင် ရှင်တာဝန်ပျက်ကွက်မှုနဲ့ စွပ်စွဲခံရအောင် လုပ်ကိုလုပ်ဦးမှာ !"

ပိုင်ရှိုးမင်၏လေသံကတော့ အလျင်စလိုလည်းမရှိသလို နေကွေးနေခြင်းလည်းမရှိချေ။ "စိတ်ချပါ စစ်သူကြီးကတော်။ အန်းရှီစစ်သူကြီးကလည်း ဒီနေရာကို မကြာခင် ရောက်လာတော့မှာပါ။ အဲဒီအချိန်ကျရင် ခင်ဗျားက အမှန်နဲ့အမှားကို ထုတ်ပြောနိုင်ပါတယ်"

ယောင်ရှီကတော့ စိတ်ထဲတွင် သရော်လိုက်လေသည်။ ပိုင်ရှိုးမင်က ဒီအချိန်လေးပဲ မောက်မာနိုင်မှာပါ။ သူမရဲ့ခင်ပွန်းသာ သူ့သားသာ ဒီလိုပုံစံဖြစ်သွားတာကို သိရင် သူ့ကိုသေတဲ့အထိ အပြတ်ရှင်းမှာ သေချာတယ်။ ထိုသို့ တွေးလိုက်သော်ငြားလည်း သူမသည် လင်းစွေ့ကို ခက်ထန်စွာ ကြည့်လိုက်ပြီး အော်ဟစ်နေသည့် လင်းဟန်ဆီသို့ ပြန်လှည့်သွားလိုက်လေသည်။

ဒီမြင်ကွင်းကို ကြည့်ရှုပြီးနောက်တွင် အားချန်က စကပ်အနားကိုမကာ လှေကားထစ်များပေါ်မှ ဆင်းလာပြီး ချန်ဟွေ့နှင့် လင်းစွေ့ တို့ရှိရာဘက်သို့ လျှောက်သွားလိုက်တော့၏။

ချန်ဟွေ့က မော့ကြည့်လိုက်သည်တွင် အားချန်ကို တွေ့လိုက်ရလေသည်။ သူမ၏မျက်နှာက နီမြန်းဝင်းပလို့နေသဖြင့် မနေ့ညက ပိုင်ရှိုးမင်က သူမကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက် ပေးလိုက်တာပဲဟု တွေးမိကာ နောက်ဆုံးတော့ စိတ်အေးသွားလေတော့သည်။

"ရှင့်မောင်လေးကို ရှာတွေ့ပြီလား" အားချန်က လင်းစွေ့ကို မေးလိုက်၏။

လင်းစွေ့ကလည်း ခေါင်းငြိမ့်ပြလိုက်ကာ သူမ၏မျက်နှာပေါ်တွင် အများကြီး စိတ်အေးသွားသည့် အမူအရာလေး ဖြစ်သွားခဲ့သည်။ "ကျွန်မ သူ့ကို ရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ သူသွေးတွေ အများကြီး ထွက်သွားခဲ့တယ်။ ခုနကပဲ ဆေးတိုက်ထားတာ။ လူကတော့ သတိမရသေးဘူး"

ချန်ဟွေ့သည် အပြင်ဘက်က လူအများကြီးက သူတို့ဘက်ကို ကြည့်နေသည်ကို တွေ့ရသောအခါ တိုးတိုးလေးပြောလိုက်၏။ "ကျွန်မတို့ အရင်ဆုံး အတွင်းဝင်ကြရအောင်"

အားချန်ကလည်း သူတို့နှစ်ယောက်နဲ့အတူ အတွင်းထဲသို့ လိုက်ဝင်လာပြီး တံခါးကို ပိတ်လိုက်ပြီးနောက် အပြင်က လူများ၏အမြင်အာရုံကို ပိတ်ဆီးထားလိုက်တော့သည်။

ဘေးအခန်း၏ ပရိဘောဂ အပြင်အဆင်ကတော့ အလွန်ရိုးရှင်းလှလေသည်။ သစ်သားကုတင်လေးတစ်လုံးကို နံရာနှင့်ကပ်ကာ ထားထားပြီး ထိုကုတင်လေးပေါ်တွင် လူငယ်လေးတစ်ယောက်က လှဲလျောင်းလို့နေ၏။

ထိုလူငယ်လေး၏ ခေါင်းနှင့်ခန္ဓာကိုယ်အပေါ်ပိုင်းကို ပတ်တီးများဖြင့် စည်းနှောင်ပေးထားပြီး သူသည် အပြင်းအထန် ဒဏ်ရာရနေဟန်တူသည်။

အားချန်က ပတ်တီးမျာ စည်းနှောင်ထားသည့် ကောင်းလော့၏ ခန္ဓာကိုယ်ကို ငေးကြည့်နေသည်ကို တွေ့ရသောအခါ လက်းစွေ့ကလည်း တိုးတိုးလေး ပြောလိုက်လေသည်။ "လင်းဟန်က ပြောတယ်လေ။ ရွှဲကျောင်းက ရှောင်လော့ကို မြှားတစ်စင်းနဲ့ပစ်ပြီး သူ့ကို တောင်ပေါ်ကနေ လိမ့်ကျသွားအောင် လုပ်ခဲ့တာတဲ့။ အဲဒီနောက်မှာတော့ ခေါင်းနဲ့ ဆောင့်မိသွားခဲ့တာ"

ချန်ဟွေ့သည် ကောင်းလော့ကို လှမ်းကြည့်လိုက်ပြီးမှ ချီးကျူးစကား ပြောလိုက်၏။ "ကျွန်မ သူ့ကို တွေ့တဲ့အချိန်မှာ သူက မြှားတံကို ကိုယ်တိုင်ချိုးထားပြီးပြီ။ ခန္ဓာကိုယ်ထဲက အပိုင်းလေးပဲ ကျန်တော့တာ။ ပြီးတော့ သွေးတိတ်စေတဲ့ ဆေးမြစ်ကို လည်းရှာပြီး ဒဏ်ရာပေါ် အုပ်ထားသေးတယ်။ ဒီလိုမှ မဟုတ်ရင် သူဒီလောက်တောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"

သူမသည် ထိုလူငယ်လေးကို တောင်အောက်သို့ ခေါ်ဆင်းလာခဲ့ပြီးနောက်မှ လိုက်ပါလာသည့် မင်ကျင့်စီးအစောင့်၏လက်ထဲသို့ လွဲပေးခဲ့ခြင်းဖြစ်လေသည်။ ကောင်းလော့ကို အမှန်တကယ် ကယ်တင်ပေးခဲ့သူမှာ သူကိုယ်တိုင်သာ ဖြစ်တော့၏။

"အားလုံး အဆင်ပြေရင် ဟုတ်ပါပြီ"

အားချန်သည် ကောင်းလော့ကသာ လင်းစွေ့၏ မှီခိုရာဖြစ်ကြောင်းကို မြင်တွေ့နိုင်၏။

မိခင်အရင်းဖြစ်သူ ယောင်ရှီက သူမကို ဒီလိုနာကျင်ဖွယ်ရာ စကားများဖြင့် ကြိမ်းမောင်းနေသည့်တိုင် သူမကတော့ လှုပ်လှုပ်ရှားရှား မဖြစ်ခဲ့ပေ။ သို့သော်ငြား ကောင်းလော့သာ တစ်စုံတစ်ခု ဖြစ်သွားမည်ဆိုရင် လင်းစွေ့သည် ယခုကဲ့သို့ပုံစံမျိုး ရှိနေနိုင်တော့မည် မဟုတ်ချေ။

ချန်ဟွေ့ကလည်း လင်းစွေ့ကို ပြောလိုက်၏။ "ရှင့်အမေရဲ့စကားတွေကို စိတ်ထဲမှာမထားပါနဲ့။ ရှင် လုပ်ခဲ့တာတွေ အားလုံးကလည်း ကျားမိစ္ဆာက အတင်းအကြပ်ခိုင်းလို့ လုပ်ခဲ့ရတာပဲ။ ရှင်မှ လူသတ်မှု မကျူးလွန်ခဲ့တာ။ ဘယ်ရုံးတော်ကမှ ရှင့်ကို အပြစ်ပေးလို့မရပါဘူး"

လင်းစွေ့ကတော့ ခေါင်းခါပြလိုက်၏။ "ကျွန်မ စိတ်မပူပါဘူး။ သေရမှာကိုလည်း မကြောက်ဘူး။ ကျားမိစ္ဆာရဲ့ဖမ်းဆီးခံရတာကို အချိန်တုန်းက ကျွန်မ ပြန်လာနိုင်မှာ မဟုတ်တော့ဘူးလို့တောင် စိတ်ထဲက ကြိုတင်ပြင်ဆင်ထားပြီးသားပါ"

သူမသည် ကျားမိစ္ဆာ၏ သတ်ဖြတ်ခံရမည်ဆိုလျှင် လင်းဟန်ကိုပါအတူတူ တစ်ပါတည်း ခေါ်ဆောင်သွားမည်ဟု စဉ်းစားခဲ့သေးသည်။

လင်းစွေ့က အားချန်ကို ကြည့်လိုက်၏။ သူ့ကြောင့်သာ မဟုတ်ရင် သူမလည်း ဒီနေရာမှာ အေးအေးချမ်းချမ်း ထိုင်နိုင်မှာမဟုတ်သလို သူမရဲ့မောင်လေး နိုးလာတာကိုလည်း စောင့်ကြည့်နေနိုင်မှာ မဟုတ်ဘူး။

အားချန်က ကျားမိစ္ဆာကို ဘယ်လို နားချဖျောင်းဖျခဲ့ပြီး သူမ ကျားမိစ္ဆာကို ပြောခဲ့တဲ့အဓိပ္ပာယ်က ဘာမှန်းမသိဘူး ဆိုပေမယ့်လည်း သူမကတော့ ဂရုမစိုက်ပါဘူး။

သူမအနေနဲ့ အားချန်နဲ့ ဟွေ့ညန် တို့က သူမနဲ့ သူမရဲ့မောင်လေးတို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တယ်ဆိုတာကိုပဲ အမှတ်ရနေရုံပါပဲ။

"ရှင်က လင်းဟန်ကို အလွတ်ပေးမှာ မဟုတ်ဘူးလို့ ကျွန်မက ထင်ထားခဲ့တာ" အားချန်သည် အနည်းငယ် သိချင်စိတ် ဖြစ်သွားခဲ့၏။ သူမသည် ကျားမိစ္ဆာနှင့် လောင်းကြေး ပြုလုပ်ခဲ့ချိန်က သူမက သေချာပေါက်နိုင်လိမ့်မည်ဟု ထင်ထားခဲ့လေသည်။

လင်းစွေ့သည် လင်းဟန်၏ခြေထောက်ကို ဒီအတိုင်း ချိုးပစ်လိုက်ပြီး အရင်ဆုံး ထွက်ခွာသွားသော်ငြား တခြားသူများကို ဖမ်းဆီးပြီးနောက်တွင်တော့ လင်းဟန်ကို ပြန်လာရှာလိမ့်မည်ဟု သူမက ထင်နေခဲ့သေးသည်။

လင်းစွေ့၏ ကိုယ်ထဲတွင် ရက်စက်သည့် အငွေ့အသက်တစ်မျိုး ရှိနေပြီး သူမကို အကျပ်အတည်းထဲသို့ တွန်းပို့လိုက်ပါက သူမသည် ရူးသွပ်သွားပေလိမ့်မည်။

"အစတုန်းကတော့ ဟုတ်ပါတယ်" လင်းစွေ့ကလည်း တောင်ပေါ်တွင် သူမ၏အတွေ့အကြုံများကို ပြောပြလိုက်၏။

"အဲဒီတစ္ဆေတွေ ကျွန်မကို လမ်းညွှန်ပေးတာနဲ့ ကျွန်မလည်း တခြားသူတွေကို အမြန်လိုက်မီသွားတယ်။ သေသွားတဲ့ တစ်ယောက်ကလွဲလို့ပေါ့။ သူတို့ကို လိုက်မီပြီးတော့ ကျွန်မ လင်းဟန်ရှိတဲ့ဆီကို ပြန်သွားခဲ့သေးတယ်။ သူ့ကို ကျွန်မမောင်လေးအတွက် အသက်ပြန်ပေးခိုင်းမလို့ပဲ။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဟွေ့ညန် ရောက်လာခဲ့တာ"

ဟွေ့ညန်ကလည်း ဝင်ပြောလိုက်လေသည်။ "ကျွန်မတို့တွေ လင်းဟန်ကို မေးခွန်းနည်းနည်းလောက် မေးလိုက်တယ်။ အဖြေကို ကြားလိုက်ရပြီးတော့ သူ့ကို အခုလောလောဆယ် အလွတ်ပေးလိုက်ဖို့ဆုံးဖြတ်ခဲ့တာ"

"ဘာမေးခွန်းလဲ" အားချန်က သိချင်စိတ် ဖြစ်မေးလာသည်။

"စစ်သူကြီးကတော်က လင်းစွေ့အပေါ် မကောင်းတာက သူက ဒီလိုလျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရပ်တွေကို အရမ်းယုံပြီး လင်းစွေ့က သူ့ကို ကံဆိုးစေတယ်လို့ ယုံကြည်ထားလို့ပဲလေ။ ဒါဆိုရင် လင်းဟန်ကရော။ သူကရော လင်းစွေ့ အပေါ်မှာဘာဖြစ်လို့ ဒီလောက် ရန်လိုနေတာလဲ။ ပြီးတော့ လင်းစွေ့နဲ့ ၂နှစ်လောက်တောင် မတွေ့ရတဲ့ သူ့မောင်ဖြစ်သူ ကောင်းလော့ကိုပဲ ဘာဖြစ်လို့ ထပ်ခါတလဲလဲ ပစ်မှတ်ထားနေတာလဲ ဆိုတာကိုပေါ့"

"မနာလိုလို့လား" အားချန်က ခန့်မှန်းလိုက်ပြီး ချက်ချင်းဆိုသလို ခေါင်းခါပြလိုက်သည်။ "သူက လင်းစွေ့ကိုတောင်မှ စိတ်ထဲမှမထားတာ။ သူ့မောင်ကို ဘယ်လိုလုပ်ပြီးတော့ စိတ်ထဲမှာ ထားမှာလဲ"

"ကျွန်မတို့လင်းဟန်ကို အတင်းအကြပ် မေးမြန်းလိုက်တယ်။ သူ အရင်တခေါက်တုန်းက ဘာဖြစ်လို့ ဟွမ်ရှီရွာကို သွားခဲ့တာလဲ။ သူက ဘာဖြစ်လို့ ကောင်းလော့ကို သွားပြီးဒုက္ခပေးရတာလဲလို့ မေးတော့ သူက ဘာပြောတယ်ထင်လဲ။ ကောင်းလော့ကို နှစ်ခေါက်လုံး သွားရှာရတာက လင်းစွေ့ ရဲ့ မွေးစားညီမ လင်းထင်ရဲ့ အကြံအဉာဏ်ကြောင့်တဲ့လေ"

အားချန်သည် အနည်းငယ် အံ့သြသွားလေတော့သည်။ "သူက ဘာဖြစ်လို့ လင်းထင်ရဲ့စကားကို နားထောင်ရတာလဲ။ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်က ဒီလောက် အလွယ်တကူ မြှောက်ပင့်ခံရတာလား"

လင်းစွေ့က လှောင်ပြောင်သရော်ကာ ရယ်မောလိုက်၏။ "တခြားသူသာ ဆိုရင်တော့ ကျွန်မသံသယ ဝင်မိချင်ရင် ဝင်မိဦးမယ်။ ဒါပေမဲ့ လင်းထင်မှာတော့ ဒီလိုလုပ်နိုင်တဲ့ အရည်အချင်းရှိတယ်။ ရှင် စစ်သူကြီးအိမ်တော်ကို မရောက်ဖူးလို့ မမြင်ရတာပါ။ အိမ်တော်တစ်ခုလုံးက လူတွေအားလုံးက လင်းထင်ကိုပဲ ဝိုင်းဝိုင်းလည်နေကြတာလေ"

သူမ စစ်သူကြီးအိမ်တော်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ရသည့် ပထမဦးဆုံးနေ့တွင် လင်းထင်သည် အအေးမိသွားခဲ့လေသည်။ သူမ၏အမေနှင့် လင်းဟန်တို့သည် သူတို့အဖေအရင်း သေဆုံးသွားသည့်အလား စိုးရိမ်ထိတ်လန့်နေကြပြီး လင်းထင်၏အနားတွင် နေ့ရောညပါ စောင့်ရှောက်ပေးရန် အဆင်သင့် ဖြစ်နေခဲ့ကြသည်။

သူမ တစ်ယောက်ကတော့ ဧည့်ခန်းမကြီးထဲတွင် နေ့တဝက်လောက် ပစ်ထားခံခဲ့ရပြီး ဘယ်သူကမှ သူမကို လာမကြည့်ကြပေ။

ထိုနေ့ကစပြီး သူမသည် လင်းထင်ပေါ်တွင် ကောင်းမွန်သည့်အမြင် မရှိတော့ပေ။

အိမ်တော်ထဲက အစေခံမလေများ အားလုံးကလည်း ဒုတိယသခင်မလေးက မည်မျှကောင်းမွန်ကြောင်း ပြောဆိုကြသော်ငြား လင်းထင်နှင့် ပတ်သက်ပြီး ဘာကကောင်းမွန် သည်ကိုတော့ အတိအကျ မပြောနိုင်ကြချေ။ ဒါကပင် လင်းစွေ့ကို ပိုပြီးအဓိပ္ပာယ်မဲ့သည်ဟု ခံစားရလေသည်။

အားချန်ကတော့ မျက်လုံးများကို မသိမသာ ကျဉ်းမြောင်းထား လိုက်တော့၏။ "ရှင်နဲ့လင်းထင်တို့က အဆင်မပြေဘူး။ ဒါကြောင့် သူက ဓားငှားပြီး လူသတ်ချင်တယ်။ ရှင့်မောင်လေးကို သတ်ပြီး အခွင့်ကောင်းယူပြီး ရှင်နဲ့လင်းမိသားစု ပြတ်ဆဲသွားအောင် တွန်းပို့ချင်တာလား"

"ဖြစ်နိုင်ပါတယ်။ သူက ကျွန်မ ကောင်းစားတာကို ဘယ်တော့မှ မမြင်ချင်ခဲ့ဘူးလေ။ ကျွန်မကလည်း သူ့ကိုစိတ်ထဲ မထားပါဘူး။ ဒါပေမဲ့ သူက ဒီလောက် ရက်စက်လိမ့်မယ်လို့ ကျွန်မ တကယ် မထင်ထားခဲ့မိဘူး"

"ဒါဆိုရင် စစ်သူကြီးလင်းနဲ့ ရှင့်ရဲ့အစ်ကို အကြီးဆုံးကရော။ လင်းထင်အပေါ် ရှင့်အမေနဲ့ လင်းဟန်တို့လိုပဲ ကောင်းကြတာလား" အားချန်က ထပ်ပြီးမေးလိုက်၏။

လင်းစွေ့က မျက်မှောင်ကြုတ်ကာ ခဏလောက် စဉ်းစားလိုက်ပြီးနောက် ချီတုံချတုံဖြင့် ပြောလာလေသည်။ "သူတို့တွေကတော့ ကျွန်မအပေါ် အရမ်းကောင်းကြပါတယ်။ ဒါပေမဲ့ သူတို့တွေကလည်း လိုသမျှ လိုက်လျောပေးရတဲ့ အဆင့်ထိတော့ မဟုတ်ဘူး။ ဒါပေမဲ့ နှစ်ခါလောက်ပဲ။ ကျွန်မလည်း လင်းထင်ရဲ့အမှားကို ဖမ်းမိခဲ့ဖူးတာ။ အဖေက သူ့ကို အပြစ်ပေးလို့ ရရဲ့သားနဲ့ အကုန်လုံးကို လွှတ်ပေးခဲ့တယ်လေ"

"ဒီလောက် စိတ်အတွင်းထဲမှာ လျှို့ဝှက်တဲ့ လူတစ်ယောက်က ဒီလိုလူချစ်လူခင် ပေါများနေတာတော့ တကယ်စိတ်ဝင်စားဖို့ ကောင်းသွားပြီ" အားချန်၏ မျက်လုံးများမှာ မသိမသာ လှုပ်ရှားသွားလေသည်။ "အဲဒီစစ်သူကြီး အန်းရှီကလည်း ကျိုးကြောင်းမဲ့တဲ့သူ ဟုတ်ဟန်တော့ မတူပါဘူး။ သူက သူ့မိန်းမလိုလည်း မဟုတ်ဘူး။ ဒါနဲ့များ သူက သူ့ရဲ့မွေးစားသမီးကို ဘာဖြစ်လို့ ပိုပြီးတော့ မျက်နှာသာ ပေးရတာလဲ။

.

ဒီအချိန်တွင် အပြင်ဘက်က တံခါးခေါက်သံတစ်ခု ကြားလိုက်ရပြီး ဖုန်းယန်၏ အသံထွက်လာခဲ့၏။ "မိန်းကလေးကျိ၊ မိန်းကလေးလင်း၊ လူကြီးမင်းက ကျေးဇူးပြုပြီး ထွက်လာပါတဲ့"

ချန်ဟွေ့ကို ဒီနေရာတွင် ထားခဲ့လိုက်ပြီး အားချန်နှင့် လင်းစွေ့ တို့သည်ထရပ်ကာ တံခါးနားသို့ လျှောက်လာခဲ့၏။ တံခါးကိုဖွင့် လိုက်ပြီးနောက်တွင် အားချန်သည် ခြံဝင်းထဲကလူများနှင့် အလောင်းများက မရှိတော့သည်ကို တွေ့လိုက်ရပြီး ပိုင်ရှိုးမင်ကလည်း ခြံဝင်းထဲတွင် မရှိတော့ချေ။

"ပိုင်လူကြီးမင်းရော" အားချန်က မေးလိုက်၏။

"လူကြီးမင်းက မင်းသမီးကြီးရဲ့ ခြံဝင်းထဲမှာ ရှိပါတယ်" ဖုန်းယန်က သူတို့နှစ်ယောက်ကို ခြံဝင်းအပြင်ဘက်သို့ ဦးဆောင်ကာ ခေါ်လာရင်း လမ်းလျှောက်ရင်း ပြောလာခဲ့လေသည်။ "လီမြို့စားရဲ့ ဆက်ခံသူ သခင်လေးနဲ့ ကျင့်ယန်မြို့စား၊ တခြားသူတွေလည်း ရောက်လာကြပါပြီ။ သူတို့တွေ အကုန်လုံး အခုလောလောဆယ် မင်းသမီးကြီးရဲ့ ခြံဝင်းမှာ ရှိနေပါတယ်"

အားချန်သည် နားလည်သွားတော့သည်။ "ရှင်က ကျွန်မကို အဲဒီကို သွားခိုင်းပြီးတော့ အမှုကို စုံစမ်းစစ်ဆေးဖို့ စစ်တပ်ကြီးနဲ့ ချီတက်လာတာလား"

ဖုန်းယန် ကတော့ မြန်မြန်ငြင်းဆန်လိုက်၏။ "မိန်းကလေးကျိ ကလည်း နောက်နေပြန်ပါပြီ"

အားချန် ကတော့ ဖုန်းယန်လို အပြုသဘောဆောင်သည့် အမြင်မရှိချေ။ မင်းသမီးကြီး၏ ခြံဝင်းထဲသို့ လျှောက်လာပြီးနောက်တွင် သူမသည် ပင်မဆောင်ထဲသို့ လှမ်းကာဝင်လာခဲ့၏။ ခန်းမထဲတွင် ထိုင်နေကြသည့် လူများက ခေါင်းလှည့်လာကာ တပြိုင်တည်းတွင် လှမ်းကြည့်လိုက် ကြလေသည်။

ထိုသူများကြားထဲတွင် အားချန် အရင်းနှီးဆုံးသူမှာ ကျင့်ယန် မြို့စားဖြစ်သော်ငြားလည်း သူ့ကို မတွေ့ရသည်မှာ အချိန်တစ်ခု ကြာမြင့်နေပြီ ဖြစ်၏။ ဆယ်စု နှစ်ပေါင်းများစွာ ကျိချန်က အဖေဟုခေါ်ခဲ့သည့် ထိုလူသည် တော်တော်လေးကို ပင်ပန်းနွမ်းနယ် နေဟန်တူသည်။ သက်လတ်ပိုင်း အရွယ်ရောက်မှ သားဖြစ်သူ ဆုံးရှုံးလိုက်ရခြင်းက သူ့အတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်ဟန်တူ၏။ ကိစ္စတော့ မရှိပါဘူး။ သူ မကြာခင် နေသားကျသွားမှာပါ။

အားချန်၏ အကြည့်တို့သည် ကျင့်ယန်မြို့စားထံမှ ရွေ့လျားသွားပြီး အန်းရှီ စစ်သူကြီး လင်းချန်ဆီသို့ ကျရောက်သွားလေသည်။

သူကတော့ သူ့ဇနီးဖြစ်သူထက် အများကြီး ပိုပြီးတည်ငြိမ်ကာ အိန္ဒြေရလို့နေသည်။ အနည်းဆုံးတော့ သူသည် လင်းစွေ့ကို မြင်မြင်ချင်း လက်များခြေများ တုန်ယင်လျက် သူမနှင့်ဆက်ဆံရေး ဖြတ်တောက်ရန် ပြောလာခြင်းမရှိချေ။ သူ့အကြည့်တို့ကလည်း အလွန်တည်ငြိမ်လို့နေ၏။

ကျန်လူ သုံးယောက်ကိုတော့ အားချန် မသိပေ။ ထိုသူများထဲတွင် အသက်အငယ်ဆုံး တစ်ဦးပါရှိပြီး ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားကာ ကျောက်စိမ်းသရဖူကို ဆောင်းထားပြီး ရုပ်ရည် ချောမောခန့်ညားလှ၏။ ပိုင်ရှိုးမင်နှင့်လည်း သက်တူရွယ်တူ ရှိဟန်တူသည်။ သူသည် ဘယ်ဘက် အောက်ဆုံးနေရာတွင် ထိုင်ကာ ရာထူးအမြင့်ဆုံး ဖြစ်ဟန်တူသည်။

ဒီလူကတော့ လီမြို့စားကြီး၏ အမွေဆက်ခံမည့် သခင်လေး ဖြစ်လိမ့်မည်ဟု အားချန်လည်း ခန့်မှန်းမိလိုက်သည်။

ခန်းမထဲတွင် အားချန်အတွက် ထိုင်ဖို့ရန်နေရာ မရှိတော့ချေ။ သူမက လင်းစွေ့၊ ဖုန်းယန် တို့နှင့်အတူ အလယ်တွင်ရပ်ရုံသာ တတ်နိုင်တော့သည်။ လူအများအပြား၏ စူးရှလှသည့်အကြည့်ကို ခံယူနေရတော့သည်။

"ပိုင်လူကြီးမင်း ကျွန်တော့်သား ပြောတာကိုကြားပြီးပြီ။ ဒီမိန်းမက ကျားမိစ္ဆာနဲ့ ပူးပေါင်းပြီး သူတို့ရဲ့အသက်ကို သေမလိုဖြစ်အောင် လုပ်ခဲ့တယ်တဲ့။ မင်ကျင့်စီးရဲ့ ကျန့်ရှီဖူ တစ်ယောက်အနေနဲ့ ခင်ဗျားက ကျွန်တော်တို့ကို ရှင်းလင်းချက်တစ်ခု ပေးသင့်တယ် မဟုတ်လား"

ပထမဦးဆုံး ထွက်လာသူမှာ အရက်ပုဝဝနှင့် နဉ်ယွမ် အမတ်ကြီးဖြစ်လေသည်။ အရပ်ပုသော်ငြားလည်း သူသည် အရှိန်အဝါကတော့ ပြင်းထန်လှ၏။

"ကျိချန် မင်း ဘာပြောစရာရှိလဲ" အဓိကနေရာတွင် ထိုင်နေသည့် ပိုင်ရှိုးမင်က ဘာမှမဖြစ်သလို ပြောလာသည်တွင် သူတို့သည် တစ်ယောက်နှင့် တစ်ယောက် လုံးဝမရင်းနှီးတော့သည့်နှယ်။

အားချန်၏ ပါးနပ်လှသည့် မျက်ဝန်းအစုံကလည်း နဉ်ယွမ် အမတ်ကြီးဘက်သို့ လှည့်သွားကာ "ဒါက ... လူကြီးမင်း နာမည်မဖျက်ပါနဲ့။ တကယ်လို့ ကျွန်မသာ ကျားမိစ္ဆာနဲ့ တကယ်ပူးပေါင်းခဲ့မယ်ဆိုရင် ရှင် ဒီနေ့မြင်ရမယ့်အရာက ရှင့်သားမဟုတ်ဘဲ စားသောက်ပြီးသား အရိုးပုံကြီးကိုပဲ တွေ့ရလိမ့်မယ်"

"ခြိမ်းခြောက်နေတာ !"

အားချန်၏ ဘေးတွင် ရပ်နေသည့် ဖုန်းယန်ကလည်း အမတ်ကြီး နဉ်ယွမ်ဘက်သို့ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်လေသည်။ "အမတ်ကြီး အဲဒီကျားမိစ္ဆာ နေထိုင်တဲ့ တောင်ပေါ်ဘုရား ကျောင်းထဲမှာ စုပုံနေတဲ့ အရိုးခေါင်းတွေ အခုသုံးဆယ်ထက် မနည်းရှိပါတယ်။ တောင်အောက်က ဟွမ်ရှီရွာက လူ၁၀ယောက်ကျော်ကိုလည်း သူတို့က ချန်းကွေတစ္ဆေတွေအဖြစ် ပြောင်းလဲထားခဲ့တာ။ မိန်းကလေးကျိက ခြောက်လန့်ပြီး ပြောနေတာ မဟုတ်ပါဘူး"

ဒါကလည်း ဖုန်းယန်အတွက် အားချန်အပေါ် အလေးစားရဆုံး အချက်ဖြစ်လေသည်။ ဒီလောက်ကြမ်းတမ်း ရက်စက်သည့် မိစ္ဆာကောင်ကြီး၏ လက်ထဲက အထိအခိုက်မရှိ ထွက်ပြေးလာနိုင်ခြင်းမှာ သာမန်လူ လုပ်ဆောင်နိုင်သည့် အရာမဟုတ်ပေ။

ဒီမျိုးရိုးမြင့် မိသားစုများက သူတို့သားများ၏ အသက်ကိုသာ အလေးထား ကြသည်ကတော့ ဝမ်းနည်းစရာပင်။

"သူက တမင်တကာ ကျားမိစ္ဆာကို ဘာအမဲလိုက် ကစားပွဲကြီးဆိုလား ကစားခိုင်းခဲ့သေးတယ်လေ။ ဒါကြောင့်ပဲ ကျုပ်ရဲ့သားခြေထောက်တွေ ကျိုးသွားတာကို ဘယ်လိုရှင်းမှာလဲ" နဉ်ယွမ် အမတ်ကြီးက ထပ်ပြီးမေးမြန်းလာ၏။

"ဒါကတော့ ကျွန်မရဲ့အမှားပါပဲ" အားချန်ကလည်း လိမ်လိမ်မာမာပင် အမှားကို ဝန်ခံလိုက်လေသည်။ "နောက်တစ်ခါ မိစ္ဆာနဲ့ထပ်တွေ့ရင် ကျွန်မ သူ့ကို လူတွေကိုတစ်ခါတည်း အပြတ်စားပစ်ဖို့ တိုက်တွန်းလိုက်ပါ့မယ်။ ဒီလူတွေအတွက် ထွက်ပြေးလွတ်မြောက်ဖို့ နည်းလမ်းကိုပဲ ဦးနှောက်ခြောက်ခံပြီးတော့ စဉ်းစားပေးနေတော့မှာ မဟုတ်ပါဘူး"

"လိမ္မာပါးနပ်လိုက်တဲ့စကားပဲ။ ငါ့သားက ထွက်မပြေးနိုင်ခဲ့တာ မဟုတ်ဘူး။ လူတစ်ယောက်က တမင်တကာ ခြေထောက်ကို ရိုက်ချိုးပစ်တာ ခံလိုက်ရတာ" ထိုသို့ ပြောလိုက်ပြီးနောက် နဉ်ယွမ် အမတ်ကြီးသည် လင်းချန်ကို ရန်လိုစွာဖြင့် စောင့်ကြည့်နေ လိုက်လေသည်။ "စစ်သူကြီးလင်းက သမီးကောင်း တစ်ယောက်ကို ပျိုးထောင်ထားနိုင်တာပဲ။ လက်ဆက တော်တော်လေးကို ပြင်းတယ်"

လင်းချန်ကတော့ နှုတ်ဆိတ်နေဆဲ ဖြစ်ကာ အားချန်ကလည်း မျက်စောင်းဖြင့် လှမ်းကြည့်လိုက်လေသည်။ "ခြေထောက်နှစ်ချောင်း ကျိုးသွားတာပဲ ရှိတာလေ။ သူ အသက်ရှင် နေသေးတာပဲ မဟုတ်ဘူးလား။ လင်းစွေ့က တမင်တကာ ညှာတာပေးခဲ့တာ မဟုတ်ရင် ကျွန်မက ကျားမိစ္ဆာနဲ့ အချိန်ဆွဲပြီး အပင်ပန်းခံပြီး သူ့ကိုနေရာလွဲ ခေါ်မသွားခဲ့ရင် ဒီနေ့ လူကြီးမင်းကအိမ်မှာ စျာပနပွဲ ကျင်းပနေရမှာပါ။ ဒီနေရာမှာ ထိုင်ပြီး ကျွန်မကို အပြစ်တင်နေရမှာတောင် မဟုတ်ဘူး"

"ငါ့ကို ဒီလိုစကား ပြောရဲရတယ်လို့။ ရိုင်းစိုင်းလိုက်တာ !" နဉ်ယွမ် အမတ်သည် အနည်းငယ် ထူပူသွားလေတော့သည်။

"နဉ်ယွမ် အမတ်ကြီး ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒီမိန်းကလေးက ကျားမိစ္ဆာကို လှည့်ပတ်ပြီး လူ တော်တော်များများရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာတော့ အမှန်ပါပဲ" လီမြို့စားကြီး၏ သခင်လေးသည် လက်ထဲက လက်ဖက်ရည်ခွက်ကိုချရင်း ဖွင့်ပြောလိုက်တော့၏။

နဉ်ယွမ် အမတ်ကြီးသည် လီမြို့စားသခင်လေးကို ကြောက်ရွံဟန်ဖြင့် တချက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်လေသည်။ "သူ ပြောတာမှန်လား မှားလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ"

သူသည် ထိုသို့ ပြောလိုက်သော်ငြားလည်း ဒီကိစ္စကိုအဆုံးသတ်ရန် ရည်ရွယ်ထားဟန်တူ၏။ မည်သို့ဆိုစေ သားဖြစ်သူသည် ခြေထောက်ကျိုး သွားသော်ငြားလည်း ကုသလျှင်တော့ ပျောက်ကင်းနိုင်သေးပြီး အသက်မသေခဲ့ချေ။

နဉ်ယွမ် အမတ်ကြီး၏ တိုက်ခိုက်မှုအပြီးတွင် ကျင့်ယန်မြို့စားကြီးကလည်း တစ်ချိန်လုံး နှုတ်ဆိတ်နေပြီးမှ နောက်ဆုံးတော့ ထုတ်ပြောလာတော့သည်။ "အားချန် ရွှဲကျောင်းက မင်းရဲ့မောင်လေးပါ။ ငါ့ကိုပြောပါ။ သူ ဘယ်လိုသေသွားတာလဲ'

အားချန်ကတော့ ရွံရှာသွားသည့် အမူအရာဖြင့် ပြန်ပြောလိုက်၏။ "ကျင့်ယန်မြို့စား ကျေးဇူးပြုပြီးတော့ ဆွေမျိုးလားမတော်ပါနဲ့။ ကျွန်မအမေမှာ ကျွန်မဆိုတဲ့ သမီးတစ်ယောက်ပဲ ရှိတယ်"

ကျင့်ယန်မြို့စားသည် အားချန်၏ စကားကို ဂရုမစိုက်ဘဲ သူမကိုသာ ဒီအတိုင်း စိုက်ကြည့်နေလေသည်။ "မင်းက အဲဒီကျားမိစ္ဆာရဲ့ ဘေးမှာ အမြဲတမ်းရှိနေ ခဲ့တာဆိုတော့ ငါ့သား ဘယ်လို သေဆုံးခဲ့တယ် ဆိုတာကို သေချာပေါက် သိမှာပဲမဟုတ်လား"

"သိတာပေါ့" အားချန် နှင့် ကျင့်ယန် မြို့စားတို့သည် အချင်းချင်း စိုက်ကြည့်လိုက်ကြပြီး "ပြောရမယ်ဆိုရင် ဒါတွေအားလုံးက ကျင့်ယန်မြို့စားကြီး ကောင်းကောင်း သင်ကြားပေးခဲ့ လို့ပဲလေ။ မြို့စားကြီးသာ သခင်လေးကို ဒီလောက်ကောင်းမွန်တဲ့ မြှားပစ်ပညာတွေ သင်မပေးခဲ့ရင် ကျားမိစ္ဆာကလည်း သူ့ကို မျက်စိကျမှာ မဟုတ်လောက်ဘူး"

ဒီနေရာတွင် အတွင်းရေးများ ရှိနေသေးသည်ကို အားလုံးက ကြားလိုက်ရသောအခါ သူတို့သည် အားချန်ကို မျက်တော င်မခပ်တမ်း စိုက်ကြည့်လိုက်ပြီး သူမ ဆက်ပြော လာမည့်စကားကို စောင့်ဆိုင်းနေလိုက်ကြ၏။

"ကျောင်းအာ သူ ဘာလုပ်ခဲ့လို့လဲ"

သူမ၏လှလှပပ ဗာဒံစေ့သဏ္ဍာန် မျက်လုံးများသည် ဒီနေရာတွင် ရှိနေကြသည့် လူအများဆီသို့ ဝေ့ဝဲကြည့်လိုက်လေသည်။ "ဒီနေရာမှာရှိနေတဲ့ လူကြီးမင်းတို့ အားလုံးလည်း သိပြီးလောက်ပြီ ထင်ပါတယ်။ ရှင်တို့ရဲ့သားတွေ တောင်ပေါ် မတက်ခင်တုန်းက သာမန်အရပ်သားထဲက လူငယ်တစ်ယောက်ကို သူတို့အတွက် အတင်းအကြပ် လမ်းပြလုပ်ခိုင်းခဲ့တယ်။ အသုံးချပြီးတဲ့အခါ သူတို့က အဲဒီလူငယ်လေးကို မြှားပစ်တဲ့ ပစ်မှတ်အဖြစ် သဘောထားပြီး တစ်ယောက်တစ်စင်းစီ ပစ်ခဲ့ကြတယ်လေ"

အားချန်က ထိုသို့ ပြောလိုက်ချိန်တွင် လူတော်တော်များများ၏ အမူအရာကလည်း ပြောင်းလဲသွားလေတော့သည်။

ဤကဲ့သို့ကိစ္စများ တိုးတိုးတိတ်တိတ် ဖြစ်ပွားသွားခဲ့လျှင် သူတို့သည် ဖြေရှင်းရန် နည်းလမ်းရှာဖွေ နိုင်သေးသည်။ ယခုအချိန်တွင်တော့ လူအများရှေ့တွင် ရောက်ရှိလာပြီ ဖြစ်သဖြင့် ဒီအကြောင်းကို စုံစမ်းစစ်ဆေးရေးမှူးသာ သိရှိသွားပါက နောက်ထပ် စွပ်စွဲချက်များကို သေချာပေါက် ရှောင်လွှဲလို့ ရနိုင်မည် မဟုတ်တော့ပေ။

"အရေးကြီးတာကို ရှောင်ပြီး အရေးမကြီးတာကို ပြောမနေနဲ့" ကျင့်ယန်မြို့စားက လေးနက်သည့် လေသံဖြင့် ကြိမ်းမောင်းလိုက်လေသည်။

အားချန်က ထိုလူများ၏ မျက်နှာအမူအရာ မကောင်းသည်ကို မြင်လိုက်ရသော်ငြားလည်း သူမ၏လေသံကတော့ ပိုပြီးရွှင်လန်းလာခဲ့၏။ "မြို့စားကြီးရယ် တကယ်တိုက်ဆိုင်တာပဲ။ နောက်ဆုံးတော့ လူငယ်လေးကို မြှားနဲ့ပစ်ခဲ့တဲ့သူက မြှားပစ်စွမ်းရည်မှာ အရည်အချင်းရှိဆုံး သခင်လေးရွှဲ ဖြစ်နေတယ်လေ။ အဲဒီကျားမိစ္ဆာက သခင်လေးရွှဲကျောင်းရဲ့ မြှားပစ်ပညာက ဒီလောက်ကောင်းမွန်တာကို တွေ့လိုက်ရတော့ သူ့ကို ချန်းကွေတစ္ဆေ အဖြစ်ပြောင်းလဲဖို့ အထိုက်တန်ဆုံးပဲလို့ ထင်သွားပုံရတယ်။ ဒါကြောင့် သူ့နောက်ကိုပဲ တကောက်ကောက် လိုက်နေခဲ့တာ။ ဒါပေမဲ့ ကံဆိုးချင်တော့ သခင်လေးရွှဲကျောင်းက ပြီးတဲ့အထိ လက်မခံခဲ့ဘူးလေ။ ကျားမိစ္ဆာကို ဒေါသထွက်အောင် လုပ်မိသွားတော့ ဒီလိုနဲ့ပဲအသက် ဆုံးရှုံးသွားခဲ့ရတာပေါ့"

အားချန်သည် အလွန် ကွက်ကွက်ကွင်းကွင်း ထုတ်ဖော်ပြောဆိုလိုက်သဖြင့် သူမကိုယ်တိုင်ပင် ယုံကြည်မိသလို ဖြစ်သွားတော့၏။

သူမက ကျားမိစ္ဆာကို ရွှဲကျောင်းကို နင်းသတ်ခိုင်းခဲ့တာ မှန်ပေမဲ့ သူ့အတွက် ရဲရဲရင့်ရင့် အသက်ပေးလှူသွားတဲ့ ဇာတ်သိမ်းလေးတစ်ခုကို ကိုယ်တိုင်ဖန်တီးပေးခဲ့တာပဲလေ။ ငါက တကယ်တော့ လူကောင်တစ်ယောက်ပါပဲ။

"ခင်ဗျားတို့မှာ နောက်ထပ် ဘာမေးစရာရှိသေးလဲ" ပိုင်ရှိုးမင်သည် အားချန်ကို လေးနက်စွာ တစ်ချက်လောက် လှမ်းကြည့်လိုက်ပြီးမှ သူမ၏စကားကိုတော့ ချေ ပခြင်းမရှိခဲ့ချေ။

လီမြို့စား၏ ဆက်ခံသူ သခင်လေးကလည်း အရင်ဆုံး ထရပ်လာကာ "မရှိတော့ပါဘူး။ ပြဿနာရဲ့ အတိမ်အနက်ကိုမသိဘဲ ဒီတကြိမ် ကပ်ဘေးဆိုးကို ဖန်တီးပေးခဲ့တာက ကျွန်တော့်ရဲ့ညီလေးပါ။ သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ဒီက မိန်းကလေး နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်"

ထိုသို့ ပြောလိုက်ပြီးနောက် သူသည် အားချန်နှင့် လင်း‌စွေ့ဘက်သို့ လှည့်ကာ အရိုအသေပေး လိုက်လေသည်။

ယခုအချိန်တွင် လီမျိုးစားကြီး၏ ဆက်ခံသူသခင်လေးက ဒီစကားကို ပြောလာသောအခါ ဒီကိစ္စကလည်း ဒီနေရာတွင် ပြီးဆုံးသွားပြီဟု မှတ်ယူနိုင်သည်။ ဒီကိစ္စသည် အားချန်နှင့် မသက်ဆိုင်ဟု အမှန်တကယ် ယူဆသည်ဖြစ်စေ မယူဆသည်ဖြစ်စေ အနည်းဆုံးတော့ အပေါ်ယံတွင် သူသည် သူတို့နှစ်ယောက်ကို အခက်တွေ့အောင် ပြုလုပ်မည် မဟုတ်တော့ချေ။

လူတိုင်းကလည်း ဒီရလဒ်ကို လက်ခံနိုင်မည် မဟုတ်တာ သေချာလေသည်။ အနည်းဆုံးတော့ သားဖြစ်သူ သေဆုံးသွားသည့် ကျင့်ယန် မြို့စားသည်လည်း လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။

ကံဆိုးချင်တော့ သူ့တွင် သက်သေ အထောက်အထားလည်း မရှိနေချေ။

အားချန်ကတော့ ထွက်ခွာသွားသည့် ကျင့်ယန်မြို့စားကို စောင့်ကြည့်ပြီး ဝမ်းသာပျော်ရွှင် နေလေတော့သည်။

ဒီအချိန်တွင် လင်းချန်က ထရပ်ကာ လင်းစွေ့ ဆီသို့ လျှောက်သွားလိုက်ပြီး တီးတိုးပြောလိုက်၏။ "အပြင်မှာ ခဏလောက် သွားစကား ပြောရအောင်"

အားချန်က လင်းစွေ့ကို လှမ်းကြည့်လိုက်ပြီး လင်းစွေ့သည်လည်း မျက်လွှာကို ချထားကာ လေသံတိုးတိုးဖြင့် အင်းဟု ပြန်ဖြေလိုက်လေတော့သည်။

...

All Chapters