← Chapters

ဒီလောကထဲတွင် ထိုသို့သောအရာများ ရှိလေသည် ...

Vol. 6 Ch. 55

ဒီလောကထဲတွင် ထိုသို့သောအရာများ ရှိလေသည် ...

Vol. 6 Ch. 55

လင်းမိသားစုက သားအဖနှစ်ယောက် ထွက်ခွာသွားသည်ကို စောင့်ကြည့်လိုက်ပြီး အားချန်သည် ပိုင်ရှိုးမင်ဘေးက နေရာသို့ လျှောက်လာကာ ဝင်ထိုင်လိုက်လေသည်။

ခုနကတည်းက ဒီကုလားထိုင်ကို မျက်စီးကျနေတာလေ။ ထိုင်လိုက်ရင် အရမ်းထင်ပေါ် သွားမှာစိုးလို့သာ မဟုတ်ရင် ဒီနေရာကို ရောက်နေတာကြာလှပြီ။

အားချန်သည် ဘေးဘီကို ကြည့်လိုက်ပြီး ပိုင်ရှိုးမင်း၏လက်ထဲက ကြာပန်းနှင့် ကြာရွက်ပုံစံ ပြုလုပ်ထားသည့် ပဲစိမ်းကိတ်မုန့် ပန်းကန်တစ်ချပ် ရှိနေသည်ကို တွေ့လိုက်ရ၏။ သူမက လက်ညှိုးထိုးကာ မေးလိုက်လေသည်။ "ရှင် အဲဒါကို စားမလို့လား"

မနေ့ညက ညနေစာမစားဘဲ အိပ်ပျော်သွားခဲ့သဖြင့် ဒီနေ့မနက် နိုးလာချိန်တွင် ဒီနေရာသို့အခေါ်ခံရပြီး စစ်ဆေးမေးမြန်းခံရသည်။ သူမမှာ ယခုအချိန်တွင်တော့ ဆာလောင်နေပြီဖြစ်၏။

ပိုင်ရှိုးမင်က ပဲစိမ်းကိတ်မုန့်ကို သူမ၏လက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် ထရပ်ကာ ထွက်ခွာဖို့ရန် ပြင်ဆင်လိုက်လေသည်။

ပဲစိမ်းကိတ်မုန့်၏ အရသာက အားချန်ကို အလွန်ကျေနပ် ရလေစေသည်။ သူမက တစ်ကိုက် ကိုက်လိုက်ပြီး ခြံဝင်းထဲတွင် ရပ်နေသည့် သားအဖနှစ်ယောက်ကို လှမ်းကြည့်ရင်း ရုတ်တရက် မေးလိုက်၏။ "လူကြီးမင်းပိုင် ကျွန်မတစ်ခုလောက် မေးလို့ရမလား"

ပိုင်ရှိုးမင်က သူမဘက်ကို လှည့်ကြည့်လိုက်၏။

"ရှင် ဟိုကအန်းရှီ စစ်သူကြီးရဲ့ အကျင့်စရိုက်ကို ဘယ်လိုထင်လဲ"

အားချန်သည် အရင်တစ်ခေါက်က ပိုင်ရှိုးမင် မျက်စိထဲမထည့်သည့် ကျောက်မင်သည် အမှန်တကယ် လူကောင်းတစ်ယောက် မဟုတ်သည်ကို မှတ်မိနေသေးသည်။ ထို့ကြောင့် သူကတစ်ဆင့် လင်းစွေ့၏ အဖေဖြစ်သူ၏ အကျင့်စရိုက်ကို အကြမ်းဖျင်း အတည်ပြု နိုင်လိမ့်မည်ဟု စဉ်းစားမိလိုက်သည်။

"ငါ သူနဲ့မရင်းနှီးဘူး"

"မရင်းနီးဘူးဆိုရင်တောင် ရှင် နည်းနည်းပါးပါးတော့ သိသင့်တာပေါ့။ မဟုတ်ရင်လည်း ကျွန်မကို တိတ်တိတ်ကလေး ပြောပြပါလား။ ကျွန်မ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးလို့ အာမခံတယ်" အားချန်သည် သူ့အနားသို့ တိုးကပ်သွားလိုက်ပြီး မျှော်လင့်တကြီးလေးဖြင့် သူ့ကိုကြည့်လိုက်၏။

ပိုင်ရှိုးမင်ကလည်း သူမကဒီမေးခွန်းကို မေးရသည့် အကြောင်းအရင်းကို သိနေဟန်တူသည်။ သူက ခြံဝင်းထဲတွင်ရှိသည့် လူနှစ်ယောက်ကို လှမ်းကြည့်လိုက်ပြီးနောက် စကားလုံးနှစ်လုံးသာ ပြောသွားခဲ့၏။ "လက်ခံနိုင်စရာ ရှိပါတယ်"

ထိုနောက်တွင်တော့ အားချန်က တုံ့ပြန်မှာကိုမစောင့်ဘဲ ခြေလှမ်းကျဲများဖြင့် ထွက်ခွာသွားတော့သည်။

"အမ် ?" အားချန်သည် မေးခွန်းထပ်မေးမည့် အခွင့်အရေး ဆုံးရှုံးသွားပြီး စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်မိတော့၏။ တကယ်ကို ကပ်စီးနှဲတာပဲ။ စကားလေးနှစ်လုံး ပိုပြောလိုက်ရုံနဲ့ သူက ပင်ပန်းပြီး သေသွားမှာ မလို့လား။

ပိုင်ရှိုးမင်ပြောတဲ့ "လက်ခံနိုင်စရာရှိတယ်" ဆိုတာက သူ့ရဲ့အကျင့်စရိုက် မဆိုးဘူးဆိုတဲ့ သဘောပေါ့။ ငါ အရင်တစ်ခေါက် နေမကောင်း ဖြစ်တုန်းကလည်း ဒီစစ်သူကြီးကပဲ သူ့အိမ်က သမားတော်ကို ရှာပေးခဲ့တာနဲ့တူတယ်။ သူ့ကိုလူကောင်း တစ်ယောက်လို့ မှတ်သင့်ပါတယ်။ အနည်ဆုံးတော့ လင်းစွေ့ ရဲ့အမေအရင်းထက် အများကြီးသာတာပေါ့။

သူ့ရဲ့အကျင့်စရိုက်က စိတ်ချရနေမှတော့ လင်းစွေ့ ရဲ့ လုံခြုံရေးအတွက် အများကြီး စိတ်ပူနေဖို့တော့ မလိုလောက်ပါဘူး။

အားချန်သည် ထိုသို့ စဉ်းစားလိုက်ပြီးနောက် ကိုယ်ကိုအလှည့်တွင် ဖုန်းယန်က ထွက်မသွားသေးသည်ကို တွေ့လိုက်ရသောအခါ သုမကလည်း သူ့ကိုချက်ချင်း လှမ်းတားလိုက်တော့သည်။ "လူကြီးမင်းဖုန်း"

အထက်အရာရှိနောက် လိုက်သွားတော့မည် ပြင်နေသည့် ဖုန်းယန်သည် ခဏလောက် ရပ်တန့်လိုက်ပြီးမှ ပြန်မေးလာခဲ့၏။ "မိန်းကလေးကျိ ဘာကိစ္စရှိလို့လဲ"

"ဘာမှတော့ မဟုတ်ပါဘူး။ ကျွန်မက ရှင်တို့ အထက်လူကြီးနဲ့ လီမြို့စားရဲ့ ဆက်ခံသူသခင်လေးရဲ့ ကြားက ဆက်ဆံရေးကို မေးချင်လို့ပါ"

ဖုန်းယန်သည် ခဏလောက် မှင်သက်အံ့သြသွားသည့်အပြင် သူမက လီမြို့စား၏ သခင်လေးအကြောင်း မေးလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ ချေ။

သူကလည်း ခေါင်းခါပြလိုက်ပြီး ပြောလာခဲ့သည်။ "ကျွန်တော် သိရသလောက်တော့ ကျွန်တော်တို့ လူကြီးမင်းက မျိုးရိုးမြင့် မိသားစုကလူတွေနဲ့ နောက်ကွယ်မှာ ပတ်သက်ဆက်ဆံတာမျိုး မရှိပါဘူး"

"ဒါဆိုရင် သူက အထူးတလည် နားလည်မှုရှိတဲ့သူများလား"

ဖုန်းယန်က ခေါင်းခါပြလာသည်ကို မြင်လိုက်ရသောအခါ အားချန်ကလည်း ကိုယ့်ဟာကိုယ် ပြန်တွေးလိုက်လေသည်။ ကြည့်ရတာ ခုနတုန်းက ငါ့ကို စကားကောင်းကောင်း ပြောလာတဲ့သူက တကယ်တမ်းကျတော့ လူကောင်း ဖြစ်နေလို့တော့ ဟုတ်ပုံမရဘူး။

"ဒါပေမဲ့ သူ့ကြည့်ရတာတော့ တော်တော်လေး စကားပြောရတာ အဆင်ပြေမယ့်ပုံပဲ။ သူက ပြောရဆိုရ အရမ်းလွယ်ကူနေတာ။ ရှင့်ရဲ့ အထက်လူကြီးမင်းရဲ့ မျက်နှာကြောင့်လို့ ကျွန်မက ထင်လိုက်တာ"

"ဒါက ..." ဖုန်းယန်၏ မျက်လုံးများသည်မသိမသာ တဖြတ်ဖြတ်လက် သွားပြီး သူသည် အကြောင်းအရင်း တစ်ခုကို စဉ်းစားလိုက်မိသည့်နှယ်ပင်။

"လူကြီးမင်းဖုန်း ရှင် စဉ်းစားလို့ ရမိတဲ့ဟာလေးကို ကျွန်မကို ပြောပြစမ်းပါ"

ကောလဟာလများကို ဝေမျှသည်ကို သဘောကျသည့် ဖုန်းယန်၏ အကျင့်စရိုက်ကလည်း ဒီအခိုက်အတန့်တွင် ပြောင်းလဲမသွားချေ။ အားချန်၏ သိလို့စိတ် ဖြစ်နေသည့် ရုပ်ကလေးကို တွေ့လိုက်ရသောအခါ သူသည် နောက်ဆုံးတော့ ပြောလာခဲ့လေသည်။ "ကျွန်တော် ခန့်မှန်း ရသလောက်တော့ သူက လူကြီးမင်းက ဒီကိစ္စကို အေးအေးဆေးဆေး ပြီးစေချင်မှန်း ရိပ်မိသွားလို့ တမင် မျက်နှာလုပ် လိုက်တာပဲ ဖြစ်မယ်"

မည်သို့ဆိုစေ ဒဏ်ရာရသွားသူမှာ သူ၏ဖအေတူမအေကွဲ ညီလည်းမဟုတ်သဖြင့် မျက်နှာလုပ်ရန် အသုံးချခြင်းမှာလည်း ပြဿနာမရှိချေ။ အမွေဆက်ခံသူနေရာကို တည်ငြိမ်အောင် ရယူထားနိုင်သည့် မိသားစု၏ အမွေဆက်ခံသူများသည် ပေါ့သေးသေးများ မဟုတ်ကြပေ။

"ဘာဖြစ်လို့လဲ" အားချန်က ထပ်မေးလိုက်၏။

ဖုန်းယန်ကလည်း အသံထွက်ရင်မောလိုက်ကာ အသံကိုတိုး ထားလိုက်လေသည်။ "ကျွန်တော် အရင်တခါတုန်းက ပြောခဲ့ဖူးတယ် မဟုတ်လား။ မြို့တော်ထဲမှာ မိစ္ဆာတစ်ပိုင်း မွေးထားတဲ့ မျိုးရိုးမြင့် လူတစ်ယောက် ရှိတယ်ဆိုတာလေ။ အဲဒီလူက လီမြို့စားရဲ့ ဆက်ခံသူပဲ"

အားချန်၏ မျက်လုံးများမှာ ဝိုင်းစက်သွားလေသည်။ ဒီသတင်းက တကယ်ကို အကြီးကြီးပါလား။

မိစ္ဆာတစ်ပိုင်းတွေကို မွေးမြူကြတဲ့သူတွေက အသိဉာဏ်ကင်းမဲ့ပြီး အပျော်အပါးလိုက်စားတဲ့ လူငယ်တွေလို့ပဲ ငါက ထင်ထားတာ။ မြို့စားအိမ်တော်က အမွေဆက်ခံသူတစ်ယောက်က မိစ္ဆာတစ်ပိုင်းနဲ့ ပတ်သက်နေတာက သူ့အတွက် ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးမလား။

"မနှစ်တုန်းက ကျွန်တော်တို့ လူကြီးမင်းက မိစ္ဆာမျိုးနွယ်တွေကို မွေးမြူထားတဲ့လူတစ်စုကို ရှင်းလင်းခဲ့တယ်လေ။ ကျွန်တော် ထင်တာကတော့ သူကဒီတစ်နှစ် မိစ္ဆာတစ်ပိုင်းလူတွေကိုတောင် မွေးမြူခွင့်မပေးတော့မှာစိုးလို့ အခုလိုမျက်နှာလုပ် လိုက်တာပဲ ဖြစ်ပါလိမ့်မယ်"

အားချန်သည် ထပ်ပြီးနားထောင်ချင် သေးသော်ငြားလည်း ကံဆိုးချင်တော့ ဖုန်းယန်က ထပ်ပြီးပြောပြဖို့ရန် ငြင်းဆန်နေတော့သည်။

ပြောပြလို့ရသည့် အတင်းအဖျင်းများကို ဝေမျှပြီးနောက်တွင် ဖုန်းယန်သည် ချက်ချင်းဆိုသလို လစ်ထွက်လာလေတော့သည်။ အားချန်ကတော့ သရေစာမုန့်နားသို့ ပြန်လာခဲ့လိုက်ပြီး ဗိုက်ဖြည့်နေရင်းက စဉ်းစားလိုက်၏။ အဲဒီ လီမြို့စားရဲ့ဆက်ခံသူက ဘယ်မျိုးနွယ်က မိစ္ဆာတစ်ပိုင်းကိုများ မွေးမြူထားလို့ ဒီလောက် အရေးတယူ လုပ်နေရတာလဲ မသိဘူး။

တခြားတစ်ဖက်တွင်တော့ လင်းချန်နှင့် လင်းစွေ့ တို့သည် အဝေးသို့ ထွက်မသွားကြဘဲ မင်းသမီးကြီး၏ ခြံဝင်းထဲကပင် ထွက်မသွားခဲ့ကြပေ။ သားအဖနှစ်ယောက်သည် မျက်နှာခြင်းဆိုင်ရပ်ကာ အချိန်ကြာအောင် တိတ်ဆိတ်ငြိမ်သက် နေကြလေသည်။ နောက်ဆုံးတော့ လင်းချန်က အရင်ဆုံး ထုတ်ပြောလာခဲ့၏။

"မနေ့တုန်းက ဖြစ်သွားခဲ့တဲ့ ကိစ္စတွေအားလုံးကို အဖေ အားလုံး သိပြီးပါပြီ"

လင်းစွေ့ ကတော့ မျက်လွှာကို ချထားကာ မကြာခင်ကျ ရောက်လာတော့မည့် ပြစ်တင်စွပ်စွဲမှုများကို စောင့်ဆိုင်းနေလိုက်သည်။

"ဒီကိစ္စမှာ မင်းရဲ့အစ်ကိုနှစ်က အရင်မှာခဲ့တာပါ"

လင်းစွေ့သည် ဒီစကား၏ နောက်တွင်တော့ ဒါပေမဲ့ဟု ဟူသည့်စကားလုံး လိုက်ပါလာမည်ဟု ထင်ထားခဲ့သော်ငြားလည်း ထိုသို့ဖြစ်မလာခဲ့ ချေ။

သူမသည် တအံ့တဩဖြင့် ခေါင်းမော့ကြည့်လိုက်မိ၏။ သူမသည် သူမ၏ဖခင်အရင်းနှင့် တရင်းတစ်နှီး မရှိခဲ့လှပေ။ သို့သော်ငြား လင်းအိမ်တော်တွင် သူနှင့်အစ်ကိုကြီးတို့မှာ အတော်အသင့် ပုံမှန်ဖြစ်သည်ဟု ဆိုနိုင်လေသည်။ သူတို့သည် လင်းထင်ကို မျက်နှာသာ ပိုပေးကြသော်ငြားလည်း သူမကိုတော့ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာမျိုး မရှိခဲ့ကြပေ။

လက်ချောင်းများကပင် အတိုအရှည် ရှိနေသေးသည်တွင် လင်းစွေ့ကလည်း တရားမျှတမှုကို ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ချေ။ သို့သော်ငြား အမြဲတမ်း မျက်နှာသာပေး ခံနေရသည့် လင်းထင်ကို စဉ်းစားမိလိုက်ချိန်တွင်တော့ သူမသည် မျက်စိရှေ့က လူအပေါ် ယုံကြည်ချက်များ ပျောက်ဆုံးသွားခဲ့လေသည်။

သမီးဖြစ်သူ၏ အမူအရာကို တွေ့လိုက်ရသောအခါ လင်းချန်ကလည်း စိတ်ထဲမှာ တပ်ပြင်းချမိတော့သည်။ "သူက ကောင်းလော့ကို အရင်ဆုံး ဒုက္ခပေးခဲ့တာ။ ပြီးတော့ ကျားမိစ္ဆာကိုလည်း မြှောက်ပင့်ပြီး မင်းကို ဖမ်းခေါ်ခိုင်းခဲ့တယ်။ တခြားသူတွေကိုတောင်မှ ထိခိုက်နစ်နာစေတော့မလို့ ..."

ဒီအချိန်တွင် သူသည်လည်း ဆက်မပြောနိုင်တော့ချေ။

ဒီနေ့ မနက်ခင်း ကြာပန်းဥယာဉ်သို့ ရောက်လာပြီးနောက်တွင် သူသည် ဒဏ်ရာသိပ်မပြင်းထန်သည့် ကျန်းရွှီယောင်ထံသို့ အရင်သွားရောက်တွေ့ဆုံခဲ့ပြီး သူ့ထံမှ အတွင်း အကြောင်းအရာများကို ကြားသိခဲ့ရသည်။

ကျန်းရွှီယောင်က အစပိုင်းတွင်တော့ ထုတ်ပြောဖို့ရန် ငြင်းဆန်နေသေးသော်ငြားလည်း နောက်ပိုင်းတွင် လီမြို့စား၏ ဆက်ခံသူ ရောက်လာချိန်တွင်တော့ သူသည် တုံ့ဆိုင်းစွာဖြင့် အမှန်တရားကို ပြောပြလာခဲ့သည်။ သူတို့သည် ကျားမိစ္ဆာကို လှုံ့ဆော်ပေးခဲ့ကြပြီး ကျိချန်နှင့် လင်းစွေ့ တို့ ဖမ်းခံရအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်နေ၏။

လင်းချန်သည် သူ၏သက်တမ်း တစ်ဝက်နီးပါးကို စစ်စခန်းတွင် ကုန်ဆုံးခဲ့သူဖြစ်သဖြင့် သူ သည်းမခံနိုင်ဆုံးသော အရာမှာ ဒုတိယသားကဲ့သို့ စိတ်ဓာတ် ယုတ်မာ သိမ်ဖျင်းပြီး အရည်အချင်း တစ်စုံတစ်ရာ မရှိသည့် လူစားမျိုးပင်။

ထိုကလေးသည် ငယ်စဉ်က လိမ္မာရေးခြားရှိပြီး ကြိုးကြိုးစားစားရှိကာ နားလည်မှုလည်း ရှိခဲ့သည်။ သို့သော်ငြား သူသည် ရှန့်ကျင်းတွင် မရှိတော့သည့် ဒီနှစ်များအတွင်း လုံးလုံးလျားလျား အသုံးမကျသည့် လူငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ငယ်စဉ်က အရိပ်အယောင်များပင် လုံးဝပျောက်ကွယ်သွားခဲ့၏။

လင်းဟန်က မည်သို့ပင် ဆိုးသွမ်းနေပါစေ သူသည် သူ့သားအရင်း ဖြစ်နေသေးသည်။ သူသည် သားဖြစ်သူကို ဆုံးမပဲ့ပြင်ဖို့ရန် ပျက်ကွက်ခဲ့မိသည်။ သို့သော်ငြား လင်းစွေ့ သည်လည်း သူ့ကလေးပင်။ အဖေတစ်ယောက်အနေဖြင့် သူသည် မောင်နှမများကြားက အမုန်းတရားကြောင့် တစ်စုံတစ်ယောက်ဘက်သို့ ရပ်တည်ဖို့ရန် မဖြစ်နိုင်ပေ။ သို့သော်ငြား သူသည် အဖေဖြစ်သူ၏နေရာက ဆက်ပြီးစဉ်းစားကြည့်လိုက်လျှင် လင်းစွေ့က အမှားဟုလဲ မယူဆမိချေ။

အကယ်၍ သူသာဆိုလျှင် ဒီကလေးထပ်ပင် ပိုပြီးရက်စက်ကောင်း ရက်စက်မိနိုင်ပေမည်။

လင်းစွေ့က လင်းချန်၏ စကားကို ဖြတ်ပြောလိုက်၏။ "သူက ကျွန်မနဲ့ ကျွန်မမောင်လေးကို ဒုက္ခပေးခဲ့တယ်။ ကျွန်မက သူ့ဘဝတစ်ဝက်ကို ဖျက်ဆီးပစ်လိုက်တာ။ ဒါက တရားမျှတပါတယ်။ တကယ်လို့ အဖေ ကကျွန်မကို မှားတယ်လို့ ထင်တယ်ဆိုရင်လည်း ဒီနေ့ ရှင်းရှင်းလင်းလင်း လုပ်လိုက်လို့ရတယ်။ စစ်သူကြီးကတော်က ကျွန်မကို စစ်သူကြီးအိမ်တော်ကနေ နှင်ထုတ်ပြီးသွားပြီ။ ကျွန်မက ရှင်တို့သမီး မဟုတ်တော့ဘူး။ နောက်ဆိုရင်လည်း ကျွန်မတို့တွေ ထပ်ပြီးတွေ့စေရာ မလိုတော့ဘူး"

လင်းချန်သည် မျက်မှောင်ကြုတ်လိုက်ပြီး ခုနတုန်းက သူ့ဇနီးဖြစ်သူက လင်းစွေ့ကို ဂြိုလ်ဆိုးမ ဟူ၍ အကြိမ်ကြိမ်အခါခါ ဆဲရေးနေသည်ကို ပြန်စဉ်းစားမိလိုက်ကာ သူကလည်း ပြောလိုက်လေသည်။ "သမီးရဲ့အမေက အဖေ့ကိုတော့ကျော်လို့ မရသေးပါဘူး။ သမီးက အမှားလုပ်ခဲ့တယ် လူသတ်ခဲ့တယ်ဆိုရင်တောင်မှ အဖေတို့တွေ ပြန်ပြီးတော့ ပြုပြင်ဖို့နည်းလမ်း ရှာလို့ရတယ်။ ဒီ့အပြင် ဒီနေ့ကိစ္စမှာ အမှားက သမီးလုပ်တာမှ မဟုတ်တာ။ သမီးက အဖေ့သမီး။ ဘယ်သူကမှ သမီးကို စစ်သူကြီးအိမ်တော်ကနေ နှင်ထုတ်လို့မရဘူး"

လင်းစွေ့ကတော့ အဖေဖြစ်သူက နည်းနည်းလေး ထူးဆန်းနေသည်ဟု ခံစားလိုက်ရလေသည်။ သူက တကယ်ကို ကျိုးကြောင်း နားလည်တဲ့သူတစ်ယောက်ပဲ။ အရင်က သူမ ကြားသိခဲ့ရတဲ့ အန်းရှီ စစ်သူကြီးနဲ့ ပတ်သက်တဲ့ ကောလဟာလတွေက အမှားတွေမဟုတ်လောက်ဘူး။

ဒါပေမဲ့ လင်းထင်နဲ့ ပတ်သက်လာပြီဆိုရင် ဘာဖြစ်လို့များ သူက ချက်ချင်း သဘောထား ပြောင်းလဲသွားရတာလဲ။

လင်းစွေ့သည် ခဏလောက် တွေဝေသွားပြီးမှ ထုတ်ပြောလိုက်တော့၏။ "အဖေ။ လင်းဟန် ကျွန်မကို ပြောတယ်။ သူက ကျွန်မမောင်လေးကို ဒုက္ခပေးရတဲ့ အကြောင်းအရင်းက လင်းထင်က သူ့ကိုမြှောက်ပင့်ပေးလို့တဲ့"

"ထင်ထင်က ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုး လုပ်မှာလဲ" လင်းချန်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့လေသံထဲတွင်လည်း မယုံကြည်မှုများ အတိုင်းသား ပါဝင်လို့နေသည်။

အရင်ကအတိုင်းပဲ။ လင်းထင်နဲ့ ပတ်သက်လာပြီဆိုတာနဲ့ ဒီအဖေကလည်း သိပ်ပြီးတော့ ဉာဏ်ပညာ မထက်မြက်တော့ဘူး။

အဖေ မယုံဘူးဆိုရင် လင်းထင်ကို ခေါ်မေးလိုက်လို့ရပါတယ်။ ကျွန်မတို့ လင်းဟန်ရဲ့ကုတင်ရှေ့မှာ မျက်နှာချင်းဆိုင် ဖြေရှင်းလို့ရတယ်။ ပြီးတော့ ဒီစကားကို ကျွန်မတစ်ယောက်တည်း ကြားခဲ့တာ မဟုတ်ဘူး။ ကျွန်မမောင်လေးကို ကယ်တင်ပေးခဲ့တဲ့ ဟွေ့ညန်လည်း ကြားခဲ့တယ်”

လင်းချန်သည် အတန်ကြာအောင် တွေဝေသွားပြီးနောက် နောက်ဆုံးမှ ခေါင်းငြိမ့်ပြလာသည်။ "ဒါဆိုလည်း ထင်ထင်ကိုခေါ်ပြီး ရှင်းရှင်းလင်းလင်း မီးကြည့်ကြတာပေါ့"

"အဖေ ခဏစောင့်အုံး။ ကျွန်မ မိန်းကလေးကျိနဲ့ စကားနည်းနည်းပြောပြီးတာနဲ့ သွားလိုက်ပါ့မယ်"

"ကောင်းပြီလေ"

လင်းချန်သည် ခြံဝင်းထဲတွင် လင်းစွေ့ကို စောင့်ဆိုင်းနေပြီး လင်းစွေ့ကတော့ ခန်းမထဲသို့ ပြန်လှည့်လာကာ ဝင်လာခဲ့သည်။

ဒီအချိန်တွင် ခန်းမဆောင်ထဲက လူများအားလုံး ထွက်ခွာသွားကြပြီဖြစ်ကာ အားချန်တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ သူမသည် အရသာချိုဆိမ့်သော်ငြား အီစိမ့်မနေသည့် ပဲစိမ်းကိတ်မုန့်လေးကို နည်းနည်းလောက် စားသုံးလိုက်ပြီး မြည်နေသည့်ဝမ်းဗိုက်ကို ဖြည့်တင်းလိုက်လေသည်။ သူမက မော့ကြည့်လိုက်ချိန်တွင် လင်းစွေ့ ဝင်လာသည်ကို တွေ့လိုက်ရ၏။

လင်းစွေ့၏ မျက်နှာကတော့ အဆင်ပြေနေပုံရသည်။ ကြည့်ရတာ ဟိုစစ်သူကြီးလင်းက သူ့ကို အခက်တွေ့အောင် မလုပ်ခဲ့ဘူး ထင်တယ်။

"ရှင်နဲ့ ရှင့်အဖေ စကားပြောရတာ အဆင်ပြေရဲ့လား" အားချန်က မေးလိုက်၏။

"နည်းနည်းတော့ အံ့ဩမိတယ်" လင်းစွေ့ကဘည်း အမှန်အတိုင်း ပြောလိုက်၏။ "သူက ကျွန်မထင်ထားတာထက် ပို့ပြီးတော့ ကျိုးကြောင်းသင့်ပြီးတော့ နားလည်ပေးတတ်နေတယ်"

အားချန်မှာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ တော်သေးတာပေါ့။ စစ်သူကြီးလင်းက လင်းစွေ့ သူ့ကို ပေးတဲ့မှတ်ချက်ကို မကြားမိပေလို့ပဲ။

ထိုနောက်တွင်တော့ လင်းစွေ့က ချက်ချင်းထပ်ပြောလာခဲ့သည်။ "ကျွန်မ ခုနတုန်းက သူ့ကို လင်းထင်က လင်းဟန်ကို မြောက်ပင့်ပေးတဲ့ကိစ္စကို ပြောပြလိုက်တယ်။ ထင်ထားတဲ့အတိုင်းပဲ။ လင်းထင်နဲ့ ပတ်သက်လာပြီဆိုတာနဲ့ သူ့ရဲ့ပထမဦးဆုံး တုံ့ပြန်မှုက မယုံကြည်တော့တာပဲ"

ခဏလောက် ရပ်တန့်လိုက်ပြီးမှ သူမက ဆက်ပြောလိုက်လေသည်။ "ခဏနေရင် ကျွန်မ လင်းထင်နဲ့ မျက်နှာခြင်းဆိုင် ဖြေရှင်းရတော့မယ်။ ကျွန်မ ထင်တာတော့ လင်းထင်က ဒီကိစ္စကို ဝန်ခံရင်တောင် သူက လင်းထင်ကို မျက်နှာလိုက်နေဦးမှာပဲ"

အားချန်က ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်လေသည်။ "ခဏနေ ရှင် လင်းထင်နဲ့ ရှင့်မိသားစုဝင်တွေကို သေသေချာချာလေး အကဲခတ်ကြည့်ပါလား။ လင်းထင် စကားပြောလိုက်တိုင်း သူ့ရဲ့တုံ့ပြန်မှုကိုလည်း တစ်ချက်လောက် လေ့လာကြည့်ထားလိုက်"

"ဘာဖြစ်လို့လဲ" လင်းစွေ့မှာ နားမလည်နိုင်အောင် ဖြစ်သွားတော့သည်။

အားချန်က ပြောလိုက်၏။ "ကျွန်မက ရှင့်ရဲ့ညီမလေးနဲ့ ပတ်သက်ပြီး တစ်ခုခုလွဲနေတယ်လို့ အမြဲတမ်း ခံစားမိနေတယ်။ အရင်ဆုံးတော့ တစ်ချက်လောက် ကြည့်ကြည့်လိုက်ပါဦး"

"ကောင်းပြီလေ" လင်းစွေ့ကလည်း သဘောတူလိုက်သည်။

အားချန်နှင့် စကားပြောပြီးသွားသောအခါ လင်းစွေ့သည် ခြံဝင်းထဲသို့ ပြန်လာပြီး လင်းချန်ကို သွားတွေ့လိုက်၏။ လင်းချန်က ရှေ့မှ ဦးဆောင်ကာ ခေါ်လာသဖြင့် လင်းစွေ့သည်လည်း နောက်ဆုံးတော့ ယောင်ရှီ၏ ခြံဝင်းထဲသို့ ဝင်ရောက်လာကာ လင်းဟန်နှင့် လင်းထင်တို့ကို အတွင်းဘက်တွင် တွေ့လိုက်ရလေသည်။

ယောင်ရှီကတော့ သူမကို ကြောက်မက်ဖွယ်ရာ အကြည့်များဖြင့် ကြည့်နေဆဲ ဖြစ်သော်ငြားလည်း သူမကို လက်ညှိုးထိုးကာ ကြိမ်းမောင်းဆဲဆိုခြင်းတော့ မပြုတော့ချေ။ သူမသည် လင်းချန် ကိုယ်တော့ ကြောက်ရွံ့ပုံရလေသည်။

လင်းထင်ကို အခန်းထဲသို့ခေါ်ခဲ့ပြီးနောက်တွင် သူမက အတိတ်က သူမနှင့် အကောင်းဆုံး ဆက်ဆံရေးရှိခဲ့သည့် လင်းဟန်ကို တစ်ချက်သာ လှမ်းကြည့်လိုက်ပြီးနောက် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကာ လင်းချန်ကို ချွဲ့နွဲ့စွာဖြင့် ပြောလိုက်လေသည်။ "အဖေ နောက်ဆုံးတော့ ရောက်လာပြီနော်။ ဒီရက်ပိုင်းအတွင်း သမီးအဖေ့ကို လွမ်းနေတာ"

လင်းချန်ကလည်း သူမ၏ခေါင်လေးကို ပွတ်သပ်ပေးလိုက်ကာ မျက်နှာပေါ်က အမူအရာကလည်း အများကြီး ပျော့ပြောင်းသွားတော့၏။

လင်းချန်သည် ဒီလိုမြင်ကွင်းမျိုးကိုလည်း တွေ့ခဲ့ဖူးပြီးသား ဖြစ်လေသည်။ ထို့ကြောင့် လင်းထင်အနားတွင်ရှိနေသည့် အချိန်တိုင်း သူမ၏စိတ်တို့က အမြဲတမ်း အပျက်သဘော ဆောင်သည့် ခံစားချက်များနှင့် အပြည့်ဖြစ်နေတတ်၏။ ဒီတစ်ကြိမ်တွင်လည်း အားချန်၏ သတိပေးချက်ကြောင့်သာ သူမသည် ဘေးက လေ့လာသူတစ်ယောက်ဖြစ်အောင် အကောင်းဆုံးကြိုးစားပြီး သူတို့ကိုလေ့လာနေရသည်။

"အဖေ အရင်ဆုံး အရေးကြီးတဲ့ကိစ္စကိုပဲ ပြောရအောင်" လင်းစွေ့က ဘေးမှနေ၍ အေးစက်စက်လေသံဖြင့် ဖြတ်ပြောလိုက်၏။

လင်းချန်ကလည်း လင်းစွေ့ကို တစ်ချက်လှမ်းကြည့်လိုက်ကာ အနည်းငယ် ခေါင်းငြိမ်းပြလိုက်လေသည်။

သူက လင်းဟန်၏ ကုတင် ဘေးသို့ လျှောက်သွားလိုက်ပြီး ကုတင်ပေါ်တွင် လှဲလျောင်းရင်း ဆေးဝါးများ သုံးစွဲထားသော်ငြားလည်း မနားတမ်းနာကျင်စွာ အော်ဟစ်နေသည့် ဒုတိယသားကို တွေ့လိုက်ရလေသည်။ သူက လက်တစ်ဖက်ကို လင်းဟန်၏ ပခုံးပေါ်တွင် တင်ထားလိုက်လေပြီး အတွင်းအားများကို သူ့ခန္ဓာကိုယ်ထဲသို့ သွင်းပေးလိုက်၏။

လင်းဟန်သည် သူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် အေးစိမ့်စိမ့် တစ်ခုဖြစ်သွားပြီးနောက် သူ့ခန္ဓာကိုယ်ထဲက နာကျင်မှုကလည်း အများကြီးလျော့ပါး သက်သာသွားတော့သည်။

"လင်းဟန် အဖေ့ကိုပြောစမ်း။ မင်း ဘာဖြစ်လို့ ကောင်းလော့ကို ထပ်ခါထပ်ခါ သွားပြီး ဒုက္ခပေးနေရတာလဲ"

လေးဟန်သည် ခဏလောက် ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။ သူက လင်းစွေ့ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ရာ သူ့မျက်လုံးထဲတွင်တော့ ဒေါသနှင့် ကြောက်ရွံ့မှုများက ပါဝင်နေဆဲပင်။

လင်းစွေ့ကလည်း သူ့ကိုမျက်နှာသေဖြင့် ပြန်ကြည့်နေလိုက်သည်။

ထိုနောက်တွင်တော့ လင်းဟန်က သူ့အကြည့်ကို လင်းထင်ထံသို့ ပြောင်းရွှေ့လိုက်၏။

လင်းထင်သည် မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။ "အစ်ကိုနှစ် အဖေ့မေးခွန်းကို မြန်မြန်ပြန်ဖြေလိုက်လေ"

"ကျွန်တော် ... ကျွန်တော် ..." လင်းဟန်သည် လင်းထင်၏ မျက်နှာကို ကြည့်လိုက်ပြီး သူနှုတ်ခမ်းဖျား ပေါ်သို့ရောက်ရှိလာသည့် စကားသည် ဖွင့်ဟပြောဆိုလာချိန်တွင်တော့ ပုံစံပြောင်းလဲသွားလေတော့သည်။ "ကျွန်တော်က သူ့ကို ကြည့်မရတာပါ။ အားလုံးက လင်းစွေ့ကြောင့်။ သူက ကျွန်တော် ကောင်းလော့ကို ဒုက္ခပေးတယ်လို့ လျှောက်ပြောနေလို့ ကျွန်တော်က ခဏလောက် ဒေါသထွက်သွားပြီး အမှား လုပ်လိုက်မိတာပါ"

လင်းစွေ့ကတော့ မျက်မှောင်ကြုတ် ထားလိုက်၏။ ခုနတုန်းက လင်းဟန်က သူမကို လိမ်ညာခဲ့တယ်လို့တော့ မထင်မိပါဘူး။

သေရေးရှင်ရေး အခြေအနေမှာ မေးမြန်းခဲ့တဲ့ အဖြေကိုတောင် သူက လိမ်ညာ ပြောဆိုနိုင်ခဲ့မယ်ဆိုရင် ဒါကသူ့ရဲ့စိတ်ဓာတ်က တော်ရုံမဟုတ်ဘူးဆိုတာကို သက်သေပြနေတာပဲ။ ဒါပေမဲ့ တကယ် လက်တွေ့မှာတော့ သူက သာမန်အပျော်အပါး လိုက်စားတဲ့ လူငယ်လေးတစ်ယောက်ပဲလေ။ အဲလိုအချိန်မျိုးမှာ လိမ်ညာတဲ့စကားကို ပြောရဲမှာ မဟုတ်လောက်ဘူး။

ဒီလိုဆိုရင်တော့ သူ အခုပြောနေတဲ့ စကားတွေက အလိမ်အညာပဲဆိုတာ သံသယဖြစ်စရာမရှိဘူး။

တကယ်အရေးကြီး အခြေအနေမှာ ကိုယ့်ညီမအရင်းကို ကျားမိစ္ဆာပါးစပ်ထဲ တွန်းပို့ရဲတဲ့ဒီလူက တကယ်တမ်းကျတော့ ကိုယ်တိုင်အပြစ် အားလုံးကို ခံယူပြီး ဒီအခိုက်မှာ သူ့ရဲ့မွေးစားညီမကို ကာကွယ်ပေးနေတယ်တဲ့လေ။

လင်းစွေ့သည် မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။ လင်းထင်က လင်းဟန်ကို ဘယ်လို စိတ်ညှို့ဆေးတွေများ တိုက်ကျွေးထားပါလိမ့်။

ဒါက မျက်နှာလိုက်တာတောင် မဟုတ်တော့ဘူး။ ဒါက လင်းဟန်ရဲ့ ပင်ကိုယ်စိတ်နဲ့လည်း ဆန့်ကျင်ဘက် ဖြစ်နေတာပဲ။

"ဒါက အစ်ကိုနှစ် ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ပြောခဲ့တဲ့စကားနဲ့ လုံးဝမတူဘူးနော်။ ကျွန်မ ဟွေ့ညန်ကို ခေါ်လာပြီး မျက်နှာချင်းဆိုင် ဖြေရှင်းရမှာလား" လင်းစွေ့က ထုတ်ပြောလိုက်၏။

"ပါးစပ်ပိတ်စမ်း။ ဒီမှာ နင်ဝင်ပြောရမယ့် အလှည့်မဟုတ်ဘူး" ယောင်ရှီသည် နောက်ဆုံးတော့ မနေနိုင်ဘဲ ကြိမ်းမောင်းလေတော့၏။

"ဖူးရန် စကားပြောဆင်ချင်ပါ !" လင်းချန်က ယောင်ရှီကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီး ယောင်ရှီ၏ နှလုံးသားကလည်း ထိတ်ခနဲ ဖြစ်သွားတော့သည်။

"ကျွန်မ စကား မှားသွားပါတယ်" ယောင်ရှီက မဲ့ပြုံးပြုံးကာ ပြောလိုက်၏။

"နောက်ဆိုရင် ဖူးရန်က လင်းစွေ့ကို အိမ်တော်က နှင်ထုတ်မယ်ဆိုတဲ့ စကားမျိုး ငါ မကြားချင်ဘူး"

"ဖူးကျွင်း ပြောတာမှန်ပါတယ်" ယောင်ရှီသည် မျက်လုံးတောင့်မှ နေ၍ လင်း‌စွေ့ကို စောင်းကြည့်လိုက်ပြီး သူမအပေါ်ထားသည့် ရွံရှာမုန်းတီးစိတ်ကို ဖိနှိပ်ထားလိုက်သည်။

လင်းချန်တို့ လင်မယားနှစ်ယောက် စကားဖြတ်ပြောလိုက်သဖြင့် လင်းဟန်သည် နောက်ဆုံးတော့ ဆင်ခြေတစ်ခုကို စဉ်းစားမိသွားဟန် တူသည်။ "ကျွန်တော် အရင်က ... အရင်က လိမ်ခဲ့တာ။ ဒီကိစ္စက ဒုတိယညီမလေးနဲ့ ဘာမှမဆိုင်ဘူး"

"ဟုတ်လို့လား။ ဒါပေမဲ့ ကျွန်မ တခြားသူတွေကို ရှင့်အကြောင်း ညည်းညူနေတုန်းက ရှင် ကျွန်မအနားမှာ ရှိမနေခဲ့ဘူးလေ။ ရှင့်ကို ဒီကိစ္စ ဘယ်သူသွားပြော ပြလဲဆိုတာ စုံစမ်းဖို့ သိပ်မခက်လောက်ဘူးလေ ဟုတ်တယ်မလား အဖေ"

လင်းစွေ့၏ နောက်ဆုံးစကားသည် လင်းချန်ကို မေးမြန်းနေခြင်း ဖြစ်သော်ငြားလည်း သူမ၏ အကြည့်တို့ကတော့ လင်းထင်ဆီသို့သာ ရောက်ရှိနေလေသည်။

လင်းထင်သည် အစမှအဆုံးအထိ ဘာကိုမှ မကြောက်ရွံ့သည့် ရုပ်ဖြင့်ရှိနေ၏။ သူမက လင်းစွေ့ကို နှုတ်ခမ်းတွန့်ပြီး ပြုံးပြလိုက်ကာ ရုတ်တရက် ရှေ့ထွက်လာခဲ့သည်။ "အဖေ တကယ်တော့ သမီးနဲ့အစေခံမလေးက အစ်မ အကိုနှစ်အကြောင်း ညည်းညူနေတာကို ကြားလိုက်ရလို့ ဒီကိစ္စကို အစ်ကိုနှစ်ကို သွားပြောပြခဲ့တာပါ"

လင်းချန်က မတုံ့ပြန်ရသေးခင်မှာပင် လင်းထင်၏ မျက်လုံးများက နီရဲလာလေသည်။ "သမီးက ဒီကိစ္စကို အစ်ကိုနှစ်ကို မပြောပြခဲ့သင့်တာပါ။ အဲဒီတုန်းက သမီး အစ်ကိုနှစ်ကို မတားဆီးခဲ့နိုင်လို့ သူက စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားပြီး ပြန်ပြင်လို့မရနိုင်တဲ့ အမှားကြီးကို လုပ်မိသွားတာ။ နောက်ဆုံးတော့ အစ်ကိုနှစ်ပဲ ဒုက္ခရောက်သွားခဲ့တယ်"

"ဒါက ဘယ်လိုလုပ်ပြီး သမီးရဲ့အမှား ဖြစ်မှာလဲ။ လင်းစွေ့ကသာ ရက်စက်လို့ သူ့အစ်ကိုအရင်းကိုတောင် လုပ်ရပ်နိုင်တာ" ယောင်ရှီသည် လင်းထင်ကို နှစ်သိမ့်ရန် ပထမဦးဆုံး ရှေ့တိုးလာခဲ့လေသည်။ စောစောက လင်းချန် သတိပေးခြင်းကို ခံထားရသဖြင့် သူမသည် လင်းစွေ့ကို မျက်စောင်းထိုးရုံ ကြည့်ရုံသာ ကြည့်ရဲပြီး ထိုထက်ပိုသည့် ဆိုးရွားများကိုတော့ မပြောရဲချေ။

လင်းဟန်သည် မိမိကိုယ်တိုင်က အသက်တစ်ဝက်မျှသာ ကျန်တော့သော်ငြားလည်း လင်းထင်ကို ကာကွယ်ပေးဖို့ရန် မမေ့ချေ။ "ညီမလေးနှစ်ရဲ့ အမှား မဟုတ်ပါဘူး"

လင်းချန်သည် နောက်ဆုံးတော့ သူ့ကိုနှစ်သိမ့်စကား ပြောလိုက်တော့သည်။ "မငိုပါနဲ့တော့။ အဖေ မင်းကို အပြစ်မတင်ပါဘူး"

စကားဆုံးသွားသည်နှင့် သူက လင်းစွေ့ကို တစ်ဖန်လှည့်ကြည့် လာလေသည်။ "အဖေ့အထင်တော့ ဒီကိစ္စက ထင်ထင်နဲ့ မပတ်သက်လောက်ပါဘူး။ ဒီအတိုင်းပဲ ထားလိုက်ပါတော့"

လင်းစွေ့သည် လင်းချန်ကို အတန်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးမှ ပြောလိုက်တော့သည်။ "အဖေက ဒီလို ပြောမှတော့လည်း ထားလိုက်ပါတော့။ သမီး ကိစ္စရှိသေးလို့ အရင်ပြန်လိုက်ဦးမယ်"

လင်းစွေ့သည် ယောင်ရှီ၏ ခြံဝင်းထဲက ထွက်ခွာလာခဲ့ပြီးနောက် မကြာမီမှာပင် လင်းထင်လည်း နောက်မှလိုက်ထွက် လာခဲ့လေသည်။

"လင်းစွေ့ နင် ဘယ်လိုမျက်နှာနဲ့ ကျွန်မကို လာပြီးတော့ ချောက်ချရဲရတာလဲ။ ကံကောင်းလို့ အဖေနဲ့အမေက ရှင့်ရဲ့ပုံစံအမှန်ကို စောစောကတည်းက မြင်ထားလို့ပဲ။ ရှင့်ရဲ့ လိမ်ညာလှည့်ဖြားတာကို မခံလိုက်ရတာ"

လင်းစွေ့ကတော့ မျက်စိရှေ့က သူမကို ရွံရှာမုန်းတီးနေသည့် ရုပ်ဖြင့်ကြည့်ကာ မဲ့ပြုံးပြုံးပြ လိုက်လေတော့သည်။ "ဒီလိုကိစ္စမျိုးက နင် ပိုကျွမ်းကျင်တာ မဟုတ်ဘူးလား။ အရင်တုန်းက လက်မထပ်ချင်တဲ့ ယောက်ျားကို မလိုချင်တော့ ငါက သူ့ကို မြူဆွယ်တယ်လို့ ပြောခဲ့တယ်။ အခု လင်းဟန်က နင့်အတွက် အသုံးမဝင်ပြန်တော့လည်း ဒီနည်းလမ်းကိုပဲ ပြန်သုံးခဲ့တယ်လေ။ လင်းထင် နင့်ရဲ့ကံက အမြဲတမ်းဒီလို ကောင်းနေမှာ မဟုတ်ဘူး"

"ဟုတ်လို့လား" လင်းထင်သည် နောက်ဆုံးတွင်တော့ ဟန်ဆောင်ခြင်း မရှိတော့ဘဲ လင်းစွေ့ကို ဂုဏ်ယူနေသည့် လေသံဖြင့်ပြောလိုက်၏။ "ဒါဆိုရင်တော့ နင် မျက်လုံး အကြီးကြီးဖွင့်ပြီး သေချာကြည့်ထားလိုက်။ ငါ့ရဲ့ကံက ဘယ်လောက် ကောင်းတယ် ဆိုတာကိုလေ။ ငါ ရနိုင်တဲ့အရာတွေကို နင် ဒီတစ်သက်လုံး ရနိုင်မှာမဟုတ်ဘူး"

"ငါက ဂရုစိုက်မယ်လို့ နင်က ထင်နေတာလား" လင်းစွေ့ကတော့ သူမကို ပြန်မကြည့်တော့ဘဲ လှည့်ထွက် လာခဲ့တော့သည်။

လင်းစွေ့သည် ယခင်က ပိုင်ရှိုးမင် နေထိုင်သည့် ခြံဝင်းသို့ ရောက်လာချိန်တွင် ချန်ဟွေ့က ဘေးအခန်းမှနေ၍ သမားတော်တစ်ဦးကို လိုက်ပါပို့ဆောင်နေသည်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရလေသည်။

လင်းစွေ့ ပြန်လာသည်ကို မြင်လိုက်ရသောအခါ ချန်ဟွေ့က မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် သူမကိုလက်ယက်ပြလိုက်၏။ "မြန်မြန်လာ။ ရှင့်ရဲ့မောင်လေး နိုးနေပြီ"

လင်းစွေ့သည် အခန်းထဲသို့ အမြန်ပြေးဝင်သွားလိုက်ပြီး အားချန်ကလည်း ပြန်ရောက်နေသည်ကို တွေ့လိုက်ရ၏။

သူမ၏မောင်ဖြစ်သူက ကုတင်ပေါ်တွင် လှည်းလျောင်းနေဆဲ ဖြစ်သော်ငြားလည်း မျက်လုံးများကတော့ ဖွင့်ထားလေသည်။

"အစ်မ ..." ကောင်းလော့သည် လင်းစွေ့ကို မြင်လိုက်ရချိန်တွင် မနေနိုင်တော့ဘဲ လှမ်းခေါ်မိတော့သည်။ သူ့အသံကတော့ ခြောက်ကပ်နေဆဲ ဖြစ်သော်ငြား လင်းစွေ့၏ နားထဲတွင်တော့ အလွန်သာယာနာပျော်ဖွယ် ကောင်းနေတော့သည်။

"သတိရလာရင် ပြီးတာပါပဲ" လင်းစွေ့သည် ကုတင်နားသို့ လျှောက်လာခဲ့ပြီး ကောင်းလော့၏ မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။ "နင့်ကိုဒုက္ခပေးတဲ့ လူတွေအားလုံး အပြစ်ဒဏ်ခံလိုက်ရပြီ။ နောက်ဆိုရင် ဘယ်သူကမှ နင့်ကို ဒုက္ခလာပေး တော့မှာမဟုတ်ဘူး"

"အစ်မ ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော်ကြောင့်နဲ့ အစ်မတို့ အိမ်ကလူတွေနဲ့ ရန်မဖြစ်ပါနဲ့" ကောင်းလော့သည် ယခုမှ သတိရလာပြီး ဘာဖြစ်ခဲ့သည်ကို မသိခဲ့သော်ငြားလည်း လင်းစွေ့ အကြောင်းကို ထည့်သွင်းစဉ်းစား တွေးတောပေးတတ်၏။

"ငါ သူတို့နဲ့ထပ်ပြီး ရန်မဖြစ်တော့ပါဘူး"

ကောင်းလော့သည် လင်းစွေ့နှင့် စကားနည်းနည်းပါးပါး ထပ်ပြီး ပြောပြီးသွားသောအခါ တစ်ဖန် ပြန်အိပ်ပျော်သွားတော့သည်။

ချန်ဟွေ့က စိုးရိမ်ပူပန်မှု အပြည့်ဖြစ်နေသည့် လင်းစွေ့ကို ပြောလိုက်၏။ "စိတ်မပူပါနဲ့တော့။ သမားတော်က ပြောထားတယ်။ သူက ခေါင်းမာဒဏ်ရာ ရထားတာဆိုတော့ ပထမရက် အနည်းငယ်လောက်တော့ ဒီလိုပဲခေါင်းက မကြည်မလင် ဖြစ်နေတတ်တယ်တဲ့။ နောက်နှစ်ရက်လောက်နေရင်တော့ ကောင်းသွားပါလိမ့်မယ်"

လင်းစွေ့သည် ထိုစကားကို ကြားလိုက်ရမှ စိတ်အေးသွားလေတော့သည်။ ထိုနောက်တွင်တော့ သူမသည် အားချန် ဘက်သို့လှည့်ကာ ပြောလိုက်၏။ "ခုနတုန်းက ကျွန်မ လင်းဟန်နဲ့ တွေ့ခဲ့တယ်။ ကျွန်မထင်တာတော့ လင်းထင်ကတစ်ခုခု မှားနေသလိုပဲ"

"ဪ ပြောပြပါဦး" အားချန်သည်လည်း စိတ်ဝင်စားလာလေသည်။

လင်းစွေ့က ခုနက ယောင်ရှီ၏ ခြံဝင်းထဲတွင်ဖြစ်သွားသည့် ကိစ္စများကို ပြန်ပြောပြလိုက်ပြီး ထပ်ပြောလိုက်လေသည်။ "ကျွန်မထင်တာတော့ လင်းထင်က လင်းဟန်ရဲ့ စကားကို ဖြတ်ပြောလိုက်တာက တမင်တကာ လုပ်နေသလိုပဲ။ သူက လင်းဟန် မပြောခင်မှာ သူ့ကို သတိပေးချင်နေတဲ့ပုံပဲ။ သူ ပြောပြီးတာနဲ့ လင်းဟန်ကလည်း ချက်ချင်း စကားလမ်းကြောင်းလွဲသွားတယ်"

"ဒါကလည်း ဘာကိုမှ သက်သေ မပြနိုင်သေးပါဘူး။ ဖြစ်နိုင်တာကတော့ ရှင်ရဲ့ အစ်ကိုနှစ်က လင်းထင်ကိုအရမ်းချစ်လို့ သူ့ကို ကာကွယ်ပေးချင်တာ ဖြစ်နိုင်တာပဲလေ" ချန်ဟွေ့ ကတော့ မတူညီသည့်အမြင်ကို ထုတ်ဖော်ပြလိုက်လေသည်။

အားချန်ကတော့ သဘောတူသည် မတူသည် ဘာမှမပြောဘဲ ထပ်ပြီးမေးလိုက်၏။ "စစ်သူကြီးလင်းက တကယ်ပဲ စကားတစ်ခွန်းမှတောင်မှ ထပ်မမေးဘဲ လင်းထင် ရှင်းပြတာကို ယုံသွားတာလား"

"ထပ်မမေးဘူး"

"ရှင်က လင်းဟန်ကို သံသယဝင်တာတောင် သူ့ရှေ့ကို ကိုယ်တိုင် ခေါ်သွားပြီးတော့ သက်သေရှာခိုင်းတယ်။ လင်းထင် အလှည့်ကျမှ ဒီလောက်ထူးထူးခြားခြား ဖြစ်နေတာက တကယ်ထူးဆန်းတာပဲ" အားချန်သည် သူမ၏မေးစေ့ကို ပွတ်သပ်လိုက်လေသည်။

ချန်ဟွေ့ကလည်း အနည်းငယ် တွေဝေသွားပြီးမှ လင်းစွေ့ကို မေးလိုက်၏။ "ရှင့်အဖေက ရှင့်အမေရဲ့ ယောက်မနဲ့ သိကြလား"

လင်းစွေ့သည် ဒီလိုမိသားစုများကြားက ရှုပ်ထွေးသည့် ပြဿနာများကို ပထမဦးဆုံးအကြိမ် မျက်မြင်ကြုံတွေ့ လိုက်ရသည်ဖြစ်သဖြင့် စကားပြောရာတွင် အထစ်ထစ် အငေါ့ငေါ့ပင် ဖြစ်သွားတော့သည်။ "မ ... မသိလောက်ဘူး ထင်တယ်။ ကျွန်မ ကြားတာတော့ သူက ဒီနှစ်တွေမှာ စစ်တပ်ထဲမှာပဲနေပြီး အိမ်ကို သိပ်မပြန်ဘူးတဲ့။ ကျွန်မအမေရဲ့ ယောက်မကလည်း သူ့ယောက်ျား နောက်လိုက်သွားပြီး ကျေးလက်ဘက်မှာပဲ သွားနေကြတာ။ ဒီနှစ်တွေမှာအိမ်တော်နဲ့ စာအဆက်အသွယ်ပဲရှိကြတာ"

ချန်ဟွေ့၏ အမူအရာက လေးနက်သွားလေသည်။ "ဒီလိုဆိုရင်တောင်မှ လင်းထင်က ရှင့်ရဲ့ ညီမအရင်း မဟုတ်ဘူးလို့ ပြောလို့မရသေးဘူး။ မအေတူ ဖအေကွဲလား။ ဒါမှမဟုတ် ဖအေတူ မအေကွဲလား ဆိုတာပဲမသိတာ"

လင်းစွေ့သည် လုံးဝကို စိတ်ချောက်ချားသွားတော့၏။

အားချန်က လင်းစွေ့၏ အမူအရာကို မြင်လိုက်ရသောအခါ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ "ဟွေ့ညန် သူ့ကို မခြောက်ပါနဲ့တော့"

ချန်ဟွေ့ကတော့ ကူကယ်ရာမဲ့စွာ ခေါင်းခါလေတော့သည်။ သူမသည် ချဲ့ကား ပြောဆိုနေခြင်း မဟုတ်ပေ။ ဤသို့သော အဖြစ်အပျက်မျိုးသည် ယခင်ကလည်း မဖြစ်ပွားခဲ့ဖူးသည် မဟုတ်ပေ။ သို့သော်ငြား လင်းစွေ့၏ စကားဆုံးသွားသောအခါ သူမသည်လည်း ထူးဆန်းသည့် အငွေ့အသက်လေး အနည်းငယ်ကိုတော့ ခံစားမိလိုက်သည်။

အားချန်က ရယ်မောပြီးသွားသည့်အခါ လင်းစွေ့ကို ပြောလိုက်၏။ "မိဘအရင်းအချာတွေတောင်မှ သားသမီးကို ကိစ္စတိုင်းမှာ အလိုလိုက် အကြိုက်ဆောင်နေမှာ မဟုတ်ဘူး။ ဒါက လူ့ရဲ့သဘာဝပဲဖြစ်မယ်။ ဒါပေမဲ့ ဒီလောကမှာ သူတို့ရဲ့သဘာဝကို ဆန့်ကျင်စေနိုင်တဲ့ အရာတချို့တော့ တကယ်ရှိတယ်"

လင်းစွေ့နှင့် ချန်ဟွေ့တို့က တပြိုင်တည်း သူမကို ကြည့်လိုက်ကြလေသည်။ "ဒီလိုအရာမျိုး ရှိတယ်ဆိုရင် ဒါကို သုံးလိုက်တာနဲ့ လူတိုင်းက ချစ်ခင်သွားကြမှာပေါ့ ဟုတ်လား"

စကားဆုံးသွားသည်နှင့် လင်းစွေ့သည် ငေးကြောင်သွားလေတော့သည်။ ဒါက လင်းထင်ကို ပြောနေတာ မဟုတ်ဘူးလား။ တခြားလူတွေ သူ့အပေါ် ဘယ်လိုသဘောထား တယ်ဆိုတာကိုတော့ သူမ မသိဘူး။ ဒါပေမဲ့ လင်းအိမ်တော်ထဲမှာတော့ သူကတကယ်ပဲ လူတိုင်းရဲ့အချစ်တော်ပဲ။

အားချန်က ခဏလောက် စဉ်းစားလိုက်၏။ "လူတိုင်းက ချစ်ခင်ကျမယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမဲ့ လူအများစုကတော့ သက်ရောက်မှု ရှိသွားနိုင်တယ်။ ဒါပေမဲ့ ဒီအရာတွေကလည်း တစ်သက်လုံး အာနိသင်ရှိတာမျိုးတော့ မဟုတ်ဘူး။ လင်းထင်သာ သုံးခဲ့ဖူးတယ်ဆိုရင် သူအခုချိန်ထိ သုံးနေတုန်းပဲ ဖြစ်ရမယ်"

...

All Chapters