ဒီညီမလေးက လုံးဝ အလိုက်မသိတတ်တာပဲ။
Vol. 6 Ch. 56
"ဒီလိုမျိုး လူကိုလှည့်စားနိုင်တဲ့ ပစ္စည်းတွေ အမျိုးအစား အများကြီးရှိတာလား" လင်းစွေ့က မေးလိုက်သည်။
အားချန်ကလည်း ခေါင်းငြိမ့်ပြလိုက်၏။ "အင်း အမျိုးအစားတွေ အများကြီးရှိတယ်။ ခန္ဓာကိုယ်မှာ အမြဲတမ်း ဆောင်ထားရတဲ့ ကျောက်စိမ်း လှလှလေးတွေ ရှိသလို စားလို့ရတဲ့ မြက်ပင် အမျိုးအစားတွေလည်း ရှိတယ်။ အဲဒီထဲက တစ်မျိုးကို သုံးနေမယ်ဆိုရင် တခြားသူတွေ သတိမထားမိတဲ့ အချိန်မှာ သုံးစွဲတဲ့သူအပေါ် ချစ်ခင်နှစ်သက်လာစေတယ်"
"ဒီလောက်စွမ်းတဲ့ ပစ္စည်းကိုသာ မင်းမျိုးမင်းနွယ်တွေ အပေါ်မှာ သုံးလိုက်မယ်ဆိုရင် နန်းတွင်းကိုတောင် ဖရိုဖရဲ ဖြစ်သွားစေတော့မှာ မဟုတ်ဘူးလား" ချန်ဟွေ့ကလည်း ဝင်မပြောဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။
လင်းစွေ့ကလည်း ထောက်ခံပြီး ခေါင်းငြိမ့်လိုက်၏။ "ဒီလိုပစ္စည်းမျိုးကို လင်းအိမ်တော်မှာ သုံးတယ်ဆိုတာကတော့ နည်းနည်းလေး ကြီးကျယ်နေမလားပဲ။ ငါ့အဖေက အဆင့်၂ စစ်သူကြီး သက်သက်ပဲလေ။ ကြားလိုက်ရရင်တော့ တော်တော်လေး အာဏာရှိတယ် ထင်ရပေမယ့် စစ်ဘက်အရာရှိတွေ ကြားထဲမှာဆိုရင် အဲ့လောက်လည်း အဆင့်မြင့်တာ မဟုတ်ဘူး”
"ဒီပစ္စည်းတွေက ကျင့်ကြံသူတွေ အပေါ်မှာတော့ သက်ရောက်မှု နည်းသွားတတ်တယ်။ ပြီးတော့ တခြားတစ်ယောက်ကို သက်ရောက်မှု ရှိလာဖို့ဆိုရင် အချိန်အကြာကြီးယူရတယ်။ ဒါကြောင့် သုံးစွဲသူက အဲဒီပစ္စည်းတွေကို အဆက်မပြတ် သုံးနေဖို့လိုတယ်။ ဒီနေရာမှာတော့ သူတို့ရဲ့ သေစေနိုင်လောက်တဲ့ အားနည်းချက်တစ်ခုကို ပြောပြရဦးမယ်။ အဲဒီပစ္စည်းတွေက လူတွေရဲ့ အသက်စွမ်းအားကို စုပ်ယူထားတတ်ကြတယ်။ ပြောချင်တာကတော့ သူတို့ရဲ့သက်တမ်းကို လျော့သွားစေတာပေါ့"
လင်းစွေ့မှာ အထိတ်တလန့် ဖြစ်သွားတော့သည်။ "တကယ်လို့ လင်းထင်ကသာ ဒီပစ္စည်းကို တကယ်သုံးနေခဲ့မယ် ဆိုရင် မဟုတ်မှလွဲရော သူလည်း ..."
"သူက မွေးပြီးပြီးချင်းပဲ ရှင့်အိမ်ကို အပို့ခံလိုက်ရပြီး ရှင့်အမေရဲ့ မျက်နှာသာပေးခြင်းကို ခံခဲ့ရတာ။ တကယ်လို့ သူသာ အဲဒီပစ္စည်းကို သုံးခဲ့တယ်ဆိုရင် တွက်ကြည့်လိုက်မယ်ဆိုရင် ဆယ်နှစ်ကျော်တောင် ရှိနေပြီပဲ။ သူ့ရဲ့ကျန်တဲ့ သက်တမ်းက ဆယ်နှစ်ထက် ပိုမှာမဟုတ်တော့ဘူး" အားချန် ကလည်း တပ်အပ်ပြောလိုက်လေသည်။
ချန်ဟွေ့က ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်၏။ "ကြည့်ရတာ လင်းထင်ရဲ့ မိဘအရင်းတွေက စစ်တုရင်ပွဲ အကြီးကြီးကို ကစားနေတဲ့ပုံပဲ။ ကိုယ့်ရဲ့သမီး အရင်းကိုတောင်မှ စတေးရဲတယ်။ ကျွန်မအထင်တော့ လင်းထင်က အဲဒီပစ္စည်းကို အလွန်အကျွံ သုံးစွဲတာရဲ့ နောက်ဆက်တွဲ ရလဒ်ကို သိမှာမဟုတ်လောက်ဘူး"
လင်းထင်က ယခင်က ရှေ့တွင် မောက်မာထောင်လွှား ခဲ့သည့်ပုံစံကို စဉ်းစားမိသောအခါ လင်းစွေ့သည် ရုတ်တရက် ဂရုမစိုက်ချင်တော့ပေ။ အစကတော့ ခိုငှက်အသိုက်ကို ကျီးကန်းက လုယူသည်ဟု ထင်မှတ်ခဲ့သော်ငြားလည်း အမှန်တွင်တော့ ရှိခိုးကောင်က ပုရစ်ကို ဖမ်းနေချိန်တွင် သူ့နောက်တွင် စာဝါငှက်တစ်ကောင် ရှိနေသည့်အဖြစ်မျိုး ဖြစ်နေလိမ့်မည်ဟု မထင်ထားမိခဲ့ချေ။
သူတို့တွေ ဒီလောက်အထိ ကြံစည်ရလောက်အောင် လင်းအိမ်တော်မှာ တန်ဖိုးရှိတဲ့ ဘာပစ္စည်းများ ရှိနေလို့လဲ။ ဆယ်နှစ်ကျော်တောင် မရပ်မနားတမ်း ကြိုးစားနေရတယ်လို့။
ညနေစောင်း အချိန်တွင်တော့ ကောင်းလော့သည် တစ်ဖန် နိုးထလာခဲ့သည်။ ဒီတကြိမ်တွင်တော့ သူသည် ယခင်အကြိမ်များထက် နိုးထသည့်အချိန် အနည်းငယ် ကြာရှည်လာခဲ့၏။ မောင်နှမနှစ်ယောက်က မိမိတို့၏ လက်ရှိအခြေအနေကို ပြောဆိုကြပြီးနောက် သူသည် တစ်ဖန် ပြန်လည်အိပ်ပျော်သွားလေသည်။
ကောင်းလော့၏လက်ရှိ အခြေအနေက နေရာရွှေ့ပြောင်းရန် မသင့်တော်သဖြင့် အားချန်တို့အဖွဲ့သည်လည်း သူ့ကို ကြာပန်းဥယျာဉ်ထဲတွင် တစ်ယောက်တည်း မထားရစ်ခဲ့နိုင်ပေ။ ထို့ကြောင့် သူမသည် ပိုင်ရှိုးမင်ကို သွားရှာကာ သူ့အဆောင်ကို နှစ်ရက်လောက် ယာယီ ငှားရမ်း နေထိုင်ခွင့်ပြုရန် ပြောဆိုမည်ဟု စဉ်းစားထားလိုက်တော့သည်။
သို့သော်ငြား မျှော်လင့်မထားဘဲ တစ်ပတ်လောက် ရှာဖွေခဲ့သော်ငြား လူကို ရှာမတွေ့ခဲ့ချေ။ နောက်ဆုံးမှ တံခါးစောင့်နေသည့် အစောင့်တစ်ယောက်က သူမကို ပြောပြလာခဲ့လေသည်။ ပိုင်ရှိုးမင်က လူအများကို ဦးဆောင်ပြီး ကြာပန်းဥယျာဉ်ထဲမှ ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။ သူက မထွက်ခွာခင်တွင် သူ၏ခြံဝင်းကိုလည်း သူမထံသို့ နေထိုင်ရန် ထားခဲ့ကြောင်း မှာကြားခဲ့လေသည်။
ခြံဝင်းထဲသို့ ပြန်ရောက်လာ သောအခါ အားချန်လည်း စိတ်ထဲမှာနေ၍ တွေးမိလိုက်လေသည်။ လူကြီးမင်းပိုင်က တကယ်ကို လူကောင်းတစ်ယောက်ပဲ။
ဒီအချိန်တွင်တော့ မှောင်ရီပျိုးစ ပြုနေပြီဖြစ်ကာ ဟွေ့ညန်ကလည်း အစားအသောက်များကို သွားယူနေပြီး လင်းစွေ့ကတော့ ကောင်းလော့ကို ပြုစုစောင့်ရှောက် ပေးနေလေသည်။ အားချန်ကတော့ ဘာမှလုပ်စရာ မရှိသဖြင့် ခြံဝင်းထဲတွင် အပြင်းပြေ လမ်းလျှောက်လို့နေ၏။ ခဏအကြာတွင် သူမသည် ခြံဝင်းထဲက ကြာပန်းများ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လန်းလာသည်ကို ကိုယ်တိုင်မြင်တွေ့ လိုက်ရတော့သည်။ ရေကန်တစ်ခုလုံးသည် ကြာပန်းများ ပေါ်ကာ အလင်းမှုန်လေးများဖြင့် လင်းထိန်သွားတော့၏။
သူမသည် ရေကန်အပြည့် ပွင့်လန်းနေသည့် ကြာပန်းများကိုကြည့်ရင်း အချိန်အတော်ကြာသည်အထိ သတိပင် ပြန်မလည်လာနိုင်တော့ချေ။
ဒါက ပိုင်ရှိုးမင် အထူးတလည် လာကြည့်တဲ့ ပန်းတွေပေါ့။ တကယ်လှလိုက်တာ။
သူတို့သည် ဒီခြံဝင်းထဲမှာပင် နောက်ထပ်တစ်ညတာ နေထိုင်ခဲ့ကြသည်။ နောက်တစ်နေ့မနက်ခင်းတွင် သမားတော်က ကောင်းလော့ကို လာရောက်ကြည့်ရှုပေးပြီး သူသည် မြန်မြန်ဆန်ဆန် ပြန်လည်သက်သာလာသည့်အကြောင်း၊ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများကလည်း ကောင်းကောင်းလေး ကျက်နေပြီ ဖြစ်သည့်အကြောင်း၊ နောက်ထပ်တစ်ရက် နှစ်ရက်နေလျှင်တော့ အိမ်ပြန်ပြီး အနားယူနိုင်ပြီ ဖြစ်ကြောင်း ပြောပြလာခဲ့သည်။
လင်းစွေ့တို့သည်လည်း စိတ်အေးသွားလေတော့သည်။ သူတို့သည် နောက်တစ်နေ့ ခရီးစဉ်အတွက် တိုင်ပင်ဆွေးနွေး နေကြချိန်တွင် အပြင်ဘက်က အစောင့်တစ်ဦးက လင်းစွေ့ကို တစ်စုံတစ်ယောက်က လာရှာကြောင်း လာသတင်းပို့သည်ကို ကြားလိုက်ရ၏။
လင်းစွေ့ကလည်း အပြင်ကိုထွက်လာ သောအခါ သူမကို လာတွေ့သည့် လင်းထင်ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
လင်းထင်နှင့် သူမ၏ အစေခံမလေးသည် ခြံဝင်းအပြင်ဘက်တွင် ရပ်ကာ မျက်နှာပေါ်တွင်တော့ မကျေနပ်ချက်များ ပေါ်လွင်လို့နေ၏။
လင်းစွေ့ ထွက်လာသည်ကို မြင်လိုက်ရသည်တွင် အစေခံမလေးကလည်း မချေမငံဖြင့် ပြောလေတော့သည်။ "အကြီးဆုံး သခင်မလေးကို တွေ့ဖို့ရာ တကယ်ကို ခက်ခဲလှတာပဲ။ မသိတဲ့သူတွေဆိုရင် ဘယ်လောက်တောင် မြင့်မြတ်တဲ့ သူလို့များ ထင်နေဦးမယ် မသိဘူး။ ကျွန်မတို့ မိန်းကလေး ကိုယ်တိုင် လာတာတောင် ခြံဝင်းထဲကို ဝင်ခွင့်မပေးဘူး"
လင်းစွေ့သည် ဘေးက မားမားမတ်မတ် ရပ်နေသည့် အစောင့်နှစ်ယောက်ကို လှမ်းကြည့်လိုက်၏။ "တကယ်လို့ နင်တို့ မကျေနပ်ဘူး ဆိုရင်လည်း မင်းသမီးကြီးကို သူတို့ကို ဘာလို့ ဒီခြံဝင်းမှာ စောင့်ခိုင်းထားလဲလို့ သွားမေးကြည့်လိုက်ပါလား"
"တော်တော့ ပါးစပ်ပိတ်ထားတော့" လင်းထင်သည် အစေခံမလေးကို မျက်စောင်းထိုးလိုက်သဖြင့် အစေခံမလေးကလည်း ချက်ချင်းပင် ဆက်မပြောရဲတော့ချေ။
"ကျွန်မတို့ ဒီနေ့ပြန်ကြမှာ။ အဖေက ရှင့်ကို ကျွန်မတို့နဲ့အတူတူ ပြန်မလားလို့ လာမေးခိုင်းလိုက်တယ်။ တကယ်လို့ အတူတူပြန်မယ်ဆိုရင် သုံးချက်တီးအချိန်မှာ ကြာပန်းဥယျာဉ် အပြင်ဘက်မှာ စောင့်နေပါတဲ့"
"ငါ သိပြီ။ အချိန်မီ လာခဲ့မယ်"
"နောက်မကျစေနဲ့နော်" လင်းထင်က ထိုသို့ပြောပြီးနောက် အစေခံမလေးနှင့်အတူ ထွက်သွားလေသည်။
သူတို့ကအဝေးသို့ ရောက်သွားသည့် အချိန်မှ လင်းစွေ့သည် ဘေးတွင်ရှိသည့် အစောင့်ကို လှမ်းပြောလိုက်၏။ "အစ်ကိုကြီး ကျွန်မကို တစ်ခုလောက် ကူညီပေးလို့ရမလား"
"မိန်းကလေး ပြောပါ" အစောင့်ကလည်း သူမကို အလွန်ယဉ်ကျေးစွာဖြင့် ပြောလာခဲ့သည်။
ခြံဝင်းထဲက ဒီအမျိုးသမီးတွေက နာမည်ကြီး မျိုးရိုးမြင့် သခင်မလေးတွေ မဟုတ်ကြပေမယ့် သူတို့ကို လူကြီးမင်းပိုင်ရဲ့ ခြံဝင်းထဲမှာ နေထိုင်ခွင့်ရတာနဲ့တင် အလွယ်တကူ သွားပြီးတော့ ပစ်မှားလို့မဖြစ်ဘူး။
"အစ်ကိုကြီးကို အနှောင့်အယှက် ပေးရပါဦးမယ်။ ကျွန်မကိုယ်စား အန်းရှီစစ်သူကြီးကို သွားရှာပေးပြီးတော့ ဘယ်အချိန် ဘယ်နေရာကနေ မြို့တော်ကို ပြန်သွားမလဲဆိုတာကို မေးပေးလို့ရမလား"
ထိုအစောင့်ကလည်း ဘာမေးခွန်းမှ ထပ်မမေးတော့ဘဲ ချက်ချင်းဆိုသလို ပြန်ဖြေလိုက်လေသည်။ "မိန်းကလေး ခဏစောင့်ပါနော်"
ခဏအကြာတွင်တော့ ရဲမက်သည် ပြန်ရောက်လာခဲ့ပြီး လင်းစွေ့ကို ပြောလိုက်၏။ "မိန်းကလေး အန်းရှီစစ်သူကြီးက မနက်၉နာရီ ကြာပန်းဥယျာဉ် အပြင်ဘက်မှာ စောင့်နေမယ်လို့ ပြောပါတယ်"
"အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်"
လင်းထင်သည် ပြောသွားသည်နှင့် လုံးဝကွဲပြားနေသည့် အချိန်ကို ကြားလိုက်ရသော်လည်း အံ့ဩမိခြင်းတော့ မရှိချေ။
သူမသည် ဒီလိုရွံစရာကောင်းသည့် အပြုအမူကို ခံခဲ့ရသည်မှာလည်း ပထမဦးဆုံးအကြိမ် မဟုတ်တော့ပေ။ ယခင်က သူမသည် ယောင်ရှီနှင့်လည်း ပြဿနာ ဖြစ်ခဲ့ဖူးလေသည်။ ရလဒ်အနေဖြင့် ဘယ်သူကမှ လင်းထင်က မှားသည်ဟု မထင်ခဲ့ကြဘဲ လင်းထင်က ကလေးဆန်ဆန် သဘောထားရှိသည်ဟုသာ ပြောဆိုခဲ့ကြသည်။ ထိုအစား သူမကိုသာ ညီအစ်မချင်း မကောင်းမြင်စိတ်နှင့် သံသယဝင်သည်ဟု အမေဖြစ်သူက ပြောဆိုကာ တစ်နာရီတိတိ ဒူးထောက်ခိုင်းပြီး အပြစ်ပေးခဲ့သေးသည်။
လင်းစွေ့သည် ဒီလို စိတ်မချမ်းမြေ့ဖွယ်ရာ ကိစ္စများကို မြန်မြန်ဆန်ဆန်ပင် မေ့ထားလိုက်တော့၏။ သူမသည် လှည့်ကာ ခြံဝင်းထဲသို့ ပြန်ဝင်လာချိန်တွင် ကောင်းလော့ကတော့ မည်သည့်အချိန်က အခန်းထဲက ထွက်လာသည်ကို မသိ တွေ့ရှိလိုက်ရ၏။
သူမလည်း အလွန် စိုးရိမ်တကြီး ဖြစ်သွားပြီး ရှေ့သို့ မြန်မြန်ပြေးလာကာ ကောင်းလော့ကို တွဲပေးလိုက်လေသည်။ "ရှောင်လော့ ဘာဖြစ်လို့ ထွက်လာတာလဲ"
ကောင်းလော့က သူမကို လက်ကာပြလိုက်ကာ "ဘာမှမဖြစ်ပါဘူး နည်းနည်းလေး ခေါင်းမူးသလို ဖြစ်နေလို့ပါ။ ကိုယ့်ဟာကိုယ် ပေါ့ပါးသွားအောင်လို့ အပြင်ထွက်လာပြီး လှုပ်လှုပ်ရှားရှားလေး လုပ်တာပါ။ ဒီရက်ပိုင်း လှဲနေရတော့ ခန္ဓာကိုယ်ကလည်း နာနေပြီလေ"
သူက မြဲမြံစွာရပ်နေသည်ကို တွေ့လိုက်ရသဖြင့် လင်းစွေ့သည်လည်း စိတ်အေးသွားကာ သက်ပြင်းချလိုက်လေသည်။ သို့သော်ငြား သူမကတော့ မလွှတ်ပေးလိုက်ပေ။ "အပြင်မထွက်ခင်တော့ နေကောင်းသွားအောင် စောင့်လိုက်ပါဦး။ ပြန်ပြီးတော့ မြန်မြန်အနား သွားယူတော့။ ဒဏ်ရာကို မထိမိအောင်လည်း ဂရုစိုက်ဦး"
"သိပါပြီ" ကောင်လော့ကလည်း ပြန်ဖြေလိုက်ပြီး သူ့အကြည့်များက တံခါးရှိရာဘက်သို့ ရောက်သွားလေသည်။
"အစ်မ ခုနတုန်းက လာတွေ့တဲ့ လူနှစ်ယောက်က ဘယ်သူတွေလဲ"
"ဪ လင်းထင်နဲ့ သူ့အစေခံမလေးပါ" လင်းစွေ့ကတော့ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး သူ့ကိုတွဲကာ အခန်းထဲသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့ လိုက်လေသည်။
"သူက လင်းထင် ..." ကောင်းလော့သည် တစ်ခုခုကို စဉ်းစားမိသွားဟန် တူ၏။ "အစ်မ ကျွန်တော် သူ့ကိုအရင်တုန်းက တွေ့ခဲ့ဖူးတဲ့ပုံပဲ"
"ဘယ်သူ့ကိုလဲ။ လင်းထင်ကိုလား" လင်းစွေ့ကလည်း အံ့သြသွားတော့၏။ "နင် သူ့ကိုဘယ်မှာ တွေ့ဖူးတာလဲ"
ကောင်းလော့မှာ ခက်ခက်ခဲခဲ စဉ်းစားရလေသည်။ "ကျွန်တော် မှတ်မိသလောက်တော့ ... သူ ကျွန်တော်ဆီက ပစ္စည်းဝယ်ဖူးသလိုပဲ။ အစ်မ လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ကျွန်တော်တောင်ပေါ်မှာ တောင်ပေါ်ဂျင်ဆင်းရိုင်းတစ်ပင် တူးခဲ့တာကို မှတ်မိသေးလား။ မြို့ထဲကို ဂျင်ဆင်း သွားရောင်းတုန်းက သူလည်း ဆေးဆိုင်ထဲကို ဝင်လာတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ရတာ"
လင်းစွေ့က ခေါင်းငြိမ့်ပြလိုက်သည်။ ထိုအချိန်က အဘွားဖြစ်သူ ကွယ်လွန်သွားသည်မှာ သိပ်မကြာသေးချေ။ အိမ်တွင်လည်း ငွေစအနည်းငယ် ရှိသော်ငြားလည်း ဝင်ငွေကတော့ မရှိပေ။ ထိုကြောင့် ကောင်းလော့သည် ရွာထဲက လူကြီးများနှင့်အတူ တောင်ပေါ်သို့ မကြာခဏ တက်လေ့ရှိလေသည်။ တစ်ခါတွင်တော့ ကံကောင်းစွာဖြင့် ဂျင်ဆင်းရိုင်းတစ်ပင်ကို တူးဖော်ရရှိခဲ့ပြီး အိမ်၏ ဝန်ထုတ်ဝန်ပိုးကိုလည်း အတော်အတန် လျှော့ချပေးနိုင်ခဲ့သည်။
"သူက နင့်ရဲ့ဂျင်ဆင်းရိုင်းကို ဝယ်သွားတာလား"
"မဟုတ်ဘူး သူက ကျွန်တော့်လက်ထဲက ဆေးပင်တစ်ပင်ကို ဝယ်သွားတာ။ အဲဒီ ဆေးပင်ကို ကျွန်တော်က အစတုန်းကတော့ ဆေးဆိုင်က သူဌေးကို ပြပြီး တန်ဖိုးရှိမရှိ အကဲဖြတ်ခိုင်းမလို့ပဲ။ ဖြစ်ချင်တော့ ဆေးဆိုင်သူဌေးကလည်း အဲဒီအပင်ကို မမြင်ဖူးဘူးတဲ့။ ဒါပေမဲ့ သူကတော့ ကျွန်တော့်ကို အပြင်ခေါ်ထုတ်လာပြီး ငွေ ၂လျန်နဲ့ အဲဒီမြက်ပင်ကို ဝယ်သွားတာ"
ဒီအတိုင်း ရှာဖွေတွေ့ရှိခဲ့သည့် မြက်ပင်တစ်ပင်ကို ၂လျန်ဖြင့် ရောင်းချခဲ့ရသဖြင့် ကောင်းလော့သည် ထိုကိစ္စကို အချိန်ကြာသွားသော်ငြား မမေ့လျော့သည်ကလည်း အဆန်းတော့ မဟုတ်ပေ။
"နင် ဘယ်တုန်းက အဲဒီမြက်ပင်ကို ရောင်းလိုက်တာလဲ။ အဲဒီဟာက အဲ့လောက်တောင် စျေးကြီးနေတာလား။ ဘာဖြစ်လို့ ငါ့ကို မပြောတာလဲ"
ကောင်းလော့သည် ရုတ်တရက်ဆိုသလို မလုံမလဲ ခံစားလိုက်ရတော့၏။ "တကယ်တော့ ... တကယ်တော့ အဲဒီမြက်ပင်ကို တွေ့ခဲ့တဲ့နေရာက နည်းနည်းဝေးတယ်။ ကျွန်တော် တောင်အတွင်းပိုင်းထဲကို ဝင်သွားတာကို အစ်မ သိသွားရင် ဆူပူမှာစိုးလို့ မပြောပြရဲခဲ့တာ"
"အဲဒီမြက်ပင်က ဘယ်လိုပုံစံမျိုးလဲ" အားချန်သည် ဘေးမှ မောင်နှမနှစ်ယောက် ပြောဆိုနေသည်ကို အတန်ကြာသည်အထိ နားထောင်လိုက်ပြီးနောက်မှ အသံထွက်ကာ မေးမြန်းလိုက်လေသည်။
ကောင်လော့ကလည်း ခဏလောက် ပြန်စဉ်းစားလိုက်၏။ "အဲဒီမြက်ပင်က ကျွန်တော်ရဲ့ လက်တစ်ဖဝါးစာ အရှည်လောက်ပဲ ရှိတယ်။ စိမ်းစိမ်းစိုစို အရောင်လေးနဲ့ အပေါ်မှာ အရွက်တွေ အများကြီးပါနေတယ်။ အဝါရောင် ပန်းပွင့်လေးလည်း ပါတယ်လို့ မှတ်မိသေးတယ်။ ကျွန်တော် အဲဒီမြက်ပင်ကိုတွေ့တော့ သူ့ဘေးမှာ မြွေတစ်ကောင်လည်း ရှိနေသေးတယ်။ နောက်တော့ အဲဒီမြွေကို ကျွန်တော် မောင်းထုတ်လိုက်တာ။ ရွာထဲက လူတွေပြောတာကို ကျွန်တော် တွေးမိလိုက်တယ်လေ။ သားရဲတိရစ္ဆာန်တွေ စောင့်ကြပ်နေတဲ့အရာက နတ်ဆေးပင် ဖြစ်နိုင်ခြေများတယ်တဲ့။ ဒါနဲ့ပဲ တူးလာခဲ့တာ"
"အားချန် ရှင် အဲဒီမြက်ပင်ကို သိလို့လား" လင်းစွေ့က မေးလိုက်သည်။
အားချန်ကလည်း ခဏလောက် စဉ်းစားလိုက်၏။ "တကယ်လို့ မမှားဘူးဆိုရင်တော့ အဲဒီမြက်ပင်က ကျန်းချောင်ပင် ဖြစ်လောက်တယ်။ အဲဒီအပင်မှာ ကျွန်မ ရှင့်ကိုပြောဖူးတဲ့ ထူးခြားတဲ့ အာနိသင်တွေရှိတယ်။ အဲဒီအပင်ကို လင်းထင်က ဝယ်သွားခဲ့တာဆိုတော့ သူက ဒီပစ္စည်းနဲ့ တော်တော်လေး ရင်းနှီးကျွမ်းဝင် နေလောက်တယ်"
"တကယ်ပဲ ... တကယ်ပဲ အားထုတ်စရာမလိုဘဲနဲ့ ရလိုက်တာပဲ" လင်းစွေ့သည် ကိုယ့်ဟာကိုယ် မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။
ချန်ဟွေ့ ကတော့ ဘေးမှနေ၍ သတိပေးလိုက်လေသည်။ "ရှင် မတွေးမိခဲ့ဖူးဘူးလား။ သူက လင်းဟန်ရဲ့လက်ကိုငှားပြီး ရှင့်ရဲ့မောင်လေးကို အန္တရာယ်ပြုဖို့ အကြိမ်ကြိမ် ကြိုးစားနေရတဲ့ အကြောင်းအရင်းကို လေ"
လင်းစွေ့သည် ချက်ချင်းဆိုသလို သဘောပေါက် သွားတော့သည်။ "ရှင် ပြောချင်တာက ရှောင်လော့က ကျွန်မရဲ့မောင်လေးမှန်း သိသွားလို့ ဒီကိစ္စကို ကျွန်မကို ပြန်ပြောမှာ စိုးရိမ်တာကြောင့် ကြားလူငှားပြီး သတ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တာလား"
ယခင်က လင်းမိသားစုသည် သူမကိုလာကြိုပေးချိန်က ရောက်လာခဲ့သူမှာ အိမ်တော်ထိန်း ဖြစ်လေသည်။ ထို့ကြောင့် လင်းမိသားစုက ရှောင်လော့ကို တစ်ခါမှ မမြင်ခဲ့ဘူးချေ။
လင်းစွေ့က ကောင်းလော့ကို မြန်မြန်ပြောလိုက်သည်။ "ရှောင်လော့ နင် သိပ်မကြာခင်တုန်းက ရှန့်ကျင်းကို လာခဲ့သေးလား"
ကောင်းလော့က ခဏလောက် စဉ်းစားလိုက်ပြီးမှ ခေါင်းငြိမ့်လိုက်၏။ "ရွာထဲက လူတစ်ယောက်က ရှန့်ကျင်းမှာ အစ်မသတင်းကို ကြားခဲ့တယ်လို့ ပြောလာတယ်လေ။ အစ်မက တခြားတစ်ယောက်ရဲ့ လက်ထပ်မယ့်သူကို လုယူသွားတယ်။ အဲလိုတွေပေါ့ ကျွန်တော်လည်း အစ်မအတွက် နည်းနည်း စိတ်ပူသွားလို့ မြို့တော်ကိုသွားခဲ့တာ။ အစကတော့ အစ်မကို တစ်ချက်လောက် သွားကြည့်မလို့ပဲ။ ဒါပေမဲ့ အစ်မက အဲဒီ ၂ရက်လုံး အပြင်မထွက်လာ ခဲ့ဘူးလေ။ ကျွန်တော်ကတော့ အရင်တုန်းက အိမ်ကိုလာခဲ့တဲ့ အိမ်တော်ထိန်းကိုပဲ တွေ့ခဲ့ရတယ်"
ချန်ဟွေ့က ခေါင်းခါပြလေသည်။ "ကြိုတင်ကာကွယ်ထားတာ ပိုကောင်းလိမ့်မယ်။ လင်းထင်ရဲ့ အတွေးအခေါ်က တော်တော်လေး စေ့စပ်သေချာတာပဲ။ သက်သေ ဖျောက်ဖျက်ဖို့အတွက် လူသတ်ပစ်ဖို့အထိတောင် တွေးထားခဲ့သေးတယ်။ သူက ဒီအတိုင်း လောဘ အရမ်းကြီးသွားတာ။ သူက အကျိုးအမြတ် မှန်သမျှအားလုံးကို လိုချင်နေတာ။ ဒါပေမဲ့ နောက်ဆုံးကျတော့လည်း ဘာတစ်ခုမှ မရလိုက်ဘူး"
ကောင်းလော့၏စကားများက သူတို့ကို အကြောင်းအရာ တစ်ခုလုံး နားလည်သွားစေတော့သည်။
အခြေအနေက ခန့်မှန်းချက်သက်သက်သာ ဖြစ်သော်ငြားလည်း ဒီခန့်မှန်းချက်၏ ဖြစ်နိုင်ခြေက ၉၀% ကျော်လွန်နေလေသည်။
လင်းစွေ့သည် ထိုအကြောင်းကို စဉ်းစားလေလေ ပိုပြီးကြောက်ရွံ့ လာလေလေ ဖြစ်သွားတော့၏။ အကယ်၍ လင်းထင်ကသာ ရှောင်လော့သည် သူမ၏မောင်လေးဖြစ်ကြောင်း အစောကြီးကတည်းက သိရှိသွားခဲ့လျှင် သူမ ဘာမှ မသိလိုက်ရခင်မှာပင် သူ့ကို လက်စတုံးပစ်ပြီးလောက်ပြီ။
ဟွေ့ညန် ပြောသကဲ့သို့ပင်။ လင်းထင်သာ လောဘမကြီးခဲ့လျှင် တချက်ခုတ် နှစ်ချက်ပြတ် ရည်ရွယ်ချက်ဖြင့် လင်းဟန်ကို အသုံးချကာ ရှောင်လော့ကို ရှင်းလင်းပစ်ပြီး သူမနှင့် လင်းအိမ်တော်တို့ ပျက်စဲသွားရန် မကြံစည်ခဲ့လျှင် ဒီလိုနောက်ဆက်တွဲ ကိစ္စမျိုး ဖြစ်လာခဲ့မည် မဟုတ်ပေ။
ချန်ဟွေ့သည် လင်းစွေ့၏ ပခုံးကို အသာအယာ ပွတ်ပေးလိုက်၏။ "ကပ်ဘေးကြီးတစ်ခုကနေ လွတ်မြောက်လာပြီးပြီဆိုရင် နောက်ပိုင်းကံကောင်းဖို့ပဲ ရှိပါတော့တယ်။ စိတ်မပူပါနဲ့တော့"
လင်းစွေ့၏ အမူအရာသည် ပြေလျော့သွားကာ သူမသည် အားချန်ကို ချီတုံချတုံဖြင့် မေးလိုက်လေသည်။ "အားချန် ရှင်က ဒီမြက်ပင်အကြောင်းကို သိတယ်ဆိုတော့ နည်းလမ်းလေးများ ..."
သူမသည် စကားကိုတစ်ဝက်သာ ပြောပြီးရပ်တန့်လိုက်လေ၏။ သူမက တစ်ဖက်လူကို အခက်တွေ့အောင် တောင်းဆိုမိမှာ စိုးရိမ်မိသွားတော့သည်။
အားချန်ကတော့ ပြုံးကာပြောလိုက်၏။ "ရှိတာပေါ့"
.
"ရှိတယ် ဟုတ်လား" လင်းစွေ့မှာလည်း တအံ့တဩ ဖြစ်သွားတော့၏။
"ကျန်းချောင် မြက်ပင်ကို ခြေဖျက်နိုင်တဲ့ ပစ္စည်းတွေတော့ ရှိတယ်။ မြို့ထဲကို ပြန်ရောက်တာနဲ့ ကျွန်မရှင့်အတွက် အမွှေးနံ့သာမှုန့်တွေ နည်းနည်းလေး ဖော်စပ်ပေးမယ်။ သူက ကျန်းချောင်ရဲ့ သက်ရောက်မှုကို ခံထားရတဲ့ လူတစ်ယောက်ကို ရှာပြီး အဲဒီအမွှေးနံ့သာကို နှစ်ရက်လောက် အနံ့ရှူခိုင်းထားလိုက်ရင် ရပြီ။ သူက ကျန်းချောင်မြက်ပင်ရဲ့ အာနိသင်ကို ယာယီ ခုခံပေးလိမ့်မယ်"
"တကယ်လား။ ဒါဆိုရင် ကျွန်မကို ကူညီပြီးတော့ အမွှေးနံ့သာမှုန့်လေး နည်းနည်းလောက် ပြင်ဆင်ပေးပါဦး"
"ကောင်းပြီလေ။ သဘက်ခါကျရင် ကျွန်မအိမ်မှာ လာယူလှည့်" အားချန်သည် ထိုသို့ ပြောလိုက်ပြီးနောက် နည်းနည်းလေး သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်လေသည်။ "ရှင် လင်းထင်ကို ဘယ်လိုဖြေရှင်း ရမလဲဆိုတာ တွေးပြီးပြီလား"
"စဉ်းစားပြီးပါပြီ" လင်းစွေ့၏ ယုံကြည်ချက် အပြည့်ရှိနေသည့် ပုံစံကို မြင်လိုက်ရသောအခါ အားချန်ကလည်း သိချင်စိတ်များ ပိုမိုပြင်းပြ လာတော့သည်။
သို့သော်ငြား လင်းစွေ့က လောလောဆယ် ပြောချင်ပုံမရသဖြင့် သူမကလည်း ဆက်ပြီးမမေးလိုက် တော့ပေ။ လင်းစွေ့ရဲ့ အကျင့်စရိုက်နဲ့ဆိုရင် သူကငါ့ကို ဒီထက်ပိုကြီးတဲ့ အံ့ဩစရာတစ်ခု ပေးလာနိုင်လောက်တယ်။
လင်းစွေ့သည် လင်းအိမ်တော်က လူများနှင့်အတူ ထွက်ခွာသွားပြီး ဒုတိယနေ့တွင် အားချန်တို့သည်လည်း ကောင်းလော့ကိုခေါ်ကာ ထွက်လာကြလေသည်။
လင်းစွေ့ မပြန်ခင်ကတည်းက သူတို့တိုင်ပင်ဆွေးနွေး ခဲ့ကြပြီးဖြစ်၏။ ကောင်းလော့ကို အားချန်၏ စိုက်ခင်းခြံဝင်းထဲတွင် ခဏလောက် ဒဏ်ရာကုသခိုင်းပြီး ဒဏ်ရာများ ပျောက်ကင်းသွားမှသာ သူ့ကို အိမ်ပြန်ခွင့် ပေးမည်ဖြစ်သည်။
ဒီကိစ္စနှင့် ပတ်သက်ပြီး ကောင်းလော့ကလည်း ငြင်းဆိုပိုင်ခွင့် မရှိသဖြင့် အမျိုးသမီးသုံးယောက်က သူ့ကို သေသေချာချာလေး စီစဉ်ပေးလာသည့် အချက်ကို လက်ခံရုံကလွဲပြီး မရှိတော့ချေ။
ကောင်းလော့ကို နေရာချ ပေးပြီးသွားသောအခါ ချန်ဟွေ့သည် အားချန် နှင့်အတူ ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ အပြည့် တင်ဆောင်ထားသည့် လှည်းတစ်စီးအပြင် ကြက်မကြီး နှစ်ကောင်ကိုလည်း ယူကာ မြို့သို့ ပြန်လာခဲ့ကြလေသည်။
မြို့အတွင်းက စည်ကားလှသည့် မြင်ကွင်းသည် မြို့အပြင်က တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းမှုနှင့် သိသိသာသာ ကွာခြားလို့နေသည်။ ရက်အနည်းငယ် ထွက်ခွာသွားပြီ ဖြစ်သော်ငြားလည်း အချိန်အကြာကြီး ထွက်ခွာသွားသည်ဟု ခံစားလိုက်ရ၏။
အပြန်လမ်းတွင်တော့ သူတို့သည် အနောက်ဘက်စျေးသို့ အရင်ဆုံး ဝင်လာခဲ့ကြလေသည်။
အားချန်က မုဆိုးဆိုင်သို့သွားပြီး ကျောက်စိမ်းအရိုး နှစ်ချောင်းကို ဝယ်ယူလိုက်သည်။ ဆိုင်တွင်ပစ္စည်း အသင့်ရှိနေသဖြင့် သူမက လျန်ငွေ ၁၈၀ ပေးချေကာ ပစ္စည်းကိုချက်ချင်း ယူဆောင်လာခဲ့လေသည်။
ချန်ဟွေ့သည် ကျောက်စိမ်းအရိုးကို မြင်လိုက်ရသည်တွင် မအံ့ဩဘဲ မနေနိုင်တော့ချေ။ သူမက မေးလိုက်၏။ "ဒီပစ္စည်းက ကျောက်စိမ်းနဲ့ လုပ်ထားတာလား။ တကယ်လှတာပဲ"
အားချန်က အရိုးများကို သေချာထုတ်ပိုးလိုက်ပြီး ချန်ဟွေ့ကို ပြောလိုက်၏။ "ဒါက နွီရှီ(အမျိုးသမီးအလောင်း) ရဲ့ ခြေထောက်အရိုးတွေ။ ကျန်းချောင်မြက်ပင်က သူတို့အလောင်းတွေကနေ ပေါက်ဖွားလာခဲ့တာ"
"နွီရှီ ဟုတ်လား"
"ဒဏ္ဍာရီတွေထဲမှာတော့ နွီရှီတွေက ရှေးခေတ်ဧကရာဇ်တစ်ပါးရဲ့ သမီးတော် သေဆုံးပြီးနောက် ပြောင်းလဲလာတာလို့ ပြောကြတယ်။ အမှန်လား အမှားလားဆိုတာတော့ ဘယ်သူမှ မသိဘူး။ သူတို့က အရပ်ပုပုလေးနဲ့ လူသားပုံသဏ္ဍာန်လေး ရှိကြတယ်။ သစ်ပင်သစ်ရွက်နဲ့ နှင်းစက်တွေကို စားသုံးပြီးတော့ အသက်ရှင်ကြတာ။ သေဆုံးပြီးသွားတဲ့နောက်မှာ သူတို့ရဲ့အရိုးတွေက မဆွေးမမြေ့ဘဲ ကျောက်စိမ်းအဖြစ် ပြောင်းလဲသွားကြတာတဲ့"
"ဒါဆိုရင် အကောင်းစား ကျောက်စိမ်းအဖြစ်နဲ့ ရောင်းစားလို့ ရတာပေါ့"
အားချန်ကလည်း ရယ်မောကာဖြင့် ပြောလိုက်လေသည်။ "ဟုတ်တယ် ဒါပေမဲ့ ဒီပစ္စည်းရဲ့စျေးနှုန်းက ကျောက်စိမ်းတွေ ထက်တောင်မှ ပိုပြီးစျေးကြီးသေးတယ်"
သူမသည် ယခုအချိန်တွင် ငွေမရှားတော့သော်ငြားလည်း မုဆိုးဆိုင်သို့ လာရောက်တိုင်း သူမကို ဓားပြတိုက်နေသလို ခံစားရလေသည်။ ကျောက်စိမ်းအရိုးများကို ဝယ်ယူပြီးနောက် သူတို့နှစ်ယောက်သည် အိမ်ပြန်ရောက်လာသည်နှင့် ကြိတ်ခွဲကာ အမှုန့်ပြုလုပ်လိုက်ကြ၏။
ကံကောင်းချင်တော့ ချန်ဟွေ့၏ အကူအညီရှိနေသဖြင့် အားချန်သည် အချိန်အများကြီး အသုံးမပြုလိုက်ရဘဲ ကျောက်စိမ်းအရိုးအမှုန့် တစ်ပုံကိုရရှိလာခဲ့သည်။
ထိုနောက်တွင်တော့ သူမသည် အနံ့ပြင်းသည့် အမွှေးနံ့သာတချို့ကို ရှာဖွေပြီး ရောစပ်ကာ အမွှေးနံ့သာမှုန့် တစ်မျိုးကို ဖော်စပ်လိုက်လေသည်။ ဒီအမွှေးနံ့သာ အမျိုးအစားသည် ကျောက်စိမ်းအရိုး၏အနည်းငယ် ညှီစို့စို့အနံ့ကို ကောင်းစွာဖုံးအုပ် ပေးထားနိုင်ပြီး မီးရှို့လောင်ကျွမ်းချိန်တွင်လည်း ပုံမှန်မဟုတ်သည့်အရာကို ဘယ်သူကမှ သတိပြုမိလိမ့်မည် မဟုတ်ပေ။
အမွှေးနံ့သာ ဖော်စပ်ပြီးစီးသွားသည့် ဒုတိယနေ့မနက်ခင်း အစောပိုင်းတွင်တော့ လင်းစွေ့သည် အိမ်တော်သို့ ရောက်ရှိလာခဲ့လေသည်။
ချန်ဟွေ့က အားချန်ကို လာနှိုးလိုက်၏။ သူမမှာ သမ်းဝေကာ အခန်းထဲက ထွက်လာခဲ့ပြီး ချန်ဟွေ့ လှမ်းပေးလာသည့် ပျားရည်ကို နှစ်ငုံလောက် သောက်လိုက်ပြီးမှ အနည်းငယ် ကြည်လည်လန်းဆန်း လာတော့သည်။
"ဘာဖြစ်လို့ ဒီလောက်အစောကြီး ရောက်လာတာလဲ"
"မနက်စာစားပြီး ဘာမှလုပ်စရာ မရှိတာနဲ့ ထွက်လာခဲ့တာ။ ကျွန်မ ရှင်တို့ကို ပြောပြစရာ သတင်းတစ်ခုလည်း ရှိသေးတယ်" လင်းစွေ့သည် လျှို့ဝှက်သည့် အမူအရာတစ်ခုဖြင့် ပြောလာလေသည်။
"ဘာသတင်းလဲ"
"မနေ့တုန်းက ကျွန်မကြားလာတာ လင်းထင်ရဲ့အဖေအရင်း ယုံးကျိုးကနေ မြို့တော်ကို ပြန်လည်ပြောင်းရွှေ့ ခံရပြီတဲ့။ ကြားရတာကတော့ နယ်မှာတာဝန် ထမ်းဆောင်တုန်းက ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့တဲ့အတွက် မြို့တော်ကို ပြန်ရောက်ရင် အနည်းဆုံး အဆင့်လေးအရာရှိဖြစ်မယ်တဲ့။ နောက်သုံးရက်ဆိုရင် သူတို့တမိသားစုလုံး စစ်သူကြီးအိမ်တော်ကို လာပြီး ကျွန်မအဖေနဲ့ လာတွေ့ကြလိမ့်မယ်"
"တစ်မိသားစုလုံးလား။ သူတို့အိမ်မှာ သားသမီး ဘယ်နှစ်ယောက်ရှိလို့လဲ"
လင်းစွေ့က ပြောလိုက်သည်။ "သားနှစ်ယောက် အကြီးဆုံးသားကတော့ ချင်းကျိုးရဲ့ ကျဲ့ယွမ် (ပြည်နယ်အဆင့်ပထမ စာသင်သား)၊ ဒုတိယသားကတော့ ရှို့ချိုင် အောင်ထားကြတာ"
ထိုအချက်က အားချန်ကို အနည်းငယ် အံ့ဩသွားရစေတော့၏။ "သားတွေကိုတော့ တော်တော်လေး ကောင်းကောင်းမွန်မွန် ပြုစုထားတာပဲ။ ကြည့်ရတာ သိပ်မကြာခင်မှာ သားအဖနှစ်ယောက် အတူတူနန်းတွင်းထဲမှာ အမှုထမ်းကျတော့မယ် ထင်တယ်"
"ဟုတ်တယ် ကြားတာတော့ အစောပိုင်းနှစ်တွေတုန်းက လင်းထင်ရဲ့အဖေက ဘာမှ မယ်မယ်ရရမရှိတဲ့ အဆင့် ၇ အရာရှိလေး တစ်ယောက်ပဲတဲ့။ အခု သူတို့ တမိသားစုလုံး ချမ်းချမ်းသာသာနဲ့ မြို့တော်ကို ပြန်လာကြတာလို့ပဲ ပြောရမှာ"
အားချန်သည် မနေ့ညက ထုပ်ပိုးထားသည့် အမွှေးနံ့သာမှုန့်ကို လင်းစွေ့အား လှမ်းပေးလိုက်ပြီးမှ အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်လေသည်။ "သူတို့တွေဆက်ပြီး ချမ်းသာနိုင်မလား ဆိုတာကတော့ ရှင့်အပေါ်ပဲ မူတည်သွားပြီ"
လင်းစွေ့ကလည်း အားချန် လှမ်းပေးလာသည့် အမွှေးနံ့သာမှုန့်ကို လှမ်းယူလိုက်ပြီး ရှက်ရွံ့နေသည့် အမူအရာလေးဖြင့် ငွေစက္ကူသုံးရွက်ကို ထုတ်လာခဲ့လေသည်။ "အမွှေးနံ့သာမှုန့်ကို လုပ်ရတာ မလွယ်ဘူးဆိုတာ ကျွန်မ သိတယ်။ ကျွန်မရဲ့လက်ထဲမှာလည်း အခုလောလောဆယ် လျန် ၃၀၀ ပဲရှိတာ။ ကျွန်မကို ခဏတော့ စောင့်ပေးဦးနော် ..."
အားချန်က လက်ကိုမြောက်ကာ သူမ ပြောလာသည့် စကားကို လှမ်းတားလိုက်ပြီး လျန် ၂၀၀ ကိုသာ ယူထားလိုက်လေသည်။ "ကျွန်မတို့ရဲ့ ခင်မင်မှုကို ထောက်ထားပြီး ဒီလောက်ဆိုရင် လုံလောက်ပါပြီ"
လင်းစွေ့သည် ခဏလောက် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ ပြုံးပြလိုက်တော့၏။ "ဟုတ်ပါပြီ"
ထိုနောက်တွင်တော့ အားချန်က ဆက်ပြောလိုက်လေသည်။ "ဒီအမွှေးနံ့သာမှုန့်တွေကို ရှင် နှစ်ခါခွဲသုံးလို့ရတယ်။ အကုန်လုံး သုံးပြီးသွားရင်တော့ အာနိသင် စပြလာလိမ့်မယ်။ နှစ်ရက် သုံးရက်လောက်တော့ ခံလိမ့်မယ်"
"ဒီလောက်ဆိုရင် လုံလောက်ပါပြီ"
အားချန်က သူမကို ထပ်ပြီး သတိပေးလိုက်၏။ "အနံ့က နည်းနည်း ပြင်းတယ်နော်။ ရှင် နည်းနည်းတော့ သည်းခံရလိမ့်မယ်"
"အင်း"
အားချန်ထံမှ အမွှေးနံ့သာမှုန့်ကို ရပြီးသိပ်မကြာခင်တွင် လင်းစွေ့သည်လည်း မျက်နှာချင်းဆိုင်က စစ်သူကြီးအိမ်တော်ဆီသို့ ပြန်သွားလေတော့သည်။
သူမ၏ခြံဝင်းသို့ အပြန်လမ်းတွင် တိုက်တိုက်ဆိုင်ဆိုင် ပင်မခြံဝင်းထဲက လျောက်ကာ ထွက်လာခဲ့သည့် အကြီးဆုံးအစ်ကို လင်းရီနှင့် တွေ့ဆုံလေသည်။ သူမကို တွေ့လိုက်ပြီးနောက်တွင် လင်းရီက နွေးနွေးထွေးထွေးဖြင့် နှုတ်ဆက်လာခဲ့၏။ "စွေ့စွေ့ အပြင်ထွက်လည်တာလား"
လင်းစွေ့သည်လည်း ခဏလောက် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ သူမသည် ဒီအစ်ကိုအကြီးဆုံးကို အဖေဖြစ်သူလောက်ပင် မရင်းနှီးပေ။
အဓိကအချက်မှာ သူသည် ယခုအချိန်တွင် နန်းစောင့်တပ်အတွင်း တာဝန်ထမ်းဆောင်နေရပြီး အိမ်သို့ ပြန်လာလေ့ မရှိတတ်ခြင်းကြောင့်ပင်။ သူတို့နှစ်ယောက်သည် နေ့စဉ်ပုံမှန် ပြောဆိုစရာစကားများလည်း များများစားစား မရှိကြပေ။
လင်းစွေ့က သူ့အပေါ် သဘောထား အတော်အသင့် ကောင်းမွန်နေရခြင်းကလည်း လင်းချန်နှင့်အတူတူပင်။ တောင်ပေါ်က ကိစ္စရပ်များကို သိရှိသွားပြီးနောက် လင်းရီသည် သူမကို အပြစ်တင်ခြင်း မရှိခဲ့သည့်အပြင် တိတ်တိတ်လေး နှစ်သိမ့်စကားပင် ပြောခဲ့သေးသည်။ ထို့အပြင်သူမကို အရသာရှိသည့်မုန့်များ ဝယ်စားပါ ဟူ၍ စိတ်ဖြေဖျောက်ပေးရန်အတွက် မုန့်ဖိုးလျန်ငွေ ၁၀၀ ကိုပင် ပေးလိုက်သေးသည်။
ခုနက သူမ အားချန်ကိုပေးခဲ့သည့် လျန် ၃၀၀ ထဲတွင် လျန် ၁၀၀သည် လင်းရီပေးထားသည့် ငွေဖြစ်လေသည်။
အမှန်တွင်တော့ လင်းထင်ကြောင့် သူ့အပေါ်ဖြစ်နေသည့် မကောင်းသည့် အမြင်တချို့ကို ဖယ်လိုက်မည်ဆိုလျှင် လင်းရီသည် အလွန်ကောင်းမွန်သည့် အစ်ကိုတစ်ယောက်ဟု ဆိုနိုင်ပေသည်။
"ဟုတ်တယ်။ ကျွန်မသူငယ်ချင်းက လမ်းမျက်နှာချင်းဆိုင်မှာ နေတာလေ။ သူ့ဆီကို ခဏသွားလည်ခဲ့တာ" ခဏလောက် တုံ့ဆိုင်းပြီးမှ လင်းစွေ့က ပြန်ဖြေလိုက်၏။
လင်းရီက သာမာန်အရပ်ဝတ်ကို ဝတ်ဆင်ထားသည်ကို မြင်လိုက်သည်တွင် သူမသည်လည်း ပြန်မေးလိုက်လေသည်။ "အစ်ကိုကြီး ဒီနေ့ အလုပ်မသွားရဘူးလား"
"သူငယ်ချင်းနဲ့ အလှည့်လဲထားလို့ နှစ်ရက် အနားရတယ်လေ" လင်းရီကလည်း လင်းစွေ့ကို စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလေသည်။
"ဪ ..." လင်းစွေ့သည် အစကတော့ ထွက်သွားရန် အကြောင်းပြချက်တစ်ခု ရှာဖွေလိုသော်ငြား သူမ၏အကြည့်တို့သည် လက်ထဲက အမွှေးနံ့သာမှုန့်ပေါ်သို့ ကျရောက်သွားပြီး ရုတ်တရက် အတွေးအကြံများ ပေါ်ထွက်လာတော့သည်။ သူမက လင်းရီကို မော့ကြည့်လိုက်ကာ လှမ်းမေးလိုက်၏။ "အဖေ ပြောတာ ကြားဖူးတယ်။ အစ်ကိုကြီးက စစ်တုရင်ကစားတာ အရမ်းတော်တယ်ဆို"
လင်းရီကလည်း အနည်းငယ် အံ့အားသင့်သွားပြီးမှ ပြုံးကာပြောလိုက်၏။ "အဖေ့ထက် နည်းနည်းလေးပဲ သာတာပါ"
"ဒါဆိုအစ်ကိုကြီး ခဏနေ အချိန်အားလား။ ကျွန်မကို စစ်တုရင်ကစားနည်း သင်ပေးလို့ရမလား"
"ရတာပေါ့"
လင်းစွေ့သည် စစ်တုရင်ကို တစ်ခါမှ မကစားခဲ့ဖူးချေ။ ထို့ကြောင့် လင်းရီက သူမကိုတစ်ဆင့်ပြီး တစ်ဆင့်သာ သင်ပေးရလေသည်။ ကံဆိုးချင်တော့ နှစ်ပွဲလောက် ကစားပြီးသွားသောအခါ သူ့ညီမဖြစ်သူသည် အဖေကဲ့သို့ပင် ဒီပညာရပ်တွင် လုံးဝပါရမီ မပါကြောင်း သိလိုက်ရတော့သည်။
ညီမဖြစ်သူက စစ်တုရင် ရှုံးရုံသက်သက်သာ ဆိုလျှင်လည်း တော်သေးသည်။ သူမသည် အခန်းတွင် လူကို ခေါင်းကိုက်ရစေသည့် အမွှေးနံ့သာကိုလည်း အစေခံမလေးအား ထွန်းထားခိုင်းသေးသည်။ သူမသည် ပြင်ပအကူအညီရယူကာ တပွဲတလေ အနိုင်ရရှိရန် ကြံစည်နေပုံပေါ်လေသည်။
ဒါက စိတ်ထင်တာ များလား မသိဘူး။ အမွှေးနံ့သာ ထွန်းနေတဲ့အချိန်မှာ ခေါင်းကိုက်လာသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ အမွှေးနံ့သာ မီးငြိမ်းသွားတော့လည်း ခေါင်းက ထူးထူးခြားခြား ကြည်လင်နေပြန်ရော။
သူတို့နှစ်ယောက်သည် စစ်တုရင် ဆယ်ပွဲလောက် ကစားခဲ့ကြပြီး လင်းရီက ဆယ်ပွဲလုံး အနိုင်ရရှိခဲ့လေသည်။ လင်းစွေ့ကတော့ အနိုင်မခံ အရှုံးမပေးလိုသေးဘဲ နောက်တစ်နေ့တွင် ထပ်မံယှဉ်ပြိုင်ရန် ချိန်းဆိုလာသောအခါမှ လင်းရီသည်လည်း နောက်ဆုံးတော့ အခန်းထဲမှ ခြံဝင်းထဲက လွတ်မြောက်ခွင့် ရရှိသွားတော့သည်။
လင်းစွေ့သည် ထွက်ခွာသွားသည့် လင်းရီကို စောင့်ကြည့်နေမိ၏။ သူ့တွင် ပုံမှန်မဟုတ်သည့် အခြေအနေ တစ်စုံတစ်ရာကို သူမ ခံစားခဲ့မိပေ။ ဒီအမွှေးနံ့သာက တကယ်ရော အာနိသင်ရှိရဲ့လား။ ဒါပေမဲ့ အစ်ကိုကြီးက နည်းနည်းလေး ပွစိပွစိနိုင်သလိုပဲ။ သူမကိုလည်း စစ်တုရင်နဲ့ဆိုင်တဲ့ မှတ်တမ်းတွေကိုတောင်မှ ကျက်ခိုင်းထားသေးတယ်။ ဒါက အမွှေးနံ့သာ ရှူရှိုက်မိလို့ ဖြစ်သွားတဲ့ နောက်ဆက်တွဲ ရလဒ်များလား"
အရှေ့ဘက်ခြံဝင်းသို့ အပြန်လမ်းတွင် လင်းရီသည် လင်းထင်နှင့်တစ်ဖန် တွေ့ဆုံလေသည်။
လင်းထင်၏ လက်ထဲတွင်တော့ စားစရာ သေတ္တာငယ်လေးတစ်ခုကို ကိုင်ဆောင်ထားပြီး သူ့ကို မြင်လိုက်ရသောအခါ သူမ၏မျက်လုံးများက အရောင်တောက်သွားလေသည်။
"အစ်ကိုကြီး ဘယ်သွားလာခဲ့တာလဲ။ ကျွန်မ အစ်ကိုကြီးကို လိုက်ရှာနေတာ။ ရှာမတွေ့ခဲ့ဘူး" အနားသို့ ချဉ်းကပ်လာပြီးနောက်တွင် လင်းထင်သည် ရုတ်တရက် မျက်မှောင်ကြုတ်ကာ ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။
"အစ်ကိုကြီး အစ်ကို့ဆီက ဘာအနံ့တွေလဲ။ နံလိုက်တာ"
သူမသည် အမှန်တကယ် အနံ့ဆိုးကို ခံစားမိပုံရကာ ပျို့အန်တော့မည်ဟု နှစ်ကြိမ်ပင် ပြုလုပ်လိုက်သေးသည်။
လင်းရီသည် မိမိ၏အင်္ကျီလက်စကို နှာခေါင်းနားသို့ တိုးကပ်ကာ ရှူရှိုက်ကြည့်လိုက်၏။ သူ့ရဲ့အကြီးဆုံး ညီမလေးဆီက အမွှေးနံ့သာက အနံ့လေး ပြယ်သွားတော့လည်း တော်တော်လေးကို မွှေးတဲ့ပုံပါပဲ။
သူသည် လင်းထင်၏ မေးခွန်းကိုပြန်မဖြေဘဲ သူမကို ပြန်မေး လိုက်လေသည်။ "ဒီမှာ ဘာလာလုပ်တာလဲ"
လင်းထင်က နှာခေါင်းကို ပိတ်လိုက်ကာ ရွံရှာနေသည့် အမူအရာဖြင့် ဘေးကအစေခံမလေးက သူမကိုယ်စား ဝင်ဖြေပေးလိုက်လေသည်။ "သာ့ကုန်းဇီ ကျွန်မတို့မိန်းကလေးက မုန့်ကလေးတွေ လုပ်ပြီး သာ့ကုန်းဇီကို မြည်းစမ်းစေချင်လို့ပါ။ ဟုတ်တယ် မဟုတ်လား မိန်းကလေး"
သူမသည် လင်းထင်၏ အင်္ကျီလက်စကို ဆွဲလိုက်ရာ လင်းထင်သည်လည်း မြန်မြန်ခေါင်းငြိမ့်ပြလိုက်ပြီး လက်ထဲက စားစရာဘူးလေးကို လင်းရီထံသို့ ကမ်းပေးလိုက်လေသည်။
လင်းရီသည် ပုံမှန်ဆိုလျှင် မုန့်များကို စားလေ့မရှိချေ။ သို့သော်ငြား လင်းထင်က သူ့ကို ဒီလိုစားစရာများ လာပို့ပေးရသည်ကို သဘောကျပုံရလေသည်။ သူသည် ညီမငယ်ကို စိတ်မကောင်း မဖြစ်စေလိုသဖြင့် ငြင်းပယ်ခြင်း မပြုခဲ့ပေ။
"ကျေးဇူးတင်ပါတယ်နော် ဒုတိယညီမလေး" လင်းရီက စားစရာသေတ္တာကို လှမ်းယူလိုက်ပြီးနောက် ပြန်ရန် ပြင်လိုက်သည်တွင် လင်းထင်က ချီတုံချတုံအမူအရာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ထိုမျက်နှာအမူအရာမှာ အလွန်သိသာ လွန်းနေသဖြင့် သူသည် လျစ်လျူရှုရန် မဖြစ်နိုင်တော့ပေ။
"ဒုတိယညီမလေး တခြားကိစ္စ ရှိသေးလို့လား"
လင်းထင်သည် လင်းရီ၏ခါးထဲက ကျောက်စိမ်းဆွဲသီးလေးကို ငုံ့ကြည့်လိုက်ပြီး ပြောလိုက်၏။ "အစ်ကိုကြီးခါးမှာ ချိတ်ထားတဲ့ ကျောက်စိမ်းဆွဲပြားလေးက လှလိုက်တာ ကျွန်မကို ပေးလို့ရမလား"
လင်းရီက သူ့ခါးထဲက ကျောက်စိမ်းဆွဲပြားကို ကြည့်ပြီး ငြင်းဆန် လိုက်တော့သည်။ "ဒါက အစ်ကို့ကို မွေးတုန်းက အဘိုးပေးထားတာ မင်းကို ပေးလို့မရဘူး"
ဒီကျောက်စိမ်းဆွဲပြား၏ အရည်အသွေးသည် အလွန်ကောင်းမွန်သည်ဟူတော့ မဆိုသာပေ။ သူ့ကို မွေးဖွားချိန်က အဖေဖြစ်သူသည် အဆင့်၄စစ်သူကြီးတစ်ဦးသာ ရှိသေးပြီး အဘိုး၏ရာတိုးသည်လည်း မမြင့်မားသေးချေ။ အိမ်တော်၏ အခြေအနေသည် ယခုအချိန်လောက်လည်း မကောင်းမွန်သေချေ။ ဒီကျောက်စိမ်းဆွဲပြား၏ အရည်အသွေးသည်လည်း လင်းထင်ကိုယ်ပေါ်က ကျောက်စိမ်းဆွဲပြားကို မမီချေ။ လင်းရီသည် သူမက သူ၏ကျောက်စိမ်းဆွဲပြားကို သဘောကျရနေသည့် အကြောင်းအရင်းကိုလည်း နားမလည်တော့ချေ။ ဒါက ယောက်ျားလေးတွေ အသုံးပြုတဲ့ပုံစံလေ။ မိန်းကလေးက ဒါကို ယူပြီးဘာလုပ်မလို့လဲ။
ထိုအချင်းအရာသည် လင်းရီက လင်းထင်ကို ပထမဦးဆုံးအကြိမ် ငြင်းပယ်လိုက်ခြင်းဖြစ်သဖြင့် သူမ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာများ ပြည့်နှက်သွားလေတော့သည်။
"ဒါပေမဲ့ ... ဒါပေမဲ့ ကျွန်မက လိုချင်တာကိုး" လင်းထင်၏ အမူအရာသည်လည်း ဝမ်းနည်းသွားသလို ဖြစ်သွားတော့၏။ အစ်ကိုကြီးက ဘယ်လိုဖြစ်သွားတာလဲ။ အရင်တုန်းက သူ ငါ့ကိုတစ်ခါမှလည်း မငြင်းဖူးပါဘူး။
လင်းရီသည် မျက်မှောင်ကြုတ်လိုက်ပြီး ဒီဒုတိယညီမလေးက အလိုက်မသိတတ်လေခြင်းဟု ပထမဦးဆုံးအကြိမ် ခံစားလိုက်ရ လေတော့သည်။
သူနဲ့ယှဉ်လိုက်ရင် ငါ့ကို အတင်းဆွဲပြီး စစ်တုရင်ကစားခိုင်းပြီး တိတ်တိတ်ကလေး အကွက်ဆင်ပြီး လှည့်စားတတ်တဲ့ အကြီးဆုံး ညီမလေးကတောင် ပိုပြီးချစ်စရာ ကောင်းနေသေးတယ်။ ဒါပေမဲ့ သူကတော့ အရယ်အပြုံး နည်းတယ်။
ဒါပေမဲ့လည်း အဲဒါက အကြီးဆုံးညီမလေးရဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ အဖေကလည်း ပုံမှန်အချိန်တွေမှာဆိုရင် အရမ်းကို တင်းမာလွန်းလို့ အကြီးဆုံးညီမလေးကလည်း အမြဲတမ်း မျက်နှာထား တည်တင်းနေတာပဲ ဖြစ်ရမယ်။
...