တစ်ချက်ချင်း ပြန်လည်ချေပခြင်း
Vol. 6 Ch. 57
နောက်တနေ့ မနက်ခင်း အစောတွင် လင်းရီသည် ခါတိုင်းလိုပင် အမေဖြစ်သူ၏ ခြံဝင်းထဲသို့သွားကာ ဂါရဝပြုလေသည်။ သို့သော်ငြား အကြီးဆုံးညီမသည် ခြံဝင်း၏ အပြင်ဘက်တွင် တားဆီးခံထားရသည်ကို တွေ့လိုက်ရ၏။ သူမကို တားဆီးထားသည့် အစေခံမလေး၏ နောက်က ထွက်လာသည့်စကားများမှာ လူ၏စိတ်နှလုံးကို အေးစက်ရစေလေသည်။
ထိုအစေခံမလေးက လင်းစွေ့ကို မထီမဲ့မြင်ကြည့်ကာ အထက်စီးဆန်ဆန် ပြုမှုပြောဆိုလိုက်၏။ "မမကြီး ဖူးရန်က ပြောလိုက်ပါတယ်။ နောက်ဆိုရင် မမကြီးက ပင်မခြံဝင်းကို လာဖို့မလိုဘူးတဲ့။ ဖူးရန်က မမကြီး အရိုအသေ ပေးတာကိုလည်း မခံယူတော့ပါဘူးတဲ့။ သူက သူ့ရဲ့သက်တမ်းတစ်ဝက် ထိခိုက်သွားမှာ စိုးရိမ်လို့ပါတဲ့။ မမကြီးကသာ တကယ် စေတနာရှိတယ်ဆိုရင် ခြံဝင်းအပြင်ဘက် ကနေပဲ ဦးချပြီးဂါရဝပြု လိုက်ပါလား။ ကျွန်မက ဖူးရန်ကို အမှန်အတိုင်း ပြန်လည်တင်ပြပေးပါမယ်"
လင်းစွေ့သည် မနေ့ကတည်းက ပင်မခြံဝင်းထဲသို့ ဝင်ခွင့်မရချေ။ ယနေ့ထပ်မံရောက်လာ ရခြင်းသည်လည်း သာမန်လုပ်ထုံးလုပ်နည်း အတိုင်းသာ ရောက်လာခြင်း ဖြစ်လေသည်။ သူတို့ကတော့ သူမက ယောင်ရှီနှင့် လင်းထင်တို့၏ မျက်နှာကို မြင်တွေ့လိုသဖြင့် နေ့စဉ် မနက်စောစောထကာ လာရောက်ဂါရဝပြုသည်ဟုပင် အမှန်တကယ် ထင်မြင်နေကြတော့သည်။
လင်းစွေ့ကာတော့ ထိုအစေခံမလေးနှင့် အငြင်းပွား မနေတော့ချေ။ သူမက ပြန်မည် ပြင်လိုက်ချိန်တွင် နောက်မှနေ၍ ဆူပူသံကို ကြားလိုက်ရ၏။ "အတင့်ရဲလိုက်တာ။ စစ်သူကြီးအိမ်တော်က သခင်မလေး တစ်ယောက်ကို ဒီလိုပြောဆို ဆက်ဆံရမယ်လို့ မင်းကို ဘယ်သူ ခွင့်ပြုထားလို့လဲ"
အစေခံမလေးသည် အလန့်တကြား ဖြစ်သွားပြီး ခေါင်းမော့လိုက်ချိန်တွင် အကြီးဆုံး သခင်လေး ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
လင်းရီသည် လင်းစွေ့၏ ဘေးသို့ရောက်လာကာ အစေခံမလေးကို စူးရှစွာကြည့်လိုက်၏။ "အခုချိန်ကစပြီး မင်း ဒီအိမ်တော်မှာ နေစရာမလိုတော့ဘူး"
အစေခံမလေးသည် မြန်မြန် ဒူးထောက်လိုက်ကာ အသနားခံ တောင်းပန်တော့၏။ "သာ့ကုန်းဇီ ကျွန်မက ဖူးရန်ရဲ့ စကားကို ပြန်ပြောပေးတာပါ။ ကျွန်မ မလိမ်ပါဘူး"
လင်းရီကတော့ တစ်ချက်ပင် မကြည့်ဘဲ ဘေးတွင်ရှိသည့် ကောင်လေးတစ်ယောက်ကို ပြောလိုက်၏။ "အိမ်တော်ထိန်းကို ပြောပြီးတော့ သူ့ကို မောင်းထုတ်လိုက်တော့"
"သာ့ကုန်းဇီ ဒီအစေခံက သခင်မဘေးက အနီးကပ် အစေခံမပါ။ အဲလိုလုပ်လို့မရ ..." လင်းရီက မျက်လွှာချလိုက်ကာ သူ့ကိုကြည့်လိုက်၏။ "ကြည့်ရတာ မင်းကို စစ်ရေးစည်းမျည်း စည်းကမ်းအတိုင်း ဆုံးမရတော့မယ် ထင်တယ်။ ကြိမ်ဒဏ် အချက်၂၀ မင်းဘယ်ဟာကို ရွေးချင်လဲ"
အစေခံမလေးသည် ရုတ်တရက် ဆိုသလို နှုတ်ဆိတ်သွားကာ အသနားခံ တောင်းပန်ဖို့ရန်ပင် မဝံ့ရဲတော့ချေ။
လင်းရီကတော့ အမေဖြစ်သူ၏ အစေခံမလေးကို ပေါ့ပေါ့ပါးပါး ဖြေရှင်းလိုက်ပြီးနောက် လင်းစွေ့ အနားသို့ ရောက်လာကာ ပြောလိုက်သည်။ "အစ်ကိုကြီးနဲ့ အတူလိုက်ခဲ့"
လင်းစွေ့သည် အစကတော့ ဝင်မသွားချင်ခဲ့ပေ။ သို့သော်ငြား လင်းရီက စိတ်အားထက်သန်နေသည့် မျက်လုံးများဖြင့် သူမကို ကြည့်နေသည်ကို မြင်လိုက်ရပြီး ခုနကလည်း သူမအတွက် ရပ်တည်ပေးခဲ့သည်ကို စဉ်းစားမိလိုက်၏။ ဝင်သွားခဲ့ပြီးနောက် ရင်ဆိုင်ရမည့်အရာကို ကြိုတင်မြင် ယောင်နေသည့်တိုင် သူမသည် ထပ်ပြီးမငြင်းဆန်တော့ဘဲ နောက်မှလိုက်ပါ သွားလိုက်တော့သည်။
ပင်မဆောင်ထဲသို့ မဝင်ခင်တွင် လင်းစွေ့သည် အခန်းထဲတွင် စကားပြောနေသံများကို ကြားလိုက်ရ၏။
ယောင်ရှီက ပြောလိုက်လေသည်။ "သမီးရဲ့ဦးကြီးနဲ့ ဒေါ်ကြီးတို့တွင် မနက်ဖြန်အိမ်ကို ရောက်လာတော့မယ်။ သူတို့နဲ့ မတွေ့ရတာလည်း နှစ်တွေတော်တော် ကြာနေပြီလေ။ ဟုတ်တယ်မလား"
လင်းထင်က ပြောလိုက်၏။ "သမီးက ဦးကြီးနဲ့ ဒေါ်ကြီးတို့ ဘယ်လိုရုပ် ရှိနေလည်း ဆိုတာကိုတောင်မှ မေ့တော့မလို ဖြစ်နေပါပြီ"
ထိုနောက်တွင်တော့ သူမက ချွဲနွဲ့စွာဖြင့် ပြောလိုက်လေသည်။ "အမေ မနက်ဖြန်ကျရင် အိမ်မှာဧည့်သည်တွေ ရောက်လာတော့မှာ။ သမီးကလည်း အဝတ်အစား အသစ်လေးတွေနဲ့ လူလုံးထွက်ပြချင်တယ်။ ခဏနေကျရင် သမီးကို အဖော်လိုက်ခဲ့ပြီးတော့ ကျင့်ရီ အထည်ဆိုင်ကို လိုက်ခဲ့ပေးပါလား"
"ကောင်းပါပြီ ကောင်းပါပြီ။ အားလုံး သမီးရဲ့ သဘောအတိုင်းပဲ"
နှစ်ဦးသားက သားအမိချင်း ချစ်ခင်မြတ်နိုးမှုများ ပြသနေကြစဉ် လင်းစွေ့သည် လင်းရီ၏နောက်မှနေ၍ လိုက်လာကာ ပင်မခန်းဆောင် အတွင်းသို့ ဝင်ရောက်လာလေသည်။ မူလက အပြုံးပန်းများ ဝေဆာနေသည့် ယောင်ရှီသည် ချက်ချင်းဆိုသလို မျက်နှာထား တင်းမာသွားလေတော့၏။
"ဘယ်သူက နင့်ကို ဝင်လာခိုင်းလို့လဲ။ ထွက်သွားစမ်း။ အစေခံမလေးတွေ ဘယ်ရောက်သွားလဲ"
လင်းရီက မျက်မှောင်ကြုတ်ကာ လင်းစွေ့ ရှေ့တွင် ကာကွယ်ပေးလိုက်၏။ "အမေ့ရဲ့အစေခံမလေးက စည်းမျဉ်းစည်းကမ်း ချိုးဖောက်လို့ သား သူ့ကို ရောင်းစားလိုက်ပြီ"
ယောင်ရှီသည် အကြီးဆုံးသား၏ အေးစက်စက် မျက်နှာထားကို ပထမဦးဆုံးအကြိမ် တိုက်ရိုက်ရင်ဆိုင် လိုက်ရသည့်တွင် အခိုက်အတန့် ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။ "ရီအာ ဘယ်လိုလုပ်ပြီးတော့ အိမ်တွင်းရေး ကိစ္စတွေကို ဝင်ဖတ်နေရတာလဲ"
"အစေခံမလေး တစ်ယောက်က ကျွန်တော့်ညီမလေးကို မလေးမခန့် လုပ်ရဲတယ်လေ။ ကျွန်တော် သူ့ကို ရိုက်သတ် မပစ်လိုက်တာတောင် စိတ်ထားကောင်းလို့ပဲ။ အရင်တုန်းကလည်း အမေကဒီ လို အတိုင်းအဆမသိ အစေခံတွေရဲ့ လှည့်စားတာကို ခံခဲ့ရတာ"
လင်းရီသည် မည်မျှပင် နူးညံ့သိမ်မွေ့သည်ဟု ထင်ရစေသော်ငြား အသက်၁၆နှစ်ကတည်းက စစ်မြေပြင်သို့ သွားရောက်ခဲ့သူ ဖြစ်လေသည်။ သူသာ အမှန်တကယ် ဒေါသမထွက်တတ်ပါက စစ်တပ်ကိုလည်း အုပ်ချုပ်နိုင်လိမ့်မည် မဟုတ်ပေ။
"အမေ ထားလိုက်ပါ" လင်းထင်သည် လင်းရီ၏ ရုတ်တရက် အေးစက်စက် မျက်နှာထားကြောင့် အနည်းငယ် အလန့်တကြား ဖြစ်သွားပြီး ယောင်ရှီကို အလျင်စလို ဖြောင်းဖျဖို့ ကြိုးစား လိုက်တော့သည်။
ယောင်ရှီကလည်း လင်းစွေ့ကြောင့် သူမ၏အကြီးဆုံးသားနဲ့ အငြင်းမပွားချင်တော့ပေ။ ထို့ကြောင့် သူမကလည်း မတက်သာတော့ဘဲ လင်းစွေ့၏ တည်ရှိမှုကို ဒီအတိုင်း လျစ်လျူရှု ထားလိုက်ပြီး သူမကို ကြည့်လည်း မကြည့်သလို စကားလည်း မပြောခဲ့ချေ။
လင်းစွေ့တို့ မောင်နှမ နှစ်ယောက်သည် ခဏလောက် ထိုင်လိုက်ပြီးနောက် ပြန်ဖို့ရန် ပြင်ဆင်လိုက် လေသည်။ ထိုအခြေနေကို မြင်လိုက်သောအခါ ယောင်ရှီက လင်းရီကို လှမ်းခေါ်လိုက်၏။
"အမေ ဘာများ မှာကြားချင် သေးလို့လဲ" လင်းရီက တလေးတစားဖြင့် မေးလိုက်လေသည်။
သူမရဲ့အကြီးဆုံး သားဖြစ်သူ မျက်နှာထားက ပုံမှန်ဖြစ်သွားသည်ကို တွေ့ရသောအခါ ယောင်ရှီကလည်း သူမ၏ဘေးတွင် ထိုင်နေသည့် ဒုတိယသမီးကို လှမ်းကြည့်လိုက် ပြီးနောက် ပြောလိုက်လေသည်။ "ရိအာ အမေ ကြားတာကတော့ ထင်ထင်က မနေ့တုန်းက သားဆီက ကျောက်စိမ်းဆွဲပြားတစ်ခု တောင်းတယ်ဆို။ ဒါပေမဲ့ သားက သူ့ကို မပေးလိုက်ဘူးဆို"
"ဟုတ်တယ်လေ။ အဲဒါက သားရဲ့ ကိုယ်ပိုင်ပစ္စည်း တစ်ခုပါ။ အဘိုးဆီက ရထားတဲ့ လက်ဆောင်တစ်ခု။ အဲဒါကို ပေးပစ်လိုက်ဖို့ မဖြစ်နိုင်ဘူး"
ယောင်ရှီကလည်း အနည်းငယ် ခေါင်းငြိမ့်လိုက်လေသည်။ "ခုနတုန်းကလည်း သူက ပြောပါတယ်။ သူ နမော်နမဲ့နိုင်သွား ခဲ့တယ်ဆိုတာသိလို့ သားကို တောင်းပန်ဖို့ ကျောက်စိမ်းဆွဲပြားလေး တစ်ခုကိုတောင်မှ အထူးတလည် ရွေးချယ်ပေး ထားသေးတယ်တဲ့"
သူမသည် ပြောရင်းဆိုရင်း လင်းထင်က အကြီးဆုံးသားအတွက် ရွေးချယ်ပေးထားသည့် ကျောက်စိမ်းဆွဲပြားကို လှမ်းပေးဖို့ရန် သူမ၏ဘေးက အစေခံမလေးကို ခိုင်းစေလိုက်လေသည်။
ထိုကျောက်စိမ်းဆွဲပြား ပေါ်တွင် လင်း ဟူသည့် စကားလုံးကို ရေးထွင်းထားပြီး ကျောဘက်တွင်တော့ ကျားပုံတစ်ပုံပါရှိသည်။ ထိုကျားကို တိမ်မျှင်ပုံစံများဖြင့် ဝန်းရံထား၏။ အလင်းရောင်ကျရောက်ချိန်တွေ စာလုံးငယ်လေးများက တိမ်မျှင်ပုံစံထဲတွင် ခပ်ရေးရေး ဖုံးကွယ်နေသည်ကို မြင်နေရ၏။
အမေဖြစ်သူနှင့် ဒုတိယညီမလေးတို့က သူ့ကို ကြည့်နေသည်ကို တွေ့ရသောအခါ လင်းရီသည် ကိုယ်တိုင်ငြင်းဆန်ဖို့ရန် မတတ်နိုင်တော့သဖြင့် ကျောက်စိမ်းဆွဲပြားကို ဒီအတိုင်း လက်ခံလိုက်ရတော့သည်။
ကျောက်စိမ်းဆွဲပြားကို လက်ခံလိုက်သည်ကို တွေ့ရသောအခါ လင်းထင်ကလည်း ချက်ချင်းဆိုသလို မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ထုတ်ပြလာလေသည်။
"အစ်ကိုကြီး ကျွန်မ ဒီနေ့ပေးတဲ့ ကျောက်စိမ်းဆွဲပြားကို နေ့တိုင်း ဝတ်ထားရမယ်နော်" လင်းရီသည် ငြင်းလည်း မငြင်းသလို လက်လည်းမခံလိုက်ချေ။ ဒုတိယညီမလေး၏ စကားလုံးများက အနည်းငယ် မသင့်လျော်လေခြင်းဟုသာ ခံစားလိုက်ရလေသည်။
ယောက်ျားနဲ့ မိန်းကလေးတွေက အသက်၇နှစ်အရွယ် ကတည်းက သီးခြားထိုင်ခုံ တစ်ခုချင်းစီမှာ ထိုင်ကြရတာ။ စစ်သူကြီးအိမ်တော်က စည်းမျည်းစည်းကမ်း အဲ့လောက် မတင်းကြပ်ဘူး ဆိုရင်တောင် သူက အစ်ကိုဖြစ်သူကို ဒီလိုစကားမျိုးတွေတော့ မပြောသင့်ဘူးလေ။
သို့သော်ငြား သူက စကားကို ပြင်းပြင်းထန်ထန် ပြောလိုက်ပါက လင်းထင်ကို ဝမ်းနည်းသွားစေမှာလည်း စိုးရိမ်မိပြန်သည်။ ထိုအတွေးက သူ့ကို အနည်းငယ် မသက်မသာ ဖြစ်ရစေတော့၏။
ကျောက်စိမ်းဆွဲပြားကို လက်ခံပြီးနောက် ခဏလောက် ထိုင်ပြီးသွားသောအခါ လင်းရီသည် လင်းစွေ့ကို ခေါ်ကာ အတူတူ ပြန်လာခဲ့လေတော့သည်။
လင်းစွေ့သည် လမ်းတလျှောက်တွင် ဘာမှမပြောဘဲ လိုက်ပါလာခဲ့၏။ လင်းရီကတော့ အမေဖြစ်သူ၏ သဘောထားကြောင့် သူမက ဝမ်းနည်းနေသည်ဟု ထင်လိုက်လေသည်။ အချိန်တော်တော်ကြာအောင် စဉ်းစားလိုက်ပြီးမှ သူက သူမကို နှစ်သိမ့်စကား ပြောလာခဲ့၏။ "အမေက မင်းကို ဒုတိယညီလေး ကိစ္စကြောင့် ဒီအတိုင်း စိတ်ဆိုးနေတာပါ။ စိတ်ထဲမထားပါနဲ့။ တကယ်လို့ အိမ်တော်မှာ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်လာရင် အစ်ကိုကြီးကို လာရှာလိုက်။ အစ်ကိုကြီးက မင်းအတွက် ဆုံးဖြတ်ချက် ချပေးမယ်"
"ကျွန်မ သိပါပြီ အစ်ကိုကြီး"
အမှန်တွင်တော့ လင်းစွေ့သည် ဝမ်းနည်းနေခြင်း မဟုတ်ဘဲ အနည်းငယ် ထူးဆန်းသလို ခံစားနေရခြင်းသာ ဖြစ်၏။
အားချန် သတိပေးခဲ့ပြီး ကတည်းက လင်းစွေ့သည် လင်းထင်၏ အပြုအမူတိုင်းက ထူးဆန်းနေသည်ဟု ခံစားနေရ၏။
အရင်ဆုံး လင်းရီရဲ့ ကျောက်စိမ်းဆွဲပြားကို သွားတောင်းတယ်။ ပြီးတော့ ယောင်ရှီရဲ့ လက်ကိုသုံးပြီး လင်းရီကို ကျောက်စိမ်းဆွဲပြားတစ်ခု အတင်းလက်ဆောင် ပေးပြန်ရော။ အဲဒီကျောက်စိမ်းဆွဲပြားမှာ ပြဿနာတစ်ခုခု ရှိနေတာတော့ မဟုတ်လောက်ပါဘူးနော်။
သူတို့နှစ်ယောက် လမ်းမခွဲခင်တွင် လင်းစွေ့က တစ်ချက် တွန့်ဆုတ်သွားပြီးမှ မေးမြန်းလိုက်လေသည်။ "အစ်ကိုကြီး အဲဒီ ကျောက်စိမ်းဆွဲပြားကို ဝတ်မှာလား"
လင်းရီက သူလက်ထဲက ကျောက်စိမ်းဆွဲပြားကို လှမ်းကြည့်လိုက်၏။ ကျောက်စိမ်း အရည်အသွေးက အထက်တန်းစားဖြစ်ပြီး တန်ဖိုးမနည်းသည်မှာလည်း သေချာလေသည်။
သူက ခေါင်းခါပြလိုက်ကာ "ဒါကဒုတိယညီမလေးရဲ့ စေတနာပဲလေ။ နောက်မှ လူတစ်ယောက်ကို သေသေချာချာလေး သိမ်းထားခိုင်းလိုက်ပါမယ်"
"ဪ ဟုတ်သားပဲ။ အစ်ကိုကြီး ခဏနေကျရင် ကျွန်မခြံဝန်းထဲကို လာပြီးတော့ စစ်တုရင် လာသင်ပေးဖို့လည်း မမေ့နဲ့နော်"
"သိပါပြီ။ မနက်စာစားပြီးတာနဲ့ ချက်ချင်းလာခဲ့မယ်"
လင်းစွေ့သည် သူမ၏ ခြံဝန်းဆီသို့ ပြန်လာခဲ့ပြီး ရိုးရိုးရှင်းရှင်း မနက်စာကို စားသောက်ပြီးနောက်တွင် စိတ်ထဲတွင် စဉ်းစားလို့နေမိသည်။
ဒီနေ့အတွက် အမွှေးနံ့သာ ထွန်းပြီးသွားတဲ့အခါ အစ်ကိုကြီးက လင်းထင်အပေါ် သဘောကျတာတွေကို ဖယ်ရှားနိုင်လောက်ပြီ။ တကယ်လို့ ငါကသာ တစ်ခုခု အကူအညီ တောင်းမယ်ဆိုရင် သူက အကူအညီ ပေးမှာလား မသိဘူး။
လင်းစွေ့သည် စိတ်ထဲတွင် အနည်းငယ် ရတက်မအေးနိုင်အောင် ဖြစ်နေ၏။ အစ်ကိုကြီးက ပုံမှန်အတိုင်း ဖြစ်သွားတဲ့အခါ စည်းကမ်းတင်းကျပ်နေတဲ့ လူတစ်ယောက်လိုပဲ။ ငါ့ရဲ့တောင်းဆိုမှုက သူ့အတွက် ခက်ခဲစေမယ့် ကိစ္စမျိုး ဖြစ်နေမလားမသိဘူး။
ဒါပေမဲ့ တခြား ဘယ်သူ့ကိုမှလည်း ရှာလို့မတွေ့တော့ဘူး။ တစ်လှမ်းချင်းစီပဲ သွားကြည့်ရတော့မှာပဲ။
မနက်၉နာရီ ထိုးပြီးသွားသောအခါ အစေခံမလေး တစ်ယောက်သည် လင်းစွေ့ဆီသို့ ရောက်လာပြီး သာ့ကုန်းဇီ ရောက်ရှိလာပြီ ဖြစ်သည့်အကြောင်းကို အသိပေးလေသည်။
လင်းစွေ့က ပုံသွင်းထားသည့် အမွှေးနံ့သာမှုန့်ကို အမွှေးတိုင်ဖြင့် မီးညှိလိုက်ကာ ကိုယ်တိုင် အပြင်ထွက်ပြီး ကြိုဆိုပေးလိုက်၏။
လင်းရီသည် အခန်းထဲသို့ ဝင်လာသည်နှင့် ချက်ချင်း ရင်းနှီးနေသည့် အမွှေးနံ့သာနံ့လေးကို တစ်ဖန်ရရှိလိုက်ပြီး သူသည် တော်တော်လေးကို အသားကျနေ သယောင် ရှိနေလေသည်။
သူက ခေါင်းကို ခါယမ်းလိုက်ကာ လင်းစွေ့ နင့်အတူ ပြတင်းပေါက် အနားတွင်ရှိသည့် သလွန်ဘေးဆီသို့ ရောက်လာပြီး သူမနှင့်အတူ စစ်တုရင် ကစားလေသည်။
ဒီနေ့တွင်တော့ လင်းစွေ့သည် မနေ့ကထက် အနည်းငယ် တိုးတက်လာသည်ကို တွေ့ရ၏။ သူမသည် သူ့စကားနားထောင်ပြီး စတုရင်ကျမ်း အနည်းငယ်ကို ဖတ်ရှုခဲ့ဟန်တူသည်။ သို့သော်ငြားလည်း တိုးတက်မှုကတော့ အကန့်အသတ်နဲ့သာ ရှိနေပြီး ယခင်အတိုင်းပင် ရှုံးနိမ့်နေဆဲပင်။
စစ်တုရင် နောက်နှစ်ပွဲလောက် ကစားပြီးသွားသည်တွင် လင်းစွေ့ကို လမ်းညွှန်ပြသ ပေးနေစဉ် လင်းရီသည် သူ့ခေါင်းထဲကို တစ်စုံတစ်ခုက လာရောက်ထိရိုက်သလို ရုတ်တရက် ခံစားလိုက်ရလေသည်။ တစီစီမြည်သံ တစ်ခုကို ခေါင်းထဲတွင် ကြားလိုက်ရသလို ခံစားလိုက်ရ၏။ သတိပြန်လည် လာသည့်အခါတွင် ညီမဖြစ်သူက သူ့ကို နားမလည်နိုင်သည့် ပုံစံလေးဖြင့် ကြည့်ရှုကာ မေးလာသည်ကို တွေ့လိုက်ရသည်။ "အစ်ကိုကြီး ဘာဖြစ်သွားတာလဲ"
လင်းရီက သူ့လက်ချောင်းများကြားက အဖြူရောင် စစ်တုရင်တုံးကို လှမ်းကြည့်လိုက်ကာ ခေါင်းခါပြလိုက်သည်။ "ဘာမှမဖြစ်ပါဘူး"
သူသည် အတွင်းအားကို တိတ်တိတ်လေး လည်ပတ်ကြည့်လိုက်၏။ သူ၏ကျင့်ကြံရေး တွင်လည်း ပြဿနာရှိ နေခြင်း မဟုတ်သည်ကို သိလိုက်ရသည်။ ထိုအသံသည် သူ့နားထဲတွင် ထင်ယောင်ထင်မှား ကြားယောင်လိုက်ခြင်းသာ ဖြစ်ဟန်သူ၏။
သူသည် ထိုကိစ္စကို မှတ်သားထားလိုက်ပြီး နောက်တခါထပ်ပြီး ကြားယောင်နေသေး တယ်ဆိုရင်တော့ အဖေ့ကိုသွားမေးကြည့်မှ ဖြစ်တော့မယ်ဟု စိတ်ထဲတွင် စဉ်းစားထား လိုက်တော့၏။
လင်းရီက ရုတ်တရက် ငေးငိုင်သွားသည်ကိုလည်း လင်းစွေ့က တွေ့လိုက်ရလေသည်။ ထိုအချိန်တွင်တော့ သူမထွန်ညှိထားသည့် အမွှေးနံ့သာကလည်း လောင်ကျွမ်းကာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။
"အစ်ကိုကြီး ခဏနေကျရင် ကျွန်မကို တစ်ခုလောက် ကူညီပေးလို့ရမလား" လင်းစွေ့က သွေးတိုးစမ်းသလို မေးလိုက်၏။ "ဘာအကူအညီမလို့ မင်းက ဒီလောက်တောင် ပြောရခက်နေတာလဲ" ဘာအကြောင်း ကြောင့်မှန်းမသိ လင်းရီသည် လင်းစွေ့ကို ကြည့်လိုက်ပြီး သူမနှင့်စိတ်ထဲတွင် ပိုပြီးရင်းနှီးချစ်ခင်မှုကို ခံစားလိုက်ရလေသည်။
လင်းစွေ့က ခဏလောက် စိတ်ထဲတွင် ရုန်းကန်လိုက်ပြီးမှ နောက်ဆုံးတော့ ထုတ်ပြောလိုက်၏။ "ကျွန်မအိမ်တော်ကို ပြန်ရောက်လာပြီး မကြာခင်မှာပဲ အစ်ကိုနဲ့အဖေက ကျွန်မအတွက် လက်ဆောင်ပစ္စည်းတွေ အများကြီး ပို့ပေးခဲ့တယ်လေ။ အဲဒီထဲက အနက်ရောင် ကျောက်စိမ်းလက်ကောက် တစ်စုံကို ကျွန်မအရမ်း သဘောကျနေတာ။ ဒါပေမဲ့ ညီမလေးကလည်း သဘောကျနေပြန်ရော။ ကျွန်မတို့နှစ်ယောက် အငြင်းပွားကြတုန်းမှာပဲ လက်ကောက် တစ်ဖက်က ကွဲသွားခဲ့တယ်။ အမေက ကွဲသွားတဲ့ တစ်ဖက်ကို ကျွန်မကိုပေးပြီး ကောင်းတဲ့တစ်ဖက်ကိုတော့ လင်းထင်ကို ပေးလိုက်တယ်လေ"
သူမသည် ထိုကျောက်စိမ်း လက်ကောက် တစ်စုံကိုတော့ အမှန်တကယ် အလွန် နှစ်သက်ခဲ့ခြင်းဖြစ်၏။ သို့သော် ဒီလောက် ရှင်းရှင်းလင်းလင်း မှတ်မိနေရခြင်းကလည်း ယောင်ရှီ၏ မျက်နှာလိုက်မှုနဲ့ လင်းထင်၏ လုယက်မှုတို့ကြောင့်သာ ဖြစ်လေသည်။
ထိုကျိုးသွားသည့် လက်ကောက်ကိုလည်း လင်းထင်က တမင်တကာ ပစ်ချကာ ခွဲခဲ့ခြင်းဖြစ်သည်။ အစေခံမလေး တစ်ယောက်က သေသေချာချာ မြင်လိုက်သော်ငြားလည်း အားလုံးကတော့ သူမကလက်ကောက်ကို လုယူလိုက်သဖြင့် ကျကွဲသွားသည်ဟုသာ ဝိုင်းဝန်းအပြစ်တင်ခဲ့ကြသည်။
လင်းရီက မျက်မှောင်ကြုတ်လိုက်၏။ ထိုကျောက်စိမ်း လက်ကောက် တစ်စုံကိုလည်း သူ သိလေသည်။ ထိုပစ္စည်းကို သူက တိုင်းတစ်ပါးသား၏ လက်ထဲက သိမ်းပိုက်ခဲ့ပြီးမှ စစ်နိုင်ပစ္စည်းအဖြစ် ရရှိခဲ့ခြင်းဖြစ်သည်။ သူ့အကြီးဆုံးညီမလေးကို ပြန်ရှာတွေ့ပြီ ဖြစ်သည့်အကြောင်းကို သူ သိခဲ့ရသည်။ သူ့အဖေ ထုတ်မပြောခဲ့သည့် အခက်အခဲများစွာ ရှိသည်ကိုလည်း သိနေသဖြင့် သူသည် ညီမကြီးအပေါ် အနည်းငယ် သနားဂရုဏာ သက်မိခဲ့သဖြင့် ထိုလက်ကောက်တစ်စုံကို လက်ဆောင်အဖြစ် ပို့ပေးခဲ့ခြင်း ဖြစ်လေသည်။
"မင်းက အစ်ကိုကြီးကို ဘာလုပ်ပေးစေချင်လို့လဲ"
လင်းစွေ့က မြန်မြန်ခေါင်းမော့လာပြီး လင်းရီကို လှမ်းကြည့်လိုက်ပြီးမှ ပြောလိုက်၏။ "လင်းထင်နဲ့ အမေတို့ နှစ်ယောက်စလုံး အိမ်မှာမရှိကြဘူး။ ကျွန်မက အစ်ကိုကြီးကို လင်းထင်ရဲ့အခန်းထဲ ခေါ်သွားခိုင်းပြီး အဲဒီလက်ကောက်ကို ပြန်လဲယူချင်လို့ပါ"
လင်းရီက သူမ၏ နှာခေါင်းလေးကို ဆွဲညစ်လိုက်ကာ သူ့ညီမ အကြီးတစ်ယောက်သည် အနည်းငယ် စိုးရိမ်စရာလေး ဖြစ်နေသည်ဟု ခံစားလိုက်ရလေသည်။
"အစ်ကိုကြီး ဒီတကြိမ်လေးပါပဲ။ လင်းထင်ကလည်း အဲဒီလက်ကောက်ကို လုံးဝမကြိုက်ပါဘူး။ သူက အဲဒါကိုရပြီးသွား ကတည်းက တစ်ခါလေးတောင်မှ မဝတ်ခဲ့ဘူး။ သူက ကျွန်မကို စိတ်ဆိုးအောင် လုပ်ချင်လို့ သက်သက်ပါပဲ။ ဒါကိုတော့ ကျွန်မလည်း မကျေနပ်ဘူး"
လင်းရီက ငြင်းပယ်ချင် သော်ငြားလည်း ဒါသည် သူ၏အကြီးဆုံး ညီမလေးက သူ့အား တစ်ခုခုလုပ်ပေးဖို့ရန် ပထမဦးဆုံးအကြိမ် အကူအညီ တောင်းခံလာခြင်း ဖြစ်သည်။ အကူအညီက အနည်းငယ် လွန်ကဲနေ သော်ငြားလည်း ... ဒါသည် မိန်းကလေးများကြားက ပဋိပက္ခမျှသာဖြစ်ပြီး အရေးကြီးကိစ္စ တစ်ရပ်ဟုတော့ မဆိုနိုင်ပေ။ ထိုအပြင် ထိုလက်ကောက်ကလည်း အစကတည်းက သူက အကြီးဆုံးညီမလေးကို ပေးခဲ့သည့် ပစ္စည်းလည်း ဖြစ်နေသည်။
လင်းစွေ့က မျှော်လင့်ချက်ကို လက်လျှော့တော့မည် ပြင်လိုက်သော်ငြားလည်း လင်းရီကတော့ သူ့ကိုယ်သူ ဖျောင်းဖျနားချနိုင်ခဲ့၏။
"ဒီတစ်ခါပဲနော်" သူက လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်၏။
လင်းစွေ့ကလည်း ချက်ချင်း ပြောလိုက်လေသည်။ "ကျွန်မ ကတိပေးတယ်"
ထိုနောက်တွင်တော့ သူမက မှန်တင်ခုံဆီသို့ ပြေးသွားကာ ကျိုးသွားသည့် အနက်ရောင် ကျောက်စိမ်းလက်ကောက် ကလေးကို ထည့်ထားသည့် သေတ္တာကို ရှာဖွေလိုက်၏။
အနက်ရောင် ကျောက်စိမ်းလက်ကောက်ကို ကိုင်ဆောင်ကာ လင်းရီသည် သူမကို ခေါ်လာခဲ့ပြီး အိမ်တော်အတွင်းက အစေခံမလေးများနှင့် အစေခံလေးများကို ရှောင်ကွင်းကာ လင်းထင်နေထိုင်ရာ ခြံဝင်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။
လင်းထင် အပြင်ထွက်သည့် အချိန်တိုင်း သူမ၏ အနီးကပ် အစေခံမလေးများ အားလုံးက လိုက်ပါသွားတတ်ကြသည်။ ခြံဝင်းထဲတွင် အခြားသန့်ရှင်းရေး လုပ်နေသည့် အစေခံများကတော့ ခြံဝင်းအတွင်းက နေရာတစ်ခုတွင် စုဝေးကြကာ စကားစမြည် ပြောဆိုနေကြပြီး သူမ၏ အခန်းတံခါးကိုတော့ တင်းကျပ်စွာ ပိတ်ထားလေသည်။
လင်းရီက ပတ်ဝန်းကျင်ကို သာမန်ကာလျှံကာ ဒီအတိုင်း ဝေ့ဝဲကြည့်လိုက်ပြီးနောက် လင်းစွေ့ကို ခေါ်ကာ လင်းထင်၏ ခြံဝင်းတောင့်သို့ ပေါ့ပါးစွာ ခုန်ပျံပြီး ဝင်ရောက်သွားတော့သည်။ ရှေ့ခြံဝင်းတွင် စကားပြောဆိုနေကြသည့် အစေခံမလေးများသည် မည်သည့်အသံကိုမှ မကြားလိုက် ပေ။
ထိုနောက်တွင်တော့ သူက သူမကိုခေါ်ဆောင်ကာ ပြတင်းပေါက်မှတစ်ဆင့် အခန်းတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။
"သွားရှာလိုက်တော့။ ငါ ဒီမှာစောင့်နေမယ်"
လင်းစွေ့သည် အခန်းထဲသို့ မြန်မြန်ဝင်ရောက် သွားလိုက်တော့၏။ သူမသည် လင်းထင်၏ အခန်းသို့ ရောက်လာရခြင်းမှာ လက်ကောက်အတွက်မဟုတ်ဘဲ သက်သေရှာဖွေဖို့ရန်သာ ဖြစ်လေသည်။
သက်သေကို ရှာတွေ့ချင်မှ ရှာတွေ့မည် ဖြစ်သော်ငြားလည်း သူမသည် မကြိုးစားဘဲနှင့်တော့ မနေနိုင်ပေ။
လင်းစွေ့သည် ပထမဦးဆုံး လင်းထင်၏ဘီဒိုကို လှန်လှော ရှာဖွေလိုက်၏။ ဘီဒိုထဲတွင် အထူးတဆန်း ပစ္စည်းပစ္စရာမျိုးစုံ ထည့်ထားပြီး တချို့ပစ္စည်းများကိုတော့ သူမ တစ်ခါမှ မမြင်ခဲ့ဘူးချေ။ ထိုပစ္စည်းများက တခြားသူများထံမှ လက်ဆောင်များ ဖြစ်ရမည်ဟုသာ စဉ်းစားလိုက်လေသည်။
ထိုနောက်တွင်တော့ သူမသည် မှန်တင်ခုံကို ဆက်လက်ရှာဖွေလိုက်၏။ လက်ဝတ်ရတနာ သေတ္တာ၏ အောက်ဆုံးအလွှာတွင် ရှိနေသည့် ထောင့်တစ်နေရာတွင်တော့ သူမ၏လက်ထဲက အနက်ရောင် ကျောက်စိမ်းလက်ကောက်နှင့် တစ်ပုံစံတည်း တူနေသည့် သစ်သားဘူးလေးတစ်လုံးကို ရှာတွေ့လိုက်သည်။
လင်းစွေ့က သစ်သားဘူးကို ဖွင့်လိုက်သည့်အခါ အထဲဘက်တွင် အကောင်းပကတိအတိုင်း ရှိနေသည့် လက်ကောက်တစ်ကွင်းကို တွေ့လိုက်ရလေသည်။ သို့နှင့် သူမကလည်း အတွင်းက လက်ကောက်ကို အပြင်သို့ထုတ်ယူပြီး ကျိုးသွားသည့် လက်ကောက်ကိုတော့ ပြန်ထည့်ထားလိုက်၏။
မှန်တင်ခုံပေါ်တွင် ပုလင်းများနှင့် အိုးပေါင်းများစွာလည်း ရှိလေသည်။ သူမက တစ်ခုချင်းစီ ဖွင့်ကြည့်လိုက် သော်ငြားလည်း ထူးထူးဆန်းဆန်း ပစ္စည်းတော့ ဟုတ်မနေချေ။ ထိုနောက်တွင်တော့ သူမက လင်းထင်၏ ကုတင်ဆီသို့ သွားလိုက်တော့သည်။
နောက်ဆုံးတွင်တော့ သူမသည် ခေါင်းအုံးအောက်က ကျောက်စိမ်းပုလင်းလေးတစ်ခုကို စမ်းသပ်တွေရှိသွားတော့၏။
လင်းစွေ့သည် ပုလင်းကို ဖွင့်လိုက်သည်နှင့် ညှီစို့စို့ အနံ့တစ်ခုက နှာခေါင်းထဲသို့ တိုးဝင်လာတော့သည်။
သူမသည် အားချန်ကို ကျန်းချောင်မြက်ပင်၏ အနံ့အသက်အကြောင်း မေးမြန်းခဲ့ဖူးပြီး အားချန်ကလည်း ကျန်းချောင်မြက်တွင် ဖုံးကွယ်ရန်ခက်ခဲသည့် ညှီစို့စို့ အနံ့တစ်ခု ရှိသည်ဟုလည်း ပြောပြခဲ့သည်။ ယခု အနံ့ခံကြည့်လိုက်သည်တွင် အမှန်ပင် ထိုအတိုင်း ဖြစ်နေလေ၏။
ပုလင်းထဲတွင်တော့ ပဲစေ့အရွယ် ဆေးလုံးများစွာ ထည့်သွင်းထားလေသည်။ အများကြီး ယူလိုက်လျှင်လည်း သတိထားမိမည် စိုးရိမ်သဖြင့် တစ်လုံးတည်းသာ ယူလိုက်ပြီး ပုလင်းကို သေသေချာချာလေး ပြန်သုတ်လိုက်ကာ ခေါင်းအုံးအောက်ထဲသို့ ပြန်ထည့်ထားလိုက်တော့သည်။
လင်းရီသည် ခဏလောက်သာ စောင့်လိုက်ရပြီး လင်းစွေ့က အတွင်းခန်းဘက်မှ ခြေသံဖွဖွလေးဖြင့် ထွက်လာသည်ကို တွေ့လိုက်ရ၏။
"ရှာတွေ့ပြီလား" သူက လေသံတိုးတိုးဖြင့် မေးလာသည်။
လင်းစွေ့က သူ့ကို သစ်သားဘူးထဲက အနက်ရောင် ကျောက်စိမ်းလက်ကောက်ကို ထုတ်ပြလိုက်၏။
လင်းရီက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် လင်းစွေ့ နှင့်အတူ ခြံဝင်းထဲက တိတ်တဆိတ် ထွက်ခွာသွားကြတော့သည်။
မောင်နှမနှစ်ယောက်သည် မကောင်းမှုကို အတူတူ ပြုလုပ်ခဲ့ပြီးနောက် သူတို့၏သံယောဇဉ်ကလည်း ပိုမို နက်ရှိုင်းလာသည်ဟု ထင်ရ၏။ လင်းစွေ့သည် နေ့လယ်စာကို လင်းရီ၏ ခြံဝင်းထဲတွင်စားသောက်ခဲ့ပြီး အသားအများကြီး ကျွေးလာခဲ့သော်ငြားလည်း သူမ၏စိတ်နှလုံးထဲတွင်တော့ ပျော်ရွှင်ကြည်နူးလို့ နေတော့သည်။
နောက်တနေ့ မနက်ခင်း စောစောတွင် လင်းချန်သည် နန်းတော်သို့ အခစားဝင်ရန်သွားခဲ့ပြီး လင်းရီကလည်း တာဝန်ထမ်းဆောင်ရန် ထွက်ခွာသွားခဲ့၏။ ယောင်ရှီကတော့ သူမ၏ အစ်ကိုအရင်း မိသားစုတစ်ခုလုံးကို ကြိုဆိုရန်အတွက် အလုပ်များလို့ နေတော့သည်။
လင်းစွေ့ကလည်း ဒီအခြေအနေကို အခွင့်ကောင်းယူကာ ဘယ်သူမှ သတိမထားမိသည့် အချိန်တွင် အားချန် အိမ်သို့ တစ်ဖန်ရောက်လာခဲ့လေသည်။
သူမက ခိုးလာခဲ့သည့်ဆေးလုံးကို အားချန်အား ပြသလိုက်ပြီး အားချန်ကလည်း ထိုဆေးလုံးကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် အတိအကျပြောလာတော့သည်။ "ဒါက ကျန်းချောင် မြက်ကနေ လုပ်ထားတဲ့ ဆေးလုံးပဲ"
အားချန်ထံမှ အဖြေကို ရရှိပြီးသွားသောအခါ လင်းစွေ့သည် စိတ်အေးသွားလေတော့သည်။ သူမကအားချန်ကို ပြောလိုက်၏။ "ကျွန်မရဲ့ဦးကြီးမိသားစု ဒီနေ့လာကြမှာ။ ကျွန်မ သေသေချာချာလေး ပြင်ထားပြီးပြီ။ မနက်ဖြန်ကျရင် ရှင့်ဆီကို ထပ်လာခဲ့မယ်"
"ကောင်းပါပြီ"
လင်းစွေ့က ပြန်သွားသည့်အချိန်တွင် ပေါ့ပါးသည့်ခြေလှမ်းများ ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ လတ်လတ်ဆတ်ဆတ် ကြက်သားဖက်ထုပ် ပေါင်းအိုးတစ်လုံးကို သယ်ကာ ဝင်လာခဲ့သည့် ချန်ဟွေ့ကလည်း အံ့ဩသွားပြီး ပြောလိုက်၏။ "သူ့ကြည့်ရတာ စိတ်ပျော်နေတဲ့ပုံပဲ။ တစ်ခုခုကောင်းတာ ဖြစ်သွားတာလား"
အားချန်က လက်နှစ်ဖက်ကို မေးထောက်ကာ စားပွဲနားတွင်ထိုင်ရင်း ပြုံးကာဖြင့် ပြောလိုက်လေသည်။ "ဆွေမျိုးတွေ အလည်လာမယ်ဆိုတာ သိလို့ ပျော်နေတာဖြစ်မှာပေါ့"
"ဒီလိုကိုး" ချန်ဟွေ့ကလည်း ဖက်ထုပ်ပေါင်းကို ချထားပေးလိုက်ကာ "ဒါဆိုရင်တော့ ဒါက တကယ် သတင်းကောင်းတစ်ခုပဲ"
သိပ်မကြာခင်မှာပင် မြင်းလှည်းနှစ်စီးသည် စစ်သူကြီးအိမ်တော်၏ တံခါးဝတွင် ရပ်တန့်သွားလေသည်။
ခမ်းနားထည်ဝါစွာ ဝတ်စားထားသည့် ယောင်ရှီသည် သေသေချာချာလေး ပြင်ဆင်ထားသည့် လင်းထင်ကိုတွဲကာ တံခါးမကြီးမှ ထွက်လာခဲ့၏။ မြင်းလှည်းပေါ်မှ ဆင်သက်လာကြသည့် သူမ၏အစ်ကိုကြီးနှင့် ယောက်မတို့ကို မြင်လိုက်ရသောအခါ သူမ၏မျက်ဝန်းထဲတွင် မျက်ရည်များ ဝေ့သီလာတော့သည်။
"အစ်ကိုကြီး နောက်ဆုံးတော့ ပြန်လာပြီနော်" ယောင်ရှီသည် ရှေ့တိုးလျှောက်လာကာ သူမအစ်ကိုကြီး ယောင်တင်းပန်းနှင့် လက်ချင်းဆုပ်ကိုင်ကာ အပြန်အလှန် ကြည့်ရှုလိုက်ကြ၏။
သူမ၏ ယောက်မဖြစ်သူ ဟွမ်ရှီကတော့ ဘေးမှနေ၍ အေးစက်စက် ကြည့်ရှုနေပြီး ယောင်ရှီက သူမဘက်သို့ လှည့်လာချိန်မှာ ချက်ချင်းဆိုသလို သူမ၏အပြုံးကို ပြောင်းလဲလိုက်လေသည်။ "ညီမလေး မတွေ့ရတာ နှစ်တွေတော်တော် ကြာနေပြီနော်။ အသားအရေကလည်း ပိုပိုပြီးတော့ လှလာတာပဲ"
"ဒါကလည်း ဒီကလေးမလေး ထင်ထင်ကြောင့်ပါ။ သူသာ ကျွန်မကို အမြဲတမ်း အဖော်မပြုပေးဘူးဆိုရင် ကျွန်မလည်းဒီလို စိတ်လက်ပေါ့ပါးပြီး နေနိုင်မှာ မဟုတ်ဘူး"
ယောင်ရှီသည် ထိုသို့ပြောလိုက်ပြီးနောက် လင်းထင်ကလည်း သူတို့နှစ်ဦးကို အရိုအသေပေးကာ နှုတ်ဆက်လိုက်လေသည်။ "ဦးကြီးနဲ့ ဒေါ်ကြီးတို့ကို ဂါရဝပြုပါတယ်"
လင်းထင်၏ ခေါ်ဝေါ်သံကို ကြားလိုက်ရသည့်အခါ ယောင်တင်းပန်းတို့ လင်မယားနှစ်ယောက်စလုံး၏ အမူအရာသည် ပြောင်းလဲသွားခြင်း မရှိသော်လည်း ယောင်ရှီ၏ မျက်ဝန်းထဲတွင်တော့ ကျေနပ်ခြင်း အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားတော့သည်။
ငါကိုယ်တိုင် နှစ်ပေါင်းများစွာ မွေးမြူလာခဲ့တဲ့ သမီးဆိုတဲ့အတိုင်းပဲ။ အစတုန်းက ယောက်မကြီးရဲ့သမီး ဖြစ်ခဲ့ရင်တောင်မှ အခုချိန်မှာတော့ သူတို့ စစ်သူကြီးအိမ်တော်ရဲ့ သခင်မလေးတစ်ယောက် ဖြစ်နေပြီပဲ"
ဒီအချိန်တွင်နောက်ထပ် မြင်းလှည်းတစ်စီးပေါ်က အရပ်ရှည်ရှည် လူငယ်တစ်ဦးနှင့် အရပ်ပုပု လူငယ်တစ်ဦး လူငယ်နှစ်ဦး ဆင်းလာခဲ့လေသည်။ အရပ်ရှည်သူမှာ ပိန်ပိန်လှီလှီ ကိုယ်လုံးကိုယ်ပေါက်ရှိပြီး အသက်၂၀ခန့်ရှိမည်ဖြစ်ကာ မျက်နှာသွင်ပြင်က ဟွမ်ရှီ နှင့်ပိုတူပြီး မျောက်မျက်နှာနှင့် နှုတ်ခမ်းထော်ထော် ရှိပုံပေါက်နေသည်။ အရပ်ပုသူကတော့ အသက်၁၆နှစ် ၁၇နှစ်သာ ရှိသေးပြီး ယောင်တင်းပန်းနှင့် ပိုပြီးရုပ်ချင်း ဆင်တူလေသည်။
ယောင်ရှီသည် ယခင်ကတည်းက သူမယောက်မကြီး၏ ရုပ်ရည်ကို သိပ်ပြီး နှစ်သက်ခြင်း မရှိခဲ့ချေ။ သို့သော်ငြား ဟွမ်ရှီက ထိုအချိန်က သူမအပေါ် နည်းမျိုးစုံဖြင့် ချော့မော့ဆက်ဆံခဲ့သောကြောင့်သာ သူမကလည်း ဟွမ်ရှီနှင့် မဖြစ်မနေ ဆက်ဆံရေး ထားရှိခဲ့ခြင်းဖြစ်၏။
ထို့ကြောင့် ယခုအချိန်တွင် သူမ၏အကြီးဆုံးတူ၏ ရုပ်သွင်ကို သဘောမကျရခြင်းမှာလည်း သဘာဝကျလှပေသည်။ သို့သော်ငြား သူသည် မိသားစု၏ ကျဲယွမ် တစ်ယောက် ဖြစ်နေပြီဖြစ်၏။ အလွန်လည်း အရည်အချင်းရှိသူ ဖြစ်နေသည်။ သို့သော်ငြား သူသည် ရုပ်ရည်ကတော့ ထင်သလောက် မပြေပြစ်လှပေ။ ထို့ကြောင့် ယောင်ရှီကလည်း သည်းခံစိတ် မွေးလိုက်ရတော့၏။
သူမ၏သားဖြစ်သူ ဟန်အာက ကလေးဘဝကတည်းက အလွန် ဉာဏ်ကောင်းခဲ့ပြီး သူမသည် ဒုတိယသားကို တော်ဝင်စာမေးပွဲ လမ်းကြောင်းအတိုင်း လျှောက်လှမ်းစေရန် စဉ်းစားခဲ့ဖူးသည်။ ယခုလို အခြေအနေသို့ ဆိုက်ရောက်သွားလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။
မျက်နှာပွင့်လမ်းပြီး အောင်မြင်မှုရနေသည့် အစ်ကိုကြီးနှင့် ယောက်မကြီးတို့ကို ကြည့်ပြီး ယောင်ရှီသည် စိတ်ထဲတွင် ကြိတ်ပြီး သက်ပြင်းချမိတော့သည်။
"ဒေါ်လေးကို ဂါရဝပြုပါတယ်" တူနှစ်ယောက်ကလည်း ရှေ့သို့တက်လာကာ ယောင်ရှီကို နှုတ်ဆက်လာကြသဖြင့် ယောင်ရှီကလည်း တူနှစ်ယောက်အတွက် အထူးတလည် ပြင်ဆင်ထားသည့် စာပေအသုံးအဆောင် လေးမျိုး (စက္ကူ၊ မှင်၊ စုတ်တံ၊ မှင်တုံး) ကို လက်ဆောင်အဖြစ် ပေးအပ်လိုက်၏။
တူနှစ်ယောက်ကလည်း ဝမ်းသာအားရဖြင့် လက်ဆောင်ကို လက်ခံလိုက်ကြပြီး အကြိမ်ကြိမ်အခါခါ ကျေးဇူးတင်စကား ဆိုကြလေသည်။
ယောင်ရှီက ကိုယ်ကိုလှည့်ကာ ယောင်တင်းပန်းတို့ ဇနီးမောင်နှံကို အိမ်တော်အတွင်း ခေါ်ဆောင်သွားသည့်အချိန်တွင် အသက်ငယ်ရွယ်သည့် ယောင်ချန်းကျန်းက အစ်ကိုဖြစ်သူ ယောင်ဖေးရန်ကို လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဒေါ်လေးက တကယ် ကပ်စေးနှဲတာပဲ။ စာရေးအသုံးအဆောင် လေးမျိုးပဲ လက်ဆောင်ပေးတယ်တဲ့။ စစ်သူကြီးအိမ်တော်က ချမ်းသာကြွယ်ဝကြတယ်လို့ ပြောတယ် မဟုတ်ဘူးလား"
ယောင်ဖေးရန်က ညီဖြစ်သူကို မျက်လုံးစိမ်းများဖြင့် လှမ်းကြည့်လိုက်ကာ "ပါးစပ်ပိတ်ထား"
"တခြားသူတွေ မကြားပါဘူး" ယောင်ချန်းကျန်းက တိုးတိုးလေး ရေရွတ်လိုက်၏။
ယောင်ရှီနှင့်အတူ အိမ်ထဲသို့ ဝင်လာပြီးနောက်တွင် ဟွမ်ရှီက ရုတ်တရက်မေးလာလေသည်။ "ညီမလေး နင့်ရဲ့အကြီးဆုံးသမီးကို ဘာဖြစ်လို့ မတွေ့တာလဲ။ အဲဒီကလေးက ငါတို့ကို မတွေ့ချင်ဘူးတဲ့လား"
သူမက လင်းစွေ့ကို ထုတ်မေးလာသည်ကို ကြားရသောအခါ ယောင်ရှီသည် သိပ်ပြီးမပျော်တော့ဘဲ ဒီအတိုင်းသာ ပြောလိုက်တော့သည်။ "အဲဒီကလေးက စည်းမျဉ်းစည်းကမ်းတွေကို သိပ်သိတာ မဟုတ်ဘူး။ ကျွန်မအစေခံမလေးကို လွှတ်ပြီး သူ့ကို ခေါ်ခိုင်းလိုက်ပါမယ်"
ယောင်မိသားစုဝင်များ အားလုံးက ပင်မခန်းထဲတွင် နေရာယူပြီးသွားချိန်တွင်တော့ လင်းစွေ့သည်လည်း အချိန်နောက်ကျမှ ရောက်လာလေသည်။
သူမက တံခါးမှ ဝင်လာသည်နှင့်ချက်ချင်း ယောင်ရှီ၏ ဆူပူသံကို ကြားလိုက်ရတော့သည်။ "ဘာဖြစ်လို့ အဲ့လောက် စည်းမဲ့ကမ်းမဲ့ နိုင်နေရတာလဲ။ နင်ဟာလေ နင့်ရဲ့ဦးကြီးနဲ့ ဒေါ်ကြီးတို့ကို ဒီမှာ စောင့်ခိုင်းထားတာပဲ။ ဘာဖြစ်လို့ အခုထက်ထိ အကြီးအကဲတွေကို လာနှုတ်မဆက်သေးတာလဲ"
လင်းစွေ့၏ မျက်လုံးများသည် ယောင်တင်းပန်းနှင့် ဟွမ်ရှီတို့၏ မျက်နှာပေါ်တွင် ဝေ့ဝဲ သွားတော့သည်။ သူတို့ရဲ့ကလေးကို စစ်သူကြီးအိမ်တော်ကို ပို့ပစ်ပြီးတော့ အဲဒီအချိန်ကတည်းက သူမရဲ့ဘဝကို ပြောင်းလဲအောင်လုပ်ခဲ့တာ ဒီလူနှစ်ယောက်ပဲ။
"ဦးကြီးနဲ့ဒေါ်ကြီးတို့ကို နှုတ်ဆက်ပါတယ်" လင်းစွေ့၏ အသံကတော့ ဘာမှ ဂရုမစိုက်သလိုပင်။
ဟွမ်ရှီက လင်းစွေ့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ အေးစက်စက် ပြုံးရယ်လိုက်၏။ "ညီမလေးရဲ့ သင်ကြားပြသပုံက သိပ်မကောင်းလှဘူးပဲ။ မသိတဲ့လူတွေဆိုရင် ငါတို့တွေက သူ့ရဲ့ရန်သူတွေလို့တောင် ထင်သွားကြဦးမယ်။ အရင်တုန်းက သတင်းတွေ ကြားရသေးတယ်။ သူက လူအများရှေ့မှာလည်း ထင်ထင်ရဲ့ စေ့စပ်ထားတဲ့သူကို သွားပြီးပတ်သက်ခဲ့သေးတယ်ဆို။ ဒီလိုစာရိတ္တမျိုးက တကယ်ကို ဆိုးရွားလွန်းပါတယ်"
ယောင်ရှီသည် အနည်းငယ် မျက်နှာပူသွားတော့၏။ ယခင်အချိန်များတွင် ဟွမ်ရှီသည် သူမကို အမြဲတမ်း မြောက်ပင့်ပြောဆို နေခဲ့ရသော်ငြားလည်း ယခုအချိန်တွင်တော့ လင်းစွေ့ကို အကြောင်းပြုပြီး သူမကို လှောင်ပြောင် သရော်နိုင်သည်ဟု သိမိလိုက်ချိန်တွင်တော့ သူမကို မျက်နှာပျက်ရစေသည့် လင်းစွေ့အပေါ် အမုန်းတရားများ ထပ်ပြီးပွားများလာလေတော့သည်။
"ဒီကလေးကို ခေါ်ပြန်လာတာ၂နှစ်ပဲ ရှိသေးတယ်လေ။ စည်းကမ်းကတော့ နည်းနည်းချို့တဲ့နေတာပေါ့။ ထင်ထင်နဲ့ နှိုင်းယှဉ်လို့တော့ ဘယ်ရပါ့မလဲ" ယောင်ရှီသည် စကားကို ခဏလောက် ရပ်တန့်လိုက်ပြီးမှ ဆက်ပြောလာ၏။ "ထင်ထင်ကလည်း ဒီကိစ္စကို ဂရုတောင် မစိုက်တော့ပါဘူး။ နောက်ကျရင်လည်း ကျွန်မက ထင်ထင်အတွက် ပိုကောင်းတဲ့ အိမ်ထောင်ဖက် တစ်ယောက်ကို ထပ်ပြီးရှာပေးမှာပါ"
ဟွမ်ရှီက ပြောလိုက်၏။ "ဒါကတော့ ပြောနေစရာတောင် မလိုပါဘူး။ ထင်ထင်ဆိုတာ ညီမလေးက ဂရုတစိုက် မွေးမြူလာခဲ့တဲ့သူလေ။ သူက ဒီလောက်တောင် လိမ္မာတဲ့ကလေးပဲ။ နင်က သူ့ကို နစ်နာအောင် ဘယ်တော့မှ အဖြစ်မခံဘူးလေ ဟုတ်တယ်မလား။ အခု ညီမလေးရဲ့ ယောက်ျားက အဆင့်၂အရာ ရှိဖြစ်နေပြီ။ ထင်ထင်က မြို့စား၊ မင်းညီမင်းသား အိမ်တော်မျိုးတွေနဲ့ပဲ ထိမ်းမြားဖို့ ထိုက်တန်တာ။ နင့်သမီးကတော့ မြင့်မြင့်မားမား အိမ်တော်မျိုးတွေကို လုံးဝ မစဉ်းစားသင့်ဘူးနော်။ မဟုတ်ရင် အိမ်တော်အတွက် ဒုက္ခတွေကို ယူပြန်လာဦးမယ်"
ယောင်ရှီက ခဏလောက် စဉ်းစားလိုက်တော့၏။ ယခင်က လင်းထင် စေ့စပ်ထားသူ၏ အဘိုးသည် လက်ရှိနန်းတွင်းတွင် အဆင့်၃အရာရှိ တစ်ဦးဖြစ်ပြီး သူမ စေ့စပ်ထားသူ ကိုယ်တိုင်ကလည်း ကျဲယွမ် ဘွဲ့ရထားသူ တစ်ယောက်ဖြစ်၏။ ဒီလိုမိသားစုမျိုးက အစက အတော်ပင် ကောင်းမွန်သည်ဟု ယူဆနိုင်သော်ငြားလည်း ယခုအခါ ဟွမ်ရှီ၏ စကားကို ကြားလိုက်ရသောအခါ နောက်တကြိမ်ထပ်မံ စဉ်းစားသုံးသပ် ကြည့်ရန် သင့်တော်သည်ဟု တွေးလိုက်မိလေသည်။
ဒီလူနှစ်ယောက်ကတော့ လင်းစွေ့၏ ရှေ့မှာပင် သူမ၏မကောင်းကြောင်း အမျိုးမျိုးကို ထင်တိုင်းကျဲကာ ပြောဆိုနေတော့သည်။
နောက်ဆုံးတွင်တော့ ယောင်ရှီသည် မတ်တပ်ရပ်နေဆဲဖြစ်သည့် လင်းစွေ့ကို မြင်တွေ့လိုက်ရပြီး မကျေမနပ်ဖြင့် ပြောလိုက်တော့၏။ "နင်က ဦးကြီးနဲ့ဒေါ်ကြီးတို့ကိုပဲတွေ့ပြီး အရိုအသေပေးတယ်။ နင့်ရဲ့ အစ်ကိုဝမ်းကွဲနဲ့ မောင်ဝမ်းကွဲကို အရိုအသေ ပေးရမယ်ဆိုတာ မသိဘူးလား"
.
လင်းစွေ့က မျက်လုံးများကို ပင့်လိုက်ပြီး ဘေးတွင်ထိုင်နေသည့် ယောင်ညီအစ်ကိုကို ကြည့်လိုက်လေသည်။ ထိုအရပ်ရှည်ရှည် ပိန်ပိန်လှီလှီ လူက သူမကို ကြည့်နေသည့် အကြည့်မှာ အထူးတလည် စက်ဆုပ်ရွံရှာရလေသည်။
သူမသည် ထိုအကြည့်မျိုးကို ကောင်းကောင်းသိလေသည်။ ယခင်က ရွာထဲက လူမိုက်ကြီး ဟယ်လျိုစီသည်လည်း ရွာဦးပိုင်းတွင် နေထိုင်သည့် ယန်မိသားစုက ယန်အာ့နွီကိုလည်း ဒီလိုပင် ကြည့်ရှုခဲ့ဖူးသည်။ နောက်ပိုင်းတွင်တော့ သူမကို မဖွယ်မရာ ပြုလုပ်ရန် ကြိုးစားခဲ့သဖြင့် ယန်အာ့နွီ၏ အဖေနှင့် အစ်ကိုများက သူ့ခြေထောက်ကို ရိုက်ချိုးပစ်ခဲ့ကြသည်။
ယောင်ဖေးရန်ကလည်း လင်းစွေ့ကို မြင်တွေ့လိုက်ရသည်တွင် မျက်လုံးများက အရောင်တောက်ပ သွားလေတော့၏။ သူသည် ဒီလို အေးစက်စက်နိုင်လှသည့် ပုံစံနှင့် မိန်းမပျိုမျိုးကို အနှစ်သက်ဆုံး ဖြစ်လေသည်။ ယခင် ကချင်းကျိုးတွင်လည်း လယ်သမား မိန်းကလေး တစ်ဦးသည်လည်း ဤသို့ပင် သူ့ကို အလွန်နှစ်သက် သဘောကျခဲ့ဖူးသည်။ ကံဆိုးချင်တော့ သူသည် မြို့တော်သို့ မဖြစ်မနေ ပြန်လာခဲ့ရသဖြင့် ထိုမိန်းကလေးကို စွန့်ပစ်ထားခဲ့ရလေသည်။
ယခုတွင်တော့ ဒီတစ်ယောက်က ယခင်လယ်သမား မိန်းကလေးထက်ပင် သူ့အကြိုက်နှင့် ပိုပြီး လိုက်ဖက်နေလေသည်။
လင်းစွေ့သည် နှုတ်ဆိတ်နေသည်ကို တွေ့လိုက်ရသောအခါ ယောင်ဖေးရန်က သူမအတွက် ဝင်ရောက်ဖြေရှင်း ပေးလိုက်၏။ "ဝမ်းကွဲညီမလေးက လူစိမ်းတွေနဲ့ တွေ့ရလို့ ကြောက်နေတာ ဖြစ်ပါလိမ့်မယ်။ အားလုံးက ဆွေမျိုးရင်းချာ တွေပဲဟာ။ ဒီလောက်အထိ ယဉ်ကျေးနေစရာ မလိုပါဘူး"
ထိုသို့ပြောလိုက်ပြီးနောက် သူက ထရပ်ကာ လင်းစွေ့ ရှိရာဘက်သို့ လျှောက်လာပြီး အရိုအသေ ပြုလိုက်လေသည်။ "ဝမ်းကွဲညီမလေး နေကောင်းရဲ့လား။ ကျွန်တော်က ယောင်ဖေးရန်ပါ"
လင်းစွေ့ကတော့ ရွံရှာစွာဖြင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်၏။ "လင်းစွေ့ ငါ အရင်က နင့်ကို အရမ်းအလိုလိုက်ခဲ့မိလို့ နင်က ဒီလောက်တောင် ရိုင်းစိုင်းနေရတာလား။ နင့်အစ်ကိုဝမ်းကွဲက နင့်ကို အရိုအသေ ပေးနေတာကို။ နင် ဒါ ဘယ်လို သဘောထားမျိုးနဲ့ ပြန်ဆက်ဆံနေတာလဲ" ယောင်ရှီသည် နောက်ဆုံးတော့ မထိန်းနိုင်တော့ဘဲ လင်းစွေ့ကို လက်ညှိုးထိုးကာ ဒေါသတကြီး ကြိမ်းမောင်းလေတော့သည်။
"ကျွန်မ ငယ်ငယ်ကတည်းက ဒီအတိုင်းပဲ။ ကြည့်လို့မရဘူးဆိုရင် နောက်ကို ကျွန်မကို လာမခေါ်နဲ့" လင်းစွေ့ကလည်း စကားဆုံးသည်နှင့် မျက်လုံးကိုပင့်ကာ ယောင်ဖေးရန်ကို ကြည့်လိုက်ပြီး ပြောလိုက်၏။ "ရှင်သာ ကျွန်မကို ဒီလို စက်ဆုပ်စရာကောင်းတဲ့ အကြည့်မျိုးနဲ့ ထပ်ကြည့်နေအုံးမယ်ဆိုရင် ကျွန်မ ရှင့်မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်"
ယောင်ဖေးရန်၏ မျက်နှာမှာ ညိုမည်းသွားလေတော့၏။ ဒါက ဆူးတွေ အပြည့်နဲ့ကောင်မလေးပဲ။ ကိစ္စမရှိဘူး။ သူက ဒီလိုမျိုးကိုမှ သဘောကျတာ။ စစ်သူကြီးအိမ်တော်သာ ပျက်စီးသွားပါစေ။ သူ ငါ့လက်ထဲ ရောက်လာတဲ့အခါကျရင် သူ့ကို စည်းကမ်းဆိုတာ ဘာလဲဆိုတာ သေသေချာချာလေး သင်ပြပေးရမယ်ဟု စဉ်းစားထားလိုက်တော့၏။
လင်းစွေ့၏ စကားသံဆုံးသွားသည်နှင့် ယောင်ရှီသည် ဒေါသသံကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။ "လာကြစမ်း။ သူ့ကို ပါးရိုက်ကြစမ်း"
"အမေ ဒီနေ့ ကျွန်မကို ရိုက်ရဲတယ်ဆိုရင် ကျွန်မလည်း အပြင်ထွက်ပြီး ရှန့်ကျင်းတစ်မြို့လုံးက လူတွေကို အမေရဲ့ အစ်ကိုကြီးက သူ့ကလေးတွေကို သုံးပြီး ကျွန်မရဲ့ဂုဏ်ပုဒ်ကို အစားထိုး လဲလှယ်ခဲ့တယ်။ အခု ကျွန်မကို သေအောင် တွန်းပို့နေတယ်ဆိုတာ သိသွားအောင် လုပ်ရဲတယ်နော်။ အဲဒီအချိန်ကျရင်တော့ သူ့သားကောင်း နှစ်ယောက်က စာမေးပွဲ ဖြေဆိုနိုင်ဦးမလား။ တကယ်တွေ့ချင်မိသေးတယ်"
ယောင်တင်းပန်းသည် လင်းစွေ့ကို ကြည့်လိုက်သည့် အကြည့်တွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပါဝင်နေတော့၏။ သို့သော်ငြား ချက်ချင်းဆိုသလို သူက ယောင်ရှီဘက်သို့ လှည့်ကာ ဖျောင်းဖျစကား ပြောလိုက်တော့သည်။ "တော်ပါတော့လေ။ ကလေးက ငယ်သေးလို့ နားမလည်သေးလို့ ပြောတာပါ"
"သူက ဘယ်နေရာမှာ ငယ်နေလို့လဲ။ ကျွန်မကို ဒေါသထွက်ပြီးတော့ သေစေချင်နေတာ!" ယောင်ရှီသည် ဒေါသတကြီး မုန်းတီးလျက် ရှိသော်ငြား လင်းစွေ့က အမှန်တကယ် ထိုသို့ပြုလုပ်မည်ကိုလည်း စိုးရိမ်နေသဖြင့် အစေခံမလေးများကို သူမအား နှင်ထုတ်ခိုင်းလိုက် ရုံသာမှတပါး မတတ်နိုင်တော့ပေ။
လင်းစွေ့ကလည်း ပင်မခြံဝင်းထဲက ထွက်လာပြီး စစ်သူကြီးအိမ်တော်မှနေ၍ ချက်ချင်း ထွက်ခွာလာလေတော့သည်။ ထိုအစေခံမလေး နှစ်ယောက်သည် သူမ ထွက်ခွာသွားသည်ကို မြင်လိုက်သည့်အချိန်မှ ယောင်ရှီထံသို့ ပြန်လာပြီး သတင်းပို့ကြလေသည်။
ယောင်ရှီကလည်း ခါးသီးစွာဖြင့် ပြောလိုက်၏။ "အဲဒီမကောင်းတဲ့ဟာမ ဘယ်သွားသွား ကိစ္စမရှိဘူး။ တစ်သက်လုံး ပြန်မလာလေ ကောင်းလေပဲ"
ဟွမ်ရှီက ဘေးမှနေ၍ အေးစက်စွာ ခနဲ့ကာ ပြုံးလိုက်၏။ အရင်ကတည်းက ငါ နင့်ကို ပြောခဲ့ဖူးတယ်လေ။ ဒီကလေးက နင်နဲ့ဓာတ်မတည့် ပါဘူးဆို။ ကန့်လန့်တိုက်တာပဲ ဖြစ်လိမ့်မယ်လို့။ အခုဘယ်လိုလဲ ငါ ပြောတာမှန်သွားပြီ မဟုတ်လား။ အခုမှ ဒီအသက်အရွယ်လေးနဲ့တောင် နင့်ကို ဒီလောက် ဆန့်ကျင်ရဲနေမှတော့ နောင်ကျရင် ဘယ်လိုလုပ်တော့မှာလဲ"
"ညီမလေး သူ့ကို သေသေချာချာလေး စည်းကမ်းတင်ကြပ် ထားသင့်တယ်နော်" ယောင်တင်းပန်း ကလည်း ခပ်လေးလေးလေသံဖြင့် ပြောလာသည်။
မွန်းတည့်ချိန် ရောက်လာသည့်အထိ လင်းစွေ့သည် ပြန်ရောက်မလာခဲ့ချေ။
ယောင်ရှီ ကတော့ သူမ၏အစ်ကိုနှင့် ယောက်မကြီးတို့နှင့်အတူ နေ့လယ်စာ စားသောက်လိုက်ပြီးနောက် နားနေရန် အခန်းပြန်သွားတော့သည်။ ဟွမ်ရှီက ပင်မခြံဝင်းထဲမှ ထွက်လာခဲ့ပြီး မကြာမီတွင် လင်းထင်သည်လည်း နောက်မှ လိုက်ပါသွားခဲ့ကာ သူတို့နှစ်ယောက်သည် ရှေ့ဆင့်နောက်ဆင့်ဆိုသလို အိမ်တော်အတွင်းရှိ ပန်းဥယျာဉ်ဆီသို့ သွားရောက်ခဲ့ကြ၏။
ပတ်ဝန်းကျင်တွင် မည်သူမှမရှိသည်ကို တွေ့လိုက်ရသည့်အခါမှ လင်းထင်က ရှေ့သို့တိုးလာပြီး ဟွမ်ရှီနှင့် စကားပြောဆိုလိုက်သည်။ "လင်းဟန်တစ်ခုခု ဖြစ်သွားတယ်လို့ ကြားတယ်" ဟွမ်ရှီက မေးလာသည်။
"ခြေထောက် ကျိုးသွားပြီး မသန်မစွမ်း ဖြစ်သွားတာပါ။ လင်းစွေ့က သူ့လက်နဲ့ ကိုယ်တိုင် ရိုက်လိုက်တာလေ" လင်းထင်ကလည်း ပြန်ဖြေလိုက်သည်။
ဟွမ်ရှီက မေးလိုက်သည်။ "မဆန်းတော့ပါဘူး။ ဒီလင်းစွေ့က တကယ်ကို လွယ်လွယ်နဲ့ နိုင်တဲ့လူစားမျိုး မဟုတ်ဘူးပဲ။ နင့်ရဲ့ဆေးက သူ့ရဲ့အပေါ်မှာ နည်းနည်းလေးတောင် အာနိသင် မရှိဘူးလား"
လင်းထင်၏အသံထဲတွင်လည်း မကျေနပ်ချက်များ ပြည့်နှက်နေတော့သည်။ "အာနိသင်မရှိလို့ပေါ့။ အခု နောက်ပိုင်း ဘာဖြစ်သွားမှန်း မသိဘူး။ လင်းရီကလည်း သမီးအပေါ်ကို အရင်ကလောက် မကောင်းတော့ဘူး"
ပြောရင်းဆိုရင်းဖြင့် သူမက ချွဲနွဲစွာဖြင့် ထပ်ပြောလိုက်လေသည်။ "အမေ အဲဒီဆေးက ညှီစို့စို့အနံ့ကြီးနဲ့ တကယ်ကို စားလို့မကောင်းဘူး။ ဘယ်အချိန်ကျမှ အဲဒါကို ရပ်ထားရမှာလဲ"
"ခဏလေး စောင့်ပါအုံး" ဟွမ်ရှီကလည်း ညင်သာစွာဖြင့် ချော့မော့ပြောဆိုလေသည်။ "အခုသမီးရဲ့အစ်ကိုနဲ့ မောင်လေးမှာ ရာထူးဂုဏ်ရှိန်တွေ ရနေပြီ။ ဒါပေမဲ့ သူတို့ရဲ့ ကံကောင်းခြင်းက မလုံလောက်သေးဘူး။ သူတို့တွေက နောက်ထပ် ကံကောင်းခြင်းတွေ နည်းနည်းလောက် ချေးငှားဖို့လိုသေးတယ်။ အမေသမီးကို ပို့ပေးထားတဲ့ ကံကောင်းခြင်းတွေ ချေးယူတဲ့အဆောင် ပစ္စည်းတွေကိုရော လင်းရီနဲ့ လင်းချန်တို့ကို ပေးပြီးပြီလား"
"အဖေ ... ဟိုလေ ... လင်းချန်ဆီကိုတော့ ပေးဖို့အခွင့်အရေး မရသေးဘူး။ ဒါပေမဲ့ လင်းရီကိုတော့ ပေးပြီးသွားပြီ။ သိပ်မကြာခင်မှာ အဖေရယ် အစ်ကိုကြီးရယ် မောင်လေးရယ်က နောက်ထပ် ရာထူးတစ်ဆင့် ထပ်တိုးလာနိုင်တော့မယ် ထင်တယ်" လင်းထင်က တခစ်ခစ် ရယ်မောရင်း ပြောလိုက်၏။
ဟွမ်ရှီသည်လည်း ကျေနပ်သွားကာ လင်းထင်ကို ပြောလိုက်သည်။ "သမီးက စစ်သူကြီးအိမ်တော်မှာ စိတ်အေးလက်အေးနဲ့ပဲနေ။ ကြီးမားကံကောင်းခြင်းတဲ့ အဆောင်ပစ္စည်းကို လင်းချန်ရဲ့ အနားကို ရောက်အောင် အမြန်ဆုံးပို့ပေး။ သူ့ကို ကိုယ်နဲ့မကွာ ဆောင်ထားခိုင်းရမယ်နော် သိလား"
"သိပါပြီ စိတ်ချပါ။ အခွင့်အရေးရတာနဲ့ သမီးပစ္စည်းကို ပို့လိုက်ပါ့မယ်။ သူက သမီးစကားကို သေချာပေါက် နားထောင်မှာပါ" လင်းထင်၏လေသံထဲတွင် ယုံကြည်မှုများ အပြည့်ဖြစ်နေတော့၏။
"ဒီနှစ်တွေမှာ အမေတို့မိသားစုက အမေ့ရဲ့ထင်အာရဲ့ အပေါ်ကိုပဲ အားကိုးနေရတာ။ ယောင်ရှီကသာ သမီးကို လုမသွားခဲ့ဘူးဆိုရင် အမေက သမီးကို စစ်သူကြီးအိမ်တော်မှာ ဘယ်လိုလုပ်ပြီး စိတ်ချလက်ချ ထားရဲမှာလဲ" ဟွမ်ရှီသည် အလွန်အမင်း သနားကြင်နာနေသည့် မျက်နှာထားဖြင့် လင်းထင်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပွေ့ဖက်ထားလိုက်လေသည်။
"အမေ သမီးအမေ့ကို အရမ်းလွမ်းတာပဲ" လင်းထင်၏ အသံထဲတွင်လည်း တမ်းတမှုများအပြည့်ပင်။
သူမ ၅နှစ်သမီးအရွယ်က သူမသည် ယောင်ရှီ၏ သမီးအရင်း မဟုတ်ကြောင်းကို သိရှိခဲ့ရသည်။ အမေကပြောခဲ့သည်ကတော့ သူမတွင် ကံကောင်းခြင်းများ ရှိနေသည်ကို မြင်တွေ့သွားသဖြင့် အမေ့အနားက အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ပြီး တခြားနည်းလမ်းလည်း မရှိတော့သည့်အဆုံး အမေဖြစ်သူကလည်း သူမကို ဒီနေရာသို့ ပို့ဆောင်လိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
သူမ၏မျက်လုံးထဲတွင်တော့ မိသားစုဝင်များမှာ အဖေအမေနဲ့ အစ်ကိုနှင့် မောင်လေးတို့သာရှိပြီး အန်းရှီစစ်သူကြီးနှင့် သခင်မဆိုသူများ မဟုတ်ကြပေ။
သူမသည် လင်းမိသားစုတွင် နေထိုင်ရခြင်းကလည်း မိသားစုတစ်စုလုံး၏ အနာဂတ်အတွက် ဖြစ်ပေသည်။ ယောင်ရှီသည် သူမကို ငယ်စဉ်ကတည်းက အဖေနှင့် အမေတို့အနားတွင် ကြီးပြင်းခွင့်မရစေရန် ပြုလုပ်ခဲ့သဖြင့် သူမ အပေါ်အကြွေး တင်ရှိနေလေသည်။ ဒီအကြွေးကိုလည်း ပြန်လည်ပေးဆပ်ရလိမ့်မည်။
သူတို့နှစ်ယောက်သည် ဥယျာဉ်ထဲတွင် ခဏလောက် နေလိုက်ကြပြီးနောက် မြန်မြန်ဆန်ဆန်ဖြင့် လမ်းခွဲလိုက်ကြကာ ပြန်ထွက်လာ၏။ တစ်ခုခု ထူးခြားနေသည်ကို ဘယ်သူကမှ သတိမပြုမိခဲ့ကြပေ။
မွန်းလွဲ၃နာရီ ဝန်းကျင်တွင်တော့ လင်းချန်နှင့် လင်းရီတို့သည် အိမ်တော်သို့ပြန်လည် ရောက်ရှိလာခဲ့ကြ၏။
သားအဖနှစ်ယောက်သည် ယောင်မိသားစုဝင်များကို တွေ့ဆုံနှုတ်ဆက်ပြီးနောက် နန်းတွင်းအခြေအနေ အရပ်ရပ်အကြောင်းကိုလည်း အနည်းငယ် စကားစမြည် ပြောဆိုခဲ့ကြပြီးမှ ယောင်ရှီက ပြုံးရွှင်စွာဖြင့် မိသားစုဝင် အားလုံးကို ထမင်းစားပွဲတွင် နေရာယူခိုင်းလိုက်သည်။
သူမသည် အိမ်တော်ထိန်းကို စားသောက်ပွဲ တစ်ပွဲပြင်ဆင်ခိုင်းထားလေသည်။ မိသားစုဝင်အားလုံးက စားပွဲတွင် ဝိုင်းဖွဲ့ထိုင်လိုက်ကြပြီး လင်းရီက ပတ်ပတ်လည်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် လင်းစွေ့ မရှိသည်ကို တွေ့လိုက်ရသဖြင့် ထုတ်ကာ မေးလိုက်တော့သည်။ "အကြီးဆုံးညီမလေး ဘာဖြစ်လို့ မရှိတာလဲ"
လင်းချန်က ထိုစကားကို ကြားလိုက်ရသောအခါ ယောင်ရှီကို လှမ်းကြည့်လိုက်လေသည်။
ယောင်ရှီ၏ မျက်နှာက တောင့်တင်းသွားပြီး ဘာမှမပြောရ သေးခင်မှာပင် ဟွမ်ရှီက ကြားမှာနေပြီး ဝင်ပြောလိုက်တော့၏။ "မတ်ကလေး လင်းစွေ့ ဆိုတဲ့ကလေးမကို သေသေချာချာလေး ပြောဆိုဆုံးမ ထားသင့်တယ်နော်။ သူ့အမေက သူ့ကို စကားနှစ်ခွန်းလောက် ပြောလိုက်တာနဲ့ သူက လူအများရှေ့မှာ ပြန်ပြီးတော့ ခွန်းတုံ့ပြန်နေတာ။ ပြီးတော့ သူ့ဦးကြီးကိုတောင်မှ လက်ညှိုးထိုးပြီး ကျွန်မတို့က ထင်ထင်ကို အိမ်တော်ကို ပို့လိုက်တာက မကောင်းတဲ့ ရည်ရွယ်ချက်ရှိလို့ဆိုပြီး စွပ်စွဲနေသေးတယ်။ ရှင် နားထောင်ကြည့်ပါဦး။ ဒါက ဖြစ်သင့်တဲ့ကိစ္စလား"
ယောင်တင်းပန်းက ဟွမ်ရှီကို မျက်လုံးစိမ်းများဖြင့် လှမ်းကြည့်လိုက်၏။ "တော်တော့။ ယောက်ဖကို မဟုတ်တာတွေ လျှောက်မပြောနဲ့"
ထိုသို့ပြောလိုက်ပြီးနောက် သူက ပြုံးရယ်ကာ လင်းချန်ကို ပြောလိုက်လေသည်။ "လင်းစွေ့က ငယ်သေးလို့ပါ။ ယောက်ဖ စိတ်ထဲမှာ မထားပါနဲ့"
"ဘယ်လောက်ပဲငယ်ငယ် ဝမ်းကွဲအစ်မက ကိုယ့်ရဲ့အဒေါ်ကြီးကို ပြန်ပြောပြီးတော့ ဘာမှမပြောဘဲ အိမ်တော်ထဲက ထွက်ပြေးသွားတာမျိုး မလုပ်သင့်ဘူးလေ။ မိန်းကလေးတစ်ယောက် ဖြစ်ပြီးတော့ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ထင်တိုင်းကျဲ ပြုမူရဲရတာလဲ။ ဒါက ဘယ်လိုမှ သင့်တော်မှန်ကန်တဲ့ အပြုအမူ မဟုတ်ဘူး" ယောင်ဖေးရန်ကလည်း ဝင်ရောက်ကာ ပြောဆိုလိုက်သည်။
ထိုအချိန်တွင် အပြင်ဘက်မှ အခန်းတံခါးသည် တွန်းဖွင့်ခံလိုက်ရလေသည်။
လင်းစွေ့သည် တံခါးဝနားတွင်ရပ်ပြီး စားပွဲနားတွင် ရှိနေသည့်လူများကို လှမ်းကြည့်လိုက်ကြ၏။ "ကျွန်မက ဘယ်လိုပဲဖြစ်ဖြစ် ရှင်တို့ကိုတော့ မယှဉ်နိုင်သေးပါဘူး။ ကိုယ့်သမီးကို တခြားလူရဲ့အိမ်ကိုပို့ပြီး သူများနေရာကို လုယူခိုင်းတာမျိုးတော့ မလုပ်ဘူး"
"လင်းစွေ့ နင် အဖေရှေ့မှာတောင်မှ ကိုယ့်ရဲ့ဦးကြီးကို ဒီလိုပုံစံနဲ့ စကားပြောရဲရလား။ နင့်ရဲ့ယဉ်ကျေးမှုတွေ ဘယ်ရောက်သွားပြီလဲ" ယောင်ရှီက စူးရှစွာဖြင့် အော်ငေါက်လေသည်။
လင်းစွေ့ကလည်း ယောင်ရှီကို ကြည့်လိုက်ကာ "အမေ သိရဲ့လား။ သာမန်အရပ်သားတွေကြားမှာ အဆိုတစ်ခု ရှိတယ်လေ။ ကိုယ့်အိမ်က သားသမီးကို တခြားသူရဲ့အိမ်ကို ပို့လိုက်မယ်ဆိုရင် အဲဒီအိမ်က ကံကောင်းခြင်း အထောက်အပံ့တွေကို ချေးငှားယူလို့ရတယ်တဲ့"
ယောင်ရှီမှာ ငေးကြောင်ကြောင် ဖြစ်သွားတော့သည်။
"ကြားရတာတော့ ဦးကြီးရဲ့သားဖြစ်သူ အစ်ကိုဝမ်းကွဲက အစတုန်းက အရမ်းကို ထုံထိုင်းတာတဲ့ဆို။ ရှင်တို့ ပြောကြည့်ပါဦး။ သူက ဘယ်လိုလုပ်ပြီးတော့ ကျဲယွမ် ဘွဲ့ကို ရသွားရတာလဲ။ လင်းမိသားစုရဲ့ ကံကောင်းခြင်းကို ချေးငှားယူထားတာတော့ မဟုတ်လောက်ပါဘူးနော်"
ယောင်ရှီသည် သူမအစ်ကိုနှင့် ယောက်မဖြစ်သူဘက်သို့ လှည့်ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို ယောင်ဖေးရန်ဘက်သို့ ပြန်လှည့်ကြည့်လိုက်လေသည်။
သူမ မှတ်မိသည်ကလည်း ယောင်ဖေးရန်ဆိုသည့် ဒီတူကလေးသည် ငယ်ငယ်ကတည်းက အမှန်တကယ် အလွန်ထုံထိုင်းခဲ့လေသည်။ အိမ်တော်သို့ လာရောက်ပြီး ဟန်အာနှင့်အတူတူ ကစားသည့်အခါကလည်း ဆရာက သူတို့နှစ်ယောက်ကို စာကျက်မှတ်ခိုင်းလျှင် ဟန်အာက တစ်နာရီဖြင့် အလွတ်ရနိုင်သော်လည်း သူကတော့ စာကြောင်း အနည်းငယ်ကိုသာ မှတ်မိနိုင်ခဲ့သည်။
ဟုတ်သားပဲ။ သူက ဘယ်လိုလုပ်ပြီးတော့ ကျဲယွမ်ဘွဲ့ကို ရသွားရတာလဲ။
ယောင်တင်းပန်းသည် သူ့ညီမဖြစ်သူက စကားလေးနည်းနည်းဖြင့် လင်းစွေ့၏ သွေးထိုးမြောက်ပင့်ခြင်းကို ခံလိုက်ရသည်ကို တွေ့လိုက်ရသောအခါ စားပွဲကို ဝုန်းခနဲရိုက်ချလိုက်ပြီး မတ်တပ်ထရပ်လိုက် လေတော့သည်။ "မင်း လျှောက်မပြောနဲ့။ ယောက်ဖ ငါ ဒီနေ့ ဒီမျက်နှာကို အဆုံးရှုံးခံပြီးတော့ပဲ ဖြစ်ဖြစ် မင်းတို့သမီးကို ငါတို့ယောင်မိသားစုရဲ့ နာမည်ဂုဏ်သတင်းကို ဒီလိုပုတ်ခတ်စော်ကား တာမျိုးကိုတော့ ခွင့်ပြုထားလို့မဖြစ်ဘူး"
ဟွမ်ရှီကလည်း သူမ၏မျက်လုံးထဲက ထိတ်လန့်တုန်လှုပ်မှုများကို ဖုံးကွယ်ထားရင်း ဝင်ထောက်ခံလိုက်လေသည်။ "ဟုတ်တာပေါ့။ ဒီကလေး ရူးများသွားပြီလား မသိဘူး။ ခုနတုန်းကလည်း သူ့ကို စကားနည်းနည်းလေး ပြောလိုက်တာနဲ့ပဲ ကျွန်မရဲ့သားကို ဖျက်ဆီးပစ်ချင်နေတာတဲ့"
"အဖေ အစ်မကို မြန်မြန်လေး ထိန်းလိုက်ပါအုံး။ သူက အိမ်တော်ကို မငြိမ်မသက်ဖြစ်အောင် တမင်သက်သက် လုပ်နေတာ" လင်းထင်သည် အခြေအနေကို မြင်လိုက်ရသောအခါ လင်းချန်ကို မြန်မြန်ဝင်ပြောလိုက်၏။
လင်းချန်က လင်းစွေ့ကို လှမ်းကြည့်လိုက်ပြီး တစ်ခုခုပြောရန် ရည်ရွယ်လိုက်ချိန်မှာပင် ဘေးက သားကြီးဖြစ်သူက သူ့လက်မောင်းကို ပြန်ဆွဲထားလိုက်လေသည်။
လင်းစွေ့က အားလုံး၏ တုန့်ပြန်မှုကို အကဲခတ်ကြည့် လိုက်ပြီးနောက် ရုတ်တရက် ပြုံးပြလိုက်တော့၏။ "မလောကြပါနဲ့ ဦးကြီးနဲ့ဒေါ်ကြီး။ အစ်ကိုဝမ်းကွဲနဲ့ ညီမလေးဝမ်းကွဲတို့။ ပြီးတော့ ဒုတိယညီမလေး။ ပွဲကောင်းက အခုမှ စမှာပါ။ ရှင်တို့က ကျွန်မကို မတူညီတဲ့ဘဝတစ်ခုကို လက်ဆောင်ပေးခဲ့ကြတာပဲ။ ကျွန်မလည်း အပေးအယူတည့်အောင် ပြန်လုပ်ပေးရမှာပေါ့"
ဒီအချိန်မှာပင် လင်းအိမ်တော်၏ အိမ်တော်ထိန်းသည် ဖြူရော်နေသည့် မျက်နှာထားဖြင့် ဧည့်ခန်းမထဲသို့ ပြေးဝင်လာလေတော့သည်။
"စစ်သူကြီး မကောင်းတော့ပါဘူး။ မင်ကျင့်စီးအိမ်တော်က လူတွေလွှတ်ပြီး စစ်သူကြီးအိမ်တော်ကို ဝိုင်းထားလိုက်ပါပြီ"
...