← Chapters

လူကြီးမင်းပိုင်ကို ဖိတ်ခေါ်ခဲ့တဲ့သူက ကျွန်မပါ။

Vol. 6 Ch. 58

လူကြီးမင်းပိုင်ကို ဖိတ်ခေါ်ခဲ့တဲ့သူက ကျွန်မပါ။

Vol. 6 Ch. 58

"မင်ကျင့်စီး သူတို့က ဘာလာလုပ်တာလဲ" လင်းချန်သည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာပေါ်တွင် သံသယ အရိပ်အယောင်များ ပေါ်လာပြီး ချက်ချင်းဆိုသလို ထရပ်ကာ ခြေလှမ်းကျဲကြီးများဖြင့် အပြင်သို့ ထွက်ခွာသွားတော့သည်။

ငါနဲ့ မင်ကျင့်စီးက အရင်ကတည်းက ဘာဆက်သွယ်မှ မရှိခဲ့ပါဘူး။ အိမ်တော်ထဲမှာလည်း ဘာနတ်ဆိုး ဘာမိစ္ဆာမှလည်း မရှိဘူး။ သူတို့တွေက ဘာဖြစ်လို့ အိမ်တံခါးအထိ ရောက်လာကြတာလဲ။

လင်းရီသည် အဖေဖြစ်သူက အပြင်သို့ထွက်သွားသည်ကို မြင်လိုက်သောအခါ နောက်မှ မြန်မြန်ဆန်ဆန် လိုက်ပါသွားလေသည်။ တခြားသူများကလည်း အခြေအနေကို မြင်တွေ့ရသည်တွင် လင်းစွေ့ကို ဆက်ပြီး အာရုံမစိုက်နိုင်ကြတော့ဘဲ အခန်းထဲက တစ်ယောက်ပြီး တစ်ယောက် လိုက်ထွက်လာခဲ့ကြ၏။ လင်းချန်က ခြံဝင်းထဲက မထွက်ရသေးခင်မှာပင် အနီရင့်ရောင် အရာရှိဝတ်စုံကို ဝတ်ဆင်ထားကာ ခါးတွင် ဓားရှည်တစ်လက် ချိတ်ဆွဲထားသည့် ပိုင်ရှိုးမင်က မင်ကျင့်စီးအစောင့် တဒါဇင်ပေါင်းများစွာကို ခေါ်ဆောင်ကာ အတင်းဝင်ရောက်လာသည်ကို တွေ့လိုက်ရလေသည်။ သူတို့သည် ခြံဝင်းတခုလုံးကို ဝန်းရံထားလိုက်ကြ၏။

လင်းချန်သည် ခြေလှမ်းများ ရပ်တန့်သွားလေတော့သည်။ မင်ကျင့်စီး၏ နိုင်လိုမင်းထက် အပြုအမူများကို သူ ကြားသိခဲ့ဖူးသည်မှာလည်း ကြာမြင့်နေပြီဖြစ်သော်ငြား အဆင့်၄သာရှိသေးသည့် ပိုင်ရှိုးမင်က အဆင့်၂စစ်သူကြီးအိမ်တော်ကို ကျူးကျော်ဝင်ရောက် ရဲလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။ ဒီအချက်ကြောင့်ပင် သူ့စိတ်ထဲတွင် ဒေါသအနည်းငယ် ဖြစ်ပေါ်လာတော့သည်။

"လူကြီးမင်းပိုင်က လူအများကြီးနဲ့ ဒီစစ်သူကြီးရဲ့အိမ်တော်ကို ဝင်ရောက်လာတာ ဘာကိစ္စရှိလို့လဲ"

"ပုန်ကန်သူတွေကို လာဖမ်းတာ"

"လူကြီးမင်းပိုင် ဒီစစ်သူကြီးကို လာနောက်နေတာလား" လင်းချန်သည် မိမိကိုယ်တိုင်ပုန်ကန်မှုဟု ခေါ်ဆိုနိုင်သည့် မည်သည့်အရာကိုမှ မပြုလုပ်ခဲ့ကြောင်း သေချာနေသော်ငြား ပုန်ကန်သူဟူသည့် စကားလုံးသုံးလုံးကို ကြားလိုက်ရသည့်အခါ စိတ်ထဲတွင် အနည်းငယ် တင်းကျပ်သွားတော့သည်။

မဟုတ်မှလွဲရော စစ်တပ်ထဲမှာ ငါမသိလိုက်တဲ့ အပြောင်းအလဲတစ်ခုခု ဖြစ်သွားပြီး ငါနဲ့ လာပတ်သက်နေတာများလား။ ဒါပေမဲ့ တကယ်လို့သာ စစ်တပ်ထဲမှာ တစ်ခုခု ဖြစ်တယ်ဆိုရင်လည်း မင်ကျင့်စီးကလူတွေ လာရမှာ မဟုတ်ဘူးလေ။

သူသည် သေသေချာချာလေး မတွေးရသေးခင်မှာပင် ပိုင်ရှိုးမင်က ပြောဆိုလာသည့် အကြောင်းအရာကို ကြားလိုက်ရ၏။ "စစ်သူကြီးလင်းက ကိုယ့်သမီးကို ပြန်မေးကြည့်တာ ပိုကောင်းလိမ့်မယ်"

လင်းချန်မှာ မျက်မှောင်ကြုတ်သွားတော့သည်။ သူက လင်းထင်ကို လှည့်ကြည့်လိုက် သော်ငြားလည်း လင်းထင်ကတော့ ဟွမ်ရှီ၏ ဘေးတွင်တုန်ယင်စွာ ခိုကပ်နေပြီး နားမလည်နိုင်သည့် အမူအရာ ဖြစ်နေလေ၏။

ဒီအချိန်တွင် လင်းစွေ့က အခန်းထဲမှ ထွက်လာခဲ့တော့သည်။ "ပိုင်လူကြီးမင်းကို ကျွန်မဖိတ်ခေါ်လိုက်တာပါ"

"လင်းစွေ့ နင် ရူးနေတာလား။ နင်က ငါတို့သမီးသားစုလုံးကို သေစေချင်နေတာလား" ယောင်ရှီ၏ အသံသည်စူးရှနေပြီး လင်းရီကသာ မတားဆီးခဲ့လျှင် သူမသည် လင်းစွေ့ဆီသို့ ပြေးဝင်ပြီး တိုက်ခိုက်ပေတော့မည်။

"အကြီးဆုံးညီမလေး ဒါက ဘယ်လိုဖြစ်တာလဲ" လင်းရီ၏ မျက်နှာတွင်လည်း နားမလည်နိုင်သည့် အရိပ်အယောင်များ ထင်ဟပ်နေသော်ငြား အသိဉာဏ်ရှိသေးသည်ဟု ဆိုနိုင်လေသည်။

"ဒါကတော့... ဦးကြီးနဲ့ဒေါ်ကြီးတို့ကို မေးရမှာပဲ။ ဪ ပြီးတော့ ဒုတိယညီမလေးကိုရောပေါ့။ အကောင်အထည် ဖော်တဲ့သူဆိုတော့ ရှင်က ပိုတောင်မှရှင်းရှင်းလင်းလင်း သိနေသင့်တာပေါ့"

အမည်တပ်ကာ ခေါ်ဆိုခံလိုက်ရသည့်တွင် ယောင်တင်းပန်း၏ မျက်လုံးထဲတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။ သို့သော်ငြား မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်သွား၏။ သူက အားတင်းကာ ပြုံးရယ်ပြီးပြောလိုက်သည်။ "တူမလေးက ဘာတွေပြောနေတာလဲ။ မင်းကငါတို့ကို မုန်းတီးနေလို့ ဆိုပြီးတော့ ငါ့အပေါ် ဒီလိုစွပ်စွဲချက်တွေ လျှောက်ပြီး လုပ်ကြံပြောဆိုလို့ မရဘူးလေ"

"လျှောက်ပြီးလုပ်ကြံ ပြောဆိုနေသေးလား။ ကျန်းချောင်မြက်ကို နှစ်ရှည်လများ စားသုံးပြီးတော့ ကျန်းချောင်မြက်ရဲ့ ထူးခြားတဲ့စွမ်းရည်ကို အသုံးချပြီး လင်းမိသားစုဝင်တွေကို ထိန်းချုပ်ထားခဲ့တာလေ။ ဦးကြီးက သက်သေမရှိပဲနဲ့ ကျွန်မက မင်ကျင့်စီးကို သွားတိုင်ရဲမယ်လို့ ထင်နေတာလား"

သူမသည် ကျန်းချောင်မြက် နာမည်ကို တိတိကျကျ ပြောဆိုနိုင်သည်ကို ကြားလိုက်ရသောအခါ ယောင်တင်းပန်း၏ ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားလေတော့သည်။ သွားပြီ။

သို့သော်ငြား သူက အားတင်းကာ ခုခံချေပလိုက်၏။ "ဒါက အသရေ ဖျက်တာပဲ။ ဒီအရာရှိက ဒီလိုကိစ္စမျိုးကို လုံးဝမလုပ်ခဲ့ဘူး"

"နင်တို့လင်းမိသားစုမှာ ကိစ္စတစ်ခုခု ဖြစ်ပွားသွားပြီးတော့ နင်က တမင်သက်သက် ငါတို့အပေါ် ရေဆိုးတွေ လောင်းချနေတာတော့ မဟုတ်ပါဘူးနော်" ဟွမ်ရှီသည် ဒေါသတကြီးဖြင့် လင်းစွေ့ကို စိုက်ကြည့်လိုက်၏။

လင်းစွေ့က သူတို့နှင့်ဆက်ပြီး အငြင်းမပွားတော့ဘဲ လင်းထင်ဘက်သို့ လှည့်ကြည့်လိုက်ကာ သူမကို မေးလိုက်လေသည်။ "ကျန်းချောင်မြက်နဲ့ လုပ်ထားတဲ့ ဆေးလုံးတွေက စားလို့ကောင်းရဲ့လား။ လူတိုင်းက နင့်ကို မျက်နှာလိုက်ကြတော့ ဒီလိုလားချက်က အရမ်းကောင်းနေလို့ နင်ကဒီလောက် နံစော်တဲ့ဆေးလုံးတွေကို ဆယ်စုနှစ်ချီပြီး နေ့တိုင်းစားသောက် နိုင်ခဲ့တာဖြစ်မယ်"

"လင်းစွေ့ နင် ဘာတွေ လျှောက်ပြောနေတာလဲ" လင်းထင်သည် သေသည့်တိုင် ဝန်မခံဖို့ရန် ဆုံးဖြတ်ထားလေသည်။

လင်းစွေ့ ကတော့ အသံထွက်ကာ ရယ်မောလိုက်၏။ "နင်သိရောသိရဲ့လား။ ကျန်းချောင်မြက်ကို နှစ်ရှည်လများ စားသုံးရင် အသက်တိုစေတယ်ဆိုတာကိုလေ။ နင် ဒီနှစ်တွေအတွင်းမှာရခဲ့တဲ့ မျက်နှာလိုက်မှုတွေ အားလုံးက နင့်အသက်နဲ့ လဲလှယ်ပြီးတော့ ရယူခဲ့ရတာတွေချည်းပဲ။ နင် ဆယ်နှစ်ကျော်လောက် စားသုံးခဲ့ပြီးပြီဆိုတော့ အခု နင့်မှာ အသက်ရှင်ဖို့ ဆယ်နှစ်တောင် မကျန်လောက်တော့ဘူး"

လင်းထင်သည် ရုတ်တရက် တောင့်တင်းသွားလေတော့၏။ သူမသည် သူမဘေးက ဟွမ်ရှီကို အလိုလို လှည့်ကြည့်လိုက်မိပြီး "နင် ငါ့ကိုလိမ်နေတာ !"

"တကယ်လို့ နင် ငါ့ကို မယုံဘူးဆိုရင်လည်း မင်ကျင့်စီးက လူကြီးမင်းတွေ ဒီနေရာမှာရှိနေတာပဲ။ သူတို့က နင့်ကို အမှန်တရား ပြောပြပါလိမ့်မယ်"

လင်းထင်သည် လင်းစွေ့က ဒီလို အတိအကျ ပြောဆိုနေသည်ကို တွေ့လိုက်ရသည်တွင် စိတ်ထဲတွင် အတိုင်းအတာ တစ်ခုအထိ ယုံကြည်မိသွားတော့သည်။

လင်းမိသားစု၏ ပွဲကိုကြည့်ရန် ရောက်ရှိနေကြသည့် မင်ကျင့်စီးက လူများသည်လည်း လင်းစွေ့၏ စကားကိုငြင်းချက်မထုတ်ကြဘဲ သူမ ပြောဆိုနေသည့်စကားများမှာ မှန်ကန်ကြောင်း သက်သေပြနေသကဲ့သို့ပင်။

"အမေ အမေ ကျေးဇူးပြုပြီးတော့ စကားပြောပါဦး !" လင်းထင်သည် ရုတ်တရက် ကိုယ်ကိုလှည့်ကာ ဘေးတွင်ရှိနေသည့် ဟွမ်ရှီ၏ လက်မောင်းကို တင်းကျပ်စွာ ဖမ်းဆွဲထားပြီး သူမ၏ မျက်လုံးထဲတွင်လည်း မယုံကြည်မှုများ ပြည့်နှက်နေတော့သည်။ "အမေပဲ သမီးကို တစ်ချိန်လုံး ဒီဆေးတွေ သောက်ခိုင်းနေတာ မဟုတ်ဘူးလား။ ဒီဆေးက ခန္ဓာကိုယ်အတွက် ကောင်းတယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ စကားပြောပါဦး !"

ဟွမ်ရှီသည် လင်းထင်၏လက်ကို ရုတ်တရက် ခါချလိုက်ပြီး ပိုင်ရှိုးမင်ဘက်သို့ လှည့်ကာ ချောက်ကပ်စွာပြုံးရင်း ပြောလိုက်၏။ "လူကြီးမင်း ရှင် သူ့စကားတွေ လျှောက်ပြောနေတာ နားမယောင်လိုက်ပါနဲ့။ ကျွန်မ သူ့ကို လွန်ခဲ့တဲ့နှစ်တွေကတည်းက လင်းမိသားစုကို မွေးစားဖို့ ပေးလိုက်တာပါ။ သူနဲ့ ကျွန်မတို့မိသားစု ဘာမှ မပတ်သက်တော့ပါဘူး။ သူ စားတဲ့ဆေးကိုလည်း ကျွန်မ လုံးဝမသိပါဘူး"

"ဘယ်လို ပြောလိုက်တယ်" လင်းထင်သည် သူမကို အဆုံးအထိ ဖိသတ်နေသည့် နောက်ဆုံး ကောက်ရိုးတမျှင်မှာ သူမ၏မွေးမိခင်အရင်း ဖြစ်နေလိမ့်မည်ဟုတော့ လုံးဝ မျှော်လင့်မထားခဲ့ချေ။

"အမေကိုယ်တိုင်ပဲ သမီးကို ပြောခဲ့တာလေ။ ယောင်ရှီက အရှိန်အဝါကိုသုံးပြီး အမေ့ဆီကနေ သမီးကို လုယူသွားခဲ့တာဆို။ အမေက ငယ်ငယ်ကတည်းက လူလွှတ်ပြီး ကျွန်မကို ဆေးသောက်ခိုင်းခဲ့တယ်။ သမီးကို ယောင်ရှီရဲ့ ဘေးမှာ နေခိုင်းပြီးတော့ အဖေ့အတွက် လမ်းခင်းပေးခိုင်းခဲ့တယ်။ အခုအမေက သမီးနဲ့ ဘာမှမဆိုင်တော့ဘူးလို့ ပြောနေတယ် ဟုတ်လား"

"အစကတည်းက ဘာမှမပတ်သက်ခဲ့တာပဲ။ နင်ကိုယ်တိုင် လုပ်ခဲ့တဲ့ကိစ္စကို ငါတို့အပေါ်လွှဲချဖို့ စိတ်မကူးနဲ့" ဟွမ်ရှီ၏ မျက်နှာသည် သာမန်လူများထက် အလွန်ထူထဲလှပြီး ဒီအခြေအနေအထိပင် ဝန်ခံဖို့ရန် ငြင်းဆန်နေလေသည်။

လင်းထင်သည် ရုတ်တရက် သရော်ကာ ပြုံးလိုက်တော့၏။ သူမမှာ မိမိကိုယ်တိုင် အရူးတစ်ယောက် ဟာသဖြစ်နေသလို ခံစားလိုက်ရတော့၏။

"လူကြီးမင်းတို့ ကျွန်မဆီမှာ သက်သေရှိတယ်" လင်းထင်သည် ရုတ်တရက် ပြုံးနေသည်ကို ရပ်ထားလိုက်ပြီး ပိုင်ရှိုးမင်ကို ပြောလိုက်၏။ "ကျွန်မ နားလည်တတ်စ အချိန်ကတည်းက သူက ကျွန်မဘေးမှာ အစေခံမလေးကနေတဆင့် ကျွန်မဆီကို ပို့ပေးတဲ့စာတိုတွေ၊ စာတွေအားလုံးကို ကျွန်မ သိမ်းထားတယ်။ ဒါတွေ အားလုံးက သက်သေတွေပါပဲ"

"ဘာ... နင်... နင် အဲဒါတွေကို ဘာဖြစ်လို့ မဖျက်ဆီးခဲ့တာလဲ" ဟွမ်ရှီသည် နောက်ဆုံးတော့ မထိန်းချုပ်နိုင်တော့ဘဲ စူးရှစွာ အော်ဟစ်လေတော့သည်။

သူတို့ အချင်းချင်း အပြန်အလှန် ပေးပို့ခဲ့သည့်စာများကို ဖျက်ဆီးပစ်ရန် ဘယ်သူမှ မတွေ့ရှိစေရန် လင်းထင်ကို သေသေချာချာ အကြိမ်တိုင်း မှာကြားခဲ့လေသည်။

လင်းထင်ကလည်း အလွန်လိမ်လိမ်မာမာဖြင့် သဘောတူလက်ခံခဲ့သည်။ လင်းထင်က စိတ်ဆန္ဒနှင့် ဆန့်ကျင်ကာ ပြုလုပ်လိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ ချေ။

လင်းထင်က သူမကို အကြည့်လွှဲထားသည့် အစ်ကိုအရင်းနှင့် အဖေအရင်းဖြစ်သူတို့ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို အင်အားများအားလုံး ဆုံးရှုံးသွားသလို ခံစားလိုက်ရ၏။

"ဒါပေါ့။ အမှတ်တရအနေနဲ့ သိမ်းထားခဲ့တာပေါ့။ သမီးကို လွမ်းတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ သမီးကလည်း အမေတို့ကို လွမ်းတာပေါ့။ ဒါကြောင့်သမီးက အဖေနဲ့အမေမှာကြားတဲ့အတိုင်း နေ့တိုင်းအဲဒီ နံစော်နေတဲ့ ဆေးလုံးတွေကို သောက်ခဲ့တာ။ ယောင်ရှီနဲ့ လင်းဟန်ကို သမီးစကားနားထောင်အောင် သမီးအပေါ်လုံးဝ ယုံကြည်လာအောင် လုပ်ခဲ့တယ်။ လင်းစွေ့ရဲ့ နေရာကို အစားထိုးယူနိုင်ခဲ့တယ်။ သမီး ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ မဟုတ်ဘူးလား။ အဖေနဲ့အမေကလည်း စာထဲမှာသမီးကို အမြဲတမ်းချီးကျူးခဲ့တာပဲ မဟုတ်ဘူးလား"

ဒီအချိန်တွင်တော့ ယောင်တင်းပန်းသည် ရုတ်တရက် ဘုတ်ခနဲ မြေကြီးပေါ်သို့ ဒူးထောက်ချလိုက်တော့သည်။ "လူကြီးမင်း ကျွန်တော်မျိုး ဝန်ခံပါတယ်။ ကျွန်တော်မျိုးက လောဘဇောတက်ပြီး မသမာတဲ့နည်းလမ်းကို သုံးခဲ့မိတာပါ။ ကျွန်တော်မျိုး ဒီလိုလုပ်ခဲ့တာက လင်းထင်ကတဆင့် ယောက်ဖရဲ့ လက်ထဲကနေ အကျိုးအမြတ် နည်းနည်းပါးပါး ရယူလိုမှု သက်သက်ပါ။ ကျွန်တော်မျိုးက ဘယ်လိုလုပ်ပြီး ပုန်ကန်မယ့်စိတ်မျိုး မွေးရဲမှာလဲ။ လူကြီးမင်း စုံစမ်းစစ်ဆေးပေးပါ !"

ယောင်တင်းပန်းသည် အသံအကျယ်ကြီး ဦးခေါင်းကိုမြေကြီးဖြင့် ဆောင့်နေခဲ့ပြီး မကြာခင်မှာပင် သူ့နဖူးသည်လည်း ပွန်းပဲ့ကာ ညိုမည်းလာတော့သည်။

ပိုင်ရှိုးမင်က ကိုယ့်ဟာကိုယ် မူးမေ့သွားသည့်အထိ ဦးခေါင်းနှင့် ဆောင့်တော့မည်ကို ကြည့်နေပြီးမှ နောက်ဆုံးတော့ ထုတ်ပြောလိုက်တော့သည်။ "အစတုန်းကတော့ ဒီအရာရှိက ဒါကို အမှုသေးသေးလေး တစ်ခုလိုပဲထင်ခဲ့တာ။ ဒါပေမဲ့ သခင်မလေးလင်းရဲ့စကားက ဒီအရာရှိကို အတွေးသစ်တစ်ခု ရသွားစေခဲ့တာပဲ"

"ဘာ... ဘာများလဲ" ယောင်တင်းပန်း၏ ကျောဘက်မှ လင်းစွေ့၏ အသံက ထွက်ပေါ်လာလေသည်။ "ဦးကြီး ကျွန်မရဲ့အဖေက လက်ရှိနန်းတွင်းအဆင့်၂ စစ်သူကြီးပါ။ ရှီးလင် နယ်စပ်ကို ကာကွယ်စောင့်ရှောက်ပြီး တိုင်းတစ်ပါးသားတွေနဲ့ နှစ်ပေါင်းများစွာ စစ်တိုက်လာခဲ့တာ။ ကျွန်မရဲ့အစ်ကိုကြီးက အခု နန်းစောင့်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေပြီး အရှင်မင်းကြီးရဲ့ လုံခြုံရေးကို ကာကွယ်ပေးနေရတယ်"

"ဒါပေမဲ့ ရှင်ကတော့ ရှင့်ရဲ့သမီးကိုဆေးသုံးပြီး သူတို့ကို လှည့်စားဖို့၊ သူတို့ကို ရှင့်ရဲ့ စေခိုင်းမှုအောက်မှာထားဖို့ တိတ်တိတ်ဆိတ်ဆိတ် ရှိနေစေဖို့ ညွှန်ကြားခဲ့တယ်။ တကယ်လို့ ပုန်ကန်မယ့်စိတ် မရှိဘူးဆိုရင် ရှင် ဘာဖြစ်လို့ သူတို့ကို ပစ်မှတ်ထားခဲ့ရတာလဲ။ ရှင်က ရှီးလင်မှာတပ်စွဲထားတဲ့ နယ်စပ်စစ်တပ်ကို ဝင်ရောက်စွက်ဖက်ချင်နေတာ။ ပြီးတော့ အရှင်မင်းကြီးကို တိတ်တဆိတ် လုပ်ကြံချင်နေတာပဲ"

"ငါ မလုပ်ခဲ့ဘူး !" ယောင်တင်းပန်းသည် ထခုန်လုမတတ် ဖြစ်သွားလေသည်။ သူက လင်းစွေ့ကို အရှင်လတ်လတ် ဝါးစားချင်နေသည့်နှယ် စိုက်ကြည့်လို့နေ၏။

လင်းစွေ့သည် ဒီလိုအဆိပ်ပြင်းလိမ့်မည်ဟု သူသည် လုံးဝ ထင်မထားခဲ့ချေ။ သူမက ပုံကန်မှုတံဆိပ်ကို သူ့ဦးခေါင်းပေါ်သို့ တပ်ဆင်ပေးလိမ့်မည်ဟုလည်း မထင်ထားခဲ့ ချေ။

လင်းစွေ့သည် ယောင်တင်းပန်းကို အပေါ်စီးမှနေ၍ ငုံ့ကြည့်လိုက်ကာ ပြောလိုက်၏။ "ရှင့်ရဲ့ လုပ်ရပ်တွေ အားလုံးက သက်သေပြနေပြီ။ ရှင်က အရှင်မင်းကြီးအပေါ် သစ္စာမရှိတဲ့စိတ်ကို မွေးမြူခဲ့တာပဲ"

"လူကြီးမင်း။ လူကြီးမင်း။ သူက ကျွန်တော့်ကို မုန်းတီးနေလို့ပါ။ ဒါကြောင့် တမင်သက်သက် ကျွန်တော်ကို ထိခိုက်အော င်ပြောနေတာ။ ကျွန်တော်မျိုးက သူတို့ဆီကနေ ရာထူးတက်ဖို့ပဲ ကြံခဲ့တာပါ။ ပြီးတော့ ကျွန်တော်မျိုး ဘာမှလဲ မလုပ်ရသေးပါဘူး။ မယုံရင် လူကြီးမင်း သွားစစ်ဆေး ကြည့်လို့ရပါတယ်။ ကျွန်တော်မျိုးက စစ်တပ်အာဏာကို လုံးဝမမက်မောပါဘူး။ အရှင်မင်းကြီးကိုလည်း ထိခိုက်အောင် မလုပ်ရဲပါဘူး"

ပိုင်ရှိုးမင်သည် မျက်လွှာချထားပြီး သူ၏လှလှပပ မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းများထဲတွင် အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။ "ဒါပေမဲ့ ဒီအရာရှိကတော့ သူ့စကားက အတော်လေး အဓိပ္ပာယ်ရှိတယ်လို့ ထင်တယ်။ နယ်စပ်တပ်ရဲ့ စစ်သူကြီးတွေကို ထိန်းချုပ်ပြီးကြိုးကိုင်တယ်။ ဟက် ဟက်။ ဒီပြစ်မှုက သေဒဏ် ပေးလို့ရတယ်"

"မ... မဟုတ်ပါဘူး... လူကြီးမင်း။ ကျွန်တော်မျိုး တကယ်မတရား စွပ်စွဲခံရတာပါ... ကျွန်တော်မျိုး မှားသွားပါတယ်။ ကျွန်တော်မျိုး မတရားစွပ်စွဲခံရတာပါ..."

ယောင်တင်းပန်းသည် တစ်ခုခုကို ဆက်လက်ပြောဆို လိုသေးသော်ငြားလည်း အလျင်အမြန် ပြေးဝင်လာကြသည့် မင်ကျင့်စီးအစောင့်များက သူ့ပါးစပ်ကို ပိတ်ဆို့ထားလိုက်ပြီး ဆွဲထုတ်သွားကြလေတော့သည်။

အစတုန်းကတော့ ကံကောင်းနေကြသေးသည်ဟု ထင်နေကြသည့် ဟွမ်ရှီနှင့် ယောင်ညီအစ်ကို နှစ်ယောက်တို့သည်လည်း မြေကြီးပေါ်သို့ ပုံလျက်သား လဲကျသွားတော့သည်။ သွားပါပြီ။ သူတို့ တမိသားစုလုံး သွားပါပြီ။

အစတုန်းကတော့ အရာအားလုံး ပုံမှန်အတိုင်းပါပဲ။ မူလကတော့ အရာအားလုံးက ပုံမှန်အတိုင်းပင် ရှိသေးသည်။ လင်းထင်ကို မင်ကျင့်စီးအစောင့် နှစ်ယောက်က အထူးပြုလုပ်ထားသည့် ထိပ်တုံးများဖြင့် ခတ်လိုက်သည့်တိုင် လူကိုဆွဲခေါ် မသွားရသေးမီတွင် ယောင်ရှီသည် စူးရှစွာ အော်ဟစ်လိုက်ပြီး ပြေးဝင်သွားကာ ထိုလူနှစ်ယောက်ကို အသည်းအသန် ကုတ်ခြစ် ဆွဲရန်းပြီး သူတို့ကို တားဆီးရန် ကြိုးစားလေတော့သည်။

လင်းချန်ကပင် ဒေါသတကြီးဖြင့် ပြေးဝင်ကာ တိုက်ခိုက်ရန် ကြိုးစားလိုက်သော်ငြားလည်း ဘေးက လင်းရီက ခြေမြန်လက်မြန်ဖြင့် တားဆီးလိုက်၏။

သာအဖနှစ်ယောက်သည် နေရာတွင်ပင် တိုက်ခိုက်ကြလေတော့သည်။ လင်းရီ၏ ကျင့်ကြံမှုအဆင့်သည် လင်းချန်ကို မမီကြောင်း သိသာနေပြီး သူ၏ဖိနှိပ်တိုက်ခိုက်ခြင်းကို အဆက်မပြတ် ခံနေရသော်ငြားလည်း လင်းချန်က မင်ကျင့်စီးအစောင့်များ တိုက်ခိုက်ခြင်း မပြုနိုင်စေရန် အောင်မြင်စွာ တားဆီးထားနိုင်ခဲ့သည်။

ပိုင်ရှိုးမင်သည် အချိန်အတော်ကြာအောင် စောင့်ကြည့်နေလိုက်ပြီးမှ မှတ်ချက်ပေးလိုက်၏။ "စစ်သူကြီးလင်းရဲ့ ကျင့်ကြံမှုက မဆိုးဘူးပဲ။ တတိယအဆင့်ထဲမှာတောင် ပြိုင်ဘက်အတော်ရှားတယ်။ စစ်သူကြီးလင်းကတော့ ပါရမီ ထူးခြားပါပေတယ်။ အနာဂတ်မှာ မျှော်လင့်စရာရှိပါတယ်"

ဘေးက ကျန်းခိုင်က ရှေ့သို့တိုးလာပြီး မေးမြန်းလိုက်၏။ "လူကြီးမင်း ကြည့်ရတာ စစ်သူကြီးလင်းတို့ ဇနီးမောင်နှံကလည်း ကျန်းချောင်မြက်ရဲ့ လွှမ်းမိုးမှုကို တော်တော်လေး ခံထားရပုံပဲ။ သူတို့ကို ဘယ်လိုဆောင်ရွက်ရမလဲ"

"ဒီအိမ်တော်ထဲကလူ အားလုံးကို ခေါ်သွားလိုက်။ တစ်ယောက်ချင်းစီ စစ်ဆေးရမယ်"

"ကျွန်တော်မျိုး နားလည်ပါပြီ" ကျန်းခိုင်သည် ချက်ချင်းဆိုသလို သူ့လက်အောက်ငယ်သားများကို လူများကို ဖမ်းဆီးဖို့ရန် အမိန့်ပေးလိုက်တော့၏။ ဒီအချိန်တွင် အိမ်တော်ထဲရှိ လူများကို ဖမ်းရမည်ဖြစ်ပြီး အိမ်တော်မှ ထွက်သွားသူများကိုလည်း ဖမ်းရမည်ဖြစ်လေသည်။ ပြောရမည်ဆိုလျှင်ဖြင့် တစ်ယောက်ကိုမှ လွတ်ခွင့် ပြုလိမ့်မည်မဟုတ်ပေ။

"ဖုန်းယန်"

"ကျွန်တော် မျိုးရှိပါတယ်"

"လင်းမိသားစုရဲ့ ခြံဝင်းတွေကို သွားရှာဖွေ။ အံ့ဩစရာ တစ်ခုခုရှိနေမလား ကြည့်ရတာပေါ့"

"ဟုတ်ကဲ့" ဖုန်းယန်သည် အမိန့်ကိုလက်ခံပြီး လူတချို့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။

ဒီအချိန်တွင် လင်းရီသည် ဆက်ပြီးမတောင့်ခံနိုင်တော့ပေ။ သူက လင်းချန်၏ လုပ်ဝါးနှစ်ချက်ကို ခံလိုက်ရလေသည်။ မိမိ၏သားအရင်းဖြစ် သဖြင့်လင်းချန်သည် သေသည်အထိ မတိုက်ခိုက်ခဲ့သော်ငြားလည်း လင်းထင်ကို ကယ်တင်လိုသော စိတ်ဆန္ဒမှာ အလွန်ပြင်းထန်နေသဖြင့် သူ့လက်မှာ အနည်းငယ် ပြင်းထန်သွားပြီး လင်းရီသည် သွေးတစ်လုတ် အန်သွားတော့သည်။

"အစ်ကိုကြီး ဘာဖြစ်သွားသေးလဲ" လင်းစွေ့သည် နောက်သို့ ယိုင်နဲ့သွားသည့် လင်းရီကို ထူမပေးလိုက်၏။ သူမမှာ ဆဲရေးတိုင်းထွာလိုစိတ် ပြင်းပြနေသော်ငြားလည်း ဖခင်ဖြစ်သူက ဒီလိုဖြစ်နေရခြင်းမှာ ကျန်းချောင်မြက်၏လွှမ်းမိုးမှု ကြောင့်ဖြစ်ကြောင်းကို သူမ သိလိုက်သည်။

လင်းရီက ပါးစပ်ကသွေးများကို သုတ်လိုက်ပြီး "ဘာမှမဖြစ်ပါဘူး။ အတွင်းဒဏ်ရာ နည်းနည်း ရသွားတာပါ"

လင်းရီက နောက်ဆုတ်သွားပြီးနောက်တွင် လင်းချန်သည် လင်းထင်ကို ခေါ်ဆောင်သွားသည့် မင်ကျင့်စီး အစောင့်များ နောက်သို့လိုက်ရန် ကြိုးစားပြန်သည်။

ခြေနှစ်လှမ်း အလှမ်းတွင် အဖြူရောင်အလင်းတန်း တစ်ချက်သည် လက်ခနဲ ဖြစ်သွားပြီး ပိုင်ရှိုးမင်၏ဓားသည် လင်းချန်၏ လည်ပင်းပေါ်တွင် ကန်လန့်ဖြတ် တင်ထားပြီးဖြစ်နေ၏။

"လာကြ။ စစ်သူကြီးလင်းကို ထိပ်တုံးခတ်လိုက်ကြ"

ကျန်းချောင်မြက်၏ ထိန်းချုပ်မှုသည် နောက်ဆုံးတွင်တော့ မိမိ၏အသက်နှင့် နှိုင်းယှဉ်လာသောအခါ အရေးမပါတော့ချေ။ လင်းချန်သည် လုံးဝကို မလှုပ်မယှက် ဖြစ်သွားတော့၏။

သူသည် စစ်မြေပြင်သို့ စစ်ထွက်ခဲ့သူဖြစ်သဖြင့် ပတ်ဝန်းကျင်ကလူများက မိမိအပေါ်သို့ သက်ရောက်လာသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်ကိုလည်း ရှင်းလင်းစွာ ခံစားသိနိုင်စွမ်းရှိသည်။

သူသာ လှုပ်ရှားရဲမည်ဆိုလျှင် ပိုင်ရှိုးမင်က ဓားဖြင့် လည်ပင်းကို လှီးဖြတ်ပစ်လိုက်ရဲမည်ဟု သူသည် သေချာပေါက် သိနိုင်လေသည်။

ပိုင်ရှိုးမင်၏အနောက်က မင်ကျင့်စီးအစောင့်များသည် လေးလံသည့် ထိပ်တုံးများကို သယ်ဆောင်လာကြပြီး လင်းချန်၏ ခြေလက်နှင့် လည်ပင်းတို့ကို လျင်လျင်မြန်မြန် ချုပ်နှောင်လိုက်ကြ၏။

ထိုနောက်တွင်တော့ ပိုင်ရှိုးမင်သည် လင်းရီဘက်သို့ လှည့်လိုက်၏။ "စစ်သူကြီးငယ်လင်း..."

"ကျွန်တော် လူကြီးမင်းပိုင်နဲ့အတူ မင်းကျင့်စီးကို လိုက်ခဲ့ပြီး စစ်ဆေးမှုကို ခံယူပါမယ်"

"စစ်သူကြီးငယ်လင်းက ပူးပေါင်းဆောင်ရွက်ပေးတာကို ကျေးဇူးတင်ပါတယ်"

ဒီအချိန်တွင်တော့ လင်းအိမ်တော်၏ အတွင်းအပြင် တစ်ခုလုံးကို ပိတ်ဆို့ထားပြီးပြီဖြစ်ကာ မင်ကျင့်စီးသည် လင်းအိမ်တော်၏ ထွက်ပေါက်အားလုံးကို ထိန်းချုပ်ထားလိုက်လေသည်။ ဒီလိုကြီးမားသည့် လုပ်ဆောင်မှုများ ဖြစ်ပွားခဲ့သဖြင့် ပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် အိမ်များအားလုံးနီးပါးကလည်း အဖြစ်အပျက်များကို ကြည့်ရှုရန်ထွက်လာခဲ့ကြ၏။

လူအများသည် အဝေးမှနေ၍ ဝန်းရံထားကြပြီး လေသံတိုးတိုးဖြင့် အပြန်အလှန် ဆွေးနွေးနေကြတာ စစ်သူကြီးအိမ်တော်သည် ပြစ်မှုတစ်ခုခု ကျူးလွန်မိသဖြင့် အိမ်တော်ပါ အသိမ်းခံရခြင်း ဟုတ် မဟုတ်ကို ခန့်မှန်းနေကြတော့၏။

အားချန်သည် ညစာစားပြီးသွားသောအခါ အစကတော့ ခြံဝင်းထဲတွင် လေညင်းခံနေစဉ် အပြင်ဘက်က တစ်စုံတစ်ယောက်က စစ်သူကြီးအိမ်တော်တွင် ကိစ္စအကြီးကြီး ဖြစ်သွားပြီဟု အော်ဟစ်ပြောဆိုသံကို ကြားလိုက်ရသဖြင့် ချန်ဟွေ့ကို ဆွဲခေါ်ပြီး အပြင်သို့ ပြေးထွက်ရန် ကြိုးစားလေတော့သည်။

ဖြစ်ချင်တော့ သူမသည် ချန်ဟွေ့ကို ဆွဲခေါ်ဖို့ရန်အတွက် အင်အားက လုံလောက်အောင် ရှိမနေချေ။ ချန်ဟွေ့က သူမ၏လက်ကို ဖမ်းဆွဲထားလိုက်ပြီး ရယ်မောကာဖြင့် ပြောလာ၏။ "ဘာဖြစ်လို့ ဒီလောက်တောင် လောနေရတာလဲ။ စစ်သူကြီးအိမ်တော်က ထွက်ပြေးသွားမှာမှ မဟုတ်တာ။ ရှင် အခုမှ ထမင်းစားပြီးခါစ ရှိသေးတယ်။ ဖြည်းဖြည်းချင်း လမ်းလျှောက်အုံး။ မဟုတ်ရင် ခဏနေ အစာအိမ်နာနေဦးမယ်"

"ကျွန်မက ဘာကိစ္စဖြစ်တာလဲလို့ အရမ်းသိချင်နေလို့ပါ။ ပွဲကောင်းကို မကြည့်လိုက်ရဘူးဆိုရင် ကျွန်မ ဒီနေ့ညအိပ်ပျော်မှာ မဟုတ်တော့ဘူး" အားချန်က ညည်းညူလိုက်သော်ငြားလည်း နားခံစွာဖြင့် ခြေလှမ်းများကို နှေးထားလိုက်လေသည်။

သူမတို့သည် အပြင်သို့ ထွက်လာသောအခါ အပြင်ဘက်တွင် စုရုံးနေသည့်လူများက ပိုလို့ပင်များပြားလာခဲ့၏။

သူမနှင့် အားချန်တို့သည် လူအုပ်ကြီးကိုတိုးဝှေ့ပြီး စစ်သူကြီးအိမ်တော်၏ ပင်မတံခါးဝနှင့် အနီးကပ်သည့် နေရာတစ်ခုကို ရှာဖွေလိုက်၏။ သို့မှသာ ရှင်းလင်းစွာ မြင်တွေ့နိုင်ပေမည်။

အမှန်တကယ်ပင် မကြာမီအချိန်အတွင်း မင်ကျင့်စီးအစောင့်များသည် လူတစ်စုကို အချုပ်အနှောင်ဖြင့် စစ်သူကြီးအိမ်တော်၏ ပင်မတံခါးဝမှ ခေါ်ဆောင်ထွက်လာသည်ကို တွေ့မြင်လိုက်ရ၏။

အရင်ဆုံး ထွက်လာကြသည့် သူများထဲတွင် အားချန်သည် လင်းထင်တစ်ယောက်တည်းကိုသာ မှတ်မိလေသည်။ သူမ၏ကိုယ်ပေါ်တွင် ထိပ်တုံးများ ခတ်ထားပြီး ယခင်ကမောက်မာ ထောင်လွှားနေသည့် ဟန်ပန်မျိုးလည်းမရှိတော့ချေ။

ကံကြမ္မာက တကယ်ကို အပြောင်းအလဲမြန်တာပဲ။ လင်းစွေ့က တကယ်ပြတ်သားတာပဲ။ မနက်တုန်းကမှ သက်သေရှာတွေ့ပြီး ညနေကျတော့သူတို့အားလုံးကို မင်ကျင့်စီးကို ပို့ပစ်လိုက်ပြီ။

အားချန်သည် ဒီအဖြစ်အပျက်ကို အလွန်ကျေနပ်နေမိတော့၏။

မကြာခင်မှာပင် လင်းမိသားစုဝင်များကိုလည်း တစ်ယောက်ပြီးတစ်ယောက် ဆွဲထုတ်လာခဲ့ကြပြီး လင်းချန်ကတော့ လေးလံသည်ါထိပ်တုံးများဖြင့် ချုပ်နှောင်ခံထားရ၏။ ပတ်ဝန်းကျင်က လင်းချန်ကို မှတ်မိနေသည့်လူအများသည် အုတ်အော်သောင်းနင်း ဖြစ်သွားကြလေတော့သည်။

အားချန်ကတော့ လင်းချန်အတွက် စိတ်ပူနေခြင်းမရှိချေ။ သူမသည် မင်ကျင့်စီး၏ အမှုအခင်းဆောင်ရွက်ပုံကို ကောင်းကောင်း နားလည်ထားသည်ဟု ဆိုနိုင်သည်။ လင်းမိသားစုဝင်များသည် အတိုက်အခိုက် ခံရသူများဖြစ်ကြသဖြင့် ပြဿနာတစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်း မရှိပါက အရေးယူခံရမည် မဟုတ်ပေ။

နောက်ဆုံးမှ ထွက်လာကြသူများကတော့ လင်းရီနှင့် လင်းစွေ့တို့ မောင်နှမနှစ်ယောက်ဖြစ်ပြီး ပိုင်ရှိုးမင်က မင်ကျင့်စီးအစောင့် တချို့နှင့်အတူ သူတို့မောင်နှမ နှစ်ယောက်၏နောက်မှ လိုက်ပါလာခဲ့သည်။

အားချန်သည် လင်းစွေ့၏ မျက်နှာအမူအရာမှာ ဒီအချိန်တွင် ပေါ့ပါးလွတ်လပ်နေသည်ကို တွေ့ရသဖြင့် စိတ်ချသွားလေတော့သည်။

ဒီအချိန်မှာပင် လင်းစွေ့သည်လည်း အားချန်ကို မြင်သွားပြီး ခေါင်းကို မသိမသာလေး လှည့်ကာ သူမကို ပြုံးပြလိုက်၏။

လင်းထင်နှင့် ယောင် မိသားစုကို ဖြေရှင်းပြီးသွားသည့် နောက်တွင် သူမ၏ပခုံးပေါ်က ဖိစီးထားသည့် ကျောက်တုံးကြီး မရှိတော့သကဲ့သို့ လင်းစွေ့၏ တစ်ကိုယ်လုံးကလည်း ပေါ့ပါးလွတ်လပ်နေလေသည်။

ယခင်က သူမသည် လူတိုင်းအပေါ်တွင် တမင်တကာ ထောင်မတ်ထားခဲ့သည့် ဆူးများသည်လည်း နောက်ဆုံးတွင်တော့ ပျော့ပျောင်းသွားခဲ့လေသည်။

သူမသည် ထူးဆန်းသည့် အသိုင်းအဝိုင်းတစ်ခုထဲတွင် ပိတ်မိနေခဲ့ခြင်းပင်။ ယခင်ကတော့ သူမပတ်ဝန်းကျင်က လူများအားလုံးက လင်းထင်နှင့် ပတ်သက်နေခဲ့သည်။ သူမက မိမိကိုယ်ကို လွတ်မြောက်လမ်းမရှိသည့် အခြေအနေတစ်ခုထဲသို့ ရောက်နေသည်ဟု ထင်မှတ်ခဲ့သည်။ သူမက လူတိုင်းကို မုန်းတီးခဲ့ပြီး ဒီအခြေအနေမှ အသည်းအသန် လွတ်မြောက်ချင်ခဲ့မိသည်။

နောက်ပိုင်းတွင်တော့ အားချန်နှင့် သိကျွမ်းခွင့်ရခဲ့ပြီး အပြင်လောကကြီးက သူမ မြင်တွေ့ခဲ့ရသလောက် ကျဉ်းမြောင်းမကြောင်း တဖြည်းဖြည်း သဘောပေါက်လာခဲ့၏။ လူတိုင်းကလည်း ယောင်ရှီလို မျက်နှာလိုက်ပြီး ကျိုးကြောင်းသင့် ရှင်းပြလို့မရသူများ မဟုတ်ကြောင်း သိလာလေသည်။ သူမသည် နေထိုင်ရသည့် ပတ်ဝန်းကျင်ကသာ မှားယွင်းလွဲချော် နေခဲ့ခြင်းဖြစ်ကာ ထိုနေရာက ထွက်လာနိုင်ခဲ့သည်တွင် အဆင်ပြေသွားတော့သည်။

ယခုတော့ သူမသည် လွဲချော်နေသည့် လောကကြီးကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးပစ်နိုင်ခဲ့ပြီ။

အားချန်သည်လည်း လင်းစွေ့ကို ချိုမြိန်စွာပြုံးပြပြီး တိတ်တိတ်လေး လက်ဝှေ့ယမ်းပြလိုက်၏။

နောက်တစ်ခဏမှာပင် ပိုင်ရှိုးမင်၏အကြည့် သည် သူမရှိရာသို့ အတိအကျ ကျရောက်လာလေတော့သည်။

အားချန်မှာ ဆန့်ထားသည့်လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး မြန်မြန် အကြည့်လွှဲထားလိုက်ကာ မိမိကိုယ်တိုင် အဖြစ်အပျက်ကို လာရောက်ကြည့်ရှုသည့် သာမန်လူတစ်ယောက်လို ဟန်ဆောင်နေလိုက်တော့၏။

ကံဆိုးချင်တော့ ပိုင်ရှိုးမင်သည် သူမကို လွှတ်ပေးရန် ရည်ရွယ်ချက် ရှိဟန်မတူချေ။ သူက လမ်းလျှောက်လာသည့်အပြင် လင်းစွေ့နှင့် လင်းရီ တို့ကိုပါ အတူတူခေါ်ဆောင် လာခဲ့သေးသည်။

"ပိုင်လူကြီးမင်း တိုက်ဆိုင်လိုက်တာ။ လူကြီးမင်းက အမှုကိစ္စနဲ့ အပြင်ထွက်လာတာလား" အားချန်ကလည်း ရှောင်လွှဲလို့ မရနိုင်တော့သဖြင့် ထိုလူဘက်သို့ လှည့်ကာအပြုံးလှလှလေး တစ်ခုဖြင့် ပြုံးပြရုံသာ တတ်နိုင်တော့သည်။

"ငါ ဘာလာလုပ်လဲဆိုတာ မင်း မသိဘူးလား"

အားချန်က ‘ရှင် ကျွန်မကို အပြစ်ပုံမချနဲ့နော်’ဟူသည့် မျက်နှာထားဖြင့် ပြန်ပြောလိုက်၏။ "ကျွန်မက ဘယ်လိုလုပ်ပြီးသိမှာလဲ"

"ဒါဆိုရင် ငါ့ကို ရှင်းပြစမ်းပါဦး။ လင်းစွေ့က ကျန်းချောင်မြက် အကြောင်းကို ဘယ်လိုလုပ်ပြီးတော့ သိသွားရတာလဲ"

"ကျွန်မ စာအုပ်ထဲမှာ ဖတ်မိတာပါ" ဒီမေးခွန်းကိုတော့ယခင်က မင်ကျင့်စီးရုံးတော်တွင် ပိုင်ရှိုးမင်က မေးမြန်းခဲ့ဖူးပြီး လင်းစွေ့ကလည်း ထိုသို့ပင် ဖြေကြားခဲ့လေသည်။ ယခု သူက အားချန်ကို ထပ်မံမေးမြန်းလာသဖြင့် လင်းစွေ့သည် အားချန်က မှားယွင်းပြောဆိုမိကာ သူမကိုယ်တိုင်ပါ ငြိစွန်းပါဝင်သွားမှာကို စိုးရိမ်သွားတော့၏။

ပိုင်ရှိုးမင်က လင်းစွေ့ကို လျစ်လျူရှုထားလိုက်ပြီး အားချန်ကိုသာ ဆက်ပြီးစိုက်ကြည့်နေလေသည်။

အားချန်၏မျက်လုံးများက လှုပ်ရှားသွားပြီး လင်းစွေ့၏ စကားကိုသာ ထောက်ခံလိုက်တော့၏။ "ဟုတ်တယ်လေ။ လင်းစွေ့က စာဖတ်တာ အရမ်းဝါသနာပါတယ်"

"ဪ ဒါဆိုရင် မင်း ဒါကိုရော သိလား။ ကျန်းချောင်မြက်ရဲ့ တည်ရှိမှုကို လွန်ခဲ့တဲ့နှစ်တွေကတည်းက ဖျောက်ဖျက်ပစ်ခဲ့ပြီးပြီ။ သာ့ရှ နိုင်ငံတစ်ဝှမ်းလုံးမှာ ဘယ်စာအုပ်ကမှ ဒီအရာကို မှတ်တမ်းတင်ထားရဲတာ မဟုတ်ဘူး"

အားချန်မှာ မှင်သက်အံ့သြသွားတော့၏။ ရှင်တို့သာ့ရှကလည်း အရမ်းကို အာဏာစက် ပြင်းလွန်းတာ မဟုတ်ဘူးလား။ ဒါက သာမန်မြက်ပင် တစ်ပင်ပဲဟာကို။

"ဘယ်လိုရှင်းပြမလဲ စဉ်းစားလို့ ရပြီလား" ခဏလောက် စောင့်ဆိုင်းလိုက်ပြီးမှ ပိုင်ရှိုးမင်က ထုတ်မေးလာလေသည်။

အားချန်က နှုတ်ခမ်းကို ဆူပုတ်ထားလိုက်ကာ ပြောလိုက်တော့၏။ "စဉ်းစားပြီးသွားပါပြီ။ ကျွန်မ သူ့ကို ပြောပြလိုက်တာ"

"လင်းရီက ကျန်းချောင်မြက်ရဲ့ အနှောင့်အယှက် မခံရတာကလည်း မင်း လက်ချက်ပဲလား" ပိုင်ရှိုးမင်ဟူသည့်လူသည် အမြဲတမ်း အရေးကြီးဆုံးအချက်ကို ချုပ်ကိုင်နိုင်စွမ်းရှိလေသည်။

အားချန်ကလည်း ငြင်းချက်ထုတ်ရန် နည်းလမ်းမရှိတော့သဖြင့် ဆက်ပြီးခေါင်းငြိမ့်ရုံသာ တတ်နိုင်တော့သည်။

"ဟုတ်ပါတယ်။ ကျွန်မ လုပ်ခဲ့တာပါ"

"ကောင်းပြီလေ" ပိုင်ရှိုးမင်က ခေါင်းကိုတစ်ချက်လောက် ငဲ့စောင်းလိုက်ပြီး သူ၏ လက်အောက်ငယ်သားကို အမိန့်ပေးလိုက်တော့၏။ "သူ့ကိုပါ တစ်ခါတည်း ခေါ်သွားလိုက်။ စုံစမ်းစစ်ဆေးရေးမှာ ပူးပေါင်းပါဝင်ခံရမယ်"

...

All Chapters