ရှင် ကျွန်မကို ဆုချချင်စိတ် နည်းနည်းလေးတောင် မရှိဘူးလား ...
Vol. 6 Ch. 59
နောက်တစ်ခါ အဖြစ်အပျက်ကို လာကြည့်သည့်အခါတွင် ရှေ့ဆုံးသို့ လုံးဝ ပြေးမလာတော့ပါဟု အားချန်တစ်ယောက် ကျိန်ဆိုလိုက်လေသည်။ ငါက ဒီအတိုင်း အပြစ်မဲ့လမ်းသွားလမ်းလာလေး တစ်ယောက်ပဲလေ။
မင်ကျင့်စီးအစောင့် ၂ ယောက်သည် ရှေ့သို့ တိုးလာခဲ့ကြသော်လည်း လင်းမိသားစုဝင်များကို ဆက်ဆံခဲ့သလို သူမကို အချုပ်အနှောင်ဖြင့် ဆွဲခေါ်သွားခြင်း မပြုဘဲ သူမ၏ ဝဲယာတစ်ဖက်တစ်ချက်စီတွင် ရပ်လိုက်ကြပြီး ကျေးဇူးပြုပြီး ကြွပါ ဟူသော လက်ဟန်ခြေဟန်ကိုပင် ယဉ်ယဉ်ကျေးကျေး ပြလိုက်ကြသေးသည်။
"မိန်းကလေးကျိ၊ ကြွပါ”
အားချန်မှာ ထိတ်လန့်တုန်လှုပ်သွားတော့၏။ သူတို့က ငါ့မျိုးရိုးနာမည်က ကျိ ဆိုတာကိုတောင် သိနေကြပါလား။ ငါက မင်ကျင့်စီးမှာ မျက်နှာသိတစ်ယောက် ဖြစ်သွားပြီလားဟ။
အားချန်သည် အလွန်တရာ စိတ်ရှုပ်ထွေးသွားပြီး ဒါကတော့ ကောင်းသည့် ကိစ္စတစ်ခု မဟုတ်နိုင်ဟု အလိုလို ခံစားနေမိလေသည်။
ဘေးတစ်ဖက်တွင် တားဆီးခံထားရသော ချန်ဟွေ့သည် သူတို့က အားချန်ကို ခေါ်ဆောင်သွားတော့မည်ကို မြင်လိုက်ပြီး နောက်မှ လိုက်ပါရန် ကြိုးစားသော်လည်း မင်ကျင့်စီး အစောင့်များ၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။
ချန်ဟွေ့က ပိုင်ရှိုးမင်ဘက်သို့ လှည့်လိုက်သည်။ "ပိုင်လူကြီးမင်း .. ကျွန်မ..."
ပိုင်ရှိုးမင်က စကားမဆိုရသေးမီတွင် အားချန်သည် ခေါင်းကို လှည့်ကာ ပြောလိုက်၏။ "ဟွေ့ညန်၊ စိတ်မပူနဲ့။ ကျွန်မ ခဏနေရင် ပြန်လာခဲ့မယ်။ ရှင် အိမ်မှာပဲ ကျွန်မကို စောင့်နေ”
ချန်ဟွေ့သည် ပိုင်ရှိုးမင်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီး သူက ကန့်ကွက်ခြင်း မရှိသည်ကို မြင်မှ အနည်းငယ် စိတ်အေးသွားကာ "ကောင်းပြီလေ။ ရှင် စောစော သွားပြီး စောစော ပြန်ခဲ့”
အားချန်သည် မင်ကျင့်စီး၏ အဖွဲ့နှင့်အတူ မင်ကျင့်စီး ရုံးတော်ဆီသို့ လိုက်ပါသွားခဲ့၏။ ရှေ့က အချုပ်နှောင်ခံထားရသော ယောင်မိသားစုဝင်များနှင့် လင်းမိသားစုဝင် အားလုံးသည် ခေါင်းငိုက်စိုက်ကျသူ စိုက်ကျ၊ စိတ်ဓာတ်ကျဆင်းသူ စိတ်ဓာတ်ကျနှင့် ဖြစ်နေကြပြီး အားချန် တစ်ယောက်တည်းသာလျှင် လမ်းတစ်လျှောက်လုံးတွင် ပါးစပ်လေး မစေ့နိုင်အောင် ဖြစ်နေခဲ့လေသည်။
အားချန်သည် လမ်းလျှောက်ရလွန်းသဖြင့် အနည်းငယ် မောဟိုက်နေပြီ ဖြစ်သော်လည်း ဇွဲမလျှော့ဘဲ ပိုင်ရှိုးမင်ကို အမီလိုက်ရန် ကြိုးစားနေဆဲ။
"ပိုင်လူကြီးမင်း၊ ကျွန်မက လင်းမိသားစုဝင်တွေက လင်းစွေ့နဲ့ လင်းထင်အပေါ် ဆက်ဆံတဲ့ပုံစံက အရမ်း ထူးဆန်းနေတယ်လို့ ခံစားမိလို့ပါ။ တစ်ခုခု မှားနေသလို ခံစားရတာနဲ့ လင်းစွေ့ကို သတိပေးလိုက်ရုံ သက်သက်ပါ”
"ကျွန်မ တခြား ဘာမှမှ မလုပ်ခဲ့တာ။ အများဆုံးဆို ကျန်းချောင်မြက်ရဲ့ အဆိပ်ဖြေဆေးကို တိတ်တိတ်လေး ဖော်စပ်ပြီးတော့ လင်းစွေ့ဆီက ငွေ လျန် ၂၀၀ တောင်းလိုက်တာပဲ ရှိတယ်။ ဒါပေမဲ့ အဲဒီ အမွှေးနံ့သာမှုန့်ရဲ့ ကုန်ကျစရိတ်က တကယ်ကို အဲဒီလောက် မြင့်တာကိုး။ ဘာလို့ နွီရှီက ဒီလောက်တောင် ဈေးကြီးနေရတာလဲ။ လူကြီးမင်းတို့က အမဲလိုက်ပစ္စည်းဆိုင်တွေရဲ့ ဈေးနှုန်းတွေ လျှောက်တင်နေတာကို မထိန်းချုပ်ကြဘူးလား” အားချန်သည် နောက်ပိုင်းသို့ ရောက်လေ အမဲလိုက်ပစ္စည်းဆိုင်ကို ပြင်းထန်စွာ ရှုတ်ချလေ ဖြစ်လာသည်။
ပိုင်ရှိုးမင်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် တွန့်ကွေးသွားသော်လည်း အားချန် သတိပြုမိသွားခြင်း မရှိခဲ့ပေ။
"ပိုင်လူကြီးမင်း၊ ကျွန်မ ဒါကို ကောင်းမှုကုသိုလ်တစ်ခု လုပ်ခဲ့တယ်လို့ သတ်မှတ်လို့ ရလောက်တယ်မလား။ ရှင်က ဒီလောက်တောင် ပညာဉာဏ် ထက်မြက်ပြီး တန်ခိုးဩဇာ ကြီးမားတာပဲ။ ကျွန်မကို ပြန်လွှတ်ပေးလိုက်ပါလား”
မြင်းပေါ်တွင် ထိုင်နေသော ထိုယောကျ်ားသည် သူမကို စောင်း ကြည့်လိုက်သော်လည်း တိတ်ဆိတ်မြဲ တိတ်ဆိတ်နေလေသည်။
ကိစ္စမရှိပေ။ အားချန်သည် သူ၏ အေးစက်မှုကို ဂရုမစိုက်ဘဲ ဆက်ပြီး တွတ်တွတ် ပြောဆိုနေလိုက်တော့သည်။ "ကြည့်ပါဦး၊ မိုးတောင် ချုပ်နေပြီ။ ကျွန်မကို မင်ကျင့်စီးကို ခေါ်သွားပြီး စကား ၂ ခွန်းလောက် မေးပြီးရင် ကျွန်မကို အိမ်ပြန်ပို့ရဦးမယ်။ ဘယ်လောက်တောင် အလုပ်ရှုပ်လိုက်လဲ။ မဟုတ်ရင် ရှင့်မှာ မေးစရာမေးခွန်း ရှိရင် အခုပဲ မေးလိုက်လေ။ ကျွန်မ ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ အာမခံတယ်”
"ဒီအရာရှိက မင်းကို အိမ်ပြန်ပို့မယ်လို့ ဘယ်သူက ပြောလို့လဲ” ပိုင်ရှိုးမင်သည် နောက်ဆုံးတွင် ဖွင့်ဟလိုက်လေသည်။
ဟမ်။
အားချန်သည် ချက်ချင်းပင် သတိအနေအထား ဖြစ်သွား၏။ အိမ်တောင် ပြန်မလွှတ်ဘူးဆိုတော့ သူ ဘာလုပ်ချင်နေတာလဲ။
"ပိုင်လူကြီးမင်း၊ ရှင် ကိုယ်ကျိုးအတွက် တရားဥပဒေကို ချိုးဖောက်လို့ မရဘူးနော်။ ကျွန်မက အမြဲတမ်း ဖြူဖြူစင်စင် နေထိုင်လာခဲ့တာ။ မကောင်းတဲ့ကိစ္စတွေ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး”
အားချန်၏ စကားကြောင့် နောက်ဆုံးတွင် ပိုင်ရှိုးမင်ထံမှ အပြုသဘောဆောင်သည့် အကြည့်တစ်ချက်ကို ရရှိလိုက်လေသည်။ သူက သူမကို အလွန်တရာ တမင်တကာပင် အထက်အောက် စုန်ဆန် ကြည့်လိုက်ပြီး "ဟုတ်လို့လား။ ကြည့်ရတာတော့ မတူသလိုပဲ”
အားချန်သည် ချက်ချင်းပင် မပျော်မရွှင် ဖြစ်သွားတော့၏။ သူမသည် မိမိ၏ ဖြောင့်မတ်သော ဂုဏ်သိက္ခာကို စော်ကားခံလိုက်ရသည်ဟု ခံစားလိုက်ရလေသည်။
"ဟုတ်တာပေါ့” သူမက အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။
"မင်း အသံက အရမ်းကျယ်လွန်းတော့ ဒီအရာရှိရဲ့ မြင်းတောင် လန့်သွားပြီ” ပိုင်ရှိုးမင်၏ အသံသည် နူးညံ့ပျော့ပျောင်းလို့နေသည်။ "ဒါကြောင့် ဒီအရာရှိမှာ မင်းကို မင်ကျင့်စီးကို ခေါ်သွားပြီး သေသေချာချာ စစ်ဆေးမေးမြန်းပိုင်ခွင့် ရှိတယ်... တစ်ညလုံးပေါ့”
အားချန်မှာ မျက်လုံး အဝိုင်းသား ဖြစ်သွားတောသည်။ ခွေးအရာရှိ ဟူသော စကားတစ်ခွန်းသည် သူမ၏ ပါးစပ်ထဲတွင် လူးလွန့်နေခဲ့သော်လည်း နောက်ဆုံးတွင် အောင့်အီးကာ မျိုချလိုက်ရလေသည်။
နောက်ဆုံးတွင် သူတို့အားလုံး မင်ကျင့်စီး ရုံးတော်သို့ ရောက်ရှိသွားသည့်အခါ ဖမ်းဆီးခံရသူများကို မြေအောက်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီး လင်းစွေ့နှင့် လင်းရိ ၂ ယောက်ကိုလည်း သီးခြားစီ ခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းလေသည်။
အားချန်သည် သူမကိုယ်တိုင်လည်း စစ်ဆေးမေးမြန်းခံရမည်ဟု ထင်မှတ်နေပြီး လူတစ်ယောက် လာခေါ်သည်ကို စောင့်ဆိုင်းနေစဉ်မှာပင် ပညာတတ်တစ်ဦးကဲ့သို့ ဝတ်စားဆင်ယင်ထားသော လူငယ်တစ်ဦး အလျင်အမြန် ပြေးလာသည်ကို တွေ့လိုက်ရ၏။
ထိုသူသည် ရပ်တန့်လိုက်ပြီးနောက် အလျင်စလိုလေသံဖြင့် ပြောလေသည်။ "ပိုင်လူကြီးမင်း၊ ကျွန်တော်မျိုးက ကျမ်းစာအုပ်တွေထဲကနေ ကျန်းချောင်မြက်ရဲ့ လွှမ်းမိုးမှုကို ဖြေဖျောက်နိုင်မယ့် နည်းလမ်းကို ရှာမတွေ့သေးပါဘူး။ ကျွန်တော်မျိုး အချိန်နည်းနည်းလောက် လိုအပ်ဦးမယ် ထင်ပါတယ်”
"ရှာစရာ မလိုတော့ဘူး။ သူ့ကို မင်းကို သင်ခိုင်းလိုက်”
အားချန်သည် ကြောင်ငေးသွားပြီး ချက်ချင်းပင် ပိုင်ရှိုးမင်ဘက်သို့ လှည့်မေးလိုက်တော့သည်။ "ရှင် ကျွန်မကို မင်ကျင့်စီးကို ခေါ်လာတာက ကျွန်မကို အဆိပ်ဖြေဆေး လာလုပ်ခိုင်းဖို့လား”
"မဟုတ်ရင်ကော။ ဘာဖြစ်ရမှာလဲ” ပိုင်ရှိုးမင်က ပြန်လည် မေးခွန်းထုတ်လိုက်သည်။ "ဖြူဖြူစင်စင် နေထိုင်လာတာဆို။ မကောင်းတဲ့ကိစ္စတွေ မလုပ်ခဲ့ဖူးမှတော့ ဘာကို ကြောက်နေရတာလဲ”
အားချန်တစ်ယောက် မျက်လုံးပြူးသွားတော့သည်။ ငါ ဒီလမ်းတစ်လျှောက်လုံး အာပေါင်အာရင်း သန်သန် ပြောဆိုခဲ့တာတွေ အားလုံးက အလကား ဖြစ်သွားပြီလား။
"ရှင်က ကျန်းချောင်မြက်ကို ဖြေဖျောက်နိုင်မယ့် နည်းလမ်းကို သိချင်တယ်ဆိုရင် ကျွန်မကို တိုက်ရိုက် ပြောလို့ ရတာပဲ။ ဘာလို့ ကျွန်မကို လာခြောက်နေရတာလဲ။ ကျွန်မက ရှင့်ဆီက ငွေတောင်းမှာမှ မဟုတ်တာ”
ပိုင်ရှိုးမင်က ခေါင်းညိတ်သည်။ "ဒါဆိုရင်တော့ ငွေမပေးတော့ဘူး”
အားချန် : “...”
ငါ ဒီည ဒေါသထွက်လွန်းလို့ အိပ်ပျော်တော့မှာ မဟုတ်ဘူး။
ပိုင်ရှိုးမင်သည် မိမိကိုယ်တိုင် အနည်းငယ် လွန်ကဲသွားသည်ဟု ခံစားမိသောကြောင့် ဖြစ်မည်။ စကားတစ်ခွန်းကို အထူးတလည် ထပ်ပြောလိုက်သည်။ "ဒီအရာရှိက မင်း လမ်းတစ်လျှောက်လုံး ရှင်းပြနေတာကို အရမ်း အလေးအနက်ထားနေတာ တွေ့လို့ အနှောင့်အယှက် မပေးချင်ခဲ့တာ”
အားချန်သည် အံကို ကြိတ်လိုက်ပြီး ခွေးအရာရှိ နှင့် အသေအလဲ တိုက်ခိုက်ပစ်ရန် စိတ်ကူးလိုက်မိတော့သည်။
သို့သော် သူမသည် ကိစ္စတစ်ခုကို လျင်မြန်စွာ သတိရသွား၏။ "ရှင်က ကျန်းချောင်မြက်နဲ့ ပတ်သက်တဲ့ အရာအားလုံးကို ဖျောက်ဖျက်ပစ်ခဲ့ပြီးပြီလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ သူ ရှာဖွေဖတ်ရှုနေတဲ့ ကျမ်းစာအုပ်တွေထဲမှာ ဘာလို့ ရှိနေသေးတာလဲ”
ထိုလူငယ်အရာရှိက ရိုးသားစွာ ပြုံးရယ်လိုက်သည်။ "ကျန်းချောင်မြက်ကို စာအုပ်တွေထဲကနေ ဖယ်ရှားပစ်ဖို့ အမိန့်က ကျွန်တော်တို့ မင်ကျင့်စီးကနေ ထုတ်ပြန်ခဲ့တာလေ။ ကျွန်တော်တို့ဆီမှာတော့ သက်ဆိုင်ရာ မှတ်တမ်းတွေ ရှိနေတာပေါ့”
"ရှင်တို့ ကျန်းချောင်မြက်နဲ့ ပတ်သက်တဲ့ အမှုအခင်းတွေ အများကြီး တွေ့ကြုံခဲ့ဖူးလား” အားချန်က စိတ်ဝင်တစား မေးလိုက်သည်။
ထိုအရာရှိသည် ပိုင်ရှိုးမင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သူက တားမြစ်သည့် အရိပ်အယောင် မပြမှသာ ပြောလာခဲ့သည်။ "တကယ်တော့ သိပ်မများပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းက သုံးပြီးသွားရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတာလေ။ ဘယ်သူက အသက်နဲ့ လဲပြီးတော့ ခဏတာ ထွန်းတောက်မှုကို ရယူချင်မှာလဲ”
"ဒါဆိုရင် သူ့ကို တားမြစ်ပစ္စည်းအဖြစ် သတ်မှတ်ထားတာကတော့ အကြောင်းရင်းတစ်ခုခုတော့ ရှိရမှာပေါ့”
"ဒါကတော့..." လူငယ်အရာရှိက ခြောက်ကပ်စွာ ရယ်လိုက်ပြီး "မိန်းကလေးက လူကြီးမင်းကိုပဲ မေးကြည့်တာ ပိုကောင်းပါလိမ့်မယ်”
"ပိုင်လူကြီးမင်း”
"အရင်ဆုံး အဆိပ်ဖြေဆေး သွားဖော်စပ်လိုက်ဦး။ ဖော်စပ်ပြီးသွားရင် ဒီအရာရှိက မင်းကို ပုံပြင် ပြောပြမယ်” ပိုင်ရှိုးမင်သည် ရှားရှားပါးပါး စကားကို ကောင်းကောင်းမွန်မွန် ဆိုလိုက်လေသည်။
"ကောင်းပြီလေ” အားချန်သည် နှမြောတသစွာဖြင့် ပိုင်ရှိုးမင်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ "လူကြီးမင်း အလုပ်ပြီးရင် ကျွန်မဆီကို လာရှာဖို့ သတိရနော်”
ထိုလူငယ်အရာရှိသည် အားချန်ကို ဆေးဖော်စပ်ခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ သူက အားချန်ကို ဆိုသည်။ "ကျွန်တော့်နာမည် လျိုကျုံ့ ပါ။ မင်ကျင့်စီးရဲ့ ဆေးအရာရှိ ဖြစ်ပါတယ်။ မိန်းကလေးက နှမြောမနေဘဲ သင်ကြားပြသပေးပါဦး”
"ကျွန်မနာမည် ကျိချန် ပါ။ လျိုလူကြီးမင်းက ကျွန်မနာမည်ကိုပဲ ခေါ်ရင် ရပါပြီ” လျိုကျုံ့နှင့် အပြန်အလှန် မိတ်ဆက်ပြီးနောက် အားချန်သည် အချိန်မဖြုန်းတော့ဘဲ အဆိပ်ဖြေဆေးဟု ခေါ်ဆိုရမည့် အရာကို တိုက်ရိုက် ပြောပြလိုက်လေသည်။
"နွီရှီအရိုးမှုန့် တစ်မျိုးတည်းပဲလား” လျိုကျုံ့သည် နားထောင်ပြီးသည့်အခါ မယုံကြည်နိုင်စွာဖြင့် တစ်ကြိမ် ထပ်မံ ပြောလိုက်သည်။ "ဒီလောက်တောင် ရိုးရှင်းတာလား”
"အာနိသင် သက်ရောက်တဲ့ ပါဝင်ပစ္စည်းကတော့ ကျောက်စိမ်းအရိုးမှုန့် တစ်မျိုးတည်းပါပဲ။ ဒါပေမဲ့ ကျောက်စိမ်းအရိုးမှုန့်က မီးလောင်ကျွမ်းဖို့ မလွယ်ဘူး။ ပြီးတော့ ညှီစို့စို့အနံ့လည်း ထွက်တယ်။ ဒါကြောင့် ကျွန်မက အနံ့ပြင်းပြီး မီးလောင်လွယ်တဲ့ အမွှေးနံ့သာမှုန့် တချို့နဲ့ ရောစပ်ပြီး အမွှေးနံ့သာမှုန့် လုပ်လိုက်တာ”
"မိန်းကလေးက တကယ်ကို အမြင်ကျယ်ပါပေတယ်။ ကျေးဇူးပြုပြီး သင်ကြားပြသပေးပါ” ထိုသို့ ပြောလိုက်ပြီးနောက် သူက အားချန်ကို ဦးညွှတ် အရိုအသေပေးလိုက်သည်။
"လျိုလူကြီးမင်း ဒီလိုမျိုး လုပ်စရာ မလိုပါဘူး” အားချန်သည် သူ၏ အရိုအသေပေးမှုကို ရှောင်တိမ်းလိုက်သော်လည်း စိတ်ထဲတွင်တော့ ‘ဒါမှ လူကို အကူအညီတောင်းတဲ့ မှန်ကန်တဲ့ သဘောထား အစစ်အမှန်ပေါ့’ ဟု ပြောလိုက်မိတော့သည်။
သူမသည် မိမိ အသုံးပြုခဲ့သော ဖော်စပ်နည်းကို လျိုကျုံ့အား ပြောပြလိုက်ပြီးနောက် ပြောလိုက်သည်။ "ဒါကို အဆိပ်ဖြေဆေး အစစ်အမှန်လို့တော့ ပြောလို့မရပါဘူး။ ဒီအမွှေးတိုင်က ၂ ကြိမ် အသုံးပြုပြီးမှ ကျန်းချောင်မြက်ကြောင့် ဖြစ်ပေါ်လာတဲ့ လွှမ်းမိုးမှုကို ထိထိရောက်ရောက် ဖိနှိပ်နိုင်တာ။ ဒါပေမဲ့ လုံးဝ ပပျောက်သွားအောင်တော့ မလုပ်နိုင်ဘူး။ ဆက်တိုက် ဖိနှိပ်ထားချင်တယ်ဆိုရင်တော့ အရိုးမှုန့်ကိုပဲ ဆက်သုံးနေရမှာပဲ”
"ဒါကတော့ ကိစ္စမရှိပါဘူး။ ကျန်းချောင်မြက်ကို သုံးစွဲတဲ့သူ သေဆုံးသွားတာနဲ့ ကျန်းချောင်မြက်ရဲ့ အာနိသင်က လုံးဝ ပျောက်ကွယ်သွားပါလိမ့်မယ်။ ကျွန်တော်တို့က အဆိပ်ဖြေဆေးကို ဖော်စပ်တာကလည်း တိုက်ခိုက်ခံရသူတွေက စုံစမ်းစစ်ဆေးမှု ခံယူတဲ့အချိန်မှာ အသိစိတ် ကြည်လင်နေစေဖို့ပါပဲ”
လျိုကျုံ့က အားချန်ကို ရှင်းပြလိုက်သည်။ ဒါပေါ့၊ တခြား အကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့ သူက အများကြီး ပြောဖို့ မသင့်တော်ဘူးလေ။ တကယ်လို့ ဒီမိန်းကလေးကျိကသာ ပိုင်လူကြီးမင်းကို ဖွင့်ဟပြောဆိုအောင် လုပ်နိုင်ခဲ့မယ်ဆိုရင် သူမက အမှန်တရားကို သိသွားနိုင်လောက်တယ်။
"ဒီအမှုက ဘယ်လောက်ကြာအောင် စုံစမ်းစစ်ဆေးရမှာလဲ”
"ပြောဖို့တော့ ခက်တယ်။ အမြန်ဆုံးဆိုရင်တော့ ၁၀ ရက်၊ ၁၅ ရက်လောက်ပေါ့။ ဘာပဲဖြစ်ဖြစ် လက်ရှိနန်းတွင်းရဲ့ အဆင့် ၂ စစ်သူကြီး နဲ့ ပတ်သက်နေတာဆိုတော့ ကျန်းချောင်မြက်ရဲ့ ရင်းမြစ်ကိုရော၊ နောက်ကွယ်မှာ တွန်းအားပေးတဲ့သူ ရှိ၊ မရှိကိုရော စုံစမ်းစစ်ဆေးဖို့ လိုအပ်သေးတယ်” လျိုကျုံ့သည် စကားအနည်းငယ် ဆိုပြီးနောက် ဆက်ပြီး နက်နက်နဲနဲ မပြောတော့ပေ။
အားချန်၏ အာရုံစိုက်မှုကတော့ အခြားတစ်ဖက်သို့ လုံးလုံး ရောက်သွားလေသည်။ "ဒါဆိုရင် ကျောက်စိမ်းအရိုးမှုန့်တွေ အများကြီး သုံးရတော့မှာပေါ့”
အရိုးတစ်ချောင်းက လူတစ်ယောက်အတွက် တစ်ရက်စာပဲ လုံလောက်တာ။ တစ်ချောင်းကို ငွေ လျန်၉၀ တောင် ပေးရတယ်။ လင်းမိသားစုမှာ ဒီလောက် လူအများကြီးနဲ့။ ၁၅ ရက်စာဆိုရင် ငွေဘယ်လောက်တောင် ကုန်ကျမလဲ။
"မိန်းကလေးကျိ စိတ်ပူစရာ မလိုပါဘူး။ နွီရှီ အရိုးတွေက ကျွန်တော်တို့ မင်ကျင့်စီးရဲ့ ဂိုဒေါင်ကြီးထဲမှာ အများကြီး ရှိလောက်ပါတယ်။ လုံလောက်အောင် သုံးလို့ရပါတယ်”
အားချန်သည် ချက်ချင်းပင် အားကျမက်မောသည့် မျက်လုံးများ ဖြစ်သွားတော့သည်။
လျိုကျုံ့က လူတစ်ယောက်ကို ခေါ်လိုက်ပြီး သူ၏ ခါးစည်းတံဆိပ်ကို ယူဆောင်ကာ မင်ကျင့်စီး၏ ဂိုဒေါင်ကြီးသို့ နွီရှီ အရိုးများနှင့် လိုအပ်သော ပစ္စည်းများကို သွားယူခိုင်းလိုက်လေသည်။ သူကတော့ အားချန်နှင့်အတူ ဆေးဖော်စပ်ခန်းအတွင်းတွင် စကားစမြည် ပြောဆိုနေလိုက်၏။
မကြာမီပင် မင်ကျင့်စီး အစောင့် ၂ ယောက်သည် သေတ္တာတစ်လုံးကို သယ်မကာ ရောက်ရှိလာကြသည်။ သေတ္တာကို ဖွင့်လိုက်သည့်အခါ အတွင်းတွင် ကျောက်စိမ်းအရိုးများ တစ်သေတ္တာအပြည့် သေသေသပ်သပ် ထည့်ထားသည်ကို တွေ့လိုက်ရ၏။
ကျောက်စိမ်းအရိုးများ၏ အရည်အသွေးမှာ အကောင်းစားဖြစ်ပြီး တစ်ခုချင်းစီတိုင်းသည် ကြည်လင်တောက်ပကာ ချောမွေ့လျက်ရှိရာ ကြည့်ရုံဖြင့် တန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်မှန်း သိသာလှပေသည်။
အားချန်တစ်ယောက် ရုတ်တရက် မိမိ၏ ဖြောင့်မတ်သော ဂုဏ်သိက္ခာကို စွန့်လွှတ်လိုက်ပြီး အရိုး အချို့ကို အိမ်သို့ ခိုးယူသွားရန် စိတ်ကူးလိုက်မိတော့သည်။
.
ကျောက်စိမ်းအရိုးများကို ရရှိပြီးနောက် လျိုကျုံ့သည် အားချန်၏ လမ်းညွှန်မှုအောက်တွင် အရိုးများကို စတင် ကိုင်တွယ်တော့သည်။ သူသည် ကျောက်စိမ်းအရိုးများကို အမှုန့်ဖြစ်အောင် ကြိတ်လိုက်ပြီး အခြားသော အမွှေးနံ့သာမှုန့်များနှင့် ရောနှောလိုက်လေသည်။
အမွှေးနံ့သာမှုန့်များ ဖော်စပ်ပြီးစီးသည့်အခါ လျိုကျုံ့သည် အမွှေးနံ့သာမှုန့် အနည်းငယ်ကို ယူကာ မီးညှိလိုက်လေသည်။ အားချန်က အနံ့ကို ခံစားကြည့်ပြီးနောက် ခေါင်းညိတ်ပြီး ပြောလိုက်တော့သည်။ "ကျွန်မ ဖော်စပ်ထားတဲ့ အရသာနဲ့ တစ်ထပ်တည်းပဲ”
သည်အချိန်တွင် ဆေးဖော်စပ်ခန်း၏ အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာ၏။ စောစောက ပါးစပ်ဖြင့်သာ ညွှန်ကြားနေခဲ့သော အားချန်သည် တံခါး သွားဖွင့်ပေးလိုက်ရာ တံခါးအပြင်ဘက်တွင် စိတ်မရှည်စွာ စောင့်ဆိုင်းနေသော ကျန်းခိုင်သည် အားချန်ကို မြင်တွေ့လိုက်ရသည့်အခါ ချက်ချင်းပင် အပြုံးမျက်နှာ ဖြစ်သွားလေသည်။ "မိန်းကလေးကျိ၊ မင်းလည်း ရှိနေတာလား”
"ကျန်းလူကြီးမင်း” အားချန်၏ မျက်လုံးများ ကွေးညွှတ်သွားသည်။ "ရှင်က လျိုလူကြီးမင်းကို လာရှာတာလား”
"ဟုတ်ပါတယ်”
ကျန်းခိုင်သည် ဆေးဖော်စပ်ခန်းအတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာသည်။ လျိုကျုံ့သည် အမွှေးနံ့သာမှုန့် ၁၀ ထုပ်ကို သီးခြားစီ ထုပ်ပိုးလျက်ရှိရာမှ ခေါင်းမော့ပြီး ကျန်းခိုင်ကို မြင်သည့်အခါ မေးလိုက်တော့သည်။ "လူကြီးမင်းကများ တစ်ခုခု မှာကြားလိုက်တာ ရှိလို့လား”
ကျန်းခိုင်က ပြောလိုက်သည်။ "စစ်သူကြီးလင်းက မြေအောက်အကျဉ်းထောင်ထဲမှာ ရူးသွပ်နေပြီ။ လူကြီးမင်းက ခင်များကို ဖော်စပ်ထားတဲ့ အဆိပ်ဖြေဆေးကို အရင်ဆုံး သူ့အတွက် သုံးလိုက်ပါလို့ မှာလိုက်တယ်”
"ဒီလောက်တောင် ဆိုးရွားသွားတာလား” လျိုကျုံ့သည် အနည်းငယ် အံ့အားသင့်သွားပြီးနောက် "ကျွန်တော် ကိုယ်တိုင် မြေအောက်အကျဉ်းထောင်ကို တစ်ခေါက် သွားလိုက်ပါ့မယ်။ သူ့အခြေအနေကို မှတ်တမ်းတင်ခဲ့ရအောင်”
ကျန်းခိုင်က ခေါင်းညိတ်လိုက်သည်။ အစကတည်းက သူကလဲ သည်သဘောပင်။
လျိုကျုံ့သည် ကျန်းခိုင်နှင့်အတူ ထွက်ခွာသွားရသည်တွင် အားချန်မှာ သည်နေရာတွင် ဆက်နေရန် မဖြစ်တော့သဖြင့် အလိုက်တသိပင် သူတို့နောက်မှ လိုက်သွားရတော့သည်။
လျိုကျုံ့ကလည်း သူမကို အမွှေးနံ့သာမှုန့် ဖော်စပ်သူအဖြစ် ယူဆသောကြောင့် ဖြစ်မည်။ သူမကိုပါ မြေအောက်အကျဉ်းထောင်အတွင်းသို့ အတူတူ ခေါ်ဆောင်သွားခဲ့သည်။
လင်းမိသားစုဝင်များသည် အတိုက်ခိုက်ခံရသူများ ဖြစ်သောကြောင့် မြေအောက်အကျဉ်းထောင်၏ ပထမဆုံး အလွှာတွင် အကျဉ်းချခံထားရသည်။ အားချန်သည်လည်း သည်နေရာတွင် အချိန်အတန်ကြာ အကျဉ်းချခံခဲ့ရဖူးသဖြင့် သည်နေရာ၏ ပတ်ဝန်းကျင်နှင့် ကောင်းစွာ အသားကျလျက် ရှိ၏။
မကြာမီပင် ကျန်းခိုင်သည် သူတို့ကို လင်းချန်အား အကျဉ်းချထားသော အကျဉ်းတိုက်ခန်းဆီသို့ ဦးဆောင် ခေါ်ဆောင်သွားလေသည်။
အနီးသို့ပင် မကပ်ရသေးမီတွင် အားချန်သည် တိုက်ခတ်သံများကို ကြားလိုက်ရသည်။ တစ်စုံတစ်ယောက်က ခန္ဓာကိုယ်ဖြင့် အကျဉ်းတိုက်ခန်း၏ သံတိုင်များကို ဝင်တိုက်နေသည့်အလား ထင်ရ၏။
အတွင်းသို့ ဝင်ရောက်သွားမှသာ သူမသည် ထိုအသံကို ပြုလုပ်နေသူမှာ လင်းချန် ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ဤသို့ ထိန်းချုပ်မှု လွတ်ကင်းနေသော လင်းချန်ကို သူမ ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းပင်။ သဘောတရားအရဆိုလျှင် ကျန်းချောင်မြက် အသုံးပြုသူ၏ ထိန်းချုပ်ခြင်းကို ခံရစေကာမူ သူသည် သည်လို ပြင်းထန်စွာ တုံ့ပြန်မနေသင့်ပေ။
သူမသည် လျိုကျုံ့ဘက်သို့ ခေါင်းလှည့် ကြည့်လိုက်မိ၏။ လျိုကျုံ့ကတော့ ကြိုတင် မျှော်လင့်ထားသည့်အလား သူ့မျက်နှာတွင် အံ့အားသင့်သော အရိပ်အယောင် တစ်စိုးတစ်စိမှ မရှိပေ။
"စစ်သူကြီးလင်းက ဘယ်လိုဖြစ်နေတာလဲဆိုတာ ရှင် သိလား” အားချန်သည် ကျန်းခိုင်က အကျဉ်းတိုက်ခန်း တံခါးကို ဖွင့်ကာ ဝင်သွားပြီး ထိပ်တုံးများ ခတ်ထားလျက် ရှိသော လင်းချန်ကို ချုပ်နှောင်လိုက်သည်ကို မြင်လျှင် လျိုကျုံ့ကို လေသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။
လျိုကျုံ့က ခေါင်းညိတ်ပြလေသည်။ "ကျန်းချောင်မြက်ကို သုံးစွဲတဲ့သူက သူကိုယ်တိုင် သေလုနီးပါး ဖြစ်နေပြီဆိုတာကို သိရှိသွားတဲ့အခါ လွှမ်းမိုးမှု ခံရတာ ပိုများတဲ့လူက တုံ့ပြန်မှု ပိုပြင်းထန်လာတတ်တယ်။ ဒါက ထူးခြားတဲ့ ကာကွယ်မှု ယန္တရားတစ်မျိုး ဖြစ်နိုင်တယ်”
"ရှင် အရင်က တွေ့ကြုံခဲ့ဖူးလား”
"မတွေ့ဖူးပါဘူး။ ရုံးတော်ထဲက အမှုတွဲတွေထဲမှာ အလားတူ အခြေအနေမျိုးကို မှတ်တမ်းတင်ထားတာ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ တခြားတစ်ဖက်က လွှမ်းမိုးမှု ခံရတဲ့အချိန်က တိုတောင်းပြီး အခြေအနေက စစ်သူကြီးလင်းလောက် မဆိုးရွားခဲ့ဘူး”
ကျန်းခိုင်သည် လင်းချန်ကို မြေပြင်ပေါ်သို့ တွန်းလှဲချလိုက်ပြီးနောက် သူ့ကျောကုန်းပေါ်သို့ ဖင်ဖြင့် ထိုင်ချလိုက်ကာ လေသံတိုးတိုးဖြင့် တီးတိုးပြောဆိုနေသော သူတို့ ၂ ယောက်ဘက်သို့ လှည့်ကာ ပြောလေတော့သည်။ "စကားပြောမနေကြနဲ့တော့။ အဆိပ်ဖြေဆေး မြန်မြန် သုံးတော့”
လျိုကျုံ့သည် အကျဉ်းခန်းအတွင်းသို့ ဝင်ရောက်သွားပြီး အမွှေးနံ့သာမှုန့်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ့ရင်ဘတ်ထဲမှ အမွှေးတိုင်ခွက် အစရှိသော အသုံးအဆောင်ပစ္စည်းများနှင့် ပြာမှုန့်တစ်အိတ်ကို ထုတ်ယူကာ ထိုနေရာတွင်ပင် အမွှေးနံ့သာမှုန့် ပုံစံခွက်တစ်ခု ပြုလုပ်လိုက်လေသည်။
ကျန်းခိုင်သည် ထိုအခြေအနေကို မြင်လိုက်သည်တွင် မျက်ဖြူဆိုက်ချင်စိတ် ပေါက်သွားပြီး မထိန်းနိုင်ဘဲ ပြောလိုက်တော့သည်။ "လျိုကျုံ့၊ နောက်တစ်ခါကျရင် သမားရိုးကျ အဆိပ်ဖြေဆေးတစ်ခုလောက် ဖော်စပ်လို့ မရဘူးလား”
လျိုကျုံ့သည် ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည်။ "ဒီအဆိပ်ဖြေဆေးက မိန်းကလေးကျိ ဖော်ထုတ်ပေးထားတာ။ ဘယ်နေရာမှာ သမားရိုးကျ မဟုတ်လို့လဲ”
အားချန် ပြုလုပ်ထားသည်ဟု ကြားလိုက်သည်နှင့် ကျန်းခိုင်ကလည်း ချက်ချင်းပင် ပါးစပ် ပိတ်ထားလိုက်လေသည်။
ပြင်းရှရှ ရနံ့တစ်ခုသည် အကျဉ်းတိုက်ခန်းအတွင်း ပျံ့နှံ့သွားခဲ့ပြီး မူလက ရုန်းကန်လှုပ်ရှားနေသော လင်းချန်သည် တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။
အမွှေးနံ့သာမှုန့်များ လောင်ကျွမ်း ကုန်ဆုံးသွားသည့်အခါမှ လင်းချန်သည် နောက်ဆုံးတွင် စကားပြောလာတော့သည်။ "ကျွန်တော်... ဒါ ဘယ်လိုဖြစ်သွားတာလဲ”
ကျန်းခိုင်က လင်းချန်ကို ငုံ့ကြည့်လိုက်ပြီး သူ၏မျက်လုံးများ အနည်းငယ် ကြည်လင်လာဟန်ရှိမှသာ သူ့ကိုယ်ပေါ်မှ ထလိုက်၏။ သူက ရယ်မောလျက် ထိုသူကို မြေပြင်ပေါ်မှ ဆွဲထူလိုက်ပြီး သူ၏ကိုယ်ပေါ်မှ ဖုန်မှုန့်များကိုပင် ခါထုတ်ပေးလိုက်သေးသည်။ "စစ်သူကြီးလင်းက စောစောက ထိန်းချုပ်ခံလိုက်ရပြီး အသိစိတ် ပျောက်ဆုံးသွားလို့ပါ။ ကျွန်တော်မျိုးက မနိုင်ဝန် ထမ်းပြီးတော့မှ စစ်သူကြီးကို ထိန်းချုပ်ထားနိုင်ခဲ့တာ။ ခင်များကို ကိုယ့်ကိုယ်ကိုယ် မထိခိုက်မိစေခဲ့ပါဘူး”
အားချန်သည် အပြင်ဘက်မှနေ၍ နှုတ်ခမ်းကို စူထားလိုက်သည်။ ပိုင်ရှိုးမင်ရဲ့တပည့်လို့ မပြောရဘူး။ မျက်လုံးဖွင့်ပြီးတော့တောင် လိမ်ညာပြောဆိုနေတယ်။
ရှင် စောစောက စစ်သူကြီးလင်းကို ဖင်နဲ့ ထိုင်ကြိတ်ပြီး သတ်မလို ဖြစ်နေတုန်းကတော့ ဒီလို သဘောထားမျိုး မဟုတ်ခဲ့ပါဘူး။
"ပင်ပန်းသွားပါပြီ” လင်းချန်၏ လေသံသည် ရိုးသားလှ၏။
ထို့နောက် သူသည် ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ကြည့်ရှုလိုက်ပြီး ဖွင့်ဟ မေးမြန်းလိုက်လေသည်။ "ဒီနေရာက မင်ကျင့်စီးရဲ့ မြေအောက်အကျဉ်းထောင်လား”
"ဟုတ်ပါတယ်။ စစ်သူကြီးလင်း နားလည်ခွင့်လွှတ်ပေးပါ။ အမှုအခင်း စုံစမ်းစစ်ဆေးမှု မပြီးဆုံးခင်အချိန်အထိ ခင်များ ထိန်းချုပ်မှု မလွတ်ကင်းသွားအောင် ဒီနေရာမှာပဲ နေရပါလိမ့်မယ်” ကျန်းခိုင်က ပြောလိုက်၏။
"ကိစ္စမရှိပါဘူး။ ကျွန်တော် ပိုင်လူကြီးမင်းကို ဘယ်အချိန်မှာ တွေ့ခွင့်ရနိုင်မလဲ မသိဘူး”
"စစ်သူကြီးလင်း” ပိုင်ရှိုးမင်သည် မည်သည့်အချိန်က ရောက်ရှိလာသည်မသိ။ သူက ရုတ်တရက် အသံပြုလိုက်ရာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသည့် အားချန်မှာ လန့်ဖျပ်သွားပြီး နောက်သို့ ခြေ ၂ လှမ်း ဆုတ်မိသွားတော့သည်။
ပိုင်ရှိုးမင်သည် အလိုက်သင့်ပင် သူမ၏ကျောကို ပင့်ထိန်းပေးလိုက်ပြီး သူမ ရပ်တန့်သွားမှသာ လက်ကို ပြန်လွှတ်ကာ ရှေ့သို့ လျှောက်လှမ်းသွားလေသည်။
"ဒီတစ်ကြိမ်တော့ ပိုင်လူကြီးမင်းကို ကျေးဇူးတင်ရပါပြီ” အသိစိတ် ပြန်လည် ကြည်လင်လာပြီးနောက် လင်းချန်သည် ယခင်က ဖြစ်ပျက်ခဲ့သော အရာများကို မှတ်မိနေသေးသည်မှာ သိသာသည်။
သူက မိမိကိုယ်တိုင် မသိလိုက်သည့် အခြေအနေအောက်တွင် လူတစ်ယောက်၏ ထိန်းချုပ်ခြင်းကို ခံခဲ့ရပြီး တစ်ချိန်က ထိန်းချုပ်မှု လွတ်ကင်းသည်အထိပင် ဖြစ်ခဲ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"စစ်သူကြီးလင်း အားနာနေစရာ မလိုပါဘူး။ ဒါတွေအားလုံးက မိန်းကလေးလင်းက ဒီအရာရှိကို အချိန်မီ သတိပေးခဲ့လို့ပါ”
လင်းစွေ့ကို သတိရလိုက်သည့်အခါ လင်းချန်၏ မျက်နှာထားသည် နူးညံ့ပျော့ပျောင်းလာခဲ့သည်။ လင်းစွေ့သာ သတိမပြုမိခဲ့ပါလျှင် သူတို့ တစ်မိသားစုလုံးသည် သူတစ်ပါး၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားကြမည်ကို စိုးရိမ်မိလေသည်။
လင်းချန်နှင့် စကားအနည်းငယ် ထပ်မံ ပြောဆိုပြီးနောက် ပိုင်ရှိုးမင်သည် လူအချို့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားလေသည်။ လင်းချန်သည် လောလောဆယ်တွင် ပုံမှန်အတိုင်း အပြည့်အဝ ပြန်လည် ကောင်းမွန်လာခြင်း မရှိသေးဘဲ မနက်ဖြန်တွင် အမွှေးတိုင် ထပ်မံ အသုံးပြုပြီးမှသာ စစ်ဆေးမေးမြန်းနိုင်မည် ဖြစ်၏။
မြေအောက်အကျဉ်းထောင်မှ ထွက်လာသည့်အခါ အားချန်နှင့် ဆက်လက် ဆွေးနွေးလိုသေးသည့် လျိုကျုံ့ကို ကျန်းခိုင်က သူ့အင်္ကျီလက်မှ တပါတည်း ဆွဲခေါ်သွားလေသည်။
အားချန်ကတော့ ပိုင်ရှိုးမင်၏ နံဘေးသို့ ကပ်သွားပြီး "ပိုင်လူကြီးမင်း၊ ကျွန်မ ရှင့်အတွက် အဆိပ်ဖြေဆေးတောင် ဖော်စပ်ပေးပြီးသွားပြီ။ ရှင့်ပုံပြင်ကကော”
"အရင်မင်းဆက်တုန်းက မင်းသားတစ်ပါးက ကျန်းချောင်မြက်ကို သုံးပြီး မျက်နှာသာ ရဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ဖော်ထုတ်ခံလိုက်ရတယ်”
အားချန်သည် ကျော်လွှားသွားသော အဆင့်များကို မကျေနပ်တော့ချေ။ "ဘယ်လို ရှာဖွေတွေ့ရှိခဲ့တာလဲဆိုတာကို ရှင်က အသေးစိတ် ပြောပြလေ”
ပိုင်ရှိုးမင်က သူမကို တစ်ချက် ကြည့်လိုက်သည်။ "ဒါက တော်ဝင်မိသားစုရဲ့ လျှို့ဝှက်ချက်”
ကောင်းပြီလေ။ မပြောချင်လဲနေပေါ့။ လူကိုတောင် လာခြောက်နေသေးတယ်။
"ဒါဆိုရင် ရှင် ဆက်ပြောလေ”
"နောက်တော့ ဧကရာဇ်က အဲဒီမင်းသားကို သေဒဏ်ပေးဖို့ အမိန့်ချမှတ်ခဲ့တယ်။ ရလဒ်ကတော့ လူကို သေဒဏ်မပေးခင် တစ်ညအလိုမှာ ဧကရာဇ်က ရုတ်တရက် ထိန်းချုပ်မှု လွတ်သွားပြီး အဲဒီမင်းသားကို လွှတ်ပေးဖို့ အကြိမ်ကြိမ် အမိန့်ထုတ်ပြန်ခဲ့တယ်”
အားချန်သည် လျိုကျုံ့ ပြောခဲ့သော အမှုတွဲသည် မည်သည့်နေရာမှ လာသည်ကို အားချန် နောက်ဆုံးတွင် သိရှိသွားလေပြီ။ ၎င်းသည် တော်ဝင်မိသားစု၏ အမှုအခင်း ဖြစ်နေပါသည်တဲ့လား။
"ဒါဆို နောက်တော့ရော၊ ဧကရာဇ်က လူကို လွှတ်ပေးလိုက်လား” အားချန်က ထပ်မေးလိုက်သည်။
"အဲဒီခေတ်က မင်ဝမ်က မင်းသားကို ကြိုတင်ပြီး သေဒဏ်ပေးပစ်လိုက်တယ်။ ဧကရာဇ် နိုးထလာတဲ့အခါ အမျက်တော် ပြင်းရှပြီး အဲဒီမင်းသားရဲ့ မိသားစုဝင်တွေနဲ့ လက်အောက်ခံ အရာရှိတွေကို အကုန်လုံး သေဒဏ်ပေးပစ်ခဲ့တယ်။ အမှုနဲ့ ပတ်သက် ဆက်နွှယ်နေတဲ့လူတွေကိုလည်း မျိုးရိုး ၉ ဆက်လုံး ရှင်းလင်းပစ်ခဲ့တယ်”
(ဒီမင်ဝမ်က သူ့မွေးစားအဖေ မင်ဝမ် မဟုတ်ပါဘူးနော်။ မျိုးဆက်နာမည် တူတာပါ)
ထိုအရင်မင်းဆက်မှ ဧကရာဇ်သည် စိတ်သဘောထား ကောင်းသူအဖြစ် ကျော်ကြားခဲ့ပြီး ဤကိစ္စသည် သူ အုပ်ချုပ်ခဲ့စဉ် ကာလတစ်လျှောက်လုံးတွင် အကြီးမားဆုံးသော အမှုအခင်းဟု သတ်မှတ်နိုင်လေသည်။
အားချန်က နှုတ်ခမ်းကို စူလိုက်လေသည်။ လူသား ဧကရာဇ်က သတ္တိမရှိပေမယ့် ဒေါသကတော့ တကယ်ကို ကြီးပါပေတယ်။
ဒါပေမဲ့ ဒါကလည်း ပုံမှန်ပါပဲ။ ဒီပစ္စည်းက လူကို ထိန်းချုပ်တဲ့ ဖြစ်စဉ်က မသိလိုမသိဘာသာ ငြိမ်ငြိမ်သက်သက်လေး အရာရာကို စိမ့်ဝင်စေတာမျိုး ဖြစ်ပေမယ့် နောက်ဆုံး တန်ပြန်သက်ရောက်မှုကတော့ တကယ်ကို ကြောက်စရာကောင်းတယ်။ ဒါပေမဲ့ ဒီနောက်ဆုံး အခြေအနေကတော့ လူသားမျိုးနွယ်စုကိုပဲ ပစ်မှတ်ထားပုံရတယ်။
ငါ ကျန်းချောင်မြက်ကို သိနေတယ်ဆိုတာကလဲ တကယ်တော့ နတ်ဆိုးမျိုးနွယ်စုတွေကလည်း ဒီပစ္စည်းကို စားသုံးတတ်ကြလို့ပဲ။ တချို့နတ်ဆိုးတွေက မွေးရာပါ ရုပ်ဆိုးကြပြီး လူ့ပုံစံ ပြောင်းလိုက်ရင်လည်း ရုပ်ဆိုးနေတုန်းပဲ။ ဒါကြောင့် ကျန်းချောင်မြက်ကို စားပြီး ဇနီးမယား လိမ်ညာ ရှာဖွေကြတယ်။
ဒါပေမဲ့ ကျန်းချောင်မြက်က နတ်ဆိုးမျိုးနွယ်စုအပေါ်မှာ လွှမ်းမိုးမှု အရမ်းနည်းပါးပြီး လွတ်မြောက်ဖို့ အရမ်း လွယ်ကူတယ်။ ဒါကြောင့် လင်မယားချင်း သတ်ဖြတ်ပြီး နေရာမှာတင် သွေးသံရဲရဲ ဖြစ်ကုန်ကြတာပေါ့။
ချင်းယွီတောင်ပေါ်မှာ မျက်နှာလေးထောင့်ကျကျ ရှိတဲ့ မျိုးနွယ်တူတစ်ယောက်ကို တွေ့ခဲ့ဖူးသေးတယ်။ သူက ဒီပစ္စည်းကို စားရတာကို အရမ်း ကြိုက်လေတယ်။ ကံမကောင်းတာက ငါ ချင်းယွီတောင်ကနေ ထွက်ခွာလာတဲ့အချိန်အထိ သူက မျိုးနွယ်တူ ဇနီးတစ်ယောက်ကိုတောင် လိမ်ညာပြီး မခေါ်နိုင်ခဲ့ဘူး။ တကယ့်ကို ဝမ်းနည်းစရာ ကောင်းပါတယ်။
တွေးကြည့်ရရင် အဲဒီဧကရာဇ်က အစပိုင်းမှာ ကိစ္စရပ်က ဘယ်လောက် ဆိုးရွားတယ်ဆိုတာကို မခံစားမိခဲ့လို့ ဖြစ်မယ်။ ဒါကြောင့် မင်းသား တစ်ယောက်တည်းကိုပဲ ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့တာ။ နောက်မှ အခြေအနေက ထိန်းချုပ်လို့ မရတော့ဘူး။ သူကိုယ်တိုင်လည်း ထိန်းချုပ်မှု လွတ်သွားပြီဆိုတာကို သိသွားမှ မိုးကြိုးပစ်သလို ဒေါသထွက်ခဲ့တာ ဖြစ်မယ်။
လုံးဝ စိတ်လှုပ်ရှားစရာ မကောင်းသော တော်ဝင်လျှို့ဝှက်ချက်ကို နားထောင်ပြီးသည့်အခါ အားချန်သည် မိမိကိုယ်တိုင် အနည်းငယ် နစ်နာသွားသည်ဟု ခံစားလိုက်ရသည်။ သူမသည် ပိုင်ရှိုးမင်ကို မျက်လုံး ၂ လုံးဖြင့် ခိုးကြည့်လိုက်ပြီး စမ်းသပ်သည့်ဟန်ဖြင့် မေးလိုက်သည်။ "ပိုင်လူကြီးမင်း၊ ကျွန်မ ရှင့်ကို ဒီလောက်ကြီးမားတဲ့ အကူအညီ ပေးခဲ့တာ၊ ရှင် ကျွန်မကို ဆုချချင်စိတ် နည်းနည်းလေးတောင် မရှိဘူးလား”
"ဒီအရာရှိက ဆုချချင်တယ်လို့ မင်း ထင်နေတာလား”
"ကျွန်မကတော့ ရှင် ဆုချချင်နေတယ်လို့ ထင်တယ်”
"ဒါဆိုရင် ဒီအရာရှိက မင်းကို ဘာဆု ချီးမြှင့်သင့်တယ်လို့ ထင်လဲ” ပိုင်ရှိုးမင်က အလိုက်သင့် မေးမြန်းလိုက်သည်။
"လျိုလူကြီးမင်းက မင်ကျင့်စီးထဲမှာ ဈေးကွက်ထဲမှာ မမြင်နိုင်တဲ့ တားမြစ်စာအုပ်တွေ အများကြီး ရှိတယ်လို့ ပြောတယ်။ ကျွန်မ ကြည့်လို့ရမလား” အားချန်က မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း မေးလိုက်သည်။
"မရဘူး”
"ကျွန်မ ကျားနက်မိစ္ဆာရဲ့ သားရေကို လိုချင်တယ်” အားချန်က သူမ၏ ပစ်မှတ်ကို လျင်မြန်စွာ ပြောချလိုက်သည်။
“ဒါဆိုရင်တော့ တားမြစ်စာအုပ်တွေပဲ ကြည့်ခိုင်းတာက ပိုကောင်းပါသေးတယ်”
...