← Chapters

မင်းက ကျေးဇူး သိတတ်တယ်လို့ ငါတော့ မမြင်နေဘူးဘဲ ...

Vol. 6 Ch. 60

မင်းက ကျေးဇူး သိတတ်တယ်လို့ ငါတော့ မမြင်နေဘူးဘဲ ...

Vol. 6 Ch. 60

အားချန်သည် သူမ၏စိတ်ထဲတွင် မျက်စောင်းထိုးလိုက်တော့သည်။ လူတိုင်းက စာအုပ်ဖတ်ရမယ်ဆိုတာတော့ အဓိပ္ပာယ် မရှိဘူးလေ။ လူသားတွေက အမြဲတမ်း ထူးထူးဆန်းဆန်း ကိစ္စတွေကို တားမြစ်ရတာ သဘောကျတာပဲ။ သူမကတော့ အဲဒီအကြောင်း လေ့လာဖို့အရေး စိတ်ကို မဝင်စားတာပါ။

သူမ၏အတွေးငယ် လေးများသည် အလွယ်တကူ ထိုးဖောက်ဝင်ရောက် သွားသဖြင့် မတက်သာတော့ဘဲ သူမ၏ပုံစံကို ပြောင်းလဲလိုက်ကာ ဆင်ခြေပေးလေတော့သည်။ "လူကြီးမင်းပိုင် လူကြီးမင်းပဲ ပြောခဲ့တယ်လေ။ လူကြီးမင်းက ကျားမိစ္ဆာကို အရမ်းပဲ မြန်မြန်ဆန်ဆန် သတ်နိုင်ခဲ့တယ်ဆို။ ကျွန်မရဲ့ကျေးဇူးကြွေးလည်း တစ်ဝက်တော့ ပါတယ်လို့ ရှင် မထင်ဘူးလား"

*ဪ ? မင်းက ဘာကို ပြောချင်တာလဲ" ပိုင်ရှိုးမင်က အလိုတူစွာဖြင့် မေးလာလေသည်။

"တကယ်လို့ ကျွန်မသာ ဒီအခက်အခဲတွေကို မကျော်ဖြတ်ခဲ့ဘဲ ကျားမိစ္ဆာကို ကြောက်တဲ့စိတ်ကို သည်းခံပြီး ပြေရာပြေကြောင်းလုပ်ရင်း ရှင်အရှေ့ကို ရောက်လာအောင် သူ့ကိုချော့မော့ပြီး မခေါ်လာနိုင်ဘူးဆိုရင် ရှင် သူ့ကို အလွယ်တကူ သတ်နိုင်မှာ မဟုတ်ဘူးလေ။ ရှင်တို့ မင်ကျင့်စီးက အကျိုးဆောင်မှုတွေနဲ့ ဆုလဘ်တွေအကြောင်း ပြောတဲ့အခါကျရင် ကျွန်မကိုတော့ မေ့မထားသင့်ဘူးနော်"

"ဒါက ငါ့အမှားလား"

အားချန်သည် ချက်ချင်းဆိုသလို သူ့ကို သဘောထားကြီးကြီးဖြင့် ခွင့်လွှတ်ပေးလိုက်တော့သည်။ "ကိုယ့်အမှားကို သိတယ်ဆိုတာက အများကြီး တိုးတက်လာတဲ့သဘောပေါ့။ ဒါပေမဲ့ ကျွန်မရဲ့ ကျားသရေကရော"

ပိုင်ရှိုးမင်ကတော့ သဘောလည်းမတူသလို ငြင်းလည်းမငြင်းပယ်ချေ။ သူက ဒီအတိုင်းသာ မေးလာခဲ့၏။ "မင်းက ကျားသရေကို ဘာလို့လိုချင်တာလဲ"

အားချန်ကလည်း အလွန်တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်၏။ "အိပ်ရာခင်း လုပ်ဖို့ပေါ့။ ကျွန်မ အစကတည်းက အဲဒီကျားမိစ္ဆာရဲ့ သားမွေးက အရမ်းနွေးတယ်လို့ ခံစားမိတယ်။ ဆောင်းတွင်းမှာ အိပ်ရာပေါ်မှာခင်းပြီး အနွေးဓာတ်လေးယူရင် ရေနွေးအိတ်ထက်တောင် ပိုပြီးအသုံးဝင်မှာ သေချာတယ်"

ပိုင်ရှိုးမင်က ခဏလောက် စဉ်းစားလိုက်ပြီးမှ သူ့သဘောထားကို ထုတ်မပြခဲ့ချေ။

"အဲဒီကျားသရေအတွက် ကျွန်မက သုံးမီတာရှည်တဲ့ ကုတင်ကြီးတစ်ခုကိုတောင်မှ ကြိုတင်ပုံစံဆွဲထားပြီးပြီ။ ပိုင်လူကြီးမင်း ရှင်က ကျွန်မရဲ့ပုံစံကို အလဟဿဖြစ်သွား စေချင်လို့လား"

"လေသံကတော့ မင်း အဲဒီကျားသရေကို တကယ် လိုအပ်နေတဲ့ပုံပဲ"

အားချန်ကလည်း တရစပ် ခေါင်းငြိမ့်ပြလိုက်လေသည်။ ဟုတ်တယ်။ အဲဒါပဲ။ ကျွန်မဒါကို အရမ်းလိုအပ် နေတယ်လေ။

"ပစ္စည်းက မင်ကျင့်စီးထဲကို ရောက်သွားပြီဆိုရင် အဲဒါကရုံးတော်ပိုင် ပစ္စည်းဖြစ်သွားပြီ။ ဒါပေမဲ့ မင်းကို ဝယ်ယူခွင့်တော့ ပေးနိုင်ပါတယ်။ ငွေသားလျန်၁၀၀၀"

အားချန်မှာ အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ရတော့သည်။ "လူကြီးမင်း ကျွန်မတို့ရဲ့ ရင်းနှီးမှုကို ထောက်ထားပြီး လျန်၁၀၀၀ စျေးကြီး တောင်းလို့ ဘယ်ဖြစ်မလဲ"

သူမက လက်ငါးချောင်း ထောင်ပြလိုက်၏။ "လျန် ၅၀၀ !"

ပိုင်ရှူးမင်၏ လေသံကတော့ နှမြောတသဟန် အပြည့်ပင်။ "ကြည့်ရတာ မင်းက လိုချင်တဲ့ တကယ့် စိတ်ရင်းမပါဘူး ထင်တယ်။ ဒီတော့ ငါလည်း မတတ်နိုင်တော့ဘူးပေါ့။ ဒီကျားသရေကို လိုချင်တဲ့သူကိုပဲ ပေးလိုက်ရတော့မှာပဲ"

"ကျွန်မ ယူမယ် !"

အားချန်၏ ပထမဦးဆုံးအကြိမ် ဈေးညှိနှိုင်းခြင်းမှာ ကျရှုံးခဲ့လေတော့သည်။

အဆင့်သုံး ကျားမိစ္ဆာတစ်ကောင်၏ သားမွေးကိုလျန်၁၀၀၀ ဖြင့် ဝယ်ယူနိုင်ခြင်းသည် ပိုင်ရှိုးမင်က လူကောင်းတစ်ယောက်အဖြစ် ကူညီပေးခြင်းဟု ဆိုနိုင်သော်ငြားလည်း သူမသည်လည်း ကြိုးစားအားထုတ်ခဲ့သည် မဟုတ်ပါလား။ သူမမှာ ငွေအများကြီးကိုပင် စိုက်ထုတ်ခဲ့ရသေးသည်။

ဒီလိုမှန်းသာသိခဲ့ရင် ဟွေ့ညန်ကို ခေါ်လာခဲ့ပါတယ်။ သူကစျေးဆစ်တာ အရမ်းတော်တာ။ အားချန်သည် စိတ်ထဲတွင် နောင်တအကြီးကြီး ရနေတော့၏။

"လူကြီးမင်း ကျွန်မရဲ့ကျားသရေ အိပ်ရာခင်းကို အရင်ဆုံး သွားကြည့်လို့ရမလား" အားချန်သည် သူကရုတ်တရက် စိတ်ပြောင်းသွားမှာကို စိုးရိမ်သဖြင့် ထိုကျားသရေကို တတ်နိုင်သမျှအိမ်ကို မြန်မြန်သယ်ပြန်မည်ဟု စဉ်းစားထား လိုက်တော့သည်။

"ကျားမိစ္ဆာနဲ့ပတ်သက်တဲ့ အမှုက စစ်ဆေးလို့ မပြီးသေးဘူး။ ကျားမိစ္ဆာရဲ့အလောင်းကို စီမံဖို့ ရက်အနည်းငယ်လောက်တော့ လိုသေးတယ်"

အားချန်သည် မယုံသင်္ကာဖြင့် သူ့ကို ဝေ့ကြည့်လိုက်တော့၏။ "နောက်ဘယ်နှရက်နေရင် ရှင်က ကျွန်မကို ကျောခိုင်းပြီး သရေကို တခြားသူကို ပေးလိုက်မှာတော့ မဟုတ်ဘူးမလား"

လူသား တွေက မိစ္ဆာတွေရဲ့ သားမွေးကို အရမ်းကြိုက်ကြတယ်ဆိုတာ ငါ သိသားပဲလေ။ အဲဒီ ကျားနက်ကြီးရဲ့ သားမွေးကလည်း လူကြိုက်များမှာ သေချာတယ်။

"တကယ်လို့ မင်း စိတ်ပူတယ်ဆိုရင်လည်း စရံငွေ အရင်ပေးထားလို့ ရတယ်လေ။ ငါက မင်းအတွက် သေချာပေါက် ချန်ထားပေးမှာပါ"

အားချန်သည် သူမ၏ ပိုက်ဆံအိတ်ကို စမ်းကြည့်လိုက်ပြီး ပိုက်ဆံအိတ်ထဲက အလွန်ခမ်းနားထည်ဝါသည့် ဟန်ဖြင့် ငွေ ၁၀ လျန်ကို ထုတ်ယူလာခဲ့လေသည်။ ထိုနောက်တွင်တော့ သူမက ငွေ ၁၀ လျန်ကို ပိုင်ရှိုးမင်၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်ကာ "ရှင် ဒါကို စရံငွေအဖြစ် ယူထားလိုက်။ စိတ်မပြောင်းရတော့ဘူးနော်"

ပိုင်ရှိုးမင်းကလည်း ငွေနည်းပါးသည်ကို တွက်ကပ်မနေတော့ဘဲ ငွေကို သိမ်းထားလိုက်ကာ ပြောလိုက်သည်။ "ကောင်းပြီလေ"

"လူကြီးမင်း ရှင်တို့ မင်ကျင့်စီးက သတ်ဖြတ်လိုက်တဲ့ မိစ္ဆာမျိုးနွယ်တွေကို နောက်ဆုံးအကုန်လုံး ခွဲခြမ်းပြီးရင် အသုံးဝင်တဲ့ အစိတ်အပိုင်းတွေကို သိမ်းထားတာလား" အားချန်က စူးစမ်းလိုသည့်ဟန်ဖြင့် မေးမြန်းလိုက်၏။

ပိုင်ရှိုးမင်က ခေါင်းလှည့်လာကာ သူ့ကိုလေးနက်သည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။ "မင်းက ဘာမေးချင်လို့လဲ"

အားချန်၏ မျက်လုံးများက မသိမသာ လှုပ်ခဲ့သွားလေသည်။ ဒီလူက တကယ်ကို အကင်းပါးတာပဲ။

"ကျွန်မ မေးချင်လို့ပါ။ ကျွန်မကို ကယ်တင်ပေးခဲ့တဲ့ မြေခွေးမိစ္ဆာရဲ့ ခန္ဓာကိုယ်လေ ... ဒီလိုပဲ စီမံလိုက်တာလား"

အားချန်သည် လူသားများကဲ့သို့ သေဆုံးပြီးနောက် ရုပ်အလောင်းကို မထိခိုက် မပျက်ဆီးစေရဟူ၍ ယူဆသူ မဟုတ်ချေ။ သူတို့မိစ္ဆာ၏ အမွေအနစ်သည် လူသားများ၏ စကားဖြင့်ပြောရလျှင်တော့ ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာချင်းသာ ဖြစ်လေသည်။ ရန်သူမှန်သမျှကို အမဲလိုက်သားကောင် အဖြစ် သတ်မှတ်နိုင်သည်။

ငါကတော့ ခန္ဓာကိုယ်ထဲက ထွက်သွားတုန်းက ပုံစံက ကြည့်ကောင်းတာ မဟုတ်ပေမယ့်လည်း ကိုယ့်အလောင်းကိုပဲ တွေးမိလို့ပါ။ ဝယ်လို့ရရင်တော့ တစ်ခါတည်း ဝယ်သွားမလို့လေ။

"မင်းက သူ့အလောင်းကို ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ"

"မြှုပ်ပေးပို့ပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်မအသက်ကို ကယ်တင်ပေးခဲ့တာပဲလေ။ ကျွန်မလည်း နှစ်တိုင်းပွဲတော်တွေမှာ သူ့အတွက် အမွေးတိုင်သွားထွန်းပြီး ဂူသွားရှင်းပေး သင့်တယ် မဟုတ်လား"

"မထင်မှတ်စရာပဲ။ မင်း ကကျေးဇူးသိတတ်တဲ့ သူပေါ့နော်"

"ကျွန်မက အဲလိုလူမျိုးပါပဲ"

"ကံဆိုးချင်တော့ မြေခွေးမိစ္ဆာရဲ့ အလောင်းက မင်ကျင့်စီးမှာ မရှိတော့ဘူး"

"မင်ကျင့်စီးမှာ မရှိဘူး။ ဒါဆိုရင် ဘယ်မှာလဲ" အားချန်သည် အနည်းငယ် အံ့သြသွား လေတော့သည်။ ချင်းယွီတောင်က ငါ သေသွားတာကိုသိလို့ ငါ့အလောင်းကို ပြန်တောင်းသွားတာလား။

ဒါပေမဲ့ ဒီလိုလည်း မဟုတ်နိုင်လောက်ပါဘူး။ မဖြစ်နိုင်တာပဲ။ အဘွားက လူသားမျိုးနွယ်တွေကို ကြိုက်တာ မဟုတ်ဘူး။ သာ့ရှ နဲ့လည်း အဆက်အသွယ် မရှိသလောက်ပဲ။ အရင်တုန်းက ညီမလေး ပျောက်တုန်းကတောင်မှ သူ ဂရုစိုက်ခဲ့တာ မဟုတ်ဘူး။ အခု ငါ သေသွားတော့လည်း သူက တစ်ချက်လောက်တောင် လှည့်ကြည့်မှာ မဟုတ်ဘူး။ ငါ့အလောင်းကို ပြန်တောင်းဖို့ဆိုတာ ပိုတောင်မှ မဖြစ်နိုင်ဘူး။ ပြီးတော့ ငါ့အမြုတေကလည်း မရှိတော့ဘူး။ မိစ္ဆာမျိုးနွယ်တွေ အတွက်တော့ သွေးနဲ့အသားနည်းနည်းကလွဲရင် တန်ဖိုးရှိမှာ မဟုတ်ဘူးလေ။ အဘွားက အထင်သေးမှာ သေချာတယ်။

မဟုတ်မှလွဲရော ... ပေဟွမ် (မြောက်ပိုင်းလွင်ပြင်)ဘက်ကများလား။

အားချန်သည် မျက်မှောင်လေးကို ကြုတ်ရင်း ထိုကိစ္စကိုစဉ်းစားနေပြီး အနည်းငယ် မကြည်မလင် ဖြစ်သွားတော့သည်။

"အလောင်းကို မင်ဝမ်က တောင်းသွားတာပါ" ပိုင်ရှိုးမင်ကလည်း ထိုကိစ္စကို မဖုံးကွယ်ထားချေ။

"မင်ဝမ် ဟုတ်လား" ဒီအဖြေက သူမကို လုံးဝမျှော်လင့် မထားရသည့် အဖြေမျိုး ဖြစ်နေစေ၏။ "မင်ဝမ်က အဲဒီအလောင်းကို ဘာလုပ်ဖို့ တောင်းသွားတာလဲ"

"မင်းက ငါ့ကို သွားမေးစေချင်နေတာလား" အားချန်ကလည်း အသည်းအသန် ခေါင်းခါပြလိုက်တော့သည်။ "မလိုပါဘူး ကျွန်မကဒီအတိုင်း နည်းနည်းလေး သိချင်လို့။ အမှန်တရားကို သိချင်တာ မဟုတ်ပါဘူး"

မင်ဝမ်သည် အဆင့်ငါးနယ်ပယ်ရှိ ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ သူတို့သည် သူမ၏ အဘွားကဲ့သို့ပင် လျှို့ဝှက်ချက် ပေါင်းများစွာကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိကြဟန်တူ၏။ သူမကိုယ်တိုင်က တမူထူးခြားနေသည့် အကြောင်းအရာကို ဘုရားရှင်ကသာ သိရှိနိုင်မည် ဆိုသော်ငြားလည်း အားချန်ကတော့ ထိုလူ၏ မြင်ကွင်းထဲတွင်တော့ ပေါ်မလာချင်ပေ။

အားချန်သည် နောက်ထပ်မေးခွန်း မေးဖို့ရန် စိတ်ကူးမရှိတော့ချေ။ ထို့ကြောင့် အကြောင်းအရာကို ဒီနေရာတွင်သာ အဆုံးသတ်လိုက်တော့သည်။

အမှန်တွင်တော့ ပိုင်ရှိုးမင်ကိုယ်တိုင်လည်း အကြောင်းအရင်းကို မသိခဲ့ရပေ။

ထိုစဉ်က မင်ဝမ်ပေးခဲ့သည့် အဖြေမှာ ထိုမြေခွေးမိစ္ဆာ၏ ဘိုးဘွားများသည် သူနှင့် မိတ်ဆွေဟောင်းများ ဖြစ်ကြသည်။ ထို့ကြောင့် မိတ်ဆွေဟောင်း၏ မျိုးဆက်ဖြစ်သည့်အတွက် ရုပ်အလောင်းကို သူကပင် သိမ်းဆည်းထားမည်။ နောင်တွင် အခွင့်အခါသင့်လျှင် သူမ၏ သက်ကြီးမိဘဆွေမျိုး များထံသို့ ပြန်လည်ပြီ ပေးအပ်မည်ဟူ၍။

မင်ဝမ်၏ ကိုယ်ရေးကိုယ်တာ ကိစ္စနှင့်ပတ်သက်နေသဖြင့် ပိုင်ရှိုးမင်ကလည်း တခြားသူများကို ပေါ့ပေါ့ဆဆ ပြောပြလိမ့်မည် မဟုတ်ပေ။

ပိုင်ရှိုးမင်နှင့် စကားပြောပြီး သွားသောအခါ အားချန်သည် အပြင်ဘက် ကောင်းကင်ကို မော့ကြည့်လိုက်သည်တွင် ညမထွက်ရအမိန့်ချိန် ကျော်လွန်သွားပြီ ဖြစ်သည်ကို တွေ့လိုက်ရ၏။ ဒီနေ့ည ငါ ဘယ်လိုလုပ်ရမှာလဲ။

"လူကြီးမင်း အဆိပ်ဖြေဆေးတွေ အားလုံး လုပ်ပြီးသွားပြီ။ အခု ကျွန်မ ပြန်လို့ရပြီလား"

"မင်းရဲ့ထွက်ဆိုချက်ကို မှတ်တမ်းတင် ပြီးတဲ့အထိစောင့်။ ပြီးရင် လူလွှတ်ပြီးတော့ မင်းကို အိမ်ပြန် ပို့ခိုင်းလိုက်မယ်"

"ကောင်းပါပြီ" အားချန်ကလည်း အလိုမကျစွာဖြင့် သဘောတူ လိုက်ပြီးနောက် ချက်ချင်းထပ်မေးလိုက်သည်။ "ရှင်က ကျွန်မကို လိုက်မပို့ဘူးလား"

"ငါ အမှုစစ်ရဦးမယ်"

"လင်းထင်နဲ့ သူ့မိသားစု အားလုံးကို စစ်ဆေးမလို့လား။ လူကြီးမင်း ဘေးကနေ ဝင်ကြည့်လို့ မရဘူးလား" အားချန်သည် ချက်ချင်းဆိုသလို စိတ်ဝင်စားမှု မြင့်တက်လာပြီး ရုတ်တရက် အိမ်ပြန်ချင်စိတ်ပင် ပျောက်သွားတော့သည်။

"မင်းရော ဘယ်လိုထင်လဲ"

အားချန်ကလည်း နှုတ်ခမ်းများကို ကွေးထားလိုက်ကာ အလုပ်မဖြစ်မှန်း သိလိုက်တော့သည်။

ပိုင်ရှိုးမင်က လက်အောက်ငယ်သား တစ်ဦးကိုခေါ်လိုက်ပြီး အားချန်ကို စစ်ဆေး မေးမြန်းရန်အတွက် ခေါ်သွားခိုင်းလိုက်တော့၏။

လုပ်ငန်းစဉ် တစ်ခုလုံးကလည်း အလွန်တိုတောင်းလှသည်။ တစ်ဖက်လူက ကျန်းချောင်မြက်နှင့် သက်ဆိုင်သည့် မေးခွန်းတချို့နှင့် သူမနှင့် လင်းစွေ့၏ ပတ်သက်မှုကိုသာ မေးမြန်းခဲ့လေသည်။ မူလက ဖြေရှင်းရန် အခက်ခဲဆုံးဖြစ်သော သူမက ကျန်းချောင်မြက်ကို အဘယ်ကြောင့် သိရှိပါသနည်း ဟူသည့် မေးခွန်းကိုတော့ တမင်တကာပင် ကျော်သွားခဲ့ကြလေသည်။ ပိုင်ရှိုးမင်က ကြိုတင်မှာကြား ထားခဲ့ဟန်တူ၏။

ထွက်ဆိုချက်များ မေးမြန်းပြီးနောက်တွင် အားချန်သည် အောက်ဘက်တွင် လက်ဗွေနှိပ်ခဲ့ပြီး သူမနှင့်သက်ဆိုင်သည့် ကိစ္စမကျန်ရစ်တော့ချေ။

မင်ကျင့်စီး အစောင့်တစ်ဦးက စစ်ဆေးရေး အခန်းတံခါးကို ဖွင့်လိုက်သောအခါ အားချန်လည်း တံခါးဝတွင် ရပ်နေသည့် ဖုန်းယန်ကို တွေ့လိုက်ရလေသည်။

"မိန်းကလေးကျိ လူကြီးမင်းက ကျွန်တော်ကို မင်းကို အိမ်ပြန်ပို့ ခိုင်းလိုက်တယ်"

"ဖုန်းလူကြီးမင်းကို ဒုက္ခပေးရပါပြီ"

အားချန်သည် သမ်းဝေ လိုက်ပြီး အနည်းငယ် အိပ်ချင်စိတ်ပင် ဖြစ်လာတော့သည်။

အပြန်လမ်းတွင်တော့ သူမသည် ဖုန်းယန်ထံမှ တစ်ဆင့် သတင်းအချက်အလက် တချို့ကို ရယူဖို့ ကြိုးစားတော့၏။ ကံဆိုးချင်တော့ ဒီလူကလည်း အလွန်ကို နှုတ်လုံလွန်းလှသည်။ ပြောလို့ မရဘူး သို့မဟုတ် ပြောလိုက်ရင် လူကြီးမင်းက ကျွန်တော့်ကို သတ်လိမ့်မယ် ဟူသည့် စကားလုံးဖြင့်သာ ပြောလာသဖြင့် အားချန်မှာ မေးခွန်းများ အပြည့်ဖြင့်သာ အိမ်သို့ ပြန်လာရလေတော့သည်။

အားချန်သည် မင်ကျင့်စီးရုံးတော်မှ ထွက်ခွာသွားပြီးနောက် ပိုင်ရှိုးမင်က ရုံးတော်၏ ပင်မခန်းမဆောင်သို့ ပြန်ရောက်လာခဲ့၏။ ထိုအချိန်တွင် ပင်မခန်းမဆောင် အတွင်း၌ မီးများထိန်လင်းနေပြီး ဘယ်ညာ နှစ်တန်းစီနေသည့် မင်ကျင့်စီး အစောင့်များ၏ ခါးတွင်လည်း ဓားများချိတ်ဆွဲထားကာ မျက်နှာထားမှာလည်း တင်းမာလျက်ရှိလေသည်။

"ယောင်တင်းပန်းကို ခေါ်လာခဲ့" ပိုင်ရှိုးမင်သည် နေရာတွင် ထိုင်ချလိုက်ပြီးနောက် လေသံခပ်မာမာဖြင့် ထုတ်ပြောလိုက်၏။

သိပ်မကြာခင်မှာပင် တစ်ကိုယ်လုံး ချွေးစေးများ ရွှဲနှစ်နေသည့် ယောင်တင်းပန်းကို ခန်းမအတွင်းသို့ ဆွဲခေါ်လာကြတော့သည်။

"လူကြီးမင်း ... လူကြီးမင်း ... ကျွန်တော် အကုန်လုံး ပြောပြပါမယ်" ပိုင်ရှိုးမင်က စကားစရန်ပင် မလိုဘဲ ယောင်တင်းပန်းသည် ဦးခေါင်းကို တရစပ် ဆောင့်ကာ အရိုအသေ ပေးနေတော့သည်။

သူသည် အစကတော့ တချို့သောပြစ်မှုများကို ဖုံးကွယ်ထားပြီး ပြစ်ဒဏ် ပေါ့လျော့စေရန် စဉ်းစားထားလေသည်။

သို့သော်ငြား မြေအောက် အကျဉ်းထောင်သို့ ဝင်ရောက်ပြီး နောက်တွင်တော့ သူ ပြောချင်သည်ဖြစ်စေ မပြောချင်သည်ဖြစ်စေ နောက်ဆုံးတွင်တော့ ပြောသင့်သည်နှင့် မပြောသင့်သည်များ အားလုံးကို ရှင်းရှင်းလင်းလင်း ဖွင့်ဟဝန်ခံချင်စိတ် ပေါက်သွားစေတော့၏။ မြေအောက် အကျဉ်းထောင်သည် လူနေရမည့်နေရာ လုံးဝမဟုတ်ချေ။ ထိုလူများသည် သူ၏ ဂုဏ်သိက္ခာကိုလည်း လုံးဝ ဂရုမစိုက်ကြသလို သူတို့သည် သူ့ကို အရှင်ထားရန်လည်း စိတ်ကူးပင် မရှိကြချေ။

ယောင်တင်းပန်းသည် အစကတည်းက အသက်ရှင်ခြင်းကို တပ်မတ်ပြီး သေခြင်းကို ကြောက်ရွံသူ ဖြစ်လေ၏။ ဒီတကြိမ်တွင် သေးခြင်းတရားမှ လွတ်မြောက်နိုင်ခြေ မရှိမှန်းသိသော်ငြား တစ်ရက်ဆွဲဆန့်နိုင်လျှင် တစ်ရက် အမြတ်ဖြစ်သည်ဟုပင် တွေးထားလေသည်။

"မင်း ကျန်းချောင်မြက်ကို ဘယ်ကရခဲ့တာလဲ" ပိုင်ရှိုးမင်က မေးလာသည်။

"ဟွမ်ရှီက သူ့အဖေ မိသားစုကနေ ရလာတာပါ။ သူ့အဒေါ်တစ်ယောက်က ပေဟွမ်မှာ နေခဲ့ဖူးတယ်။ အဲဒီမှာ ကျန်းချောင်မြက်ကို ဝယ်လို့ရပါတယ်။ ကျန်းချောင်မြက်ရဲ့ အသုံးဝင်ပုံကိုလည်း သူကပဲ ကျွန်တော်တို့ကို ပြောပြခဲ့တာပါ။ ကျွန်တော် အဲဒီတုန်းက ခဏတာ စိတ်မှောင်မိုက်သွားပြီး သူ့စကားကို ယုံကြည်သွားခဲ့တာပါ"

"ကျန်းချောင်မြက်ကို ရပြီးတဲ့နောက်ပိုင်း ဘာလုပ်ခဲ့လဲ"

"ကျွန်တော်တို့ ... ကျွန်တော်တို့ ကျန်းချောင်မြက်ကို မွေးကင်းစ ထင်ထင်ကို တိုက်ကျွေးခဲ့ပါတယ်။ ပြီးတော့ သီလရှင်တစ်ပါးကို ကျွန်တော့်ညီမနဲ့ မတော်တဆ တွေ့ဆုံမိအောင် အကြိမ်အနည်းငယ် စီစဉ်ခဲ့ပါတယ်။ ကျွန်တော်က သူ့ကို ကျွန်တော့်ညီမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ကို ပြောပြလိုက်တော့ ကျွန်တော့်ညီမက အဲဒီ သီလရှင်ရဲ့ လှည့်စားတာကို ခံလိုက်ရပါတယ်"

"ဆက်ပြော"

"နောက်တော့ အဲဒီသီလရှင်က ကျွန်တော့်ညီမကို သူ့ဝမ်းထဲက ကလေးနဲ့ ဇာတာချင်း မကိုက်ညီဘူးလို့ ပြောတယ်။ ကျွန်တော်တို့လည်း တိတ်တဆိတ် နည်းလမ်းသုံးပြီး သူမီးဖွားတဲ့အချိန်မှာ အန္တရာယ်နဲ့ ကြုံတွေ့ရအောင် လုပ်ခဲ့တယ်။ သူက တကယ်ပဲ ယုံသွားခဲ့ပါတယ်" ယောင်တင်းပန်းသည် အသက်ကို ခက်ခက်ခဲခဲ ရှုသွင်းလိုက်ပြီး နှစ်ပေါင်းများစွာ နှလုံးသားထဲတွင် ဖုံးကွယ်ထားခဲ့သည် လျှို့ဝှက်ချက်များကို ဖွင့်ဟလိုက် ပြီးနောက်တော့ ပေါ့ပါသွားသလို ခံစားလိုက်ရတော့၏။

သူကဆက် ပြောလာခဲ့သည်။ "နောက်ပိုင်းမှာတော့ ဟွမ်ရှီနဲ့ အဲဒီသီလရှင်ရဲ့ တိုက်တွန်းပြောဆို ချက်ကြောင့် ကျွန်တော့်ညီမကလည်း သူ့သမီးကို လက်လွှတ်လိုက်ပြီး ဟွမ်ရှီက ကျွန်တော့်သမီးကို ခေါ်လာပြီး သူ့သမီးနေရာမှာ အစားထိုးခဲ့ပါတယ်"

သူသည် အကြောင်းအရာကို တစ်ထိုင်တည်း ပြောလိုက်ပြီးနောက်တွင် ခန်းမဆောင်ထဲတွင် ထိုင်နေသည့် မျက်နှာထား မပြောင်းမလဲ ဖြစ်နေသည့် ပိုင်ရှိုးမင်ကို မော့ကြည့်လိုက် လေသည်။ "လူကြီးမင်း ကျွန်တော် တကယ် မလိမ်ညာခဲ့ပါဘူး။ အဲဒီအချိန်တုန်းက ကျွန်တော်က အဆင့် ၇ ရာထူးသေးသေးလေးပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ယောင်မိသားစုကလည်း ကျဆုံးသွားပြီး တစ်ဦးတည်းသော အားကိုးစရာက ကျွန်တော်ရဲ့ယောက်ဖပါပဲ။ ဒါပေမဲ့ ကျွန်တော့်ညီမက ကျွန်တော့်ကို အထင်မကြီးဘူး။ ကျွန်တော့်ကို လုံးဝမကူညီချင်ဘူး။ ကျွန်တော်လည်း ကိုယ့်သမီးကို အသုံးချပြီး အကျိုးအမြတ် တစ်ချို့ရယူဖို့ပဲ စဉ်းစားခဲ့မိတာပါ။ ထင်ထင်ကို မွေးစားပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော့်ညီမက တခြားလူတစ်ယောက်လို ပြောင်းလဲသွားပြီး ကျွန်တော့်အပေါ် ဆက်ဆံရေးလည်း ကောင်းလာတယ်။ တိတ်တဆိတ်နဲ့ ကျွန်တော်ကိုလည်း အကျိုးအမြတ်တွေ အများကြီး ကူညီပေးခဲ့ပါတယ်"

"မင်း ပြောချင်တာက လင်းဟန်နဲ့ ယောင်ရှီတို့ရဲ့ အိမ်ကနေရှာတွေခဲ့တဲ့ ကံကောင်းခြင်း ချေးငှားတဲ့ ပစ္စည်းတွေက မင်းနဲ့မသက်ဆိုင်ဘူးလို့ ပြောချင်တာလား"

"သက်ဆိုင်ပါတယ်" ယောင်တင်းပန်းသည် တုန်ယင်စွာဖြင့် ထွက်ဆိုလေသည်။

"အကြောင်းပြချက်က"

"ဘာဖြစ်လို့လဲဆိုတော့ ... ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ညီမပေးတဲ့ အကျိုးအမြတ်တွေက မလုံလောက်လို့ပါ။ သူက ကျွန်တော့်ကိုပေးတဲ့ ငွေတွေကို ကျွန်တော်က ကျန်းချောင်မြက် ဝယ်တဲ့နေရာမှာပဲ အကုန်သုံးလိုက်တယ်။ လှုပ်ရှားဖို့ငွေမရှိတော့ ကျွန်တော်ရဲ့ရာထူးက တက်တာ အရမ်းနှေးကွေးတယ်။ ဒီလောက်နှစ်တွေ အများကြီး ကြာသွားတာတောင် အဆင့် ၆ ရာထူးမှာပဲ ရှိနေတုန်းပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ယောက်ဖဖြစ်သူကတော့ တမဟုတ်ချင်း ကောင်းကင်ပေါ်တက်ပြီး အဆင့်၂ စစ်သူကြီးအဖြစ် တိုက်ရိုက်ခန့်အပ် ခံခဲ့ရတယ်။ ကျွန်တော်လည်း ခဏတာ ... ခဏတာ စိတ်လွတ်သွားခဲ့တာပါ"

"ဒီတခါ မင်းကို ဘယ်သူကူညီခဲ့တာလဲ"

"ဒါက ..." ယောင်တင်းပန်းသည် တစ်ချက် တွန့်ဆုတ်သွားပြီးနောက် ထုတ်ပြောလာခဲ့၏။ "ဟွမ်ရှီရဲ့ ယောက်မပါ။ သူက ဟွမ်ရှီနဲ့ သူ့အဒေါ်တို့ရဲ့အရောင်းအဝယ်ကို သိသွားပြီးတော့ ဟွမ်ရှီကို လာရှာခဲ့တာပါ"

"နာမည်"

"ရှန်ယွဲ့ဟွာပါ"

"ရှန် ... ရှီးလင် ရှန် မိသားစုလား" ပိုင်ရှိုးမင်သည် ခဏလောက် စဉ်းစားလိုက်ပြီးမှ ထုတ်ပြောလိုက်၏။

"ဟုတ်ပါတယ် သူကရှန် မိသားစုရဲ့ အမျိုးဝေးတဲ့သူလို့ ကြားဖူးပါတယ်။ ကျွန်တော်အရင်က ရှန် မိသားစုဝင်တွေက တော်တယ်လို့ ကြားဖူးတယ်။ သူက သူတို့ မိသားစုက မိစ္ဆာလိုက် မုဆိုးတွေ အများကြီးထွက်တဲ့ နန်းတွင်းမှာအရာရှိအဖြစ် အမှုမထမ်းပေမယ့် သာမန်ပြည်သူတွေ ကြားမှာတော့ သြဇာအာဏာ ကြီးမားပါတယ်"

ပိုင်ရှိုးမင်အတွက် သူရှင်းပြချက်ကို မလိုအပ်ချေ။ သို့သော်ငြား ဆက်မေးလိုက်လေသည်။ "ရှန်ရှီက ဘာလုပ်တာလဲ"

"သူက ကျွန်တော်တို့ကို ကျောက်စိမ်းဆွဲပြား တစ်စုံပေးခဲ့ပါတယ်။ တစ်ခုက ကျွန်တော့သားရဲ့ မွေးနေ့ကို ထွင်းထုထားပြီး ကျန်တဲ့တစ်ခုကိုတော့ လင်းဟန်ရဲ့မွေးနေ့ကို ထွင်းထုထားတာပါ။ ထင်ထင်က ကျွန်တော့်သားရဲ့ မွေးနေ့ထွင်းထုထားတဲ့ ကျောက်စိမ်းဆွဲပြားကို လင်းဟန်ကို ပေးလိုက်ပြီး သူ့ကို ကိုယ်နဲ့မကွာ ဆောင်းခိုင်းထား ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော့်သားက ရုတ်တရက် ညဏ်အလင်းပွင့် သွားသလိုဖြစ်သွားပြီး ထုံရှန့် စာမေးပွဲကိုတောင် အောင်မြင်သွားခဲ့ပါတယ်"

သူ့သားအကြီးဆုံးသည် အစကတည်းက မှတ်ဉာဏ်ထုံထိုင်းမှန်း သိသွားသဖြင့် သူ့အပေါ် မျှော်လင့်ချက်များ အများကြီးမထားဘဲ ဘေးကင်းရန်သာ ဆန္ဒရှိခဲ့လေသည်။ သို့သော်ငြား နောက်ပိုင်းတွင် သားအကြီးဆုံးက ထုံရှန့် အောင်မြင်သွားပြီး ရှို့ချိုင်ကို ဆက်လက် အောင်မြင်လာသောအခါ သူ၏ သားအကြီးဆုံးအပေါ် မျှော်လင့်ချက်များ ကလည်း တဖြည်းဖြည်း များပြားလာခဲ့ပြီး သူသည်လည်း ပိုလို့ပင် လက်မလွတ်နိုင်အောင် ဖြစ်လာတော့သည်။

"ဒီအရာရှိ သိသလောက်တော့ မင်းမှာ သားနှစ်ယောက်ရှိတယ်။ သူတို့အားလုံးက လင်းဟန်ရဲ့ ကံကြမ္မာကို ချေးငှားခဲ့တာလား"

"ကျွန်တော့်သား အငယ်က ထင်ထင်ရဲ့ စေ့စပ်ထားတဲ့သူရဲ့ ကံကြမ္မာကို ချေးငှားခဲ့တာပါ။ ဖြစ်ချင်တော့ သူ့ရဲ့ပညာရေး ကံကြမ္မာက အရမ်းကို သာမန်ဆန်ပြီး စာမေးပွဲလည်း တစ်ခါမှ မဖြေဖူးတဲ့ လင်းဟန်လောက်တောင်မှ မကောင်းခဲ့ဘူး" ယောင်တင်းပန်း၏ လေသံတွင် မကျေနပ်ချက်များ အနည်းငယ် ပေါ်လွင်လို့နေသည်။

"မင်းကရော ဘယ်သူ့ကံကြမ္မာကို ချေးငှားခဲ့တာလဲ"

"ဒါက ... ဒါက လင်းချန်နဲ့ လင်းရီ တို့နှစ်ယောက်ပါ"

ပိုင်ရှိုးမင်၏ အေးစက်စက် အကြည့်ကို ခံစားမိသည်တွင် ယောင်တင်းပန်းသည် ခုခံကာကွယ်ရန် ကြိုးစားလေတော့သည်။ "ကျွန်တော်က တစ်နှစ်ပတ်လုံး ကံကောင်းခြင်းကို ချေးငှားတာ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်က အိမ်ပြန်လာတာ ရှားတယ်လေ။ ထင်ထင်က သူတို့နဲ့ ထိတွေ့ခွင့်မရတော့ ကံကောင်းခြင်း ချေးငှားတဲ့ပစ္စည်းကို သူတို့ရဲ့ အခန်းမှာပဲ ထားနိုင်ခဲ့တာပါ။ သူတို့က ရှန့်ကျင်းကို ပြန်လာတဲ့အခါတိုင်း ကျွန်တော်က နည်းနည်းပဲ ချေးငှားနိုင်ခဲ့တာပါ။ သူတို့အပေါ် သိပ်ပြီးသက်ရောက်မှု မရှိပါဘူး"

"ယောင် လူကြီးမင်းက တော်တော်ရိုးသားတာပဲ" ပိုင်ရှိုးမင်က ပြောလိုက်လေသည်။

"လူကြီးမင်းကို မဖုံးကွယ်ဘူးထား ဝံ့ပါဘူး" ယောင်တင်းပန်းသည် တစ်ဖန် ကြမ်းပြင်ကို ဦးခေါင်းနှင့် ဆောင့်ကာ ဦးတိုက်လိုက်ပြီး "လူကြီးမင်း ကျွန်တော်မျိုးက တစ်ကိုယ်ကောင်း ဆန်မိပါတယ်။ ယုတ်မာသိမ်ဖျင်းခဲ့မိပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးမှာ တကယ်ပဲ အရှင်မင်းကြီးကို မလေးမခန့် ပြုလိုတဲ့စိတ် နည်းနည်းလေးမှ မရှိပါဘူး။ လူကြီးမင်း ကျေးဇူးပြုပြီးတော့ စုံစမ်းစစ်ဆေးပေးပါ"

"ဒီအရာရှိ သိတယ်"

ယောင်တင်းပန်းသည် ရုတ်တရက် ဝမ်းသာအားရ ခေါင်းမော့လိုက်ပြီး မျက်လုံးထဲတွင်လည်း မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ဖြတ်ခနဲ လက်သွားတော့သည်။

သို့သော်ငြား ချက်ချင်းဆိုသလို ပိုင်ရှိုးမင်၏စကားလုံးက သူ့ကို ချောက်ကမ်းပါး ထဲသို့ တွန်းချလိုက်လေတော့သည်။ "ကံဆိုးချင်တော့ ယောင် လူကြီးမင်း မသိတာက ယခင် မင်းကြီးက အမိန့်တော် ချမှတ်ခဲ့ဖူးတယ်။ မင်ကျင့်စီးရဲ့ ဥပဒေ အများကြီးထဲမှာ အချက်တစ်ချက် ထပ်ထည့်ထားတယ်။ ကျန်းချောင်မြက်လို ပစ္စည်းတွေနဲ့ အရာရှိတွေကို လှည့်စားတဲ့ လူတိုင်းဟာ ပုန်ကန်တာနဲ့တူညီပြီး မျိုးရိုးစဉ်ဆက် သုတ်သင်သတ်ဖြတ်ခံရမယ်"

ယောင်တင်းပန်းသည် ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လှဲကျသွားပြီး သူ့မျက်လုံးထဲတွင်လည်း မှောင်အတိကျ သွားလေတော့သည်။ သူတော့ သွားပြီ ... ပြီးသွားပြီ။

ကြောင်အအ ဖြစ်သွားသယောင် ဖြစ်နေသည့် ယောင်တင်းပန်းကို ဆွဲထုတ်သွားကြပြီးနောက် မကြာခင်တွင် ဟွမ်ရှီကို ထပ်မံဆွဲ ခေါ်လာခဲ့ကြသည်။

ထိုနောက်တွင်တော့ ယောင်မိသားစု၏ ညီအစ်ကိုနှစ်ယောက် အလှည့် ဖြစ်လာသည်။

ပိုင်ရှိုးမင်သည် တစ်ယောက်ချင်းစီကို ထွက်ဆိုချက်များ မေးမြန်းပြီး ရရှိလာသည့် ထွက်ဆိုချက် များကလည်း သိပ်ပြီးတော့ ကွာခြားမှုမရှိချေ။

အမှုစစ်ဆေးခြင်း ပြီးဆုံးသွားသည့်တွင် သူသည် ခန်းမဆောင် အတွင်းတွင် ထိုင်ပြီး အတွေးနှစ်နေတော့သည်။

ယောင်တင်းပန်းနှင့် ဟွမ်ရှီတို့သည် ဒီကိစ္စ၏ ကြံစည်သူများ ဖြစ်သော်ငြားလည်း သူတို့သည်လည်း အနည်းငယ်သာ သိရှိကြသည်။ အထူးသဖြင့် ကံကောင်းခြင်း ချေးငှားသည့်ကိစ္စတွင် တခြားသူများ၏ ကံကောင်းခြင်းနှင့် ဉာဏ်ပညာကို မှော်ပစ္စည်းများဖြင့် အလွယ်တကူ ချေးငှားနိုင်မည်ဆိုပါက ဒီလောကကြီးသည် ရှုပ်ထွေးနေမည်မှာ ကြာမြင့်လောက်ပြီ။ ဒီကိစ္စတွင် လူမသိသေးသည့် လျှို့ဝှက်ချက် တချို့ရှိရမည်ဖြစ်ကာ ထိုလျှို့ဝှက်ချက်ကိုလည်း ကံကောင်းခြင်း ချေးငှားခြင်းကို ဦးစီးလုပ်ဆောင်သည့် ရှန်ရှီကသာ သိပေလိမ့်မည်။

ရှန် မိသားစုသည် ရှီးလင်တွင် သြဇာအာဏာ ကြီးမားသော်လည်း လင်းချန်သည် လွန်ခဲ့သည့်နှစ် အနည်းငယ်င်္ကမှ အန်းရှီ စစ်သူကြီးဖြစ်လာခဲ့ပြီး ရှီးလင်တွင် တပ်ဆွဲထားခဲ့ခြင်း ဖြစ်သည်။ သူသည် ဒီကိစ္စနှစ်ခုနှင့်တော့ မဆက်စပ်ပဲမနေပေ။ ရှန် မိသားစုဝင်များ၏ လက်များသည် တော်တော်လေး ရှည်ပုံရ၏။

ပိုင်ရှိုးမင်က ထရပ်လိုက်ကာ "ကျန်းခိုင်"

"ကျွန်တော်မျိုး ရှိပါတယ်"

"ဟွမ်နဲ့ ယောင် မျိုးနွယ်နှစ်ခုစလုံးက ပုန်ကန်မှုမှာ ပါဝင်ပတ်သက်နေတယ်။ မျိုးနွယ်စုဝင်တွေ အားလုံးကို မင်ကျင့်စီးကို ပြန်ခေါ်ခဲ့ပြီး စစ်ဆေးမေးမြန်းပါ"

"ဟုတ်ကဲ့ပါ" ကျန်းခိုင်သည် အမိန့်ကိုလက်ခံပြီး ထွက်ခွာသွားတော့၏။

ယောင်မျိုးနွယ်စုသည် အစကတည်းက ရှန့်ကျင်းတွင် ရှိနေပြီး ဟွမ်မျိုးနွယ်စု၏ အဓိက မျိုးနွယ်များက လည်း လွန်ခဲ့သည့်၂နှစ်က မြို့တော်သို့ ပြောင်းရွှေ့လာခဲ့ကြသဖြင့် သူ့အတွက် အလုပ်များစွာ သက်သာသွား လေခဲ့သည်။ တခြားမျိုးနွယ်စု ဝင်များအတွက်တော့ သက်ဆိုင်ရာဒေသများကို အကြောင်းကြားပြီး ဖမ်းဆီးရာတွင် ပူးပေါင်းပါဝင်ခိုင်းရုံသာပင်။

မင်ကျင့်စီးသည် တစ်ညတည်းတွင် မြို့တွင်းမှ မိသားစုငယ် နှစ်ခုကို စီးနင်းဝင်ရောက်ခဲ့ပြီး ပုန်ကန်မှု ဆွဲချက်များကိုအသုံးပြုကာ နောက်တစ်နေ့ နံနက်ခင်း နန်းတွင်းညီလာခံတွင် မင်ကျင့်စီးက အာဏာအလွဲသုံးစား လုပ်သည်ဟု တချို့သူများက ထပ်မံပြစ်တင် စွပ်စွဲကြပြန်သည်။

သို့သော်ငြား ဒီတကြိမ်တွင်တော့ အရှင်မင်းကြီးသည် ဘေးမှထိုင်ကြည့် မနေတော့ဘဲ မင်ကျင့်စီးကို ပြစ်တင်စွပ်စွဲကြသည့် စစ်ဆေးရေးအရာရှိ ယွီရှီကို တိုက်ရိုက်ကြိမ်းမောင်း ဆူပူခဲ့ပြီး သူ့ကို ရာထူးချကာ ရှန့်ကျင်းမှပင် နှင်ထုတ်လိုက်လေတော့သည်။

နန်းတွင်းမူးမတ်များ အားလုံးကလည်း ဒီကိစ္စ၏လေးနက်မှုကို ချက်ချင်း သဘောပေါက်သွားကြပြီး ဘယ်သူမှထပ်ပြီး ထုတ်မပြောကြတော့ပေ။

မနက်ခင်း ညီလာခံအပြီးတွင် အရှင်မင်းကြီးက ပိုင်ရှိုးမင်ကို တော်ဝင်စာကြည့်ဆောင်သို့ ခေါ်ယူပြီး အမှုနှင့်ပတ်သက်သည်များကို မေးမြန်းခဲ့လေသည်။ နောက်ဆုံးတွင်တော့ ရှန်ရှီ၏ အကြောင်းသို့ ရောက်ရှိသွားကာ ပိုင်ရှိုးမင်ကလည်း ဖွင့်ဟပြောဆိုခဲ့၏။ "ကျွန်တော်မျိုး လူလွှတ်လိုက်တဲ့ အချိန်မှာ ရှန်ရှီက ကိုယ့်ဟာကိုယ် သတ်သေသွားခဲ့ပါပြီ။ ပြီးတော့ အပြစ်အားလုံးကိုလည်း သူနဲ့အတူ တစ်ပါတည်းပါသွားတယ်။ သေတမ်းစာ တစ်စောင်ကိုပဲ ချန်ထားခဲ့ပါတယ်"

အရှင်မင်းကြီးက ဟက်ခနဲ တစ်ချက် ရယ်မောလိုက်လေသည်။ "သူကတော့ သတင်းအချက်အလက် တော်တော်စုံတာပဲ။ မင်ကျင့်စီးထဲ အထိတောင် သူလျှိုထည့်ထား နိုင်သေးတယ်။ ကျန်းက ရှန် မိသားစုကို အထင်သေးမိသွားတာပဲ။ ရှီးလင်ဘက်က ငြိမ်သက်နေမှာတော့ မဟုတ်လောက်ဘူး"

ပိုင်ရှိုးမင်ကတော့ နှုတ်ဆိတ်နေ လိုက်တော့သည်။ အရှင်မင်းကြီး၏ နောက်မှ ထွက်ပေါ်လာသည့် မငြိမ်သက်ဆုံးသောသူမှာ သူ၏ မွေးဖခင် ရှီးလင်ဝမ်ပင် ဖြစ်တော့သည်။

အရှင်မင်းကြီးက သူ့ကိုတစ်ချက် လှမ်းကြည့်လိုက်ပြီး မတက်သာသောဟန်ဖြင့် ပြောလာခဲ့သည်။ "ကျန်း မင်းကို စကားပြောနေတာလေ"

"ကျွန်တော်မျိုးအခု ချက်ချင်း လူခေါ်ပြီး ရှန် မိသားစုတစ်ခုလုံးကို သုတ်သင်ရှင်းလင်းပြီး အရှင်မင်းကြီးအတွက် အမျက်တော် ဖြေပေးရမလား"

အရှင်မင်းကြီးကလည်း စိတ်မရှည် သွားသည့်ဟန်ဖြင့် မှင်သွေးကျောက် တစ်ခုကို ပစ်ပေါက်လိုက်သည်တွင် ပိုင်ရှိုးမင်ကလည်း အလျင်စလို ဖမ်းယူလိုက်ပြီး တော်ဝင်ချီးမြှောက်ထားသည့် နာမည်ဖြင့် မှင်သွေးကျောက်ကို အသာတကြည် ပြန်သိမ်းဆည်းထား လိုက်တော့သည်။

"ရှန်မိသားစုကို လူများများလွတ်ပြီးတော့ စောင့်ကြည့်ထား။ သူတို့က မိစ္ဆာမျိုးနွယ်နဲ့ အဆက်အသွယ် များတယ်။ ငါ သူတို့ကို အနှေးနဲ့အမြန် ရှင်းလင်းရလိမ့်မယ်"

"အရှင်မင်းကြီး အမျှော်အမြင် ကြီးမြတ်လှပါပေတယ်"

"လင်းချန် ... သူကတော့ လှည့်စားခံလိုက်ရတာ။ ဒီတော့ သူ့ကို အပြစ်တင်လို့တော့ မရဘူး။ သူ ဘယ်တော့လောက် ပုံမှန်ပြန်ဖြစ်နိုင်မလဲ" အရှင်မင်းကြီးက မေးလိုက်လေသည်။

"အလွန်ဆုံး လတစ်ဝက်လောက်ပါပဲ။ ကျွန်တော်မျိုး အမှုကို စစ်ဆေးပြီးတာနဲ့ အဓိကတရားခံတွေကို ချက်ချင်း အပြစ်ပေးလိုက်ပါ့မယ်။ ကံကောင်းခြင်း ချေးငှားတဲ့ကိစ္စက စစ်သူကြီးလင်းတို့ သားအဖအပေါ် သိပ်ပြီးသက်ရောက်မှုတော့ မရှိပါဘူး" ပိုင်ရှိုးမင်က လျှောက်တင်လိုက်သည်။

"ကောင်းပြီလေ။ သူ ပြန်ကောင်းလာရင် သူ့ကို ရှီးလင်ကို စောစောပြန်ခိုင်းလိုက်။ စုန့်မြို့စားဟောင်းရဲ့ အဲဒီတရားဝင်မြေးကလည်း ကျင့်ကြံမှုအဆင့်က မဆိုးပေမဲ့ အရည်အချင်းကတော့ နည်းနည်းလေး နိမ့်သေးတယ်။ သေသေချာချာလေး လေ့ကျင့်ဖို့လိုသေးတယ်။ ရှီးလင်နယ်စပ်တပ်က စစ်သူကြီးတွေရဲ့ တိုင်စာတွေကလည်း ကျန်းရဲ့စားပွဲပေါ်အထိ ရောက်နေပြီ။ ပထမစုန့်မြို့စားဟောင်းရဲ့ ထက်မြက်တဲ့ဦးနှောက်က တရားဝင်သားဆီကိုလည်း လက်ဆင့်မကမ်းခဲ့သလို မြေးဆီကိုလည်း မရောက်ခဲ့ဘူး။ တကယ်နှမြောစရာပဲ"

အရှင်မင်းကြီး၏ ပွစိပွစိ ပြောဆိုနေသည့် စကားများကို ပိုင်ရှိုးမင်ကလည်း နှုတ်ဆိတ်စွာ နားထောင်နေလိုက်ပြီးနောက် ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ချေ။ စစ်ဘက်ရေးရာကိစ္စများတွင် သူသည် ဝင်ရောက်စွက်ဖက်ခွင့်လည်း မရှိပေ။

...

All Chapters