← Chapters

အခန်း (၁၃၉)

Vol. 13 Ch. 139

အခန်း (၁၃၉)

Vol. 13 Ch. 139

ကိုးပြည်ထောင် ရှစ်ကွက် စစ်ဗျူဟာ ရဲ့ အပြင်ဘက်မှာတော့...

စစ်ကြောင်းရဲ့ အလယ်ဗဟိုမှာ ဘာတွေဖြစ်နေသလဲဆိုတာ အပြင်ကလူတွေ မသိနိုင်ကြပါဘူး။ ရွေးချယ်ပွဲဝင် ဗိုလ်ချုပ်လောင်းတွေ သိတာကတော့ စားပွဲပေါ်က အမွှေးတိုင်က တောက်လျှောက်လောင်ကျွမ်းနေပြီး ကုန်ခါနီးနေပြီ ဆိုတာပါပဲ။

"အဆင့် B ပဲ ရတော့မှာလား"

ကျောက်ကန်နဲ့ တခြားလူတွေက အဝေးကနေ ကြည့်ရင်း ရင်တမမ ဖြစ်နေကြပါတယ်။ သူတို့ကိုယ်တိုင် ဝင်ပြိုင်နေရတာထက်တောင် ပိုပြီး စိုးရိမ်နေကြတာပါ။

"ပုံမှန်မဟုတ်တဲ့ အခြေအနေဆိုတာ နောက်ကွယ်မှာ တစ်ခုခုရှိနေလို့ပဲ" ရွှီဝမ်ချိုင်က သူ့ရဲ့ တောင်ပံယပ်တောင်ကို ခတ်ရင်း ပြောလိုက်ပါတယ်။

"ငါနဲ့ မစ္စတာချန်က ဒီစစ်ကြောင်းကို အသေအချာ လေ့လာထားပြီးသား။ တွက်ချက်မှုအရဆိုရင် သူ အခုချိန် ဖောက်ထွက်လာပြီးသား ဖြစ်ရမယ်။ အခုထိ ထွက်မလာသေးတာကတော့ တစ်ခုခု ထူးခြားတာ ဖြစ်နေလို့ပဲ— စောင့်ကြည့်ကြတာပေါ့"

"ဗိုလ်ချုပ်ချန် ဘာလို့ အခုထိ ထွက်မလာသေးတာလဲ"

ပိုင်ထင်းကျီ က အတွင်းထဲကို မြင်ရအောင် အမြင့်တစ်နေရာကို တက်ကြည့်ဖို့ ကြိုးစားပေမဲ့ စစ်သည်တွေက လှံတွေနဲ့ ပိတ်တားထားပါတယ်။

"စည်းကမ်းကို လိုက်နာပါ ဗိုလ်ချုပ် မဟုတ်ရင် ပြိုင်ပွဲဝင်ခွင့် ပယ်ဖျက်ခံရပါလိမ့်မယ်"

ထန်ရင်ခ ကတော့ ကျောက်တုံးပေါ်မှာ ထိုင်ပြီး သူ့ရဲ့ဓားနဲ့ မြေကြီးပေါ်မှာ တစ်ခုခု ရေးခြစ်နေပါတယ်။

"အစ်ကိုကြီး"

ပိုင်ထင်းကျိီက အနားကို ပြေးလာပြီး "အရင်တစ်ခါက အစ်ကိုကြီးက ဗိုလ်ချုပ်ချန်ကို တစ်ခုခု သတိပေးနေတာ ကျွန်တော် မြင်သားပဲ အစ်ကိုကြီး တစ်ခုခု သိထားတာမလား ကျွန်တော့်ကို ပြောပြပါဦး"

"ဘာမှမဟုတ်ပါဘူး"

ထန်ရင်းခက မသိချင်ယောင်ဆောင်ပြီး ရှောင်ဖြေလိုက်တယ် "မစ္စတာချန်က အရည်အချင်းရှိပါတယ် သူ မသေပါဘူး"

"မသေဘူး ဟုတ်လား"

ပိုင်ထင်းကျိီလို ရိုးအတဲ့လူတောင် တစ်ခုခု မှားနေပြီဆိုတာ ရိပ်မိသွားပါတယ်။ ပုံမှန် စမ်းသပ်ပွဲမှာ လူမသေနိုင်တာကိုမှ "မသေပါဘူး" လို့ ပြောတယ်ဆိုကတည်းက ပြဿနာရှိနေပြီပေါ့

"ဒါပဲလား"

ယင်ဟန်ဝမ်က ကုန်ခါနီးနေတဲ့ အမွှေးတိုင်ကို ကြည့်ပြီး လှောင်လိုက်ပါတယ် "ဒီစစ်ကြောင်းကို ငါတောင် ဖောက်နိုင်သေးတာ ဒီကောင်လေးက တစ်ခုခု ထူးခြားမလားလို့ ထင်ထားတာ၊ ဒုတိယအဆင့်မှာတင် လဲသွားတာပဲ"

ဝမ်ချိုးရှီကလည်း ဘေးကနေ မြှောက်ပင့်ပေးတယ် "သူက မင်းသားလေး ရဲ့ လက်ခုပ်ထဲက ရေပါပဲ၊ ဘယ်ပြေးလွတ်မှာလဲ"

ချောင်ဖန်ကတော့ ဘာမှပြန်မပြောဘဲ ရလဒ်ကြေညာမှာကို အေးအေးဆေးဆေး စောင့်နေပါတယ်။

အဆင့် B ဒါက သူ့အတွက် မလုံလောက်ပါဘူး

သူ မျှော်လင့်တာက ချန်ဆန်းရှီ တစ်ယောက် သေရင်သေ၊ မသေရင်လည်း ဒုက္ခိတဖြစ်သွားပြီး သူ့မျက်စိရှေ့မှာ နောက်ခါ ပြန်ပေါ်မလာနိုင်တော့ဖို့ပါပဲ။ ပြီးတော့ ဒီနေ့ သူ စီစဉ်ထားတာတွေက အမှားအယွင်းမရှိပါဘူး။ သူ့နောက်ကွယ်မှာ 'စစ်နတ်ဘုရား'တစ်ယောက်က ကူညီပေးနေပြီး တပ်စခန်း ၈ ခုရဲ့ အာဏာတည်ဆောက်ပုံကို ပြောင်းလဲဖို့အထိ ကြီးမားတဲ့ စီမံချက်တွေ ရှိနေတာကိုး။

"ဝူး——"

ရုတ်တရက် လေကို ခွင်းသွားတဲ့ လက်နက်သံကြီးတစ်ခု သူတို့ဘေးကနေ ထွက်ပေါ်လာပါတယ်။ ချောင်ဖန်က မျက်မှောင်ကြုတ်ရင်း သူ့ရဲ့ 'နဂါးစိမ်း လခြမ်းဓား' ကို ဆွဲကိုင်လိုက်ပါတယ်။

ကြည့်လိုက်တော့ ပိုင်ထင်းကျိီက ဓားမကြီးကို ကိုင်ပြီး သူတို့ဆီ ပြေးဝင်လာတာပါ။

"ဘာမင်းသားလဲမင်းကို ငါ အပိုင်းပိုင်း ပိုင်းပစ်မယ်"

"တကယ့်ကို သစ္စာရှိတဲ့ ခွေးတစ်ကောင်ပဲ"

ချောင်ဖန်က သူ့အဖေ ပြောဖူးတဲ့ စကားကို သတိရသွားပါတယ်။ လောကမှာ ကိုယ့်သခင်အတွက် အသက်ပေးရဲတဲ့ သစ္စာရှိတဲ့ ဗိုလ်ချုပ်တွေကို ရထားတာက တကယ့် ကံကောင်းခြင်းပဲတဲ့။

နှမြောစရာပဲ... ဒီလူက ငါ့လူ မဟုတ်တာ။

"မင်း ဘာလုပ်တာလဲ"

ချောင်ဖန်က တည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်တယ် "အကြောင်းပြချက်မရှိဘဲ မင်းသားတစ်ပါးကို တိုက်ခိုက်တာက မင်းရဲ့ ဆွေမျိုး ၉ ဆက်လုံး အသတ်ခံရမယ့် အပြစ်ဆိုတာ သိရဲ့လား"

"ပြောစမ်း စစ်ကြောင်းထဲမှာ မင်း မသမာမှု့လုပ်ထားတာ မဟုတ်လား" ပိုင်

ထင်းကျိီက ဒေါသတကြီး အော်မေးပါတယ်။

"ရယ်စရာပဲ"

ချောင်ဖန်က နှာခေါင်းရှုံ့လိုက်တယ် "ချန်ဆန်းရှီက အသုံးမကျလို့ စစ်ကြောင်းထဲက ထွက်မလာနိုင်တာ ငါနဲ့ ဘာဆိုင်လဲ မင်းက ဘာလို့ ငါ့ကို လာကိုက်နေရတာလဲ"

ချောင်ဖန် ကိုယ်တိုင် လက်လှုပ်စရာမလိုဘဲ ပိုင်ထင်းကျိီကို အစောင့်တွေက ဝိုင်းတားထားလိုက်ပါတယ်။

သူ့ကို အနားကပ်လို့မရမှန်း သိတော့ ပိုင်ထင်းကျိီက ဘေးက ထောင်စုမှုး လီ ကို အော်ပြောပါတယ် "လူကြီးမင်း စစ်ကြောင်းထဲမှာ တစ်ခုခု မှားနေတာ သေချာပါတယ်"

သူက အလကား အော်နေတာ မဟုတ်ပါဘူး ထန်ရင်ခ သိနေတဲ့ အမူအရာကို ကြည့်ပြီး သူ သေချာပေါက် ရိပ်မိနေတာပါ။

"အထောက်အထား မရှိဘဲနဲ့ မင်းက ဆူပူအောင် လုပ်တာလား"

ထောင်စုမှုးလီက မျက်မှောင်ကြုတ်လိုက်တယ် "တကယ်လို့ ပြဿနာရှိရင် အကဲဖြတ်ဒိုင်တွေက တရားမျှတအောင် လုပ်ပေးလိမ့်မယ်။ မင်း ဒီမှာ လာအော်နေစရာ မလိုဘူး သူ့ကို ဖမ်းထားလိုက်ကြ၊ စစ်ဆေးမှုပြီးရင် သူ့ရဲ့ အရည်အချင်းကို ဆုံးဖြတ်မယ်"

အတွင်းအားသန့်စင်ခြင်း အဆင့်ရှိတဲ့ အစောင့်ဗိုလ်ချုပ်တွေက ပိုင်ထင်းကျိီကို မြေကြီးပေါ်မှာ အတင်းဖိနှိပ် ဖမ်းဆီးထားလိုက်ကြပါတယ်။ ထောင်စုမှုးလီက စားပွဲပေါ်က အမွှေးတိုင်ကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။ သူလည်း ချန်ဆန်းရှီကတော့ အဆင့် B ပဲ ရတော့မယ်လို့ တွက်ထားပုံပါပဲ။

"စစ်ဆေးမှု ပြီးဆုံးပါပြီ"

"ချန်ဆန်းရှီ... အဆင့် A"

မောင်းသံနဲ့အတူ ကျယ်လောင်တဲ့ ကြေညာသံ ထွက်ပေါ်လာပါတယ်။ အဲဒီအချိန်မှာတင် စားပွဲပေါ်က အမွှေးတိုင်ကလည်း ကွက်တိ ငြိမ်းသွားပါတော့တယ်။

"ပထမဆုံး အဆင့် A ပဲ"

"အဆင့် A ရသွားပြီ"

အဆင့် B ရထားတဲ့ တခြားလူတွေကတော့ မယုံနိုင်သလို ဖြစ်ကုန်ကြပါတယ်။ ဆွေယုံဖိန်နဲ့ ကျဲ့စီရှုတို့တောင်မှ ဒီစစ်ကြောင်းက အရမ်းခက်လွန်းလို့ အဆင့် B က အမြင့်ဆုံးပဲလို့ ထင်ထားကြတာပါ။ လူလေးသောင်းရဲ့ စစ်ကြောင်းထဲမှာ လမ်းကြောင်းမှန် ရှာတွေ့ဖို့ဆိုတာ စာအုပ်ထဲမှာ ပြောသလောက် မလွယ်ပါဘူး။

ဒီဗိုလ်ချုပ်က သူတို့ထက် ကျင့်စဉ်နိမ့်ပါလျက်နဲ့ အဆင့် A ရသွားတာက သူ့ရဲ့ စစ်ဗျူဟာနားလည်မှုက ဘယ်လောက်အထိ နက်ရှိုင်းသလဲဆိုတာ သက်သေပြလိုက်တာပါပဲ။

"အဆင့် A ဟုတ်လား"

ယင်ဟန်ဝမ်တို့အုပ်စုကတော့ ပါးစပ်အဟောင်းသားနဲ့ ကျောက်ရုပ်လို ဖြစ်သွားကြပါတယ်။

အထူးသဖြင့် ချောင်ဖန်ပါပဲ သူကိုယ်တိုင်တောင် အဆင့် A ရဖို့ သေချာမတွက်ထားနိုင်တာကိုမှ၊ သူ မသမာမှု့လုပ်ထားပြီးလက်နက်တွေ ဖျက်ဆီးထားတဲ့ ကြားကနေ ချန်ဆန်းရှီက အဆင့် A ရအောင် ဖောက်ထွက်လာနိုင်တာကို အံ့သြသွားတာပါ။

တကယ်ကို အရည်အချင်းရှိတာပဲ... ချောင်ဖန်က စိတ်ထဲကနေ လေးစားသွားမိပါတယ်။ တကယ်လို့ ဒီလူကသာ သူ့ကို မဆန့်ကျင်ဘဲ သူ့ဘက်တော်သား ဖြစ်လာရင်တော့ တကယ့် ပါရမီရှင်တစ်ယောက် ဖြစ်မှာပါ။

ဒါပေမဲ့ နှမြောစရာပဲ... မင်းက လွတ်သွားပေမဲ့ မင်းရဲ့ခွေးကတော့ လွတ်မှာ မဟုတ်ဘူး

ချောင်ဖန်က အစောင့်တွေဆီ လျှောက်သွားပြီး "ထောင်စုမှုးလီ... ခင်ဗျား မြင်တဲ့အတိုင်းပဲ၊ ချန်ဆန်းရှီက အေးဆေး ဖောက်ထွက်လာတာပဲ။ ဒီစစ်ဆေးမှုမှာ မတရားတာ ဘာမှမရှိဘူး။ အဲဒီတော့ ဒီကောင်က တမင်

သက်သက် ဆူပူအောင် လုပ်တာဆိုတာ သေချာသွားပြီ။ သူ့ရဲ့ အရည်အချင်းကို အခုပဲ ပယ်ဖျက်ပြီး စစ်မေးဖို့ ခေါ်သွားလိုက်တော့" လို့ ပြောလိုက်ပါတယ်။

"ဘုန်း——"

ရုတ်တရက် သွေးစိုနေတဲ့ လူခေါင်းပြတ်ကြီး တစ်ခု ကောင်းကင်ကနေ ပြုတ်ကျလာပြီး အားလုံးရဲ့ ရှေ့မှာ လိမ့်သွားပါတယ်။

ချန်ဆန်းရှီက လက်ဗလာနဲ့ ပေါ်လာပြီး ပြောလိုက်တယ် "ထောင်စုမှုးလီ... ပိုင်ထင်းကျိီစကားက အဓိပ္ပာယ်မရှိတာ မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်က စစ်ကြောင်းထဲမှာ တကယ်ပဲ မသမာမှု့လုပ်ထားတာပါ သူ့ကို အပြစ်မပေးပါနဲ့"

"ထောင်စုမှုး... ကျွန်တော်တို့ သက်သေခံနိုင်ပါတယ် ဗိုလ်ချုပ်ချန် ပြောတာ အမှန်ပါပဲ"

မြင်ကွင်းတစ်ခုလုံးကို မျက်မြင်တွေ့ခဲ့ရတဲ့ စစ်သည်တွေကပါ စုပြုံလာပြီး တညီတညွတ်တည်း ပြောကြပါတယ် "ဒုတံခါး က လူတွေကို တစ်စုံတစ်ယောက်က လဲလှယ်ထားပါတယ်။ အတွင်းအားသန့်စင်ခြင်းအဆင့် သိုင်းသမားတွေ ပါနေတဲ့အပြင် သူတို့က ဗိုလ်ချုပ်ချန်ကို အသေသတ်ဖို့ ကြိုးစားခဲ့ကြတာပါ အဲဒီလူတွေကို ဒီကို ခေါ်လာခဲ့ကြစမ်း"

All Chapters