← Chapters

အခန်း (၁၃၅)

Vol. 13 Ch. 135

အခန်း (၁၃၅)

Vol. 13 Ch. 135

ဝမ်ကျိီကို ဗဟိုပြုထားတဲ့ စစ်ဗျူဟာက အစီအစဉ်တကျ စတင်လည်ပတ်ပါတော့တယ်။ မြင်းတပ်တွေရဲ့ အကြိမ်ကြိမ် အရှိန်အဟုန်နဲ့ ဝင်တိုက်တာတွေကို ဘာအတားအဆီးမှ မရှိဘဲ စနစ်တကျ ပြန်လည်ခုခံနိုင်ခဲ့ပြီး စစ်ကြောင်းဟာ နည်းနည်းလေးမှ ပျက်ယွင်းသွားတာမျိုး မရှိပါဘူး။

မြင်းတပ်သားတွေက လေးကြိမ်တိုင်တိုင် စီးနင်းတိုက်ခိုက်ပြီးနောက် ကွင်းထဲကနေ တဖြည်းဖြည်း ပြန်ထွက်သွားကြပါတယ်။

"ဒါပဲလား"

ကျောက်ကန်က မယုံနိုင်သလိုနဲ့ မေးလိုက်တယ် "ပြီးသွားပြီလား"

"သတိမလွတ်စေနဲ့ စစ်ကြောင်းကို မဖျက်ဘဲ ဆက်ထိန်းထားကြ"

စစ်ကြောင်းရဲ့ အလယ်ဗဟိုမှာရှိတဲ့ ရွှီဝမ်ချိုင်က အသံကုန်အော်ဟစ်လိုက်တယ် "အကဲဖြတ်သူက ပြီးပြီလို့ မကြေညာမချင်း ဘယ်သူပဲဖြစ်ဖြစ် အမှားအယွင်းလုပ်ရင် ပြန်ရောက်တာနဲ့ စစ်ဥပဒေအတိုင်း အပြစ်ပေးမယ်"

"သေချာတယ်... ဒီလောက်နဲ့တော့ မရိုးရှင်းနိုင်ဘူး"

ဝမ်ကျိီက သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။ သူဟာ တပ်စစ်စခန်း ၈ ခုမှာ နှစ်ပေါင်းများစွာ နေခဲ့ဖူးသူဖြစ်လို့ ဒီလို အကဲဖြတ်ပွဲတွေရဲ့ ခက်ခဲမှုကို ကောင်းကောင်းသိပါတယ်။ အကဲဖြတ်ပုံ နည်းလမ်းတွေက နှစ်စဉ်ပြောင်းလဲတတ်ပေမဲ့ ဒီလောက်လွယ်ကူဖို့တော့ မဖြစ်နိုင်ပါဘူး။

"ဝေါင်း——"

သူ ထင်တဲ့အတိုင်းပါပဲ နောက်ဆုံး မြင်းတပ်သား ထွက်သွားတာနဲ့ တစ်ပြိုင်နက် အရပ်မျက်နှာအနှံ့ကနေ ထူးဆန်းသားရဲဟိန်းသံတွေ ထွက်ပေါ်လာပါတယ်။ အဲဒီနောက် တံခါးတွေထဲကနေ ဝံပုလွေတွေ၊ ကျားတွေ၊ ကျားသစ်တွေနဲ့ မြေခွေးတွေ အလုံးအရင်းနဲ့ ပြေးထွက်လာကြတယ်။ သူတို့ရဲ့ အရွယ်အစားက သာမန်ထက် ပိုကြီးနေပြီး မျက်လုံးတွေက သွေးယိုနေသလို ရဲရဲနီနေပါတယ်။ သွားတွေကလည်း ဓားလို ထက်မြက်နေပြီး သွားရည်တွေ တစက်စက် ကျနေကြတယ်။ သူတို့တွေ မစားရတာ ဘယ်လောက်တောင် ကြာပြီလဲ မသိပေမဲ့ အခုတော့ လတ်ဆတ်တဲ့ လူသားအသားတွေကို တွေ့တာနဲ့ စစ်ကွင်းအလယ်က လူတွေဆီကို အရူးအမူး ခုန်အုပ်လာကြပါတော့တယ်။

ဒါဟာ ရှောင်လွှဲလို့မရတဲ့ "သားရဲလှိုင်းလုံး" ကြီးတစ်ခုပါပဲ။ ပိုပြီး စိုးရိမ်စရာကောင်းတာက ဒီသားရဲတွေဟာ အရမ်းကို ထူးဆန်းနေတာပါ။ ပုံမှန်မဟုတ်တဲ့ အရွယ်အစားနဲ့ သွေးရောင်မျက်လုံးတွေက ဒဏ္ဍာရီထဲက 'နတ်ဆိုးသားရဲ' တွေအတိုင်းပါပဲ။

"ဒါတွေက 'ထူးဆန်းသားရဲ' တွေလား"

လျန်ကျိုးကို အသစ်ရောက်လာတဲ့ လူအများစုဟာ 'အဆိပ်သားရဲ' ဆိုတဲ့ အသုံးအနှုန်းကို မသိကြပါဘူး။ သူတို့ ခေါင်းထဲမှာ ပထမဆုံး ပေါ်လာတာက 'ထူးဆန်းသားရဲ' တွေပါ။ သာမန်သားရဲတစ်ကောင်ကနေ ထူးဆန်းသားရဲ ဖြစ်သွားရင် တိုက်ခိုက်ရေးစွမ်းအားက မိုးနဲ့မြေလို ကွာခြားသွားပါတယ်။ သာမန်လူတွေဆိုရင် ဒီသားရဲတွေကို မြင်တာနဲ့တင် ကြောက်လန့်ပြီး သေးတောင် ထွက်သွားနိုင်ပါတယ်။

အထူးသဖြင့် စောစောက မြင်းတပ်တွေ တိုက်ခိုက်တုန်းက ဘယ်သူမှ ဒဏ်ရာမရခဲ့တာကြောင့် "အန္တရာယ်မရှိဘူး" လို့ ထင်ထားကြတဲ့ လူတွေအတွက် ဒီလို အလှည့်အပြောင်းကြီးက တုန်လှုပ်စရာ ဖြစ်သွားရပါတယ်။ လူတွေ ထိတ်လန့်သွားရင် သေချာပေါက် အမှားလုပ်မိမှာဖြစ်ပြီး စစ်ကြောင်းကလည်း အလွယ်တကူ ပြိုကွဲသွားနိုင်ပါတယ်။

"တိရစ္ဆာန်တွေပဲဟ မင်းတို့နေရာမှာ မင်းတို့နေပြီး သတ်ကြစမ်း"

ဝမ်ကျိီက ရှေ့ဆုံးကနေ ဓားကိုဝှေ့ယမ်းရင်း ဟိန်းဟောက်လိုက်ပါတယ်။

အမိန့်ပေးဖို့ တာဝန်ယူထားတဲ့ အရာရှိတွေကလည်း စစ်အလံတွေကို ကျွမ်းကျင်စွာ ဝှေ့ယမ်းပြီး 'တံခါးလေးပေါက် စစ်ဗျူဟာ' ရဲ့ အားသာချက်ကို အသုံးချကာ သားရဲ ၄၀၀ ကျော်ကို အပိုင်းပိုင်း ခွဲထုတ်ပစ်လိုက်ပါတယ်။ သားရဲအရေအတွက်က တပ်သားတွေနဲ့ အတူတူလောက် ရှိနေပေမဲ့ စစ်ဗျူဟာရဲ့ စွမ်းအားကြောင့် သားရဲတွေကို အင်အားအဆမတန် သာလွန်သလိုမျိုး ဝိုင်းပတ်ထားနိုင်ခဲ့ပါတယ်။

ဒီအဆိပ်သားရဲတွေရဲ့ အစွမ်းက တကယ့်ကို ကြောက်စရာကောင်းပါတယ်။ အထူးသဖြင့် အဆိပ်သားရဲအဖြစ် ပြောင်းလဲသွားတဲ့ ကျားအချို့ရဲ့ ခွန်အားက 'အရိုးဖွဲ့စည်းခြင်းခြင်း' အဆင့်ရှိတဲ့ သိုင်းသမားတွေနဲ့ ယှဉ်နိုင်ပါတယ်။ သူတို့ဟာ တပ်သားအချို့ကို ချက်ချင်းပဲ မှောက်သွားအောင် လုပ်နိုင်ပေမဲ့ စစ်ကြောင်းကတော့ ပျက်မသွားပါဘူး။ ဟာကွက်ဖြစ်သွားတဲ့ နေရာတိုင်းကို နောက်ကလူတွေက အသက်ရှူစရာမရှိအောင် ချက်ချင်း ပြန်ဖြည့်ပါတယ်။ တချို့တပ်သားတွေဆိုရင် အမှားအယွင်း မရှိစေဖို့အတွက် စစ်ကြောင်း ပြန်လည်ကောင်းမွန်လာအောင် သူတို့ရဲ့ ခန္ဓာကိုယ်နဲ့တောင် ရင်းပြီး ခုခံကြပါတယ်။

ဒါဟာ ရိုးရိုး အကဲဖြတ်ပွဲလေးပဲ ဖြစ်ပေမဲ့ သူတို့တွေကတော့ စစ်မြေပြင်မှာ အသက်နဲ့ရင်းပြီး တိုက်နေသလိုမျိုး လုံးဝ မသေမချင်း တိုက်ခိုက်မယ့် စိတ်ဓာတ်တွေ ပြနေကြတာပါ။

[နစ်မြုပ်ခြင်းစစ်ကြောင်း၏ သေမင်းတမန်စိတ်ဓာတ် ] နဲ့ [ဝတ်စုံမရှိဟု မည်သူဆိုသနည်း ] ဆိုတဲ့ စွမ်းရည်နှစ်ခု ပေါင်းစပ်သွားတဲ့အခါ ဒီသားရဲလှိုင်းလုံးကြီးက တပ်သားတွေရဲ့ အစစ်အမှန် စွမ်းအားကိုတောင် ထုတ်သုံးခိုင်းဖို့ မလုံလောက်ခဲ့ပါဘူး။

တိရစ္ဆာန်ဆိုတာ တိရစ္ဆာန်ပါပဲ။ မကြာခင်မှာပဲ သူတို့ဟာ ဒိုင်းတွေကြားမှာ မျက်စိလည်သွားကြပြီး ကောင်းကင်ယံက ကျလာတဲ့ လှံတွေ၊ မြှားတွေကြားမှာ သေဆုံးကုန်ကြပါတယ်။ စစ်ကွင်းကြီးဟာ တကယ့် သားသတ်ရုံကြီးတစ်ခုလို ဖြစ်သွားတော့တာပါ။

ဒီအတိုင်းသာ ဆက်သွားရင် အဆိပ်သားရဲတွေ အကုန်လုံး အသတ်ခံရတော့မှာမို့...

"ရပ်တန့်လိုက်ကြ"

လီချန်ကျုံးက မောင်းကို အမြန်တီးလိုက်တယ် "စစ်ကြောင်းကို ဖျက်

လိုက်ကြတော့ ဒီအဆိပ်သားရဲတွေကို နောက်ထပ် စစ်ဆေးမှုတွေအတွက် သိမ်းထားရဦးမယ်၊ အကုန်သတ်မပစ်ကြနဲ့ဦး"

"ဝုန်း——"

'သွေးလှုပ်ရှားခြင်း' အဆင့်ရှိတဲ့ ဗိုလ်ချုပ်ငယ်အချို့ ကွင်းထဲကို ပြေးဝင်လာပြီး သားရဲတွေကို မောင်းထုတ်လိုက်ကြပါတယ်။ တကယ်တော့ သူတို့တွေက လူမသေအောင် လျှို့ဝှက်စောင့်ကြည့်နေခဲ့တာပါ။ အခြေအနေ တကယ်ဆိုးလာရင် သူတို့က ဝင်ကယ်ဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့ သူတို့ ဝင်ကယ်လိုက်ရင် အဲဒီလူရဲ့ စစ်ကြောင်းကတော့ ပျက်သွားပြီလို့ သတ်မှတ်မှာပါ။

ဒါပေမဲ့ ချန်ဆန်းရှီရဲ့ လူတွေကတော့ ဘာအကူအညီမှ မလိုခဲ့ပါဘူး။ အစပိုင်းမှာ အနည်းငယ် ဒဏ်ရာရတာကလွဲလို့ အခြေအနေကို ချက်ချင်း ထိန်းချုပ်နိုင်ခဲ့ပြီး စမ်းသပ်မှုကို လှလှပပ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

"တကယ်ကို မြစ်ကို အတူတူ ဖြတ်ကျော်ခဲ့ကြတဲ့ လူတွေပီသပါပေတယ်"

မစ္စတာဟောက်က အံ့သြတကြီး အော်ဟစ်လိုက်တယ် "ဘုရင်ခံဆွန်... မြင်လားဒါက ရိုးရိုးအကဲဖြတ်ပွဲပဲ ရှိသေးတာကို ဒီလူတွေက တကယ့်စစ်မြေပြင်ရောက်နေသလို အသက်ကို ပဓာနမထားဘဲ တိုက်နေကြတာ။ သူတို့သာ စစ်မြေပြင်ကို တကယ်ရောက်ရင်တော့ ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ အရှေ့က ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ လျန်ကျိုးတပ်သားတွေထက် အများကြီး ပိုသန်မာတယ်"

အခုဆိုရင် အကဲဖြတ်မှုက တစ်ဝက်ကျော်သွားပါပြီ။ လူ ၄၀ ရာခိုင်နှုန်းလောက်က အဆင့် 'A' ရကြပါတယ်။ တကယ်တော့ သားရဲလှိုင်းလုံးက စစ်သည်တွေကို အကုန်သတ်ပစ်ဖို့ လုပ်ထားတာ မဟုတ်ပါဘူး။ စစ်ကြောင်းကို တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်ရင် အောင်မြင်နိုင်ပါတယ်။

ဒါပေမဲ့ စစ်သည်အများစုရဲ့ စိတ်ထဲမှာ ဒါက အကဲဖြတ်ပွဲသက်သက်လို့ပဲ ထင်နေကြတာပါ။ ဒဏ်ရာရမှာတောင် ကြောက်နေကြတော့ သားရဲတွေ ရှေ့ရောက်တဲ့အခါ ထိတ်လန့်သွားကြတာပေါ့။ စစ်အမိန့်ကို တောင်ကြီးတစ်တောင်လို ခိုင်ခိုင်မာမာ နာခံနိုင်သလားဆိုတာက ခေါင်းဆောင်တွေအတွက် တကယ့် စမ်းသပ်မှုကြီးပါ။

အဓိက အကဲဖြတ်ဒိုင် ၃ ဦးလုံးက ဒါကို သတိထားမိလိုက်ကြပါတယ်။ ဒီစစ်ကြောင်းကို ကွပ်ကဲနေတာက စစ်ကြောင်းရဲ့ အလယ်ဗဟိုမှာရှိတဲ့ စာပေပညာရှင်ကြီး (ရွှီဝမ်ချိုင်) ပါ။ စာပေပညာရှင်တစ်ယောက်က စစ်ကြောင်းကို ကွပ်ကဲနေတာ...။ လက်ရှိ တပ်စစ်စခန်း ၈ ခုမှာဆိုရင် ဖန်ချင်းယွမ်တစ်ယောက်ပဲ ရှိတာပါ။ ဒါဟာ ချန်ဆန်းရှီရဲ့ ဗျူဟာမြောက် ကွပ်ကဲမှုစွမ်းရည်က အလွန်ထူးချွန်တယ်ဆိုတာကို သက်သေပြနေတာပါပဲ။

"ဒီ မစ္စတာချန်က တကယ်ကို အရည်အချင်းရှိတာပဲ"

ဗိုလ်ချုပ်ကျောက်က မချီးကျူးဘဲ မနေနိုင်တော့ပါဘူး "သူ့ရဲ့ ပါရမီသာ ဒီထက်ပိုကောင်းရင်တော့ တကယ့်တပည့်ရင်း နေရာအတွက် ပြိုင်ဘက်

ကောင်းကြီး ဖြစ်မှာပဲ"

"အနာဂတ်မှာ ဗိုလ်ချုပ်ကြီး တစ်ယောက် ဖြစ်လာရင်တောင် တော်တော်လေး ကောင်းနေပါပြီ"

အကဲဖြတ်ဒိုင် ၃ ဦးလုံးက တညီတညွတ်တည်း "အဆင့် A " ပေးလိုက်ကြပါတယ်။ ဒဏ်ရာရတဲ့ တပ်သားတွေကိုတော့ အကောင်းဆုံး ဆေးကုသမှုပေးဖို့ ခေါ်ဆောင်သွားကြပြီး ကျန်တဲ့လူတွေကတော့ အမိန့်အတိုင်း ပြန်ထွက်သွားကြပါတယ်။

"ဆရာ"

ဖန်ချင်းယွမ်က ဆွန်ဒူရှန်ထိုင်နေတဲ့ ကုလားထိုင်နားကို တိုးလာပြီး မေးလိုက်တယ် "လျူအိုကြီး (ဝမ်ကျိီ) ကို မြင်လား သူ ဒီနှစ်တွေအတွင်းမှာ တော်တော်လေးကို တည်ငြိမ်သွားပြီ 'အရိုးဖွဲ့စည်းခြင်း' အဆင့်အထိ ကျဆင်းသွားပြီး ခရိုင်အဆင့် သာမန်တပ်မှုး လေး လုပ်နေရတာတောင် စိတ်ဓာတ်မကျဘဲ ကြိုးစားနေတာက တကယ်ကို မလွယ်ဘူးနော်"

All Chapters