အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေ
Vol. 43 Ch. 486
"ကံတရား ၉ပိဿာတောင်လား"
လျှူရွှမ်ကျီးသည် ထိတ်လန့်သွားပြီး သူမ၏ဆံပင်ကို သပ်တင်လိုက်သည်။
"အိမ်ရှေ့စံမင်းသား... ဒီလောက်ထိ အများကြီး ချေးမှာက သေချာရဲ့လား... တကယ်လို့ အဲ့ဒါတွေအားလုံး ကုန်သွားပြီးတော့ ရှင့်ရဲ့လိုအင်ဆန္ဒတွေ မပြည့်ဝခဲ့ရင် ရှင် အိမ်ရှေ့စံ နေရာကို လက်လွတ်ရုံတင် မကဘူး... ကံကြမ္မာနဲ့ကျင့်ကြံဆင့်ပါ အကြီးအကျယ် ထိခိုက်စေနိုင်တယ်"
"ကျွန်တော် သိပါတယ်"
အိမ်ရှေ့စံယွမ်ချင်းက ခေါင်းညိတ်လိုက်သည်။
ကျန်းရွှမ်သည် ကောင်းကင်ဥပဒေသ မြို့တော်ထဲသို့ ဝင်ရောက်လာသရွေ့ မည်သို့မျှ မလွတ်မြောက်နိုင်ကြောင်းကို သူ သိထားသော်လည်း သူ ပို၍သတိထားရန် စီစဉ်ထားခြင်းဖြစ်သည်။
ဤတစ်ကြိမ်တွင် သူသည် ထာဝရနှလုံးသားကို မရရအောင် ယူဆောင်ရမည်။ ထိုသို့မဟုတ်ပါက တခြားမင်းသားများ၏ အကွက်ချကြံစည်ခြင်းလှောင်ပြောင်ခြင်းတို့ကို သူ ခံရရုံဖြင့် ပြီးဆုံးသွားမည် မဟုတ်ပေ။ သူ့ခမည်းတော်၏ စိတ်ရှည်သည်းခံမှုကိုလည်း ဆုံးရှုံးပြီး သူသည် အိမ်ရှေ့စံနေရာကို လုံးလုံးလျားလျား လက်လွှတ်ရပေလိမ့်သည်။
"အိမ်ရှေ့စံမင်းသားကို ချေးပေးဖို့က ပြဿနာ မရှိပါဘူး"
လျှူရွှမ်ကျီးက ပြုံးလိုက်သည်။
"ဒါပေမဲ့... အိမ်ရှေ့စံမင်းသားက ဘယ်လောက်ပဲ မြင့်မြတ်ပါစေ... အနာဂတ်မှာ ပြန်ဆပ်နိုင်မယ်လို့ အာမတော့မခံနိုင်ဘူး မဟုတ်လား"
ကံတရား ၉ပိဿာဟူသည်မှာ နည်းပါးသော ပမာဏ မဟုတ်ချေ။ ယခင်က သူမသည်ကျန်းရွှမ်ကို ၃ပိဿာသာ ချေးပေးခဲ့သည်။ နောက်ထပ်၈ပိဿာအတွက်မူ တစ်ဖက်လူသည် လူအများကြီးကု ခေါ်လာပေးသောကြောင့် သူမ ချေးငှားပေးခဲ့ခြင်းပင်။
"ဂိုဏ်းချုပ်လျှူ စိတ်မပူပါနဲ့... ကျွန်တော်က ဒီကိစ္စအတွက် ကြိုတင်ပြီး ပြင်ဆင်ထားပါတယ်"
အိမ်ရှေ့စံယွမ်ချင်းက သူ၏နောက်ကျောဘက်သို့ လက်ဝှေ့ယမ်းလိုက်သည်။
အချိန်ခဏအကြာတွင် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်သုံးထောင်ကျော် ပျံသန်းလာပြီး သူနှင့်မလှမ်းမကမ်းတွင် ဆင်းသက်ကာ သူတို့၏လက်များကို ပူးဆုပ်၍ တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်။
"အိမ်ရှေ့စံမင်းသားကို အရိုအသေပြုပါတယ်"
"ဒါ အိမ်ရှေ့စံရဲ့ ကျားအစောင့်တပ်ဖွဲ့ မလား"
လျှူရွှမ်ကျီးက သူတို့ကို မှတ်မိလိုက်သည်။
"အမှန်ပဲ... သူတို့က ကျွန်တော့်ရဲ့ ကိုယ်ပိုင် စစ်သည်တော်တွေ ဖြစ်ရုံတင်မကဘူး... ကျွန်တော့်ရဲ့တပည့်တွေလည်း ဖြစ်ကြတယ်... ပြီးတော့ ကျွန်တော်နဲ့ သူတို့ကြားမှာ အရမ်းခိုင်မာတဲ့ ဆက်နွယ်မှု ရှိကြတယ်... ဒါကြောင့် သူတို့ရဲ့ ကံတရားကို အရင်ထုတ်ယူပြီး အကြွေးကို ခုနှိမ်ထားလို့ ရပါတယ်"
အိမ်ရှေ့စံယွမ်ချင်းက တည်ငြိမ်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
တစ်ဖက်လူသည် လွယ်လင့်တကူ သဘောတူမည် မဟုတ်ကြောင်း အိမ်ရှေ့စံယွမ်ချင်းက ကြိုသိထားသဖြင့် ကြိုတင်ပြင်ဆင်ထားပုံရသည်။
"အာဏာရှင်ဆန်တဲ့ အရိပ်အယောင် ရှိနေပါလား...."
လျှူရွှမ်ကျီးက နှာမှုတ်လိုက်သည်။
ပုံမှန် အခြေအနေတွင် လူတစ်ယောက်၏ကံတရားကို ထိုလူကိုယ်တိုင်သာ အသုံးပြုနိုင်သော်လည်း ဇနီး သားသမီး မိဘစသည့် အလွန် နီးကပ်စွာ ဆက်နွယ်နေသူများ အပေါ်တွင် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိတတ်သည်။
ဥပမာအနေဖြင့် လူတစ်ယောက်သည် ကံကောင်းပြီး ထီဆုကြီးကို ပေါက်သည် ဆိုပါစို့။ ဤပိုက်ဆံကို သူ တစ်ယောက်တည်း အသုံးပြုမည် မဟုတ်ပေ။ သူ၏ဇနီး သားသမီးများနှင့် မိဘများလည်း အကျိုးခံစားခွင့် ရှိကြသည်။
ထိုလူသည် ကံဆိုးပြီး ကားတိုက်ခံရလျှင်လည်း သူ၏ဆွေမျိုးသားချင်းတွေပါ ဒုက္ခရောက်ကြရသည်။
ထို့ကြောင့် ကံတရားသည် လူတစ်ယောက်တည်းနှင့် သက်ဆိုင်သည့်တိုင် သူနှင့် အလွန်နီးကပ်စွာ ဆက်နွယ်နေသူများ အပေါ်တွင်လည်း သက်ရောက်မှု ကြီးမားပေ၏။
ဤကျားအစောင့်တပ်ဖွဲ့သည် အိမ်ရှေ့စံ၏ တပည့်များပင်။ သူတို့အကြားတွင် ဆရာတပည့် ဆက်ဆံရေးရှိပြီး ဆက်နွယ်မှုမှာ အလွန်နက်ရှိုင်းသည်။ သူတို့၏ကံတရားကို ထုတ်ယူပြီး အကြွေးဆပ်ခိုင်းခြင်းမှာ အမှန်တကယ်ကို ဖြစ်နိုင်သည်။
ကိုယ့်အတွက်ဖြင့် တပည့်များနှင့် လက်အောက်ငယ်သားများ၏ ကံတရားကို အသုံးပြုသည်မှာ အမှန်တကယ့်ကို အလွန်ရက်စက်ပေ၏။
သို့ရာတွင် ဤကဲ့သို့ လူစားမျိုးကသာ ကိစ္စကြီးများကို အောင်မြင်ပြီးမြောက်အောင် လုပ်နိုင်ရန် အခွင့်အရေး ပိုများသည်။
"ကောင်းပြီလေ... သူတို့ရဲ့ ကံတရားကို ကျွန်မက အခု ထုတ်ယူပြီးတော့ အိမ်ရှေ့စံမင်းသားကို ချေးပေးလိုက်မယ်"
လျှူရွှမ်ကျီးသည် သက်ပြင်းချလိုက်ပြီးနောက် များစွာတွေဝေတုံ့ဆိုင်းခြင်း မရှိတော့ပေ။ သူမ၏သွယ်လျလျလက်ကို ဆန့်တန့်ပြီး ရှေ့သို့ ဖမ်းဆုပ်လိုက်၏။
သူမသည် စီးပွားရေး လုပ်နေခြင်းဖြစ်သောကြောင့် မည်သူ၏မျက်နှာကိုမျှ ထောက်နေမည် မဟုတ်ချေ။
သူမသည် ကျန်းရွှမ်ကို အနည်းငယ် လေးစားမိသော်လည်း အိမ်ရှေ့စံယွမ်ချင်းကို ကံတရား ချေးငှားပေးရန်ကိုမူ သူမ တွန့်ဆုတ်နေမည် မဟုတ်ပေ။
အချိန်တခဏအကြာတွင် ကျားအစောင့်တပ်ဖွဲ့ဝင်များအားလုံး၏ ကံတရားများ ထုတ်ယူခံလိုက်ရပြီး အိမ်ရှေ့စံ၏ ကံတရား၉ပိဿာလည်း ချေးငှားပြီး ဖြစ်သွားသည်။
"ဂိုဏ်းချုပ်လျှူကို ကျေးဇူးတင်ပါတယ်...."
သူ၏ခန္ဓာကိုယ်ထဲတွင် ကံတရားများ လှုပ်ရှားနေသည်ကို ခံစားမိသဖြင့် အိမ်ရှေ့စံယွမ်ချင်း စိတ်လှုပ်ရှားသွားသည်။
'ကျန်းရွှမ်က ၈ပိဿာ ချေးထားမှတော့ ငါက ၉ပိဿာ ချေးလိုက်မယ်... ငါ့ရဲ့ကံတရားက မင်းထက် များနေသရွေ့ ထာဝရနှလုံးသားကို ငါ သေချာပေါက် ပြန်ယူနိုင်မှာပဲ'
"နှုတ်ဆက်ခဲ့ပါတယ်..."
အိမ်ရှေ့စံယွမ်ချင်းသည် သူ ဆန္ဒရှိသည့်အရာကို ရရှိပြီးနောက် အိမ်ရှေ့စံယွမ်ချင်းသည် ကြာရှည်ဆက်မနေပေ။ သူသည် နောက်သို့လှည့်ထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
"ပြန်ကြစို့"
သူ ထွက်သွားသည်ကို မြင်တွေ့ချိန်၌ ကျားအစောင့်တပ်ဖွဲ့ဝင်များသည် တညီတညွတ်တည်း ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားကြ၏။
"အဲ့ဒီကောင်တွေက... အကြာကြီး အသက်ရှင်ရတော့မှာ မဟုတ်ဘူး"
လျှူရွှမ်ကျီးက ခေါင်းခါယမ်းလိုက်သည်။
ကျားအစောင့်တပ်ဖွဲ့၏တာဝန်သည် အိမ်ရှေ့စံကို ကာကွယ်ရန်ဖြစ်သောကြောင့် အလွန်အန္တရာယ်များသည်။ ယခုချိန်၌ သူတို့၏ကံတရားများလည်း ထုတ်ယူခံလိုက်ရပြီဖြစ်သောကြောင့် မည်သည့်ထူးခြားချက်မျှ မရှိလျှင် ထိုလူသုံးထောင်ကျော်သည် သေချာပေါက် သေဆုံးရပေမည်။
"သူတို့နှစ်ယောက်လုံးက လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းဖို့ တခြားလူတွေကို ကံတရားချေးငှားခိုင်းကြပေမဲ့ ကွာခြားချက်က တော်တော်လေး ကြီးမားတာပဲ"
လျှူရွှမ်ကျီးက ပေါ့ပေါ့ပါးပါး နှာမှုတ်လိုက်ပြီးနောက် သူမ၏ပုံရိပ် ပျောက်ကွယ်သွားတော့သည်။
ဆန့်ကျင်ဘက် လူနှစ်ယောက်တွင်....တစ်ယောက်သည် လောဘကြီးသောလူတချို့မှ ကံတရား လာချေးစေရန် အကွက်ချအကြံအစည်မှုများကို အသုံးပြုခဲ့သည်။ နောက်တစ်ယောက်ကမူ သူ အောင်မြင်မှု ရရှိစေရန်အတွက် လက်အောက်ငယ်သားများ၏အသက်ကို တိုက်ရိုက်အသုံးပြုခဲ့ပေ၏။
ဘယ်သူက မှန်ကန်၍ မည်သူက မှားယွင်းသည်ကို ခွဲခြားရန်မှာ မဖြစ်နိုင်ချေ။
အမှန်အားဖြင့် ဤသည်မှာ သူမ၏အရေးကိစ္စ မဟုတ်ချေ။ သူမသည် ကံတရားကို အရောင်းအဝယ်လုပ်သူ တစ်ယောက်သာဖြစ်သည်။
လှိုဏ်ဂူထဲသို့ ပြန်ရောက်ပြီးနောက် မကြာမီမှာပင် ကျန်းရွှမ်သည် လေဟာနယ်စွမ်းအား တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။ သူသည် ညင်သာစွာ လှုပ်ရှားလိုက်ပြီး မူလနေရာမှ ပျောက်ကွယ်သွားကာ နောက်ထပ်အချိန်တခဏတွင် ထူးခြားသော လေဟာနယ်တစ်နေရာ၌ ထွက်ပေါ်လာသည်။
နှင်းနတ်ဆိုးအရှင်အား သူ၏လေဟာနယ် စွမ်းအားကို ယူဆောင်သွားစေခဲ့သဖြင့် တစ်ဖက်လူရှိရာ နေရာသို့ သူ ချက်ချင်းရောက်ရှိနိုင်သည်။
သူ၏ရှေ့တွင် တလိမ့်လိမ့်ထနေသော နတ်ဆိုးစွမ်းအင်များ လွှမ်းခြုံနေသည်။ မျက်စိတစ်ဆုံးအကွာအဝေးတွင်ရှိနေသော မြေပြင်သည် မည်းနက်နေပြီး သစ်ပင်ပန်းမန်များ ခြောင်ကပ်ညှိုးနွမ်းနေကာ ဤနေရာတွင် နေထိုင်သော ရင်းမြစ်သားရဲတချို့သည် အလွန်ရက်စက်ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းသည်။
"ဒါက အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေလား"
သူ၏စိတ်ဝိညာဉ်အတွင်းသို့ အဆက်မပြတ် ထိုးဖောက်ဝင်ရောက်နေသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ခံစားမိသဖြင့် ကျန်းရွှမ်၏ မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။
အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေသည် နတ်ဆိုးမျိုးနွယ်မှ အစွမ်းထက်ပုဂ္ဂိုလ်များ ကျင့်ကြံပြီး ပုန်းအောင်းရာနေရာပင်။ မဟာနတ်ဆိုးအရှင်နှင့် သူ၏လက်အောက်ရှိ နတ်ဆိုးဧကရာဇ်လေးပါးသည် ပုံမှန်အားဖြင့် ဤနေရာတွင် နေထိုင်ကြသည်။
"သခင်..."
ဖျော့တော့တော့အသံတစ်သံက သူ၏နားထဲတွင် ထွက်ပေါ်လာသည်။
သူ အသံလာရာသို့ ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ သူ၏ ရုပ်ခန္ဓာကိုယ်မှ နေရာအများစုသည် ထိခိုက်ပျက်စီးနေပြီး စိတ်ဝိညာဉ်သည်လည်း အလွန်အားနည်းနေကာ အချိန်မရွေး ငြိမ်းသေသွားနိုင်သည့် အနေအထားတွင် ရှိနေသည်။
ဤသည်မှာ အကြောင်းအကျိုး ကောင်းကင်ကံကြမ္မာ၏အကူအညီဖြင့် ဗုဒ္ဓအရှင်ကို လှည့်စားရန် သူ စေလွှတ်လိုက်သော နှင်းနတ်ဆိုးအရှင်မှလွဲ၍ တခြားသူ မဟုတ်ချေ။
"မင်း ဘာဖြစ်သွားတာလဲ...."
ကျန်းရွှမ်သည် တစ်ဖက်လူ၏ရှေ့သို့ အလျင်အမြန် လျှောက်လှမ်းသွားကာ သူ့ကို တွဲထူပေးရင်း မေးမြန်းလိုက်၏။
ဗောဓိသစ်သားဖြင့် ထုလုပ်ထားသော ရုပ်သေးသည် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ် ရုပ်ခန္ဓာကိုယ်လောက် သန်မာသော်လည်း များစွာကွာခြားမှု မရှိချေ။ သို့ရာတွင် ဤမျှထိ ပုံပျက်ပန်းပျက် ဖြစ်သွားအောင် ရိုက်နှက်ခံခဲ့ရသဖြင့် ဤကောင်စုတ်သည် မည်ကဲ့သို့ ကြမ်းတမ်းသော တိုက်ပွဲမျိုးဖြင့် ကြုံတွေ့ခဲ့ရသနည်း။
"ဒါက စိတ်ဝိညာဥ်မိတ်ဆွေ နတ်ဆိုးဧကရာဇ်ရဲ့ လက်ချက်ပါ"
နှင်းနတ်ဆိုးအရှင်၏မျက်နှာပေါ်တွင် ခါးသည်းသော အပြုံးတစ်ခု ထင်ဟပ်လာသည်။
"မင်းကို မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်ကို သွားရှာဖို့ ငါ ပြောခဲ့တယ် မဟုတ်လား... မင်းက စိတ်ဝိညာဥ်မိတ်ဆွေ နတ်ဆိုးဧကရာဇ်ကို ဘာလို့ သွားရှာတာလဲ"
ကျန်းရွှမ်က စိတ်ဝင်တစား မေးမြန်းလိုက်သည်။
နှင်းနတ်ဆိုးအရှင်သည် မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်၏ လက်အောက်ငယ်သားပင်။ စိတ်ဝိညာဥ်မိတ်ဆွေ နတ်ဆိုးဧကရာဇ်သည် မဟာနတ်ဆိုးအရှင်၏လက်အောက်ရှိ နတ်ဆိုးဧကရာဇ်ကြီးလေးပါးအနက် တစ်ပါးဖြစ်ရာ သူတို့အကြား၌ ပြိုင်ဆိုင်မှုများ ရှိနေသည်မှာ သေချာပေါက်ပင်။ ထိုကြောင့် ပြိုင်ဘက်၏ လက်အောက်ငယ်သားနှင့် တွေ့ဆုံရချိန်၌ သူသည် သေချာပေါက် ကောင်းကောင်းမွန်မွန် ဆက်ဆံမည် မဟုတ်ချေ။
"ကျွန်တော်က သူ့ကို ရှာချင်လို့ မဟုတ်ပါဘူး... ဒီ အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေကို ရောက်ရောက်ချင်း သူ့ကို သွားတွေ့လိုက်မိတာ... ပြီးတော့ ဒီလိုဖြစ်သွားအောင် အရိုက်ခံလိုက်ရတာပဲ"
နှင်းနတ်ဆိုးအရှင် ငိုချင်စိတ်ပေါက်သွားသည်။
သူသည် ရုပ်ခန္ဓာကိုယ် ဖျက်ဆီးခံရပြီးနောက် ဗောဓိသစ်သား၏ အကူအညီဖြင့် သူ၏ခန္ဓာကိုယ်ကို မကြာသေးမီကမှ ပြန်လည်ရရှိလာခဲ့သည်။ ယခုအချိန်၌ ဤကဲ့သို့ ထပ်မံ၍ ဖြစ်သွားသဖြင့် အတိအကျ ပြောဆိုရလျှင် သူ အမှန်တကယ်ကို ကံဆိုးပေ၏။
"မင်းကို တွေ့တာနဲ့ သူက တိုက်ခိုက်တာလား... မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ် ပြဿနာရှာမှာကို သူ မကြောက်ဘူးလား"
နတ်ဆိုးမျိုးနွယ်သည် လူကောင်းများ မဟုတ်သော်လည်း ဂုဏ်သရေရှိ နတ်ဆိုးဧကရာဇ် တစ်ပါးအနေဖြင့် နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်ကို လက်လွတ်စပယ် သတ်ဖြတ်မည် မဟုတ်ချေ။ ကျန်းရွှမ်သည် ထူးဆန်းသည်ဟု ခံစားနေရပြီး မည်သို့ဖြစ်ပျက်နေသည်ကို နားမလည်နိုင် ဖြစ်နေသည်။ ထိုအချိန်မှာပင် အဝေးမှနေ၍ လျင်မြန်စွာ ပျံ့နှံ့လာသော ပူပြင်းသည့် စွမ်းအားလှိုင်းတစ်ရပ်ကို သူ ခံစားလိုက်ရသည်။
ဤစွမ်းအားလှိုင်း၏တည်နေရာသည် သူနှင့် များစွာကွာဝေးခြင်း မရှိချေ။ တလိမ့်လိမ့်ထနေသော နတ်ဆိုးစွမ်းအားလှိုင်းသည် ပူပြင်းသော အရှိန်အဝါကို ပေးစွမ်းနေပေ၏။
"ထိပ်သီးကျင့်ကြံသူတွေ တိုက်ခိုက်နေကြတာလား"
ကျန်းရွှမ်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
နှစ်ဖက်တိုက်ခိုက်နေသည်မှာ မည်သူမည်ဝါဖြစ်သည်ကို သူ မမြင်ရသေးသော်လည်း ပြန့်ကျဲနေသော စွမ်းအားများ၏အဆင့်ကို ကြည့်ရုံဖြင့် သူတို့၏ကျင့်ကြံဆင့်သည် နတ်ဆိုးဧကရာဇ် အဆင့်သို့ သေချာပေါက် ရောက်ရှိနေကြောင်း သူ သိလိုက်သည်။
ဆိုလိုသည်မှာ တိုက်ခိုက်နေသော နှစ်ဖက်လုံးသည် ဗောဓိသတ္တ အဆင့် သို့မဟုတ် ထို့ထက်အထက်တွင်ရှိသော စွမ်းအားများကို ပိုင်ဆိုင်ထားပေမည်။
ဤကဲ့သို့ကျင့်ကြံဆင့်ရှိသော အစွမ်းထက်ပုဂ္ဂိုလ်များသည် အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေထဲ၍ တိုက်ခိုက်နေကြ၏။ ထိုသို့ဆိုလျှင် သူ၏လက်အောက်ငယ်သား ပညာပေးခံရသည်ကို မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်မှ မခံမရပ်နိုင် ဖြစ်နေသဖြင့် စိတ်ဝိညာဥ်မိတ်ဆွေ နတ်ဆိုး ဧကရာဇ်နှင့် တိုက်ခိုက်နေခြင်း ဖြစ်နိုင်သလော။