လိပ်ပြာသစ်ခွ စိတ်ဝိညာဉ်
Vol. 43 Ch. 487
"တစ်ချက်သွားကြည့်တာပေါ့...."
ကျန်းရွှမ်သည် သူ၏လက်ကိုဝှေ့ယမ်းပြီး နှင်းနတ်ဆိုးအရှင်ကို ရွှမ်ကမ္ဘာအတွင်းသို့ ထည့်သွင်းကာ အနားယူကုစားစေလိုက်သည်။ ထို့နောက် သူ၏စွမ်းအားများကို လှည့်ပတ်ပြီး မီးခိုးငွေ့တစ်မျှင်အဖြစ် အသွင်ပြောင်းလဲကာ တိုက်ပွဲဖြစ်ပွားရာအရပ်ဆီသို့ တည့်မတ်စွာ ရွေ့လျားသွားသည်။
မည်သူများ တိုက်ခိုက်နေကြကာ မည်သည်ကြောင့် တိုက်ခိုက်နေကြသည်ကို သူ မသိရှိသော်လည်း ဤနေရာ၌ ကြုံကြိုက်နေရသည်ဖြစ်သောကြောင့် သူ သွားရောက်၍ ကြည့်ရှုရပေမည်။
သူ ထိုနေရာအနီးသို့ ရောက်ရှိသွားသည်နှင့်အမျှ တိုက်ပွဲ၏ဖိနှိပ်မှုအရှိန်အဝါမျာဂ ပို၍ပြင်းထန်လာပေ၏။ မီးတောင်ပေါက်ကွဲသကဲ့သို့သော နတ်ဆိုးစွမ်းအင်များနှင့် ထူးဆန်းသော စိတ်ဝိညာဉ်တိုက်ခိုက်မှုများ ရောနှောနေမှုကြောင့် ထိုတိုက်ပွဲအနီးသို့ ချဥ်းကပ်မိသော မည်သည့်သက်ရှိမဆို မြေပြင်ပေါ်သို့ မေ့လဲကျသွားသည်။
ကျန်းရွှမ်က ရွှံ့နွံများထဲတွင် ပုန်းအောင်းပြီး တိတ်တဆိတ် စောင့်ကြည့်လိုက်သည်။ တိုက်ပွဲ၏ဗဟိုချက်နှင့် မိုင်တစ်ရာခန့် ဝေးကွာသောနေရာတွင် ရှိနေသော်လည်း ရေတွက်၍မရနိုင်သော ရင်းမြစ်သားရဲများသည် မြေပြင်ပေါ်တွင် လဲကျနေကြ၏။ သစ်ပင်ပန်းမန်များသည်လည်း တိုက်ခိုက်နေသူနှစ်ဦး၏စွမ်းအားကို မခံနိုင်ဘဲ တစ်ပင်ပြီးတစ်ပင် ညှိုးနွမ်းပျက်စီးသွားသည်။
ထိပ်သီးအစွမ်းထက်ကျင့်ကြံသူနှစ်ဦး၏ တိုက်ပွဲသည် မိုင်တစ်ရာပတ်လည်ကို ကြောက်မက်ဖွယ်ကောင်းသော အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
"ဒါက ဗောဓိသတ္တအဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ပွဲလား"
ကျန်းရွှမ်၏လည်ချောင်းများ ခြောက်ကပ်သွားသည်။
နှင်းနတ်ဆိုးအရှင်သည် တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ထိုကဲ့သို့ အခြေအနေဆိုးရွားသွားခြင်းမှာ အံ့အားသင့်စရာ မရှိတော့ပေ။ ဗောဓိသတ္တအဆင့်နှင့် အသက်ပင်လယ်နယ်ပယ် နဝမအဆင့်အထွတ်အထိပ်သည် အဆင့်တစ်ခုသာ ကွာခြားသည်။ သို့ရာတွင် ဤသည်မှာ ကမ္ဘာကြီးတစ်ခု ခြားနားသည့်အလား လုံးလုံးလျားလျား မတူညီသော အရာနှစ်ခုပင်။
သူသည် ထာဝရနှလုံးသားကို ပိုင်ဆိုင်ထားပြီး ဗုဒ္ဓအမွေအနှစ်အရိုးနှစ်ခုကို သန့်စင်ထားသော်လည်း သူ၏ရှေ့မှ အစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦးအနက် တစ်ဦးဦးကို ရင်ဆိုင်ရပါက အချိန်သုံးစက္ကန့်မျှပင် တောင့်ခံနိုင်မည် မဟုတ်ချေ။
မြေကမူအသေးလေးတစ်ခုကို ကွေ့ပတ်လိုက်ပြီးနောက် နောက်ဆုံးတွင် တိုက်ခိုက်နေသည့် နှစ်ဖက်လုံးကို သူ မြင်တွေ့လိုက်ရသည်။ တစ်ဖက်တွင် ကျော့ရှင်းသော ခန္ဓာကိုယ်ရှိပြီး မျက်နှာကို အနက်ရောင်ဝတ်ရုံဖြင့် ဖုံးအုပ်ထားကာ သူ့ထံ၌ ခြေထောက်မပါဘဲ ခန္ဓာကိုယ်အောက်ပိုင်းသည် ရှည်လျားသောမြွေတစ်ကောင်၏ ပုံသဏ္ဍာန် ရှိနေသည်။ တခြားတစ်ဖက်တွင်မူ အိုမင်းရင့်ရော်သော ပုံပန်းသဏ္ဍာန်ရှိသော်လည်း သူ၏မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပနေပြီး သူ၏ခန္ဓာကိုယ် နံဘေးပတ်လည်ရှိ လေဟာနယ်သည် တွန့်လိမ်ပုံပျက်နေသဖြင့် သူ့ကို သေချာစွာ မြင်တွေ့ရန် သို့မဟုတ် ခွဲခြားရန် မဖြစ်နိုင်ပေ။
"ဒါက စိတ်ဝိညာဉ်နန်းတော်သခင် ဖုန်းယွမ်ဖိန် မဟုတ်ဘူးလား"
ကျန်းရွှမ် ကြက်သေသေသွားသည်။
သူသည် ထိုအဘိုးအိုကို အမှန်တကယ် တွေ့ဆုံခဲ့ရပြီးဖြစ်သည်။ ဤသည်မှာ လုချုံးကို ခေါ်ဆောင်သွားခဲ့သော စိတ်ဝိညာဉ်နန်းတော်သခင် ဖြစ်နေသည်။ ထိုအချိန်က ဤလူ မည်မျှထိ သန်မာအားကောင်းသည်ကို သူ သတိမထားမိခဲ့ချေ။ ယခုမှသာ ထိုအဘိုးအိုသည် အသက်ပင်လယ်နယ်ပယ် နဝမအဆင့်ထက် ကျော်လွန်ပြီး ပို၍မြင့်မားသော ဗောဓိသတ္တနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။
စိတ်ဝိညာဉ်နန်းတော်သည် ဆေးပညာဂိုဏ်းထက် မနိမ့်ကျသော အားကောင်းသည့် အင်အားစုတစ်စုပင်။ ထိုအင်အားစု၏ ကြီးမြတ်သော နန်းတော်သခင်သည် အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေထဲသို့ ဝင်ရောက်ပြီး မည်သည့်အရာအား လုပ်ဆောင်နေသနည်း။ သူသည် နတ်ဆိုးဧကရာဇ်လေးပါး၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို မကြောက်ရွံ့သလော။
ကျန်းရွှမ်က ဤှတိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။
တိုက်ခိုက်နေသည့် နှစ်ဖက်လုံးသည် အမျိုးအမည်မသိသော စွမ်းအားတချို့ကို အသုံးပြုနေကြ၏။ ဤသည်ကြောင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို မှန်ကွဲစများကဲ့သို့ အဆက်မပြတ် ကြေမွှပျက်စီးစေပြီး အလင်းလွှာများကို ရောင်ပြန်ဟပ်နေစေသည်။ ထို့ပြင် လူအများအား အသက်ရှင်သန်ရသည်မှာ မှားယွင်းသည်ဟူသော ခံစားချက်မျိုးကို ရရှိစေပေ၏။ ဤတိုက်ပွဲကို အချိန်တခဏကြာမျှ စူးစိုက်ကြည့်နေပါက တစ်စုံတစ်ယောက်သည် သူ၏ဦးခေါင်းကို နောက်ဘက်မှနေ၍ တုံးသောအရာဝတ္ထုဖြင့် အရိုက်ခံရသကဲ့သို့ သို့မဟုတ် တစ်နေ့တာလုံး အရက်နာကျနေသကဲ့သို့ စိတ်အာရုံများ လေးလံထိုင်းမှိုင်းလာစေသည်။
"ဒါက စိတ်ဝိညာဉ်ချင်း တိုက်ခိုက်နေတာပဲ...အဲ့ဒီမြွေအမြှီးနဲ့လူက စိတ်ဝိညာဉ်နတ်ဆိုးဧကရာဇ် ဖြစ်ပုံရတယ်"
ကျန်းရွှမ်က အတည်ပြုလိုက်သည်။
နတ်ဆိုးဧကရာဇ်လေးပါးတွင် တစ်ပါးစီ၌ အားသာချက်များ ရှိကြသည်။ စိတ်ဝိညာဉ်နတ်ဆိုးဧကရာဇ်သည် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာတွင် အလွန်မြင့်မားသော အောင်မြင်မှုရှိပြီး ဤစိတ်ဝိညာဉ်နန်းတော်သခင်ထက် လျော့နည်းခြင်း မရှိပေ။
သို့ရာတွင် ဤပုဂ္ဂိုလ်နှစ်ယောက်သည် မည်သည်ကြောင့် တိုက်ခိုက်နေကြသနည်း။
ကျန်းရွှမ်ထံ၌ သိလိုစိတ်များ ပြည့်နှက်နေသဖြင့် သူသည် ရှေ့သို့ ဆက်သွားကာ အနည်းငယ် ပို၍ချဥ်းကပ်သွားပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားသည်။
တိုက်ခိုက်နေသူနှစ်ဦးနှင့် မနီးမဝေးရှိ တောင်ထိပ်တစ်ခုပေါ်တွင် လေဟာနယ်တစ်နေရာသည် ဘေးကင်းလုံခြုံပြီး တည်ငြိမ်နေသည်။ ဤသည်မှာ ဧရာမလှိုင်းလုံးကြီးများအကြားရှိ အထီးကျန်ကျွန်းတစ်ကျွန်းအလား တိုက်ပွဲ၏ဒဏ်ကို လုံးလုံးလျားလျား မခံရပေ။
သူ ထိုနေရာကို တစ်ချက်ကြည့်ပြီးနောက် နားလည်သဘောပေါက်သွားသည်။ ထိုနေရာသည် ထူးခြားနေခြင်းမဟုတ်ဘဲ တိုက်ခိုက်နေသူနှစ်ဦးမှ တမင်သက်သက် ရှောင်ရှားနေခြင်းပင်။ ဆိုလိုသည်မှာ အသေအကြေ တိုက်ခိုက်နေချိန်၌ပင် သူတို့သည် ထိုနေရာကို ကာကွယ်ရန်အတွက် သူတို့၏စွမ်းအားတစ်စိတ်တစ်ပိုင်းကို အသုံးပြုထားခြင်းဖြစ်သည်။
"အဲ့ဒီနေရာမှာ ရတနာတစ်ခုခု ရှိနေတာများလား"
သာမန်အားဖြင့် တစ်ယောက်နှင့်တစ်ယောက် ပတ်သက်ဆက်နွယ်ခြင်း မရှိသော ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက်သည် ဤကဲ့သို့ တိုက်ခိုက်နေကြသဖြင့် ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိသည်။ သူတို့သည် ရတနာတစ်ခုအတွက် တိုက်ခိုက်နေကြခြင်းပင်။ သို့ရာတွင် ဗောဓိသတ္တနယ်ပယ် ထိပ်သီးကျင်သူများကိုပင် ဤမျှထိ ရူးသွပ်သွားစေသည့်အရာသည် မည်သည့်အရာ ဖြစ်နိုင်သနည်း။
ကျန်းရွှမ် သိချင်စိတ် ပြင်းပြလာသည်။
"ဉာဏ်ပညာမျက်လုံး...."
တလိမ့်လိမ့်ထနေသော စိတ်ဝိညာဉ်စွမ်းအားအောက်တွင် သူ၏ရှေ့မှ လေဟာနယ်သည် အဆက်မပြတ် တွန့်လိမ်ပုံပျက်နေသည်။ ထိုကြောင့် တစ်စုံတစ်ယောက်သည် သာမန်မျက်စိဖြင့် ထိုမြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန်မှာ မဖြစ်နိုင်ချေ။ ထိုကြောင့် သူသည် ပါမောက္ခကုန်းမြေတွင် ကျင့်ကြံခဲ့သော ဤထူးခြားသည့်စွမ်းရည်ကိုသာ အသုံးပြုနိုင်တော့သည်။
သူ၏မျက်လုံးသူငယ်အိမ်များတွင် ကွင်းများနှင့်တူညီသောပုံစံများ ထွက်ပေါ်လာသည်။ အချိန်တခဏမျှကြာမြင့်ပြီးနောက် ပုံပျက်နေသော လေဟာနယ်သည် သူ၏မျက်လုံးထဲတွင် ပြန်လည်၍ဖွဲ့စည်းသွားပြီး တောင်ထိပ်ပေါ်ရှိ နက်ပြာရောင်ပန်းတစ်ပွင့်သည် သူ၏အမြင်အာရုံထဲသို့ ရောက်ရှိလာပေ၏။
ဤပန်းပွင့်သည် အရွယ်အစား အလွန်ကြီးမားခြင်းမရှိဘဲ သာမန်သစ်ခွပန်းတစ်ပွင့်နှင့် တူညီသော်လည်း မည်သည့်အချိန်တွင်မဆို လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားတော့မည့်အလား ခံစားရစေသည်။
"ဒါက စိတ်ဝိညာဉ်ထင်ယောင်ထင်မှားဖြစ်တာလား"
ကျန်းရွှမ်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။
ဤခံစားချက်သည် သူ ဖုန်းယွမ်ဖိန်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံစဉ်က ခံစားချက်နှင့် အနည်းငယ် တူညီနေသည်။ အရာအားလုံးသည် ပုံမှန်ဟုထင်ရသော်လည်း ထိုအရာ၏စိတ်ဝိညာဉ်သည် ပြတ်တောင်းပြတ်တောင်း ဖြစ်နေပြီး ရှာဖွေတွေ့ရှိရန် ခက်ခဲသည်။
ဤပန်းသည် စိတ်ဝိညာဉ်ရတနာတစ်ခု ဖြစ်ပုံရသည်။ ထိုသို့မဟုတ်ပါက ဗောဓိသတ္တအဆင့် ထိပ်သီးကျင့်ကြံသူနှစ်ဦးသည် အသေအကြေတိုက်ခိုက်နေချိန်တွင် ထိုအရာကို ကာကွယ်ရန် ကြီးမားသော ကြိုးပမ်းအားထုတ်မှုကို ပြုလုပ်နေမည် မဟုတ်ပေ။
ကျန်းရွှန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တောင်ထိပ်သည် အလွန်ကြီးမားကျယ်ပြန့်ခြင်းမရှိကြောင်း မြင်တွေ့လိုက်ရသည်။ ထိုလူနှစ်ဦး၏ တိုက်ခိုက်စွမ်းအားများမှ သက်ရောက်ခြင်း မရှိသောကြောင့် သစ်ပင်ပန်းမန်များသည် ပွင့်လန်းနေဆဲဖြစ်ပြီး ပန်းရနံ့များအကြားတွင် အစိမ်းရောင်လိပ်ပြာတစ်ကောင် ဖြည်းညှင်းစွာ ကခုန်နေသည်မှာ ပတ်ဝန်းကျင်မှအန္တရာယ်ကို လုံးလုံးလျားလျား သတိမပြုမိသည့်အလားပင်။
"ဒါက ဘာပန်းလဲဆိုတာ မင်း သိလား"
ကျန်းရွှမ်သည် သူ မြင်တွေ့ရသည့်အရာကို နှင်းနတ်ဆိုးအရှင်အား အသေးစိတ် ရှင်းပြလိုက်၏။
"ဒါက လိပ်ပြာသစ်ခွ စိတ်ဝိညာဉ် ဖြစ်လောက်တယ်"
နှင်းနတ်ဆိုးအရှင်က အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်သည်။
"ငါ့ကို အသေးစိတ် ထပ်ပြောပြအုံး"
ကျန်းရွှမ်က မေးမြန်းသည်။
နှင်းနတ်ဆိုးအရှင်က ပြောဆိုလိုက်၏။
"ကျွန်တော်က ဒါကို စာအုပ်ထဲမှာပဲ ဖတ်ဖူးတာ....အပြင်မှာ တစ်ခါမှ မမြင်ဖူးဘူး... အဲ့ဒီပန်းမှာ သန့်စင်တဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ပါဝင်ပြီးတော့ စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်သလို နတ်ဘုရားစိတ်ဝိညာဉ်ကိုလည်း ဖွဲ့စည်းပေးနိုင်တယ်..."
"သန့်စင်တဲ့ စိတ်ဝိညာဉ်စွမ်းအားတွေလား....ဒီနေရာမှာလား"
ကျန်းရွှမ်၏မျက်လုံးများ ပြူးကျယ်သွားပြီး သူသည် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလားပင်။
ဤနေရာသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအင်များ သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။ ဤနေရာတွင် ကြာရှည်စွာ နေထိုင်ခြင်းသည် သူ၏ကျင့်ကြံဆင့်ဖြင့်ပင် ရူးသွပ်သွားစေနိုင်သည်။ ထိုကဲ့သို့နေရာမျိုးသည် သန့်စင်သော စိတ်ဝိညာဉ်စွမ်းအားပါဝင်သည့် ဆေးပင်တစ်ပင်ကို မွေးဖွားပေးနိုင်သည်ဟု ဆိုသလော...
ဤသည်မှာ အမှန်ဖြစ်သလော.....
"နွားချေးပုံထဲမှာ ပန်းပွင့်ပြီးတော့ ရွှံ့နွံထဲမှာ ကြာပွင့်တယ်ဆိုသလိုပဲ... စိတ်ဝိညာဉ်ရှုပ်ထွေးမှုတွေ ဖြစ်စေတဲ့နေရာကနေ ဒီလိုမျိုး သန့်စင်တဲ့စွမ်းအားမျိုးကို ပိုပြီးတော့လလွယ်လွယ်ကူကူ ထွက်ပေါ်လာစေတတ်တယ်... ဒါကလည်း တစ်ခုခု အစွန်းရောက်သွားရင် ဆန့်ကျင်ဘက်ဖြစ်လာတယ်ဆိုတဲ့ ကောင်းကင်တာအိုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လောက်တယ်"
နှင်းနတ်ဆိုးအရှင်က ခန့်မှန်းပြောဆိုလိုက်သည်။
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။ ထိုအကြောင်းအရင်းကြောင့် အမှန်တကယ်ကို ဖြစ်နိုင်ခြေရှိသည်။
ရံဖန်ရံခါ၌ အထင်သေးခံရသည့်အရာများသည် မည်သူမျှ မယှဉ်နိုင်သော အရည်အသွေးကို မွေးဖွားပေးလေ့ရှိသည်။
တစ်စုံတစ်ခုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်၌ ကျဆင်းသွားတတ်ပြီး လပြည့်ဝန်းသည်လည်း ပြည့်ပြီးလျှင် ပြန်၍လျော့နည်းသွားတတ်သည်။
လောကကြီးတွင် ပြောင်းလဲခြင်းမရှိသော အရာဟူ၍ မရှိချေ။
အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေသည် မယုံနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်ပြီး အသက်ရှင်ရန် ခက်ခဲသော်လည်း ဤနေရာတွင် ရှင်သန်နေသည့် အရာများသည် အပင်များဖြစ်စေ ရင်းမြစ်သားရဲများဖြစ်စေ အလွန်သန်မာအားကောင်းကြသည်။
ဤလိပ်ပြာသစ်ခွစိတ်ဝိညာဉ်သည် ထိုအရာများအနက် အကောင်းဆုံးများထဲမှ တစ်ခုဖြစ်ပုံရသည်။ စိတ်ဝိညာဉ်ကိုကျင့်ကြံသော ဤထိပ်သီးကျင့်ကြံသူနှစ်ယောက်သည် ထိုအရာကို ရယူရန် အသေအကြေ တိုက်ခိုက်နေကြခြင်းမှာ အံ့အားသင့်စရာ ကိစ္စတစ်ရပ် မဟုတ်တော့ချေ။
"သခင်...တကယ်လို့ ဒီဆေးပင်ကိုသာ ရနိုင်ရင် သခင့်ရဲ့စိတ်ဝိညာဉ်စွမ်းအားက သေချာပေါက် သိသိသာသာ တိုးတက်လာလိမ့်မယ်"
နှင်းနတ်ဆိုးအရှင်၏ စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သောအသံ ထွက်ပေါ်လာသည်။
"အင်း..."
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
သူ့ထံတွင် ထာဝရနှလုံးသား ရှိနေသဖြင့် သူ၏ရုပ်ခန္ဓာကိုယ်သည် ပို၍သန်မာလာပြီး လျင်မြန်စွာ တိုးတက်နေသော်လည်း သူ၏စိတ်ဝိညာဉ်စွမ်းအားမှာမူ သိသာထင်ရှားစွာပင် အနည်းငယ် အားနည်းနေသည်။
ကမ္ဘာတစ်ခု၏အရှင်သခင်အနေဖြင့် သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် အဆုံးမဲ့ပြီး တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားသော်လည်း ထိုအရာ၏သန့်စင်မှုမှာမူ အလွန်နိမ့်ကျနေပြီး သူ၏ရုပ်ခန္ဓာကိုယ် တိုးတက်မှုကို မမီနိုင်တော့ချေ။
အကယ်၍ ဤလိပ်ပြာသစ်ခွစိတ်ဝိညာဉ်ကိုသာ ရရှိနိုင်ပါက သူ၏စိတ်ဝိညာဉ်သည် အဆင့်သစ်တစ်ခုသို့ ချက်ချင်းတက်လှမ်းသွားနိုင်ပေမည်။ ထိုအချိန်ကျပါက ထာဝရနှလုံးသား၏ အကူအညီဖြင့် သူသည် အချိန်တိုအတွင်းတွင် ဗောဓိသတ္တနယ်ပယ်နှင့် ယှဉ်ပြိုင်နိုင်သော စွမ်းအားကို ထုတ်ဖော်အသုံးပြုနိုင်ပေမည်။
အကယ်၍ ထိုသို့သာဖြစ်လာခဲ့လျှင် ကောင်းကင်ဥပဒေသမြို့တော်ရှိ ခုန်းရှီကို သူ မကယ်တင်နိုင်ခဲ့လျှင်ပင် ထွက်ပြေးလွတ်မြောက်ရန်မှာမူ ပြဿနာကြီးတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ချေ။
ဤသည်မှာ ဗောဓိသတ္တနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏စွမ်းအားသည် ရင်းမြစ်ကမ္ဘာတစ်ခုလုံးတွင် အထွတ်အထိပ်၌ ရပ်တည်နေသည်ဟု ယူဆနိုင်သောကြောင့်ပင်။
သို့ရာတွင် ဗောဓိသတ္တနယ်ပယ် ထိပ်သီးကျင့်ကြံသူနှစ်ဦးသည် ထိုအရာကို ရယူရန် ဆုံးဖြတ်ထားကြပြီး အသေအကြေ တိုက်ခိုက်ရန်ပင် ဝန်မလေးကြချေ။ အသက်ပင်လယ် နဝမအဆင့် ကျင့်ကြံဆင့်စွမ်းအားသာရှိသော သူကဲ့သို့ ပါမွှားလေးတစ်ယောက်အတွက် ကျားခံတွင်းထဲမှ ရတနာကို လုယူရန် ကြိုးစားခြင်းသည် မဖြစ်နိုင်သလောက်နီးပါးပင်။