ဗောဓိပင်ကို မီးရှို့ခြင်း
Vol. 43 Ch. 488
သို့ရာတွင် ဤနေရာ၌ ထိုဆေးပင်ကို တွေ့ရှိရသည်ဖြစ်သောကြောင့် သူ့အတွက် အခွင့်အရေးမရှိဟု မဆိုလိုနိုင်ချေ။
သူ့ကို ကူညီမည့်သူတစ်ဦးဦးကို သူ ရှာဖွေနိုင်ကောင်း ရှာဖွေနိုင်ပေလိမ့်မည်။
ကျန်းရွှမ်မျက်လုံးများ တောက်ပသွားပြီး သူ၏ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ခတ်လိုက်ကာ သူသည် ရွှမ်ကမ္ဘာအတွင်း၌ ပြန်လည်၍ ထွက်ပေါ်လာပေ၏။
"သခင်..."
သူ့ကို မြင်လိုက်သည်နှင့် နှင်းနတ်ဆိုးအရှင်က ချက်ချင်းဆိုသလိုပင် ရှေ့သို့တိုးကာ နှုတ်ဆက်လိုက်သည်။
"ရှေ့ကိုလာခဲ့..... မင်းရဲ့ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းဖို့ ငါ ကူညီပေးမယ်"
ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး လေထုထဲသို့ သူ၏လက်ကို ဆန့်တန်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ လုယူခဲ့သော ဗောဓိပင်သည် သူ၏ရှေ့သို့ ရောက်ရှိလာပေ၏။ သူ လက်ညှိုးညွှန်လိုက်ရာ ဧရာမသစ်ပင်ကြီး၏ထိပ်ဖျားပိုင်း ပြတ်ထွက်သွားပြီး သစ်တုံးဆယ်တုံးကျော်အဖြစ် ပိုင်းဖြတ်ခြင်း ခံလိုက်ရသည်။
သူသည် သစ်တုံးတစ်တုံးကို ပေါ့ပေါ့ပါးပါး ယူလိုက်ပြီး သူ၏လက်ချောင်းများကို ဓားကဲ့သို့အသုံးပြုကာ ရွှမ်ကျီးရုပ်သေးအဖြစ် ထုလုပ်လိုက်သည်။ နှင်းနတ်ဆိုးအရှင်၏စိတ်ဝိညာဉ်သည် ထိုအရာအတွင်းသို့ ဝင်ရောက်သွားပြီးနောက် ယာယီအားဖြင့် ပြန်လည်၍ သက်သာလာသည်။
"သခင့်ကို ကျေးဇူးတင်ပါတယ်"
နှင်းနတ်ဆိုးအရှင်၏မျက်နှာပေါ်တွင် ရိုသေလေးစားမှုများ ပြည့်နှက်နေပြီး သူ၏မျက်လုံးများအတွင်းရှိ လေးစားကြည်ညိုမှုသည် စစ်မှန်ပေ၏။
ရှေးဟောင်းဗောဓိပင်ကို ပိုင်ဆိုင်ထားပြီး ရွှမ်ကျီးရုပ်သေးများ ပြုလုပ်ခြင်းသည် လွယ်ကူသည်ဟု ထင်ရသော်လည်း လက်တွေ့တွင် ထိုရုပ်သေးရုပ်သည် မယုံနိုင်လောက်အောင် တန်ဖိုးကြီးမားပြီး ဈေးကွက်အတွင်း၌ ရောင်းချခြင်းပင်မရှိချေ။
သူထံ၌ အနှစ်သာရအမြူတေ မရှိတော့သဖြင့် သူသည် တန်ဖိုးမရှိသလောက်နီးပါး ဖြစ်နေသော်လည်း တစ်ဖက်လူသည် သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန် ထပ်ခါတလဲလဲ ကူညီပေးနေသည်။ ဤအချက်သည် သူ၏သခင်ဟောင်းဖြစ်သော မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်ပင်လျှင် မလုပ်နိုင်ခဲ့သော အရာဖြစ်သည်။
"ကိစ္စမရှိပါဘူး..."
ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"မင်းရဲ့ရုပ်ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ပေးတာက မင်းလုပ်ပေးရမယ့် အရေးကြီးကိစ္စတစ်ခု ရှိလို့ပဲ"
ကျန်းရွှမ်၏အပြုံးကို မြင်လိုက်ရချိန်၌ နှင်းနတ်ဆိုးအရှင်၏စိတ်ထဲ၌ ပေါက်ဖွားလာသော ဝမ်းသာမှုအရိပ်အယောင်များ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားသည်။ သူသည် အနည်းငယ် သတိထားကာ ကျန်းရွှမ်ကို ကြည့်လိုက်၏။
ကျန်းရွှမ်က ပြောဆိုသည်။
"ဒါက ရိုးရှင်းပါတယ်...ဒီရှေးဟောင်းဗောဓိပင်ကို ယူသွားပြီးတော့ မီးရှို့လိုက်ရုံပဲ"
"မီးရှို့ရမှာလား...."
နှင်းနတ်ဆိုးအရှင်၏အမြင်အာရုံ မည်းမှောင်သွားပြီး နေရာတွင် မူးမေ့လဲသွားလုနီးပါးပင်။
ရှေးဟောင်းဗောဓိပင်သည် ရွှမ်ကျီးရုပ်သေးများ သန့်စင်ရန်အတွက် အဓိကပစ္စည်းဖြစ်သည်ဟူသော အချက်ကို ဘေးဖယ်ထားလိုက်လျှင်ပင် ဗုဒ္ဓဂိုဏ်း၌ ထိုရတနာ၏အဆင့်အတန်းသည် ပြိုင်ဘက်ကင်းပေ၏။ အကယ်၍ ထိုအရာ အခိုးခံရပါက ဗုဒ္ဓအရှင်သည် စိတ်ဆိုးမည်ဖြစ်သော်လည်း သည်းခံနိုင်ကောင်း သည်းခံနိုင်ပေမည်။
သို့ရာတွင် ထိုသစ်ပင်ကို မီးရှို့ခံလိုက်ရပါက...
ကောင်းကင်နှင့်မြေပြင်ကြားတွင် သူ့ကို ခွင့်လွှတ်ပေးမည့်သူဟူ၍ မည်သူတစ်ဦးတစ်ယောက်မျှ ရှိတော့မည်မဟုတ်ကြောင်း သူ ခန့်မှန်းမိသည်။
"အမှန်ပဲ"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"ဒီဗောဓိသီးတွေက..."
နှင်းနတ်ဆိုးအရှင်က ဗောဓိပင်ကို လှမ်းကြည့်လိုက်သည်။
ရှေးဟောင်းသစ်ပင်ကြီးသည် သူ၏ရှေ့မှလူ၏ ပိုင်းဖြတ်မှုကို ခံထားရသဖြင့် အမွေးနှုတ်ခံထားရသော ဖီးနစ်ငှက်နှင့် တူညီနေပေ၏။ သို့ရာတွင် ထိုသစ်ပင်၌ အသီးများစွာရှိနေဆဲဖြစ်ပြီး အရေအတွက်ဆယ်နှင့်ချီပြီးသီးနေကာ ပြွတ်သိပ်စွာရှိနေသည်။
"သိမ်းယူစမ်း...."
ကျန်းရွှမ်က ဗောဓိပင်ကို ကြည့်လိုက်ပြီး လေထုထဲသို့ သူ၏လက်ကို ဆန့်တန်းလိုက်သည်။ ဗောဓိသီးများအားလုံး သူ၏လက်ဝါးပေါ်သို့ ရောက်ရှိလာပေ၏။ နောက်ထပ်အချိန်တခဏတွင် အပင်ပေါ်ရှိ အသီးများရှိခဲ့သည့်နေရာ၌ တောက်ပသော အနီရောင်အသီးသစ်များ ထွက်ပေါ်လာသည်။
နှင်းနတ်ဆိုးအရှင် ကြက်သေသေသွားသည်။
"ဒါတွေက ဖန်တီးခြင်းစွမ်းရည်ကို သုံးပြီးတော့ ငါ အခု ဖန်တီးလိုက်တာပဲ...ပုံစံတူပေမယ့် အာနိသင်ကတော့ မရှိသလောက်နီးပါးပဲ....ဘယ်လိုပဲဖြစ်ဖြစ် မီးရှို့ခံရမယ့်အတူတူ အသီးတွေကို အလဟဿအဖြစ်မခံနိုင်ဘူးလေ"
ကျန်းရွှမ်က ပြုံးလိုက်သည်။
"ဒါက... ကောင်းပါပြီ"
သခင်သည် ထိုအပင်အား အမှန်တကယ်မီးရှို့ရန် ရည်ရွယ်ထားသည်ကို မြင်တွေ့ချိန်၌ ရည်ရွယ်ချက်ကို မသိသော်လည်း နှင်းနတ်ဆိုးအရှင်သည် မငြင်းဆန်နိုင်သဖြင့် သဘောတူကြောင်း ခေါင်းညိတ်လိုက်ရသည်။
အစောပိုင်းကမှ ပေါက်ဖွားလာသော ခပ်ရေးရေးကျေးဇူးတင်မှုလေးသည် မျက်စိတစ်မှိတ်အတွင်း လုံးလုံးလျားလျား ပျက်စီးသွားလေပြီ။
"သွားကြစို့...."
အသေးစိတ်အချက်အလက်များအားလုံးကို ရှင်းပြပြီးနောက် ကျန်းရွှမ်သည် အရပ်ဆယ်မျက်နှာနတ်ဆိုးနယ်မြေသို့ ပြန်လာခဲ့တော့သည်။
ဤအချိန်၌ စိတ်ဝိညာဉ်နတ်ဆိုးဧကရာဇ်နှင့် ဖုန်းယွမ်ဖိန်တို့၏ တိုက်ပွဲသည် အရှိန်မြင့်တက်နေပြီး မည်သူမျှ အလျှော့မပေးကြချေ။
"မင်းက ငါ့ရဲ့ လေဟာနယ်စွမ်းအားကို ယူသွားရမယ်.... ဒီနေရာမှာ စောင့်နေပြီးတော့ ဗောဓိပင်ကို မီးရှို့ဖို့ ငါ့ရဲ့အမိန့်ကို နားစွင့်နေ... ပြီးရင် မင်းကို ငါ လာခေါ်မယ်"
ကျန်းရွှမ်က နှင်းနတ်ဆိုးအရှင်ကို တောင်ကြားချိုင့်ဝှမ်းတစ်ခုတွင် ထားခဲ့ကာ ညွှန်ကြားလိုက်သည်။
"ကောင်းပါပြီ...."
နှင်းနတ်ဆိုးအရှင်က ခေါင်းညိတ်လိုက်ပြီး တိုက်ခိုက်နေသူနှစ်ဦး သတိထားမိမည်ကို စိုးရိမ်သဖြင့် ရှေးဟောင်းသစ်ပင်ကြီးကို သူ၏စွမ်းအားဖြင့် ဂရုတစိုက် ရစ်သိုင်းလွှမ်းခြုံလိုက်၏။
ကျန်းရွှမ်၏နှလုံးသား ရုတ်တရက် ခုန်ပေါက်လာပြီး အစွမ်းထက်သော စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အနှံ့အပြားသို့ လှည့်ပတ်၍ စီးဆင်းသွားသည်။ သူသည် ပုံရိပ်တစ်ခုအလား လိပ်ပြာသစ်ခွစိတ်ဝိညာဉ် ရှိရာအရပ်ထံသို့ လျှင်မြန်စွာ ဦးတည်၍ သွားလိုက်သည်။
"ငါ ရှေ့ဆက်သွားလို့ မရတော့ဘူး"
မကြာမီမှာပင် သူသည် လိပ်ပြာသစ်ခွ စိတ်ဝိညာဉ်နှင့် ဆယ်မိုင်ခန့်အကွာတွင် ရပ်တန့်လိုက်ရပြီး တစ်လက်မမျှပင် ရှေ့ဆက်မတိုးနိုင်တော့ချေ။
ဤနေရာသည် နှစ်ဖက်တိုက်ပွဲ၏ဗဟိုချက်နှင့် နီးကပ်နေပြီလေ။ အကယ်၍ သူ ရှေ့ဆက်တိုးပါက သူတို့သည် သေချာပေါက် သတိထားမိသွားပေလိမ့်မည်။ ထိုအခြေအနေမျိုးသို့ ရောက်ရှိသွားလျှင် ရတနာကိုမဆိုထားနှင့် သူ မည်သို့သေဆုံးသွားသည်ကိုပင် သိလိုက်ရမည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ဤလူများသည် ဗောဓိသတ္တအဆင့်တွင်ရှိသော ထိပ်သီးကျင့်ကြံသူနှစ်ယောက်ပင်။ မည်သည့်တစ်ယောက်မဆို သူ့ကို အလွယ်တကူပင် ခြေမွှဖျက်ဆီးပစ်နိုင်သည်။
"မီးရှို့လိုက်တော့...."
ကျန်းရွှမ်သည် သူ ဤနေရာ၌ ကြာရှည်ဆက်နေလေ ရှာဖွေတွေ့ရှိရန် ပို၍လွယ်ကူလေလေဖြစ်ကြောင်း သိရှိသဖြင့် သူသည် တွေဝေတုံ့ဆိုင်းမနေဘဲ နတ်ဘုရားစိတ်အာရုံမှတဆင့် အသံပေးပို့လိုက်သည်။
"ဟုတ်ကဲ့..."
နှင်းနတ်ဆိုးအရှင်က တုံ့ပြန်လိုက်ပြီး ရှေးဟောင်းဗောဓိပင်ကို ရစ်သိုင်းလွှမ်းခြုံထားသည့် စွမ်းအားကို ချက်ချင်းဖယ်ရှားလိုက်၏။ တစ်ချိန်တည်းမှာပင် ပူပြင်းသော ကံကြမ္မာမီးတောက်ကြာပန်းနီမှ မီးတောက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း စတင်၍ လောင်ကျွမ်းသွားသည်။
ရှေးဟောင်းဗောဓိပင်ကဲ့သို့သော ရတနာအတွက် သာမန်မီးတောက်များသည် သုံးရက်နှင့် သုံးညတိုင်တိုင် လောင်ကျွမ်းနေလျှင်ပင် အရိပ်အယောင်တစ်ခုမျှ ကျန်ရစ်မည် မဟုတ်ပေ။ ကံကြမ္မာမီးတောက်ကြာပန်းနီကမူ ကွဲပြားခြားနားသည်။
ဤသည်မှာ ကံကြမ္မာမီးတောက်နီ နတ်ဆိုးအရှင်၏ မွေးရာပါမီးတောက်ပင်။ ကျန်းရွှမ်သည် ထိုနတ်ဆိုးကို သတ်ဖြတ်ပြီးနောက် မီးတောက်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ ထိုအရာကို ရုတ်တရက် ထုတ်လွှတ်လိုက်သောအချိန်၌ ကြာပန်းနီတစ်ပွင့်နှင့် တူပြီး ထိုအရာ၏ ပူပြင်းသော အပူချိန်သည် မီးတောင်ပေါက်ကွဲသည့်အလားပင်။
ရှေးဟောင်းဗောဓိပင်သည် ဗုဒ္ဓစွမ်းအားဖြင့် နှစ်ပေါင်းများစွာကြာအောင် အားဖြည့်ထားသော်လည်း တောင့်ခံထားနိုင်ခြင်း မရှိပေ။ အသက်ဆယ်ရှိုက်ကျော်စာ အချိန်အတွင်းမှာပင် ထိုအရာသည် စတင်၍ညှိုးနွမ်းလာပြီး အဝါရောင်သန်းလာကာ အရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျလာသည်။
ထိုအချိန်တွင် လေထဲရှိ တိုက်ပွဲမှ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအား လှိုင်းဂယက်များ အဆက်မပြတ် ထွက်ပေါ်နေကာ တိုက်ခိုက်နေကြဆဲပင်။
"နန်းတော်သခင်ဖုန်း....ဒီလိပ်ပြာသစ်ခွ စိတ်ဝိညာဉ်ကို ငါ တွေ့ခဲ့တာလေ....ဘာလို့ မင်းက လုယူဖို့ ကြိုးစားနေတာလဲ... မင်းမှာ အရှက်မရှိဘူးလား"
"မင်း အရင်တွေ့ရုံနဲ့ မင်းရဲ့အပိုင် ဖြစ်သွားရောလား....စိတ်ဝိညာဉ်နတ်ဆိုးဧကရာဇ် မင်းက အရမ်းကလေးဆန်လွန်း မနေဘူးလား"
"ဒီစိတ်ဝိညာဉ်ဆေးပင်က မဆိုးပေမယ့် မင်းလိုအဆင့်မှာရှိတဲ့ ထိပ်သီးကျင့်ကြံသူတွေအတွက် သိပ်ပြီးအသုံးမဝင်ဘူး မဟုတ်လား...ဘာလို့ ဒီနေရာမှာ ငါနဲ့အပြိုင် အသက်နဲ့ရင်းပြီး လာလုနေတာလဲ"
"ငါက စိတ်ဝိညာဉ် ကောင်းကင်ကံကြမ္မာ ဆက်ခံသူတစ်ယောက်ကို မကြာသေးခင်ကမှ ရှာတွေ့ထားတာ....သူ့ရဲ့ကျင့်ကြံဆင့်က အဆင့်တက်ဖို့ အရေးကြီးတဲ့အချိန်ကို ရောက်နေပြီ.... ဒီအရာက သူ့အတွက် အသင့်တော်ဆုံးပဲ"
"မင်းက အရှက်မဲ့လိုက်တာ...မင်းရဲ့ဘိုးဘေးတွေကိုယ်စား ငါ ရှက်မိတယ်"
"မင်းရဲ့ဘိုးဘေးတွေကသာ အရှက်ရရမှာ....ငါယိုးမသား..."
ထိပ်သီးကျင့်ကြံသူများသည် တိုက်ပွဲအတွင်းတွင် ဆဲဆိုခြင်းမပြုကြဟု မည်သူပြောသနည်း။ တစ်စုံတစ်ယောက်သည် သူတို့၏ စိတ်အတွင်းမှ စိတ်ဆန္ဒများကို နားလည်နိုင်ပါက လမ်းဘေးဈေးသည်မများထက်ပင် ပို၍ရိုင်းစိုင်းစွာ ဆဲဆိုနေကြသည်ကို တွေ့ရပေမည်။
အမှန်အားဖြင့် ရိုင်းပျစွာဆဲရေး၍ စော်ကားခြင်းသည် တိုက်ခိုက်မှုပုံစံတစ်မျိုးပင်။ ရုန့်ရင်းကြမ်းတမ်းစွာဆဲဆိုခြင်းသည် ပြိုင်ဘက်ကို ဒေါသထွက်စေပြီး ထိုလူ၏နည်းစနစ်များတွင် ဟာကွက်များကို လွယ်လင့်တကူ ထွက်ပေါ်လာစေနိုင်သည်။
သို့ရာတွင် သူတို့အဆင့်မျိုးတွင်ရှိနေသော ကျင့်ကြံသူများသည် ပင်လယ်ကဲ့သို့ တည်ငြိမ်သော စိတ်နေစိတ်ထားများ ရှိကြသည်မှာ ကြာမြင့်နေလေပြီ။ ထိုကြောင့် ညစ်ညစ်ပတ်ပတ် ဆဲဆိုနေလျှင်ပင် သူတို့၏ စိတ်အခြေအနေကို အချိန်တိုအတွင်း အနှောင့်အယှက်ဖြစ်နိုင်ရန် ခက်ခဲပေ၏။
သူတို့ ဆဲဆိုရခြင်းမှာ ဒေါသထွက်ပေါက်အနေဖြင့် စိတ်ကျေနပ်စရာကောင်းသောကြောင့် ဖြစ်ကြောင်း သိသာထင်ရှားသည်။
"ကံကြမ္မာမြစ်...."
ဆဲဆိုသံများကြားတွင် သူတို့နှစ်ဦးလုံးသည် သူတို့၏ သက်ဆိုင်ရာ ကံကြမ္မာမြစ်များကို ဆင့်ခေါ်လိုက်ကြသည်။
မြစ်တစ်စင်းသည် စိတ်ဝိညာဉ် ကောင်းကင်ကံကြမ္မာဖြစ်ပြီး နောက်တစ်စင်းသည် နာမ်ဝိညာဉ် ကောင်းကင်ကံကြမ္မာပင်။ ဤမြစ်နှစ်စင်းသည် တူညီသော အမြစ်တစ်ခုတည်းမှ ဆင်းသက်လာသည့်အလား လေဟာနယ်၏ နက်ရှိုင်းသောနေရာတွင် ပေါင်းဆုံသွားကြသည်။
"ဒါက... ဘုရားရေ"
ကျန်းရွှမ် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
စိတ်ဝိညာဉ် ကောင်းကင်ကံကြမ္မာဖြစ်စေ နာမ်ဝိညာဉ် ကောင်းကင်ကံကြမ္မာဖြစ်စေ ထိုအရာနှစ်ခုလုံးသည် ဒုတိယတန်းစားအဆင့်သို့ ရောက်ရှိနေလေပြီ။ ထိုကံကြမ္မာနှစ်ခုလုံးတွင် ပထမတန်းစား ကောင်းကင်ကံကြမ္မာဖြစ်သော နတ်ဘုရား ကောင်းကင်ကံကြမ္မာဟူသည့် အမြှစ်တစ်ခုတည်းသာ ရှိကြသည်။
ဤ နတ်ဘုရားကောင်းကင်ကံကြမ္မာ ဆိုသည်မှာ နတ်ဘုရားတစ်ပါးကို ရည်ညွှန်းခြင်း မဟုတ်ဘဲ နတ်ဘုရားစိတ်ဝိညာဉ် နတ်ဘုရားနာမ်ဝိညာဉ်နှင့် နာမ်ဝိညာဉ်လျှို့ဝှက်ပင်လယ်တို့ကို ရည်ညွှန်းခြင်းဖြစ်သည်။
လူတစ်ယောက်နှင့် နတ်ဆိုးတစ်ကောင်သည် အမှန်တကယ်ပင် မူလအစတစ်ခုတည်းမှ ဖြစ်နေကြ၏။
သူတို့နှစ်ယောက်သည် မည်သူကမျှ အသာစီးမရဘဲ လက်ရည်တူတိုက်ခိုက်နိုင်ကြခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
ဝုန်း...
နှစ်ဖက်လုံးသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပြီး တစ်ယောက်ကိုတစ်ယောက် ဆဲဆိုနေကြစဉ်မှာပင် ရုတ်တရက် အစွမ်းထက်သော စွမ်းအားလှုပ်ခတ်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူတို့နှစ်ဦးလုံး တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြရာ မလှမ်းမကမ်းအကွာတွင် အနီရောင်ကံကြမ္မာမီးတောက်တစ်ခု၏ လောင်ကျွမ်းခြင်းကို ခံနေရသော ရှေးဟောင်းသစ်ပင်တစ်ပင်ကို ချက်ချင်း မြင်တွေ့လိုက်ရသည်။ ထိုသစ်ပင်မှ ရေခိုးရေငွေ့များ အငွေ့ပျံသွားသည်နှင့်အမျှ ထိုအရာသည် တဖြည်းဖြည်း ညှိုးနွမ်းလာပေ၏။
"ဒါက... ဗုဒ္ဓဂိုဏ်းရဲ့ ရှေးဟောင်းဗောဓိပင် မဟုတ်လား ဘာလို့ ဒီနေရာရောက်နေတာလဲ"
သူတို့နှစ်ယောက်လုံး တပြိုင်နက်တည်း ကြက်သေသေသွားကြပြီး လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်သွားကြသည်။
ဗောဓိပင်သည် ဗုဒ္ဓဂိုဏ်းမှ အလွန်တန်ဖိုးထားသော ရတနာဖြစ်ကြောင်း မည်သူ မသိဘဲနေမည်နည်း။ ဤနေရာတွင် မီးရှို့ခြင်းက ဗုဒ္ဓအရှင်ကို ဆွဲဆောင်နိုင်တော့ပေမည်။ ဤကိစ္စကို မည်သူ ပြုလုပ်ခဲ့သနည်း။