ဗောဓိသီးများအားလုံး စားခြင်း
Vol. 43 Ch. 489
ဤအချက်ကို နားလည်သဘောပေါက်လိုက်သည်နှင့် ဖုန်းယွမ်ဖိန်နှင့်စိတ်ဝိညာဉ်နတ်ဆိုးဧကရာဇ်တို့၏ ဦးရေပြားများ ယားယံသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့၏စွမ်းအားသည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ဗုဒ္ဓအရှင်ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်မျိုးနှင့် ယှဉ်ပြိုင်ရလောက်အောင်အထိ မောက်မာဝံ့ခြင်းမရှိချေ။
"မတိုက်ခိုက်နဲ့တော့... ဗုဒ္ဓအရှင် ရောက်လာရင် ငါတို့ ဘာမှမရမယ့်အပြင် ပြင်းပြင်းထန်ထန် အရိုက်ခံရလိမ့်မယ်"
ဖုန်းယွမ်ဖိန်၏အတွေးများ လျှင်မြန်စွာ ပြောင်းလဲသွားသည်။
"ဟုတ်တယ်....ငါ သုံးအထိ ရေတွက်လိုက်မယ်.... မင်းလည်း ရပ်လိုက်တော့"
စိတ်ဝိညာဉ်နတ်ဆိုးဧကရာဇ်က ခေါင်းညိတ်လိုက်၏။
ပြင်ပလောကတွင် ဗုဒ္ဓအရှင်သည် နူးညံ့သိမ်မွေ့သူဖြစ်သည်ဟု ကောလဟာလများ ထွက်ပေါ်နေသော်လည်း သူတို့သည် အမှန်တရားကို ကောင်းစွာ သိရှိထားကြသည်။ သူ့ရှေ့မှ ဖြတ်သွားသောခွေးတစ်ကောင် ဟောင်မိလျှင်ပင် ပါးရိုက်ခံရနိုင်သည်အထိ စိတ်ကြီးသူဖြစ်သည်။ ယခုအချိန်တွင် သူ မြတ်နိုးတန်ဖိုးထားသော ရှေးဟောင်းဗောဓိပင်သည် မီးလောင်ကျွမ်းနေလေပြီ။ အကယ်၍ ဤကိစ္စကို သူသာ မြင်တွေ့သွားပါက သူတို့၏လက်ချက် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အနီးအနားတွင် ရှိနေသူများကို နေရာမှာပင် အကြီးအကျယ် ရိုက်နှက်ပေလိမ့်မည်။
ဤဗောဓိပင်သည် မည်သည်ကြောင့် ရုတ်တရက် ထွက်ပေါ်လာပြီး မီးလောင်ကျွမ်းနေသည်ကို သူတို့ မသိရှိချေ။ သို့ရာတွင် တတိယလူတစ်ဦးသည် အနီးအနားတွင် ပုန်းအောင်းနေပြီး နှစ်ဖက်ကြားတွင် ပဋိပက္ခများ ဖြစ်ပွားစေရန် တမင်သက်သက် လုပ်ဆောင်နေသည်မှာ သေချာပေါက်ပင်။
အကယ်၍ သူတို့သာ ထောင်ချောက်ထဲသို့ ဝင်ရောက်သွားပါက စိတ်ဝိညာဉ်ကို ပြောင်းလဲပေးနိုင်သော ဤပြိုင်ဘက်ကင်းရတနာကြီး အကာအကွယ်မဲ့သွားမည်သာမက သူတို့၏ အသက်အန္တရာယ်ကိုလည်း စိုးရိမ်ရပေမည်။
"ကောင်းပြီလေ..."
"တစ်... နှစ်... သုံး... ရပ်"
ထိုစကားသံနှင့်အတူ သူတို့နှစ်ယောက်သည် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး တောင်ထိပ်ပေါ်ရှိ လိပ်ပြာသစ်ခွစိတ်ဝိညာဉ်ကို တပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
ဤအချိန်တွင် လိပ်ပြာသစ်ခွစိတ်ဝိညာဉ်သည် ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်နေပြီး မြူခိုးများဖြင့် ဖုံးလွှမ်းနေပေ၏။ ထိုအရာသည် ကောင်းကင်စိတ်ဝိညာဉ်တစ်ခုနှင့် တူညီနေပြီး လေဟာနယ်ထဲသို့ မည်သည့်အချိန်တွင်မဆို ပျောက်ကွယ်သွားတော့မည့်အလားပင်။
ဤဆေးပင်သည် အပြည့်အဝ ရင့်မှည့်လာရန် အချိန်အနည်းငယ်သာ လိုတော့သည်။
သူတို့သည် အစောပိုင်းက အသည်းအသန် တိုက်ခိုက်နေခဲ့ကြသော်လည်း ဤဆေးပင်သည် ရင့်မှည့်ခြင်း မရှိသေးသောကြောင့် မခူးယူခဲ့ကြချေ။
"မဖြစ်ဘူး...ဒီဆေးပင် သဘာဝအတိုင်း ရင့်မှည့်လာအောင်စောင့်ရင် အနည်းဆုံး နှစ်ရက်လောက် ကြာလိမ့်မယ်"
ဖုန်းယွမ်ဖိန်၏မျက်နှာ ပြာနှမ်းသွားသည်။
သူတို့၏ရှေ့မှ စိတ်ဝိညာဉ်ဆေးပင်သည် အနီရောင်တိမ်တိုက်များနှင့်အတူ ပွင့်လန်းလာတော့မည့်အလား စွမ်းအားများကို အကန့်အသတ်မရှိ စုဆောင်းထားပုံရသည်။ လက်တွေ့တွင်မူ ဤဆေးပင် အပြည့်အဝ ရင့်မှည့်ရန် အနည်းဆုံး နှစ်ရက်မှ သုံးရက်အထိ ကြာမြင့်ပေမည်။ သို့ရာတွင် ယခုအချိန်၌ ရှေးဟောင်းဗောဓိပင်သည် မီးလောင်ကျွမ်းနေပြီဖြစ်ကာ ဗုဒ္ဓအရှင် ရောက်လာတော့ပေမည်။
သူတို့သည် ဤကိစ္စကို အမြန်ဆုံး ဖြေရှင်းရမည်။ သူတို့သည် ဤနေရာမှ ထွက်ပြေးခြင်း သို့မဟုတ် စိတ်ဝိညာဥ်ဆေးပင်ကို ခူးယူခြင်းအား လုပ်ဆောင်ရပေမည်။
"လိပ်ပြာသစ်ခွ စိတ်ဝိညာဉ်ကို ရင့်မှည့်လာအောင် အရင်ဆုံး လုပ်ကြရအောင်"
စိတ်ဝိညာဉ်နတ်ဆိုးဧကရာဇ်ကလည်း တုံ့ပြန်လိုက်သည်။
"စကြစို့...."
အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် သူတို့နှစ်ယောက်သည် တိုက်ခိုက်နေခြင်းကို တပြိုင်နက်တည်း ရပ်တန့်ပြီး စွမ်းအားများကို ထုတ်လွှတ်ကာ သူတို့၏ရှေ့မှ ပန်းပွင့်အတွင်းသို့ အရူးအမူး ထည့်သွင်းလိုက်ကြသည်။
ရုတ်ချည်းဆိုသလိုပင် ရင့်မှည့်ရန် နီးကပ်နေပြီဖြစ်သော ထိုပန်းပွင့်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်နှုန်းဖြင့် ပန်းရောင်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။
ထိုအရာသည် အိပ်မက်ဆန်ပြီး ညှို့ဓာတ်ပြင်းသဖြင့် မြင်ရသူတိုင်းကို အကြည့်မလွှဲနိုင်အောင် ဖြစ်သွားစေသည်။
နတ်ဘုရားစိတ်ဝိညာဉ်ကို သန်မာစေနိုင်သော ရတနာဟု ခေါ်ဆိုထိုက်ပေ၏။ ရနံ့ကို ရှူရှိုက်မိလျှင်မဆိုထားနှင့် ထိုအရာကို အကြိမ်အနည်းငယ်ငယ်ခန့်ကြည့်ရုံဖြင့် စိတ်ဝိညာဥ်ကို ကျင့်ကြံခြင်းအတွက် များစွာအကျိုးရှိစေသည်။
"မကောင်းတော့ဘူး.... ဒီအတိုင်းဆို ဗုဒ္ဓအရှင် မရောက်ခင် ဒီပန်းက ရင့်မှည့်သွားဖို့ အလားအလာ များနေတယ်"
မလှမ်းမကမ်းတွင် ပုန်းအောင်းကာ အကျိုးအမြတ်ရယူရန် စောင့်ဆိုင်းနေသော ကျန်းရွှမ်၏မျက်လုံးများထဲတွင် စိုးရိမ်စိတ်များ ဖြတ်သန်းသွားသည်။
သူသည် ဗုဒ္ဓအရှင်ကို ဤနေရာသို့ မျှားခေါ်လာပြီး လူသုံးယောက် တိုက်ခိုက်နေစဉ် အချိန်အတောအတွင်း၌ ဤလိပ်ပြာသစ်ခွစိတ်ဝိညာဉ်ကို တိတ်တဆိတ် ခိုးယူရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့ရာတွင် ယခုချိန်၌ ထိုလူနှစ်ဦးသည် သူ၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိရှိသွားကြပြီး ပဋိပက္ခကို ရပ်တန့်ကာ ထိုပန်းပွင့်ကို ရင့်မှည့်လာစေရန် အတူတကွ လုပ်ဆောင်နေကြသည်။
လောကကြီးပေါ်ရှိ စိတ်ဝိညာဥ်ဆိုင်ရာ ထိပ်တန်းကျင့်ကြံသူနှစ်ယောက် ဆေးပင်တစ်ပင်ကို တပြိုင်နက်တည်း ရင့်မှည့်လာအောင် ပြုလုပ်နေခြင်းသည် အလွန်လျှင်မြန်စွာ အောင်မြင်သွားပေလိမ့်မည်။
ဗုဒ္ဓအရှင် ရောက်မလာမီ ရင့်မှည့်သွားပါက သူ ဤစိတ်ဝိညာဉ်ဆေးပင်ကို လုယူရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
"ဗုဒ္ဓအရှင်က ဘာလို့ ဒီလောက်ထိ နှေးနေတာလဲ"
ကျန်းရွှမ်သည် စဉ်းစားလေလေ ပို၍စိုးရိမ်လေဖြစ်ပြီး သူ့ထံ၌ ပြောစရာစကား မရှိတော့ချေ။
ဗောဓိပင် မီးလောင်နေသည့်တိုင် သူသည် ယခုချိန်ထိ ရောက်မလာသေးသလော...
ဤဗုဒ္ဓအရှင်သည် အမှန်တကယ်ကို အသုံးမကျသူပင်။
'မဖြစ်ဘူး... သူ မြန်မြန်ရောက်လာအောင် ငါ လုပ်မှဖြစ်မယ်'
ထိုသို့ တွေးလိုက်ပြီးနောက် ကျန်းရွှမ်သည် နေရာတွင် လေဟာနယ်အမှတ်အသားတစ်ခု ချန်ထားလိုက်သည်။ နောက်ထပ်အချိန်တခဏတွင် သူ၏ပုံရိပ် အနည်းငယ်တုန်ခါသွားပြီး နှင်းနတ်ဆိုးအရှင်၏ရှေ့တွင် ထွက်ပေါ်လာသည်။
"သခင်...."
သူ့ကို မြင်လိုက်သည်နှင့် နှင်းနတ်ဆိုးအရှင်က သက်ပြင်းချလိုက်သည်။
တစ်ဖက်လူသည် သူ့ကို စွန့်ပစ်ထားခဲ့မည်အား သူ အမှန်တကယ်ကို ကြောက်ရွံ့နေခဲ့မိသည်။
နှင်းနတ်ဆိုးအရှင်ကို ရွှမ်ကမ္ဘာထဲသို့ ထည့်လိုက်ပြီးနောက် ကျန်းရွှမ်သည် သူ၏ရှေ့မှ ရှေးဟောင်းဗောဓိပင်ကို ကြည့်လိုက်ပြီး ကြာပန်းနီမီးတောက်ကို ပို၍မြန်ဆန်စွာ လောင်ကျွမ်းစေရန် ထိန်းချုပ်လိုက်၏။
သို့ရာတွင် သူကိုယ်တိုင် ဝင်ရောက်စွက်ဖက်လျှင်ပင် ရှေးဟောင်းဗောဓိပင်သည် မြင့်မြတ်သောသစ်ပင်တစ်ပင် ဖြစ်သည့်အတွက် အချိန်တိုအတွင်း အပြည့်အဝ လောင်ကျွမ်းသွားအောင် ပြုလုပ်ရန် ခက်ခဲပေ၏။ လက်ရှိနှုန်းထားအရ တစ်နာရီ နှစ်နာရီအတွင်း ပြာကျသွားအောင် မီးရှို့ရန်မှာ မဖြစ်နိုင်ချေ။
ဗုဒ္ဓအရှင်သည်လည်း ဤအချက်ကို သိရှိထားသောကြောင့် အလျင်စလို မလာခြင်းဖြစ်မည်ဟု သူ ခန့်မှန်မိသည်။
'ဒါပေမယ့်... မင်းက အလျင်မလိုပေမယ့် ငါက လိုတယ်လေ...နောက်ကျသွားရင် ငါက လိပ်ပြာသစ်ခွ စိတ်ဝိညာဥ်ကို ရနိုင်တော့မှာ မဟုတ်ဘူး'
"မင်းက အချိန်ဆွဲနေမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့"
ကျန်းရွှမ်၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။ သူသည် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ဗောဓိသီးများက သူ့ရှေ့တွင် အပုံလိုက်ကြီး ထွက်ပေါ်လာသည်။ ဤသည်မှာ အစောပိုင်းက သစ်ပင်ပေါ်မှ သူ ခူးယူထားသော အသီးများပင်။
ဝှစ်...ဝှစ်...ဝှစ်...
သူသည် လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ပြီး ဗောဓိသီးများကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
ဗုဒ္ဓဂိုဏ်း၏ မြင့်မြတ်သောရတနာဟု ဆိုသည့်အတိုင်း ထိုသစ်သီးများသည် သူ၏လည်ချောင်းထဲသို့ ရောက်သည်နှင့် ချက်ချင်းအရည်ပျော်သွားပြီး စိတ်ဝိညာဉ်ကို အားဖြည့်ပေးသော သန့်စင်သည့် စိတ်ဝိညာဉ်စွမ်းအားများအဖြစ် ပြောင်းလဲသွားသည်။
ဗောဓိသီးသည် စိတ်ဝိညာဉ်ကို အားဖြည့်ပေးပြီး စိတ်ကို ဉာဏ်အလင်းပွင့်စေသော အာနိသင်ရှိသည်။ သာမန်ကျင့်ကြံသူတစ်ယောက်သည် အဆင့်မတက်နိုင်လျှင် ဗောဓိသီးတစ်လုံးကို စားလိုက်ရုံဖြင့် ဉာဏ်အလင်ပွင့်သွားစေနိုင်ပြီး ကျင့်ကြံဆင့်ကို များစွာတိုးတက်စေနိုင်သည်။
အတိတ်ကာလတွင် ဗုဒ္ဓအရှင်သည် ဗောဓိပင်အောက်တွင်ထိုင်၍ ဗောဓိသီးကို စားသုံးပြီးနောက် ဇင်ဓမ္မများကို ဉာဏ်အလင်းပွင့်ခဲ့ကာ နောက်ဆုံးအဆင့်ကို ဖြတ်ကျော်ပြီး လောကကြီးတွင် ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။
ယခုအချိန်တွင် ကျန်းရွှမ်သည် ဗောဓိသီးများကို အရူးအမူး စားသောက်နေပြီး သူ၏အရှိန်အဝါကို ဖိနှိပ်ထားခြင်း မရှိပေ။ သူသည် ဤကိစ္စကို ဗုဒ္ဓအရှင်အား အာရုံခံမိစေလိုပြီး နားလည်သဘောပေါက်စေလိုသည်။
သူ နှစ်ပေါင်းများစွာကြာအောင် ပြုစုပျိုးထောင်ထားသော သစ်သီးများအားလုံးကို ဝါးမြိုစားသောက်ခြင်း ခံနေရပြီဖြစ်ကြောင်း သိစေလိုသည်။ ဤကဲ့သို့ ဖြစ်နေသည့်တိုင် ဗုဒ္ဓအရှင်သည် တည်ငြိမ်စွာ နေနိုင်မည်ဟု ကျန်းရွှမ် မယုံကြည်ချေ။
မူလက သူသည် ဗုဒ္ဓအရှင်ကို ဆွဲဆောင်ရန်သာ ရည်ရွယ်ခဲ့သော်လည်း သူ ပို၍စားမိသည်နှင့်အမျှ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ကျန်းရွှမ်က ခံစားလိုက်ရသည်။
သူ၏စိတ်ထဲရှိ ဉာဏ်ပညာအလင်းရောင်သည် မည်သည့်အချိန်တွင်မဆို တောက်လောင်တော့မည့်အလား တဖျပ်ဖျပ်တောက်ပနေသည်။ သူ၏စိတ်ဝိညာဉ်အတွင်းရှိ အညစ်အကြေးများသည်လည်း သန့်စင်သွားပြီး ပို၍ကြည်လင်သန့်ရှင်းလာပေ၏။
ယခင်က အတွေးတစ်ခုတွေးရန် သူသည် အသက်တစ်ရှိုက်စာ၏ တစ်ထောင်ပုံတစ်ပုံသာ ကြာမြင့်ခဲ့သော်လည်း ယခုအချိန်၌ အသက်တစ်ရှိုက်စာ၏ တစ်သိန်းပုံတစ်ပုံဆိုလျှင် လုံလောက်နေလေပြီ။
ဆိုလိုသည်မှာ အသက်ဆယ်ရှိုက်ကျော်အတွင်း တွင် သူ၏တွေးခေါ်မှုအရှိန်နှုန်းသည် အဆပေါင်းတစ်ရာကျော် တိုးတက်လာခဲ့ခြင်းပင်။
ဤသည်မှာ သူ ဗောဓိသီးဆယ်လုံးကျော်ခန့် စားပြီးသော အချိန်၌ဖြစ်သည်။
သူ ပိုစားလျှင် မည်သို့ဖြစ်လာနိုင်သနည်း...
ဤအချိန်တွင် ကျန်းရွှမ်သည် သူ့အားမိသွားမည်ကို ဂရုမစိုက်တော့ချေ။ သူသည် ဗောဓိသီးများ စားသောက်ရသည့် ပျော်ရွှင်မှုတွင် လုံးလုံးလျားလျား နစ်မြောနေလေပြီ။
မရေမတွက်နိုင်သော လူများသည် ထိုသစ်သီးတစ်လုံးရရန်အတွက် မည်သည့်ဈေးနှုန်းမဆို ပေးအပ်ရန် ဆန္ဒရှိကြခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ယခုချိန်မှသာ ထိုဗောဓိသီးသည် အမှန်တကယ်ကို တန်ဖိုးရှိကြောင်း သူ သိရှိခဲ့သည်။
သူ ထိုသစ်သီးများကို ပို၍စားလေလေ စိတ်ခံစားချက်ကံကြမ္မာအပေါ် သူ နားလည်သဘောပေါက်မှု ပို၍မြန်ဆန်လာလေလေပင်။ ထို့ပြင် သူ၏ထိုးထွင်းသိမြင်မှုများ ပို၍ရှင်းလင်းလာပေ၏။
မကြာသေးမီကမှ သူ တက်လှမ်းထားသော အသက်ပင်လယ်နယ်ပယ် ပထမအဆင့် အထွတ်အထိပ်သည် နောက်ထပ် အဆင့်တက်ရန် အရိပ်အယောင်ရှိလာသကဲ့သို့ သူ ခံစားမိသည်။
မကြာမီမှာပင် သူသည် ဗောဓိသီးအလုံးသုံးဆယ် စားပြီးသွားလေပြီ။
ဤအချိန်တွင် ကျန်းရွှမ်သည် ဉာဏ်ပညာအလင်းရောင်များ သူ၏ဦးခေါင်းထိပ်မှ ဖြာထွက်နေပြီး မည်သည့်အချိန်တွင်မဆို စိတ်ဝိညာဉ်အလင်းရောင်အဖြစ် ဖွဲ့စည်းတော့မည့်အလား ခံစားလိုက်ရသည်။
ဉာဏ်ပညာအလင်းရောင် ဆိုသည်မှာ သူ ပို၍ဥာဏ်ရည်ထက်မြက်လာသည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ ဉာဏ်အလင်းပွင့်သော အခြေအနေတစ်ခုကို ဆိုလိုခြင်းပင်။ ဤအခြေအနေမျိုးတွင် လောက၌ ခက်ခဲသောကိစ္စဟူ၍ မရှိတော့ဘဲ သူ၏စွမ်းရည်ဖြင့် အရာအားလုံးကို လွယ်လင့်တကူ ဖြေရှင်းနိုင်တော့မည့်အလား ခံစားလိုက်ရသည်။
ဗုဒ္ဓဂိုဏ်း၏ရတနာဟု ခေါ်ဆိုရန် ထိုက်တန်ပေ၏။ ဤသစ်သီးကို စားရသည်မှာ ဤမျှထိ ကောင်းမည်အား သူ ကြိုသိလျှင် ယခင်ကတည်းက စားလိုက်မိပေမည်။
သို့ရာတွင် ဤကိစ္စကို သူ သိခဲ့လျှင်ပင် ကြိုတင်၍ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။ အကြောင်းအရင်းမှာ သူ စားလိုက်သည်နှင့် ဗုဒ္ဓအရှင်နှင့် ကံကြမ္မာဆက်စပ်မှု ဖြစ်ပေါ်လာပြီး တစ်ဖက်လူသည် သူ့ကို လွယ်လင့်တကူ ရှာဖွေတွေ့ရှိနိုင်သောကြောင့်ပင်။
ယခင်က သူ ဗောဓိပင်ကို ခိုးယူခြင်းသည် နှင်းနတ်ဆိုးအရှင်၏ကံကြမ္မာကို ငှားရမ်းခဲ့ခြင်းဖြစ်သည်။ သူကိုယ်တိုင် စားလိုက်လျှင် ထိုကိစ္စကို သေချာပေါက် ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။
အမှန်တကယ်ကိုပင် သူ နောက်ဆုံးတစ်လုံးအား စားလိုက်ချိန်၌ အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေ၏အထက်တွင် "ဝူ"ဟူသည့် စာလုံးကြီး ထွက်ပေါ်လာပြီး ဒေါသတကြီးအော်ဟစ်လိုက်သော အသံနက်ကြီးကို ကြားလိုက်ရသည်။
"ငါ့ရဲ့ ဗောဓိပင်နဲ့ ဗောဓိသီးတွေကို ပြန်ပေးစမ်း...."
ဝုန်း....
ထိုအသံထွက်ပေါ်လာသည်နှင့်အတူ ကြီးမားသော ဗုဒ္ဓလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုသည် လေဟာနယ်ကို ထွင်းဖောက်လာပြီး မီးလောင်နေသော ရှေးဟောင်းဗောဓိပင်ထံသို့ ဦးတည်ကာ ဖမ်းဆုပ်လိုက်သည်။
ဗောဓိပင်ကို မီးလောင်ရုံသက်သက်ဆိုလျှင် ဗုဒ္ဓအရှင်သည် ဤနေရာသို့ အလျင်စလို ရောက်လာပြီး နတ်ဆိုးအရှင်များနှင့် ပဋိပက္ခဖြစ်အောင် လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ယခုအချိန်တွင် မရေမတွက်နိုင်သော ဗောဓိသီးများနှင့် ကျန်းရွှမ်၏ထာဝရနှလုံးသားတို့ ပေါင်းစပ်သွားမှုကြောင့် သူ ဆက်လက်၍ ငြိမ်သက်စွာ မနေနိုင်တော့ချေ။